• Today is: Wednesday, April 17, 2024

ချင်းလူ့အခွင်ုအရေးအဖွဲ့၊ ဌာနေတိုင်းရင်းသားဖွံ့ဖြိုးမှုအစီစဉ်၏ ပရိုဂရမ်ဒါရိုက်တာဖြစ်သူ မိုင်သင်းယုမွန် နှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ လက်ရှိအခြေခံဥပဒေ နှင့် ပြင်ဆင်မည့် အခြေခံဥပဒေတွင် တိုင်းရင်းသားအခွင့်အရေး နှင့် ရပိုင်ခွင့်များအတွက် ပြင်ဆင်သင့်သည့်အချက်များ နှင့် ထည့်တွင်းစဉ်းစားသင့်သည့် အချက်များကိုသိရှိရန်အတွက် ချင်းလူ့အခွင်ုအရေးအဖွဲ့၊ ဌာနေတိုင်းရင်းသားဖွံ့ဖြိုးမှုအစီစဉ်၏ ပရိုဂရမ်ဒါရိုက်တာဖြစ်သူ မိုင်သင်းယုမွန် နှင့် တွေ့ဆုံမေးမြန်းထားသည်များကိုပြန်လည်ဖော်ပြလိုက်ပါသည်။

နာမည် နဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တွေကို မိတ်ဆက်ပေးပါဦး။

  • မိုင်သင်းယုမွန် ဖြစ်ပါတယ်။ ချင်းလူ့ အခွင့်အရေး အဖွဲ့၊ ဌာနေတိုင်းရင်းသားဖွံ့ ဖြိုးမှုအစီအစဉ်ရဲ့ ပရိုဂရမ် ဒါရိုက်တာ ဖြစ်ပါတယ်။

 

အခု ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးလုပ်နေကြတယ်။ တိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သတ်ပြီး ဘယ်အချက် တွေကို ပြုပြင်သင့်တယ်လို့ ယူဆပါသလဲ။

  • အဓိကကတော့ ဗဟိုချုပ်ကိုင်မှုစနစ်ကိုများများ ဖြည်လျှော့ပေးနိုင်ဖို့ကို အဓိကထားပြင်နိုင်ဖို့လိုမယ်လို့ ထင်ပါ တယ်။ ဥပမာအားဖြင့် ပုဒ်မ ၂၆၁၊ ၂၆၂ လိုမျိုးပေါ့ ပြင်သင့်တယ်လို့ မြင်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ၀န်ကြီးတွေကိုခန့်အပ်တဲ့ပုံစံပေါ့။ ပြည်နယ်အစိုးရကို ဗဟိုကလှမ်းဖွဲ့ ပေးတာမျိုးမဟုတ်ဘဲ ပြည်နယ် လွှတ်တော်က သာ ဖွဲ့ စည်းခွင့် ရရှိမယ် ဆိုရင် အတော်လေး ကောင်းသွားမယ်။  နောက်တစ်ခုက ဇယား (၁) နဲ့ဇယား (၂) ပေါ့။ ပြည်ထောင်စုဥပဒေပြုစာရင်းရယ် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဥပဒေပြုစာရင်းရယ်ပေါ့။  တချို့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးတို့လိုမျိုး သစ်တောအကြောင်းအရာမျိုး နဲ့  တခြားအသေးစားနဲ့  အလတ်စားလို့ယူဆလို့ ရတဲ့ ကဏ္ဍတွေကျတော့ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေကို ဥပဒေပြုခွင့်ပေးလိုက်ခြင်းအားဖြင့်လည်း ဒေသခံတွေရဲ့ အခွင့်အရေးကို အများကြီးပိုပေးနိုင်မယ်လို့ ယူဆရတယ်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေမှာရော တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သတ်ပြီး ပါဝင်တယ်လို့ထင် ပါသလား။

