• Today is: Thursday, March 28, 2024

နေ့စဉ်တိုင်းရင်းသတင်းများစုဆောင်းတင်ပြခြင်း

(No. 114 , July 30, 2021)

၁။ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းပစ်ခတ်ခံရမှု စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ
30 July 2021

ဝိုင်းမော်မြို့ မဒိန်ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယမန်နေ့ည သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထိခိုက်သူများပြားကြောင်း သိရသည်။

ဇူလိုင်လ ၂၉ ရက်ည ၁၀ နာရီခွဲဝန်းကျင်ခန့် KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ရင်း ၅၈ မှ ကင်းမှူး ၂ ဦးသေဆုံးပြီး၊ ထိခိုက်သူ များပြားခဲ့သည်ဟု အမည်မဖော်လိုသူ ဝိုင်းမော်ဒေသခံ တစ်ဦးက KNG ကို ပြောသည်။“KIA က လာပစ်တဲ့အချိန်မှာ စခန်းရဲ့အဝင်ဂိတ်မှာ ကင်းပုန်းနေတဲ့ စစ်သား ၁၀ ယောက် လောက်ရှိနေတဲ့အထဲမှာ ၂ ယောက်က အဲ့မှာပွဲချင်းပြီးသွားတယ်။ စခန်းအနောက်ဘက်မှာလည်း ကင်းပုန်းအဖွဲ့ရှိသေးတယ်။ အဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရတဲ့ သူတွေများတယ်လို့သိရတယ်။ ခန့်မှန်းခြေ ပြောရရင် ၃၀ တော့မနည်းဘူး။ နောက်ပြီး ဒီမနက် လမ်းပေါ် ဖြတ်သွားတဲ့ သူတွေပြောတာက ဂိတ်နားမှာ သွေးတွေတောင်မြင်နေရသေးတယ်တဲ့”ဟု ပြောဆိုသည်။

စခန်းတွင်း ထိခိုက်မှုများလာပြီးနောက် စစ်ကောင်စီ ၅၈ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လဘန်ကျေး ရွာရှိ KEP ကုမ္ပဏီဝင်းတွင် လက်နက်ကြီး ကျမှန်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။“၅၈ တပ်ရင်းကနေ ပြည်သူတွေရှိတဲ့ ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တယ်။ KIA ရှိတယ်ထင်လို့လား။ ဒါမှမဟုတ် တမင် ပစ်ခတ်တာလားတော့မသိဘူး။ KEP ကုမ္ပဏီဝင်းမှာ လက်နက်ကြီးတစ်လုံးကျမှန်သွားတယ်လို့ အဲ့ကုမ္ပဏီ ဝန်ထမ်း တစ်ဦးက အဲ့မှာဆုံးသွားတယ်။ ၁ ယောက်က ကျည်ထိမှန်ထားတာ တော်တော်ဆိုးတယ်လို့သိရတယ်” ဟု မဒိန့် ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။ လက်နက်ကြီးကြောင့် သေဆုံးသွားသူမှာ ဝိုင်းမော်မြို့ ရပ်ကွက် (၃)တွင်နေထိုင်သည့် အသက် ၃၆နှစ်အရွယ် ကိုအောင်လီ ဆိုသူ ဖြစ်ကြောင်း သိရသည်။ ဝိုင်းမော်မြို့ ၅၈ တပ်ရင်းကို KIA က သွား ရောက်ပစ်ခတ်မှုမှာ မှန်ကန်ကြောင်း KIO ဗဟိုချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက KNG သတင်းဌာနကို ယခုလို အတည်ပြုပြော ဆိုခဲ့သည်။

၂။ ကွတ်ခိုင်မြို့နယ် ကျွဲကျောင်းသား(၂)ဦး လက်နက်ကြီးထိမိ၊ တဦးပွဲချင်းပြီးသေဆုံ
July 29, 2021

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ နမ့်မောကျေးရွာအုပ်စု နမ့်ဆာကျေးရွာတွင် ကျွဲကျောင်းသား (၂) ဦး လက်နက်ကြီးထိမိကာ တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာအပြင်ထန်းရရှိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၇ မနက် ၁၀ နာရီခန့်တွင် အသက် (၂၀) အငိုနှင့် (၁၄) နှစ်အရွယ် အယိုင် တို့သည် ကျွဲသွားကျောင်းရင် မပေါက်ကွဲသေးသည့် လက်နက် ကြီး ထိမိသောကြောင့် ထိုနေရာတွင် အငို ဆိုသူက သေဆုံးသွားပြီး အယိုင်က ဒဏ်ရာပြင်ထန်းစွာရရှိခဲ့ကြောင်းသိရသည်။

“ အကြီးကောင်က ပွဲချင်းပြီးသေသွားတာ။ အငယ်တယောက်တော့ ဗုံးစမှန်းလို့ မျက်နှာတွေထိတယ်။ ခြေထောက်တွေကော ထိတယ်။ ကျွဲကျောင်းသွားရင်ဖြစ်တာ။ အဲနေရာက အရင်က ရွာဟောင်းဖြစ်တယ်”ဟု နမ့်ဆာရွာခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“သူကတော့ ကျန်းမားရေးတော့ သိပ်စိတ်မပူရဘူး။ မျက်နှာတွေထိထားတော့ ရောင်နေ တယ်။ ခြေထောက်တွေနာနေတာ။ လမ်းလျှောက်လို့မရသေးဘူး”ဟု ပြောသည်။ ထိုနေရာတွင် ဒေသခံများ တောင်ယာ၊ လယ်ယာသွားသည့်လမ်းဖြစ်သည့်အပြင် ကျွဲ၊နွားများကိုလွတ်ထားသည့် နေရာဖြစ်ကြောင်းသိရ သည်။

“ ကျမတို့ တောင်ယာသွားတဲ့လမ်းလည်းဟုတ်တယ်။ ကျမတို့ကြောက်တာပေါ့။ ခုဆိုတောင်ယာတွေသွားဖို့တောင် မသွားရဲ တော့ဘူး။ ဗုံးတွေကျန်နေသေးတယ်လို့ကြားတယ်။ သက်ဆိုင်ရာသူတွေကို လာရှင်းပေးစေချင်တယ်”ဟုပြောသည်။ ပေါက်ကွဲ မှုမဖြစ်ခင်က ဇူလိုင် ၁၉ တွင် နမ့်ဆာရွာအနီးပတ်ဝန်းကျင်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

၃။ စစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးကို CDF-Hakha က ထိန်းသိမ်းထား
July 29, 2021

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့က ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးတို့ကို အာဏာ သိမ်းစစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ CDF-Hakha တပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု သိရသည်။

“စစ်တပ်နဲ့ အဲဒီ Father (ကက်သလစ်ဘုန်းတော်ကြီး) က အဆက်အသွယ်ရှိတယ်၊ ခုထိပဲ၊ Father ကို စစ်တပ်ကခေါ်လို့ သွားနေတာကို သတင်းရတယ်၊ အဲဒါကြောင့် ကျနော်တို့က ရန်သူနဲ့ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ကို ဖမ်းဆီးပြီးတော့ မေးမြန်း တဲ့အခါမှာ သူ့ဘက်ကလည်း ဝန်ခံတယ်၊ လုံခြုံရေးအရ လောလောဆယ် ထိန်းသိမ်းထားတာဖြစ်ပါတယ်” ဟု CDF တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးတို့သည် ဇူလိုင် ၂၆ ရက်နေ့က ဆူရ်ခွါမြို့ မှ ဟားခါးမြို့သို့ စစ်တပ်နှင့်တွေ့ဆုံရန် သွားစဉ် လမ်းခုလတ်တွင် CDF-Hakha တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

ဆူရ်ခွါမြို့တွင် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရဲစခန်းကို CDF-Hakha တပ်ဖွဲ့မှဝင်သိမ်းပြီး မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ မေလ ၃၁ နှင့် ဇွန်လ ၁ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဆူရ်ခွါမြို့အပါအဝင် ဟားခါး-မတူပီအကြား ကားလမ်းနဘေးရှိ ကျေးရွာ ၁၀ ရွာကျော်ခန့်က ဒေသခံပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ ထို့ကဲ့သို့ ဒေသခံပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေစဉ် အဆိုပါ ကက်သလစ် ဘုန်းတော်ကြီးတို့ သည့် မြို့မှာကျန်ရစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသူဖြစ်သည်ဟု CDF အဖွဲ့ထံမှ သိရသည်။ ယခုအဖမ်း ခံရသည့် ကက်သလစ်ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတို့သည့် စစ်ကောင်စီနှင့် အမှန်တကယ် အဆက်အသွယ်ရှိ/မရှိ၊ မည်ကဲ့ သို့ ဆက်သွယ်မှုရှိသည်ကိုမူ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုချက်တော့ မရှိသေးပေ။

၄။ BGF တပ်ဖွဲ့များက ဒေသခံတောင်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးပစ်ချခဲ့သည်ဟု KNU ထုတ်ပြန်
July 29, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်(တပ်မဟာ ၅)၊ ဒွယ်လိုးမြို့နယ် လေးဖိုးထာ့ကျေးရွာအုပ်စု (နိုခဲထာ့) မို့လို့ပါ ရွာအနီးရှိ နယ်ခြားစောင့်တပ် (BGF)များသည် ဇူလိုင်လ ၂၇ ရက်နေ့က ဒေသခံများ၏ တောင် ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးပစ်ချမှုများလုပ်ဆောင်ခဲ့သည်ဟု KNU မူတြော်ခရိုင်က (ဇူလိုင် ၂၉ရက်) သတင်းထုတ်ပြန်ထားသည်။

၎င်းနယ်မြေတွင် စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် BGF တပ်ရင်း (၁၀၁၄) တပ်ရင်းမှူး ဗိုလ်မှူး မောင်ချစ် က ၎င်း၏လက်အောက်ခံတပ်ဖွဲ့ဝင်များအား ဒေသခံများ၏ တောင်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီး ၁၅ လုံး ပစ်ချစေခဲ့ သည်ဟု KNU မူတြော်ခရိုင်၏ Mutraw News ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထား သည်။ ထို့အပြင် ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ စစ်လက်နက်ပစ္စည်းနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ရန်အတွက် ဖာပွန်မြို့မှ ခေါပုပ်စခန်းအထိ လမ်းကင်းများချထားသလို (ဇူလိုင် ၂၉ ရက်)နေ့တွင် လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု ဘောလေးဒဲ ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း KNU မူတြော်ခရိုင်ဘက်က ပြောသည်။

KNU မူတြော်ခရိုင်ထဲတွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ ၊ BGF ပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ဒွယ်လိုးမြို့နယ် ကူးဆိပ်ကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွင်းသို့ ဝင်ရောက်ကာ ဒေသခံနေအိမ် ၅ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခဲ့သည်ဟု KNUက ထုတ်ပြန်ထားသည်။

၅။ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ကောင်စီကင်းစခန်း ၂ ခုကို KIA တိုက်ခိုက်
29 July, 2021

မြန်မာ-တရုတ်အဓိကကုန်သွယ်ရေးလမ်းကြောင်း ကွတ်ခိုင်မြို့နဲ့ မူဆယ်မြို့ကြားက စစ်ကောင်စီရဲ့ နမ့်ခိုင်တံတားစခန်းနဲ့ နမ့်ပေါ်တံတားစခန်းတို့ကို နယ်မြေခံ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေက ဇူလိုင် ၂၉ ရက်နေ့ နေ့လယ် ပိုင်းမှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတံတားကင်းစခန်း ၂ ခုမှာ စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူစစ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ခရီးသွားပြည်သူ အိမ်းစီးကား တွေ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေဆီကနေ့ တရားမဝင်ငွေကြေးတောင်းခံတာတွေ ပြုလုပ်လေ့ရှိပါတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၂ နာရီဝန်းကျင်လောက်ကြာမြင့်ခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ သတင်းတော့ မသိရသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း နမ့်ခိုင်နဲ့ နမ့်ပေါ်တံတား ကင်းစခန်းတွေကို ဒေသတွင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ရဲ့ လက်အောက်ခံတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့ပါတယ်။ အခုလက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ကွတ်ခိုင်မြို့နယ်နဲ့ မုံးကိုးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ KIA (ကချင်)၊ MNDAA (ကိုးကန့်) တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

