• Today is: Friday, March 29, 2024

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တည်ထောင်ခြင်း (၃၃) နှစ်မြောက် သဘောထား ထုတ်ပြန်ကြေငြာချက်

ဖက်ဒရယ်ဂျာနယ် ( အောက်တိုဘာ -၂၄)

၁၉၈၈ ခုနှစ် ၈၈၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးကနေ မွေးဖွားပေါ်ပေါက်လာခဲ့သည့် ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ZNC/ZCD) သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၄) နေ့တွင် (၃၃) နှစ် ပြည့် မြောက်ခဲ့ သည့် ကနေ့လို အခါသမယတွင် အောက်ပါသဘောထားတို့ကို ထုတ်ပြန် ကြေငြာလိုက် ပါသည်။

၁။ ၁၉၉၀ ခုနှစ် ပြည်လုံးကျွတ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ် တွန်းဇံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တီးတိန်မြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း ၊ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အမှတ်(၅) ၊ ပြည်နယ်လွှတ်တော် အမှတ်(၁) နှင့် တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်၊ .. အမျိုးသားလွှတ်တော် အမှတ်(၇)၊ ပြည်နယ်လွှတ်တော် အမှတ်(၂)တွင် လည်းကောင်း ၊ ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်လည်း တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အမှတ်(၂)တို့တွင် လည်းကောင်း အဖိုးမဖြတ်နိုင်သည့် မဲဆန္ဒရှင်ပြည်သူတို့၏ အသည်းကြားက မဲတစ်ပြားဖြင့် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရပါသည်။

၂။ အထက်ပါ ရွေးကောက်ပွဲ ဖြစ်စဉ်တိုင်းတွင် လက်ငြင်း အာဏာရပါတီ အသီးသီး၏ ပါတီကြီးသာ အားကိုးရာဆိုသည့် ဗဟိုချုပ်ကိုင်မှုဝါဒ သွေးထိုးလှုံ့ဆော်မှု ၊ နိုင်ငံရေးအာဏာနှင့် ဖွံ့ဖြိုးရေး မက်လုံးပြမှု၊ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ငွေကြေးဖြင့် လွှမ်းမိုးမှု စသည့် စိန်ခေါ်မှု အခက်အခဲ ပေါင်းစုံ အောက်မှာ ပင် ဒေသခံ ပြည်သူတို့၏ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ ရွေးချယ်ထောက်ခံ မဲပေးမှုကြောင့်သာ အထက် ဖော်ပြပါ ရွေးကောက်ပွဲတိုင်းတွင် အောင်ပွဲခံနိုင်ခြင်း ဖြစ်သည်ဟု လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။ အထူးသဖြင့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အခက်အခဲ စိန်ခေါ်မှု ပေါင်းစုံ ကြားမှ ပြည်သူတို့၏ ရွေးချယ် တင်မြောက်ခြင်းခံရသည့် မိမိတို့ ပါတီ လွှတ်တော်ကိုယ်စားလှယ်များကို လည်း ဆက်လက် အသိအမှတ်ပြုပါသည်။

၃။ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေဖြင့် ပါတီတည်ထောင်သည့် ၁၉၈၈ ခုနှစ် မှ စတင်၍ ယနေ့ အချိန်ထိ ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေးအကျပ်အတည်း သင်ခန်းစာ အတွေ့အကြုံများအပေါ် ပြန်လည် သုံးသပ်လျက် စစ်တပ် အာဏာသိမ်းမှုကြောင့် တိုင်းပြည်အတွင်း ပြည်သူလူထုတစ်ရပ်လုံး ရင်ဆိုင် ကြုံတွေ့နေရသည့် နိုင်ငံရေး ၊ လူမှုရေး၊ လုံခြုံရေး၊ ကျန်းမာရေး ၊ စီးပွားရေး အခက်အခဲ ပေါင်းစုံ တို့မှ လွန်မြောက်နိုင်ရေးသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်း အရဖြင့်သာ ဖြေရှင်းခြင်း ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည် ထောင်ခြင်း တို့ဖြင့်သာလျှင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး တို့ကိုသာ ဆောင်ကျဉ်း နိုင်မယ်ဟု ရှုမြင်ပါသည်။

၄။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိတို့ပါတီ မူဝါဒ(၄) ချက်ဖြင့် ခိုင်မာစွာရပ်တည်လျက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) အပါအ၀င် နိုင်ငံရေးအရ မူဝါဒ ခံယူချက်တူ မိတ်ဖက် ပါတီများနှင့် လက်တွဲရပ်တည်၍ အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ထောင်နိုင်ရေးအတွက် ဖက်ဒရယ် ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ (PRCF) ဖြင့် မူဝါဒခိုင်မာစွာ ရပ်တည်လျက်ရှိပါကြောင်း ထုတ်ပြန်ကြေငြာလိုက်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်