• Today is: Saturday, April 20, 2024

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

                        တိုင်းရင်းသတင်း                                          ( 25 – June – 2021)

၁။ လူထုအနေဖြင့် စစ်ရေး နိုင်ငံရေး သတိထားနားစွင့်ကြရန် KIA တိုက်တွန်း
24 June, 2021

ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးတွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တော်လှန်တိုက်ခိုက်မှုများ ရှိနေသဖြင့် တောရောမြို့ပါမကျန် အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်နိုင်ခြင်းကြောင့် လူထုအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေးကို သတိထား နားစွင့်ကြရန် လိုအပ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က တိုက်တွန်းပြောဆိုသည်။ KIA ၏ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “စစ်ကောင်စီရဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး အတွက် ပြည်သူလူထုကလည်း တိုက်ခိုက်နေတယ်။ တော်လှန်ရေးလုပ်နေတဲ့ အချိန်ကာလ ဖြစ်တယ်။ နေရာတကာမှာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင် တာပေါ့။ အဲဒါကြောင့် ပြည်သူလူထုက သတိအနေအထားနဲ့ နိုင်ငံရေး၊ စစ်ရေးကို နားစွင့်နေဖို့လိုတယ်လို့ အဲဒီလောက်ပဲ ကျနော် ပြောလိုပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ နေရာတကာမှာ တိုက်ပွဲတွေ ဖြစ်တာပဲ။ တိုက်ပွဲတွေ ဖြစ်တယ် ဆိုတော့ ပြည်သူလူထုအတွက် စိုးရိမ်ပူပန်မှုတွေ ရှိတာပေါ့။ ဒါကြောင့် သတင်းတွေကို နဂိုကထက် နားစွင့်ရမယ်လို့ ပြော ချင်ပါတယ်။ မတည်မငြိမ်ဖြစ်တဲ့နိုင်ငံ ဖြစ်လာတဲ့ အနေအထားကြောင့် ပြောတာပါ။ ကချင်ပြည်နယ်မှာလည်း ကျနော်တို့ KIA က တိုက်ပွဲမဖြစ်ရင်၊ ဝင်မတိုက်ရင်လည်း မပြောနိုင်တဲ့ (တခြား) အဖွဲ့အစည်းတွေလည်း ရှိတာပေါ့။ တိတိကျကျပြောလို့ မရဘူး”ဟုဆိုသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြနေသည့်လူထုကို သွေးထွက်သံယို ဖြစ်အောင် မလုပ်ရန် ကချင် ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံ စကားပါးသော်လည်း ပြေလည်ခဲ့ခြင်း မရှိရာမှစ၍ စစ်ကောင်စီနှင့် KIA ကြား ဆက်ဆံရေး တင်းမာမှု စတင်ခဲ့သည်။

ကချင်ပြည်နယ်တွင် KIA က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာ ကွယ်ရေးဝန်ကြီးလက်အောက်မှ ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည်လည်း ကချင်ပြည် နယ်၏ မြို့နယ်အချို့တွင် လှုပ်ရှားမှုများရှိနေပြီ ဖြစ်သည်။ ထိုသို့ ဖွဲစည်းလိုက်သည့် နှစ်ဖွဲ့အနက် ရွှေကူ PDF သည် KIA နှင့် ပူး ပေါင်းကာ ဇွန် ၄ ရက်၊ ညပိုင်းက ရွှေကူမြို့အတွင်းရှိ မြို့မရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ထားသည်။

၂။ ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွား
June 23, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ SSPP/SSA ၊ TNLA နှင့် RCSS/SSA (ဇွန် ၂၂) ညနေ ( ၆) နာရီဝန်းကျင်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ တိုင်းရင်းသား အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲသည် (၁) နာရီကျော်ကြာပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ အနီးတဝှိက်တွင်နေထိုင်သည့် ပြည်သူ တစ်ချို့ထွက်ပြေးတိတ်ရှောင်းခဲ့ရကြောင်း ဒေသခံများကပြောသည်။“ ကျောက်မဲမှာက တိုက်ပွဲခဏခဏဖြစ်တယ်။ မနေ့ည တော့ ၁ နာရီကြာပစ်ခတ်မှုခဲ့တယ်။ ဒီနေ့က တော့ မကြားရသေးဘူး။ အခြေနေကတော့ နမ္မတူတို့ဘက်လောက်မဆိုးဘူးပေါ့ ” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့သည် တိုက်ပွဲဖြစ်ပွားလာခဲ့သည့် မှာ (၆)လတာ ကြာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်သည်။ ထို့ တိုင်းရင်း သားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများလည်း စစ်ဘေးရှောင် နေရသည် မှာ (၆) လကြာရှိလာပြီး၊ ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။“ တိုက်ပွဲက မနေ့ကထိဖြစ်တယ်။ ဘယ်ချိန် ထိဆက်ဖြစ်နေမလဲမသိဘူး။ စစ်ရှောင်တွေကတော့ထွက်ပြေးနေရတာ (၆)လကြာပြီ။ နေရပ်မပြန်ရဲသေးဘူး”ဟု စစ်ဘေး ရှောင်ကိုကူညီပေးနေသည့် သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားသည့်နေရာဖြစ်ပြီး၊ စစ်ဘေးရှောင်များ (၆)လသာ ရက်ရှည်လာသည့် အတွက်မည်သည့် အလှူရှင်မှ လာရောက်ပြီး လှူဒါန်းခြင်းမရှိတော့ကြောင်းလည်း စစ်ဘေးရှောင်ကူညီသည့် သူတစ်ဦးက ပြောပြသည်။“ရက်ရှည်လာတော့ အလှူရှင်လည်းမရှိတော့ စားဝတ်နေရေးခက်ခဲလာတယ်။ စစ်ရှောင်များစုက ဝမ်းရေး အတွက် တခြားနေရာပြောင်းပြီး အလုပ်သွားရှာကြတယ်။ စစ်ရှောင်နေရာကလည်း အဆင်မပြေတော့ဘူး”ဟု ၎င်းက ဆိုသည်။

၃။ ဗလမင်း ထင်တံတား စုပေါင်းဂိတ် ပစ်ခတ်မှုတွင် ရဲတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိ
24 June 2021

မြစ်ကြီးနား- ဝိုင်းမော်မြို့ ဗလမင်းထင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၃ ရက်ည ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ရဲ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။ “အတွင်းသတင်းဆိုတော့ ကျမလည်း အားလုံးတော့မသိဘူး။ ဒါပေမယ့် ရဲ ၂ယောက်တော့ ထိထားတယ်လို့သိရတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးထံမှ သိရသည်။ စုပေါင်းဂိတ်အနီးတွင်ရှိသော မိုင်းနားရဲစခန်းမှ ရဲဝန်ထမ်း မိသားစုဝင်များကိုလည်း စစ်ကားဖြင့် မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ယာယီရွှေ့ပြောင်းထားကြောင်း သူက ဆက်ဆိုသည်။

ဇွန်လ ၂၃ ရက်ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဗလမင်းထင်တံတား စုပေါင်းဂိတ်တွင် ပေါက်ကွဲမှုတစ်ခု စတင်ဖြစ်ပွားခဲ့ပြီး နောက် တံတားစောင့် အာဏာသိမ်းစစ်တပ်ဘက်ကလည်း လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သည်။ ထို့အပြင် စစ်ရဟတ်ယာဉ်ဖြင့်လည်း ဧရာဝတီမြစ်ကျောင်းတစ်လျောက် ရှာဖွေမှုများ ပြုလုပ်နေခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ တပ်ဖွဲ့များက သွားရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG သတင်းဌာနကို ယမန်နေ့ညက အတည် ပြု ပြောဆိုခဲ့သည်။ “အသေးစိတ်တော့မသိသေးဘူး။ တပ်ရင်း ၃ က သွားပစ်တယ်လို့တော့ကြားပြီ။ ဟု KNG ကို ပြောဆို ခဲ့သည်။ ထိုသို့ စုပေါင်းဂိတ်ကို KIA က သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် ည ၉ နာရီကျော်ခန့်မှ စတင်ပြီး KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ ၊ မိုင်ဂျာယန်မြို့၊ ဖားကန့် ၊ ဒေါ့ဖုန်းယန် နှင့် မြို့သစ် ၊ ကုန်းလော စသော KIA တပ်များ ရှိရာသို့ အာဏာသိမ်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

၄။ မင်းတပ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း သေဆုံးခဲ့ရသူ ခြောက်ဦးရှိ
June 24, 2021

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ချင်းဒေသကာကွယ်ရေးအဖွဲ့(CDF)ကို စစ်ကောင်စီက အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း ကျန်းမာရေးစောင့်ရှောက်မှုတွေမရလို့ အသက်သေဆုံးခဲ့ရသူဟာ ဒီနေ့အထိ အနည်းဆုံးခြောက်ဦးအထိရှိနေတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေက ပြောပါတယ်။ ဆေးဝါးကုသမှုတွေနဲ့ လက်လှမ်းမမီလို့ သေဆုံးခဲ့ရသူတွေဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ဦး၊ မွေးကင်းစ ကလေး နှစ်ဦးနဲ့ သက်ကြီးရွယ်အို သုံးဦး ဖြစ်တယ်လို့ဆိုပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့က စစ်ဘေးဒုက္ခသည်တစ်ဦးက သူတို့ဟာ စစ်ကောင် စီတပ် တွေကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးခဲ့ကြရတာလို့ ပြောပါတယ်။

“တောထဲမှာ ဆေးဝါးမရလို့ တောထဲမှာဆုံးသွားတာက စစ်ဘေးရှောင်ရင်းနဲ့ ဆုံးပါးသွားတာဆိုရင်တော့ အနည်းဆုံးက ခြောက်ယောက်လောက်ရှိသွားပြီ။ တချို့ဟာကျတော့ သေတယ်ပဲသိရတယ်။ နာမည် တွေကိုသိဖို့ ခက်တယ်ပေါ့နော်။ တချို့ တွေကျတော ရက်သားကလေးတွေ၊ လသားကလေးတွေရှိတယ်။ အဘိုးအိုတွေရှိတယ်။ တချို့ ဝက်ရှုးပြန်၊ စစ်ဘေးရှောင်း ရင်းနဲ့ ကျောက်ကမ်းပါး လိမ့်ကျသွားတာတွေ ရှိတာပေါ့နော်။ တချို့ကျတော့ သောက်နေကြဆေး မသောက်တော့လို့ သေဆုံးသွားတာရှိတယ်။”မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့လောက်ကစပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့(CDF)နဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့ပေါ်နဲ့ကျေးရွာတွေက လူပေါင်း သုံးသောင်းကျော်ဟာ လုံခြုံမယ်လို့ယူဆရတဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်(CDF)အဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီက စစ်ဘေးကြောင့် ထွက်ပြေးနေကြ ရတဲ့ ပြည်သူတွေအရေးကို အလေးမထားပေမယ့် သူတို့ဘက်ကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အခက်အခဲကြုံနေတဲ့ ပြည်သူ တွေရဲ့ဒုက္ခကို ငှဲ့ညှာလို့ အခုလိုသဘောတူခဲ့တာလို့ပြောပါတယ်။“ပြည်သူတွေကို စာနာထောက်ထားတာတော့ မဖြစ်နိုင် ဘူး။ ရွှေအောင်သာဘက်က တပ်ရင်းတစ်ရင်း တက်လာတယ်။ ချောင်းဆုံဘက်က တပ်ရင်းတစ်ရင်း တက်လာတယ်။ ချောင်းဆုံဘက်က အကျအဆုံး များတယ်။ အဲဒီတပ်ရင်းတွေမှာ အကျအဆုံးများတဲ့ အတွက်ကြောင့် နောက်ထပ်အယောက် ၆၀ စစ်ကူ ဖြည့်ပြီးမှ တက်လာတယ်ဆိုတော့ သူတို့က ဒီဘက်ကို အင်အားအလွန်အကျွံသုံးတယ်လို့ ယူဆလို့လား၊ တခြား ဒေသတွေ ဆူပူထကြွတာကို နှိမ်နင်းဖို့ပဲလား ဘာကြောင့်လဲတော့မသိဘူး။ဒါပေမဲ့ သေချာတာ ကတော့ ပြည်သူလူထု တွေကို ငှဲ့ညှာလို့ စပြီးစကားပြောလာတာတော့ မဟုတ်တာသေချာတယ်။”မင်းတပ်(CDF)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း စစ်ကောင်စီတပ်အနေနဲ့ ပြည်သူတွေကို ဒုက္ခမပေးဖို့၊ အနှောင့်အယှက်မပေးဖို့နဲ့ ဖမ်းဆီးတာမလုပ်ဖို့ ပြောဆိုထားပြီး ဒီအချက်နဲ့ပတ်သက်လို့ ကတိတည်၊ မတည်ကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

