• Today is: Thursday, April 25, 2024

စစ်ရောင်တဖန် သမ်းလာနေသည့် ရခိုင်မြေ

Photo: AA Info Desk (Google)

 

စစ်ရောင်တဖန် သမ်းလာနေသည့် ရခိုင်မြေ

 

 

ရခိုင်ပြည်နယ်တွင် သြဂုတ်လမှစတင်ကာ ထူးထူးခြားခြား စစ်ရေးစစ်ရောင်များ သမ်းလာနေသည်ကို တွေ့နေ ရသည်။ လက်နက်အပြည့်ကိုင်ဆောင်ထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က မြို့ပေါ် ရပ်ကွက်အချို့တွင် ည အချိန်မတော် နေအိမ်များသို့ဝင်ရောက်ကာ ဧည့်စာရင်းစစ် ဆေးခြင်း၊ လက်နက်ကိုင်စစ်သားများက လူစည် ကားရာ လမ်းဆုံလမ်းခွတွင် ကားများဖြင့် နေရာအပြည့်ယူထားခြင်း၊ လမ်းသွားလမ်းလာများ၏ ဆိုင်ကယ် ဘောက်စ်များနှင့် ဖုန်းများကို ဖွင့်ဖောက်စစ်ဆေး ခြင်း၊ စစ်ကားများဖြင့် ဒေသတစ်ခုနှင့်တစ်ခုသို့ ရိက္ခာများသယ် ပို့ခြင်း၊ မြို့ရွာအချို့တို့တွင် သေနတ်သံ လိုလို၊ လက်နက် ကြီးသံလိုလို၊ မိုင်းပေါက်သံလိုလို ပေါက်ကွဲသံများ ခဏ ခဏ ကြားနေရခြင်း၊ ရခိုင့် ပင်လယ်ပြင်နေရာအချို့တွင် လက်နက်ကြီးများ ပစ်ခတ်လေ့ကျင့်ခြင်းတို့ဖြစ်ပေါ်ခဲ့ သည်။

 

ပြောရလျှင် သြဂုတ်လ ၅ ရက်နေ့ နောက်ပိုင်းမှ သည်လိုစစ်ရေးစစ်ရောင်များကို စကြုံလာရခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် ကိုဗစ်ကာကွယ်ရေးအတွက်ဟုဆိုကာ နေ့/ည လှည့်ကင်းများဆောင်ရွက်ပြီး ဧည့်စာရင်းလည်း စစ်တော့မည်ဟု ပြည်နယ်အစိုးရက သြဂုတ်လ ၅ ရက်တွင်ပြုလုပ်သည့် ပုံမှန်ညှိနှိုင်းဆွေးနွေး ပွဲမှာ ဆုံးဖြတ်ခဲ့သည်။

 

ယင်းသို့ ဆုံးဖြတ်ပြီးနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော်စစ်တွေရှိ မြို့ပေါ်ရပ်ကွက် အချို့ကို ညအချိန်မတော် ဧည့်စာရင်းစတင်စစ်ဆေးလာခဲ့ခြင်းဖြစ်သည်။ စစ်သား၊ ရဲတို့က လက်နက် အပြည့်ကိုင်ဆောင် ကာ လဝကဝန်ထမ်းများနှင့်အတူ နေအိမ်များအားဝင်ရောက်ပြီး လူစာရင်းစစ်ဆေးခြင်းတို့ကို စတင်ပြုလုပ် လာခဲ့သည်။ မြို့တွင်းရပ်ကွက်အချို့ရှိ လူစည်ကားရာနေရာအချို့တွင်လည်း လက်နက်များကိုင်ဆောင်ထားသည့် စစ်သားများတင်ဆောင်ထားသော စစ်ကားအချို့ ရပ်ထားသည်ကိုတွေ့ရသည်။ အထူးသဖြင့် မြို့ပေါ်ရပ်ကွက် တစ်ခုဖြစ်သော မင်းဂံရပ်ကွက်တွင်ဆိုလျှင် ဧည့်စာရင်းများလည်း စစ်ဆေးသလို ရပ်ကွက်တွင်းရှိ လမ်းမများပေါ် တွင် လက်နက်များကိုင်ဆောင်ထားသည့် စစ်သားများတင်ဆောင်ထားသောစစ်ကားအချို့ မကြာမကြာရပ် တန့်ထားသည်ကိုလည်း တွေ့ရသည်။ လမ်းသွားလမ်းလာများအား ရပ်တန့်စစ်ဆေးကာ ဆိုင်ကယ်ဘောက်စ်များအား ဖွင့်ဖောက်စစ်ဆေးခြင်း တို့ကို လုပ်ဆောင်လာနေသည်။

