• Today is: Saturday, April 20, 2024

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

၁။ ဒေါ့ဖုန်းယန်မြို့အနီး တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးမှု များပြား
4 June 2021

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့အနီးတွင် ယမန်နေ့က အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ အယောက် ၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၃ ရက် နေ့ မနက်ပိုင်း ၁၀နာရီဝန်းကျင်ခန့်က ဗန်းမော် လမ်းမကြီးအတိုင်း နွမ်လန့်ကျေးရွာမှ ဒေါ့ဖုန်းယန်သို့ တက်လာသော အာဏာသိမ်းစစ်တပ် အင်အား ၁၅၀ ခန့် ကို ဒေါ့ဖုန်းယန် မရောက်မှီ အူထန်ယန်ကျေးရွာအနီးတွင် KIA တပ်ရင်း ၁၉ အဖွဲ့ က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် သေဆုံးသွားသူများကို ဒေါ့ဖုန်းယန် နှင့် နွမ်းလန့်ရှိ စစ်အင်အားတစ်ချို့ ထပ်မံရောက်ရှိလာပြီး ယမန်နေ့ညနေ ပိုင်းက လာရောက် သင်္ဂြုလ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။“မနေ့ကတိုက်ပွဲမှာ စစ်တပ်ဘက် ထိခိုက်ဒဏ်ရာရ သူနဲ့ သေဆုံးသူ အားလုံး ၂၀ကျော်တယ်တဲ့။ တိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှာ ဒေါ့ဖုန်းယန်နဲ့ နွမ်လန့်ဘက်က စစ်သားတစ်ချို့ပြန် ရောက်လာပြီး ဒဏ်ရာရတဲ့သူတွေကို လာကယ် ထုတ်တယ်။ သေဆုံးသွားတဲ့သူတွေကိုတော့ အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာ မှာဘဲ သင်္ဂြုလ်သွားတယ်လို့ သိရတယ်။ မိုးချုပ်ခါနီး ၅နာရီလောက်မှ ဒေါ့ဖုန်းယန်ဘက်ပြန်တက်သွားကြတယ်တဲ့” ဟု ပြော ဆိုသည်။ အဆိုပါ တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ကျဆုံးမှုများပြီး လက်နက်တချို့ကိုလည်း KIA က သိမ်းယူ နိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းများမှ သိရသည်။

ဒေါ့ဖုန်းယန်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်ဖြင့် နီးကပ်ပြီး အလောဘွမ်တောင်ခြေတွင် တည်ရှိ သော ကျေးရွာလည်း ဖြစ်သည်။ လက်ရှိ ထိုနေရာတွင် အာဏာသိမ်းစစ်တပ်ဘက် တပ်မ ၈၈ နှင့် ၇၇ တို့မှ စစ်အင်အား ၈၀၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။

၂။ သျှမ်းတပ် (၂)တပ် တိုက်ပွဲရပ်တန့်ပေးရန် ကျေးသီး ပြည်သူတောင်းဆို
June 3, 2021

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ ဒေသခံများသည် စိုက်ပျိုးရေး လုပ်ကိုင်ရမည့်အချိန်ဖြစ်သဖြင့် သျှမ်းတပ် (၂)တပ် တိုက်ပွဲ မဖြစ်ရန် မေတ္တာရပ်ခံတောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ လက်ရှိ အချိန်ကာလသည် စိုက်ပျိုးရေးလုပ်ဆောင်ရမည့် အချိန်ဖြစ်ပြီး၊ သျှမ်းတပ်(၂)တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSAတို့သည် ဇွန် (၁)ရက်မှ စတင်ကာ ကျေးသီးမြို့နယ် နှင့်မိုင်းနောင်ကြား လွိုင်ဟွန်းတောင်အနီးတွင်ထိုးစစ်ဆင်ကြသဖြင့် ပြည်သူများကတိုက်ပွဲရပ်တန့်ရန်တောင်းဆိုလိုက်သည်။

(ဇွန် ၃)ရက် မနက်ပိုင်း အချိန်ထိ သျှမ်းတပ်(၂)တပ် ပစ်ခတ်သံကြားနေရသေးကြောင်း လည်း ကျေးသီးမြို့ဒေသခံ များက ပြောသည်။“ဒီနေ့ မနက်လည်း ၁ ချက် ၂ ချက်လောက် အသံတွေ ကြားနေရတယ်။ သျှမ်းတပ် (၂) တပ်ကို တိုက်ပွဲတွေ အမြန်ရပ်ပေးဖို့ တောင်းဆိုချင်တယ်။ ခုစိုက်ပျိုးရာသီလည်းဖြစ်တယ်တော့”ဟု ကျေးသီး စစ်ဘေးရှောင်တစ်ဦး က သျှမ်းသံ တော်ဆင့် ကိုပြောသည်။ သျှမ်းတပ် (၂)တပ်သည် အပြန်အလှန် နယ်မြေကျုးလွန်သည် ဟုဆိုသည့် အကြောင်းပြချက်ဖြင့် တိုက်ပွဲဖြစ်ကြသည့်အတွက် ဒေသခံ (၂၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ထိုထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မွေးဖွားစ မိခင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း သိရသည်။

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) တပ်ကို သျှမ်းသံဃာများ၊ သျှမ်းပြည်သူများက တိုက်ပွဲရပ်တန့်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ သော်လည်း ထူးခြားလာခြင်းမရှိဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ကို သိရှိရသည်။

၃။ ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို
2 June 2021

ကချင်ပြည်နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်ရန် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ ဖွဲ့စည်းမည်ဆိုပါက ကချင်လွတ် လပ်ရေး တပ်မတော် (KIO/KIA) ၏ လက်အောက်တွင်သာ ဖွဲ့စည်းလှုပ်ရှားရမည်ဟု KIA က ပြောသည်။ KIA ၏ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “KIO အုပ်ချုပ်နယ်မြေမှာ ဆိုရင်တော့ KIO ရဲ့လက် အောက်ခံပဲ ဖြစ်ရမှာ။ KIO နဲ့ ဆက်စပ်မှု ရှိရမှာ။ မရှိဘဲနဲ့ သူတို့ဘာသာ သူတို့ လှုပ်ရှားတာက အဆင်မပြေလောက်ပါဘူး။ PDF ဖွဲ့မယ်ဆိုရင်တော့ ကျနော်တို့ KIO လက်အောက်မှာပဲ ရှိရပါမယ်။ ဒါက KIO ရဲ့ မူကို ပြောတာပါ” ဟု ဆိုသည်။

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့သစ် တဖွဲ့ထပ်မံ ပေါ်ပေါက်လာပါက အနာဂတ်တွင် စစ်ရေးအရ၊ နိုင်ငံရေး အရ ပြဿနာများ ရှုပ်ထွေးလာနိုင်သဖြင့် PDF များ ဖွဲ့စည်းမည်ဆိုပါကလည်း KIO/KIA လက်အောက်ခံအဖြစ်သာ ဖွဲ့စည်း ရန် KIO ဗဟိုက မူချမှတ်ထားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ ဆက်လက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့က ကချင်ပြည်နယ်ရဲ့လုံခြုံရေးအတွက် KIO/KIA ကပဲ အဓိက ဖြစ်ပါ တယ်။ အခြား လက်နက်ကိုင်တဲ့ အဖွဲ့တွေ ပိုထွက်လာရင် ကချင်နယ်မြေမှာ ပိုရှုပ်ထွေးသွားမှာကို ကျနော်တို့ စိုးရိမ်လို့ ဖြစ်ပါတယ်” ဟု ပြောသည်။ KIA က ကချင် ပြည်နယ်တွင်း PDF ဖွဲ့မည်ဆိုပါက ၎င်းတို့လက်အောက်တွင်သာ ဖွဲ့စည်းရမည်ဖြစ်ကြောင်း မူချမှတ်ထားသည့် အပေါ်တွင် NUG ၏ သဘောထားအား မေးမြန်းရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

