• Today is: Thursday, February 2, 2023

ချစ်ခြင်းမေတ္တာဖြင့် တော်လှန်ခြင်း

ဓါတ်ပုံ-အင်တာနက်

ဝေဖန်သုံးသပ်သူတချို့က မြန်မာပြည်ဟာပြည်တွင်းစစ် တောက်လောင်တော့မယ်။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးပြီးသတ်ဖြတ်ဖို့ ကြိုးစားနေကြပြီဆိုတာမျိုးကို ပြောဆိုလာကြတယ်။ တချို့သော ကိုယ်ကျိုးစီးပွား ထိမှာကြောက် သူတွေ၊ တော်လှန်ရေးကို ပုံဖျက်လိုသူတွေဟာလည်း တော်လှန်ရေးဟာ “မုန်တီးမှုအားကြီးကြီးနဲ့” သတ်ဖြတ်မှုတွေ၊ ပျက်စီးရာပျက်စီးကြောင်းတွေ လုပ်နေသလိုမျိုး လေသံလွှင့်ပါသေးတယ်။ တကယ်တော့ တော်လှန်ရေးရဲ့ ချစ်ခြင်မေတ္တာလွှမ်းတဲ့ အပိုင်းကိုသူတို့ မမြင်နိုင်ကြတာဖြစ်နိုင်သလို၊ “အမုန်း” ဇာတ်ကြောင်း ကြီးကိုသာ မြှင့်တင်ရင်း တော်လှန်ရေးပျက်စီးရာပျက်စီးကြောင်းကို ကြံစည်နေနိုင်တာလည်းဖြစ်ပါတယ်။

ဒါဆိုတော်လှန်ရေးဟာချစ်ခြင်းမေတ္တာပါသလား။

အခုလို ခုခံစစ်ကိုဆင်နွှဲနေရချိန်မှာရော ချစ်ခြင်းမေတ္တာဆိုကြီးက အသုံးဝင်သေးလို့လား မေးရဖွယ်ရှိပါတယ်။ အရေးကြီးတယ်လို့ ဆိုပါရစေ။ တော်လှန်ရေးအချိန်ကြာလေ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာ အင်အားပိုပြီး ခိုင်မာ အားကောင်ဖို့ လိုလေဖြစ်ပါတယ်။ ချေဂွေဗားရားကလည်းပြောဖူးပါတယ်။ “စစ်မှန်တဲ့ တော်လှန်ရေးဟာ ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာအပေါ်မှာအခြေခံတယ်” တဲ့။

  • အသည်းနာအောင် မုန်း

ချစ်ခြင်းမေတ္တာအကြောင်းမပြောခင် အမုန်းတရားတချို့အကြောင်းအရင် ပြောချင်ပါတယ်။ ၂၀၂၁ မတိုင်ခင် မြန်မာပြည်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ ဘာသာရေးမုန်းတီးမှုတွေအကြောင်း စိတ်ဝင်တစား လေ့လာခံရတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်နဲ့အတူ လူမျိုးရေး အမြင်တွေက ပြင်းထန်နေခဲ့ကြတာ လည်းဖြစ်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲတွေဖြစ်၊ ဒေသခံပြည်သူ တွေဟာ စစ်ရဲ့ ဆိုးကျိုး၊ တည့်တည့်ပြောရရင် မြန်မာစစ်တပ်ရဲ့ မြေလှန်မီးရှို့တဲ့စနစ်၊ ဖြတ်လေးဖြတ်နဲ့ လူ့အခွင့် အရေး ဖောက်ဖျက်ကျူးလွန်မှုတွေကို လူမဆန်စွာခံစားခဲ့ရပါတယ်။ ဒီအတွက် မြန်မာစစ်တပ်အပေါ်၊ မြန်မာစစ်တပ်ရဲ့ ကျောထောက် နောက်ခံပြုတဲ့ လူများစု ဗမာတွေအပေါ် မုန်းတီးမှုတွေဟာ အသွေးအသားထဲက တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဗမာတစ်ဦးချင်းအပေါ် မုန်းတီးမှုမဟုတ်တောင်မှ “ဗမာ” ဆိုသည့် လူအများစုအပေါ် မယုံကြည်မှု သန္ဓေဟာ ခိုင်ခိုင်မာမာရှိနေပါတယ်။ ဒီအချက်ဟာ သာမာန် ဗမာ တွေအတွက် နားလည်ရခက်တဲ့ ကိစ္စလည်း ဖြစ်နေပြန်ပါတယ်။ ငါတို့လည်း စစ်တပ်ကိုမကြိုက်ဘူး၊ ဆန့်ကျင်နေရဲ့သားနဲ့ ဘာလို့ အမုန်းခံရသလဲ တွေးတတ် ပြောတတ်ကြပါတယ်။ တခြားတစ်ဖက်မှာလည်း စစ်တပ်ကိုထောက်ခံခဲ့တဲ့ လုပ်ရပ်ပေါင်းများစွာကိုလည်း သိလျက်ဖြစ်စေ၊ မသိစိတ်ကဖြစ်စေ လုပ်ခဲ့မိကြပါတယ်။ အကောင်းဆုံး နမူနာအဖြစ် ရိုဟင်ဂျာလူနည်းစုအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုပေါင်းများစွာကို “အမျိုးဘာသာကာကွယ်ခြင်း၊ တိုင်းပြည်ကို ပြည်ပက ခိုးဝင်တွေရဲ့ ကာကွယ်ခြင်း” စတဲ့ အလိမ်အညာစကားတွေအောက်မှာ အားပေးမိခဲ့သားဖြစ်ခဲ့ကြပါတယ်။ အရင်း စစ်လိုက်ရင်တော့ မိမိဘာသာတရားရပ်တည်ချက် ပျောက်ကွယ်မှာ (ကြောင်းကျိုးဆီလျော်မှုမရှိတဲ့) စိုးရိမ်ချက်၊ အခြားလူနည်းစုနဲ့ ဘာသာမတူမှုအပေါ် သည်းမခံနိုင်မှု၊ မုန်းတီးစိတ်မှာအခြေခံတယ်လိုဆိုချင် ဆိုနိုင်ပါတယ်။ ဒါတွေဟာ အားကောင်းမောင်းသန် ပြန့်နှံ့ခဲ့တဲ့ “အမုန်းစိတ်” များဖြစ်ပါတယ်။ ဒီအမုန်းစိတ်တွေ ဘယ်က လာသလဲဆိုတာကလည်း ဘာကြောင့်လဲဆိုတာကလည်း သီးခြားနှိုက်ချွတ် ဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။

ကံအားလျော်စွာ ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ လူနည်းစုတွေရဲ့ အတွေ့အကြုံအဖြစ်အပျက်တွေကို ကျန်တဲ့ ဒေသတွေဆီကို ရောက်လာစေပါတယ်။ အရင်ကတဆင့်ကြားသာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးတွေဟာ ကိုယ့်မျက်စိ ရှေ့မှာ ကိုယ်တိုင်ကြုံလာရပါတယ်။ ဒီအခါမှာတော့ အခြားတစ်ပါးသော အရပ်ကလို့ ယူဆဖူးတဲ့ အမုန်းတရား တွေကို နားလည်လက်ခံလာရုံသာမက ကိုယ်တိုင် သဘောကျ လက်ခံလာကြပါတယ်။ ဒီလို လူမဆန်မှုတွေကို ကျူးလွန်တဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေဟာ သူတို့ လုပ်ရပ်တွေကို အလိမ်အညာတွေနဲ့ ဖုံးလွှမ်းနိုင်ဖို့ လူမျိုးရေး၊ ဘာသာရေး တွေကို ပါးပါးနပ်နပ် အသုံးချတတ်တယ်ဆိုတာလည်း ကြာလေရုပ်လုံး ပီပြင်လေပါပဲ။ စစ်တပ်ရဲ့ လုပ်ရပ်၊ စစ်တပ်ကိုထောက်ခံတဲ့ လူတွေရဲ့ လုပ်ရပ်ကိုမုန်းတီးမှုဟာ တဖြည်းဖြည်းနဲ့ ပိုလို့ ပြင်းထန်လာနေပါ တယ်။ တချို့ကတော့ မုန်းတီးတာထက် ပိုပြီးရွံရှာစက်ဆုပ်ကြတယ်လို့တောင် ပြောပါတယ်။ အမုန်းအချင်းချင်း ဆက်သွယ် သဘောပေါက်တဲ့အခါ လူမျိုးမတူခြင်းကြောင့် မုန်းကြခြင်းထက် မတရားမှုမို့ မုန်းရခြင်းဆိုတဲ့ ဘုံသဘောတစ်ခုကို ဖြစ်ပေါ်လာစေပါတယ်။ ဒီလိုပြောလို့ မူလလက်ဟောင်း အမုန်းစွဲတွေ ပျောက်ကုန်ပြီလို့တော့ မဆိုနိုင်သေးပေမယ့် ကျော်လွန်နိုင်မယ့် လမ်းစတော့ ရောက်နေပြီလို့ ဆိုချင်ဆိုနိုင်ပါတယ်။ ဗမာလူများစု အပါ အဝင် စစ်ပွဲဒဏ်မခံရတဲ့ ဒေသကလူတွေအတွက်လည်းစစ်တပ်နဲ့ ငါတို့နဲ့ မတူဘူးဆိုတာကိုသက်သေပြဖို့ အခွင့်အရေးရရှိခြင်းလည်း ဖြစ်နေပြန်ပါတယ်။

အခုအချိန်မှာ ကျွန်တော်တို့ မုန်းတဲ့ အမုန်းဟာ အကြောင်းမဲ့ မဟုတ်ဘူး။ လူမျိုး၊ ဘာသာတရား ကွဲပြားမှုအပေါ် အခြေမခံဘူး။ ဒီအမုန်းဟာ မတရားမှုကိုမုန်းခြင်း၊ ပြည်သူ့တွေရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး ကိုယ်ကျိုးစီးပွားအတွက် အာဏာသိမ်းတဲ့ လုပ်ရပ်ကိုမုန်းခြင်း၊ အပြစ်မဲ့ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့အခါ အကြမ်းဖက် ဖြေရှင်းတာကို မုန်းခြင်း၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး ပြည်သူတွေကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို မုန်းတီးခြင်းဖြစ်ပါတယ်။

  • တော်လှန်ရေး၏ ချစ်ခြင်း

အမုန်းစိတ်ဆိုတာ အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်လာတာမျိုးမဟုတ်ဘဲ အကြောင်းအမျိုးမျိုး ဖြစ်လာ တာမျိုးဖြစ်ပါတယ်။ တကယ်တော့ အမုန်းစိတ်ဆိုတာ “ချစ်ခြင်းမေတ္တာ” ရဲ့ ဆန့်ကျင်ဘက်လို့ တရားသေဆိုလို့ မရဘဲ ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာမှာတေင် အခြေခံနိုင်သေးတယ်လို့ စိတ်ပညာ သဘောကဆိုပါတယ်။[1] ကျွန်တော်တို့ရဲ့ တော်လှန်ရေးမှာလည်း “ချစ်ခြင်းမေတ္တာ” ဟာအလွန်အင်မတန်မှကိုအားကောင်းပြီးအရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ တချို့အတွက်ကတော့ မိမိတို့ လေးစားမြတ်နိုးရတဲ့ “ခေါင်းဆောင်အပေါ် ချစ်ခင်ခြင်း” အပေါ်မှာ အခြေခံနိုင်ပါတယ်။ တချို့အတွက်ကတော့ မိမိတို့ လုပ်ဖော်ကိုင်ဖက်၊ ချစ်ခင်ရသူတွေအပေါ် ချစ်ခင်ခြင်း အပေါ်မှာအခြေခံနိုင်ပါတယ်။ ကိုယ့်ရှေ့မှာမြင်နေရတဲ့ မတရားမှုတွေအတွက် တရားမျှတမှုရှိစေလို ခြင်း၊ တနည်း တရားမျှတမှုကို ချစ်ခင်ခြင်း၊ ကိုယ့်တိုင်းပြည်နဲ့ လူအများပျက်စီးရာပျက်စီးကြောင်းကို ဟန့်တား ချင်တဲ့ လူအများအပေါ် ချစ်ခင်ခြင်းလည်းဖြစ်နိုင်ပါတယ်။ အချုပ်အားဖြင့် တော်လှန်ရေးရဲ့ “ချစ်ခြင်းမေတ္တာ” ဟာ မတရားမှုတွေကို မုန်းတီးမှုမှာ အခြေခံကာ တရားမျှတမှုကို ချစ်ခင်မြတ်နိုးတာ၊ ပြည်သူအချင်းချင်း တန်ဖိုးထား ချစ်ခင်ကြတာလို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့အကြားမှာ ချစ်ခြင်းမေတ္တာတွေ တိုးပွားဖလှယ်လာနိုင်တဲ့အခါ၊ အတိတ်ကမုန်းတီးမှုတွေ၊ အမှား တွေအတွက် ဝန်ချတောင်းပန်းကြသလိုခွင့်လွှတ်ကြတယ်။ တစ်ဦးကိုတစ်ဦးဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ နိုင်ရာကနေ ဖေးကူကြတယ်။ ကိုယ်ပါဝင်နိုင်တဲ့ လမ်းကြောင်းကနေတတ်အားသရွေ့ ကူနေကြတယ်။ အစောပိုင်း ကာလ လူထုဆန္ဒပြပွဲတွေမှာ ထောက်ပံ့ကူညီကြတယ်။ ယခုအချိန်မှာ ပြည်သူ့ဘက်သား တိုက်ပွဲဝင်နေသူတွေ ဘေးကင်းကြဖို့ မေတ္တာပို့ ဆုတောင်းစကားဆိုကြတယ်။ ချစ်ခြင်းမေတ္တာတွေပေးနေပါတယ် ဆိုရုံမျှနဲ့တော့ မြင်သာထင်ရှားတဲ့ အပြောင်းအလဲက ရချင်မှရမှာပါ။ ဒါပေမယ့် ချစ်ခြင်းမေတ္တာတွေ ပြင်းပြအားကောင်းလာတဲ့ အခါ အင်အားကောင်းတဲ့ စုပေါင်းဆောင်ရွက်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။

တော်လှန်ရေးဟာ ချစ်ခြင်းမေတ္တာအပေါ် အခြေခံတဲ့အတွက်၊ လူကိုလူလို အသိအမှတ်ပြုပြီး လူတစ်ယောက်ရဲ့ အခွင့်အရေးကို ရန်သူဖြစ်လျှင်တောင်မှ လေးစားတန်ဖိုးထားတာ၊ ရန်သူကိုတိုက်ခိုက်တဲ့အခါ ကျင့်ဝတ် သိက္ခာ ရှိရှိ တိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေ မထိခိုက်အောင် ရှောင်ရှားတာ၊ ရန်သူဘက်မှာ ရှိခဲ့ဖူးရင်တောင်မှ ပြည်သူနဲ့ အမှန်တရားဘက် ရပ်တည်လာတဲ့အခါ နွေးထွေးကြိုဆိုပေးတာတွေ လုပ်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ စစ်သားတွေအကုန်လုံးကို မုန်းတီးနေလို့ မဟုတ်ဘဲ ပိုကောင်းတဲ့ စနစ်အတွက်သာ လုပ်ဆောင်နေကြ တာဖြစ်တယ်။ တရားမျှတမှုကိုရှာဖွေဖို့အတွက်သာဖြစ်ပါတယ်။

ဒီနေရာမှာ တော်လှန်ရေးသမားတွေလည်း “အကြမ်းနည်း” ကိုသုံးနေကြတာပဲလို့တချို့ကပြောနိုင်ပါသေးတယ်။ ဒါပေမယ့် “အကြမ်းနည်း” တိုင်းဟာအမုန်းတရားအပေါ်မှာအခြေခံကြတာမဟုတ်ပါ။ “အကြမ်းနည်း” ကိုနောက် ဆုံး နည်းလမ်းတစ်ရပ်အဖြစ်သာ တရားမျှတမှုရှာဖွေဖို့ အသုံးပြုကြတာဖြစ်ပြီး လက်စားချေတုံ့ပြန်ဖို့ မဟုတ်ပါ ဘူး။ တရားမျှတသောစစ်လို့ ပြောကြတဲ့အခါ နိုင်ငံသားတွေကို ကာကွယ်ပေးခြင်း၊ တရားမျှတမှုကို ကာကွယ် ပေးခြင်း၊ အပြစ်မဲ့တဲ့သူတွေကို ကာကွယ်ပေးခြင်းတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း အမျိုးသားညီညွတ် ရေးအစိုးရကတော့ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရတဲ့ ခုခံစစ်လို့ဆိုပါတယ်။ တကယ်တော့ ကျွန်တော် တို့ ခုခံကာကွယ်နေရတာက ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေသာမက “လူသားစိတ် – humanity” ပျောက်ပျက်မသွားအောင်လည်း ခုခံကာကွယ်နေရတာဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့သူတွေ အားကောင်းအနိုင်ရရင် လူ့တန်ဖိုးနဲ့ လူသားစိတ်ဆိုတာ ချောင်ထိုးထားခံရမှာပါ။ မြန်မာပြည် သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေဟာ ဖိနှိပ်မှုတွေအောက် ပြန်ရောက်သွားမှာပါ။ ဒီလို လူသားစိတ်ကို ခုခံ ကာကွယ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးဟာ ချစ်ခြင်းမေတ္တာတွေ အားကောင်းမောင်းသန်နေဖို့ လိုအပ်ပါတယ်။ “အမုန်းတရားကို အခြေခံတဲ့ အကြမ်းဖက်မှု” ဆိုတာမျိုး ရှောင်ရှားနိုင်ဖို့နဲ့ “အမုန်းဇာတ်ကြောင်း ကြီး” ကို ပြောင်းလဲပြဖို့ကတော့  “ချစ်ခြင်းမေတ္တာ” တွေကို များများနှိုးဆော်ပေးရမှာသာဖြစ်ပါတယ်။

ဒက်စမွန်

(ဒက်စမွန်သည် မြန်မာနိုင်ငံသား နိုင်ငံရေး လေ့လာသုံးသပ်သူ မျိုးချစ်ပုဂ္ဂိုလ် တယောက်ဖြစ်သည်။)

ဖက်ဒရယ်ဂျာနယ် (အောက်တိုဘာ – ၁၈ ရက်)