၅။ ပြည်သူတွေကို ကာကွယ်နိုင်ရေး KNU ဆောင်ရွက်မည်
June 24, 2021

ပြည်သူတွေကို ကာကွယ်နိုင်ရေး KNU ဆောင်ရွက်မည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒ ထုတ်ဖော်သူေ KNU က လုံခြုံရေး ယူပေးနေတဲ့ KNU တပ်ဖွဲ့ဝင်တဦး။ ကရင်လူမျိုးတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကာ အကွယ် ပေးနိုင်ရေးအတွက် တတ်နိုင်တဲ့ဘက်က လုပ်ဆောင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဇွန်လ ၂၃ ရက် ရက်စွဲနဲ့ KNU ဌာနချုပ်ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း အနယ်နယ်အရပ်ရပ်မှာ အကြမ်းဖက်မှုတွေ မြင့်တက် လာ တာ၊ စစ်ကောင်စီက အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းတာ၊ နယ်တွေမှာသာမက ပြည်မမြို့ကြီးတချို့မှာပါ တိုက်ပွဲပုံဖော် တာတွေ ဖြစ်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု ဖြစ်မှာကို KNU အနေနဲ့ အထူး စိုးရိမ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ပေးဖို့ တတ်နိုင်တဲ့ဘက်က လုပ်ဆောင်သွားမယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၆။ စစ်ကောင်စီတပ်တွေကြောင့် ကယားဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ငြင်းဆန်
June 24, 2021

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခ သည်တွေကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းအထိလာရောက်ပြီး နေရပ်ကို ပြန်ခိုင်းတာတွေ ရှိနေပေမယ့် အများစုက မပြန်ရဲတာကြောင့် အခြားနေရာသစ်တစ်ခုကို ထပ်မံပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။“သူတို့လာပြီး တော့ ပြန်ခိုင်းတယ်၊ ပြန်ခိုင်းပြီးတော့မှ ငါတို့ကာကွယ်မယ်၊ ငါတို့စောင့်ရှောက်မယ်ပေါ့၊ ရှေ့နှစ်ရက် သုံးရက်လောက်က နေပြီးတော့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ သူတို့က အဲလိုလိုက်ပြောတာ၊ အဲလိုတွေ ပြန်ခိုင်းတယ်၊ တစ်ချို့ကျတော့လည်း သူတို့လာတော့ သူတို့နေတဲ့နေရာကို အခြားနေရာကို ရွှေ့လိုက်တယ်ပေါ့၊ ပြန်လည်း မပြန်ရဲဘူးလေနော်၊ ပြန်ရင်လည်း သူတို့အိုးအိမ်တွေကို အကုန်လုံးဖျက် ထားတော့ ပြန်လည်းဘယ်မှာ သွားပြန်နေမှာလဲ၊ အခုထိလည်းသူတို့က အဲမှာတပ်စွဲ ထားတာလေ၊ စစ် ရှောင်စခန်းရဲ့ ဆေးခန်းတွေကအစ သူတို့ နေရာဝင်ယူတယ်၊ အဲလိုမျိုးတွေလုပ်တယ်၊ ပြီးတော့ စစ်ရှောင် စခန်းမှာရှိတဲ့ သူတွေကို ထမင်းချက်ခိုင်းတာတွေ၊ ရေခပ်ခိုင်းတာတွေ၊ အဲလိုလုပ်ခိုင်းတယ်ဆိုတော့ တချို့ကလည်း ကြောက် တယ်လေ အဲတော့ နောက်တစ်နေရာ ရွှေ့ကြတာပေါ့၊ တစ်ချိုကလည်း အဲမှာ ပဲရှိတဲ့သူ ရှိသေးတယ်ပေါ့လေ”ဒီလိုနေရပ် ပြန်ခိုင်းပေမယ့် မြို့ပေါ်ရပ်ကွက်တွေကနေ ထွက်ပြေးလာခဲ့သူတွေကတော့ ပြန်တဲ့သူ မရှိ သလောက်ဖြစ်ပြီး မြို့နဲ့အနီးဆုံး ကျေးရွာတွေက အချို့ကတော့ နေရပ်ပြန်ကြတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က အိမ်ပြန်နေခိုင်းတယ်၊ ဒါပေမဲ့ အိမ်ပြန်မနေရဲကြသေးပဲ ပစ္စည်းတွေပဲ ပြန်သယ်ကြတယ်၊ ပြန်တော့ မနေကြသေး ဘူး၊ တချို့တွေကတော့ တောထဲမှာနေတယ်၊ တစ်ချို့ကတော့ ရွာတွေထဲမှာ လိုက်နေ တယ်ရှင့်၊ နည်းနည်းလေးပဲ ပြန်ကြ တယ်၊ တချို့တစ်အိမ်တစ်အိမ်မှာ တစ်ယောက်ပေါ့၊ အိမ်ပြန်စောင့်ရုံ လောက်ပဲ ပြန်ကြတယ်၊ တစ်မိသားစုလုံးတော့ မပြန်ကြ ဘူး၊ လွိုင်ကော်မြို့ထဲလည်း တစ်ခါတလေသွား တယ်၊ နေတော့ မနေဘူးပေါ့၊ ပြီးရင် ရွာပြန်လာတယ်၊ ပစ္စည်းသွားဝယ်တယ်၊ အကုန်လုံး တစ်မိသားစုလုံးတော့ ဘယ်သူမှမပြန်ကြသေးဘူး”စစ်ပွဲတွေကြောင့် ဒေသတွင်းမှာ စားသောက်ကုန် ပစ္စည်း တွေ ပြတ်လပ်နေတာအပြင် ကုန်ပစ္စည်းနှုန်းလည်း တက်နေတာကြောင့် တစ်ချို့ကလည်း ရွာတွေမှာပဲ ရှိတဲ့အသီးအနှံတွေ ရှာဖွေစားသောက်နေရတယ်လို့ ဆိုပါတယ်။ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ အပစ်ရပ်ထားတယ် ပြောပေမယ့် မြို့ရွာတွေထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ညတိုင်း ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတာကြောင့် မပြန်ရဲကြသေးတာလို့လည်း ပြောကြပါတယ်။

စစ်ကောင်စီက နေရာအနှံ့တပ်စွဲထားတာကြောင့် ဒေသခံတွေဟာ နေရပ်ပြန်ဖို့ ခက်ခဲနေကြတာလို့ ဒီးမော့ဆိုမြို့မှာ လူမှုကူ ညီရေးလုပ်ပေးနေတဲ့ ဦးပလန်က ပြောပါတယ်။“တစ်ဝက်တောင် ပြန်မလာသေးဘူး၊ ငါးပုံတစ်ပုံလောက်ပဲ ရှိဦးမယ် ပြန်လာတာဆို၊ မြို့နဲ့လှမ်းတဲ့တော ဘက်ပဲ များမယ်၊ မြို့ဘက်ကျတော့ ဒီးမော့ဆိုမြို့ပေါ့နော် ဒေါငံခါး ငွေတောင် အဲဘက် တွေ လုံးဝလာလို့ မရသေးဘူး၊ အရှေ့ဘက်ခြမ်းလည်း လုံးဝလာလို့ မရသေးဘူးဖြစ်နေတယ်၊ အခုလောလောဆယ် တော့ သုံးသောင်းလောက်တော့ ပြန်လာပြီထင်တယ်၊ အဓိကက အိုးအိမ်မရှိတဲ့သူက ဆိုးတာပေါ့နော်၊ ဒီးမော့ဆိုကတော့ လုံးဝ မဖြစ်နိုင်သေးဘူး၊ လွိုင်ကော်ကျတော့ ၅၀ ရာခိုင်နှုန်းလောက်တော့ ဖြစ်လာပြီ၊ စစ်သားတွေ အများကြီး ရှိသေးတယ် နော် ရွာဘက်မှာ၊ ငွေတောင်မှာရှိတယ်၊ ဒီးမော့ဆိုမှာရှိတယ်၊ ခြောက်မိုင်မှာရှိတယ်၊ ဒါကြောင့်မို့လို့ ပြန်လာဖို့ သိပ်မလွယ် သေးဘူး”စစ်ကောင်စီတပ်တွေက ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ထားတာကြောင့် စားဝတ်နေရေးအတွက် ထိုင်း နိုင်ငံဘက်ကနေတဆင့် ကယားပြည်နယ်ထဲကို ဆန်တင်ပို့ ကူညီဖို့လည်း အခက်အခဲတွေရှိနေတယ်လို့ ဦးပလန်က ဆိုပါ တယ်။

၇။ အကြမ်းဖက်စစ်တပ်ပစ်ခတ်မှုကြောင့် သီပေါမြို့က အရပ်သား ၁ ဦးသေဆုံး
24 June, 2021

ရှမ်းပြည်နယ် သီပေါမြို့၊ မြန်မာရပ် ရပ်ကွက်ရုံးရှေ့က လမ်းမထက်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ယောက်ကို ဇွန် ၂၃ ရက်ညက စစ်တပ်က သေနတ်နဲ့ ချိန်ရွယ်ပစ်ခတ်ခဲ့လို့ ဦးခေါင်းကို ကျည်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့ပါတယ်။

ကျည်ထိမှန်ပြီးသေဆုံးသွားသူဟာ မြန်မာရပ်မှာနေထိုင်တဲ့ ကိုအောင်မင်းသူဖြစ်ပြီး ကျည်ဆန်ထိမှန်ခဲ့လို့ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ဆိုင်ကယ်မှောက်လဲကျ သေဆုံးသွားခဲ့တာလို့ မျက်မြင် ဒေသခံတွေက ဆိုပါတယ်။ “ပစ်သံကို အိမ်ကနေ ကြားရ တယ်။ ခါတိုင်းလို အသံပေးတယ် ပဲထင်တာ။ စိတ်ကိုမကောင်းဘူး။” လို့ အနီးနားမှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို နယ်စည်းမခြား လူမှုကူညီရေးပရဟိတအဖွဲ့က သီပေါဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရသူ ၂ ဦး ထိရှိလာပြီ ဖြစ်ပါတယ်။