 

အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်နှင့် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သည့် ရသေ့တောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့အပါအဝင် တောင်ကုတ်မြို့နယ်တို့ တွင်လည်း ယခုကဲ့သို့ တင်းကျပ်စစ်ဆေးမှုများကို ပြည်သူများ ခံနေကြရသည်။ အမ်းမြို့နယ်တွင်ဆိုလျှင် ရန်ကုန်-စစ်တွေကားလမ်းမရှိ စစ်ဆေးရေးဂိတ်များတွင် ယခင်ထက် စစ် ဆေးမှုများ တင်းကျပ်လာ နေသည်ဟု ဒေသခံများက ဆိုကြသည်။ ရသေ့တောင်မြို့နယ်တွင်ဆိုလျှင် ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း ကားလမ်းတစ်လျှောက်၌ ခရီးသွားများအား ဆိုင်ကယ်ဘောက်စ်များနှင့် ခရီးဆောင်အိတ်များအပါအဝင် လက်ကိုင်ဖုန်းများကိုပင် ဖွင့်ဖောက် စစ်ဆေးခြင်း များကို ပြုလုပ်နေ သည်ဟု ဆိုသည်။ ကျောက်တော် မြို့နယ်တွင်လည်း ကျောက်တော်နှင့် ချင်းပြည် နယ် ပလက်ဝသို့ အလှည့်ကျပြေးဆွဲနေကြသည့် လိုင်းစက်လှေများကို လမ်းခရီး၌ စစ်သားများက သေနတ်ပစ်ဖောက် ရပ်တန့်စစ်ဆေးခြင်းများကို လုပ်ဆောင်နေသည်ဟုလည်း စက်လှေပိုင်ရှင်များက ပြောကြသည်။ တောင်ကုတ်မြို့ နယ်တွင်ဆိုလျှင် ဧည့်စာရင်းများ စစ်ဆေးသည့်အပြင် ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် ကျေးရွာသားများကို ခေါ်ယူစစ်ဆေးမှု များပင်ရှိလာသည်။

 

ရခိုင်ပြည်နယ် အစိုးရကတော့ လုံခြုံရေးနှင့် ကိုဗစ်ကာကွယ်ရေးကိုအကြောင်းပြပြီး ယခုကဲ့သို့ စစ်ဆေးသည်ဟု ဆိုထားသည်။ ကိုဗစ်ကိုအကြောင်းပြ၍ ဧည့်စာရင်းစစ်ဆေးခြင်းများ၊ ကင်းလှည့်ခြင်းများ ကိုလုပ်ဆောင်နေ သည်မှာ ခိုင်လုံသည့်အ ကြောင်းပြချက်တော့ မဟုတ်ပေ။ အခြားရည်ရွယ်ချက်များ ပါလိမ့်မည်ဟု ယူဆရပေ သည်။ မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲများချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းနေသည့် ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ စစ်ဆေးဆိုင်ရာလှုပ်ရှားမှုများက မလိုလားအပ်သောပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်မဟုတ်လား။

 

တစ်ဘက်တွင်လည်း ရက္ခိုင့်တပ်တော်(AA)က ရခိုင်ပြည် နယ်အတွင်း နယ်မြေပိုင်နက်အများအပြားကို ခြေကုပ် ယူနိုင်နေပြီဖြစ်သည်။ AA သည် ရခိုင်လူထုကြားထဲတွင် စိမ့်ဝင်နေပြီဖြစ်သည်။ ရခိုင်လူ ထုကလည်း လက်ရှိနိုင်ငံ ရေးအခြေအနေအရ AA မှ AA ဖြစ်နေကြပြီ။ AA ကလည်း ရက္ခိုင်ပြည်သူ့ အာဏာပိုင် အဖွဲ့ဟုဖွဲ့စည်းကာ ရခိုင်လူထု အကျိုးကို နိုင်သည့်ဘက်မှ တာဝန်ယူနေသည်ကိုလည်း တွေ့ရသည်။

 