ကချင်ပြည်နယ်တွင်း စစ်သင်တန်းတက်ပြီး နေရပ်သို့ ပြန်လာကာ PDF ဖွဲ့စည်းရန် စောင့်ဆိုင်းနေသည့် လူငယ်များလည်း ရှိ နေသည်။ သို့သော် ယနေ့ထိ ကချင်ပြည်နယ်တွင်း PDF အဖြစ် တရားဝင် ဖွဲ့စည်းခြင်း မရှိသေးပါ။ ကချင်ပြည်နယ်တွင်း စစ် သင်တန်းတက်ထားသည့် လူငယ်တဦးက “ကျနော်တို့ထဲမှာ PDF ဖွဲ့စည်းရင် အဆင်သင့်ဖြစ်ဖို့ အတွက် သင်တန်းတက်ပြီး စောင့်ဆိုင်းနေတာတော့ ရှိတယ်။ ဒါပေမယ့် အခုထိ တရားဝင်ဖွဲ့ဖို့တွေ ဘာမှ အချိတ်အဆက် မရှိ ကြသေးဘူး။ ကျန်တာက တော့ လုံခြုံရေးအရအများကြီး မပြောချင်ပါဘူး။ တကယ်လို့ လုပ်မယ်ဆိုလည်း ကျနော်တို့က ဖောက်ခွဲရေးလောက်ပဲ လှုပ်ရှားနိုင်မှာ။ သူတိုက် ကိုယ်တိုက် တိုက်ဖို့ကတော့ လက်နက်တွေ လိုတယ်”ဟု ပြောသည်။

၄။ ချင်းပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ခြောက်ဦးရှိလာ၊ ကလေးမြို့မှာလည်း ပိုးတွေ့လူနာ တွေ့ရှိ
3 June, 2021

ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီးခါးမြို့မှာ ကိုဗစ်ကြောင့် မေလ ၃၀ ရက်နေ့က ကိုဗစ်ရောဂါနဲ့ ကိုယ်ဝန် ဆောင် တစ်ဦး သေ ဆုံးခဲ့ပြီး ဇွန်လ ၁ ရက်နေ့ကလည်း ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးနဲ့ ဒီနေ့ သုံးဦး သေဆုံးခဲ့ပါတယ်။ ဖလမ်းမြို့ မှာလည်း ဇွန် ၂ ရက် မနေ့က ပိုးတွေ့သူတစ်ဦး သေဆုံးခဲ့တာကြောင့် ချင်းပြည်နယ်မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ခြောက်ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ဇွန် ၃ ရက် နောက်ဆုံးတွေ့ရှိချက်အရ ချင်းပြည်နယ်မှာ စုစုပေါင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၈၃ ယောက်ရှိနေပြီလို့ သိရပါတယ်။

တွန်းဇံနဲ့ ကျီးခါးမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ ၁၆၇ ယောက်ရှိလာနေပြီး ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဆေးဝါးနဲ့ ကုသရေးပိုင်းမှာ ဝန်ထမ်းမလုံမလောက်ဖြစ်နေရတယ်လို့ တွန်းဇံ ဆေးရုံအုပ်ကြီးက RFA ကို ပြောပါတယ်။“လောလော ဆယ်တော့ ၁၆၇ ယောက်ရှိပြီ။ ပြီးတော့ ဒီနေ့မနက်မှာ ကျီးခါးမှာ နှစ်ယောက် ဆုံးသွားတယ်။ တွန်းဇံမြို့နယ်မှာတော့ စုစုပေါင်း ယောက်ယောက်ရှိသွားပြီးပေါ့။ တွန်းဇံမြို့နယ်ကို Home Stay သတ်မှတ်ထားတယ်။ ပြီးတော့ အခုလောလော ဆယ်တော့ ဖျားနာလူနာတော့ များနေတယ်။ အခုကတော့ ဝန်ထမ်းအင်အား မလုံလောက်တာရယ်၊ ဆေးပစ္စည်းပေါ့။ ဆေး ပစ္စည်းဆိုတာက အောက်ဆီဂျင်တို့ ဘာတို့ တော့ လုံလောက်ပါတယ်။ အလှူရှင်တွေ လှူထားတာရှိတယ်။ ဆေးဝါးလိုအပ်မှု တော့ အခက်အခဲကြုံနေ ရတယ်”တွန်းဇံနဲ့ ကျီခါးမြို့နယ်ထဲက ကိုဗစ်ရောဂါဖြစ်ပွားသူတွေဟာ မေလ ၁၁ ရက်နေ့လောက် ကတည်းက ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ အနံ့မရတာ၊ အသက်ရှု ရခက်တာတွေရှိရပြီး တွန်းဇံမြို့နယ်ဆေးရုံနဲ့ ကျီခါးတိုက်နယ်ဆေးရုံကို မေလ ၂၇ ရက်နေ့ ကစပြီး ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့မှာလည်း မေလ ၂၀ ရက်နေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိလာခဲ့ပြီး စုစုပေါင်း ၁၆ ဦး ရှိနေပြီလို့ ဖလမ်းမြို့ခံတစ်ဦးက ဆိုပါတယ်။“ဖလမ်းကတော့ မနေ့က သေတာ။ မြို့ပေါ်ကပဲ။ ၅၃ နှစ်အရွယ် အမျိုးသမီး ပေါ့။ ဇွန် ၁ ရက်နေ့မှာ စစ်တော့ ကိုဗစ်ပိုး တွေ့တယ်။ ဇွန် ၂ ရက်နေ့မှာ ဆုံးသွားတယ်။ ရောဂါတွေ့တဲ့ အိမ်တွေကိုတော့ Stay At Home ပေါ့။ Lockdown ချထားတယ်။ အပြင်မထွက်ခိုင်းဘူး”ကလေးမြို့မှာလည်း ဝယ်စလီ ပုဂ္ဂလိကဆေးရုံ တစ်ခုကနေ ကိုရိုနာဗိုင်းရပ်ပိုးတွေ့သူ ခြောက်ဦး တွေ့ခဲ့ရပြီး ဆေးရုံဝန်ထမ်း ရှစ်ဦးမှာလည်း အဲဒီပိုးတွေ့ထားလို့ ဆေးရုံကို ယာယီပိတ်ထားရပါတယ်။လူနာတွေထဲက သံသယရှိသူတွေကို စစ်ဆေးရုံကိုလွှဲလိုက်ရာကနေ ပိုးတွေ့ခဲ့တာဖြစ်တယ်လို့ ဝယ်စလီ ဆေးရုံအုပ်ကြီး ဒေါက်တာ Dr Lalfakzualaက ပြောပါတယ်။

၅။ ကချင်ပြည်နယ်အစိုးရကို ဗမာနိုင်ငံရေးအင်အားစုတွေမပါဘဲ ဖွဲ့စည်းမယ်လို့ (KNO) ထုတ်ပြန်
3 June, 2021

ကချင်ပြည်နယ်အစိုးရကို မည်သည့်ဗမာ့နိုင်ငံရေး အဖွဲ့အစည်းနဲ့ ဗမာ့နိုင်ငံရေးအင်အားစုတွေရဲ့ ဦးဆောင်မှု အောက်က ဖြစ်ဖြစ် လက်တွဲပြီးဖြစ်ဖြစ် ဖွဲ့စည်းပေးဖို့မလိုဘဲ၊ ကချင်ပြည်သူလူထုနဲ့ ကချင်နိုင်ငံရေးအဖွဲ့ အစည်းတွေအကြားမှာပဲ လွတ် လပ်စွာဆွေးနွေးတိုင်ပင်ပြီး ဖွဲ့စည်းမယ်လို့ ကချင်အမျိုးသားအစည်းအရုံး (KNO) က မေ ၃၁ ရက် ရက်စွဲနဲ့ ဇွန်လ ၂ ရက် နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Kachin Political Interim Coordination Team (KPICT) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)တို့ကြား မေလ ၂၇ ရက်နေ့ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ၊ နှစ်ဖက်သဘောတူညီချက်နဲ့ ကချင်ဒေသ အစိုးရဖွဲ့ စည်းဖို့ လုပ်ဆောင်လာတာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်လို့ KNO ရဲ့ ကြေညာချက် မှာပါရှိပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ယောက်၊ နှစ်ယောက်ရဲ့ တာဝန်ပေးခြင်းခံရသူတွေက ကချင် တစ်မျိုး သားလုံးကို ကိုယ်စားပြု ပြောဆိုဆွေးနွေးဖို့အတွက် ဗမာလူမျိုးတွေ ဦးဆောင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်နေတာဟာ ကချင်တစ်မျိုးသားလုံးရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ သွေဖီနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ KPICT နဲ့ CRPH တို့ ပူးပေါင်းပြီး ကချင်ဒေသအစိုးရဖွဲ့မယ်ဆိုတာ လက်ရှိကြားကာလ ပြီးဆုံးတဲ့ အထိသာ ဖြစ်တယ်လို့ KPICT အဖွဲ့ပြောရေးဆို ခွင့်ရှိသူ ဂွန်ဆန်အောင်က RFA ရဲ့ မေလ ၂၈ ရက်နေ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။ ကချင်အမျိုးသားအစည်းအရုံး (KNO) ဆိုတာ ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ကချင်နိုင်ငံရေးအဖွဲ့ အစည်း တစ်ခုဖြစ် တယ်လို့ သိရပါတယ်။

