• Today is: Friday, April 19, 2024

နေ့စဉ်တိုင်းရင်းသတင်းများ စုဆောင်းတင်ပြခြင်း

(No. 111 , July 20, 2021)

 

၁။ စစ်တပ်က ကချင်အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုကို KSWA အဖွဲ့က အပြင်းအထန်ရှုတ်ချ
19 July, 2021

ကချင်အမျိုးသမီးတစ်ယောက်ကို စစ်တပ်ကအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့အပေါ် အပြင်းအထန်ရှုတ်ချကြောင်း ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက် (KSWA) က သဘောထားထုတ်ပြန်လိုက်ပါတယ်။ ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ဇူလိုင်လ ၁၄ ရက်နေ့က အသက် ၅၁ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာလို့ KSWAက ဇူလိုင် ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ဇူလိုင် ၁၄ ရက်မနက် ၁၀ နာရီလောက်မှာ နွယ်လန်းကျေးရွာနေ ဒေါ်မခေါ်ရွယ်ဟာ လယ်တောထဲ စပါးပျိုးကြဲဖို့အသွား အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၀င် စစ်သားသုံးယောက်က ပါးစပ်ကို အဝတ်နဲ့စို့ပြီး ရက်စက်စွာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြ တာလို့ ဆိုပါတယ်။ သူမရဲ့ လယ်တောအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၈၈ က တပ်စွဲထားတယ်လို့ သိရပါတယ်။ အခုလို တိုင်းရင်းသူအမျိုးသမီးတစ်ဦးကို လူသားမဆန်စွာ လိင်ပိုင်းဆိုင်ရာစော်ကား သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေ ကို လွတ်ငြိမ်း ချမ်းသာခွင့် လုံး၀(လုံး၀ )မပေးဘဲ ဥပဒေအရပြင်းထန်စွာ အရေးယူဖို့နဲ့ ပဋိပက္ခဖြစ်ပွားချိန်မှာ အမျိုးသမီး တွေရဲ့ ဘ၀လုံခြုံရေးနဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေ မပေါ်ပေါက်ဖို့ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တွေ၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG တို့အနေနဲ့ အလေးထားဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

အဓမ္မပြုကျင့်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဇူလိုင် ၁၇ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှာတော့ စစ်သား ၃ ဦးဟာ လယ်ကွင်းအနီးမှာ အမျိုးသမီးကြီးတဦးနဲ့ စကားများရာက ဒေါသအလျောက် ဓားနဲ့ထိုးခဲ့ပြီး ဓားကို ရွာအနီး ချောင်းထဲ ပစ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတပ်သား ၃ ဦးကို ဖမ်းဆီးချုပ်နှောင်ထားပြီး လူသတ်မှုနဲ့ပတ်သက်ပြီး ဗန်းမော်ရဲစခန်းမှာ စစ်ဆေးနေကြောင်း၊ အခြားပြစ်မှုတွေ ကျူးလွန်တာ ရှိ၊ မရှိ ရင်ခွဲစစ်ဆေးတာအပြင် ဓာတုဝန်ရုံးကို အချက် အလက်တွေ ပေးပို့ထားတယ်လို့ ဆိုပါတယ်။ ဓာတုဝန်ရုံးရဲ့ အဖြေရလဒ်အပေါ် မူတည်ပြီး လူသတ်မှုအပြင် အခြားပြစ်မှုတွေ ကိုပါ စစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။

၂။ ကရင်လက်နက်ကိုင်ချင်း မတိုက်ရန် ဆွေးနွေးမှုအပြီး KNU နှင့် BGF တိုက်ပွဲဆက်နေ
19 July 2021

ကရင်လက်နက်ကိုင် ၄ ဖွဲ့အကြား တိုက်ပွဲမဖြစ်ရေး ဆွေးနွေးပြီးသည့်တိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာစစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း KNU တပ်မဟာ (၁) ထံမှသိရသည်။

ဘားအံမြို့ မြောက်ပိုင်းရှိ ကုန်းတန်းကြီးကျေးရွာအနီးတွင် ဇူလိုင်လ ၁၇ ရက် ည ၁၀ နာရီခွဲက ဗိုလ်မှူး စောတင်ဝင်း ဦးစီး သည့် BGF တပ်ရင်း ၁၀၁၄ နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNLA) တပ်မဟာ ၁ တို့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၁) အခြေစိုက်သည့် KNU သထုံခရိုင်၏ အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဧရာဝတီသို့ ပြော သည်။ ပဒိုစောစိုးမြင့် က “ကုန်းတန်းကြီးပေါ့။ ကမမောင်းက တက်တဲ့လမ်းမကြီးမှာပေါ့။ တိုက်ပွဲကတော့ BGF တပ်ဖွဲ့တွေ ချီတက်လာတယ်လေ။ ကား ၂ စီးနဲ့တက်လာပြီးတော့ တပ်လှုပ်ရှားတယ်ပေါ့။ အဲဒီအခါမှာ ကျနော်တို့လူတွေနဲ့ တိုက်ပွဲဖြစ်တယ်” ဟု ပြောသည်။

BGF အဖွဲ့ဘက်မှ ဗိုလ်မှူးစောတင်ဝင်းက “သိရသလောက်တော့ နဲနဲပါးပါး အဝေးကလာပြီး ပြောက်ကျား သဘောမျိုး လာပစ်တာလောက်ပဲရှိတယ်။ ကြီးကြီးကျယ်ကျယ် ထိတွေ့တိုက်ပွဲတော့ မရှိဘူး။ တပ်သား ၂ ယောက်ဒဏ်ရာရတယ် ဆိုတာ လည်း မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် KNU ဌာနချုပ်နယ်မြေ၌ ကရင်လက်နက်ကိုင်များအကြား ဖြစ်ပွားနေသည့် ပစ်ခတ်မှုများ ပပျောက်စေရေးဆိုင်ရာ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ (KNU/KNLA-PC) ငြိမ်းချမ်းရေး ကောင်စီနှင့် BGF ခေါင်းဆောင်များလည်း တက်ရောက် ဆွေးနွေးကြသည်။