  • တိုင်းရင်းသားအခွင့်အရေးရယ်လို့ အခိုင်အမာသီးသီးသန့်သန့်အသိအမှတ်ပြု ပေးထားတာမျိုးတော့ပါဝင်မှုမရှိဘူး လို့ မြင်ပါတယ်။ အထူးသဖြင့်ပုဒ်မ ၃၇မှာကစပြီးတော့ ရှိသမျှမြေနဲ့ သယံဇာတတွေက နိုင်ငံတော်ပိုင် ဖြစ်သွားပြီ။ မြေနဲ့သယံဇာတတွေဆိုတာက တိုင်းရင်းသားတွေအတွက်က လုပ်ကိုင်စားသောက်ဖို့လောက်ပဲ မဟုတ်ဘဲဘ၀တွေ ဖြစ်တယ်။ ဂုဏ်သိက်ခါဖြစ်တယ်။ တန်ဖိုးထားရာ ယဉ်ကျေးမှု နဲ့ဓလေ့ထုံးတမ်းတွေကို ခိုင်မာစေတဲ့ အရာတွေ ဖြစ်တယ်။ နောက်မြေ ပိုင်နက်နဲ့  သယံဇာတတွေအားလုံးက တိုင်းရင်းသားတွေရဲ့  ဖြစ်တည်မှုလည်းဖြစ်တော့ ဒီကစပြီးအခွင့်အရေးတွေ သိမ်းကျုံးခံထားလိုက်ရတယ်လို့ မြင်ပါတယ်။ အခန်း(၈)မှာ ပေးထားတဲ့ နိုင်ငံသားတွေ ရဲ့ အခွင့်အရေးကတော့လည်း ပေးထားတာတွေရှိတာပေါ့။

 

၂၀၀၈ အခြေခံဥပဒေပြင်ဖြစ်တယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေး အဖြစ် မဖြစ်မနေထည့်တွက်သင့်တဲ့ အချက်တွေအဖြစ် ဘယ်အချက်တွေကို ထည့်တွက်ဖို့လိုမယ်ထင်ပါသလဲ။

  • တိုင်းရင်းသားတွေမှာရှိနေတဲ့ စုပေါင်းအခွင့်အရေးတွေ ဘုံအခွင့်အရေးတွေကို သတ်သတ်မှတ်မှတ် အသိအမှတ်ပြု ပြဌာန်းပြီး အကာအကွယ်ပေးထားဖို့လိုမယ်လို့ မြင်ပါတယ်။ ဥပမာအားဖြင့် မြေယာ၊ ရယ် မြေနဲ့ သက်ဆိုင်တဲ့ သယံဇာတအားလုံးရယ်ဆိုတဲ့ အခွင့်အရေးမျိုးပေါ့။ နောက်တစ်ခုက တိုင်းရင်းသားတွေရဲ့  ဓလေ့ထုံးတမ်း ဥပဒေတွေကို စနစ်တကျဆက်လက်ကျင့်သုံးနိုင်ဖို့ အကာအကွယ်ပေးထားမယ့် အခန်းကဏ္ဍတွေထည့် သွင်းပေးနိုင်ဖို့ အရေးကြီးတယ်လို့  မြင်ပါတယ်။

 

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကအခက်အခဲက ဘာဖြစ်မယ်လို့ထင်ပါသလဲ။

  • အချိန် ကတော့ အတော်ကြီး အကန့် အသတ်ဖြစ်တယ် လို့ မြင်မိတယ်။၂၀၂၀ က လည်း တဖြည်းဖြည်း နီးကပ်လာပြီ ဆိုတော့ ဒီ လက်ရှိ လွှတ်တော် သက်တမ်းမှာ တကယ်ပဲ ပြင်ဖို့ မီနိုင်ပါ့မလား ဆိုတာ က တစ်ခုပေါ့။ နောက်တစ်ခုက ပြင်တဲ့ ဖြစ်စဉ် လေး ကတော့ စလုပ်လိုက်နိုင်တယ်ထားဦး တကယ့် အရေးကြီးတဲ့ အချက်တွေ ကို ပြင်ဆင်နိုင်ပါ့မလား ဆိုတာက တကယ် ကြီးမားတဲ့ မေးခွန်းတစ်ခုဖြစ်နေတာပေါ့။ တပ်မတော် နဲ့ အာဏာရ ပါတီ ကြား ညှိနှိုင်းမှု မှာပဲ အများကြီး မူတည်သွား မှာ ဆိုတော့ တကယ့် အရေးကြီးတဲ့ အချက်တွေ ညှိနှိုင်းဖို့ ခက်ခဲလိမ့်မယ် လို့ မြင်ပါတယ်။

 

မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးမှာ ၂၀၀၈ အခြေခံဥပဒေဟာ အရေးပါတဲ့ အဟန့်အတားတစ်ခုဖြစ်နေတယ်လို့ ထင်ပါသလား။