၆။ မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
2 June 2021

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ဝေါလေနှင့် ဖလူးတွင် အာဏာသိမ်းစစ်တပ်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်တို့ပူး ပေါင်းပြီး ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်များနှင့် ဇွန်လ ၁ ရက်နေ့ကစပြီး တိုက်ပွဲများဖြစ်ပွားနေသည်။ တော်လှန်ရေးတပ်များဘက်တွင် မြဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ခွဲထွက်အဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ BGF ခွဲထွက် အဖွဲ့များနှင့် အတူ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မြ၏ သားဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ပါဝင်သည်။

KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက “အခုကတော့ လူထုတချို့လည်း ပါတယ်။ အခုကတော့ အချိန်တန်ပြီ။ အားလုံးအောင်မြင်အောင် တိုက်ပွဲဝင်ကြပါ။ အခုကတော့ ကျနော်တို့အတွက် အချိန်ကောင်းတဲ့အတွက် အခုလုပ်ကြဖို့ပဲ။ စကားတွေ များများမပြောရဘူး။ လုပ်ဖို့ပဲ။ ခြေညီ၊ လက်ညီနဲ့ စုစုစည်းစည်းလုပ်ကြဖို့ပဲ။ တိုက်ပွဲအခြေအနေကတော့ ကျနော် တို့ ပြောလို့မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များက ပုခုံးထမ်းလောင်ချာ (RPG) ဖြင့် ဝေါလေ ရဲစခန်းကို စတင်ပစ်ခတ်ပြီးနောက် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံအရပ်သားများလည်း သောင်းရင်း မြစ်တဘက်ရှိ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်း ဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ဝေါလေမြို့ တိုက်ခိုက်မှုအတွင်း BGF တပ်ဖွဲ့ဝင်အချို့သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်ရှိကြောင်း ၎င်းက ပြောသည်။ တိုက်ပွဲအတွင်း BGF တပ်ဖွဲ့ဝင်များ ပါဝင်နေမှုနှင့် ပတ်သက်၍ မေးမြန်းရန် BGF တပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ၎င်း ခရီးဝေးရောက်နေသဖြင့် တိုက်ပွဲဖြစ်ပွားမှုများကို သေချာမသိကြောင်း ပြောသည်။ လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်ရှိ မဲ့ကော်ကေး ဒေသဘက်သို့ ထွက်ပြေးလာသော စစ်ဘေးရှောင် စုစုပေါင်း ၄၀၀ ကျော်ခန့်ရှိနေပြီး အရေအတွက် ထပ်တိုးလာနိုင်ချေလည်းရှိကြောင်း စစ်ဘေးရှောင်အချို့ထံမှ သိရသည်။

၇။ ပုဏ္ဍားကျွန်းတွင် ကောက်ရသည့်ဗုံးကို ထုခွဲကြည့်ရာက ပေါက်ကွဲပြီး ၄ ဦး သေဆုံး
4 June, 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့၊ စံပြရပ်ကွက် မြို့ပတ်လမ်းမှာ ဇွန်လ ၄ ရက် ဒီနေ့ မနက် ၂ နာရီလောက်က ဗုံးတစ်လုံး ပေါက်ကွဲပြီး ဒေသခံ အမျိုးသား ၄ ယောက် သေဆုံးသွားပါတယ်။

သေဆုံးသွား ၄ ယောက်ဟာ မနေ့ညက ဖားရှာသွားခဲ့ကြပြီး ပြန်လာရာလမ်းမှာ ဗုံးတစ်လုံးတွေ့လို့ ကောက်ယူခဲ့ကြပြီး နောက် တစ်ဦးကဗုံးကို ထုကြည့်ရာမှ ပေါက်ကွဲပြီး သေဆုံးသွားကြတာလို့ ပုဏ္ဍားကျွန်းနယ်ခံ သတင်းထောက်တစ်ဦးက ပြောပါတယ်။“သူတို့ကညဘက် ဖားရှာရင်းနဲ့ ကြောင်တစ်ကောင်ရခဲ့တယ်။ အဲဒီကပြန်လာကြတော့ လမ်းမှာဗုံးတွေ့လို့ ကောက်လာကြတယ်။ ပုဏ္ဍားကျွန်းမြို့ဆေးရုံနောက်က မြို့ပတ်လမ်းမှာရှိတဲ့ တံတားမှာ မီးဖိုပြီးတော့ ရလာတဲ့ကြောင်ကို ကင်တယ်။ အဲဒီအချိန်မှာပဲ ကောက်လာတဲ့ဗုံးကို တစ်ယောက်က ထုလိုက်တော့ပေါက်ကွဲသွားတယ်။ လေးယောက်စလုံး သေသွားတယ်”။

အန်အယ်လ်ဒီအစိုးရလက်ထက် ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ အကြား ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာသိမ်းထားချိန် လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်သက်သွားပြီဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေမှာ မကြာခဏဆိုသလို စစ်ကျန်လက်နက်ပေါက်ကွဲမှုတွေ ဖြစ်ပွားကာ လူသေဆုံးတာတွေနဲ့ ပြင်းထန်ဒဏ်ရာ တွေရှိလာနေပါတယ်။

၈။ မိုးဗြဲဒေသခံ (၂)ဦး သေနတ်ပစ်ခတ်ခံရ၊ ဒဏ်ရာပြင်းထန်
June 3, 2021

သျှမ်း-ကယား( ကရင်နီပြည်) နယ်စပ် သျှမ်းတောင် မိုးဗြဲမြို့တွင် (ဇွန် ၂)ရက် ည ၇ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ တပ် သားသည် အရပ်သား (၂)ဦးကို သေနတ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန် ၂)ရက် ည (၇)နာရီတွင် မိုးဗြဲမြို့တွင်း လမ်းလျှောက်သွားလာနေသည့် အသက် (၃၅)နှစ် အရွယ်ရှိ အမျိုးသား (၂)ဦးကို စစ်ကောင်စီ အုပ်စု က တစုံတရာ မေးမြန်းခြင်းမပြုဘဲ သေနတ်ဖြင့် ပစ်ခတ်မှုပြုလုပ်ကာ အရပ်သား (၂) ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် မိုးဗြဲဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ စနိုက်ပါ (Sniper )နဲ့ပစ်တယ်လို့ယူဆလို့ရတယ်။ ဒဏ်ရာကတော့ ပါး ကျည်ဖောက်ဝင်တယ်။ နောက်တယောက်က ချိုင်းအောက် ကျည်ဆန်ဝင်တယ်။ ဒဏ်ရာတွေက ပြင်းတယ်။ အခုထိတော့ အသက်ရှင်နေသေးတယ်”ဟု မိုးဗြဲဒေသခံ ကပြောသည်။

စစ်ကောင်စီ အုပ်စု လမ်းသွားလမ်းလာများကို သေနတ်ပစ်ခတ်သည့်အချိန်သည် ည(၇)နာရီအချိန်သာရှိသေးကြောင်း၊ ညမ ထွက်ရ အမိန့်အချိန်မဟုတ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ အုပ်စုသည် အရပ်သားပြည်သူများကို ရန်သူသဖွယ်ပြုမူပြီး ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေသည့်ပုံစံဖြစ်နေကြောင်းလည်း မိုးဗြဲဒေသခံများက ပြောဆိုလိုက်သည်။