၈။ မင်းတပ်မှာ CDF နဲ့ စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေး သဘောတူ
June 23, 2021

ချင်းပြည်နယ် မင်းတပ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲတဲ့ သဘောတူညီ ချက်ကို ဇွန်လ ၂၃ ရက်နေ့ မနေ့က ကြေညာခဲ့ပါတယ်။ အဲဒီသဘောတူညီချက်မှာ ပစ်ခတ်မှုတွေ မပေါ်ပေါက်ရေးအတွက် နှစ်ဖက်တပ်ဖွဲ့တွေ လက်နက်ကိုင်ဆောင်ပြီး ကင်းလှည့်သွားလာမှုတွေ ရှောင်ကြဉ်ဖို့၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ရုံးလုပ်ငန်း ဆောင်ရွက်တာကို ခြိမ်းခြောက်တားဆီးခြင်း မပြုဖို့၊ CDM ဝန်ထမ်းတွေကိုလည်း လုပ်ငန်းခွင် ပြန်ဝင်ရေး ဖိအားပေးခြင်း မပြုဖို့၊ ကျောက်ထု-မင်းတပ်-မတူပီ လမ်းမှာ သွားလာသူတွေကို နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ဖို့နဲ့ ရိက္ခာသယ်ပို့တဲ့ ကားတွေကို စစ်ဆေးပြီး ဝင်ထွက်ခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

သက်ဆိုင်ရာ အဖွဲ့ နှစ်ဖွဲ့နဲ့ မြို့မိမြို့ဖတွေ ပါဝင်ကာ ရက်အနည်းငယ်ကြာ ဆွေးနွေးကြပြီးနောက် အခုလို သဘောတူခဲ့တာ ဖြစ်တယ်လို့ မင်းတပ်မြို့ရှိ ဆရာတော် ရှယ်ယာဟုန်းက RFA ကို မိန့်ပါတယ်။“အဓိကအချက်ကတော့ ပြည်သူများ အိမ်ကလည်း အ ဖောက်ခံရ၊ တန်ဖိုးရှိတဲ့ပစ္စည်းလည်း အကုန်လုံးပျောက်၊ တမြို့လုံး သူရဲခြောက်တဲ့မြို့ ပုံစံဖြစ်လာတော့ ပြည်သူ များ ဘုရားတရားကို ပြန်လည်ကိုးကွယ်ပြီးမှ မြို့ကို ပြန်လည်တည်ဆောက်ရအောင် ဆိုပြီးမှ နှစ်ဖက်သဘော တူညီချက်ကို ရပြီး အခုလို ရပ်စဲတာပဲ”အပစ်ရပ်စဲပြီးနောက် မြို့ကထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ပြည်သူ ၃ဝ ရာခိုင်နှုန်းခန့် မြို့ကို ပြန် ရောက်လာကြပြီလို့လည်း ဆရာတော်က ပြောပါတယ်။ သဘောတူညီချက်အရ မြို့အဝင်အထွက်တွေမှာ ရိက္ခာတင်ကား တွေကို လက်နက်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း မရှိအောင် နှစ်ဖက်လုံးက စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

CDF ချင်းကာကွယ်ရေးတပ်ဦးခေါင်းဆောင် ဆလိုင်းတင်ဦးကတော့ မြို့ခံလူထုရဲ့ ဆင်းရဲဒုက္ခတွေကို ငဲ့ညှာတဲ့အတွက် သူတို့ ခုလို သဘောတူခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။“သက်ကြီးရွယ်အို အဖိုးအဖွားတွေ၊ ကလေးသူငယ်တွေ၊ နို့တိုက်မိခင် တွေ၊ကိုယ်ဝန် ဆောင်တွေ အရမ်း ဒုက္ခရောက်နေတယ်။ သူတို့ကို မကြည့်ရက်လို့ အပစ်ရပ်ရေးကို ကျနော်တို့ လက်ခံလိုက် တာ။ အခုလို အပစ်ရပ်စဲထားချိန်မှာ စစ်ကောင်စီဖက်က ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတယ်။”လက်ရှိမှာ မြို့ခံပြည်သူ သုံး ဦးနဲ့ သူတို့ CDF အဖွဲ့ဝင်ကလေး နှစ်ဦးကို စစ်ကောင်စီဘက်က ဖမ်းထားကြောင်း၊ အဲဒီ ကလေး နှစ်ဦးဟာ အသက် ၁၈ နှစ် မပြည့်လို့ သူတို့လက်မခံပဲပြန်လွှတ်လိုက်သူတွေဖြစ်ကြောင်း၊ အခုလိုအပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီ ဘက်က စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေနိုင်ကြောင်း၊ သူတို့ဒေသကစစ်အင်အားကို တခြားတော်လှန်ရေး တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ အင်အားသွားဖြည့်တင်း လိုတဲ့အတွက် ယာယီအင်အား လျှော့ချနေတာလည်း ဖြစ်နိုင်ကြောင်းနဲ့ သူတို့ CDF ကတော့ အသင့်ပြင်ထားကြောင်းလည်း ဆလိုင်းတင်ဦးက ပြောပါတယ်။

၉။ တာချီလိတ်မြို့ ဟုန်ပန်းကုမ္ပဏီမှ ပြည်သူစိုက်ပျိုးထားသည့် လယ်များကို ဖျက်ဆီး
June 25, 2021

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် ဝမ်ဟောင်ရွာရှိ ပြည်သူများစိုက်ပျိုးထားသည့် လယ်များကို ဟုန်ပန်းကုမ္ပဏီမှ ဝင်ရောက်ရောက်ဖျက်ဆီးပြီး ခြံစည်းရိုးထပ်မံသွားခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဟုန်ပန်းကုပ္မဏီမှ စစ် ကောင်စီအကာကွယ်ယူပြီး ဇွန်လလယ်ပိုင်း ညမထွက်ရချိန်တွင် ပြည်သူများ၏ လယ်ယာ၊ စပါးများကို ဖျက်ဆီးပြီးခြံစည်းရိုး ကို အတင်ကြပ်တစ်ဖန်ပြန်လာခတ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ သူတို့ ညဆို ခြံစည်းရိုးသွားခတ်တယ်။ ကျနော်တို့ ညမထွက်ရအမိန့်နဲ့ဆိုတော့ ထွက်လို့မရဘူး။ သူတို့ ဘိလပ်မြေတွေနဲ့ လာလုပ်တယ်။ လယ်ယာတွေလည်း ပျက်စီးသွားတယ်။ စိုက်ထားတဲ့စပါးတွေတောင်ကြီးနေပြီ။” ဟု ဟောင်လိတ်ရပ်ကွက် ဝမ်ဟောင်ရွာ ဒေသခံတစ်ဦး သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့ ပြည်သူများ စိုက်ပျိုးထားသည့် လယ်ယာများကို လာ ရောက်ဖျက်ဆီးသည့်အတွက် ပြည်သူများအခက်ခဲများစွာ နှင့်ကြုံလာနိုင်ကြောင်း ၊ လက်ရှိမှာ ပြည်သူများလယ်ယာသွား လုပ်ရန်အတွက် စိတ်လုံခြုံမှုမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

“ မနေ့ကတော့ မြေစာရင်းကနေပြီးတော့ မြေလာတိုင်းပြီးတော့ ဓာတ်ပုံတွေရိုက်သွားတယ်။ ပြီးတော့မြို့နယ်အဆင့်ကို ပို့ ပေးမယ်လို့ပြောတယ်။ ဒီမြေက ဘယ်သူမြေဖြစ်မလဲဆိုတာကို မသိရသေးဘူး။ ဟုန်ပန်းကုမ္ပဏီကတော့ စစ်ကောင်စီ အ ကာကွယ်ယူပြီးတော့လုပ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ဟုန်ပန်းကုမ္ပဏီနှင့် ဟောင်လိတ်ရပ်ကွက် ဝမ်းဟောင် ကျေးရွာတွင်ဖြစ်နေသည့် ပြသာနာများကို သက်ဆိုင်ရာ လူကြီးများ အမြန်ဆုံးလာရောက်ဖြေရှင်းပေးရန်အတွက် ပြည်သူ များက တောင်းဆိုလိုက်သည်။ ထိုမြေသည် ၁၉၉၈-၁၉၉၉ ခုနစ် စစ်အစိုးရ လက်ထက်တွင် အတင်းအဓမ္မသိမ်းယူပြီး ထိုထဲမှ ဧက (၁၀၀) ကို ဟုန်ပန်းကုမ္ပဏီအားပေးခဲ့ပြီး၊ ဟုန်ပန်းကုမ္ပဏီမှ ဧက (၂၀)ကိုသာ ပလပ်စတစ် စက်ရုံတည်ဆောက်ခဲ့သည်။

၁၀။ စစ်တွေမြို့သို့ ဖမ်း‌ခေါ်သွားသည့် ပလက်ဝချင်းလူငယ် ၅ ဦးကို ယခုအချိန်အထိ မိသားစုနှင့် တွေ့ဆုံခွင့်မရ၍ မိသားစု ဝင်များ စိုးရိမ်နေ
June 24, 2021

ချင်းပြည်နယ် ပလက်ဝမြို့တွင် အဖမ်းဆီးခံချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် လက်ထိပ်ခက်ကာ စစ်တွေမြို့ သို့ပို့ဆာင်ကာ စစ်‌တွေမြို့ရှိ စစ်တပ်ဝင်းထဲသို့ ခေါ်ဆောင်သွားသည်ဟု သိရသော်လည်း ယခုအချိန်အထိ မိသားစုနှင့်မ တွေ့ရကြောင်း နီးစပ်သူ မိသားစုများထံက သိရသည်။

အဖမ်းဆီးခံ ချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် မြို့နယ်တရားသူကြီးမှ စစ်ဆေးခဲ့ပြီး ရဲလုပ်ငန်းများဆောင်ရွက်ရန် ဇွန်လ ၃၀ ရက်နေ့ကို ရုံးချိန်းသက်မှတ်ခဲ့ပြီးနောက် ခမရ (၅၁၁) တပ်ရင်းမှူးမှ စစ်တွေမြို့သို့ ဦးစီးခေါ်ဆောင်သွားကြောင်း သိရသည်။ ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ (၁၈) ဦးထဲမှ ၅ ဦးကို ပြန်မလွှတ်သေးပဲ ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ထွေအုပ်ရုံးရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင် အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ (၆) ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်ဦးမှာ မကြာသေးမှီကပြန် လွတ်ကာ ယခုချိန်ထိ (၅) ဦး ထိန်းသိမ်းထားဆဲဖြစ်သည်။

၁၁။ ရခိုင် စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးငယ်များ အရေပြားရောဂါဖြစ်ပွားနေ
25 June, 2021