၆။ KNPP ထိန်းချုပ်နယ်မြေထဲကို ခိုလှုံလာသူ သုံးထောင်ခန့်ရှိလာ
July 28, 2021

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်း ကာ နယ်မြေကျုးကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူတွေ အများအပြားရှိလာခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူထုတွေထဲမှာမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ထိန်းချုပ်နယ်မြေထဲကို လာရောက်ခိုလှုံတဲ့ စစ်ဘေးရှောင်ပြည်သူ သုံးထောင်ခန့်ရှိပြီလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေး မှူး–၂ ဦးဆောင်ဆန်းမြင့်က ပြောပါတယ်။“ခန့်မှန်းခြေပြောရရင်တော့ ထိန်းချုပ်နယ်မြေဆိုတာကတော့ IDP ကတော့ နယ်စပ်မှာလည်းရှိတယ် အနောက်ဖက်ကမ်း သံလွင်မဖြတ်သေးတဲ့နေရာမှာလည်းရှိတယ်လေ။ အားလုံးဆိုရင်တော့ အရင် တုန်းက ဆိုးဆိုးဝါးဝါးဖြစ်တဲ့အချိန်မှာ သိန်းကျော်သွားတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း အဲ့ထက်တော့မလျော့ဘူး။ ဘာလို့ဆိုရင် အရင်တုန်းက လွိုင်ကော်ဂွင်ကလည်း နည်းနည်းတည်ငြိမ်သေးတယ်လေ။ အခုနောက်ပိုင်း လွိုင်ကော်ကရွာတွေ တော်တော်ပြန်ပြေးရတယ်။ ဆိုတော့ စစ်ကောင်စီက လူထုတွေကို စစ်ဘေးရှောင်စခန်းတွေကိုသွားပြီး အိမ်ပြန်နေဖို့ပြောပေမယ့် လည်း တချို့တလေလောက်ပဲရှိတယ်။ များတဲ့သူတွေကတော့ သူတို့ တောထဲမှာပဲ နေတဲ့နေရာမှာပဲ ပြန်နေတာရှိတယ်။ တခြား ကျေးရွာတွေမှာ ပြန်ပြီး ခိုလှုံနေတာတွေရှိတယ်။ အဲ့လိုတိမ်းရှောင်နေတာတွေရှိတယ်။ အဲ့ဒါကတော့ နကိုယ်အတိုင်းပဲ သို့သော် ဒီဖက်ကိုကူးလာတဲ့သူတွေနဲ့ ကျတော်တို့နယ်မြေထဲကို ရောက်နေတဲ့သူတွေကတော့ ၃ ထောင်လောက်တော့ရှိမယ်ထင်တယ်။ ခန့်မှန်းခြေပေါ့ ဒီမှာရှိတဲ့ နယ်စပ်တစ်ခုထဲမဟုတ်ဘူး။ အခုတာဝန်ယူပြီး လုပ်နေတဲ့ဟာတွေပေါ့နော”လို့ KNPP အတွင်းရေးမှူး–၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိနေပြီး သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများစုပါဝင်တယ်လို့ သိရပါတယ်။ အများစုမှာ အစားအစာ၊ မိုးကာ၊ စောင်၊ ဆေးဝါး စတာတွေ လိုအပ် တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရွာတွေထဲအထိလာပြီး နေရာယူထားတာတွေ၊ တောင်ယာထဲက တဲတွေထဲအထိကို လာပြီး ဝိုင်းထားတာတွေ လုပ်တဲ့အတွက် ကျေးရွာအတွင်းမှာသော်လည်းကောင်း၊ ကျေးရွာအနီးဝန်းကျင်မှာ သော်လည်းကောင်း မနေရဲတော့တဲ့အတွက် KNPP နယ်မြေထဲအထိကို လာရောက်ခိုလှုံလာခြင်းဖြစ်တယ်လို့ လာရောက်ခိုလှုံ နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ကရင်နီပြည်နယ်မှာ မေလ ၂၁ ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ တစ်သိန်းကျော်အထိ ရှိလာခဲ့ပါတယ်။

၇။ ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းမှု SNLD လက်မခံ
28 July 2021

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းကြောင်း ကြေညာမှု ကို လက်မခံကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ထုတ်ပြန်ကြေညာလိုက်သည်။ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းခြင်းသည် “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုယ်တိုင် ဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့် နည်းဥပဒေများအား ဆန့်ကျင်ကျော်လွန် ဆောင်ရွက်ရာရောက်သည့ အပြင် ဒီမိုကရေစီအင်္ဂါရပ်နှင့် စံနှုန်းများအား သွေဖယ်နေသည့်အတွက် တရားမျှတမှု လုံးဝမရှိသကဲ့သို့ လက်ခံနိုင်စရာလည်း မရှိပါ” ဟု SNLD က ပြောထားသည်။

ထို့အတူ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများအား ဥပဒေအတိုင်း လျှောက်လဲခွင့်၊ ဖြေရှင်းချေပခွင့်မပေးဘဲ ရွေးကောက်ပွဲရလဒ်တခု လုံးအား သိမ်းကျုံး၍ ပယ်ဖျက်လိုက်ခြင်းသည် ဥပဒေနှင့်အညီ ရိုးသားဖြောင့်မတ်စွာ ရွေးကောက်ပွဲ ဝင်ခဲ့ကြသူ ကိုယ်စားလှယ် လောင်းများနှင့် ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများအား မတရားသဖြင့် နိုင့်ထက်စီးနင်းပြုရာ ရောက် ကြောင်းလည်း SNLD က ဝေဖန် ထားသည်။ ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာ ထွက်ပေါ်လာသည့် မဲရလဒ်သည် အများစုသော ပြည်သူလူထု၏ ဆန္ဒအမှန်ကို ကိုယ်စားပြုသည်ဟု လက်ခံယုံကြည်ပြီး ပါတီကိုယ်စားပြု အနိုင်ရခဲ့သည့် ကိုယ် စားလှယ် ၄၂ ဦးအား လူထုကိုယ်စားလှယ်များအဖြစ် အသိ အမှတ်ပြုထားကြောင်းလည်း ၎င်းတို့က ဆိုထားသည်။

စစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီလွှတ်တော် ကိုယ်စားလှယ် များအား အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး ပါတီဝင်အချို့မှာလည်း ၎င်းတို့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ စစ်ကောင်စီလက်အောက် ခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအား ဖျက်သိမ်းရန်လည်း ကြိုးပမ်း လျှက်ရှိသည်။ လက်ရှိတွင် NLD လွှတ်တော်ကိုယ်စားလှယ်များ အများစုပါဝင်ကာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် များဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ဖွဲ့စည်းထားသည်။

၈။ သထုံက ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲမှု PDF ငြင်းဆို
July 29, 2021

မွန်ပြည်နယ် သထုံမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဇူလိုင်လ ၂၇ ရက်ညနေက ဖျောက်ခွဲဖျက်ဆီးခံရ တာဟာ သူတို့ လက်ချက် မဟုတ်ဘူးလို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

သထုံမြို့နယ် ဝင်းစိန်ရွာနဲ့ စခန်းကြီးရွာကြားက သွယ်တန်းထားတဲ့ အဲဒီဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကို PDF အဖွဲ့က ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ သထုံ မြို့နယ်က PDF တပ်ဖွဲ့ဝင်တစ်ဦးကို RFA က မေးမြန်းခဲ့ရာမှာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။“သူတို့ဘာသာ လုပ်ကြံပြီး PDF ကိုထိုးချ တာ။ နိုင်ငံတကာမှာ မျက်နှာရချင်တိုင်း PDF ဆိုတာကို အလွဲသုံးစားလုပ်နေတာ”အဲဒီဓာတ်ငွေ့ပိုက်လိုင်းက ပြည်တွင်းသုံး ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုဖြစ်ပြီး လူမှုကွန်ရက်မှာပျံ့နှံ့နေသလို ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ ပိုက်လိုင်းမဟုတ်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲတာဟာ စစ်ကောင်စီရဲ့ လက်ချက်လို့ PDF အဖွဲ့ဝင်တွေက ပြန်လည် ပြောဆိုကြပေမယ့် ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

၉။ တိုက်ပွဲကြောင့် ကန်ပလက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၅၀၀ ဝန်းကျင် ထပ်မံထွက်ပြေးနေရ

July 29, 2021

ချင်းပြည်နယ်၊ ကန်ပလက်နှင့် မင်းတပ်မြို့နယ်အကြားတွင် ဇူလိုင်လ ၂၇ ရက်နေ့က အဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားကျေးရွာ ၁၀ ရွာခန့်မှ လူဦးရေ ၅၀၀ ဝန်းကျင်ခန့် ထပ်မံ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

“တိုက်ပွဲက ခါနန်းနဲ့ ရန်စဲကြားကဖြစ်တယ်ဆိုတော့ အနီးအနားကရွာတွေကအစ အခုက ကြောက်နေကြတော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်၊ ဒီခါရိုင်း စစ်ဘေးရှောင်စခန်းမှာတော့ ၅၀၀ ဝန်းကျင်တော့ရှိနေပြီ အခု၊ အခု ရန်စဲရွာကဆိုရင် သူတို့ ဟိုရွာလည်းမရောက် ဒီရွာလည်းမရောက် ကြားထဲမှာပျောက်နေကြတဲ့သူတွေ၊ မိသားစုတွေ တရွာလုံးနီးပါး ဘယ်နေရာမှာ ရှောင်လို့ရှောင်ကြမှန်းမသိဘူး၊ ပျောက်နေတယ်။ ရန်စဲ၊ မြောင်၊ ခါနန်း၊ မုလောင်း၊ ချောင်းမု၊ မသာဒါ၊ ရှင်ဘောင်၊ ပြီးတော့ လက်နက်ကြီးအသံတွေကြားပြီး စိုးရိမ်စိတ်နဲ့ ရှောင်နေကြတာ ၁၀ ရွာဝန်းကျင်ရှိတယ်၊ ရွာလုံးကျွတ်ထွက်ပြေးကြတယ်၊ လူဦးရေက အားလုံးပေါင်းရင် ထောင်ဂဏန်းလောက်ရှိမယ်။ လက်ရှိမှာ တောထဲ၊ ချောင်းထဲမှာ ဖြစ်ဖို့များတယ်။ လုံးဝ ရွာထဲ မှာလည်းမရှိကြဘူး၊ ပျောက်နေကြတယ်” ဟု ကန်ပလက်မြို့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် ခါနန်းအုပ်စု၊ ခါနန်းကျေးရွာတွင် နှစ်ဘက် အပြန်အလှန်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုလည်း ရှိခဲ့သည်ဟု သိရသည်။ ခါရိုင်းကျေးရွာသည် ကန်ပလက်မြို့နှင့် မိုင် ၄၀ ဝန်းကျင်ကွာဝေးပြီး ယခုရက်ပိုင်း တိုက်ပွဲကြောင့် စစ်ဘေးတိမ်း ရှောင်လာသူများ ခိုလှုံနိုင်ရန်အတွက် ခါရိုင်းကျေးရွာ ရပ်မိ/ရပ်ဖနှင့် ဘာသာရေးအဖွဲ့အစည်းမှ စစ်ဘေးရှောင်စခန်းတစ်ခု ဖွင့် လှစ်ကာ လက်ရှိတွင် စစ်ဘေးရှောင်လူဦးရေ ၅၀၀ ဝန်ကျင်းခန့် ရောက်ရှိနေကြသည်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့်အပြင် မိုးတွင်းကာလဖြစ်သောကြောင့် ၎င်းတို့၏ ကျန်းမာရေးအတွက် ဆေးဝါးများ၊ အဝတ်အထည်များ၊ စားနပ် ရိက္ခာများ၊ အိုးခွက်အသုံးအဆောင်များလည်း လိုအပ်မှုများရှိနေသည်ဟု သိရသည်။