၉။ တံတားအမည်ပြောင်းပွဲ မွန်ဝတ်စုံဖြင့် တက်ရန် ငွေပေးငှားရမ်းမှုများ ရှိခဲ့ဟုဆို
4 June 2021

ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို သံလွင်တံတား (ချောင်းဆုံ) ဟု စစ်ကောင်စီက အမည်ပြောင်းလဲလိုက် သည့် အခမ်းအနားကို မွန်ဝတ်စုံဖြင့် တက်ရောက်ရန် ဒေသခံတချို့အား မွန်ညီညွတ်ရေးပါတီ (MUP) က ငွေကျပ် ၂ သောင်းပေး၍ ခေါ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။ ဒေသခံတဦးက “မွန်ဝတ်စုံနဲ့ ပွဲတက်တဲ့သူတွေကို နေ့စား ၂ သောင်း ပေးထားတယ်။ အဲဒါကို MUP အဖွဲ့အစည်းက ပေးထားတယ်။ ရွာခံ မသိနားမလည်တဲ့ သူတွေပဲ ပါတယ်။ ချောင်းဆုံဘေး နားက လူတွေပဲ ပါတယ်။ ချောင်းဆုံထဲက နည်း တယ်။ မုဒုံထဲက လူတွေ ၁/၂ယောက် ပါတယ်။ MUP အဖွဲ့အစည်းထဲက လူတွေ၊ မြို့ပေါ်ကလူတွေ ပါတယ်” ဟု ပြောသည်။

ထိုသို့ ငွေကြေးပေး၍ ခေါ်ယူခြင်းကို မွန်ညီညွတ်ရေးပါတီမှ ရပ်ကွက်ခေါင်းဆောင်တချို့က လာရောက်ခေါ်ယူခြင်း ဖြစ်ပြီး လူဦးရေ အတိအကျကိုမူ မသိရကြောင်း ငွေကြေးဖြင့် ကိုယ်တိုင်ခေါ်ယူခြင်းခံရသူ ဒေသခံတဦးကလည်း ပြောပြသည်။ မွန်လူငယ်တဦးက “တံတားကိစ္စက နှစ်ဖက်စလုံးက မှားနေတာပဲ။ ဖွင့်ပြီးသားတံတားကို ထပ်ပြီးတော့ဖွင့်တာ သဘာဝ မကျ ဘူး။ တိုင်းရင်းသားဝတ်စုံကို ကြေးစားငှားတာကတော့ လုံးဝ မကြိုက်တာ အမှန်ပဲ။ သူတို့လိုချင်တာက တိုင်းရင်းသား ရဲ့ ဖြစ် ပေါ်မှုကို လိုချင်တာ။ အခုလို ကြေးစားငှားတော့ မွန်နဲ့ပတ်သက်ပြီး အများကြီး သိက္ခာကျစေတယ်” ဟု ဆိုသည်။

အဆိုပါ ငွေကြေးပေးပြီး ခေါ်ယူခဲ့မှုနှင့် ပတ်သက်၍ ဧရာဝတီက MUP ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမကို ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စအား ဖြေကြားရန်မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သလို ပါတီအနေဖြင့်လည်း တစုံတရာတုံ့ ပြန်ဖြေရှင်း ခြင်း မရှိပါ။ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်းကို ဆက်သွယ်ထားသည့် အဆိုပါ တံတားအမည် ပြောင်းလဲလိုက် သည့် အခမ်း အနားကို ဇွန် ၁ ရက်တွင် ပြုလုပ်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် တက်ရောက် ၍ စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး ခဲ့သည်။

၁၀။ နိုင်ငံတကာတရားရုံး ICJ တွင် မြန်မာကိုတရားစွဲထားသည့်အမှု NUG အစိုးရက ထပ်မံ ခုခံချေပရန်မရှိ
4 June, 2021

မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံး ICJ မှာ စွဲတင်ထားတဲ့အမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထပ်ပြီးခုခံချေပဖို့မရှိတော့ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဇွန်လ ၄ရက်နေ့ သတင်းစာရှင်း လင်းပွဲမှာပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ နိုဝင်ဘာ ၁၁ရက်နေ့က နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ခုခံချေပတာ တွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။ NUG အစိုးရကတော့ နိုင်ငံတကာတရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်ကို လက်ခံ သွားဖို့ပဲရှိတယ်လို့ ဆိုပါတယ်။“ICJ ကိုဆက်သွယ်ထားတာမှန်ပါတယ်။ နိုင်ငံတကာမှာ လုပ်လက်စအလုပ်တွေကို ဆက် လုပ်ဖို့ တာဝန်ရှိတယ်လို့ယူဆတဲ့အတွက် ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ICJ မှာ ခုခံချေပမှုတွေကပြီးသွားပါပြီ။ ကျနော်တို့ အနေနဲ့ကတော့ ဒါနဲ့ပတ်သက်ပြီး အထွေအထူးဘာမှဆက်ပြီးပြောစရာမရှိတော့ပါဘူး။ တရားရုံးရဲ့ဆုံးဖြတ်ချက် ကိုလက်ခံသွားမှာဖြစ်ပါတယ်။ ထူးထူးခြားခြားခုခံသွားဖို့မရှိပါဘူး” လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။

မြန်မာစစ်တပ်ကို အဖွဲ့ဝင် ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင် ငံက တရားစွဲထားတာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့စွပ်စွဲချက်မှာ မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေ ဟာ ၁၉၄၈ ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့တယ် လို့ဆိုပါတယ်။ မြန်မာစစ်တပ်က တော့ နိုင်ငံတကာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက်ချေပ တုန်းက အန်အယ်လ်ဒီ အစိုးရရဲ့ဆောင်ရွက် ချက် အနောက်က လိုက်မယ်လို့ ဆိုခဲ့ပါတယ်။

၁၁။ ကိုဗစ်ကာလ ရခိုင်တွင် ကျောင်းတက်သူ ကျောင်းသား/သူ ၃ သိန်းကျော် ရှိ
2 June 2021

ရခိုင်ပြည်နယ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့် လှစ် သင်ကြားခဲ့ရာ ကျောင်းတက်သူ ကျောင်းသားဦးရေ ၃၅၈၉၃၁ ဦး ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုညွန် ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက ပြောသည်။ ဒေါက်တာ ထွန်းထွန်းသိန်းက“မနေ့က ကျောင်းစဖွင့်တဲ့အခါ တက် ရောက်လာတဲ့ ကျောင်းသား/သူ အရေအတွက်ကတော့ ၃၅၈၉၃၁ ရှိပါတယ်။ ရာခိုင်နှုန်းပြည့်နီးပါး ကျောင်းတက်တယ်လို့ ပြောလို့ရတာပေါ့။ ဒီနေ့လည်း ကျောင်းလာတက်တာ ရှိ တယ်။ ဒီနေ့အရေအတွက်ကတော့ စာရင်းပြုစုတာ မပြီးသေးဘူး”ဟု ပြောသည်။

မြေပုံမြို့နယ်မှ အလယ်တန်းပြ ဆရာမတဦးက ကျောင်းသားများ ကျောင်းတက်ကြသော်လည်း ကိုဗစ်စည်းမျဉ်း၊ စည်းကမ်း များကို လိုက်နာမှု အားနည်းကြောင်း၊ ကျောင်းများတွင် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုအပ်သည့် ပစ္စည်းများလည်း အပြည့်ရှိကြောင်း ပြောသည်။ စစ်တွေမြို့ အမှတ်၂ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းလာ အပ်သည့် ကျောင်းသား မိဘတဦးဖြစ်သူ ဒေါ် ဌေးဌေးစံက ၎င်းတို့ ရခိုင်ပြည်နယ်တွင် စစ်ပွဲများ၊ ကိုဗစ်ကာလ ကပ်ရောဂါ များကြောင့် ကလေးများမှာ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရကြောင်း ပြောသည်။ ၎င်းက“အခု ပြည်မမှာ မတည်မငြိမ် ဖြစ် တယ်။ အဲဒီအတွက်လည်း ကျမတို့ ကိုယ်ချင်းစာတယ်။ သူတို့ရဲ့ ခံစားချက်ကိုလည်း အပြစ်မမြင်သင့်သလို ကျမတို့ ကလေး တွေ ကျောင်းတက်တာကိုလည်း အပြစ်မပြောသင့်ဘူး”ဟု မနေ့က ရခိုင်ပြည်နယ် အခြေစိုက်သတင်းမီဒီယာများသို့ ပြော ဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် မည်သည့် CDM လှုပ်ရှားမှုမျိုးကိုမဆို အားမပေးကြောင်း ရခိုင်လူထုအပေါ်တွင် သြဇာရှိသည့် ရက္ခိုင့် စစ်တပ်(AA) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း ပြောဆိုခဲ့ဖူးသည်။ ရခိုင်ပြည်နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၃၀၉ ကျောင်း ရှိပြီး စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA)တို့ကြား ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရွာပျက်ပြီး လူမရှိတော့သည့်အတွက် စာသင်ကျောင်းပေါင်း ၁၂၈ ကျောင်းမှာ ဖွစ်လှစ်နိုင် ခြင်း မရှိတော့ကြောင်း သိရသည်။

