• Today is: Friday, April 19, 2024

တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရယ် အောင်မြင်သည်အထိ ကြိုးပမ်းမည်ဖြစ်ကြောင်း KNU ပြော

 

ကရင်အမျိုးသားအစည်းအရုံးအနေနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရယ်ဒီမိုကရေစီလမ်းစဉ်အတိုင်း အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြသည်။

ရည်မှန်းချက်ပန်းတိုင်များပြီးမြောက်အောင်မြင်နိုင်ရန် ကမ္ဘာ့လူသားများ​၏ အသက်အိုးအိမ်၊ စည်းစိမ်၊ ရှင်သန်မှု၊ အသက်မွေးမှု၊ လုံခြုံမှုအတွက်ကြိုးပမ်းအားထုတ်သည့် မည်သည့် လူပုဂ္ဂိုလ် အဖွဲ့နှင့်မဆို လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံအနေနှင့်လည်း သမိုင်းတစ်လျှောက်လုံး ပြည်သူများအနေနှင့် မလုံခြုံမှု၊ စိုးရိမ်ကြောင့်ကြရမှု၊ အကြမ်းဖက်မှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှုများ၊ ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးစေမည့် အတွေးအခေါ်၊ ပြုမူခြင်းများ ဆက်တိုက်ကြုံတွေ့ခဲ့ရကြောင်းကိုလည်း ဖော်ပြသည်။

ထို့ကြောင့် အကြမ်းဖက်မှုများနှင့် ဆက်စပ်နေသည့်အတွေးအခေါ်၊ လုပ်ဆောင်မှုများကို ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထည့်သွင်းဖော်ပြထားသည်။