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်စစ်ဘေးရှောင်စခန်းအပါအဝင်အနီးအနားရှိ စစ်ဘေးရှောင်စခန်းမှာနေထိုင် နေကြတဲ့ ကလေးတွေမှာ အခုရက်ပိုင်းအတွင်း အရေပြားမှာယားနာတွေဟာခန္ဒာကိုယ်အနှံ့ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ကလေးတွေမှာ အရေပြားရောဂါဖြစ်ပွားတာဟာ အခုရက်ပိုင်းအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် စစ်ဘေး ရှောင်စခန်းတွေမှာ ရေကြီးကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ရေသန့်ရှင်းမှု မရှိတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။“ကျနော်တို့ဆီကို အကြောင်း ကြားလာကတော့ ကျောက်တော်မြို့နယ် ကန်စောက်စစ်ဘေးရှောင်စခန်းပေါ့။ အဲဒီမှာ ကလေး ၁၀ ယောက်လောက်ကအ ရေပြားမှာယားနာတွေပေါက်တာပေါ့၊ အများကြီးပဲပေါက်တယ်၊ တချို့ကလေးတွေမှာ အနည်းငယ်ပေါက်နေတဲ့သူတွေလည်း ရှိတယ်လို့ ပြောကြပါတယ်၊ နောက်ပြီး တခြားအနီးအနားစခန်းတွေမှာလည်းပဲ အရေပြားရောဂါ အသေးစားလေးတွေ ဖြစ်နေ တယ်လို့ သိရတယ်။ ကျွန်နော်တို့ ဘာကြောင့်ဖြစ်တယ်မှန်းတော့ တိတိကျကျမသိနိုင်သေးပါဘူး၊ ဒါပေမဲ့လည်းဖြစ်နိုင်ခြေရှိ တာတွေကတော့ ဒီရက်ပိုင်းတွေမှာမိုးကြီးပြီးတော့ ရေပြည့်တာ၊ နောက်အဲဒါတွေကြောင့် ပတ် ဝန်းကျင်ညစ်ညမ်းတာ၊ ရေမ သန့်ရှင်းမှုတွေဖြစ်တာ ဒါတွေနဲ့ဆက်စပ်နိုင်ပါတယ်”လို့ ပြောပါတယ်။

၁၂။ စစ်တပ်ရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ မသယ်ဖို့ KIA သတိပေး
June 25, 2021

ကချင်ပြည်နယ်အတွင်းမှာ ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းယာဉ်တွေ အနေနဲ့ စစ်တပ် ရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို မသယ်ဆောင်ပေးဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တပ်မဟာ ၂ စစ်ဋ္ဌာန ချုပ် တပ်ရင်း ၁၁ က ဒီနေ့ ဇွန် ၂၅ ရက်မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ အရပ်ဘက်သုံးယာဉ်တွေအနေနဲ့ စစ် ကောင်စီက စစ်သားတွေ၊ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ယာဉ်သုံးဆီတွေ တင်ဆောင်ရင် ဒါမှမဟုတ် မလိုအပ်ဘဲ မိုးကာတွေ အုပ်မိုးပြီးသွားလာရင် ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ခရီးသည်နဲ့ ကုန်တင်ယာဉ် အပါအဝင် စီးပွားရေးလုပ်ငန်းသုံး ကားတွေ ဟာ မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ပူတာအို၊ မြစ်ကြီးနား – ဖားကန့်နဲ့ မြစ်ကြီးနား စစ်ကိုင်းတိုင်းသွားတဲ့လမ်းပိုင်းတွေကို ည ၇ နာရီကနေ မနက် ၅ နာရီအထိ ခရီးသွားလာခွင့်ကို KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ က ကန့်သတ် လိုက်ပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ပွဲတွေဟာ ပိုပြီးအရှိန်မြင့်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဇွန် ၂၄ ရက်က RFA သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

၁၃။ နမ္မတူမြို့နယ် မှ ရွာသား (၃)ဦးကို TNLA မှ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွား
June 24, 2021

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပင်လုံကျေးရွာ အုပ်စုအတွင်း နားခိုလျံ ရွာသား ( ၃) ဦးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။ (ဇွန် ၂၃ )ရက် ည (၉ )နာရီ အချိန်တွင် နားခိုလျံ ကျေးရွာနေ စိုင်းမုန့်၊စိုင်းကျော်လူ၊ စိုင်းလူး ဆိုသည့် ရွာသား သုံးယောက်ကို TNLA မှ ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။“မနေ့ည က သူတို့ (၃) ယောက်ကို ပါးတွေရိုက်တယ်။ သေနတ်နဲ့ချိန်ပြီး လက်သီးနဲ့ထိုးတယ်။ ခြေထောက်နဲ့ ကန်တယ်။ ပြီးတော့ ဖမ်းခေါ်သွား တာ။ ဘာကြောင့် ဖမ်းလဲ ဆိုတာ မသိရဘူး” ဟု ဒေသခံတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA မှ ဖမ်းဆီးသွားသူများမှာ စိုင်းလူး သည် နားခိုလျံ ကျေးရွာ၏ ရွာသူကြီးဟောင်း ဖြစ်ခဲ့သူ ဖြစ်ပြီ၊ ကျန်နှစ်ယောက်သည် ရွာသားများဖြစ်ကြောင်းသိရသည်။ ”တစ်ယောက်က ရွာသူကြီးဟောင်းပါ၊။ဒါပေမဲ့ သူတို့က ဘယ်လက်နက်ကိုင် အဖွဲ့ အစည်း နဲ့မှ မပက်သက်ပါဘူး၊ရိုးရိုးသားသားနဲ့ တောင်သူလယ်သမားတွေပဲဖြစ်တယ်”ဟု ပင်လုံကျေးရွာမှ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီကိစ္စကို ကျနော် မသိရသေးပါဘူး၊ ကျနော်တို့က အပစ်မရှိတဲ့ပြည်သူကို မဖမ်းပါဘူး၊ နိုင်ငံရေးသဘောတရားအရ တပ်ဖွဲ့ နဲ့ မငြိစွန်းနေဘူး ဆိုရင်မဖမ်းပါဘူး။ ဖမ်းရင်လည်း အကြောင်းကိစ္စ ခိုင်လုံမှပါ”ဟု TNLA ၏ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ပြောသည်။

၁၄။ တရုတ်ကနယ်စပ်ခြံစည်းရိုးခတ်ရာတွင် မြန်မာဘက်ခြမ်းမှ မြေယာများပါဝင်နေသဖြင့် ဒေသခံများ ကန့်ကွက်
24 June, 2021

မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်၊ ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန့်ဝိန်းကြီး‌ကျေးရွာအုပ်စုနဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တို့ ပိုင်းခြားတဲ့နယ်နိမိတ်ကို တရုတ်ဘက်က ခြံစည်းရိုးခတ်ရာမှာ မြန်မာဘက်ခြမ်းက မြေယာတွေ ပါဝင်နေတာကြောင့် ဒေသခံ တွေ ကန့်ကွက်နေကြပါတယ်။ နှစ်နိုင်ငံနယ်နိမိတ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်ဘက်က လက်ရှိ ခြံစည်းရိုးကာရံနေတာ ကတော့ နယ်ခြားမှတ်တိုင် ၅၃/၁ ၊ ၅၃/၂ ၊ ၅၃/၃ ၊ ၅၃/ ၄ စတဲ့ နေရာ လေး နေရာမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်က နယ်နိမိတ်ခြံစည်းရိုးကာရံတိုင်း နှစ်နိုင်ငံနယ်စပ်မှာ အခြေချနေထိုင်တဲ့ မြန်မာဌာနေတိုင်းရင်းသား တွေရဲ့ ပိုင်ဆိုင်တဲ့ မြေယာတွေ တရုတ်ပိုင်နက်ထဲ ပါဝင်သွားတာကြောင့် အမြဲကန့်ကွက်နေကြတာပါ။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံဘက်က နယ်နိမိတ်ခြံစည်းရိုးခတ်တာကို ကန့်ကွက်မှုပေါင်း ၁၀ ခု ထက်မနည်းရှိခဲ့ပါတယ်။ နိုင်ငံ ပိုင်နက်အငြင်ပွားမှုဖြစ်ပွားလေ့ရှိတဲ့ အဓိကမြို့နယ်တွေကတော့ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်၊ ရှမ်းပြည်နယ် မြောက် ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နဲ့ ကချင်ပြည်နယ်၊ မန်စီမြို့နယ်တို့ဖြစ်ပါတယ်။

မြန်မာ- တရုတ်နှစ်နိုင်ငံ ပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ ဒေသခံပြည်သူတွေက အကြိမ်ကြိမ် တင်ပြဖော်ပြမေးမြန်းခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်တာ မရှိခဲ့ဘူးလို့ ဌာနေ တိုင်းရင်းသားတွေက ပြောပါတယ်။

၁၅။ ယာယီအပစ်ရပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးမှုအသာစီးယူနေ
June 24, 2021

ကရင်နီပြည်နယ်ရှိ ကျေးရွာအများအပြားမှာ ယာယီအပစ်ခတ်ရပ်စဲထားတဲ့အတောအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းနေမှုက နယ်မြေစိုးမိုးမှုမှာ အသာစီးယူနေတဲ့ဗျူဟာဖြစ်တယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်း ကွန်ယက်မှ Coordinator ခူးကိုရယ်က သုံးသပ်ပြောဆိုပါတယ်။“အပစ်ရပ်တယ်ဆိုတဲ့ဟာပေါ့ တကယ်တမ်းတော့ သမိုင်း ကြောင်းအရ ပြန်ကြည့်မယ်ဆိုရင်လည်း စာရွက်အဖြူအပေါ်မှာပဲ ရှိတယ်လေနော လက်တွေ့မှာဆိုရင် သူတို့ဖက်က အသာ စီးချင်တဲ့သဘောမှာရှိတယ်။ အပစ်ရပ်တယ်ဆိုပြီးတော့ သူတို့လူတွေကို စစ်အင်အားထပ်ပြီးမှ ဖြည့်လာတာရှိတယ် စစ်အင် အား လက်နက်အင်အား ရိက္ခာတွေလည်း အခွင့်ကောင်းယူပြီးမှ သူတို့ ကျတော်တို့ရဲ့ နယ်မြေစိုမိုးမှုတွေကို အသာစီး သွားနိုင်တယ်တဲ့ ဗျူဟာပေါ့။ ဒါကို သူတို့တွက်ပြီးမှ အပစ်ရပ်တယ်လို့ပဲ ပြောတာပဲရှိတယ်။ တကယ်ကျတော့ သူတို့ဖက်က လည်း အပစ်ရပ်တယ်ဆိုတဲ့ဟာ ထုတ်ပြန်ထားတာမရှိဘူးလေ စစ်ကောင်စီက” လို့ ခူးကိုရယ်က ပြောပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာယီအပစ်ခတ် ရပ်စဲတယ်လို့ ကြေညာထားပြီးနောက် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ အင်အားတိုးချဲ့မှု ပိုမိုလုပ် ဆောင်နေပြီး ကျေးရွာအတွင်း တပ်စွဲထားတယ်လို့ သိရပါတယ်။ “သူတို့က နေ့စဉ်နဲ့အမျှ အင်အားတွေဖြည့်တင်းနေတာပဲ အခုကျတော်တို့ဖက်မှ တနေ့ကဆို ၁၀၀ အခုဆိုရင် ၁၀၀ ကျော်သွားပြီလေ အဲ့လိုမျိုးဖြစ်နေတယ်။ အခု ပြည်သူတွေလိုချင် တာက ငြိမ်းငြိမ်းချမ်းချမ်း အိမ်မှာပဲ လုပ်ကိုင်စားသောက်ချင်တယ်ပေါ့။ အခုလိုမျိုး အင်အားတွေ ထပ်ဖြည့်တင်းခါကျတော့ တိုက်ပွဲဖြစ်လာမှာ အရမ်းစိုးရိမ်ကြတယ်လေ တိုက်ပွဲဖြစ်လို့ရှိရင် ပြည်သူတွေကလည်း ဘာမှအပြစ်မရှိဘဲနဲ့ ကြားကနေ မြေစာပင်ဖြစ်ကုန်တယ် အလကားသေကုန်ကြတယ် အဲ့လိုမျိုးဖြစ်တယ်ပေါ့နော။ အများကြီးစိုးရိမ်ပူပန်နေရတယ်”လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီမှ KNDF နဲ့ ယာယီအပစ်ခတ်ရပ်စဲရေးပြုလုပ်ခြင်းဟာ ခုခံကာကွယ်မှု အရှိန်လျော့ချရန်နဲ့ တစ်ဖက်မှာ နယ်မြေ ရှင်းလင်းရေးပြုလုပ်ပြီး အဓိကကျတဲ့နယ်မြေကို ပြန်လည်ရယူထိန်းချုပ်နိုင်ရန်အတွက် ပြုလုပ်တဲ့ စစ်ပရိယာယ်တစ်ခုသာဖြစ် တယ်လို့လည်း ခူးကိုရယ်က ဆိုပါတယ်။