၁၂။ ၂၀၂၁ ခုနှစ် Judith Lee Stronach Award ဆု WLB ရရှိ
June 4, 2021

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးအရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွင် အမျိုးသမီးများပါဝင်မှု မြှင့်တင် ရန် ဆောင်ရွက်ပေးသည့် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ – Women’s League Burma (WLB) အဖွဲ့ကို ၂၀၂၁ Judith Stronach Award ဆု ပေးအပ်ခြင်းခံရသည်ဟု သိရသည်။

အဆိုပါဆုကို The Center for Justice and Accountability အဖွဲ့အစည်းမှ ပေးအပ်ခြင်းဖြစ်ပြီး ၎င်းအဖွဲ့မှ ယခုနှစ်တွင် ပေးသည့် ဆု (၄) ဆုအထဲတွင် လူ့အခွင့်အရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအရေးအတွက် ဆောင်ရွက်သော ကြောင့် WLB အဖွဲ့မှ (Judith Lee Stronach Award) ဆုကို ရရှိလိုက်ခြင်းဖြစ်သည်ဟု သိရသည်။“ကျမတို့ WLB ရဲ့ နှစ် ၂၀ ကျော်ကြာ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ၊ ကျမတို့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ကျမတို့ လူထုတွေက အသိအမှတ်ပြုပေးတာမကဘဲ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကလည်း ကျမတို့ ပေးဆပ်တာတွေကို အသိအမှတ်ပြုလာ တာတွေ့ရတာပေါ့။ အဲဒီအတွက် ကျမတို့ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာနဲ့ အများအသိမှတ်ပြုလာအောင် ပူးပေါင်း လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေကိုလည်း ကျေးဇူးတင်ရမှာဖြစ်တယ်” ဟု WLB အဖွဲ့ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ က ကေအိုင်စီသို့ပြောသည်။

WLB အဖွဲ့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍ တရာမျှတသည့် လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရေး၊ အမျိုးသမီးများ အဆင့် အတန်းမြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စသည့်လုပ်ငန်းများကို အဓိကထားလုပ်ဆောင် သည့် အဖွဲ့ဖြစ်ပြီး WLB အဖွဲ့ထဲတွင် လူမျိုးဘာသာမရွေး တိုင်းရင်းသားဒေသအသီးသီးမှ အမျိုးသမီးအဖွဲ့ပေါင်း ၁၃ ဖွဲ့ ပူး ပေါင်းပါဝင်သည်ဟု သိရသည်။ WLB အဖွဲ့ကို တိုင်းရင်းသားဒေသရှိ အမျိုးသမီးများစုပေါင်း၍ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ တွင် စတင်တည်ထောင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ၂၀၁၅ ခုနှစ်မှစတင်၍ ၂၀၂၁ ခုနှစ် အထိ နိုင်ငံတကာမှ အသိမှတ်ပြု ချီးမြှင့်ခံရသည့် ဆု (၆) ခု ရရှိနေပြီဖြစ်သည်ဟု သိရသည်။

၁၃။ ဖားကန့် တာမခံမြို့သစ်တွင် ဆန္ဒပြပြည်သူများကို စစ်အုပ်စုက ကားဖြင့်ဝင်တိုက်ဖြိုခွင်း
3 June, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု တာမခံမြို့သစ်မှာ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေကို ဇွန်လ ၃ ရက် ဒီနေ့မနက်ပိုင်း က ရဲနဲ့ စစ်တပ်က ကားနဲ့တိုက်ပြီး ဖြိုခွဲခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။

ကားနဲ့ဝင်တိုက်ပြီး ဖြိုခွဲခဲ့ပေမဲ့ အချိန်မှီလူစုခွဲနိုင်တာကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူတွေတော့ မရှိခဲ့ဘူးလို့သိရ ပါတယ်။ တာမခန်မြို့သစ်မှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်အာဏာရှင်အလိုမရှိကြောင်းကို ဒေသခံပြည်သူတွေ နေ့စဉ်လိုလို ဆန္ဒပြနေကြတာဖြစ်ပါတယ်။

၁၄။ ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌကို ပြန်လွတ်၊ နောက်ထပ် ချင်းလူငယ်တစ်ဦးကို ထပ်မံဖမ်းခေါ်သွား
June 2, 2021

မြို့တွင်းဗုံးပေါက်ကွဲပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် စစ်ကောင်စီမှ ဒေသခံပြည်သူများအားစစ်ဆေးရန် ခေါ်သွားခံ ရ သူ ယနေ့ဇွန်လ ၂ ရက်နေ့ မနက် ၉:၀၀ နာရီအထိတွင် စုစုပေါင်း ၁၇ ဦးရှိပြီဖြစ်သည်။

မေလ ၂၉ ရက်နေ့ညက ခေါ်သွားခြင်းခံရသော ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးစနီအောင်ကို ယမန်နေ့မေလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပြန်လွတ်ပေးခဲ့သော်လည်း နောက်ထပ် ချင်းလူငယ် အိုက်အောင်သီဟကို မေလ ၂ ရက်နေ့ မနက် ၇ နာရီခန့်က နေအိမ်မှ ဖမ်းခေါ်သွားကြောင်း သိရသည်။ “ဆရာကြီးစနီအောင်တော့ ပြန်လွတ်ပြီ။ နောက် ထပ်လူငယ် တစ်ယောက်ကို ဒီမနက် ၇ နာရီလောက်က ထပ်ခေါ်သွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။ ယခုအချိန်အထိ ဖမ်းခေါ်ခံရသူ ၁၇ ဦးအနက် ပြန်လွတ်လာသူ ၇ ဦးရှိပြီဖြစ်၍ ရဲစခန်းတွင် ဆက်လက်ထိန်း သိမ်းခံရသူ ၁၀ ဦးကျန်ရှိနေသေးသည်။

၎င်းအပြစ်မဲ့ အဖမ်းခံရသူများကို အမြန်ဆုံးပြန်လွတ်ပေးစေလိုကြောင်း ဒေသခံ ချင်းအမျိုးသားများက ပြောဆိုနေကြသည်။

၁၅။ ပူတာအိုတွင် စစ်မှုထမ်းဟောင်းများကို တပ်တာဝန်ထမ်းဆောင်ရန် ပြန်လည် ခေါ်ယူနေ
2 June 2021