  • အင်မတန်ဗဟိုချုပ်ကိုင်မှုကြီးမားတဲ့ ဒီအခြေခံဥပဒေက အဟန့်အတားအများကြီး ဖြစ်စေပါတယ်။ နောက်တစ်ခုက တကယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာကျတော့ တွေ့နေရတာတွေထဲက အတော်လေးဘ၀င်မကျတာတစ်ခုက အခြားသော အစုအဖွဲ့တွေရဲ့ ဆွေးနွေးချက်တွေကို တပ်မတော်ကဒါကတော့ အခြေခံဥပဒေနဲ့  ဆန့်ကျင်နေတယ် ဆိုပြီးပြန်ပြန်ပြင်ခိုင်းတာပယ်ချတာတွေ တွေ့ရတယ်။ ကျမတို့ကျတော့အထူးသဖြင့် မြေယာနဲ့ သဘာဝပတ်ဝန်း ကျင် ကဏ္ဍကိုအလေးပေး ကြည့်ထားတော့ အဲ့ဒီကဏ္ဍမှာ ပိုပြီးထင်သာမြင်သာ ရှိနေတာပေါ့။

 

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး လက်ရှိNLDအစိုးရကို ဘာတွေများပြောချင်ပါသလဲ။

  • အများကြီးတော့ မျှော်လင့်ထားလို့ မရလောက်ဘူးလို့တော့မြင်တယ်။ ၂၀၀၈အခြေခံဥပဒေ ပြင်ဆင်ရေး ကတော့ အတော်လေး အချိန်ရော အားတွေရော စိုက်ရမယ့် အနေအထားဖြစ်နေတယ်။ နောက်ငြိမ်းချမ်းရေး ကလည်း အနည်းငယ်ရပ်တန့် နေတဲ့သဘောမှာရှိနေတော့ ဒီနှစ်ခုကို အာရုံစိုက်နေရင်းနဲ့ကို ပြည်သူတွေအပေါ် ချက်ချင်း သက်ရောက်မှုရှိနေတဲ့  အခြားအခြားသော ဥပဒေတွေပြုပြင်နေတဲ့ အပိုင်းတွေကို အာရုံစိုက်စေချင်ပါတယ်။ လယ်ယာမြေဥပဒေ၊ သစ်တောဥပဒေတွေလို လူထုအပေါ် နေ့ချင်းညချင်း သက်ရောက်မှု ရှိနေတဲ့ ဥပဒေတွေ၊ နောက် လုပ်ထုံးလုပ်နည်းတွေ ဒါတွေက ရေရှည်သွားမယ့်အခြေခံဥပဒေ ဖြစ်တယ်။

ဖြည့်ပြောချင်တာရှိရင်ပြောပါဦး။

  • အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းကော လွှတ်တော်ပြင်ပကကော သွားနေရင်းနဲ့ တစ်ပြိုင်နက်တည်း မှာပဲ ပြည်သူတွေအပေါ် ချက်ချင်းသက်ရောက်မှုရှိနေတဲ့ အခြားအခြားသော ဥပဒေတွေပြုပြင်နေတဲ့ အပိုင်းတွေ ကို အာရုံစိုက်စေချင်ပါတယ်။ မြေလွတ်မြေလပ် မြေရိုင်း စီမံခန့်ခွဲသည့်ဥပဒေ၊ သစ်တောဥပဒေတွေလို လူထု အပေါ် နေ့ချင်းညချင်း သက်ရောက်မှုရှိနေတဲ့ဥပဒေတွေ၊ နည်းဥပဒေနဲ့လုပ်ထုံးလုပ်နည်းတွေ ဒါတွေကို အသစ်ရေးဆွဲနေရာ ပြုပြင်နေတာတွေကို သေချာသတိနဲ့ လုပ်ဆောင်ပြီး လက်ရှိမှာပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွေမှာ သဘောတူညီမှု ရထားပြီးသားမူတွေနဲ့ ပြန်ပြန်ချိန်ထိုးမှသာ ရေရှည်သွားမယ့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကော၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်ကော ထိရောက်မှု ရှိနိုင်မယ်လို့ မြင်ပါတယ်။ နောက်တစ်ခု ခုချိန်မှာ အရေးတကြီးလိုနေတာက ရှိနေတဲ့ ဥပဒေနဲ့ ဘောင်အတွင်းကနေကို ဗဟိုချုပ်ကိုင်မှုကို ရသလောက် ဖြည်လျှော့လိုက်ဖို့ အရမ်းအရေးကြီးနေပါတယ်။

ကျေးဇူးတင်ပါတယ်။