၁၆။ မော်လမြိုင်တက္ကသိုလ် ပါချုပ်နှင့် ဒုပါချုပ်များကို အရေးယူ‌ပေးရန် တိုင်ကြား
24 June, 2021

မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ်တွေကို အရေးယူ‌ပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရကို မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ဇွန်လ ၂၃ ရက်နေ့မှာ တိုင်ကြားလိုက်ပါတယ်။ ပါမောက္ခချုပ်နဲ့ ဒု ပါမောက္ခချုပ်တွေဟာ မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ ကိစ္စကို သတင်းအမှောင်ချတာ၊ ပေါ့လျော့စွာ ကိုင်တွယ်ခဲ့တဲ့အတွက် ပြည်နယ်တခုလုံး ရောဂါပိုး ပျံ့နှံ့သွားနိုင်တဲ့ အနေအထား ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုထားပါ တယ်။ ဒါအပြင် မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၄ ဦးထိ တွေ့ရှိခဲ့မှုကို ကျောင်းမပိတ်ဘဲ ဇွန်လ ၂၂ ရက် ကစပြီး စာမေးပွဲ ဖြေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တာဝန်ပေါ့လျော့စွာ ဆောင်ရွက်ခဲ့တဲ့ ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန် အပါအဝင် ဒုတိယ ပါမောက္ခ ချုပ်တွေဖြစ်တဲ့ ဒေါက်တာခိုင်ခိုင်စန်း၊ ဒေါက်တာသီတာမြင့်နဲ့ ‌ဒေါက်တာမာလာအောင်တို့ကို အရေးယူရးဖို့ တိုင်ကြားခဲ့တာပါ။ မော်လမြိုင်တက္ကသိုလ်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့နေမှုအား သတင်းအမှောင်ချထားမှုအပေါ် မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂအဖွဲ့ကလည်း ဇွန်လ ၁၉ ရက်နေ့မှာ ဝေဖန်ရှုတ်ချထားပါတယ်။

၁၇။ စစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်ဒေသခံ ၇ ဦးအရေး မိသားစု စိုးရိမ်နေ
24 June 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မိုးပညာဒါန ပရဟိတ သင်တန်းကျောင်းမှ ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင် အပါအဝင် လူ ၇ ဦး ကို ဇွန်လ ၅ ရက်ကတည်းက စစ်တပ်က ဖမ်းဆီးခဲ့ရာ ဇွန်လ ၂၃ ရက်အထိ သတင်း အတိကျ စုံစမ်းမရ ဖြစ်နေ၍ မိသားစု ဝင်များက စိုးရိမ်နေကြကြောင်း သိရသည်။ ဖမ်းဆီးခံ ကိုအောင်ဝင်းနိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုးက “၃၄၉ တပ်ရင်းမှာ ဖမ်းထားတယ် ကြားလို့ အဲဒီတပ်ရင်းကို အကြိမ်ကြိမ် သွားမေးပါတယ်။ ကျမတို့ သွားမေးတိုင်း သူတို့ မဖမ်းဘူးလို့ပဲ ပြော တယ်။ အခုထိ ကျမအမျိုးသားတို့ကို ဘယ်မှာ ဖမ်းထားတယ်။ ဘာကြောင့် ဖမ်းတယ်ဆို ဘယ်လိုမှ စုံစမ်းမရ ဖြစ်နေပါတယ်။ ဘယ်လို ဆက်လုပ်ရမှန်းလည်း မသိတော့ပါဘူူးရှင်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မိုးပညာဒါန သင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင် ကျော်အကွာ မိုးတောင်ရွာတွင်တည်ရှိပြီး ၂၀၂၁ ခု နှစ် ဧပြီလအတွင်းက စတင်တည်ထောင်ကာ ယခုလ ဇွန်လ ၂ ရက်တွင် သင်တန်းစတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ သင်တန်း တွင် ကွန်ပြုတာ၊ အခြေခံ အင်္ဂလိပ်စကားပြော၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေး ပညာများကို သင်ကြား ပို့ချပေး ကြောင်းလည်း နာယက အဖွဲ့ဝင် ကိုနေလင်းအောင်က ပြောသည်။ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကတော့ တောင်ကုတ်က ဖမ်းဆီးခံ ၇ ဦး ကိစ္စမှာ ရက္ခိုင် စစ်တပ် (AA) နှင့်ပတ်သက်မှု မရှိကြောင်း ပြောသည်။ ဥပဒေချုပ် ဦးလှသိန်းက “တောင်ကုတ် ၇ ဦး ကိစ္စက တပ်က ဖမ်းတာလား၊ ရဲကဖမ်းတာလား၊ ဘယ်အဖွဲ့က ဖမ်းတာလည်းဆိုတာ ကျနော်လည်းမသိဘူး။ သက်ဆိုင်တဲ့အဖွဲ့တွေကို ကျနော်မေးကြည့်လို့သိရတာ အခုကအဲဒီ တောင် ကုတ် က လူ ၇ ယောက်ကိစ္စဟာ AA ကိစ္စနဲ့ လုံးဝ မဆိုင်ဘူး။ အဲဒီလောက်တော့ သိရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးခံထားရသူ ကိုအောင်ဝင်းနိုင်၏ အမျိုးသမီး မတွယ်တာစိုးက ၎င်း၏ အမျိုးသား အပါအဝင် သင်တန်းကျောင်းမှ ဒေသခံ ၇ ဦးကို တောင်ကုတ် အခြေစိုက် ခမရ ၃၄၆ တပ်ရင်းမှ ဖမ်းဆီးသွားကို သိရှိကြောင်း မျက်မြင်တွေ့လိုက်ရသည့် ကျေးရွာသားများ၏ ပြောဆိုချက်ကို ပြန်လည် ပြောပြသည်။ သို့သော်လည်း ဇွန်လ ၁၂ ရက်က ခမရ ၃၄၆ တပ်ရင်းသို့ မိသားစုဝင်များ သွားရောက်စုံစမ်း မေးမြန်းသော်လည်း ၎င်းတို့ ဖမ်းဆီးထားခြင်း မရှိကြောင်း ငြင်းဆိုနေသည့်အတွက် ယင်းနေ့တွင်း တောင်ကုတ်မြို့မ ရဲစခန်းတွင် လူပျောက်အနေဖြင့် တိုင်ချက် ဖွင့်ခဲ့ရကြောင်း မတွယ်တာစိုးက ပြောသည်။

၁၈။ သဘာဝဘေးကြောင့် ပျက်စီးသွားသည့် စညှင်းစစ်ဘေးရှောင်စခန်းကို အလှူရှင်များ၏အကူအညီဖြင့် ဆောက်လုပ်နေ
June 24, 2021

လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးသွားသည့် မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်ခန်းကို ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် ပြည်လည်ဆောက်လုပ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။ ရခိုင်ပြည်အတွင်း မိုးအဆက်ပြတ်ရွာ သွန်းမှု၊ လေပြင်းတိုက်ခတ်မှုကြောင့် စညှင်းစစ်ဘေးရှောင်စခန်းတွင် တဲအိမ် ၃၀ ခန့်ပျက်စီးသွားပြီး ယင်းထဲမှ တဲအိမ် ၁၂ လုံးမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

လက်ရှိတွင် တဲအိမ် ၁၀ ကျော်ခန့်ကို အကြမ်းအားဖြင့်သာ ဆောက်လုပ်ပြီးစီးကာနေပြီဖြစ်ကာ အဆိုပါတဲအိမ်များတွင် ဒုက္ခသည်များနေထိုင်ရန် ဆောင်ရွက်ပေးထားကြောင်း စခန်းတာဝန်ခံ သဘာဝနဒီကပြောသည်။“အခုဆောက်လုပ်နေတာ က ၅ ရာခိုင်နှုန်းလောက်ပဲပြီးစီးတယ်လို့ ပြောလို့ရမယ်။ ဝါးအခင်းတော့ ပြီးပြီ၊ အကာမရှိသေးဘူး။ မိုးတွင်းကာလည်းဖြစ် တယ်။ မိုးကလည်း အလွန်ရွာနေတော့ အရေးအခြေအနေအရ တာလာပတ်တော့ ကာတားတယ်”ဟု ဦးဇင်းသဘာဝနဒီက ဆိုသည်။ အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ခြင်ထောင်အရေးပေါ်လိုအပ်နေပြီး ဆန်စားနှင့်ရိက္ခာမှာလည်း ၁၅ ရက်စာ အတွက်သာ ကျန်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

စစ်ဘေးရှောင်စခန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲကြောင့် စညှင်း၊ ဟင်းခရော်၊ အင်ကြင်းစသည့် ကျေးရွာများမှ ဒေသခံများမှာ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။ ယင်းစခန်းတွင် ယခင် စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်အထိ ခိုလှုံခဲ့ကြပြီး တိုက်ပွဲများငြိမ်သက်နေသည့်အတွက် နေရပ်ပြန်သွားကြသူများရှိသဖြင့် လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၂၈၀ ကျော်ရှိသည်။ “ကျွန်မတို့အတွက် စားဝတ်နေရေးက အခက်အခဲအများကြီးကြုံရ တယ်။ ရိက္ခာပြတ်တဲ့အချိန်မှာဆိုရင် တစ်ယောက်မှာရှိတာကို အကုန်လုံးခွဲဝေစားသောက်ရတယ်။ တောင်ပေါ်ကိုလည်း တက်လို့မရ ဖြစ်သလိုစားသောက်နေရတယ်”ဟု စညှင်းစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေသည့် ဒေါ်မာမာအေးက ပြော သည်။ တိုက်ပွဲများငြိမ်သက်နေသည့်အတွက် ဒုက္ခသည်တစ်ချို့ နေရပ်ပြန်သွားကြသော်လည်း အများစုက နေရပ်မပြန်ဘဲရှိ နေကြပြီး စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

၁၉။ လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအချို့တွင် လောင်းကစားဝိုင်းများ နေ့ညမပြတ် ဖွင့်လှစ်နေ
June 23, 2021