ရခိုင်တွင် ယခုနှစ် ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းမြင့်မားခဲ့စဉ် AA က Stay At Home အမိန့်ကို ဇူလိုင်လ ၂ဝ ရက်မှ သြဂုတ်လ ၂၅ ရက်အထိ (၅)ပတ်ကြာထုတ်ပြန်ခဲ့သေး သည်။ ပြည်သူအများစုကလည်း AA ၏ထိုအမိန့်ကို လိုက်နာကျင့်သုံးခဲ့ကြသည်။ ယင်းကြားထဲ စစ်တွေ တွင် ထိုအမိန့် အားလိုက်နာမှုမရှိသူတချို့ကို AA က အသံဗုံးများဖောက်ခွဲကာ သတိပေးခဲ့ရသေးသည်။

 

ကျောက်ဖြူမြို့နှင့် ရခိုင်ပြည် နယ် အစိုးရရုံးစိုက်ရာ လုံခြုံရေးတင်းကျပ်ထားသည့် စစ်တွေမြို့တို့တွင် ဆိုလျှင် AA ၏ ထိုအမိန့်ထုတ်ပြန်ချက်များကို Color Print ထုတ်၍ လူစည်ကားတတ်သည့်နေရာ အချို့တွင် ကပ်ထား သည်ကိုလည်း တွေ့ရသည်။ ရက်ပိုင်းအကြာတွင် ယင်းသို့ကပ်ထားမှုများကို အစိုးရ အာဏာပိုင်များက ခွာယူ ဖျက်ဆီးခဲ့ကြသည်။ ယင်းနောက် ကျောက်ဖြူမြို့ရှိ မြို့ပေါ်ရပ်ကွက် (၁၇)ခုစလုံးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး များကို ကျောက်ဖြူနယ် မြေခံတပ်ရင်း (၃၄)က သြဂုတ်လ ၂၃ ရက်တွင် တပ်တွင်းသို့ခေါ်ယူကာ သတိပေးမှု တစ်ခုပြုလုပ်ခဲ့သည်။ ကျောက်ဖြူမြို့ပေါ်အတွင်း AA က ပြုလုပ်နေသည့် တရားရေးဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်နေမှုကိစ္စများ၊ ကိုဗစ် ထိန်းချုပ်ရေးစာများကပ်ပါက သတင်းပေးရန်နှင့် AA ၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်ကာ သတင်းပေးကြရန် ပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသည့်ရပ်ကွက် အုပ်ချုပ် ရေးမှူးများက ပြောသည်။

 

ယင်းနောက် လူဦးရေ ၈ဝဝ ခန့်ရှိသည့် ကျောက်ဖြူမြို့နယ် သိုင်းချောင်းရွာသို့ သြဂုတ်လ ၂၆ ရက်တွင် စစ်သား ၇ဝ ခန့် ရောက်ရှိလာခဲ့သည်။ ကျေးရွာ၏ ဓမ္မာရုံနှင့် စာသင်ကျောင်းတွင် တစ်ည စခန်းချနေထိုင်ပြီးနောက် နောက်တစ်နေ့တွင် ကျေးရွာတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်ဟု ရွာသားများက ဆိုသည်။ အဖမ်းအဆီး အစစ်အဆေးမရှိခဲ့သော် လည်း ယခုကဲ့သို့လက်နက် အပြည့်အစုံဖြင့် ဝင်ရောက်လာခဲ့မှုကြောင့် ရွာသားများ စိုးရိမ်ထိတ်လန့်ခဲ့ရသည်။

 

AA နှင့်ဆက်စပ်ပြီး ထပ်ပြောရမည်ဆိုလျှင် ရခိုင်လူထု၏ တရားဥပဒေစိုးမိုးမှုများနှင့် တရားရေးဆိုင်ရာ ကိစ္စ ရပ်များကို AA က လက်တွေ့ကိုင်တွယ်ဖြေရှင်းပေးနေ သည်ကို တွေ့ရသည်။ ရခိုင်တွင် တိုက်ပွဲများရပ်တန့်ပြီး နောက် ယခုကဲ့သို့ဖြေရှင်းပေးနေသော်လည်း AA ကမူ သြဂုတ်လ ၁ ရက်တွင်မှ တရား ဝင်ထုတ်ပြန်လာခဲ့သည်။ ရခိုင်တွင် နေထိုင်သူများအနေဖြင့် ဖြစ်ပွားသော တရားရေးဆိုင်ရာ အမှုအခင်းများကို တိုင်ကြားနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဆိုသည်။ တိုင်ကြားနိုင်သည့် အမှုများအထဲတွင် မတရားခံရမှု၊ အကြမ်းဖက်မှု၊ မြေယာ ပြဿနာ အမှုအခင်းများ အပါအဝင် တရားဥပဒေ အဆုံးအဖြတ်ကို ခံယူရမည့်အမှုအခင်းများအားလုံးကို AA ၏ တရားရေးဌာနသို့ တိုင်ကြားနိုင်သည်ဟု လည်း ထုတ်ပြန်ချက်က ဖော်ပြ သည်။ အီးမေးလ်၊ တယ်လီဂရမ်၊ VK လိပ်စာများမှတဆင့် တိုင်ကြားသူ၏ ဆက်သွယ်ရန်နေရပ်လိပ်စာများ၊ အခင်ဖြစ်ပွားသည့် ဖြစ်စဉ် အသေး စိပ်များဖြင့် ကျူးလွန်ခံရသူ၏ဆွေမျိုး သို့မဟုတ် မျက်မြင်သက်သေ တစ်ဦးဦးက တိုင်ကြားနိုင်သည်ဟုလည်း ဆိုထားသည်။