၁၀။ ကျောက်မဲ ဟူးစွန်ရွာတွင် လသားအရွယ်အပါဝင် စစ်ရှောင် (၈၀)ကျော်ရောက် အခက်ခဲရှိနေ
July 29, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာတွင် လသားအရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင် ပြည်သူ (၈၀)ကျော် ရောက်ရှိနေပြီး အစားအသောက်နှင့် နေထိုင်ရန် အခက်ခဲဖြစ်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်း ကတည်းက ကိန်ကိုင်ရွာမှာနေတဲ့ စစ်ရှောင်တွေ စပြီး ရောက်လာတာ၊ ဒီနေ့ထိဆိုရင် (၈၁) ယောက်ရှိတယ်၊ လသားအရွယ် ကလေးငယ်လည်းပါတယ်။ သက်ကြီးရွယ်အိုတွေလည်းပါတယ်”ဟု ဟူးဆွန်ကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်များ စစ်ရေးတင်မာ နေမှုရှိပြီး တိုက်ပွဲဖြစ်လာလျင် ထိခိုက်မှုများ ရှိနိုင်သည့်အတွက် စိုးရိမ်ကာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အားလုံးက ကိန်ကိုင်ဒေသခံတွေပဲ၊ အဲဒီရွာအနီးနားမှာရှိတဲ့ ဟိန်းဝိုး၊ ပန်တောင်းကျေးရွာဘက်မှာ RCSS နဲ့ SSPP/SSA ၊ TNLA တို့ မကြာခဏ ပစ်ခတ်မှုဖြစ်နေတယ်၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကြောက်လို့၊ ရွာနဲ့လည်း အရမ်းနီးနေတော့ ကလေးနဲ့ လူကြီးတွေကို ထိခိုက်မှာစိုးရိမ်လို့ ထွက်ပြေးလာကြတာ” ဟု ဆိုသည်။“ကျောက်မဲမြို့ပေါ်မှာက ကိုဗစ်လူနာတွေ အရမ်းများနေတော့ ရောဂါကိုလည်း ကြောက်တယ်၊ တချို့က မြို့ထဲမှာရှိတဲ့ ဆွေမျိုး တွေဆီ ဆင်းသွားတာရှိတယ်၊ အများစုကတော့ ဒီရွာမှာပဲ လာနေနေရတာ၊ အစားအသောက်နဲ့ နေထိုင်ဖို့ ခက်ခဲနေတယ်၊ တစ်ချို့ဆို ဘာမှကို မယူလာရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ စစ်ဘေးရှောင်များအပါအဝင် မိုင်းငေါ့မြို့တွင် စစ်ဘေးရှောင် (၆၀၀)ခန့်ရှိနေကြောင်း သိရသည်။

၁၁။ မင်းတပ်မြို့နယ်အတွင်း တကျော့ပြန်တိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာခန့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရ
July 28, 2021

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် CDF–Mindat နှင့် စစ်ကောင်စီတို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု ကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံပြည်သူများသည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရ သည်ဟု သိရသည်။

“အဓိက တိုက်ပွဲဖြစ်တဲ့ အနားတဝိုက်ကရွာက စစ်ဘေးရှောင်ကြတာပေါ့၊ စစ်ပွဲဖြစ်တဲ့နေရာက မကွေးတိုင်းနဲ့ ကျွန်တော်တို့ ချင်းပြည်နယ် နယ်စပ်၊ သူကတော့ ထီးလင်းနားက ရွှေအောင်သာနားကနေ စကစကတက်လာတယ်။ ရွှေတွင်းတူး၊ ဒန့်တီး၊ စွန်တောင်၊ တောင်ကုန်း၊ ပီးဟူ အဲ့ရွာတွေက အဓိက တိုက်ပွဲလမ်းကြောင်းဖြစ်တဲ့နေရာက ရွာတွေဆို ရွာလုံးကျွတ်မရှိတော့ လူတွေက တောင်ယာတွေကို ပြေးကြတယ်၊ တချို့ကလဲ တောထဲမှာ တာလပတ်တဲထိုးပြီးမှ နေကြတယ်၊ လူဦးရေအားဖြင့် ခန့်မှန်းဖို့ခက်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

CDF-Mindat နှင့် စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုအား ဇူလိုင်လ ၁၆ ရက်နေ့က ပျက်ပြယ်ခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့ကစ၍ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရွှေတွင်းတူးရွာဘက်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မင်းတပ်မြို့နယ်တွင် ယခုကဲ့သို့ တကျော့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော လူဦးရေ ယခင်ကထက် တိုးများလာနေပြီး ၎င်းတို့အတွက် စားသုံးကုန်နှင့်ဆေးဝါးများ လိုအပ်လျှက်ရှိကြောင်း စစ်ဘေးရှောင် ကူညီအဖွဲ့ဝင်တစ်ဦးက ပြောသည်။ မင်းတပ်မြို့မိ/မြို့ဖများ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် CDF-Mindat နှင့် စစ်ကောင်စီ အကြား ဇွန်လ ၂၀ ရက်နေ့ကစ၍ အပစ်ခတ်ရပ်စဲခဲ့ကြသော်လည်း ဇူလိုင် ၁၆ ရက်နေ့တွင် ဆွေးနွေးမှုပျက်ပြယ်ကာ တိုက်ပွဲပြန် လည်ပြင်းထန်လာပြီး ဒေသခံပြည်သူများ ရာနှင့်ချီ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြန်သည်။

၁၂။ မွန် ဝါရင့်နိုင်ငံရေးခေါင်းဆောင် နိုင်ပန်းအောင် အသက် (၉၆) တွင် ကွယ်လွန်
July 29, 2021

မွန် ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဆရာနိုင်ပန်းအောင် အသက် (၉၆) နှစ်သည် ယနေ့ ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မော်လမြိုင်နေအိမ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဆရာနိုင်ပန်းအောင်သည် ကရင်ပြည်နယ် ထုံးအိုင်ရွာသားဖြစ်ပြီး မော်လမြိုင်ကိုပြောင်းရွေ့လာကာ မွန်နိုင်ငံရေးလောကတ လျှောက်လုံး ပါဝင်လုပ်ဆောင်လာခဲ့သည်ဟု ဦးမင်းမင်းနွယ် က ပြောသည်။“မော်လမြိုင်ကို ပြောင်းလာပြီးတော့ တလျှောက လုံး နိုင်ငံရေးလုပ်လာတယ်။ ဟိုခေတ်တုန်းကဆိုရင် ဦးနု ပါတီတို့မှာလုပ်တယ်၊ နောက်ပြီးတော့ မဆလပါတီမှာလည်းလုပ် တယ်။ နောက်ပြီးတော့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှာလည်းလုပ်တယ်။ နောက်ပိုင်း မွန်ပါတီတွေအသီးသီး ခေတ် အလျှောက်ပေါ်လာတဲ့ ပါတီတွေမှာလည်း နိုင်ပန်းအောင် မဆုပ်မနှစ်အမြဲတမ်းပါဝင်လှုပ်ရှားခဲ့တယ် ပါတီနိုင်ငံရေးမှာ တောက် လျှောက်ပဲ”ဟု ဦးမင်းမင်းနွယ် က ပြောသည်။ ဆရာနိုင်ပန်းအောင်သည် မွန်ပြည်နယ်ဖော်ထုတ်ရေးတွင်လည်း ပြန်ကြားရေး တာဝန်ယူခဲ့သလို မွန်ပြည်နယ်ရရှိအတွက်လည်း ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူလည်း ဖြစ်သည်။ ဆရာနိုင်ပန်းအောင် သည် သတင်းစာဆရာတစ်ဦးဖြစ်ခဲ့ပြီး ဖဆပလခေတ်တစ်လျှောက်လုံးတွင် အယ်ဒီတာအဖြစ်လုပ်ဆောင်ခဲ့သလို ရွှေမြိုင်မိခင် သတင်းစာကိုလည်း ထုတ်ဝေခဲ့သည်ဟု သိရသည်။

မွန်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဆရာနိုင်ပန်းအောင်သည် မွန်သမိုင်းကြောင်းတစ်လျှောက်တွင် တော်လှန်ရေး၊ နိုင်ငံရေး၊ လွတ်လပ်ရေး ရုန်းကန်မှု တစ်လျှောက်လုံးတွင် ပါဝင်ခဲ့သလို မွန်လူငယ်များကိုလည်း ဦးဆောင်လာသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်ဟု သိရသည်။ ဆရာနိုင်ပန်းအောင်သည် မွန်ညီညွှတ်ရေးပါတီ (MUP) ဗဟိုအလုပ် အမှုဆောင်ဖြစ်ခဲ့ပြီး နစကတွင် MUP ပါဝင်သည့်ကိစ္စကြောင့် အနားယူခဲ့သည်ဟု နိုင်တလညီက ပြောသည်။

၁၃။ ကိုဗစ်ဂယက်ကြောင့် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများတွင် ကုန်စည်ပို့ဆောင်မှုခက်ခဲလာ၍ ကုန်ဈေးနှုန်းမြှင့်တက်နေ
July 28, 2021

လတ်တလော ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ဝင်ထွက်သွားလာမှုများ တင်းကြပ်ထား၍ ကုန်စည်စီးဆင်းမှုနှောင့်နှေးစေပြီး ကုန်ဈေးနှုန်းမြှင့် တက်လာမှုနှင့် ကုန်ပစ္စည်းနည်းပါးလာမှုများ ကြုံတွေ့ နေရသည်ဟု စခန်းနေပြည်သူများက ပြောဆိုကြသည်။ ယခုလိုအခြေအနေတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်ပြည်သူများ အနေဖြင့် ကပ်ရောဂါကြောင့် သွားရေးလာရေးနှင့်ကန့်သတ်မှုကာလဆက်လက်ကြာမြင့်မည်ဆိုပါက ၎င်းတို့၏ ဘဝအသက်ရှင် ရပ်တည်မှုအခြေအနေမှာ ပိုမိုခက်ခဲလာမည်ဟု ဆိုကြသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင် နေထိုင်သူ နော်ကဲဖောက“အခုအကြပ်အတည်းကာလမှာ ဝင်ထွက် သွားလာရတာ ခက်ခဲတယ်။ ကုန်စျေးနှုန်းလည်းတက်တယ်။ အရင်က ဆီတစ်ပုလင်းကို ဘတ် ၄၀ ကနေ အခုဆိုရင် ဘတ် ၅၀ ကျော်ကျော်ရှိလာတယ်။ ဆန်ဆိုလည်း အရင်က တစ်အိတ်ကို ဘတ် ၆၀၀၊ ၆၅၀ ကနေ အခု ဆန်တစ်အိတ်ဆို ၇၅၀ ဆိုတော့ အပြင်ထွက်ပြီး အလုပ် လုပ်လို့လည်းမရ၊ ဝင်ငွေလည်းမရှိတဲ့အတွက် အခု TBC က ကျွေးတာတွေနဲ့ပဲ စားနေရတယ်။”ဟု ကေအိုင်စီသို့ ပြော သည်။“တချို့က ထောင်ကဏန်းလောက် ဝင်ငွေရှိသေးတယ်။ တချို့ဆိုရင် တစ်ဘတ်လေးတောင်မှ ဝင်ငွေမရှိတဲ့အခါကျတော့ သူတို့ အတွက်ကတော့ အင်မတန်မှခက်ခဲပါတယ်။ သွားပြီးချေးယူဖို့လည်း တစ်ယောက်နဲ့တစ်ယောက်က ချေးယူလို့မရဘူး။ ဘဝတူ တွေပဲဆိုတော့ ဆိုင်ရှင်ကိုပဲ သွားပြီးအကူအညီတောင်းရတယ်။ ဆိုင်ရှင်ကလည်းပဲ ဈေးရောင်းတယ်ဆိုပေမယ့် ကုန်တွေကို အကြွေးနဲ့ပဲ ယူရတယ်။ တစ်လတစ်လ ရောင်းလို့ကုန်မှ ပြန်ပေးရတယ်။ အကြွေးသဘောနဲ့ပဲ ရောင်းကြတယ်။ အခုကျတော့ အဲဒီမှာ မျှပြီးတော့ ယူစားရတဲ့သဘောဖြစ်သွားတာပေါ့။”ဟုလည်း နော်ကဲဖောက ဆက်ပြောသည်။