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအချို့တွင် နယ်ခံနယ်ခြားစောင့်တပ် (BGF) အဖွဲ့နှင့် ကျေးရွာတဝန်ခံများကဦး ဆောင်ပြီး လောင်းကစားဝိုင်းများ နေ့ညမပြတ် ဖွင့်လှစ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ရွာခံနယ်ခြား စောင့်တပ် (BGF) မှ ဒေသခံအခေါ် ဗိုလ်ကြီးဦးမီးတပို (ခ) ကဘောင်ယူ၊ ဗိုလ်ကြီးကိုလှသိန်းနှင့် ကျေးရွာတာဝန်ခံတို့ဦးဆောင်ပြီး လှိုင်းဘွဲမြို့နယ်ရှိ ကြို့ချောင်းစံပြကျေးရွာနှင့် ဝဲလှကျေးရွာ ကြားတစ်နေရာတွင် ပြီးခဲ့သည့် မေလပထမအပတ်မှစ၍ ယခု အချိန်ထိ ကြက်ဝိုင်းနှင့် အံကလုံလောင်းကစားဝိုင်းများကို ဖွင့်လှစ်နေကြခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကြက်ဝိုင်းတွေရှိတာ တစ်လပြည့်တော့မယ်။ အဲ့ဒီကြက်ဝိုင်းကို ဗိုလ်ကြီးမီးတပိုနာမည်နဲ့တပ်ပြီး လုပ်ထားတယ်။ နေရာကတော့ ဂျို့ချောင်းနဲ့ ဝဲလှသွားတဲ့ကြားမှာလုပ်တယ်။ အခုလောလောဆယ် အံက လုံဝိုင်းလည်းထောင်ထားတယ်။ ကန်ထရိုက်ကို ဗိုလ်မှူးလှသိန်းက ယူထားတယ်။ တခြားရွာတွေက ဒီလိုမျိုးမှမရှိတာ။ ဒီရွာကလူတွေတော့ ကြက်ဝိုင်းထောင် ထားပေမယ့် သိပ်မသွားကြဘူး” ဟု ၎င်းကပြောသည်။ အဆိုပါ ကြက်ဝိုင်းနှင့် အံကလုံ လောင်းကစားဝိုင်းများကို ယခင်က BGF တပ်စခန်းအနောက်တွင် လက်ခံကျင်းပသော်လည်း အများပြည်သူများသွားလာသည့် လမ်းမကြီးဘေးတွင်ရှိသည့် အတွက် လူမြင်ကွင်းနှင့်ဝေးရာ ဝဲလှသွားရာလမ်းဘက်ခြမ်းကို ပြောင်းရွှေ့ကျင်းပထားကြောင်း ဒေသခံများက ပြောသည်။ ကျေးရွာအတွင်း ယခုလိုလောင်းကစားဝိုင်းကို လက်ခံကျင်းပခြင်းအပေါ် ဒေသခံများက လိုလားခြင်းမရှိသလို ဒုစရိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသည်။

လောင်းကစားဝိုင်းများတွင် ဒေသခံများက သွားရောက်ကစားခြင်းမရှိဘဲ ဒေသခံမဟုတ်သည့် ဖားအံ၊ ရွှေဂွန်း၊ လှိုင်းဘွဲ နှင့် သထုံ စသည့်မြို့များမှ လောင်းကစားဝါသနာရှင်များက လာရောက်ကစားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။ ထိုရွာ များရှိ အံကလုံဝိုင်းများကို BGF တပ်ဖွဲ့ဝင်များကလုံခြုံရေးယူထားကာ ညစဉ်ညတိုင်းကျင်းပလျက်ရှိပြီး ကြက်ဝိုင်း ကိုမူ အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့တွင် မိုးလုံလေလုံဖြင့် စီစဉ်ကျင်းပလျက်ရှိသည်။

၂၀။ တောင်ကြီးမြို့ရပ်ကွက်တချို့ စစ်ကောင်စီ မှ စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေ
June 24, 2021

တောင်ကြီးမြို့ပေါ် ရှိရပ်ကွက် တစ်ချို့ကို စစ်ကောင်စီ အုပ်စုက လူနေအိမ်များထဲ မီးထိုးရှာဖွေမှုများ ၊ဝင်ရောက်ဖမ်းဆီးမှုများ လမ်းစုံများတွင် ယာဉ်များတားကာ ပစ္စည်းရှာဖွေမှုများ ရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံများထံမှသည်။” မနေ့ညက ဝါးပြားမြောက်ရွာမှာ အိမ်စီးကား ၆ စီးနဲ့ မဟာစည် လမ်းဖက်ကလာပြီး အိမ်တွေထဲထိ ဆလိုက်မီးတွေထိုးြ ပီးရှာနေကြတာ ကားမီးတွေလဲစူးနေအောင်ထိုးထားတယ် ၊ သေနတ်တွေလည်း ဖောက်တယ် ဝါးပြားမှာ ၃ ညလောက်ရှိပြီ သူတို့ ညတိုင်း လာရမ်းကားနေတာ ဘာသတင်းရထားလဲမသိဘူး၊ လူမတွေ့ရင် လမ်းပေါ်က ခွေးတွေနဲ့ တောင်ရန်ဖြစ် တယ်လေကြားနေရတာပေါ့ ” ဟု ဝါးပြားရပ်နေ ပြည်သူများကပြောသည် ။

ဇွန်လ ၂၃ ည တွင်ကျောင်းကြီးစုရပ်၊ ဝါးပြားမြောက်ရွာအတွင်း စစ်ကောင်စီအုပ်စုမှ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ် လျှက်ရှိပြီး ထိခိုက်မှု ရှိမရှိ အတည် မပြုနိုင်သေးကြောင်း သိရသည် ။” ရှေ့ရက်ကလဲ ကျောင်းကြီးစု ကနေအိမ်ထဲ ၉ တန်း ကျောင်းသားကို ရာဘာကျည်နဲ့ ပစ်ရိုက်နက်ပြီးခေါ်သွားတာ သူ့အမေက သူသားကို ဝိုင်းရိုက်နေတာတွေ့တော့ ဝင်တားတာ သူ့အမေပါ ခေါင်း ကွဲ အောင်ရိုက်ခံရတာ ” ဟုကျောင်းကြီးစုရပ်နေ ပြည်သူတစ်ဦးကပြောသည်။ ထို့အပြင် မြေဖြူ နှင့် ညောင် ဖြူစခန်း ရပ်တို့တွင်လဲ ည အချိန် ဧည့်စာရင်း စစ်ခြင်းများကို အကြောင်းပြု၍ လူနေအိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်ရှာဖွေခြင်းများပြုလုပ်လာကြောင်း သိရသည် ။

တောင်ကြီး မြို့အတွင်း စစ်ကောင်စီအုပ်စု များသည် တိုက် အထပ်မြင့် များပေါ် တွင် နေရာယူထားခြင်း ၊ ဘုန်းကြီး ကျောင်းဝန်းများပေါ်တွင် မြေ ကတုတ်ကျင်း တူး၍ တပ်စွဲထားခြင်း များပြုလုပ်နေပြီး လူငယ်များအား အကြောင်းမဲ့ ဖမ်းဆီး ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံပြည်သူများမှ ပေးပို့လာသော အချက်အလက်များအရသိရှိရပါသည်။

၂၁။ စုပေါင်းဂိတ်ပစ်ခတ်ခံရပြီးနောက် မြစ်ကြီးနား စစ်ရှောင်စခန်း ၂ ခုကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စစ်ဆေး
25 June, 2021

မြစ်ကြီးနားမြို့ စစ်ရှောင်စခန်း ၂ ခုတွင် အာဏာသိမ်းစစ်တပ်က ကျန်းမာရေးအကြောင်းပြပြီး စစ်အင်အားအမြောက်အများ ဖြင့် လာရောက်ဝိုင်းရံ ပိတ်စို့ကာ လူဦးရေနှင့် အမည်စာရင်း စစ်ဆေးသွားကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနား မြို့ လယ်ကုန်းရပ်ကွက်ရှိ ဗက်လင်စစ်ရှောင်စခန်းနှင့် ဇီးလွန်စစ်ရှောင်စခန်းနှစ်ခုကို ဇွန်လ ၂၄ ရက်ညနေ ၅ နာရီခွဲခန့်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စခန်းရှိပြည်သူများထံမှ သိရသည်။

“သူတို့အင်အားနှင့် ရောက်လာပြီး သော့ခတ်ပိတ်ထားတဲ့ ကျမတို့ စစ်ရှောင်းစခန်းတံခါးကြီးကို ဖွင့်ခိုင်းပြီးတော့ စစ်ရှောင် စခန်း ဘေးပတ်ပတ်လည်လည် အကုန်ဝိုင်းလိုက်တာ။ ဘာအလိုရှိတယ် ဘာအကြောင်းလဲမေးတော့ဘာမှမဟုတ်ဘူး။ ဒီအ တိုင်း ကျန်းမာရေးတွေဘာတွေ လိုက်ကြည့်တာပြောပြီး တစ်ချို့ကစခန်းပတ်ပတ်လည် လိုက်ကြည့်ပြီးတော့ စခန်းတာဝန်ခံ ဆီကလူဦးရေဘယ်လောက်ရှိတယ်။ အမည်စားရင်းထဲမပါတာဘယ်လောက်ရှိတယ် ဆိုတာတွေမေးမြန်းတောင်းယူပြီးတော့ စစ်ဆေးပြီး အကြာကြီးပဲ ဟု အမည်မဖော်လိုသူ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။ စစ်တပ်သည် ညနေပိုင်း ၅ နာရီခွဲ အချိန်ခန့် ဗက်လင်စစ်ရှောင်စခန်းသို့ ပထမဆုံးရောက်လာပြီးစစ်ဆေးခဲ့ပြီးနောက်စစ်သားတစ်ချို့မှာလူခွဲပြီး ဇီးလွန်စစ်ရှောင် စခန်းသို့ ထပ်မံသွားရောက်စစ်ဆေးခဲ့သည်။ ၄ နာရီခန့်ကြာ စစ်ဆေးခဲ့ပြီးနောက် ည ၉ နာရီခွဲမှ ပြန်သွားကြောင်းသိရသည်။

စစ်ရှောင်သက်တမ်း ၁၀ နှစ်ကျော်ပြီဖြစ်သောကြောင့် ငြိမ်းချမ်းစွာနဲ့ နေရပ်အမြန်ပြန်လိုကြောင်း နှင့် မပြန်ခင်လည်း ကူညီ ထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ပြောပါသည်။

၂၂။ လားရှိုးမြို့ကိုဗစ် Postive အဖြေထွက်ထားသူတစ်ဦး မိမိကိုယ်ကိုယ်အဆုံးစီရင်
June 23, 2021

သျှမ်းမြောက် လားရှိုးမြို့ နေအိမ်တွင် Home Quarantine ထားရှိထားသူ အမျိုးသားတစ်ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး Postive အဖြေထွက်ရှိ ကြောင်း သိရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရသည်။ ဇွန်လ (၂၂) ရက်နေ့က လားရှိုးမြို့ အမှတ်(၉) ရပ်ကွက် နယ်မြေ(၁၀) အတွင်းရှိ Home Quarantine ထားရှိခံရသူ အမျိုးသားတစ်ဦးသည် ကိုဗစ်- ၁၉ ပိုး ကူးစက်ခံရကြောင်း ကြားသိရပြီး နောက် ကိုယ့်ကိုယ်ကို အဆုံးရင်သွားကြောင်း Lashio COVID-19 Operation Team အဖွဲ့မှ ထုတ်ပြန်ထား သည်။

လားရှိုးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများ လပိုင်းအတွင်း နေ့စဉ်တိုးပွားလာသောကြောင့် လက်ရှိတွင် လားရှိုး မြို့တွင်း ကိုဗစ်-၁၉ ကူးစက်ရော၈ါပိုးတွေ့ရှိသူ ၂၀၉ ဦး ရှိပြီး မြို့ပေါ်ရှိ ရပ်ကွက်(၄)/(၅) မှ လမ်းအချို့ အား ဝင်ထွက်မှု့ ပိတ်ဆို့ကာ Lock Down ချထားသည်ကို တွေ့ရသည်။ အဆိုပါ သေဆုံးသူအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

၂၃။ ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုရှိလာသောကြောင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့မှ ကိုဗစ်ကာကွယ် ရေးအတွက် သတိပေးထုတ်ပြန်ချက်များထုတ်ပြန်ထား
June 24, 2021

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုရှိလာသောကြောင့် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့မှ ကိုဗစ်ကာကွယ် ရေးအတွက် ယနေ့ (၂၃.၆.၂၀၂၁) ရက်တွင် ကိုဗစ်သတိပေးထုတ်ပြန်ချက် ၁၁ ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
“အဲဒီထုတ်ပြန်ချက်က ကျွန်တော်တို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှုင်းပြီးတော့ ဂိုဏ်းပေါင်းစုံအဖွဲ့နဲ့ ကျွန်တော် တို့ က ထုတ်ပြန်ထားတာဖြစ်တယ်။ ဟားခါးကတော့ lockdown သဘောတော့ မဟုတ်သေးဘူး” ဟု သင်းအုပ်ဆရာ Lian Hup Ling မှ ဖြေကြားသည်။ ထုတ်ပြန်ချက်တွင် စားသောက်ဆိုင်များ၌ ဝယ်ယူပါက ပါဆယ်စနစ်ဖြင့်သာရောင်းရန်၊ နေ့စဉ် ပုံမှန် မပျက်မကွက် mask တပ်ရန်နှင့် လက်အိတ်စွပ်ရန်၊ အပြင်မထွက်ရန်၊ ခြောက်ပေအကွာတွင်နေရန်၊ ဆေးရုံနှင့် ဆေးခန်းသွားတဲ့အချိန်မှာ မိသားစုတစ်စုမှ လူ ၂ ယောက်နဲ့သာသွားပြရန်၊ ကားနဲ့အပြင်သွားမည်ဆိုရင်လည်း လူနှစ်ယောက် ပဲ စီးရန် စသည့်အချက်များပါဝင်သည့် အချက် ၁၁ ချက် ထုတ်ပြန်ထားသည်။

ဟားခါးမြို့ ကိုဗစ်စစ်ဆေးမှုနှင့် ပတ်သက်ပြီး အဆိုပါသင်းအုပ်ဆရာမှ “စဖြစ်တာက ရမ်ထလိုရွာမှာ ဓမ္မအမှုတော်ဆောင်တဲ့ မိသားစုကနေ စသိဖြစ်တာ၊ တစ်နေရာနဲ့တစ်နေရာ သွားတာတော့ သိပ်မရှိပါဘူး၊ အဲ့လို တစ်ဆင့်ပြီးတစ်ဆင့် ကူးတာလား သေချာတော့မသိဘူး။ ကျွန်ဝောာ်တို့က ကျန်းမာရေး ဝန်ထမ်းမဟုတ်တော့။ အများအားဖြင့်တော့ ဟားခါးမြို့ပေါ်ကလူ တွေ ပါ၊ သူတို့ခရီးသွားလား မသွားလားတော့ မသိဘူး။ ကိုဗစ်စစ်ချင်တဲ့သူတွေကတော့ လာစစ်ချင်တဲ့သူ လာစစ်လို့ရတယ်၊ မနက် ၁၀ နာရီကနေ ၁ နာရီထိ သတ်မှတ်တယ်၊ စနေနဲ့ တနင်္ဂနွေနေ့တော့ နားမယ်ပေါ့ အဲ့လို။ သတ်မှတ်တဲ့နေရာကတော့ မနေ့နဲ့ ဒီနေ့က Carson Hall ခန်းမမှာ စစ်တယ်၊ နောက် နက်ဖန်နဲ့ သဘက်ခါက မြို့တော်ခန်းမမှာပေါ့ အဲ့လိုတွေ သတ်မှတ် တယ်” ဟု သင်းအုပ်ဆရာ Lian Hup Ling မှ ပြောသည်။

၂၄။ Stay at home မြို့နယ်များမှ မွန်ပြည်နယ်သို့ ဝင်ရောက်လာသူတိုင်း Quarantine (၁၀) ရက် ဝင်ရမည်
June 23, 2021

Stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူတိုင်း Quarantine (၁၀) ရက် အသွားအလာကန့်သတ်ထားမည်ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ အသွားအလာကန့်သတ်ထားသူများအား (၃) ရက်မြောက်နေ့တွင် RDT Test Kit ဖြင့်လည်းကောင်း (၇) ရက်မြောက်နေ့၌ RT-PCR ဖြင့် စုစုပေါင်း ၂ ကြိမ် စစ်ဆေး သွားမည်ဟု သိရသည်။

မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအသင်းမှ ကိုဇင်မိုးက “Stay at home သတ်မှတ်ထားတဲ့ မြို့နယ်ကလာတဲ့ လူတွေကပဲ Quarantine ဝင်ရမှာပေါ့နော် ပြီးတော့ ဆေးနှစ်ခါစစ်ရမယ်၊ Stay at home သတ်မှတ်မထားတဲ့ မြို့နယ်က လာတဲ့လူတွေဆိုရင် ကိုယ်အပူချိန်တိုင်းတယ်၊ စစ်ဆေးတာကတော့ စစ်တောင်းတံတားဂိတ်မှာပဲ ဒါကတော့ သူတို့ရဲ့ ထုတ် ပြန်ချက်အရ ပြောတာပေါ့နော်”ဟုဆိုသည်။ ခရီးသွားပြည်သူများအနေဖြင့် စစ်တောင်းတံတား စစ်ဆေးရေးဂိတ်တွင် ကိုယ် ပူ ချိန်တိုင်းတာမည်ဖြစ်ပြီး အပူချိန်မြင့်တက်ခြင်းနှင့် သံသယလက္ခဏာများတွေ့ရှိရပါက RDT ဖြင့် စစ်ဆေးဆောင်ရွက် သွား မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်ကို ကာယကံရှင်များက ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

စည်းကမ်းဖောက်ဖျက်သော ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို မွန်ပြည်နယ်အတွင်းသို့ နောက်တစ်ကြိမ်လာရောက်ခွင့် ပိတ်ပင်သွားမည်ဖြစ်ပြီး၊ အဆိုပါညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။ မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီး Isolation (1) နှင့် Isolation (3) တို့တွင် လက်ရှိကုသလျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ဦးနီးပါးရှိသည့်အနက် ၅ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၅။ မြဝတီမှာ အခြေစိုက်ပြီး ကမ္ဘာတဝန်းကို ဖြန့်ကျက်နေတဲ့ တရုတ်လူလိမ်ဈေးကွက်
24 June 2021

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြဝတီမြို့ဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ လျော့ ရဲနေတဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာ တရုတ်လူလိမ်တွေ အခြေစိုက်ရာ စားကျက်မြေတခုသဖွယ် ဖြစ်လာနေပါတယ်။ ကန့်ကွက် အငြင်းပွားမှုတွေ၊ ဥပဒေမဲ့ လုပ်ဆောင်မှုတွေကြောင့် လူထုကြားမှာ ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ စစ်တပ် လက် အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာဒေသက ရွှေကုက္ကိုလ် တရုတ်မြို့သစ်စီမံကိန်း အစပြုလို့ တရုတ်တွေ ဟာ နယ်စပ်မြို့တခုဖြစ်တဲ့ မြဝတီကို ထောင်နဲ့ချီ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင်လှုပ်ရှား မှုတွေ ရှိနေတဲ့ မြဝတီခရိုင်ဒေသကို အဓိကအနေနဲ့ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ လက် အောက်ခံ BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဗိုလ်မှူးမုတ်သုန်တို့ ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး တရုတ်ရင်းနှီးမြုပ်နှံသူတွေနဲ့ အကျိုးတူစီးပွား ဖက်တွေအနေနဲ့ လုပ်ဆောင်နေကြတာတွေလည်း ရှိကြပါတယ်။

ဟုန်အွမ်ဆိုတဲ့ လောင်းကစားရုံမှာ ၁ လကျော် လုပ်ကိုင်ခဲ့ပြီး လျော်ကြေးပေးပြန်ခဲ့ရသူ တဦးက “မင်း ရောက်သွားပြီ ဆိုတာ နဲ့ မင်းငွေညှစ်ခံရမှာပဲ။ ဘာမှ ဥပဒေဆိုတာ မရှိဘူး။ သူတို့ ပါးစပ်ထဲမှာပဲ။ သူတို့ခိုင်းတာ အကုန် လုပ်ရမယ်။ မလုပ်ရင်လည်း ဘေးမှာက သူတို့ လုံခြုံရေးခန့်ထားတဲ့ သူတွေနဲ့” လို့ ပြောပါတယ်။ ဟုန်အွမ် လောင်းကစားရုံဟာ မြဝတီမြို့ အမှတ် (၁) ဂိတ်အနီးမှာ တည်ရှိပြီး အမှတ် (၄) ဂိတ်နဲ့ ၉၉၉ ဂိတ်ဟောင်း နေ ရာတွေမှာလည်း အလားတူ လောင်းကစားရုံကြီးတွေ ဖွင့်လှစ်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။ ၉၉၉ ဂိတ်နားက ဟိန်းစိန် – ၂ လို့ခေါ်တဲ့ Elephant ကုမ္ပဏီမှာတော့ ရာဂဏန်း ရှိတဲ့ တရုတ်တွေနဲ့အတူ ထိုင်းနိုင်ငံသားတွေလည်း လာရောက် လုပ်ကိုင်နေကြပြီး ကာစီနိုလောင်းကစားတွေ၊ KTV၊ အပျော် ခန်းတွေ၊ ဂိမ်းတွေနဲ့ အွန်လိုင်းကနေ လိမ်တဲ့ အလုပ်တွေ လုပ်ကိုင်ကြပါတယ်။ သူတို့ရဲ့ မြင့်မားတဲ့ လစာငွေနဲ့ မြူဆွယ် ထားတဲ့ အလုပ်တွေကို ငွေရှာဖို့ မျှော်လင့်ချက်နဲ့ လာရောက်လုပ်ကိုင်ကြတဲ့ တိုင်းရင်းသား လူငယ်အများစုဟာ ရောင်းစားခံ ရပြီးနောက် လူတွေကို လိမ်လည်ငွေရှာရတဲ့ အလုပ်တွေ အဓမ္မစေခိုင်းခံရပါတယ်။