 

AA ကို ယုံကြည်သူတို့ကလည်း တရားရေးဆိုင်ရာကိစ္စရပ်များကို AA ထံ သွား ရောက်တိုင်တန်းကြသည်။ သည် အထဲ မင်းပြားမြို့နယ်မှ မူဆလင်ရွာတစ်ခုတွင် နွားခိုးသည့်ဂိုဏ်းတစ်ခုနှင့် ပတ် သက်ပြီး AA က ဝင်ရောက် ဖြေရှင်းပေးခဲ့ရသေးသည်။ ယင်းဖြစ်စဉ်တွင် ပြည်တွင်းနေ မူဆလင်များနှင့် ပြည်ပရောက်မူဆလင် များအကြား ဝိဝါဒကွဲပြားမှုများလည်း ဖြစ်ပေါ်ခဲ့သေးသည်။ မူဆလင်အချို့က AA ကို မကောင်းပြောသလို တချို့ကလည်း AA ဘက်မှ ရပ်တည်ကာကွယ် ပေးခဲ့ကြသည်။

 

ယင်းနောက် စက်တင်ဘာ ၆ ရက်တွင် ကျောက်တော်မြို့ နယ်မှ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ခမရ (၃၇၅)တပ်ရင်းက ခေါ်ယူကာ ကျေးရွာအတွင်းဖြစ်ပွားသည့် အမှုကိစ္စများ ကို ရက္ခိုင့်တပ်တော်(AA)ထံသို့ မတိုင်ကြားရန် တားမြစ်ခဲ့သည်ဟု သိရသည်။ ယင်းအပြင် AA က ရဲသင်တန်းနှင့် အုပ်ချုပ်ရေးသင်တန်းများ ပေးမည့်ကိစ္စများကိုလည်း လက်မခံကြရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။

 

နောက်ပြီး ရှိသေးသည်။ ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားအပြီး ရခိုင်ပြည်နယ်အတွင်း ရခိုင့် ပင်လယ်ပြင်တို့တွင် တပ်မတော်က လက်နက်ကြီးပစ်ခတ်စမ်းသပ်မှုများလည်း ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြ သည်။ ပထမအကြိမ်က ဖေဖော်ဝါရီ လ ၁၆ ရက်တွင် မာန်အောင်ကျွန်း၊ ဒုတိယအကြိမ်က တော့ ဖေဖော်ဝါရီလ ၁၉ ရက်မှာ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်း၊ တတိယအကြိမ် ကတော့ ဩဂုတ် ၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ စစ်တွေခရိုင်အတွင်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ် စသည့် မြို့နယ်(၄)ခုရှိ ပင်လယ်ပြင်အတွင်း စမ်းသပ်ပစ်ခတ်ခဲ့မှုတွေရှိခဲ့ပါတယ်။

 

သည်ကြားထဲ ပြီးခဲ့သည့်မေလ ၁၉ နှင့် ၂ဝ ရက်တို့ကလည်း မြောက်ဦးမြို့ရှိ အမှတ် ၃၁ ရဲတပ်ရင်းက အနီးရှိ ခေါင်းဖြူတောင်ကွင်းတွင် လက်နက်ကြီးများ စမ်း သပ်ပစ်ခတ်မည်ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီက မေလ ၁၂ ရက် ရက်စွဲဖြင့် ဒေသခံအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားစာ ပေးပို့ခဲ့သည်။ ယင်းနောက် ဒေသအခြေ စိုက် မီဒီယာအချို့တွင် ဒေသခံများ၏ ဝေဖန် ကန့် ကွက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ယင်းအစီအစဉ်ကို မေလ ၁၈ ရက်တွင် ဒေသအာဏာပိုင်များက ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။