၃။ ကွတ်ခိုင်မြို့ လွယ်မုန်ဆာစစ်ရှောင် ထောက်ပံ့မှုများကို စစ်ကောင်စီ ဖြတ်တောက်
July 20, 2021

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ လွယ်မုန်ဆာစစ်ရှောင်စခန်းတွင် ယခင်က လစဉ်ရရှိခဲ့ဖူးသည့် ထောက်ပံ့မှုများကို စစ်ကောင်စီ က ဖြတ်တောက်လိုက်သဖြင့် စစ်ရှောင်များ ဒုက္ခရောက်နေကြောင်း စုံစမ်းသိရသည်။

လစဉ်ထောက်ပံ့မှုများကို စစ်ကောင်စီဘက်မှ ဖြက်တောက်ပစ်လိုက်သည့်အပြင် မြန်မာနိုင်ငံအတွင်း တတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့လာသည့် ကိုဗစ် -၁၉ ရောဂါကြောင့် စစ်ရှောင်စခန်းမှ ပြည်သူများသည် အလုပ်အကိုင်ပါ ပြတ်လပ်နေသဖြင့် စားဝတ်နေရေး အခက်တွေ့နေကြောင်း စစ်ရှောင်စခန်းမှ အမည်မဖော်လိုသည့် ပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြော သည်။“စစ်ကောင်စီအာဏာသိမ်းကတည်းက ကျနော်တို့ ထောက်ပံ့မှုမရတော့ဘူးလို့တော့ပြောပါတယ်၊ အရင်တုန်းဆိုထောက် ပံ့ကြေးမရလည်း ကျနော်တို့ သူများအလုပ်သမားသွားလုပ်တယ်၊ နေ့စားငှားလုပ်တယ်ဆိုတော့ အဆင်ပြေပါတယ်၊ အခု ကိုဗစ် ဖြစ်လာတော့ ကျနော်တို့ဘယ်မှ သွားလို့မရတော့ဘူး၊ ဘယ်သူမှလည်းမခေါ်တော့ဘူးလေ”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်နှင့် အခြားမြို့နယ်ဒေသများမှ လွယ်မှုန်ဆာ စစ်ရှောင်စခန်းကို ပုံမှန်ထောက် ပံ့ပေးနေသည့် အလှူ ရှင်များလည်း အရင်လိုမရှိသည့်အတွက် ရှေ့ရေးအတွက် နေထိုင်စားသောက်ရေး အတွက် အလွန်ခက်ခဲနေကြောင်းလည်း ၎င်းပြောသည်။“အရင်က ကျနော်တို့ လွယ်မုန်ဆာ စစ်ဘေးရှောင်စခန်းကို ကွတ်ခိုင်မြို့က စေတနာရှင်နဲ့ အခြား ဒေသက အလှူရှင်တွေလာပြီး ထောက်ပံ့လှူဒါန်းပေးတာရှိခဲ့ပါတယ်၊ အခုတော့အလှူရှင်တွေလည်း မလာတော့ ကျနော်တို့မှာ ဆန်ကို ပွအောင်ချက်ပြီး ချွေတာ စားသောက်နေရတယ်၊ ရှေ့ဆက်ဒီအတိုင်းသာဖြစ် မယ်ဆို အားလုံးက ငတ်ကြတော့မယ်” ဟု ပြောသည်။

၄။ လဲချားမြို့နယ်ရောက် စစ်ရှောင်(၁၀၀၀)ကျော် စားနပ်ရိက္ခာနှင့်ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်
July 19, 2021

သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ အတွင်းရောက်ရှိနေသည့် စစ်ရှောင် (၁၀၀၀) ကျော် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ကြောင်း၊ အဆိုပါ စစ်ရှောင် (၁၀၀၀) ကျော်တို့သည် မိုင်းကိုင်မြို့နယ်ရှိ မိုင်းခွန်ကျေးရွာအုပ်စုက ဒေသခံရွာသားများဖြစ်ကြပြီး ထိုနေရာသည် တိုက်ပွဲကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း စုံစမ်းသိရှိရသည်။

လဲချားမြို့နယ်ရှိ စစ်ရှောင် စခန်း (၅) နေရာမှာ တတ်မောက်ကျေးရွာအုပ်စု၊ နမ့်လေရွာ၊ဝမ်ထီရွာ၊ စလိုင်းခုံရွာ၊ ဟိုလုံးရွာတို့ သည် စစ်ရှောင် (၁၀၀၀)ကျော် ကျန်းမာရေး ကုသမှု နှင့် စားနပ်ရိက္ခာလိုအပ်ကြောင်း စစ်ရှောင်များကူညီပေးနေသူ အမျိုးသား တစ်ဦးကပြောသည်။“သူတို့ လိုအပ်ချက်က စားနပ်ရိကာနဲ့ နေထိုင်ဖို့နေရာပေါ့နော်။ ဘုန်းကြီးကျောင်းတွေမှာ ရွာထဲက လူမ နေတဲ့အိမ်မှာသွားနေနေရရတယ်။ စောင်တွေ အခင်းတွေ ခြင်ထောင်တွေနဲ့ တဲတွေလုပ်ဖို့အတွက် မိုးကာတွေပေါ့။ ကျန်းမာရေး အတွက် စောင့်ရှောက်မှု လည်းလိုအပ်တယ်”ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦး ကပြောသည်။ “သူတို့ ကို ကူညီဖို့ စိန်ခေါ်မှု အခက်ခဲဆုံးကတော့ စစ်ရှောင်တွေ လိုအပ်ချက် နဲ့ အလှူရှင်တွေ မှာ ရတဲ့ ငွေသားနဲ့က မညီမျှဘူး။ ရှာနိုင် သလောက်လဲ မလုံလောက်ဘူး။ စစ်ဘေးရှောင်တွေက များတယ်။ အလှူငွေတွေက အွန်လိုင်းကနေ ရတာများတယ်။ ငွေသား