ပူတာအို ခရိုင်တွင် လျှော့နည်းသွားသော စစ်အင်အား ဖြည့်တင်းရန်အတွက် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဟောင်းများ ကို ပြန်လည်ခေါ်ယူနေသည်ဟုသိရသည်။ ပြီးခဲ့သည့် မေလမှစတင်ကာ ပူတာအိုခရိုင် မချမ့်ဘော့၊ နောင်မွန်နှင့် ခေါင်လန်ဖူး ဒေသတို့တွင် စစ်သားဟောင်းများအားလုံး တပ်ထဲပြန်ဝင်ရန် USDP ပါတီက ဦးဆောင်ပြီး လိုက်လံပြောဆိုနေသည်ဟု ပူတာအိုမြို့ခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။“ကျနော်သိရသလောက်က ပြည်ခိုင်ဖြိုးအဖွဲ့က ဦးဆောင်ပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ခေါ်နေပြီ။ ပူတာအိုခရိုင်တစ်ခုလုံးမှာခေါ်ခိုင်းနေပြီလို့ကြားတယ်။ ဆွမ်ပရာဘွမ့် ဘက်တော့ မကြားရသေးဘူး။ အခုသူတို့ပြန်ခေါ်တာက ပူတာအိုမှာ တစ်ချို့ကလေးတွေက KIA ဘက်က စစ်သင်တန်း တက်တဲ့သူတွေရှိနေပြီပေါ့လေ။ သူတို့ပြန်လာရင် KIA နဲ့ ပူးပေါင်းပြီး ပြန်တိုက်မှာဖြစ်တယ်။ အဲ့ဒါကိုခုခံကာကွယ်ဖို့ပြောတာ ဘဲလို့ ကြားရတယ်”ဟုပြောဆိုသည်။

လုပ်သက်ပြည့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူရာတွင် ရှေ့တန်းထွက်ရန် မဟုတ်ဘဲ စစ်တပ် ရင်း ဌာနချုပ်များတွင်သာ လုံခြုံရေးအဖြစ် လက်နက်ကိုင်ရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ပူတာအိုစစ်သားဟောင်း တစ်ဦးနှင့် နီးစပ်သူ တစ်ဦးက KNG ကို ပြောဆိုခဲ့သည်။“အရင်က စစ်သားဟောင်းတွေကို အခု ပြန်ခေါ်နေပြီ။ သူတို့ခေါ် ပြီးမလာဘူးဆိုရင် လက်မှတ်ပါ သိမ်းပေးမယ် ကြားရတယ်။ သူတို့မှာ စစ်မှုထမ်းဟောင်း ကွန်ယက်ဆိုပြီး ရှိတယ်။ ဒီအဖွဲ့ကို ပူတာအိုမှာရှိတဲ့ ၄၆ တပ်ရင်း ထဲ ခေါ်ပြောတယ်တဲ့။ ကြားရသလောက်က လက်နက်ထုတ်ပေးဖို့နဲ့ စစ်တပ်မှာ လူနည်းလာတဲ့ အတွက် တပ်စောင့်ဖို့ထင်တယ်။ ရှေ့တန်းတိုက်ခိုင်းဖို့တော့ မဟုတ်ဘူ” ဟု ပြောပြသည်။

အာဏာသိမ်းစစ်တပ်အတွက် စစ်အင်အားဖြည့်ရန် စစ်သားဟောင်းများကို ပြန်လည်ခေါ်ယူနေသလို တစ်ဖက်တွင်လည်း ပူတာအိုခရိုင်အတွင်း နောင်မွန် ဒေသတွင်လည်း တစ်အိမ်ထောင်တွင်တစ်ဦး ပြည်သူ့စစ်လုပ်ကာ အာဏာသိမ်းစစ်တပ် အောက် တာဝန်ထမ်းဆောင်ရမည်ဟု USDP ပါတီဝင်များနှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့တို့က စည်းရုံးနေဆဲဖြစ် သည်။ မေလဆန်းပိုင်းကပင် USDP ပါတီဝင်များနှင့် ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ဦးထုံဖူးဒဂုဏ်တို့က နောင်မွန်မြို့မှ ၈မိုင်ခန့်ဝေးသည့် ဌာနေပြည်သူ့စစ်တည်ရှိရာ ရပ်ပေါ့ကျေးရွာသို့ သွားရောက်ကာ လူငယ်များကို စစ်သင်တန်းပို့ချပေးရန်နှင့် လက်နက်တပ်ဆင်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

၁၆။ အာဏာသိမ်းစစ်ကောင်စီ၏ အသုံးချခံမဖြစ်စေရန် ပဲခူးတိုင်းစာ/ယဉ်ကို ကရင်လူငယ်ကွန်ရက် သတိပေး
June 3, 2021

ပဲခူးတိုင်း ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ၏ အသုံးချခံမဖြစ်စေရန်အတွက် ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်က ယမန်နေ့ (ဇွန်လ ၂) ရက်နေ့တွင် သတိပေးစာထုတ်ပြန်ကြေညာခဲ့သည်။

ပဲခူးတိုင်း မြို့နယ်တချို့တွင် စစ်ကောင်စီအနေဖြင့် စာ/ယဉ်အဖွဲ့ကို လက်ရှိ ကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသားမိဘများကို ကျောင်းလာအပ်ခိုင်းရန်နှင့် ကရင်စာသင်ရမည်ဟူ၍ စည်းရုံးဖိအားပေးမှုများရှိသည်ဟု ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်မှ ကေအိုင်စီသို့ ယခုလိုပြောသည်။ ၎င်းက “ကျနော်တို့ ပဲခူးတိုင်းရဲ့ တချို့နေရာတွေကတော့ စစ်ကောင်စီရဲ့ လက်အောက်ခံ ဘက်ကို ရောက်သွားပြီ။ အသုံးချခံဖြစ်သွားပြီ။ တချို့နေရာတွေလည်း စစ်ကောင်စီရဲ့လက် အောက်ခံ အသုံးချခံဖြစ်ဖို့ များ လာတဲ့အတွက်ကြောင့် ဒီထုတ်ပြန်ချက်ကို ထုတ်ရတာဖြစ်တယ်။ စစ်ကောင်စီကလည်း လက်ရှိအချိန်မှာ ဖိအားပေးမှုက လည်း များလာတယ်” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ အသုံးချခံဖြစ်ရသည့် အကြောင်းအရင်းမှာ ပဲခူးတိုင်း၏ တချို့သော မြို့နယ် စာ/ယဉ်အဖွဲ့ကို ပြန် လည်ခေါ်ယူဖွဲ့စည်းခြင်းများပြုလုပ်ပြီး ထိုသို့ဖွဲ့စည်းရာတွင် ယခင် စာ/ယဉ် အဖွဲ့ဝင်များပါဝင်သလို အဖွဲ့ဝင်သစ်များလည်း ပါဝင်ကာ အများစုမှာ စစ်ကောင်စီနှင့်နီးစပ်သူများဖြစ်ကြသည်ဟု ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်က ဆိုသည်။ ထို့ အပြင် ပဲခူးတိုင်း ကရင်စာ/ယဉ်အဖွဲ့ကို စစ်ကောင်စီ၏ လမ်းညွှန်မှုအောက်တွင် ဆက်လက်လုပ်ဆောင်ခြင်း မပြုလုပ်ရန်နှင့် ဆက် လက်လုပ်ဆောင်မည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေအရပ်ရပ်ကို လုံးဝ တာဝန်ယူမည်မ ဟုတ်ကြောင်း ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်က သတိပေးထားသည်။

၁၇။ ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားတိုးမြှင့်ထား၊ စံပြ ၆ မိုင်မှာ ပစ်ခတ်မှုဖြစ်
June 3, 2021

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ စံပြ ၆ မိုင်ကျေးရွာမှာ ဒီကနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ကစပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲတော့ဖြစ်နေတယ် ခုချိန်ထိ ဖြစ်နေတုန်းပဲ။ PDF အဖွဲ့တော့ ဆုတ်နေပြီလို့ကြားတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တော့ ပစ်နေတုန်းပဲ ကြားနေရတယ်။ သူတို့က ၆ မိုင်ကိုလာတာ တပ်စွဲထားတဲ့ပုံစံမျိုး စစ်ကား ၃ စီးတွေ့တယ်” လို့ အနီးအနားက ဒေသခံတစ်ဦးက နံနက် ၉ နာရီ မိနစ် ၂၀ မှာပြောပါတယ်။ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်နေ တယ်လို့ သိရပါတယ်။ “လောလောဆယ် စစ်ကောင်စီက ၆ မိုင်မှာ ပစ်နေတယ်လို့ကြားတယ်။ ကျတော်တို့ သိရသလောက် ဆိုရင်တော့ ဒီမော့ဆိုကိုတော့ မရောက်သေးဘူးနဲ့တူတယ်။ လမ်းမှာလား ၆ မိုင်မှာပဲလား နှစ်ခုထဲက တစ်ခုပဲဖြစ်လိမ့်မယ်။ ဒီမော့ဆိုကိုတော့ မရောက်သေးတာ သေချာတယ်” လို့ ကရင်နီအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းနဲ့ပြန်ကြား ရေး က နံနက် ၉ နာရီ ၁၄ မိနစ်မှာ ပြောပါတယ်။