 

သည်နောက်ပိုင်းလည်း ကျောက်တော်နှင့် မင်းပြားတို့လို ဒေသများတွင် သေနတ်ပေါက်သံလိုလို၊ မိုင်းပေါက်သံ လိုလို ပေါက်ကွဲသံများထွက်ပေါ်မှုများရှိနေသေးသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက် နံနက်ကဆိုလျှင်လည်း မင်းပြားမြို့နှင့် မင်းပြားမြို့အရှေ့ဖက်ရှိ ရန်ကုန် – စစ်တွေကားလမ်းမအနီး တောင်တန်းတစ်နေရာတွင် ပေါက်ကွဲ မှုတစ်ခု ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့သည်။ မိုင်းပေါက် သံလား၊ သေနတ်ပေါက်သံလား၊ လက်နက်ကြီး ပစ်သံလား၊ ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရှိ/မရှိဆိုသည်ကိုတော့ ဒေသခံများ မသိရှိခဲ့ပေ။ ယင်းနေရာသည် လက်ရှိမြန်မာစစ်တပ်က တပ်စွဲထားသည့် နေရာဖြစ်သည်ဟုလည်း သိရသည်။

 

ပြန်ကောက်ရလျှင် အားလုံးသိကြသည့်အတိုင်း ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားခဲ့သည်။ လူ သေဆုံးဒဏ်ရာရမှုများ၊ နေ အိမ်များ မီးရှို့ခံရမှုများ၊ လက်နက်ကြီးများ ပစ်ခတ်မှု ကြောင့် ရွာလုံးကျွတ်ထွက် ပြေး တိမ်းရှောင်ရမှုများ စသည့်စသည့် ဖြစ်စဉ်များကို ရခိုင်ပြည်သူများ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည်။ သို့သော် ယခုလက်ရှိအချိန်တွင် ရခိုင် ပြည်အတွင်း တိုက်ပွဲသံများ ချုပ်ငြိမ်းနေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်သည်။ စစ်ဘေးရှောင်အများ အပြားလည်း မိမိနေရပ်သို့ပြန်သွားကြပြီဖြစ်သည်။ တိုက်ပွဲများ ဖြစ် ပွားခဲ့သည့် ရပ်ရွာအနီးနေရာအချို့ တွင် တပ်မတော်က နေရာယူတပ်စွဲထားမှုများရှိနေသေးသော်လည်း တစ်စုံ တစ်ရာဖြစ်ပွားမှု မရှိတော့ပေ။

 

သို့သော် စောစောက ဆိုခဲ့ပြီးသည့်အတိုင်း ရခိုင်တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ တပ်မတော်က အင်အားဖြည့် တင်းမှုများ ယခု နောက်ပိုင်း ပိုများလာနေသည့်အတွက် တိုက်ပွဲများ တစ်ကျော့ပြန် ပြန်ဖြစ်လာနိုင်မလားဟု လည်း ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေကြသည်။ ယခုအချိန်သည် တိုက်ပွဲများ ရပ်တန့်နေချိန် စစ်ဘေး ရှောင်အများအပြား နေရပ်ပြန်သွားပြီးနောက် သူတို့၏ ပျက်စီးသွားသည့် လူမှုစီးပွားဘဝတို့ကို ပြန်လည်တည် ဆောက်နေချိန်လည်းဖြစ်သည်။ ရပ်ရွာအနီး မိုင်းရှင်းလင်းပေးမှုမရှိသည့်အတွက် အိမ်မပြန်နိုင်သေးသည့် စစ်ဘေး ရှောင်များလည်း စစ်ဘေးရှောင်စခန်းများတွင် ရှိနေဆဲဖြစ်သည်။ အကယ်၍သာ ရခိုင်တွင် တိုက်ပွဲများထပ်ဖြစ် လာမည်ဆိုပါက ကိုဗစ်ကပ်ဘေးကြောင့် စားဝတ်နေရေးခက်ခဲနေသည့် ပြည်သူများအပေါ် တစ်ပူပေါ်နှစ်ပူဆင့်ဆို သလို အခြေအနေက ပိုဆိုးသွားနိုင်သည်။