၎င်းအပြင် စခန်းတွင်း ဝင်ထွက်သွားရေးလာရေး ကန့်သတ်ချက်များကြောင့် ဒုက္ခသည်စခန်းတွင် ဈေးရောင်းသူများအနေဖြင့် လည်း ကုန်ပစ္စည်းများ အချိန်မီ မှာယူနိုင်ရန် အခက်အခဲများစွာ ကြုံတွေ့ နေရသည်ဟု မယ်လစခန်းမှ ကုန်ပစ္စည်းရောင်းနေသူ နော်ဝါးနေဖောက ယခုလိုပြောသည်။“ကုန်ပစ္စည်းတွေအားလုံးကဈေးတက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းတွေ မှာယူလို့ မရဘူး။ ပြီးတော့ ကုန်ပစ္စည်းတွေလည်း သိပ်မရှိတော့ဘူး။ ကျမကုန်ပစ္စည်းကျတော့ အဟောင်းတွေဖြစ်တဲ့ အတွက် ဈေးပေး မတက်ဘူး။ ကြက်သွန်တို့၊ ပဲတို့ကျတော့ ဈေးပေးတက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသစ်သွားဝယ်ယူရတယ်။ နှစ်လ သုံးလဒီလိုပဲ ဆက်သွားမယ်ဆိုရင်တော့ တော်တော်အခြေအနေဆိုးမယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အသားငါးတွေလည်း ဝင်လာ လို့မရဘူး။ အသီးအရွက် တွေလည်း ဝင်လို့မရတဲ့အခါကျတော့ ကျမတို့အတွက် တော်တော်လေးကို အခြေအနေဆိုး နေပြီ ပေါ့နော်။ ”ဟု သူက ပြောသည်။ ဒုက္ခသည်ပြည်သူများသည် အပြင်ထွက်ကာ လုပ်ကိုင်စားသောက်၍ မရကြသည့်အပြင် ယခုလို ကာလတွင် ဟင်းသီးဟင်းရွက် ၊ အသားငါးရောင်းသည့်ကားများ စခန်းထဲသို့ ဝင်လာ၍ မရသည့်အပေါ် စခန်းအတွင်း ရှိ မိသားစုအချို့နှင့် ကျောင်းဘော်ဒါဆောင်နေ ကျောင်းသူ ကျောင်းသားများအတွက်လည်း ပိုပြီးခက်ခဲကြပ်တည်းလာသည်ဟု သိရှိရသည်။

၁၄။ ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း သိရ
July 29, 2021

ယနေ့ ဇူလိုင် ၂၈ ရက်နေ့အထိ ထန်တလန်မြို့တွင် ကိုဗစ် ၁၉ ကူးစက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၉ ဦးအနက် ၆ ဦး သေဆုံး ပြီဖြစ်ကြောင်း Covid 19 Emergency Response Committee Thantlang အဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့ အခု ဇူလိုင်လ ၂၈ ရက်နေ့ အထိပေါ့နော် (၁၆) ကြိမ်မြောက်စစ်တာက စစ်ဆေးခံရသူက ၆၈၄ ယောက်ပေါ့နော်၊ ပြီးရင် ပိုးတွေ့လူနာက ၁၅၉ ယောက်ရှိတယ်၊ အဲဒီ ၁၅၉ ယောက်ထဲမှာ ၆ ယောက်က ဆုံးသွားပြီ၊ ပြီးရင် ရောဂါကနေ ပြန်ပြီး တော့ နေကောင်းလာတဲ့သူက အယောက် ၉၀ ရှိပြီ။ အခု ကျွန်တော်တို့ Mini hospital မှာ ကိုဗစ်လူနာတိုင်းကို မထားဘူး၊ အောက်ဆီဂျင်ရှူရမယ့် အဆင့်ရောက်တဲ့ လူနာတွေပေါ့နော်၊ အောက်ဆီဂျင် နည်းနည်းကျတဲ့လူနာတွေ အောက်ဆီဂျင် မရှူလို့ မရတဲ့လူနာတွေကို ထားတယ်၊ အခုလက်ရှိမှာတော့ ၇ ယောက်ရှိတယ်။ အောက်ဆီဂျင်ပိုင်းမှာတော့ နည်းနည်းတော့ အခက်ခဲရှိ တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒီဘက်မှာ ဟားခါးမှာလည်း ဖြည့်လို့ မရဘူး၊ ပြီးရင် ဖလမ်းမှာလည်း ဖြည့်လို့မရ ဘူး၊ ကလေးမှာလည်း ဖြည့်လို့မရဘူးဆိုတော့ အောက်ဆီဂျင်ဖြည့်တဲ့အပိုင်းမှာ နည်းနည်း အခက်ခဲရှိတာပေါ့” ဟု ပြောသည်။

ယခု ထန်တလန်မြို့တွင် ကိုဗစ် ၁၉ ဖြင့် သေဆုံးသူအများစုသည် မြို့ဒေသခံလူများပိုများပြီး အသက် ၂၀ မှ ၄၀ အကြား လူလတ်ပိုင်းများတွင် သေဆုံးမှုပိုမိုများကြောင်း တွေ့ရပြီး ဇူလိုင် ၂၈ ရက်အထိ ကိုဗစ် ၁၉ ဖြင့် သေဆုံးသူ ၆ ယောက်အနက် တစ်ယောက်သည် ခရီးသွားလာခဲ့သူဖြစ်ပြီး ကျန်သောသူများမှာ ခရီးသွားရာဇ၀င်မရှိသူ ဒေသခံများသာဖြစ်ကြောင်းလည်း သိရသည်။

၁၅။ နွမ်းလန့် စစ်ရှောင်များ Covid-19 ကြောင့် စားဝတ်နေရေးခက်ခဲလာသဖြင့် နေရပ်ပြန်
28 July 2021

တိုက်ပွဲကြောင့် မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာမှ ထွက်ပြေးသွားသော ဒေသခံစစ်ရှောင်တချို့သည် လက်ရှိ ရောက်ရှိနေ သော စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တဖန် စားဝတ်နေရေး အလွန်ခက်ခဲလာသဖြင့် မိမိနေရပ်သို့ ပြန်လာသူများ ရှိနေကြောင်း သိရသည်။ နေရာအနှံထွက်ပြေးသွားသူများအနက် အိမ်ထောင်စု ၅၀ ခန့်သည် ယခုလ ၆ ရက်နေ့ မှ ယနေ့အထိ မိမိဒေသတွင် ပြန်လည်လုပ်ကိုင်ရှာဖွေစားသောက်ရန် ပြန်လာခဲ့ကြပြီဟု နွမ်လန့်ဒေသခံတစ်ဦးက KNG သတင်းဌာန ကို ပြောဆိုသည်။

“တိုက်ပွဲဖြစ်လို့ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ အဲချိန်က ရွာမှာ အိမ်ခြေ ၁၀ ခုလောက်ဘဲကျန်ခဲ့တယ်။ ဒါပေမယ့် မြို့မှာ အခု ကိုဗစ်လည်းအရမ်းဖြစ်လာတယ်။ ပြီးရင် စားဝတ်နေရေးလည်း အရမ်းခက်ခဲကြတယ်ဆိုပြီး ပြန်လာ နေထိုင်ကြတယ်။ အိမ်ခြေ ၅၀ လောက်တောင်ရှိပြီ။ ဒီလအတွင်းမှာဘဲ လာနေကြတယ်”ဟု ပြောဆိုသည်။ နွမ်လန့်ကျေးရွာ တွင် အိမ်ခြေ ၁၀၀ နီးပါခန့်နှင့် လူဦးရေ ၇၀၀ နှင့် ၈၀၀ ကြားရှိပြီး လက်ရှိ လူဦးရေ၏ ထက်ဝက်ခန့်သည် ပြန်လာကြပြီ ဖြစ် သည်။“စစ်ရှောင်စခန်းမှာက စားဖို့ဆန်တော့ရှိတယ်။ ဒါပေမယ့် ချက်စားမယ့် ထင်းမရှိဘူး။ ပိုက်ဆံလည်း လက်ထဲမှာ တစ်ပြားမှမရှိဘူး။ ဟင်းသီးဟင်းရွက်ဝယ်စားဖို့ ပိုက်ဆံတောင်မရှိဘူး။ အိမ်မှာက ဟင်းသီးဟင်းရွက်တွေက ဝယ်စရာမလို ဘူး။ ကုန်ကျစရိတ်လည်းမရှိဘူး။ ပြီးရင်အခုက ကိုဗစ်လည်းပြန်ဖြစ်လာတော့ ပိုဆိုးလာတယ်။ အရမ်းခက်ခဲတယ်။ ဒါကြောင့် ပြန်လာကြတာဟုတ်တယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော နှင့် နွမ်းလန့်ကျေးရွာအရှေ့ဘက်ရှိ စလောင်းကုန်းကို စစ်ကောင်စီ တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒေသခံများသည် မိုးမောက် နှင့် ဗန်းမော်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိတွင် ဗန်းမော်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း လူဦးရေ ထောင်ချီရှိသော စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်မှု စတင်လာသဖြင့် အစားအသောက်အလွန် ခက်ခဲနေကြောင်း စခန်းတာဝန်ခံများထံမှ သိရပါသည်။

၁၆။ မြောက်ဦးက ပီပင်ရင်းစစ်ဘေးဒုက္ခသည်စခန်း ရေနစ်မြုပ်နေ
July 28, 2021

မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်း ဇူလိုင်လ ၂၈ ရက်နေ့က ရေနစ်မြုပ်နေတယ်လို့ စခန်းတာဝန်ခံ ဦးသိန်းကျော်မြက RFA ကိုပြောပါတယ်။ ညပိုင်းအချိန်အထိ မိုးတွေလည်း အဆက်မပြတ်ရွာသွန်းနေသေးလို စစ်ဘေးဒုက္ခသည်အိပ်ခန်း ၂၀ ကျော်လည်း ရေနစ်မြုပ်နေပြီး ဒုက္ခသည်တွေ ဘုန်းကြီး ကျောင်းကိုပြောင်း နေရတယ်လို့လည်းဆိုပါတယ်။

ညအချိန်မှာ ရေတွေ ပြည့်လာတာဖြစ်လို့ ကူညီကယ်ဆယ်မယ့်သူတွေလည်း မရှိတာကြောင့် ဒုက္ခသည်တွေ အခက်အခဲ ဖြစ်နေ တယ်လို့လည်း ဦးသိန်းကျော်မြကပြောပါတယ်။ အဲဒီ ပီပင်ရင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်နေတဲ့ အခန်း ၅၀၀ ကျော် ရှိပြီး အဲဒီအခန်းတွေလည်း မြုပ်လုနီးပါး ဖြစ်နေပြီလို့ ဆိုပါတယ်။ ပီပင်ရင်း ဒုက္ခသည်စခန်းမှာ မြောက်ဦးမြို့နယ်က အိမ်ထောင်စု ၅၆၄ စုနဲ့ လူဦးရေ ၁၇၆၇ ဦးခိုလှုံနေတာ ဖြစ်ပါတယ်။