မေလ ၃၁ ရက်နေ့က ဒီမော့ဆိုမြို့မှာ KNDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နေ့စဉ် စစ်ကောင်စီတပ်ဖက်က လွိုင်ကော်အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံပြောဆိုချက်အရ သိရပါတယ်။

၁၈။ ဆီဆိုင်တပ်နယ်မြေ အတွင်း မိုင်းများထောင်မည်ကို ဒေသခံများ စိုးရိမ်မှုဖြစ်နေ
June 3, 2021

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တပ်ပိုင်နယ်မြေဧရိယာအတွင်း မိုင်းများထောင်ထားမည်ဆိုသည့်သတင်းကြောင့် ဒေသခံများစိုက်ပျိုးရေး လုပ်ဆောင်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ဇွန် (၃) ရက် မှ စပြီး အာဏာသိမ်းစစ်ကောင်စီ သည် တပ်နယ်မြေအတွင်း တပ်ပိုင်ဧရိယာများ မိုင်းထာင်ထားသဖြင့် ဖြတ်သန်းသွားလာခြင်း မပြုရန် အသိပေးကြေညာ ချက်ထုတ်ခဲ့သည်။

“မိုင်းထောင်ထားတယ်လို့တော့ ကြားရတယ်။ တကယ် ဟုတ်မဟုတ်တော့ မသိရဘူး။ အဲ့နေရာတွေက တောင်သူတွေ စိုက်ပျိုးတဲ့ မြေယာတွေဖြစ်တယ်။စိုက်ပျိုးရာသီလည်း ရောက်ပြီဆိုတော့ အခက်ခဲဖြစ်နေမှာပေါ့။”ဟု ဆီဆိုင်မြို့ဒေသခံ တစ်ဦး က ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ပိုင်မြေအဖြစ် အမှတ် (၄၂၃) ခြေမြန် တပ်ရင်း၊ အမှတ် (၄၂၄) ခြေမြန်မတပ်ရင်း နှင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဆွယ်တို့အပြင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁) စစ်ဗျုဟာ၏ မြေဧက (၃၀၀) တို့တွင် တိုက်မိုင်း၊ နင်းမိုင်း၊ ရှေ့ထွက်မိုင်း နှင့် စွန့်လွှတ်မိုင်းများ တပ်ဆင်ထားမည် ဟု စစ်ကောင်စီ မှ အသိပေးထားကြောင်း ထုတ်ပြန်ထားသည်။

“စိုက်ပျိုးရာသီဆိုတော့ အရင်နှစ်လိုပဲလာစိုက်မှာစိုးလို့နေမှာ၊ တောင်သူတွေက ခြံမှမစိုက်ရင်စားဖို့ မရှိဘူးလေ၊ အရင်နှစ်က ဆိုရင် တောင်သူတွ လာစိုက်လို့ထွန်စက်တွေသိမ်းသွားတာလည်းရှိတယ်၊ အခုလည်း မစိုက်ရဲအောင် လုံခြုံရေး အရပါလို့ ပြောပြီး တောင်သူတွေမလာရဲအောင် မိုင်းထောင် တာနေမှာပေါ့”လို့ အမည်မဖော်လိုသည့် ဆီဆိုင်မြို့ တောင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ကောင်တောင်ရွိုးရွာက ရေခပ်သွား၊ ဈေးသွားရင် ဧကသုံးရာ (စစ်ဗျူဟာ၏ မြေဧက ၃၀၀) နားက လမ်းကနေ ဖြတ်သွားရတယ်၊ တကယ်လို့မိုင်းထောင်ရင် အဲ့ရွာအတွက် စိတ်ပူရတယ်၊ ပြီးတော့အခုက ကျောင်းပိတ်ရက်တွေ ဆိုတော့ ကလေးတွေက နေ့တိုင်း မှိုထွက်ရှာတယ်၊ ကလေးတွေအတွက်လည်း စိတ်ပူရတယ်”လို့ အမည်ဖော်လိုသည့် နောက်ထပ် ဒေသခံတစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ မေ (၂၉ ) ရက်တွင် ပအိုဝ်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (PNDF) ကိုဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်အပြီးတွင် ဆီဆိုင်မြို့ အနီးတဝှက်တွင် ပြည်သူ့ စစ်အဖြစ် ရပ်တည်နေသော (PNO) အင်အားဖြည့်တင်းလာကြောင်း ဆီဆိုင်ဒေသခံများက ပြောဆိုကြသည်။

၁၉။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ပလက်ဝမြို့ကို အဝင်/အထွက်ကန့်သတ်ထား
June 3, 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့ကို ဆက်သွယ်သွားလာနေသည့် ကုလားတန်မြစ် အထက်ပိုင်းရေလမ်း ကြောင်း၊ ဆမီး၊ မတူပီသွားလာရသည့် ကုန်းလမ်းကြောင်းတို့ကို ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က အသွားအလာ ကန့်သတ် လိုက်ထားသည်ဟု ဒေသခံများကပြောသည်။

ပလက်ဝမြို့တွင် ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က အသံဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့အဝင်/အထွက် သွား လာခွင့်ကို ကန့်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ မြို့အဝင်/အထွက် ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ပလက်ဝမြို့ခံ ဦးမောင်မောင်က DMG ကို ယခုလိုပြောသည်။“သူတို့ဆီက စာထုတ်ပြန်တာတော့မရှိဘူး။ ဒါပေမဲ့ မသွားသင့်ဘူးလို့ ဌာန ဆိုင်ရာတွေကပြောကြတယ်။ မိုင်းပေါက်ကွဲတာနဲ့ပတ်သတ်လို့ အဖြေထွက်မှမြို့အတွင်းကို သွားလာခွင့်ပြုမယ်လို့တော့ ပြော ကြ တယ်။ လောလောဆယ်တော့ အဲဒီကိစ္စနဲ့ပတ်သတ်လို့ စစ်ဆေးနေကြတယ်။ မြို့အတွင်းမှာတော့ ကုန်းဈေးနှုန်း ၁ ရာခိုင် နှုန်းလောက်တက်နေပြီ။ ဒီထက်ပိုပြီး ဈေးမတက်လာဖို့အတွက်တော့ အမြန်ဆုံးလမ်းဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။

ပလက်ဝမြို့ ကုလားတန်မြစ်အထက်ပိုင်း ရေလမ်းကြောင်းအား အသွား/အလာ ကန့်သတ်ထားသည့်အတွက် ဝန်ထမ်းများ အနေဖြင့် လစာထုတ်ရန်သွားလာရသည့်အပိုင်းတွင်လည်း အခက်အခဲဖြစ်နေကြောင်း တိုင်ရွန်အိုင်ကျေးရွာမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးမောင်လုံးကပြောသည်။“ဒီတစ်ရက်နှစ်ရက်အတောအတွင်း အသွား/အလာ ကန့်သတ်လိုက် တာပါ။ ဘာကြောင့်လည်းတော့ ကျနော်တို့အနေနဲ့လည်း မသိသေးဘူး။ ကျနော်တို့ဖက်က ဝန်ထမ်းတွေဆိုရင် လစာထုတ်ဖို့ တောင် မသွားရသေးဘူး” ဟုဆိုသည်။

၂၀။ မိုးကောင်းမြို့မစည်ပင်သာယာဈေးအတွင်း မီးလန့်
3 June, 2021

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မစည်ပင်သာယာဈေးအတွင်း ဇွန် ၃ ရက် နေ့လယ် ၁ နာရီလောက်က ဈေးမရောင်းဘဲ ပိတ်ထားတဲ့ ဆိုင်ခန်းတစ်ခုမှာ မီးလန့်မှု ဖြစ်ပွားခဲ့ပါတယ်။