 

ရက္ခိုင့်တပ်တော် (AA)၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကတော့ ပြည်သူများ ယခုကဲ့သို့ အကျပ်အတည်း ဖြစ်နေချိန်တွင် စစ်ရေးလှုပ် ရှားမှုများ မပြုလုပ်ကြရန် မြေပြင်ရှိ စစ်မှူးများကို ညွန်ကြားထားသည်ဟု ဆိုထား သည်။ စစ်ရေးအရလိုအပ်လာပါကလည်း လိုအပ်သလို လုပ်ဆောင်သွားရန် စဉ်းစားထားသည်ဟု ဩဂုတ်လ ၁၅ ရက်နေ့က အာရက္ခမီဒီယာနှင့် အင်တာဗျူးတစ်ခုတွင် ထည့် သွင်း ပြောဆိုသွားသည်။

 

အလားတူ AA ၏ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခကလည်း ရခိုင်တွင် စစ်တပ်က ယခုကဲ့ သို့ စစ်ရေးလှုပ်ရှားမှုများ ကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်လျှင် လိုအပ်သလို တုံ့ပြန်သွားမည်ဟု မီဒီယာများ ကို ပြောဆိုထားသည်။ AA ပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ကလည်း ကိုဗစ်ကပ်ရောဂါကာလအတွင်း လက်နက်ကိုင်အဖွဲ့များအနေ ဖြင့် ပြည်သူများလုံခြုံရေးအထိတ်တလန့်ဖြစ်စေမည့် စစ်ရေးလှုပ်ရှားမှုများနှင့် စိုးရိမ်ကြောင့်ကြမှုကိုရစေမည့် အပြုအမူများကို မလုပ်ကြရန် စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ ဆိုရလျှင် ရခိုင်တွင် စက်တင်ဘာလအတွင်းမှ စတင်ကာ ကိုဗစ်တတိယလှိုင်း ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းလျော့ ကျလာနေပြီဖြစ် သည်။ သို့သော် ကိုဗစ်ကိုအကြောင်း ပြ၍ လုံခြုံရေးဆောင်ရွက်သည်ဟု ဆိုသည့် စစ်သားများကတော့ မြို့ပေါ် ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများတွင် ယခုထိတိုင် လျော့ကျသွားခြင်း မရှိသေးပေ။

 

နိဂုံးချုပ်ရလျှင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ရခိုင်မြေတွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ မှ စတင်ကာ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာအထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ် ပွားခဲ့သည်။ ပြည်သူများကလည်း မြေစာပင်များအဖြစ် သေကြေပျက်စီးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများကို အလူးအလဲ ခံခဲ့ကြရသည်။ သို့သော် ၂ဝ၂ဝ ပြည့်၊ နိုဝင်ဘာ ရွေးကောက်ပွဲကာလမှသည် ယခုအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိတော့ပေ။ နှစ်ဘက် တပ်ခေါင်းဆောင်များအနေဖြင့် အွန်လိုင်းမှတွေ့ဆုံဆွေးနွေးမှုများရှိခဲ့သလို လူချင်းတွေ့ဆုံဆွေးနွေးမှု များလည်း ရှိခဲ့သည်ဟု သိရသည်။ အချင်းအချင်း မည်သည့်ကတိကဝတ်များ၊ နားလည်မှုများ၊ သဘောတူညီမှုများကို ရယူ ခဲ့ကြသည်ဆိုသည်ကိုတော့ နှစ်ဘက်စလုံးက ပြည်သူများကို ချပြခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ တစ်ချိန် ချိန်တွင် တစ်ဘက်နှင့်တစ်ဘက် အပေးအယူမမျှတော့ဘဲ ရှေ့ဆက်တိုက်ပွဲများ ဆက်ဖြစ်မည်ဆိုပါက ရခိုင်ပြည်သူ တို့အနေဖြင့် စစ်မီးလျှံကြား အသက်လုပြေးလွှားကြရဦးမည်ဖြစ်သလို ရခိုင်တို့အတွက် ငရဲခန်းသည်လည်း တစ် စခန်း ထဦးမည်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ကြောင့် ရခိုင်ပြည်သူတို့၏ အနာဂတ်သည် နှစ်ဘက် တပ်အပေါ်တွင်သာ မူတည်ပါတော့သည်။

 

ဆြာကု

ဖက်ဒရယ်ဂျာနယ်

စက်တင်ဘာ (၁၉) ၂၀၂၁