၁၇။ တောင်ကျချောင်းရေမြှင့်တက်လာ၍ ပြောင်းရွှေ့ရသည့် လှိုင်းဘွဲမှအိမ်ခြေ ၈၀ ခန့် ဆေးဝါးနှင့်စားနပ်ရိက္ခာ လိုအပ်နေ
July 28, 2021

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် ဇူလိုင်လ ၂၆ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းသဖြင့် တောင်ကျချောင်းရေ မြှင့်တက်မှု ကြောင့် ရေဘေးသင့်နေရသည့် မြို့ပေါ်ရှိ လူနေအိမ် ၈၀ ခန့်က ပြည်သူများမှာ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ် နေသည်ဟု လှိုင်းဘွဲမြို့ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရှိရသည်။

အဆိုပါ ရေဘေးသင့်နေအိမ်များမှ မိသားစုဝင်များမှာ မြို့ပေါ်ရှိ စာသင်ကျောင်း၊ ဗလီနှင့် မြို့နယ်ခန်းမများတွင် ပြောင်း ရွှေ့နေရကြောင်း လှိုင်းဘွဲမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးဖြစ်သူ စောပြည့်စုံက ယခုလို ပြော သည်။ “ရေ လွှမ်းတဲ့ အိမ်က ၇၀၊ ၈၀လောက်တော့ရှိမယ်။ ရှောင်တိမ်းတဲ့နေရာကျတော့ မွတ်ဆလင်မ်တွေကကျတော့ ဗလီမှာ နေကြတယ်။ တချို့ကျတော့ လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမမှာနေကြတယ်။ ကုန်းနဲနဲမြင့်တဲ့နေရာမှာ။ ကမော့ ကချူးဘက်က အရင်က ကွာရတင်းစင်တာပေါ့။ အခုကျတော့ ရေဘေးသင့်နေတဲ့နေရာ ဖြစ်သွားပြီးပေါ့။ အဲ့မှာ ထား ကြတယ်။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။ ယင်းသို့ ပြောင်းရွှေ့နေရာတစ်နေရာစီတွင် ရေဘေးသင့်သူ မိသားစုများမှ လူဦးရေ ၁၀၀ ကျော် ခိုလှုံနေထိုင် နေကြရပြီး ဆေးခန်းအချို့မှာလည်း ရေကြီးမှုကြောင့် ဆေးခန်းပိတ်လိုက်သည့်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်း စောပြည့်စုံက ဆက်ပြောသည်။

လှိုင်းဘွဲမြို့ခံတစ်ဦးက “ဖျားရင်တော့ ဆရာဝန်တွေဆီကိုသွားဖို့က ရေကလည်းကြီးနေတော့ သွားဖို့ အဆင်မပြေဘူး။ အိမ်နား က ဆိုင်တွေမှာပဲ ဆေးတွေဝယ်နေရတယ်။ ပြီးရင် ကိုယ်နေမကောင်းတာကို သက်သာအောင် အဲ့ဆေးတွေကိုပဲ မှီဝဲနေရတယ်။ စားဖို့အတွက်ကတော့ ရေမတက်ခင်တုန်းက တွန်းလှည်းနဲ့ လာရောင်းတဲ့ ဈေးသည်တွေဆီက ကုန် ခြောက်တွေ၊ ငါးခြောက် တွေ ကြက်ဥတွေကို ကြိုဝယ်ထားတော့ အဲ့ဒါနဲ့ပဲ ခုလောလောဆယ် စားနေရတာပေါ့။ ကြက်ဥ ဈေးလည်း အခု ငါးထောင် အထက်ကိုလည်း ဈေးတက်နေပြီး။ ဒီရေမကျရင်တော့ အိမ်မှာမွေးထားတဲ့ ကြက်တွေကိုပဲ စားရတော့မှာပေါ့။”ဟု ပြောသည်။ကရင်ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်းများတွင် စိုးရိမ်နေအမှတ်ထက် အသီးသီး ကျော်လွန်ရောက်ရှိနေကြောင်း ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက (ဇူလိုင်လ ၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၁၈။ တန့်ယန်းမြို့ လင်မယား စကားများရာမှ အမျိုးသမီးသေဆုံး
July 28, 2021

သျှမ်းပြည်မြောက်ပိုင်း တန့်ယန့်မြို့ ရပ်ကွက် (၂) တွင် လင်မယား စကားများရာမှ အမျိုးသမီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရ သည်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၇ မနက်ပိုင်း ၁၀ နာရီအချိန်တွင် လင်းမယား စကားများရာမှ အမျိုးသားက ၎င်း အမျိုးသမီး ကို ထင်းတုံးဖြင့် ခေါင်းကို ရိုက်လိုက်ပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“ သူတို့စကားများကြတာ။ ဘာကြောင့်များကလည်းတော့မသိဘူး။ သူအမျိုးသားက စိတ်မနှံဘူး။ စကားများပြီး သူမိန်းမကို ထင်းတုံးနဲ ခေါင်းကိုရိုက်လိုက်တာ။ အာရုံထိသွားလို့ထင်တယ်။ ပွဲချင်းပြီးသေသွားတယ်။”ဟု တန့်ယန့်မြို့ ရပ်ကွက် ၂ ရာအိမ်မှူး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုအမျိုးသားသည် စိုင်းစံထွန်း ဖြစ်ပြီး ၎င်းသည် စိတ်ကျန်းမာရေး ချို့တဲ့သူ တစ်ဦးဖြစ်ကြောင်းသိရသည်။

ထိုသေဆုံးသွားသည့် အမျိုးသမီးသည် ဒေါ်အေးမန်း (၅၀) နှစ်သည် အသက်(၉)နှစ် အရွယ် သမီးလေး ကျန်ရှိခဲ့ကြောင်း သိရဥည်။“ သူတို့မှာ ကလေးကျန်ထားတယ်။ (၉) နှစ်ပဲရှိသေးတယ်။ အမေကလည်း သေတယ်။ အဖေကလည်း စိတ်မမှန် ဘူး။ အဲကလေးတော့သူတို့ ဆွေမျိုးတွေနဲ့ပဲနေရမယ်ထင်တယ်။”ဟု ရာအိမ်မှုက ပြောသည်။ လက်ရှိမှာ စိုင်းစံထွန်း ကို ရဲက လာရောက်ဖမ်းဆီးသွားပြီးဖြစ်ကြောင်းသိရသည်။

၁၉။ မောင်တောမြို့နယ်တွင် တောင်မြေပြိုကျ၍ အမျိုးသားတစ်ဦးသေဆုံး
July 29, 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက တောပေါ်တွင်သစ်ပင်ခုတ်သည့် အမျိုးသား တစ်ဦးမှာ တောင်မြေပြိုကျ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထိုသို့ သေဆုံးသူမှာ အောင်သာယာကျေးရွာမှ ဦးထွန်းကျော် အသက်(၄၀)နှစ်ဖြစ်ပြီး နံသာတောင်ကျေးရွာတွင် အဖော်များနှင့် ယာယီနေထိုင်ကာ ငါးပိုက်ချသည့်အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

နံသာတောင်ဆရာတော်ဦးစရဏက “သူက အောင်သာယာကျေးရွာက၊ နံသာတောင်မှာ ယာယီနေထိုင်နေတာ။ ဒီနေ့ နေအိမ် ဆောက်ဖို့ဖို့ ကွမ်းသီးပင်ရွာဟောင်းမှာ သစ်ပင်သွားခုတ်ရာမှာ မြေပြိုပြီးသေသွားတာလို့သိရတယ်”ဟု မိန့်ကြားသည်။ ဦးထွန်းကျော် မှာ အဖော်နှစ်ဦးနှင့်အတူ နေအိမ်ဆောက်လုပ်ရန်အတွက် သစ်များရှာဖွေရန်သွားစဉ် ယင်းသို့မြေပြိုမှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နံသာတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ချေက ပြောသည်။ “သူတို့ ၃ ဦးက သူတို့နေထိုင် နေတဲ့နေအိမ်မှာ အတွဲအိမ်လေးဆောက်ဖို့ သစ်ပင်သွားခုတ်ကြတာ။ မိုးကြီးနေတော့ ရွာသူရွာသား တွေက တားကြသေးတယ် လို့သိရတယ်။ သစ်ပင်ခုတ်နေတဲ့အချိန်မှာ တောင်မြေပြိုကျပြီး ၁ ဦးသေဆုံးသွာတာ” ဟု ဆိုသည်။

လက်ရှိမှာ သေဆုံးသူ၏ရုပ်အလောင်းအား မောင်တောဆေးရုံသို့ ယူဆောင်ရန် မောင်တောကရုဏာကွန်ယက်မှ သွားရောက် လျှက် ရှိကြောင်း သိရသည်။

၂၀။ တောင်ကြီးမြို့ ဗုံးပေါက်ကွဲသူဟု စွပ်စွဲ ဖမ်းဆီးခံရသူ ပြန်လွှတ်လာ
July 30, 2021

သျှမ်းပြည် တောင်ကြီးမြို့အတွင်း ဗုံးပေါက်ကွဲမှုများတွင် ပါဝင်သူဟု စွပ်စွဲခံရပြီး တစ်လကျော် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရ သူ ပြန်လည် လွှတ်မြောက်လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် ည ၁၀ နာရီကျော်အချိန်တွင် အင်အား ၃၀ ခန့်ရှိသည့်စစ်ကောင်စီတပ်သား များက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်နေ ကိုသန့်ဇင်ထွန်းကို နေအိမ်ထိလာရောက်ကာ အကြမ်းဖက် ဖမ်းဆီးခေါ်သွားပြီး တစ်လအကြာထိန်းသိမ်းခံရကြောင်း သိရသည်။ စစ်ကောင်စီ မှ တလကျော်ကြာ ဖမ်းဆီးခံ ရပြီး ဇူလိုင် (၂၇)ရက်တွင် ပြန်လွှတ်မြောက်လာကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ အစ်ကိုကြီးက ပြန်လွှတ်လာပါပြီ၊ သူ့ကို ဖမ်းသွားတာက တောင်ကြီးမြို့က ဗုံးပေါက်ကွဲမှုတွေမှာ ပါဝင်လှုပ် ဆောင်သူလို့ စွပ်စွဲပြီးဖမ်းသွားတာလေ၊ ထောင်ထဲမှာ တစ်လအကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးတော့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြန်လွှတ်လာပါတယ်”ဟု ကိုသန့်ဇင်ထွန်းနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။ ကိုသန့်ဇင်ထွန်း သည် တောင်ကြီး မြို့ရှိ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရပြီး၊ ဖမ်းဆီးထိန်းသိမ်းခံရသည့် အစပိုင်းကာလများတွင် စစ်ကောင် စီတပ်သားများ၏ စစ်ဆေးမေးမြန်းမှုများ ကို မကြာခဏ ဖြေကြားပေးခဲ့ ရကြောင်းလည်း သိရသည်။“စစဖမ်းသွားတုန်းက တော့ စစ်ဆေးမေးမြန်းတာတွေရှိတယ်တဲ့၊ မြို့တွင်းက ဗုံးပေါက်ကွဲမှုတွေကို အဓိက ဦးတည်ပြီး မေးတယ်လို့ အစ်ကိုကြီးက ပြောပါတယ်၊ သူက မလုပ်ရတော့ မလုပ်ရဘူး၊ မသိဘူး ဖြေတယ်၊ တစ်ခါတစ်လေတော့ အရိုက်ခံရပြီးတော့ သူတို့က စစ်မေး တာ ဖြေရတယ်ပြောပါတယ် ” ဟု ကိုသန့်ဇင်ထွန်းနှင့် ဆွေမျိုးတော်ဆပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းတွင် တောင်ကြီးမြို့တွင်း ဗုံးပေါက်ကွဲမှု နှင့် ဆန္ဒပြမှုများတွင် ပါဝင်သည့် မတရားစွပ်စွဲမှု များနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော တခြားသူများလည်း ရှိနေကြောင်းလည်းသိရသည်။“အစ်ကိုက အစောပိုင်း သူတို့ စစဖမ်းသွားတုန်းကပဲ စစ်ဆေးမေးမြန်းမှုခံရတာပါ၊ တခြားအကျည်းသားတွေကတော့ အစ်ကို့ထက်အများကြီး ခံရတယ် တဲ့၊ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ၊မေးမြန်းပြီး သူတို့ လိုချင်တာ မရရင် ရိုက်နှက် အပြစ်ပေးခံရတာတွေရှိတယ်” ဟု ၎င်းကပြောသည်။ အဆိုပါ ကိုသန့်ဇင်ထွန်း ပြန်လည်လွတ်မြောက်လာခြင်းနှင့် ပက်သက်ပြီး ညီမဝမ်းကွဲ တော်စပ်သူ တစ်ဦးက ၎င်း၏ အစ်ကိုဖြစ်သူ ပြန်လည် လွတ်မြောက်လာရသည့် နည်းတူ အခြားသူများကိုလည်း ပြန်လည် လွတ်ပေးစေလို ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၁။ ခေါင်လန်ဖူး တရုတ်နယ်စပ် ကျေးရွာတွင် ကိုဗစ်လက္ခာဖြင့် သေဆုံးသူများရှိနေ
28 July 2021