ဂိတ် (၁) လောင်းကစားရုံမှာ အလုပ်လုပ်ခဲ့ပြီး ဘတ်တသောင်းခွဲ လျော်ပေးခဲ့ရတဲ့ လူငယ်တဦးက “သူဌေးဆိုသူတွေက တ ရုတ်ပြည်က လာတဲ့သူတွေ။ မြဝတီမှာပဲ တရုတ်တွေ အချင်းချင်း ဟိုဘက်၊ ဒီဘက် ရောင်းစားတာလည်း ရှိတယ်။ သူငယ် ချင်း တယောက်ဆို ဘတ်ကိုးသောင်းနဲ့ ရောင်းစားခံလိုက်ရတယ်”လို့ ပြောပါတယ်။“ဝန်ထမ်းအားလုံးနီးပါးက ရောင်းစားခံ ထားရတာ။ တရုတ် တယောက်ဆို ယွမ် ၃/၄ သိန်းနဲ့ ရောင်းစားလိုက်တာ။ သူဆို ဘဝ ပျက်ပြီ။ ဒီမှာရှိတဲ့ တရုတ်ကုမ္ပဏီ တွေမှာပဲ ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက်နဲ့ လည်နေတယ်” လို့ လူငယ်တဦး က ပြောပြပါတယ်။
သူတို့လို အဓမ္မစေခိုင်းခံရပြီး လျော်ကြေးပေးမှ ပြန်ခွင့်ရခဲ့တဲ့ လူငယ်အများကြီးထဲကမှ ဝူချင်းဟုန်ဆိုသူကတော့ ၉၉၉ ဂိတ် နားက လောင်းကစားရုံကနေ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဝူချင်းဟုန်က “ဘာအလုပ်လဲ ရေရေရာရာ မပြောဘူး။ တရုတ်စာ၊ အင်္ဂလိပ်စာ နည်းနည်းပါးပါးရရင် ရတယ်။ လာခဲ့ဆိုတာ ပဲ။ အာဏာ သိမ်းထားချိန်ဆိုတော့ ရန်ကုန်မှာလည်း နေလို့ သိပ်အဆင်မပြေတာရယ်၊ စားဝတ်နေရေးနဲ့ ကိုယ်တတ်ထားတာလေး အသုံးချရမယ်ဆိုပြီး သွားဖြစ်တော့တာပဲ”လို့ ပြောပြပါတယ်။ အလုပ်ကို ရောက်တဲ့အခါမှာတော့ လိမ်လည်ငွေရှာပေးရတာတွေကို မလုပ်နိုင်ရင် သူတို့သတ်မှတ်တဲ့ လျော် ကြေးပေး ရတော့မှာဖြစ်ပြီး မပေးနိုင်ပါက တခြားတရုတ်ကုမ္ပဏီကို ရောင်းစားခံလိုက်ရမှာပဲ ဖြစ်ပါတယ်။ ဒီလို လိမ်လည်တာ တွေအပြင် We Chat လို လူမှုကွန်ရက်စာမျက်နှာတွေမှာ အကောင့်တုတွေသုံးပြီး မြူဆွယ်လိမ်လည် တာ၊ Sex Chat ပြောပြီး ငွေချူခိုင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

၂၆။ နမ့်ခမ်းမြို့ ဈေးဆိုင်များထံ TNLA မှ လိပ်စာကဒ်ပေးပြီး ဆက်ကြေးသွားပေးသွင်းခိုင်း
June 24, 2021

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ယနေ့(ဇွန် ၂၄)ရက် မနက်ပိုင်းတွင် တအောင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ လိပ်စာကဒ်၊ ဖုန်းနံပါတ်ပေးပြီး ဆက်ကြေးသွားသွင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့ ယနေ့ (TNLA )တပ်သားများက အရပ်ဝတ်ဖြင့် နမ့်ခမ်းဈေး နှင့် ဈေးပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို လိပ်စာကဒ်ကိုလိုက်လံပေးခဲ့ပြီး ပြည်သူများကို ဖုန်းဆက်ခိုင်းကာ အခွန်သွားရောက်ဆောင်ပေးရန် ပြောဆိုခဲ့ကြောင်း နမ့်ခမ်း မြို့ ဒေသခံတစ်ဦး ကပြောသည်။

“သူတို့လိပ်စာကဒ်၊ ဖုန်းနံပါတ်တွေပေးတာ။ ဖုန်းဆက်ခိုင်းပြီးတော့ အခွန်သွားဆောင်ခိုင်းတာ။ သူတို့အခုတလောက အခွန် ကို ပိုပြီးကောက်လာတယ်။ ဒီ (၂) နှစ်၊ (၃)နှစ် အတွင်းမှာ အခွန်ပိုကောက်လာတယ်။ ဆိုင်ခန်းတွေမှာ လိုက်ကောက်တာပါ။ ဟိုတစ်ပတ်က ဈေးထဲမှာကောက်တယ်” ဟု နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ နမ့်ခမ်းမြို့တွင် တည်ရှိနေသည့် ဆိုင်ခန်းများကို လူမျိုးမရွေး အခွန်ဆောင်ပေးရကြောင်း သိရသည်။ ထို့အပြင် အိမ်အသစ်ဆောက်နေသည့် ပြည်သူများထံလည်း အခွန်လိုက်လံကောက်နေကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ အိမ်သစ်ဆောက်ရင်လည်း သူတို့ ပိုက်ဆံလာကောက်တယ်။ ဆောက်ဖို့ပြင်နေတုန်း ဆက်ကြေးကလာကောက်ပြီ” ဟု ကြုံတွေ့သည့် နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦး ကပြောသည်။ ထို နမ့်ခမ်းမြို့ဆက်ကြေးကောက်လာနေသည့် အပေါ်တွင် TNLA မှ ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ အခွန်ကတော့ ကျနော်တို့ အခွန်ဌာနက ကောက်ခံတာတော့ရှိတယ်။ ဒီအခု ကောက်ခံမှုကတော့ ရှိ၊မရှိ ကျနော် အသေးစိတ်မသိရသေးဘူး။ သူတို့ပုံမှန်ကောက်တာနေတာတော့ရှိတယ်”ဟု သျှမ်းသံ တော်ဆင့်ကို ပြောသည်။

၂၇။ တိုက်ပွဲနှင့်အကြမ်းဖက်မှုများကြောင့် မြန်မာပြည်သူ ၂၃၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ
25 June, 2021

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ခန့်မှန်းလူပေါင်း ၂ သိန်း ၃ သောင်းလောက် အိုး အိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သူတို့အားလုံး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးအေဂျင်စီက ဇွန် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေပေမယ့် လက်နက်ကိုင်တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ လုံခြုံမှုကင်းမဲ့ခြင်းတွေကြောင့် နှောင့်နှေးနေရတယ် လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်စပ်ထိစပ်နေတဲ့ ကရင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ လူပေါင်း ၁ သိန်း ၇ သောင်း ၇ ထောင် လောက် ရှိပြီး ပြီးခဲ့တဲ့လက ၁ သိန်း ၃ ထောင် ရှိတယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည် နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေအပြီးမှာ စစ်ရှောင်နေရာဒေသပေါင်း ၁ ရာလောက်မှာ လူပေါင်း ၂ သောင်းကျော် ခိုလှုံနေကြရတာပါ။ ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထူ ထောင်ထားတဲ့ ဒေသတွေမှာ စစ်တပ်နဲ့ သမိုင်းကြောင်းရှည်လျားတဲ့ တိုက်ပွဲတွေရှိခဲ့ပြီး လူထောင်ပေါင်းများစွာဟာ တိုက်ပွဲ တွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

ကရင်အမျိုးသား အစည်းအရုံး (KNU) က မြန်မာနိုင်ငံတဝှမ်းမှာ အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးမှု၊ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာခြင်းနဲ့ စစ်တပ်မှ အင်အားအလွန်အကျွံ အသုံးပြုမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ခုထိ လုံခြုံရေးတပ်ဖွဲ့များကြောင့် အနည်းဆုံးလူ ၈၈၀ သေဆုံးပြီး ၆၂၉၆ ဦး အဖမ်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများအသင်း (အေအေပီပီ) က စာရင်းပြုစုထားပါတယ်။

၂၈။ မန္တလေးမြို့တွင် သေဆုံးခဲ့သည့် သျှမ်းမြောက်ပိုင်းသား(၄) ဦးကို PDF အဖွဲ့ဝင်ဟု စစ်ကောင်စီလိမ်ညာ သတင်းထုတ်
June 23, 2021

မန္တလေးမြို့တွင် ယမန်နေ့(ဇွန် ၂၂)ရက် တွင် စစ်ကောင်စီ ၏ လက်ချက်ကြောင့် သျှမ်းပြည် မြောက်ပိုင်းသား (၄) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ (ဇွန် ၂၂)ရက် မန္တလေးမြို့ (၅၆) လမ်းနှင့် (၁၁၀)လမ်းထောင့်ရှိ ထရန်စဖော်မာကို ဝင်တိုက် ပြီးတော့ သေဆုံးသွားတဲ့ အကြမ်းဖက်သမား (၄) ဦးဖြစ်တယ်ဟု စစ်ကောင်စီ က သတင်းလိမ်ညာထုတ်ပြန်ခဲ့သည်။ အဆိုပါ အရပ်သား (၄ )ဦးသည် မန္တလေး မြို့နယ် စဉ့်ကိုင်မြို့ ရှိ ကြက်ခြံကို သွားရောက်ကြည့်ရှုရန်အတွက် နမ့်ခမ်းကနေ ထွက်ခွာ သွားခဲ့ကြ သည့် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းနှင့် သီပေါမြို့နယ်က လူငယ်တွေ ဖြစ်ကြောင်း သိရသည်။

“သေဆုံးတဲ့အထဲက ချစ်ဆွေဟာ အရင်က တအာင်းလူငယ် မော်ဒယ်တစ်ဦးဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်၊ PDF ဖြစ်လို့ ပစ်သတ်ရတာဆိုပြီး စစ်ကောင်စီပြောတာကအမှန်မဟုတ်ပါဘူး၊ သူတို့က ကြက်ခြံမှာပဲ နေကြတာ၊ ကားထဲမှာ ဘာမှလည်း မပါဘူး”ဟု ၎င်းက ပြောသည်၊၊ လက်ရှိအချိန်ထိလည်း သေဆုံးသွားသည့် ၎င်းတို့ ၄ ဦး၏ အလောင်းကို စစ်ကောင်စီ ဘက်မှ ယူသွားသည့်အတွက် အလောင်းကို ပြန်ရလိုကြောင်း မိသားစုဝင်များက တောင်းဆိုနေကြကြောင်းလည်း သိရ သည်။

၂၉။ နန်းယွန်းမြို့တွင် အနာဂတ်ပညာရေးလှပစေရန် CDM ဆရာ ဆရာမများ online သပိတ်ပြုလုပ်
25 June, 2021

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ် နန်းယွန်းမြို့ရှိ CDM ဆရာ ဆရာမတွေဟာ အနာဂတ်ပညာရေး လှပဖို့ CDM မှာ ပါဝင်စို့ ခေါင်းစဉ်နဲ့ Online သပိတ်ပြုလုပ်ခဲ့ပါတယ်။

“ကျနော်က ပျော်လို့လုပ်တာ မဟုတ်ဘဲဘဝနဲ့ ရင်းပြီးလုပ်နေတဲ့ CDM သမားတွေ ဖြစ်တယ်။ ကိုယ့်သမိုင်းစာမျက်နှာမှာ ရဲရဲ ဝင့်ဝင့် ပြန်ဖတ်ရဲတဲ့စာမျက်နှာတစ်ခုအဖြစ် ကျန်ရစ်ခဲ့မှာ အခု ကျောင်းတက်နေတဲ့ဆရာ ဆရာမတွေ ခြေလှမ်းတိုင်း လိပ်ပြာ လုံပါစေ၊ ကျောင်းတတ်နေတဲ့ ခြေလှမ်းတွေဟာ အပြစ်မဲ့ပြည်သူတွေရဲ့ ဘဝတွေ ဘယ်လောက်ရင်းထားတယ်ဆိုတာ သတိ ပြုစေချင်တယ်။ ကျောင်းတတ်ဖို့ကျောင်းကို လှမ်းတိုင်းဒီခြေလှမ်းတွေဟာ လူတွေဘယ်လောက်ဒုက္ခ ရောက်နိုင်တယ် ဆိုတာသူတို့ သိစေချင်တယ်” လို့ သပိတ်မှာပါဝင်တဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

မှတ်ချက် ။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

#FederalJournal