ကို ပြန်လဲရတာလဲ ခက်ခဲတယ်။ ငွေသားလဲရင် ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းထိ ပေးရတယ်။ ကိုဗစ်-၁၉ ကူးစက် မှုနှုန်း မြင့် တက်လာတဲ့အတွက်ကြောင့် အသွားအလာ ခက်ခဲတယ်။ မိုးရာသီလည်းဖြစ်တော့ အလှူပစည်းတွေ သွားပို့ဖို့အတွက် လမ်းတွေ အခက်ခဲဖြစ်တယ်။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦးကပြောသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဇူလိုင် (၁၉)ရက်ထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ရှိ စစ်ရှောင် (၃၀၀) ကျော်၊ မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင် (၈၀၀) ကျော် နှင့် လဲချားမြို့နယ်ရှိ စစ်ရှောင် (၁၀၀၀)ကျော်တို့ နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရကြောင်းသိရသည်။

၅။ ကျေးရွာ များတွင် KIA ဝင်ရောက်လာပါက လက်နက်ကြီးဖြင့် ပစ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
19 July 2021

ကာမိုင်း-ဖားကန့် လမ်းမပေါ်ရှိ မည်သည့်ကျေးရွာဖြစ်စေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝင်ရောက်လာပါက ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဟု အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံများထံမှ သိရ သည်။

ဖားကန့် လမ်းပေါ် ကပ်မှော်အုပ်စု ခွမ်ဆိုင်ဇွပ်၊ ဂေါ့လိုယန်၊ တံတားညီနောင်နှင့် ပျားအုံး စသောကျေးရွာ အနီးတဝိုက်တွင် ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ အာဏာသိမ်းစစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့ များကို ပြောဆိုခဲ့ကြောင်း ၎င်းတို့နှင့် နီစပ်သူများထံမှ သိရသည်။“ကျေးရွာကို မီးရှို့မယ်လို့တော့ မပြောဘူးတဲ့။ ဒါပေမယ့် အနီးတဝိုက် KIA ရှိနေတဲ့ ကျေးရွာကိုတော့ သူတို့ လက်နက်ကြီးပစ်မယ်လို့တော့ ပြောတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း မပစ်ပေးဖို့ တောင်းဆိုပုံရတယ်။ ဒါကိုစစ်တပ်က ပစ်မယ်လို့ဘဲ ပြောနေတာတဲ့။ နန့်ယားကျေးရွား စစ်တပ်ကုန်းကနေ အခု တိုက်ပွဲဖြစ်တဲ့ ကျေးရွာဘက်ကို လက်နက်ကြီးတွေပုံမှန် ပစ်ထည့်နေတာဘဲ” ဟု ပြောဆိုသည်။

ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်ခန့်ကလည်း နန့်ယားကျေးရွာအခြေစိုက် စစ်တပ်စခန်းမှ ခွမ်ဆိုင်ဇွပ်ကျေးရွာ အတွင်းသို့ လက်နက်ကြီး ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။ ခွမ်ဆိုင်ဇွပ် အပါအဝင် ကျေးရွာ ၄ခုတွင် ဇူလိုင်လ ၁၄ရက်မှ ၁၅ရက်နေ့အထိ တိုက်ပွဲအလွန်ပြင်းထန်လာပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၆ ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။ ထိုသို့ ၂ ဖက်တပ် စစ်ရေးတင်းမားနေသည့်အတွက် ကျေးရွာ ၄ ခုမှ ဒေသခံ ၂၀၀ ကျော်သည် ဆိုင်းဖရာကျေးရွာ ဘုရားကျောင်းတွင် စစ်ရှောင်အဖြစ် တိမ်းရှောင်နေရဆဲဖြစ်သည်။

၆။ နန်းဖဲအနီးတွင် စစ်ကောင်စီမှ ထိုးစစ်ဆင် အင်အားဖြည့်တင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
July 19, 2021

ကရင်နီပြည်နယ် ဘောလခဲ-ဖရူဆိုမြို့နယ်ကြားက နန်းဖဲကျေးရွာအနီးတစ်ဝိုက် နန်းဖဲ-ကလိလျားကျေးရွာကြားမှာ အကြမ်း ဖက်စစ်ကောင်စီတပ်မှထိုးစစ်ဆင်မှု၊အင်အားဖြည့်တင်းနေမှုကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

“အခုလောလောဆယ်တော့ သယ်နိုင်သလောက်တော့ သယ်လာကြတာပဲ။ သူတို့က တပ်မဆုတ်ဘူး။ စစ်ကြောင်းဆက်ချီ နေမယ်ဆိုရင်တော့ ခုလောလောဆယ် ပြေးနေရတဲ့နေရာကနေ ထပ်ပြေးရမှာပဲ။ ကြာလာရင်တော့ နေရေးထိုင်ရေးစားရေး ခက်ခဲလာမှာပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က နန်းဖဲ-ကလိလျား ကျေးရွာကြားမှာ နယ်မြေကျော်လာတဲ့ အင်အား ၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က အပြန် အလှန်ပစ်ခတ်ကြရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံဆီ ကနေ သိရပါတယ်။ “ကြားနေရတယ်။ နှစ်ဖက်ပစ်နေတဲ့အသံတော့မဟုတ်ဘူး။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းထုနေတာ။ အသံအကျယ်ကြီးပဲ။ ကျေးရွာ ၄ ရွာ လောက်က သူတွေတော့ အကုန်ထွက်ပြေးတိမ်းရှောင်နေရပြီ။ နန်းဖဲကနေ တက်လာတယ် လို့ကြားတယ်လေ။ ရွာနဲ့လည်း နီးနီးလေး။ သေနတ်သံကြားတာနဲ့ ကြောက်နေရတာ။ ရှောင်တာကတော့ မနေ့ကတည်းက ရှောင်ကြတယ်။ မနေ့က ၄ နာရီကျော်လောက်မှာ နှစ်ဖက်ပစ်ခတ်သံတွေကြားကတည်းက အကုန်လုံး ထွက်ပြေးတိမ်းရှောင်ကြ ပြီ။ ခုထိ ရွာမပြန်ရဲကြသေးဘူး။ စစ်ကောင်စီတွေက ပြန်မဆုတ်သေးသလို အင်အားလည်း ထပ်ဖြည့်ထားတယ်လို့ ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် တော်ခူအုပ်စုအတွင်းက KNPP ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်မှ တပ်မဆုတ်ဘဲ ကျေးရွာအတွင်းကို စစ်ကြောင်းချီလာတာကြောင့် နန်းဖဲအနီးအနားရှိ ကျေးရွာ ၆ ရွာမှ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါ တယ်။ ကရင်နီတပ်မတော် ထိန်းချုပ်ရာဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့မှ ထိုးစစ်ဆင်လာတဲ့အတွက် ယခုရက်ပိုင်းအတွင်း နှစ်ဖက်ထိတွေ့မှု မကြာခဏ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

၇။ ကိုဗစ်ရောဂါကူးစက်မှု မြင့်မားလာသောကြောင့် ဒုတိယအကြိမ်မြောက် မွန်လူငယ်များညီလာခံ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
July 20, 2021

ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပရန်ရည်ရွယ်ထားသည့် ဒုတိယအကြိမ်မြောက် မွန်လူငယ်များညီလာခံကို လတ်တလော ကိုဗစ် ရောဂါကူးစက်မှု မြင့်မားလာနေသောကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း လူငယ်ခေါင်းဆောင်များက ပြောကြားသည်။

မွန်လူငယ်များဆုံရပ် MYF အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦးက “အခု ကိုဗစ်ရောဂါကူစက်မှုမြင့်မားလာတဲ့အခြေ အနေ ကြောင့် ရက်ရွေ့ဆိုင်းလိုက်ရတာပါ။ သတ်မှတ်ရက်တွေမှာ ကျင်းပဖို့ မဖြစ်နိုင်တော့ပါဘူး။ ရက်တော့ရွှေ့လိုက်တယ် ဒါပေမယ့် ဘယ်တော့လောက်ကျင်းပဖြစ်မလဲဆိုတာကို မပြောနိုင်သေးပါဘူး။ ကပ်ရောဂါကူးစက်မှုအခြေအနေ စောင့်ကြည့် သွားပြီးတော့ ကင်းရှင်းသွားတဲ့အချိန်ကျမှ ကျင်းပဖြစ်မှာပါ” ဟု ဆိုသည်။ ဒုတိယအကြိမ်မြောက် မွန်လူငယ်များညီလာခံကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း ကိုယ်စားလှယ် ၁၅၀ ဦးခန့်တို့ဖြင့် လာမည့် ဇူလိုင် ၂၇ ရက်နေ့မှစတင်၍ ၃ ရက်တာ ကျင်းပသွားရန် မွန်လူငယ်များညီလာခံ ကျင်းပရေးဦးစီးကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်မားလာသဖြင့် လူစုလူဝေးဖြင့် ညီလာခံအစည်းအဝေးများ လုံးဝကျင်းပရန် မသင့်သည့်အခြေ အနေရှိနေသည်ဟု သိရသည်။

မွန်လူငယ်များဆုံရပ် MYF အကြံပေးပုဂ္ဂိုလ် နိုင်ဉာဏ်စိုက်ရာမာဉ်က “ညီလာခံမှာ မွန်လူငယ်များမူဝါဒကို အတည်ပြုနိုင်ဖို့ပါ၊ အထူးသဖြင့် လျော့တိလျော့ရဲဖြစ်လာနေတဲ့ ကျနော်တို့လူငယ်ဆုံချက် MYF ကို ဘယ်လိုပြန်စုဖွဲ့ကြမလဲ၊ MYF ကိုလည်း ပြန်စုဖွဲ့နိုင်ပြီဆိုရင် ရှေ့လုပ်သွားရမယ့်လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားကြမှာဖြစ်တယ်”ဟု ဆိုသည်။ ပထမအကြိမ် မွန် လူငယ် များညီလာခံကို ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ့ ၂၅၀၀ ဗိမာန်တော်၌ကျင်းပခဲ့ရာ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ လူငယ်ကိုယ်စားလှယ် ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

၈။ မီဇိုရမ်ဝန်ကြီး Pu Robert Romawia က Oxygen Concentrators ၄ လုံးကို ချင်း (ဇိုး) မျိုးနွယ်စုများအတွက် လှူဒါန်း
July 19, 2021

ချင်း (ဇိုး) မျိုးနွယ်စုများ ပေါင်းစည်းရေးအတွက် တတ်အားသရွေ့ကြိုးပမ်းသူ မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte က မြန်မာနိုင်ငံရှိ ချင်း (ဇိုး) မျိုးနွယ်စုများအတွက် အရေးတကြီးလိုအပ်နေသော Oxygen Concentrators (၄) လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia က အဆိုပါ Oxygen Concentrators (၄) လုံးကို Zofa Global Network (ZGN) အဖွဲ့မှတဆင့် မြန်မာနိုင်ငံရှိ ချင်း (ဇိုး) မျိုးနွယ်စုများထံ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte တို့ မိသားစုတို့မှ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ် ၃၀၊ အာလူးအိတ် ၃၀၊ သကြား အိတ် ၁၀၊ ဒိုင်းလွပဲအိတ် ၂၀ နှင့် ကြက်သွန်နီ ၅ အိတ်ကိုလည်း လှူဒါန်းခဲ့သည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအနည်းငယ်ကဘဲ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga နှင့် ပြည်နယ်လွတ်တော် အမတ် Pu Ramthanmawia တို့နှစ်ဦးတို့က စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွက် အောက်စီဂျင်ဗူး ၁၁၉ လုံး လှူဒါန်းခဲ့ သည်။

၉။ ကလေး ၁၅ ဦး ကိုဗစ်-၁၉ ပိုးတွေ့သော မြစ်ကြီးနား မိဘမဲ့ကျောင်းတွင် ဆေးဝါးနှင့် အာဟာရ အကူညီ လိုအပ်နေ
19 July 2021

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် ၄ ရှိ မိဘမဲ့ဂေဟာမှ ကလေး ၁၅ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ပြီးနောက် ကလေးများအတွက် အာဟာရနှင့် ဆေးဝါးအကူအညီ လိုအပ်နေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ မိဘမဲ့ဂေဟာရှိ ကလေးများတွင် ကိုဗစ်-၁၉ ပိုး ကူးစက်ခံရပြီးနောက် အစားအသောက်ကို ကူညီပေးနေသူများရှိနေ သော်လည်း အရေးပေါ်အခြေအနေအတွက် အောက်စီဂျင်နှင့်ဆေးဝါးအကူညီများ အခက်အခဲရှိနေသေးသည်ဟု ဂေဟာ တာဝန် ရှိသူတစ်ဦးက ပြောသည်။“လက်ရှိအခြေအနေ ကလေးတွေမှာ အောက်ဆီဂျင်အသုံးလိုတာ မရှိသေးပေမဲ့ လိုအပ်လာရင်သုံးဖို့ အတွက် လုံလုံလောက်လောက်မရတော့ စိုးရိမ်တယ်။ အခု ကလေး ၃ ယောက်ကလွဲလို့ ကျန်တဲ့သူတွေက ကိုက်ခဲနေတယ်၊ အနံ့ အရသာ ပျောက်တာ ဒီလောက်ပဲ၊ ကျန် ၂ ယောက်က ချောင်းအရမ်းဆိုးတာတွေ ပြီးရင် ၁ ယောက်က မျက်လုံးတွေ နီရဲပြီး အဲ့လိုအခြေအနေမှာရှိနေတယ်။ သူတို့အတွက် အာဟာရတွေဖြည့်ပေးနိုင်ဖို့ အကူအညီလိုအပ်တယ်။ ပြီးရင် ဆေးကုသ ပေးနေရာမှာ ဆေးဝါးလုံလုံလောက်လောက်မရှိဘူး။” ဟု အဆိုပါ မိဘမဲ့ဂေဟာကျောင်း၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါ မိဘမဲ့ ဂေဟာကျောင်းတွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က ကလေးတစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၅ ရက် ကြာပြီးနောက် ၁၂ ဦးတွင် ထပ်မံ ပိုးတွေ့ခဲ့သည်။ ထို့အပြင် ယမန်နေ့ ဇူလိုင် ၁၈ ရက်ညနေပိုင်းကလည်း ကလေး ၃ ဦးတွင် ထပ်မံ ပိုးတွေ့သဖြင့် လက်ရှိတွင် ကလေးစုစုပေါင်း ၁၅ ဦးတွင် ကိုဗစ်ပိုးကူးစက်ခံနေရကြောင်း သိရသည်။ လက်ရှိ ပိုးတွေ့လူနာ ကလေး ၁၅ ဦးကို ထိုမိဘမဲ့ကျောင်းဝန်းအတွင်း ကုသပေးနေပြီး အခြားကလေးများနှင့် ဝန်ထမ်းများကို စီတာပူ နှစ်ခြင်းဘုရားကျောင်းဝန်းတွင် ကွာရန်တင်းထားရှိကြောင်း သိရသည်။ အဆိုပါ မိဘမဲ့ဂေဟာကျောင်းတွင် ကလေး စုစုပေါင်း ၃၂ ဦး ရှိသည်။

၁၀။ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဘာသာရေးနှင့်စာသင်ကျောင်းများ ဆက်ပိတ်ရန် ညွှန်ကြား
20 July, 2021

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်းရှိ ဘာသာရေး၀တ်ပြုကျောင်းတွေ၊ စာသင် ကျောင်းတွေကို ဆက်ပိတ်ထားဖို့ KIO ဗဟိုကိုဗစ်ကာကွယ်ရေးကော်မတီက ဇူလိုင် ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ ကူးစက်ပျံ့နှံ့မှုမရှိစေဘဲ ကြိုတင်ကာကွယ်နိုင်ဖို့ ကေအိုင်အို ဌာနချုပ် လိုင်ဇာ အပါအ၀င် အရှေ့ပိုင်း တိုင်း နယ်မြေအတွင်းရှိ သင်ကြားရေးကျောင်းအမျိုးမျိုး၊ ဘာသာရေး၀တ်ပြုကျောင်းတွေနဲ့ လူအများစုဝေးပြုလုပ်တာတွေကို ဇူလိုင် ၁၈ ရက်နေ့မှစ ဆက်ပိတ်ထားဖို့ ဗဟိုကိုဗစ်ကာကွယ်ရေးကော်မတီမှ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီအုပ်ချုပ်တဲ့ ချီဖွေမြို့မှာ ပိုးစတင်တွေ့ရှိပြီးနောက် မေခမြစ်တဘက်ကမ်း KIO ထိန်းချုပ်နယ်မြေအတွင်း ကူးစက်မှု မရှိလာစေဖို့ ဇူလိုင် ၁၄ ရက်နေ့မှစတင်ကာ ချီဖွေ လောခေါင် နယ်မြေအတွင်း သွားလာနေကြတဲ့ ခရီးသွားဒေသခံ ပြည်သူတွေ ကို KIO က ကိုဗစ်ရောဂါစစ်ဆေးတာတွေ ပြုလုပ်ပေးနေပြီး အ၀င်ပေါက်တွေကိုလည်း ယာယီပိတ်ထားလိုက် တယ်လို့ ဒေသခံ တွေကပြောပါတယ်။ ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မှာ ပိုးတွေ့အတည်ပြုလူနာ ၃၀၀ ကျော်အထိရှိလာခဲ့ပြီး ဌာနချုပ်လိုင်ဇာ ကွာရန်တင်းစင်တာမှာလည်း ၆ ဦး ထပ်မံတွေ့ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါ တယ်။

၁၁။ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ ၂ ဦး သေဆုံး၊ ပိုးတွေ့ရှိသူ ၂၄ ဦးတိုးလာ
July 19, 2021

ကရင်နီပြည်နယ် လွိုင်ကော်မြို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေတဲ့ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၅၅) နှစ်အရွယ် အမျိုးသားတစ်ဦး ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ သေဆုံးသွားပြီး လွိုင်ကော်မြို့နဲ့ ဖရူဆိုမြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ (၂၄) ဦး ထပ်မံတိုးလာတယ်လို့ သိရပါတယ်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကုသမှုခံယူနေတဲ့သူများအနက် အသက် (၆၂) နှစ်အရွယ် အမျိုးသမီးမှာ နံနက်ပိုင်းမှာ သေဆုံးသွားပြီး အသက်(၅၅)နှစ်အရွယ် အမျိုးသားမှာ ညနေပိုင်းမှာ သေဆုံးတာဖြစ်ကာ ၎င်းတို့၏ရုပ်အလောင်းကို ရွှေလွိုင်ကော် ပရဟိတအသင်းမှ ၄ မိုင် သုဿာန်ကို ပို့ဆောင်ကူညီ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့မှာ ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ကိုဗစ်ပိုးတွေ့ရှိသူ (၂၄) ဦး ထပ်မံတွေ့ရှိခဲ့ပြီး သူနာပြုသင်တန်းကျောင်း Quarantine Center မှ ၁၁ ဦး၊ Home Quarantine မှ ၃ ဦး၊ လွိုင်ကော်ဆေးရုံကြီးမှ ၉ ဦးနဲ့ ဖရူဆိုမြို့နယ်မှာ တစ်ဦးတို့ ဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၆၃) ဦး၊ ဖရူဆိုမြို့မှ ၆ ဦး၊ ဘောလခဲမြို့မှ ၁၁ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦးတို့ဖြစ်ပြီး စုစုပေါင်း ပိုးတွေ့ရှိသူ (၁၈၁) ဦးထိ ရှိနေပြီဖြစ်ပါတယ်။ ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၅ ဦးနဲ့ ဖရူဆိုမြို့မှ တစ်ဦး စုစုပေါင်း ၆ ဦးရှိနေပြီး ကိုဗစ်သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ ၂၉ ဦးရှိပြီလို့ သိရပါတယ်။

၁၂။ လေးကေကော် မြို့သစ် ကိုဗစ်ကူးစက်ရောဂါ စောင့်ကြည့်ကုသစင်တာတွင် အောက်ဆီဂျင် မလုံလောက်မှုနှင့် ကြုံတွေ့နေရ
July 19, 2021

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်တွင် ဖွင့်လှစ်ထားသောကိုဗစ်ကူးစက်ရောဂါကာကွယ် ထိန်း ချုပ်ရေးစင်တာတွင် လူနာအတွက် အောက်ဆီဂျင် လုံလောက်မှုမရှိသည့်အခြေအနေနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။

လေးကေကော် ကိုဗစ်ထိန်းချုပ်ရေးစင်တာတွင် ကိုဗစ်သံသယလူနာနှင့် ကိုဗစ်ပိုးတွေ့လူနာ ၁၅၀ ကျော်အတွက် အောက်ဆီဂျင် ရှူသွင်းကုသမှုပေးရာတွင် အောက်ဆီဂျင်အိုး ၄ လုံးနှင့် အသက်ရှူခေါင်းအုပ် ၂ စုံ၊ လူနာ ၂ ဦးစာသာရှိပြီး ကျန်ကိုဗစ်ကူး စက် ရောဂါပိုးခြေအနေကြောင့် အောက်ဆီဂျင်အား ကူရှူသွင်းရန် လိုအပ်လာပါက လုံလောက်မှုမရှိသည့် အခြေအနေနှင့် ကြုံတွေ့ နေရသည်ဟု လေးကေကော်မြို့သစ် ကိုဗစ်ကူးစက်ရောဂါ စောင့်ကြည့်ထိန်းချုပ်ကုသရေးစင်တာမှ ကျန်းမာရေးစောင့်ရှောက် ကူညီပေးနေသည့် တာဝန်ရှိသူက ပြောသည်။“ကျမ တို့ဆီမှာ ပိုးတွေ့ လူနာ ၅၂ ဦးရှိနေပါပြီ။ ပိုးတွေ့သူနဲ့ ထိစပ်ခဲ့သူတွေ ဖြစ်တဲ့ လူတစ်ရာကျော်ကိုလည်း ကွာရတင်း စောင့်ကြည့်ပေးနေပါတယ် ။ အောက်ဆီဂျင်အိုးက အသေး ၂ အိုး၊ အကြီး ၂ အိုးနဲ့ အသက်ရှူနှာခေါင်းအုပ် ပိုက်အစုံက နှစ်စုံပဲ ရှိပါတယ်။ ဒီမနက်တော့ အောက်ဆီဂျင်ရှူဖို့ လူနာ ၂ ဦးအတွက် တပ်ဆင်ပေးရှူ ထားရပါတယ်။ ကိုဗစ်လူနာကို ပေးတိုက်ရမယ့် ဆေးဝါးလည်း လိုအပ်ပါတယ်။ ထပ်ရောက်လာမယ့် ဒေသထဲက လူနာတွေ အတွက်လည်း နေရာထိုင်ခင်း လိုအပ်ချက်တွေ ရှိနေပါတယ်။ အဓိက ကတော့ အောက်ဆီဂျင်ပေးရမယ့် လူနာတိုးလာရင် အခက်အခဲ တွေ့လာရမယ့် အခြေအနေကြုံနေရတာပါ ”ဟု သူမက ပြောသည်။

လက်ရှိတွင် လေးကေကော်မြို့သစ် ဧရိယာအတွင်း ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ကူးစက်ရောဂါ ဖြစ်ပွားမှု များပြားလာနေသည့်အတွက် လတ်တလောတွင် လူနာများပြုစုစောင့်ရှောက်သွားမည့် အဆောက်အဦးများ လိုအပ်လျက်ရှိ သည်ဟု တာဝန်ရှိသူများက ပြောသည်။ လတ်တလော အခြေအနေတွင် လေးကေကော် မြို့သစ် ဧရိယာအတွင်း ကိုဗစ် ၁၉ ကူးစက်ရောဂါ တတိယ လှိုင်းကူးစက် ကာလအတွင်း ရောဂါပိုးကူးစက်ခံထားရသူ သံသယ လူနာ ၁၁၁ ဦးနှင့် ရောဂါပိုးတွေ့ရှိ ကုသစောင့်ရှောက်မှု ပေးနေရသူ ၅၂ ဦးရှိနေပြီး ကင်ဆာရောဂါအခံရှိသော လူနာမှ ကိုဗစ်ပိုးကူးစက်ခံရကာ သေဆုံးလူနာ ၁ ဦးရှိနေပြီဖြစ်သည်။

၁၃။ ကယားတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ နီးပါးတိုးလာ၊ ၉ ဦး သေဆုံး
20 July, 2021

ကယားပြည်နယ်မှာ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉၆ ဦးအထိ ရှိလာပြီး အဲဒီထဲက ၉ ဦး သေဆုံးရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနဲ့ စာရင်းတွေအရ သိရပါတယ်။

အတည်ပြုလူနာ ၁၉၆ ဦးထဲက ၁၇၇ ဦးဟာ လွိုင်ကော်ပြည်သူ့ဆေးရုံမှာဖြစ်ပြီး ဖရူဆိုမြို့နယ်က ၆ ဦး၊ ဘောလခဲ့မြိုနယ်က ၁၂ ဦးနဲ့ ဖားဆောင်းမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။ ဇူလိုင် ၁၉ ရက် ညနေ ပြည်နယ်ကျန်းမာရေးဌာနရဲ့စာရင်းအရ လွိုင်ကော် ပြည်သူ့ဆေးရုံမှာ အတည်ပြုလူနာ ၁၂၆ ဦး ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ၄၃ ဦး ဆေးရုံမှ ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။

၁၄။ လက်ဝမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၀၀ ကျော်ထိရှိပြီး အယောက် ၉၀ ကုသမှုခံယူလျက်ရှိ
July 20, 2021

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၂ ဦးထိရှိခဲ့ပြီး ၂၂ ယောက် ပြန်ကောင်းသွားပြီဖြစ်ကာ ယခုလက်ရှိတွင် အယောက် ၉၀ ကုသမှုခံယူလျှက်ရှိသည်ဟု ပလက်ဝမြို့၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုးသက်ဝင်းက ပြော သည်။“တစ်မြို့နယ်လုံးမှာ ၁၁၂ ဦးရှိတယ်၊ အဲဒီထဲမှာမှ ၂၂ ယောက်ပြန်ကောင်းသွားတယ်၊ လတ်တလော အယောက် ၉၀ က ကုသမှုခံယူနေတယ်၊ အခြေအနေဆိုးတဲ့လူနာမရှိဘူး၊ သေဆုံးလူနာမရှိသေးဘူး” ဟု ဒေါက်တာစိုးသက်ဝင်းက ပြောသည်။

“လတ်တလောတော့ အဆင်ပြေတယ်၊ အဆင်ပြေတယ်ဆိုတာက နည်းနည်းတော့ ကြိုစီစဉ်ရတာမျိုးတော့ရှိတယ်၊ ကျနော်တို့ ဆီကိုရောက်ဖို့က လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတော့ သူများတွေမှာ တစ်လစာလောက်ပေးတောင်းလို့ရှိရင် ကျနော်တို့မှာ ၆ လစာလောက် ပိုတောင်းရတာမျိုးတွေ ပြင်ဆင်ရတာပေါ့၊ နောက်တစ်ခုကတော့ ဒီဘက်ကနေ ကျောက်တော်ကို ရေလမ်းပဲ သုံးလို့ရတယ်လေ၊ လူနာလွှဲမယ်ဆိုလို့ရှိရင် အခက်အခဲရှိတာပေါ့၊ စက်လှေဆိုတဲ့ဟာက အကုန်လုံးရောပြီးလိုက်သွားရမှာကိုး၊ ပိုတွေ့လူနာတွေတွဲရမယ်ဆိုတော့ နည်းနည်းအခက်ခဲရှိနိုင်တယ်” ဟု ဒေါက်တာစိုးသက်ဝင်းက ပြောသည်။

ပလက်ဝမြို့ပေါ်ရှိ ကိုဗစ်ပိုးတွေ့လူနာများနှင့် ထိစပ်ပြီး Quarantine ဝင်နေသူ ၁၈၀ ဦးခန့်ရှိပြီး ပလက်ဝမြို့ အ.ထ.က (၁) စာသင်ကျောင်းဆောင်တွင် သီးသန့်ထားရှိသည်ဟုလည်း သိရသည်။ ပလက်ဝမြို့တွင် ပြီးခဲ့သော ဇွန်လဆန်းပိုင်းက ကိုဗစ်ပိုး ပြန်လည်တွေ့ရှိလာခဲ့ပြီး ယခုလထဲတွင် ကိုဗစ်ပိုးကူးစက်ခံရမှု မြင့်တက်လာခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများလည်း Quarantine နေရသောကြောင့် ကိုဗစ်-၁၉ ရောဂါကုသရေးအပိုင်းတွင် ဝန်ထမ်းအင်အားအခက်ခဲ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

၁၅။ မြဝတီမြို့တွင် နေအိမ်အပြင်ထွက် သွားလာခြင်းအား တစ်ရက်လျှင် ၃ နာရီ ခန့်သာ ခွင့်ပြုတော့မည်
July 18, 2021

ကရင်ပြည်နယ် မြဝတီမြို့တွင် နေအိမ်အပြင်ထွက် သွားလာခွင့်ကို ဇူလိုင် ၁၈ ရက်နေ့မှစ၍ နံနက် ၆ နာရီမှ နံနက် ၉ နာရီထိ တစ်ရက်လျှင် ၃ နာရီခန့်သာ ခွင့်ပြုတော့မည်ဟု သိရသည်။ မြဝတီမြို့တွင် တစ်အိမ်လျှင် တစ်ဦးနှုန်း အပြင်ထွက်သွားလာ စျေးဝယ်ခွင့်ကဒ်ကို ရပ်ကွက်ရုံးများမှတဆင့် ထုတ်ပေးခဲ့ပြီး ၎င်းကဒ်ဖြင့် နံနက် ၄ နာရီမှစ၍ ည ၈ နာရီအထိ သွားလာခွင့် ရှိခဲ့သည်။

လက်ရှိ မြဝတီမြို့တွင် ယခုတစ်လအတွင်း Covid-19 ရောဂါ ကူးစက်ခံရသူ တစ်ထောင်ကျော်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၇၀ ဝန်းကျင်ခန့်ရှိနေသည်ဟု မြဝတီခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးကော်မတီ၏ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။ သို့သော်လည်း မြေပြင်အခြေအနေတွင် မြဝတီမြို့၌ ကိုဗစ်ကူးစက်ခံရသူမှာ ထုတ်ပြန်ထားသည့် စာရင်းထက် ပို၍များနေနိုင်ပြီး ရပ်ကွက်တိုင်းနှင့် လမ်းတိုင်းလိုလိုတွင် အနံ့ပျောက်ဖျားနာနေသူအများအပြားရှိကာ မိမိဆန္ဒအလျောက် နေအိမ်တွင် Home Quarentine နေထိုင်လျက်ရှိနေကြောင်း သိရသည်။

၁၆။ စစ်ကောင်စီ မှ မိသားစုဝင်(၃)ဦး ဖမ်းဆီး၊ ကျပ်သိန်း(၁၅၀)ပေးပြီးသော်လည်း ပြန်မလွှတ်သေး
July 20, 2021

သျှမ်ပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်သည့် မိသားစုဝင် (၃)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွားခဲ့ပြီး၊ ပြန်လည်လွှတ် ပေးရန် ကျပ်သိန်း (၁၅၀)ပေးဆောင်ခဲ့သော်လည်းပြန်လွှတ်ပေးခြင်းမရှိသေးကြောင်းစုံစမ်းသိရသည်။ လွန်ခဲ့သည့် မေ ၃၁ ရက် ညနေ (၃)နာရီတွင် တောင်ကြီးမြို့ ဆေးခန်းသွားပြရန်သွားသည့် ဦးမျိုးဝင်း မောင်းနှင်လာပြီး ဒေါ်ဝင်းမာ နှင့် သမီးဖြစ်သူ မသက်ဖူးဇင်တို့၏ မော်တော်ကား ကို စစ်ကောင်စီအုပ်စုမှ အကြောင်းပြချက်မရှိတားပြီး ထိုမိသားစုဝင်(၃)ဦးကို ဖမ်းဆီးသွားခဲ့ သည်။

ထိုဖမ်းဆီးပြီးနောက် မိသားစုဝင် (၃)ဦး ပြန်လွှတ်ရန် အတွက် စစ်ကောင်စီကို ငွေကျပ် သိန်း (၁၅၀)ပေးဆောင်ခဲ့သော်လည်း ယနေ့ အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“အဲ့နေ့က အဖေဖြစ်သူကို ဆေးခန်းပြဖို့ သွားကြတာ၊ ရှေ့ကသွားနေတဲ့ စစ်ကားတစ်စီးကို ကျော်ပြီးမောင်းလို့ ဆိုပြီး သူတို့ကား ကို တားပြီး မိသားစုတစ်ခုလုံးကို ဖမ်းသွားတော့တာပဲ၊ ဖမ်းပြီးတဲ့နောက်မှာ စစ်သားတစ်ယောက်က မဖူးသက်ဇင်ရဲ့ ဖုန်းနဲ့ သူတို့ကိုလွှတ်ပေးစေချင်ရင် တစ်ယောက်ကို သိန်း ၅၀၊ စုစုပေါင်း သိန်း ၁၅၀ ပေးရမယ်ဆိုလို့ ငွေကြေးကိစ္စကို ကျနော်တို့ ပေးပြီးတာတောင် မလွှတ်ပေးသေးဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မဖူးသက်ဇင်တို့ မိသားစုသည် နှစ်လအကြာ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်များလည်း ပြတ်တောက်သွား ကြောင်းသိရသည်။ ဦးဝင်းမောင်တို့ မိသားစုသည် တောင်ကြီးမြို့တွင်းတွင် နေထိုင်ကြသူများဖြစ်ကြပြီး ဦးဝင်းမောင်ကိုယ်တိုင် ရောဂါအခံရှိသူ တစ်ဦးဖြစ်သည့် အပြင် သမီးဖြစ်သူ မဖူးသက်ဇင်ကလည်း ငယ်ငယ်ကတည်းက နှလုံးအား နည်းတဲ့ ရောဂါ အခံရှိနေသည့် အတွက် ၎င်းတို့ မိသားစု အတွက် စိုးရိမ်စိတ်ပူနေကြောင်း ၎င်းမိသားစုဝင်နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

၁၇။ ဘုရားသုံးဆူမြို့ USDP ပါတီ ဥက္ကဌ သေနတ်ပစ်ခံရ၍ သေဆုံး
July 18, 2021

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဌ ဦးခိုင်ဝင်း သည် (ဇူလိုင်လ ၁၈ ရက်)တွင် သေနတ်ပစ်ခံရသည့် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ပါတီအဖွဲ့ဝင်များထံမှ သိရသည်။

ဘုရားသုံးဆူမြို့ အမှတ် ၃ ရပ်ကွက် နှင်းဆီလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ၎င်းနှင့်အတူ အခြားလူ ၂ ဦးပါ အတူထိုင်နေစဉ် ဆိုင်ကယ်စီးလာသူ လူ ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားပြီး သေနတ်ထိမှန်ဒဏ်ရာကြောင့် ဦးခိုင်ဝင်းမှာ နေရာတွင် သေဆုံးပြီး အခြားလူ ၂ ဦးလည်း ဒဏ်ရာအသီးသီးရရှိသွားကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။ ၎င်းက “ သေနတ်နဲ့ ၁ဝ ချက် ပစ်ခံရတယ်။ ဆိုင်ကယ်နဲ့ လူ ၂ ယောက်က သေနတ်အတို တစ်ယောက်တစ်လက်နဲ့ လှမ်းပစ်သွားတယ်။ ဦးခိုင်ဝင်း က ရင်ဘတ်တွေ၊ ဗိုက်တွေ ထိတယ်။ သူ့သားနဲ့ ကားမောင်းသမားတစ်ဦးလည်း ထိသွားသေးတယ်။ သူကတော့ နေရာမှာ ဆုံးသွားတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ဦးခိုင်ဝင်းသည် ပြီးခဲ့သည့် ၂ဝ၂၀ အထွေထွေရွေးကောက်ပွဲတွင် USDP ပါတီအနေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူသည် ဘုရားသုံးဆူမြို့ နာရေးကူညီမှုနှင့် ပရဟိတလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူလည်းဖြစ်ကြောင်း ၎င်းပါတီဝင်များထံမှ သိရသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

#FederalJornal