ခေါင်လန်ဖူးမြိုနယ် တရုတ်နယ်စပ်ကျေးရွာဖြစ်သော လန်းဒဂျောင်ဒေသတွင် ယခင်ကမဖြစ်ဖူးသော ကိုယ်ပူ၊ လေချောင်းနာ၊ ဖျားနာ စသော ကိုဗစ်လက္ခာများဖြင့် ယခုလအတွင်း သေဆုံးသူ ၄ ဦးရှိလာသဖြင့် ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နှင့် မိုင် ၄၀ ကျော်ဝေးသော တရုတ်နယ်စပ် လန်းဒဂျောင်ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ထိုဒေသနှင့် ပုံမှန်အဆက်အသွယ်ရှိနေသူတစ်ဦးက KNG ကို ယခုလိုပြောပြသည်။“ခုဖြစ်တာက ခေါင်လန်ဖူးကနေ အရမ်းဝေးတယ်။ ခြေကျင်နဲ့ ၂ ည အိပ် ၃ ရက်ခရီးသွားမှ ရောက်တယ်။ အရင်နှစ်တွေမှာ ဒီလိုမဖြစ်ဘူး။ ဒီနှစ်က ပုံမှန်ထက် သေဆုံးမှုများလာတယ်။ ခေါင်လန်ဖူးဆိုတာ နာမည်သာ မြို့ လို့ခေါ်ပေမယ့် ဘာမှမရှိဘူး။ နောင်မွန်နှင့်ရော အလှမ်းဝေး၊ ပူတာအိုနှင့်ရော ဝေးတော့ ဆေးဝါးလည်း မရှိဘူး။ ဆေးကုသပေးမဲ့ ဆရာမတွေလည်း မရှိဘူး။ ကိုဗစ်စစ်ဆေး ကိရိယာလည်း ဘာတစ်ခုမှမရှိတော့ လေချောင်းနာတာနဲ့ သေဆိုတော့ ဒေသခံတွေက အရင်နှစ်တွေနှင့်မတူတော့လို့ ကိုဗစ် များရောက်နေပြီလားဆိုပြီး သံသယ စိတ်ဖြစ်ပြီး စိုးရိမ်နေကြတယ်။”ဟု ၎င်းဒေသနှင့်ချိတ်ဆက်ရသူ ခေါင်လန်ဖူးဒေသခံ တစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခေါင်လန်ဖူးဒေသတွင် ကျန်းမာရေးအတွက် ကုသမှုများ၊ ဆေးစစ်ဆေးမှုများမရှိတော့ ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။“လက်ရှိအခက်အခဲက ဆေးဝါး ဆေးကုသပေးမဲ့ ဆရာ၊ ဆရာမတွေမရှိတာနှင့် စားနပ်ရိက္ခာ ရှားပါးလာတယ်။ တရုတ်ပြည် လမ်းပိတ်ထားတာကြာတော့ ဆန်၊ ဆီ၊ ဆားတွေ ပျက်နေတယ်။ ဆန်၊ ဆီ၊ ဆား တွေကို ပူတာအိုဘက် ကားလမ်းပေါက်တဲ့ ထာလားလော် အထိ ခြေကျင်လျှောက်သွား ထမ်းယူပြီး ဝယ်ရတယ်။ နယ်စပ်ဘက် နေတဲ့သူတွေက ခြေကျင်နဲ့ အသွားအပြန် ၁ ပတ် ၂ ပတ်ခန့် သွားထမ်းဝယ်ရတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်၊ ကိုဗစ် ဖြစ်ပြီးနောက် အဲ့ခေါင်လန်ဖူး နယ်စပ်ဘက်က ပြည်သူတွေ အဖက်ဖက်က တော်တော် ဒုက္ခရောက်နေကြရတယ်။”ဟု ၎င်းဒေသနှင့် ချိတ်ဆက်ရသူ တစ်ဦးက KNG ကိုပြောသည်။

၂၂။ မွန်ပြည်နယ်မှာ စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေး အလုံး ၉၀၀၀၀ ထိုးပေးမည်
July 29, 2021

မွန်ပြည်နယ်မှာ တရုတ်နိုင်ငံကလှူဒါန်းထားတဲ့ ကိုဗစ်ကာကွယ်ဆေး Doses အလုံး ၉၀၀၀၀ ထိုးပေးသွားမယ်လို့ စစ်ကောင်စီ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေကိုတော့ ဇူလိုင် ၂၈ ရက်နေ့က မော်လမြိုင် ဘိုးဘွားရိပ်သာတွေမှာ စတင်ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

“ကိုဗစ်ကာကွယ်ဆေး ၉၀၀၀၀ ထိုးပေးသွားဖို့ ရှိပါတယ်၊ အဓိကကတော့ အသက်အရွယ်ကြီးတဲ့ သူတွေနဲ့ ဝန်ထမ်းတွေကို ဦးစားပေးထိုးပေးသွားမယ်”လို့ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဦးစားပေး ထိုးနှံဖို့ သတ်မှတ်ထားတဲ့ သူတွေထဲမှာတော့ အသက် ၆၅ နှစ်နဲ့အထက် မိဘပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းနဲ့ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း၊ သာသနာ့ဝန်ထမ်းတွေနဲ့ ဘုန်းကြီး၊ သီလရှင်၊ နိုင်ငံဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ဘဏ် ဝန်ထမ်းတွေ ပါဝင်ပါတယ်။ ဒါအပြင် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း၊ ဟိုတယ်၊ တည်းခိုခန်းဝန်ထမ်း၊ အကျဉ်းသား၊ အချုပ်သား၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းက ပုဂ္ဂိုလ်တွေ၊ စူပါမားကတ်နဲ့ ဈေးဝန်ထမ်းတွေလည်း ဦးစားပေးထိုးနှံပေးမယ့် သူတွေထဲ ပါဝင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးကိုတော့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူတွေ၊ ကိုဗစ်သံယလူနာနဲ့ အဖျားရှိသူတွေ၊ ကိုဗစ်အတည်ပြုလူနာ ဖြစ်ပြီးနောက် ၆ လမပြည့်တဲ့သူတွေကို ထိုးပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မွန်ပြည်နယ်မှာတော့ ဇူလိုင် ၂၉ ရက်နေ့ထိ ကိုဗစ် အတည်ပြုလူနာ ၆၀၀၀ နီးပါးထိ ရှိလာခဲ့တာဖြစ်ပါတယ်။

၂၃။ လောက်ကိုင်မြို့ တစ်လကျော်အတွင်း ကိုဗစ် – ၁၉ လူနာ ၃၀၀၀ ကျော်ရှိ
July 28, 2021

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် တစ်လကျော်ကာလအတွင်း ကိုဗစ် -၁၉ ကူးစက်ရော တတိယလှိုင်း ကူးစက်ခံရသူ အတည်ပြုလူနာ ၃၀၀၀ ကျော်ရှိလာပြီး ကိုဗစ် -၁၉ ကြောင့် သေဆုံးရသူ ၈ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ တစ်လကျော် ကာအတွင်းပိုးတွေ့လူနာ ၃၀၀၀ ကျော်အနက် ရောဂါသက်သာ လာသူ ၁,၇၂၁ ဦး ရှိနေကြောင်း လည်းသိရသည်။

“ဟုတ်ပါတယ်၊ အခုကိုဗစ် ပိုးတွေ့လူနာက ၃၀၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်၊ ကိုဗစ်ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန် ချက်အရဆိုရင် ချင်းရွှေဟော်က ၁၅၄ ဦးနဲ့ လောက်ကိုင် ၂၉၀၃ ဦးကို ပေါင်း လိုက်တော့ ၃၀၀၀ ကျော်သွားလေ”ဟု ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

လောက်ကိုင်မြို့တွင်းတွင် လူဦးရေ (၁,၂၀၀) ဆံ့ Quarantine Centre ကြီးတစ်ခုကို ဆောက်လုပ်ထား သည့်အပြင် နေ့စဉ် လူ နှစ်ထောင်ကျော်ကို စစ်ဆေးနိုင်သည့် PCR စက် ၄ လုံးလည်း တပ်ဆင်ထားပြီး လူနာများကို လက်ခံ ကုသပေးနေကြောင်း လည်း သိရသည်။

၂၄။ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာများ Lockdown နှစ်ပတ်ချ
July 28, 2021

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာတွေမှာ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် အဝင်/အထွက်ဂိတ်ထားရှိပြီး ဒေသခံပြည်သူကနေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ (၁၄) ရက်အတွင်း ဝင်/ထွက်သွားလာခွင့် (Lockdown) နှစ်ပတ်ချမှတ်ထားတယ်လို့ သိရပါတယ်။

“လောလောဆယ် အခုနှစ်ပတ်ကို Lockdown ချထားတယ် နောက်လ ၈ ရက်နေ့အထိပေါ့နော။ ၈ ရက်နေ့ပြီးသွားရင်တော့ ကျတော်တို့ ဆက်ပြီးမှ အဝင်/အထွက်တွေကိုပဲ ပြန်ပြီး Check လုပ်ပြီးတော့မှပဲ ကျတော်တို့ ပြန်လွှတ်ပေးမယ်ဗျ။ ရိက္ခာ တွေသယ်မယ်ဆိုရင်လည်း တစ်ပတ်မှာ ၂ ရက်သတ်မှတ်ပြီးတော့မှ လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်။ နေ့တိုင်းတော့ ဝင်ထွက်သွား လာတာကိုတော့ ခွင့်မပြုဘူးဗျ။ အဲ့လိုပြန်စီစဉ်ဖို့ ကျတော်တို့ Lockdown နှစ်ပတ်ပြီးရင်တော့ အဲ့လိုလုပ်ဖို့ စီစဉ်ထားတယ်ဗျ” လို့ ကိုဗစ်-၁၉ ကာကွယ်၊ တုံ့ပြန်ရေးကော်မတီမှ အဝင်/အထွက် ဂိတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အရေးပေါ်ကိစ္စများ အတွက် ကော်မတီရဲ့ ခွင့်ပြုချက်ဖြင့်သာ သွားလာခွင့်ပြုမှာဖြစ်ပြီး မဖြစ်မနေပို့ဆောင်ရန် လိုအပ်တဲ့ဆေးဝါး၊ စားနပ်ရိက္ခာ တွေကို အဝင်/အထွက်ဂိတ်မှတဆင့် ကြိုတင်အကြောင်းကြားပြီးမှသာ လွှဲပြောင်းပို့ဆောင်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ အဝင်/အထွက်ဂိတ် ပြုလုပ်ထားတဲ့ဂိတ် ၄ ခု၊ အုပ်စု ၈ ခု၊ ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် အဝင်/အထွက်ဂိတ်တွေထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း၊ ရပ်ဝေးမှပြန်လာသူများ၊ စစ်ဘေးရှောင်ပြည်သူများအား အသွားအလာကန့်သတ်ထားတဲ့နေရာတွေမှာ Quarantine ၇ ရက်နဲ့ Home Quarantine ၇ ရက်ဖြင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေက ကိုယ်ထူကိုယ်စနစ်နဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် Quarantine Center ထားရှိတဲ့နေရာမှာ ကျန်းမာရေး ဆိုင်ရာအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ Mask၊ လက်သန့်ဆေးရည်၊ အကာအကွယ်ဝတ်စုံ လိုအပ်ချက်ရှိသလို စစ်ဘေးရှောင် ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တယ်လို့ သိရပါတယ်။ “လောလောဆယ်က ကျတော်တို့ ကော်မတီ အဖွဲ့လူတွေကပဲ စစ်ဘေးရှောင်အတွက် ကူညီနေတာပေါ့နော ကျတော်တို့ကပဲ ရန်ပုံငွေရှာတဲ့အပိုင်းကော ကိုဗစ်အပိုင်းကော လူဦးရေက သိပ်ပြီးမရှိခါကျတော့ စေတနာ့ဝန်ထမ်းမရှိခါကျတော့ ရှိတဲ့လူနဲ့ပဲ ကျတော်တို့လုပ်နေတဲ့အခါမှာ နည်းနည်းလေး စစ်ဘေးရှောင်တွေအတွက် ရိက္ခာပိုင်းတော့ နည်းနည်းအခက်အခဲရှိတယ်။ ရှိတဲ့ရိက္ခာနဲ့ လောလောဆယ်တော့ Run နေတဲ့ အခြေနေရှိတယ် တတ်နိုင်သလောက်တော့ ရန်ပုံငွေရှာနေတယ် အဲ့ပိုင်းတော့ရှိတယ်။ ကျေးရွာတိုင်းမှာတော့ Quarantine Center မလုပ်နိုင်တာတောင်မှ တချို့ကျေးရွာတွေက သူတို့ဟာသူတို့ လုပ်တာတော့ရှိတယ်။ အဲ့လိုအခြေနေလေးတွေရှိတယ်” လို့ ဂိတ်တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

၂၅။ ဖျားနာမှုများလာသည့် ဗန်းမော်စစ်ရှောင်စခန်းကို Lock Down ချမှတ်
29 July 2021

ကချင်ပြည်နယ် ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းတွင် စစ်ရှောင်များ ဖျားနာမှုများလာသည့်အတွက် တစ်ပတ်တိတိ Lock Down ချမှတ်ထားကြောင်း စခန်းတာဝန်ခံများမှ သိရသည်။

” ကိုဗစ်တော့ မဟုတ်ဘူး ခုမိုးရာသီဆိုတော့ နေမကောင်းတဲ့သူ တော်တော်များလာတယ်။ တစ်ချို့အိမ်ဆို မိသားစုလိုက် ဖျား နေကြတယ်။ ပြီးတော့ ခုချိန် ကိုဗစ်ဖြစ်တော့ ကိုယ့် Camp ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီအပတ်တစ်ပတ် Lock Down ချမှတ်ထားတာဖြစ်တယ်” ဟု စခန်းတာဝန်ခံက ပြောသည်။ ထို့ပြင် Lock Down ချမှတ်ထားသည့် တစ်ပတ်အတွင်း နေမကောင်းဖြစ်သူများ သက်သာမူမရှိ ထပ်မံတိုးလာပါက အသွားအလာ ထပ်မံကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရောဘတ်စစ်ရှောင်စခန်းသည် အိမ်ထောင်စုအားဖြင့် ၆၀၂ စုရှိကာ လူဦးရေ ၃၈၁၆ ရှိပြီး ဗန်းမော်ခရိုင်တွင် လူဦးရေအများဆုံး နေထိုင်သည့် စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။ ” အာဏာမသိမ်းခင်တော့ ဆေးပေးခန်းရှိတယ် ခုတော့မရှိတော့ဘူးလို့ပြောရ မှာပေါ့။ ခုလောလောဆယ်တော့ ကျနော်တို့ စစ်ရှောင်တွေကို ဗန်းမော် KBC အသင်းတော်က ဖွင့်ထားတဲ့ဆေးခန်းမှာ သွားပြ ကြတယ်” ဟု စခန်းတာဝန်ခံတစ်ဦးကပြောသည်။ ယခုကဲ့သို့ Lock Down ချမှတ်သည့်အတွက် အစားသောက်များ ခက်ခဲနိုင်သော်လည်း ကျန်းမာရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

၂၆။ ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူဦးရေ ၃၀၀၀ ခန့် ရေဘေးရှောင်နေရ
29 July, 2021

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဇမိမြစ်ရေလျှံမှုကြောင့် အိမ်ထောင်စု ၆၈၀ ဟာ ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုလှုံနေရပါတယ်။ ဇူလိုင် ၂၆ ရက်နေ့ကစတင်ပြီး ဇမိမြစ်ရေဟာ စိုးရိမ်မှတ် ၁၀၆၆ စင်တီမီတာကို ကျော်လွန်ရောက်ရှိခဲ့လို့ မြို့ပေါ် ၆ ရပ်ကွက်၊ ကျုံဒုံမြို့နဲ့ ဘုရားသုံးဆူမြို့နယ်အတွင်းက ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၅ ရွာက အိမ်ထောင်စု ၆၈၀ စု၊ လူဦးရေ ၃၀၀၀ လောက်ဟာ ရေဘေးရှောင် ခိုလှုံနေရတာပါ။

ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “လတ်တလောအခြေအနေအတွက် တတ်နိုင်တဲ့ဘက်က အစား အသောက်ဆိုင်ရာတွေကို လှူဒါန်းဖြစ်တယ်။ စစ်ကောင်စီဘက်က ကူညီတာတော့ တိတိကျကျတော့ မသိဘူး။ ထိထိရောက် ရောက်လှူတာကတော့ ကြာအင်းဆိပ်ကြီးက လူငယ်ပရဟိတအဖွဲ့တွေပဲ မြင်တယ်” လို့ ပြောပါတယ်။ ရေဘေးရှောင်ပြည်သူ တွေဟာ လာရောက်လှူဒါန်းတဲ့ ထမင်းဘူးနဲ့ ရေသန့်အပြင် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ရေဘေးသင့် ပြည်သူတွေက ဆိုပါတယ်။

ရေဘေးသင့်ပြည်သူတွေရဲ့နေထိုင်စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားသလို နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ခိုလှုံနေ ရတဲ့ မိသားစုဝင်တွေကိုလည်း လိုက်လံထောက်ပံ့တာတွေရှိပြီး ကိုဗစ်ကာလ နေရာအခက်အခဲတွေလည်း ရှိတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရေဘေးကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးခင်မောင်ချိုက ပြောပါတယ်။ “လော့ဒေါင်းချထားတဲ့ မိသားစုဝင်တွေကို သီးခြားထားတယ်။ တစ်ယောက်နဲ့တစ်ယောက် အလှမ်းကွာပြီး အဆင်ပြေအောင် လုပ်ပေးထားတယ်။
အဲလို ပြဿနာတွေတော့ရှိတယ်”လို့ ဆိုပါတယ်။ ဇူလိုင် ၂၉ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ဇမိမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁၀၆၆ အောက်ကို ပြန်လည် ကျဆင်းနေပြီလို့ ပြည်နယ် မိုးဇလထုတ်ပြန်ချက်အရ သိရပါတယ်။

၂၇။ ကုန်ဈေးနှုန်းမြင့်သည့်အပေါ် အခက်အခဲများစွာရင်ဆိုင်နေရ
July 29, 2021

စစ်အာဏာသိမ်းပြီးနောက် ကိုဗစ် – ၁၉ တတိယလှိုင်းဖြစ်ပွားလာပြီး စားသောက်ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ကျန်းမာရေး ကုသမှု ခက်ခဲခြင်းများ ရှိသည့်အတွက် ပြည်သူများစွာ အခက်ခဲ ရင်ဆိုင်ကြုံတွေ့နေရကြောင်းစုံ စမ်းသိရသည်။

မြန်မာနိုင်ငံသည် လက်ရှိ ကူးစက်မှုနှုန်းမြန်ဆန်ပြီး သေဆုံးမှုနှုန်းများသည့် ကိုဗစ်-၁၉ တတိယလှိုင်းကို ပြည်သူများ ကိုယ်ထူ ကိုယ်ထ နေအိမ်မှာ ကုသပြီး၊ အစားအသောက်နှင့် ဆေးဝါးကို အလုအယက်ကြိုဝယ်နေရပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သျှမ်းပြည်လူထုများက ပြောဆိုသည်။“တစ်ချို့ ဆေးဆိုင်တွေက ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်က သိပ်မရှိ တော့ တစ်ချို့က ကြိုမှာတာတွေရှိတယ်။ တစ်ချို့က တန်းစီပြီး အလှည့်ကျ ဝယ်ရတာတွေရှိတယ်”ဟု သီပေါ ဒေသခံတစ်ဦး က ပြောသည်။ လက်ရှိ သျှမ်းပြည်တွင်လည်း အခြေခံ စားသောက်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား ကြက်ဥဈေးတို့လည်း သိသိသာသာ မြှင့်တက်လာပြီး၊ ကြက်ဥဈေး ယခင်က ၁ လုံး (၁၂၀) မှ ယခုဈေး တစ်လုံး (၁၇၀) အထိ ရုတ်တရက် ဈေးတက် လာကြောင်း သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နေထိုင်သည့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီး က ဆိုသည်။

“လက်လုပ်လက်စားတွေက ကိုဗစ် ကြောင့် အပြင်မှာ အလုပ်ကောင်းကောင်း ထွက်လုပ်လို့မရ။ အိမ်တွေ တော်တော်များများ အပြင်လူတွေ အဝင်မခံပါတော့ဘူး။ ကုန်ဈေးနှုန်းတွေတက် ကျန်းမာရေး၊ ပညာရေး နှောင့်နှေးကုန်ပြီ။ မဖြစ်မနေ အလုပ် ထွက်လုပ်ရပေမယ့် စိုးရိမ်မှုတွေလည်း များတယ်။” ဟု အသက် (၄၀) ဝန်းကျင် မိုင်းကိုင် ဒေသခံအမျိုးသားတစ်ဦး ကပြောပါ တယ်။ “ရောဂါ ကြောက်ပြီး နေအိမ်မှာနေချင်ပေမယ့် စားဝတ်နေရေးအတွက် ထွက်ပြီးအလုပ်လုပ်ရအုံးမှာပဲ”ဟု တောင်ကြီး ဒေသခံအမျိုးသမီး ဈေးသည်တစ်ဦး ကပြောသည်။ ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်မှာ သျှမ်းပြည်လူထု အများအပြားခံရပြီး သေဆုံးမှုနှုန်းလည်း မြင့်တက်နေသော်လည်း တချို့မှာ စားသောက်ကုန်ကို အဆမတန်ဈေးမြင့်ရောင်းချနေသည့်အပေါ် အလွန်ပင် စိတ်မကောင်းကြောင်း သျှမ်းလူထုက ပြောဆိုသည်။

၂၈။ မြန်မာ-ဘင်္ဂလာနယ်စပ် ကျေးရွာအများအပြား ရေနစ်မြုပ်၊ ဆက်သွယ်ရေးများ ပြတ်တောက်နေ
July 28, 2021

မြန်မာ-ဘင်္ဂလာနယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နေသဖြင့် အနည်း ဆုံး ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၃၀၀ ကျော်ခန့် ရေနစ်မြုပ်နေကြောင်း သတင်းရရှိသည်။ ၎င်းပြင် ရွာပေါင်း ၃၀ ကျော် ဆက်သွယ်အသုံးပြုနေသည့် တံတား ၃ စင်းလည်း ရေစီးနှင့်အတူမျောပါသွားကြောင်း သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက နိရဉ္စရာသတင်းဌာနကို ယမန်နေ့ညနေပိုင်းက ပြောကြားသည်။

သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက “ကျွန်တော်တို့ရွာက အိမ်ခြေ ၁၈၁ အိမ်လောက်ကတော့ ရေကြီးတဲ့ အထဲပါသွားပြီ။ အပျက်အစီးကိုတော့ လိုက်ပြီးစာရင်းကောက်ဖို့ အခက်အခဲတွေရှိနေသေးတော့ သေချာမသိသေးဘူး။ ရေတက် နေတာကတော့ ၅ ပေကျော်ရှိမယ်။ ကျွန်တော်တို့ကို အစိုးရကဆောက်ပေးထားတဲ့ မြေညီအိမ်ထဲတွေကိုတောင် ဝင်လို့မရတော့ ဘူး။ အခု ဝါးဖောင်လှေတွေ အသုံးပြုပြီးသွားနေရတယ်”ဟု ပြောသည်။ လောလောဆယ်တွင် စာရေးသောက်ရေး အခက်အခဲ မရှိသေးကြောင်း၊ ရေကြီးသည့်အထဲတွင် ပါမသွားသည့်နေအိမ်များမှရိက္ခာများဖြင့် အသုံးပြုစားသောက်နေရသည်ဟုဆိုသည်။

“လောလောဆယ်မှာ ရေကြီးတဲ့အထဲ မပါသေးတဲ့ အိမ်အလုံး ၂၀ လောက်ရှိသေးတယ်။ အဲဒီအိမ်တွေမှာရော၊ ဘုန်းကြီး ကျောင်းတွေမှာပါ စုပေါင်းဝေမျှပြီး စားနေကြရတယ်။ ဘုန်းကြီးကျောင်းမှာ ရွေ့ပြောင်းပြီး နေကြရတယ်။ ရွာမှာတော့ လူဦးရေ က ၁၂၁၄ ဦးရှိတယ်။ လောလောဆယ် အဆင်ပြေနေသေးပေမဲ့ စုဆောင်းထားတဲ့ဆန်ကအစ စားနပ်ရိက္ခာတွေအကုန် ရေထဲပါ သွားတော့ နောက်တစ်ရက်နှစ်ရက်ဆိုရင် စားရသောက်ရ အခက်အခဲရှိလာနိုင်တယ်။ နောက်ပြီး တံတား ၃ စင်းလည်း ရေကြီး တဲ့အထဲပါသွားပြီ လုံးဝတောင်မမြင်ရတဲ့အခြေအနေမှာရှိတယ်” ဟု ပြောသည်။ “အခု ညနေပိုင်းမှာဘဲ မီးတိုက်ကျေးရွာမှာ အိမ်ခြေ ၄၀ ရေကြီးတဲ့အထဲ ပါသွားပြန်ပြီ။ လူ အသေအပျောက်ကတော့ မရှိဘူး။ ဘုန်းကြီးကျောင်းမှာ နေရာပြောင်းရွေ့ ထားတာ မြန်သွားလို့ပေါ့နော်။ လောလောဆယ်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီထောက်ပံ့ပေးတာတွေ မရှိသေးဘူး။ ဒါပေမဲ့ မယူဒေသ သံဃာ့သမဂ္ဂအဖွဲ့ကတော့ ကူညီကယ်ဆယ်ပေးသွားဖို့ စီစဉ်နေကြတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

၂၉။ လှိုင်းဘွဲမြို့နယ် ကော့မြတ်ကြီးရွာတွင် ကလေးငယ်နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွား
July 29, 2021

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကော့မြတ်ကြီးကျေးရွာတွင် ရေကြီးသည့်အတွက် ဇူလိုင် ၂၉ ရက်၊ ညနေ ၃ နာရီခွဲ အချိန်ခန့် တွင် ကလေးငယ်နှစ်ဦး မတော်တဆ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားထံမှ သိရ သည်။

အဆိုပါ ရေနစ်သေဆုံးသည့် ကလေးငယ်၂ ဦးမှာ အသက် (၄)နှစ်အရွယ်နှင့် အသက် (၁)နှစ်အရွယ် မိန်းကလေး များဖြစ်ပြီး မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြ၍ အဖွားဖြစ်သူနှင့်အတူ ရွာတွင်နေထိုင် လျက်ရှိကာ အဖွားဖြစ်သူ အပြင်သွားသည့်အချိန်တွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကော့မြတ်ကြီး ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “ သူတို့ နေတဲ့အပိုင်းမှာ နည်းနည်းနိမ့်တယ်။ သူ့အဖွားက ရွာထဲမှာ နွားစာသွားကျွေးရင်း ဆိုင်မှာ စားစရာတွေသွားဝယ်တာ အချိန် တော့ နည်းနည်းကြာသွားတယ်။ ပြန်ရောက်တော့ ကလေးက ရေထဲမှာ ဆုံးသွားပြီး။ ကလေးတွေဆိုတော့ သတိမထားမိတဲ့ အချိန်မှာရေထဲဆင်းကစားလို့ဖြစ်မယ်။ သူ့အဖွားလည်း ဒီလိုဖြစ်မယ်လို့မထင်ထားဘူးလေ” ဟု ကေအိုင်စီသို့ပြောသည်။

ကော့မြတ်ကြီးရွာတွင် ယခုလို ရေကြီးမှုမရှိသည်မှာ ၂ နှစ် ရှိပြီးဖြစ်သလို ယခုနှစ်ကြီးသည့်ရေသည် ယခင်နှစ်များထက်ပိုကြီး သည့်အပြင် ၎င်းသေဆုံးသည့် ကလေး၂ ဦး၏ နေအိမ်ကလည်း မြေနိမ့်ပိုင်း နေရာတွင်ရှိသည်ဟု ထိုကော့မြတ်ကြီးဒေသခံက ဆက်ပြောသည်။ အဆိုပါကျေးရွာသည် လှိုင်းဘွဲချောင်းနှင့် မနီးမဝေးတွင်တည်ရှိပြီး လှိုင်းဘွဲချောင်းမှတစ်ဆင့် ရေကြီးရေ လျှံသည့်အတွက် ကျေးရွာအတွင်း ယခုလိုရေဝင်ရောက်ခြင်းဖြစ်သည်ဟု ဒေသခံ ရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

၃၀။ မင်းဘူး-အမ်းကြားလမ်းတွင် ကားလမ်းချော် ပိတ်ဆို့မှုကို မိုးရာသီရောက်တိုင်း နှစ်စဉ်ကြုံတွေ့နေရ
July 29, 2021

ပြည်မဖက်မှ ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှုလုပ်ဆောင်ရာတွင် အသုံးပြုမှုအများဆုံးလမ်းဖြစ်သည့် မင်းဘူး-အမ်း ကားလမ်းမမှာ နှစ်စဉ်နှစ်တိုင်းမိုးရာသီဆိုလျှင် ကားလမ်းချော် ပိတ်ဆို့မှုများကို ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။ ယခုကဲ့သို့ ကားလမ်းပိတ်ဆို့မှုများကြုံတွေ့ရခြင်းမှာ ကားလမ်းများကို မိုးရာသီမတိုင်မှီ ပြုပြင်ခြင်းများမ လုပ်ဘဲ မိုးရွာသွန်းသည့် အချိန်မှ လာရောက်ပြုပြင်သည့်အနေအထားဖြစ်သည့်အတွက် အခုကဲ့သို့ အခက်အခဲဖြစ်ရခြင်းဖြစ် ကြောင်း ကားသမားများကပြောသည်။

မန္တလေး-စစ်တွေကားမောင်းသည့် ယာဉ်မောင်းကိုဝင်းလှိုင်က “မိုးရာသီဆိုရင် နှစ်တိုင်းဖြစ်နေကျ၊ ရခိုင်ပြည်မှာတော့ လမ်း တိုင်းလိုလိုတွေ့တာပဲ၊ ဒီလမ်းတွေကလည်း မိုးရာသီရောက်မှ လမ်းခင်းတာဆိုတော့ မြေသားဖို့တာတွေက ချော်ပြီး ဖြစ်တာလေ၊ သူတို့က နွေရာသီမှာ လမ်းကိုပြင်ရမယ့်ဟာကို ဒီမိုးတွင်းရောက်မှ မြေတွေဘာတွေခင်း၊ အောက်ကကျောက်ခဲမခံဘဲ လုပ်တော့ မိုးရွာရင်လျော်တာပေါ့ဗျာ”ဟု ပြောသည်။ မင်းဘူး-အမ်းလမ်းမမှာ တစ်လမ်းမောင်းဖြစ်သည့်အတွက် ယာဉ်တစ်စီးဆင်း လာချိန်တွင် အခြားတစ်စီးမှ စောင့်နေရသည့် အနေအထားတွင်ရှိကြောင်းလည်း ယာဉ်မောင်းများက ဆိုကြသည်။

အဆိုပါ လမ်းပခုံး(ကားလမ်းမဘေးဖက်)တင်ထားသည့် မြေသားများမှာ ကားဘီးများတွင်ကပ်ပါလာပြီး မြေချော်ခြင်းများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ကေသီးဦးယာဉ်လိုင်းမှ ဂိတ်မှူး ဦးမောင်ဝင်းချေ ကပြောသည်။“ကတ္တရာလမ်းဘေး၊ ကွန်ကရစ်လမ်းဘေးတွေမှာ ဟိုဖက်ဒီဖက် သုံးပေလုပ်ရတာရှိတယ်။ အဲဒီပြဿနာတွေကြောင့် မြေကြီးတွေက လောလောစဉ်မှာ ကားကြီးတွေက ဘေးကိုချပြီးရှောင်ရတယ်။ အဲဒီအချိန်မှာ တာယာတွေမှာ ရွံ့တွေရောပါလာတယ်၊ မိုးကလည်း ပုံမှန်ရွာတာမျိုး မဟုတ်ဘဲ မြေတွေကကားလမ်းထက် ရောက်သွားတော့ တာယာတွေချော်တာများတယ်”ဟု ဆိုသည်။ ယခုကဲ့သို့ နှစ်စဉ် နှစ်တိုင်း ကြုံနေရသည့် အခက်အခဲကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို မေးမြန်းရာတွင် အခုကားပိတ်နေသည့်အတွက် နောက်မှ ပြန်ဆက်ပေးမည်ဟု ပြောဆိုသည်။

၃၁။ ရေးမြို့နယ် အစင်ကျေးရွာနေအိမ် ၁ အိမ်တွင် ဗုံးပေါက်ကွဲ
30 July, 2021

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ နယ်မြေ (၇) ရပ်ကွက်က နေအိမ်တလုံးမှာ ဇူလိုင် ၂၉ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် လောက်က ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်ဆိုပြီး ဒေသခံတွေက သတ်မှတ်ထားတဲ့ ဦးမောင်အုန်းအိမ်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီသတင်းပေးဆိုပြီး ပစ်မှတ်ထား ဗုံးဖောက်ခွဲခံရတာ အစင်ကျေးရွာမှာ အခုတစ်ကြိမ် နဲ့ဆို နှစ်ကြိမ်ရှိပြီလို့ ဆိုပါတယ်။ ရေးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု ၁၈ အကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်း၊ ပညာရေး မှူးရုံး၊ အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်၊ ရဲစခန်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်တွေပါ ဗုံးဖောက်ခွဲခံထားရပြီး အနည်း ဆုံး လူ ၈ ဦးလောက် ဒဏ်ရာရှိခဲ့ထားပါတယ်။ ဗုံးပေါက်ကွဲ ဖြစ်စဉ်တိုင်းကို ဘယ်အဖွဲ့အစည်းမှ တရားဝင်ဝန်ခံပြောဆို ထားတာ မရှိသေးပါဘူး။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Federal Journal