• Today is: Friday, April 26, 2024

ကိုးကန့် MNDAA တပ်မှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများထပ်မံသိမ်းဆည်းရ

Photo-MNDAA

ဖက်ဒရယ်ဂျာနယ် (နိုဝင်ဘာလ ၂၃ ရက်နေ့ )

 

အထူးဒေသ (၁)မုံးကိုးခရိုင်ဒေသ၌ စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့သည်။ တစ်ရက် အတွင်း တိုက်ပွဲ(၆)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီတပ်မှ ကိုးကန့် MNDAA ၏ မန်ရန်တပ်စခန်းကို လေယာဉ်ပစ်သေနတ် ဖြင့် သော်လည်းကောင်း လက်နက်ကြီးများဖြင့်သော်လည်း‌ကောင်း ပစ်ခတ်လာခဲ့သည်။ ထို့သို့ပစ်ခတ်ရာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်သည် ရွာတွင်းသို့ကျရောက် ပေါက်ကွဲပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း ကိုးကန့်  MNDAA ကထုတ် ပြန်ခဲ့သည်။

 

နံနက် ၉ နာရီတွင် စစ်ကောင်စီတပ်မှ ကိုးကန့် MNDAA ၊ မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့ရှိရာ ချင်ချိုင့်ထန် တပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ညနေ ၁၅ နာရီ ၃၃ မိနစ်အချိန်ထိ တိုက်ပွဲဖြစ်ပွားပြီး ကိုးကန့် MNDAA တပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က နောက်ပြန်ဆုတ်ခဲ့သည်။ ယင်းတိုက်ပွဲတွင် ကိုးကန့် MNDAA ဘက်မှ (၁)ဦး ဒဏ်ရာရပြီး စစ်ကောင်စီဘက်မှ အကျအဆုံးကိုမှုမသိရှိရကြောင်းသိရသည်။ ထို့အပြင် ညနေ ၁၄ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့  တပ်မံထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အခြားသောဒေသ မန်ကန် ၊ နမ့်ဟရွာ အနောက်ဘက်တောင်ကုန်းရှိ ညောင်ပင်ကြီး၊ ဖူလုံအနောက်ဘက်တောင်ကုန်း စသောနေရာများတွင်လည်း တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။

 

နိုဝင်ဘာလ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၁၀၅)နှင့် တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း(၁၅)သည် ကိုးကန့် MNDAA ၏ မန်ရန် တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ကြောင်း ကိုးကန့် MNDAA စစ်မြေပြင်ရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း အချို့ထပ်မံသိမ်း ဆည်းရမိခဲ့ကြောင်း ပုံနှင့်တကွထုတ်ပြန်ထားသည်။