“မီးလောင်တဲ့ဆိုင်ဟာ ဈေးရုံအမှတ် ၈ က ပိတ်ထားတဲ့ ဆိုင်ခန်း နံပတ် ၂၈ မှာပါ။ ဆိုင်ခန်းရဲ့ပျဉ်ကြမ်းခင်း ၆ လက်မ လောက် မီးလောင်သွားတာကို တွေ့ရပါတယ်။”လို့ ဈေးအတွင်း ဈေးရောင်းနေသူ တစ်ဦးက ပြောပါတယ်။ ဆိုင်ခန်းကပိတ် ထားတာဖြစ်တဲ့အတွက် မီးလောင်တဲ့အကြောင်းရင်းကို မသိရှိခဲ့ကြောင်းနဲ့ ဂျပ်စက္ကူကို မီးရှို့ပြီး ပစ်တင်ခဲ့တာဖြစ်နိုင်ကြောင်း စည်ပင်သာယာဈေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုးကောင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဈေးတာဝန်ရှိသူတွေလည်း လာရောက်စစ်ဆေးကာ မှတ်တမ်းယူခဲ့ပါတယ်။

၂၁။ အာဆီယံကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်နေ
4 June, 2021

အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအသင်း အာဆီယံက ကိုယ်စားလှယ်နှစ်ဦး ကြာသပတေးနေ့ညက နေပြည်တော်ကို ရောက်ရှိပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သောကြာနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ အမည်မဖော် လိုတဲ့ အစိုးရအရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။ ရောက်ရှိလာတဲ့ အာဆီယံ ကိုယ်စားလှယ်နှစ်ဦးဟာ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူးနိုင်းနိုင်ငံက ဒုတိယနိုင်ငံခြားရေးရာ ဝန်ကြီး Erywan Pewhin Yusof နဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ ဖြစ်ပါတယ်။ စစ်ကောင်စီ သတင်း ပြန်ကြားရေးအဖွဲ့ကတော့ မကြာခင် သတင်းအပြည့်အစုံကို ထုတ်ပြန်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲမှာ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်များ ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ရှိမရှိ သေသေချာချာ မသိရသေးဘူးလို့ ဆိုပါတယ်။ ကြာသပတေးနေ့ စစ်ကောင်စီ ရုပ်မြင်သံကြားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့NUG ကို အကြမ်းဖက် အုပ်စုအဖြစ် ပြောသွားပြီး အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေကိုလည်း စစ်ကောင်စီက မတရားသင်းအဖြစ် ကြေညာထားပါ တယ်။ ခုလို မတရားသင်း ကြေညာထားသူတွေနဲ့ တွေ့ဆုံသူ၊ စကားပြောဆိုသူ သတင်းထောက်တွေ အပါအဝင် အားလုံး ဟာ ပြဌာန်းထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူလို့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

NUG အစိုးရကလည်း အာဏာသိမ်း စစ်ကောင်စီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာပါ။ အာဏာ သိမ်းပြီး ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အင်ဒိုနီး ရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက်ငါးခုကို ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။

၂၂။ တောင်ကြီးမြို့ ဓာတ်ပုံဆရာတစ်ဦးကို ညသန်းခေါင်ချိန် စစ်ကောင်စီ မှ ရိုက်နှက်ဖမ်းဆီးသွား
June 4, 2021

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဈေးပိုင်းရပ်ကွက် နေထိုင်သည့် ဓာတ်ပုံဆရာ တစ်ဦး ကို စစ်ကောင်စီမှ ယမန်နေ့ (ဇွန် ၃)ရက် ညသန်းခေါင်ချိန်၌ ရိုက်နှိက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ညသန်းခေါင် (၁၂)နာရီချိန်တွင် စစ်ကောင်စီအုပ်စုသည် ဓာတ်ပုံဆရာ ခွန်အောင်ဆန်း (ကိုမင်းဇာနည်) ၏ နေအိမ်ထိ ကား(၆)စီး၊ လူအင် အား (၂၀)ဝန်းကျင်တို့ဖြင့်ရောက်ရှိလာပြီး၊ ဓာတ်ပုံဆရာ ကို ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထိုဖြစ်စဉ်ကို မြင် တွေ့ခဲ့သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။“ည ၁၂ နာရီအချိန်မှာလာဖမ်းတာ။ အိမ်ကို ကား(၆)စီး၊ အင်အား (၂၀)လောက်ရှိမယ်။ ဘာကြောင့်ဖမ်းလဲမသိဘူး။ ရိုက်ပြီးဖမ်းသွားတာ”ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦး ကဆိုသည်။

ဓာတ်ပုံဆရာ ခွန်အောင်ဆန်းကို လာရောက်ဖမ်းဆီးချိန်တွင် ၎င်း၏ မိသားစုဝင်များကိုလည်း စစ်ကောင်စီ မှ ရိုက်နှက်ခဲ့ ကြောင်း သိရသည်။“ သူတို့အိမ်မှာက ၆ ယောက်လောက်တော့ရှိမယ်ထင်တယ်။ သူရဲ့ အမေကိုလည်းရိုက်တယ်။ ပြီးတော့ သူအမ၊ညီမနဲ့ ပြီးတော့ ယောင်္ကျားလေးတစ်ယောက်ပါရိုက်ခံရတယ်။ယောင်္ကျားလေးရဲ့ မျက်နှာနဲ့ ခြေထောက်ရောင်နေ တယ်”ဟု အထက်ပါ မျက်မြင်တွေ့ရှိသူက ဆက်ပြောပြသည်။“သူတို့က ထုတ်ပြီးသူတို့ကပဲ ပြည်သူတွေကိုလိုက်ဖမ်းနေ တယ်။ တအားယုတ်မာတာသူတို့လုပ်ရပ်တွေက ခွင့်လွှတ်ပေးလို့ရတဲ့လုပ်ရပ်မဟုတ်ဘူး ကျနော်တို့ပြည်သူတွေက ညကော မနက်ကော သတိထားနေရတယ်။ စိုးရိမ်းစိတ်နဲ့နေရတယ်”ဟုတောင်ကြီးမြို့ Generation Z လူငယ်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန် (၃)ရက် ထိ စစ်ကောင်စီမှ ပြည်သူ (၈၄၅ )ဦး ကိုသတ်ဖြတ်ပြီး ဖမ်းဆီးထားသူ စုစုပေါင်း (၅၆၅၂ ) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေး (AAPP ) ထုတ်ပြန်ချက်အရ သိရသည်။

၂၃။ ဗန်းမော်မြို့ စနေ-ပရဟိတ အသင်းခေါင်းဆောင် ဖမ်းဆီးခံရ
4 June 2021

ဗန်းမော်မြို့ စနေပရဟိတအသင်းခေါင်းဆောင် ဦးလွင်ကိုချစ်ကို အာဏာသိမ်း စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့က ညနေ ၂နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

“ကြားရသလောက်တော့ သူရှောင်ပုန်းနေတဲ့နေရာကနေ ရဲအင်အား ၁၀ကျော်နဲ့ဝင်ဖမ်းသွားတယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံထားရသည့် ဦးလွင်ကိုချစ်ကို လက်ရှိဗန်းမော်ရဲစခန်းတွင် ထိန်းသိမ်းကာ စစ်ဆေး နေဆဲဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက် ဗန်းမော်မြို့နယ်တွင်လည်း အခြားပြည်နယ်၊ မြို့နယ်များကဲ့သို့ ဖမ်းဆီးမူများရှိခဲ့သည့်အပြင် ဖမ်းဆီးခံရသူများ ယနေ့ချိန်ထိ တစ်ဦးမှလွှတ်မြောက်လာခြင်း မရှိသေး ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မြစ်ကြီးနားဘက်ဆို အစပိုင်း ဆန္ဒပြတဲ့ချိန်မှာ ဖမ်းခံရတဲ့သူတွေဆိုရင် PCGရဲ့ အကူညီနဲ့လွှတ်လာတဲ့သူတွေ ရှိတယ်လို့ ကျနော်တို့ကြားရတယ်။ ဒါပေမယ့် ကျနော်တို့ ဗန်းမော်က ဖမ်းဆီးခံထားရတဲ့ လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ တစ်ယောက်မှ လွှတ်လာတာမရှိဘူး။ တစ်ချို့ဆို မိသားစုနဲ့တွေ့ခွင့်မရတဲ့သူတွေတောင် ရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **