• Today is: Friday, March 29, 2024

ကရင် အမျိုးသားခေါင်းဆောင်ဒေါက်တာ စံစီဖိုး (၁၈၇၀ – ၁၉၄၆)

မောင်ဇေယျာ

မြန်မာတိုင်းရင်းသားများထဲက အမေရိကန်ပြည်ထောင်စုတွင် အနောက်တိုင်းဆေးပညာကို ဒုတိယ မြောက် အစောဆုံးသင်ယူခဲ့သူ။ ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူ။ အထူးသဖြင့် ကရင်တိုင်းရင်းသားများ၏ ယုံကြည်လေးစားချစ်ခင်အားထားခံရသည့် စစ်ကြိုခေတ် ကမ္ဘာသိကရင်အမျိုးသားခေါင်းဆောင်အဖြစ်ထင်ရှားသည်။ ဘုရင်ခံခန့် မြန်မာပြည် ဥပဒေပြုလွှတ် တော်အမတ်(၁၉၁၇-၂၃)။ ဒိုင်အာခီခေတ် ပုသိမ်နယ်မှ ဥပဒေပြုလွှတ်တော်အမတ် (၁၉၂၃ – ၃၇)။ ကိုးဆယ့်တစ်ဌာနအုပ်ချုပ်ရေးခေတ် ဘုရင်ခံခန့် အထက်လွှတ်တော်အမတ် (၁၉၃၇-၄၂) အဖြစ်ဆောင်ရွက် ခဲ့သည်။ ဒေါကလူကရင်အမျိုးသားအစည်းအရုံး၏ ပထမဦးဆုံးဥက္ကဌ (၁၉၅၂)။ ကရင်အမျိုးသားဗဟိုအဖွဲ့ချုပ် နာယက (၁၉၄၂-၄၅)။ ဂျပန်ခေတ် လွတ်လပ်သောမြန်မာအစိုးရ အတိုင်ပင်ခံလွှတ်တော်အမတ် (၁၉၄၂-၄၅)။ စစ်ပြီးစ ကရင်အမျိုးသားအဖွဲ့နာယက(၁၉၄၆) အဖြစ်တာဝန်ယူခဲ့သည်။ အထူးသဖြင့်ဂျပန်ခေတ်တွင် ကရင် – ဗမာ ချစ်ကြည်ရေးကို ကရင်ဘက်မှ ဦးဆောင်၍ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်းတို့နှင့် လက် တွဲကာ အမြော်အမြင်ရှိရှိ ဆောင်ရွက်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။

၁၈၇၀ ပြည့်နှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ကိုးဆူရွာ၌ ဖွားသည်။ အဖတိုက်သူကြီး ဦးအောင်ညို၊ အမိဒေါ်နော်သဂေးဝဖြစ်သည်။ ကရင်တိုင်းရင်းသား ဖြစ်ပြီး အမည်ရင်း စံဖိုးဖြစ်သည်။

ပုသိမ်မြို့စကောကရင်အထက်တန်းကျောင်း(တိုင်တစ်ရာကျောင်း) ၌ ပညာသင်သည်။ ရွာမှကျောင်းသို့ (၅)မိုင်ခရီးကို နေ့စဉ်ခြေကျင်တက်သည်။ ဥာဏ်ပညာထက်မြတ်ပြီး စာကြိုးစား၍အမေရိကန်လူမျိုးကျောင်းအုပ် ကြီး ဒေါက်တာချားလ်နီကော (Dr. Charles Nichol)၏ ဂရုစိုက်အလေးထားခံရသည်။ ၁၈၈၆ ခုနှစ်၊ စံဖိုး အသက် ၁၆နှစ်တွင် ကျောင်းအုပ်ကြီး ဒေါက်တာချားလ်နီကော အမေရိကန်နိုင်ငံသို့ပြန်ရာ အတူလိုက်ပါ၍ ပညာဆက်လက်ဆည်းပူးခွင့်ရခဲ့သည်။

အမေရိကန်တွင် ဒေါက်တာချားလ်နီကော၏ အဒေါ်နှိင့်ညီမတို့ထံ အပ်နှံခံရ၍ ပညာဆက်လက်သင်ယူ သည်။ ကျောင်းအားရက်တွင် နို့ညှစ်၊ နို့ပို့လုပ်၍ ကိုယ်ထူးကိုယ်ချွန်ပညာသင်သည်။ အမေရိကန်နိုငငံ ဟင်မစ်တန် (Hammitton) အကယ်ဒမီသိပ္ပံကျောင်း၌ (၄)နှစ်၊ နယူးယောက် ယူနီယံတက္ကသိုလ် (Union University) အယ်လ်ဘနီ ဆေးကောလိပ် (Albany Medical College) ၌ (၄)နှစ် ပညာသင်ပြီး ၁၈၉၄ ခုနှစ်တွင် ဆေးပညာအမ်ဒီ (M.D) ဘွဲ့ရသည်။ ပညာသင်ယူနေစဉ် သားအရင်းပမာ ထောက်ပံ့ကူညီသော မစ္စစ်ကရွမ်ဗီးလ်၏ ကျေးဇူးကို အစဉ်သတိရသောအားဖြင့် အမည်ရင်းစံဖိုးကို “စံကရွမ်ဗီးဖိုး ↔ဟု ပြောင်းခဲ့ သည်။ အမေရိကန်နိုင်ငံသားအဖြစ်လည်း ခံယူပြီး အမေရိကန်ပြည်ထောင်စု ဆရာဝန်များအသင်းဝင် ဖြစ်လာသည်။ နယူးယောက်ဆေးရုံနှင့် စကော့တလန်နိုင်ငံ ဒီဒင်ဘာရာ (Edinburgh) ဆေးရုံတို့၌ ဆေးပညာ လက်တွေ့လေ့လာခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာသည်။

၁၈၉၇-ခုနှစ်၊ သြဂုတ်လ(၆)ရက်တွင် ပုသိမ်မြို့ဆေးရုံကြီး၌ လက်ထောက်ဆရာဝန်အဖြစ် စတင် အမှုထမ်း သည်။ ၁၈၉၇ ခုနှစ် စက်တင်ဘာလ (၂၆)ရက်တွင် ကျောက်ဆည်ဆေးရုံ၊ ထို့နောက် မြောင်းမြ ဆေးရုံ၊ ထိုမှ လက်ထောက်ဆရာဝန် ရာထူးဖြင့် ပုသိမ်ဆေးရုံကြီး စသည်ဖြင့် ၅နှစ် ဆက်တိုက်အမှုထမ်းသည်။ ၁၉၀၂-ခုနှစ် တွင် အစိုးရရာထူးမှ နုတ်ထွက်၍ ပုသိမ်မြို့၌ပင် ကိုယ်ပိုင်ဆေးတိုက် ဖွင့်သည်။

ဆေးတိုက်ကို ပုသိမ်မြို့ မင်းကြီးလမ်းနှင့် မြေနုလမ်းထောင့်တွင် ဖွင့်လှစ်သည်။ နေ့စဉ် နံနက် ၇း၃၀ မှ ၁၁း၃၀နာရီ၊ ညနေ ၃နာရီမှ ၅နာရီ အထိ ကိုယ်တိုင်ဆေးခန်းထိုင် ကုသသည်။ ကျန်အချိန်များတွင် လက်ထောက်ဆရာဝန်များအား တာဝန်ပေးထားသည်။ လူနာများကိုဆေးဖိုးမှအပ အခမဲ့ကုသသည်။ ဆေးကုမှု အပြင် ဆရာဝန်ကြီး ကာနယ်အီးပီဖရင့်ခ်ျမင် (Colonel E.P.Frenchman)၏ မေတ္တာရပ်ခံချက်အရ ဒေါက်တာ အိပ်ခ်ျ ဒဗလျူဂဲ(Dr.H.W.Gell)၏ ↔Aids to the Injured and Sick People↔ အင်္ဂလိပ်ဆေးကျမ်းကို ↔ဂီလာနုပဌက↔အမည်ဖြင့် မြန်မာပြန်သည်။ ၁၉၀၆-ခုနှစ်တွင် ရန်ကုန်မြို့ခရစ်ယာန် သာသနာပြုပုံနှိပ်တိုက် က ပထမအကြိမ်၊ ၁၉၀၈-ခုနှစ်တွင် ဒုတိယအကြိမ်ပုံနှိပ်ခဲ့သည်။

၁၉၁၁ ခုနှစ်တွင် အိန္ဒိယပြည် ဒေလီဒါဘာပွဲ ဖိတ်ကြားခံရ၍ တက်ရောက်ခဲ့သည်။ ၁၉၁၇-ခုနှစ်မှ ၁၉၂၃ -ခုနှစ်တိုင် မြန်မာပြည်ဥပဒေပြုကောင်စီမင်းတိုင်ပင်အမတ်အဖြစ် ဘုရင်ခံ၏ ခန့်အိပ်ခြင်းခံရသည်။ ၁၉၁၇-ခုနှစ် ဒီဇင်ဘာလတွင် မြန်မာပြည်အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် အတွင်းဝန်မွန်တေဂူချမ်းစဖို့ဒ်နှင့် တွေ့ဆုံ  ဆွေးနွေးရန် အိန္ဒိယသို့သွားခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ၀ိုင်အမ်ဘီအေအသင်း ကိုယ်စားလှယ် ဦးဖေ၊ ဦးဘဘေ၊ ဦးမေအောင်။ အစိုးရခန့်အမတ်ဦးဘိုးသာ၊ ဦးသင်း၊ ဦးဘတူ(တူသာသင်း)။ မန္တလေးမှ ဝတ်လုံ ဦးစံဝင်း၊ မစ္စတာဂျေအက်စ်ပီလေး။ ကရင်အမျိုးသားကိုယ်စားလှယ်အဖြစ် ဆစ်ဒနီ လူနီနှင့် ဒေါက်တာစံစီဖိုး တို့ ပါဝင်သည်။

၁၉၁၈-၂၆-ခုနှစ်တွင် ပုသိမ်မြို့မြူနီစပယ်အဖွဲ့ဝင်လူကြီး၊ ဥက္ကဌ အဖြစ်တာဝန်ယူခဲ့သည်။ ပုသိမ်မြို့ ရပ်ရေးရွာရေးကိစ္စများနှင့်အတူ ကရင်အမျိုးသားများ၏ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး ကိစ္စများတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်လွတ်၍ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူသည်။ ၁၉၂၅ ခုနှစ်တွင် စတင်တည်ထောင်သော “ဒေါကလူကရင်အမျိုးသားအစည်းအရုံး↔၏ ပထမဦးဆုံး ဥက္ကဌ အဖြစ်တာဝန်ယူခဲ့သည်။ ၁၉၂၁-ခုနှစ်၊ အောက်တိုဘာလ (၇)ရက်တွင် ဗြိတိသျှပါလီမန်က မြန်မာပြည် အုပ်ချုပ်ရေး တိုးမြှင့်ပေးသင့်၊ မပေးသင့် စုံစမ်းစစ်ဆေးရန် အိန္ဒိယနိုင်ငံဥပဒေပြုကောင်စီဥက္ကဌ ဆာ အေ ဖရက်ဒစ်ဝှိုက် (Sir A. Frederick Whyte) ဦးဆောင်သော “၀ှိုက်ကော်မတီ↔ဖွဲ့စည်းရာ ဥပဒေကောင်စီဝင် အဖြစ် ပါဝင်ခဲ့သည်။ ၀ှိုက်ကော်မတီနှင့်အတူ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်မြို့များတွင် စုံစမ်းစစ်ဆေး ခဲ့သည်။ ၀ှိုက်ကော်မတီ ကို ထိုစဉ်က ဂျီဘီစီအေအသင်းကြီးမှ ဦးဆောင်သပိတ်မှောက်ခဲ့ကြသည်။

၁၉၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေး စတင်ချိန်တွင် ပုသိမ်နယ်မှ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် ရွေး ချယ်ခံရသည်။ ၁၉၂၃ -၃၇-ခုနှစ်တွင် ဥပဒေပြုလွှတ်တော်အမတ်၊ ၁၉၃၇-ခုနှစ်တွင် ခွဲရေးတွဲရေးအရ မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်၍ (၉၁)ဌါန အုပ်ချုပ်ရေးစတင်ရာ ဘုရင်ခံခန့် အထက်လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခံရ သည်။ ၁၉၂၈ – ၄၂ ခုနှစ်တွင် အထက်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်သည်။ ၁၉၂၈-ခုနှစ်တွင် ကရင်တိုင်းရင်းသားများအကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် စာအုပ်တစ်အုပ်ရေးသား၍ လန်ဒန်မြို့အီးလီးယော့ စတော့(Elliot Stock)စာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေခဲ့သည်။ စာအုပ်၏ အမည်မှာ “မြန်မာပြည်နှင့်ကရင် အမျိုးသားများ↔(Burma and the Karens) ဖြစ်သည်။ ယင်းစာအုပ်တွင် ကရင်တို့၏ စိတ်နေစိတ်ထား၊ ဓလေ့ ထုံးစံ၊ သမိုင်းကြောင်း၊ အတွေးအခေါ် အယူဝါဒများအပြင် ကရင်တိုင်းရင်သားများ၏ အခွင့်အရေး၊ လိုအင်ဆန္ဒ များကို ကမ္ဘာသို့ ထုတ်ဖော်တင်ပြထားရာ အလွန်ထင်ရှားခဲ့သည်။

ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှတို့ စစ်အောင်နိုင်ရေးအတွက် အားပေးကူညီဆောင်ရွက်ခြင်း၊ လူမှုဝန် ထမ်းနှင့် စစ်သားစုဆောင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းများကြောင့် ၁၉၁၈-ခုနှစ်တွင် ဗြိတိ သျှ အစိုးရ၏ ပထမကမ္ဘာစစ်အတွက် ချီးမြှင့်သော “Medal For War Work↔ဆုတံဆိပ်၊ ၁၉၂၄-ခုနှစ်တွင် စီဘီအီး (C.B.E) ဘွဲ့၊ ၁၉၃၄-ခုနှစ်တွင် ဆာဘွဲ့များ ချီးမြှင့်ခံရသည်။

ထူးခြားသောဆောင်ရွက်ချက်မှာ ဂျပန်ခေတ် (၁၉၄၂ – ၄၅)ခုနှစ်အတွင်း ကေစီအိုခေါ် ကရင် အမျိုးသား ဗဟိုအဖွဲ့(Karen Central Organization)၏ အကြံပေးနာယကအဖြစ် ဆောင်ရွက်နေစဉ် ဂျပန် တပ်များ မြစ်ဝကျွန်းပေါ်မြောင်းမြမြို့ကို သိမ်းပိုက်ချိန်တွင် ပေါ်ပေါက်လာခဲ့သော ကရင် – ဗမာ လူမျိုးရေး ပြဿနာကို ကူညီဖြေရှင်း၍ ကရင် – ဗမာ ချစ်ကြည်ရေးကို ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်းတို့ နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ခြင်း၊ဇာတိကိုးဆူရွာတွင် ကရင် – ဗမာ ချစ်ကြည်ရေးတရားပွဲများ ဦးဆောင် ကျင်းပပေးခြင်း၊ ဗမာ့လွှတ်လပ်ရေးစီစဉ်မှုအဖွဲ့ဝင် ၁၉၄၃ ခုနှစ် မေ (၈)၊ဂျပန်ခေတ် လွန်လပ်သော မြန်မာပြည် အစိုးရ အတိုင်ပင်ခံ လွှတ်တော်အမတ် (၁၉၄၃ – ၄၅) အဖြစ်ဆောင်ရွက်ခြင်းတို့ဖြစ်သည်။ စစ်ပြီးစတွင် ကရင် အမျိုးသားအဖွဲ့ ပြန်လည်ဖွဲ့စည်းရာ နာယကအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

အင်္ဂလိပ်ဘာသာဖြင့် The Care of Infants (ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး) စာအုပ်ကို လည်း ကောင်း၊ ကရင်ဘာသာဖြင့် Etiquette ကိုရှင်းပြထားသော လူမှုဆက်ဆံရေး ယဉ်ကျေးမှုဝတ္တရားများ စာအုပ်ကို လည်းကောင်း ပြုစုခဲ့သည်။

၁၈၉၅-ခုနှစ်တွင် ရန်ကုန်မြို့မှ ထင်ရှားသော ကရင်တိုင်းရင်းသားခေါင်းဆောင် ဦးလူနီနှင့်  ဒေါ်ကလပ်ရာလူနီတို့၏သမီး အေလူနီနှင့် လက်ထပ်ခဲ့သည်။ သားသမီး ၇ ဦး ထွန်းကား၍ နယ်ပယ် အသီးသီးတွင် ထူးချွှန်ထက်မြက်သူများ ဖြစ်ကြသည်။ ဒေါက်တာ ကလဲ့ရင်ကရွမ်စီဖိုး၊ အငြိမ်းစား ဒုဗိုလ် လိုင်ယွန်နယ် ဗန်ဒါဗီယာဖိုး၊ သူနာပြုဆရာမ ပန်ကီရာရွမ်စီဖိုး၊ ဥပဒေပြုလွှတ်တော်အမတ် ဗစ်တာစံစီဖိုး၊ ပထမဆုံး အမျိုးသမီးဝန်ကြီး ကရင်ပြည်နယ်ဝန်ကြီးဟောင်း ကလယ်ရီဗယ်အိုင်ရင်းဖိုး (မစ္စစ်ဘမောင်ချိန်)၊ ရဲဝန်ထမ်းဟောင်း အိုင်ဒဗလျူဖိုးတို့ဖြစ်သည်။

အသက် ၇၆ နှစ် အရွယ်၊ ကရင်အမျိုးသားအဖွဲ့ နာယကအဖြစ် ဆောင်ရွက်နေစဉ် ၁၉၄၆ ခုနှစ် ဇွန်လ ၇ ရက်တွင် ပုသိမ်မြို့ ကန်သုံးဆင့် နေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။