• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်း

                                                                 မေလ – ၂၈ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်းဆန့်ကျင်ရေးပြုလုပ်ခဲ့သည့် ပြည်သူလူထုများအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ယမန်နေ့ မေလ(၂၇)ရက်နေ့အထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူ ( ၁၈၆၆ ) ဦး ရှိပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျနေခံနေရသူ ( ၁၃၈၇၈ ) ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

 

  • အိမ်ထောင်ရှိပြီးသား အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို လူပျိုလို့ လိမ်လည်ပြီး အဓမ္မပြုကျင့်ခဲ့သူ တိုက်နယ်မှူးတစ်ဦးကို တအာင်းတပ်မတော် (PSLF/TNLA)က ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။ လူပျိုလို့ လိမ်လည်ပြီး အဓမ္မပြုကျင့်ခဲ့သူဟာ PSLF/TNLA ရဲ့ နမ့်ဆန်ခရိုင် မိုးဂုတ်မြို့နယ် အမှတ်(၂) တိုက်နယ်မှူး ဦးလွယ်ခမ်း ဖြစ်တယ်လို့ PSLF ရဲ့ တရားစီရင်ရေးဌာနက မေလ ၂၅ ရက်မှာ ထုတ်ပြန်ထား ပါတယ်။ ၎င်းတို့ ၂ ဦးဟာ ဖုန်းမှတဆင့် ချစ်သူဖြစ်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလက တစ်နေရာမှာ ချိန်းတွေ့စဥ် ဦးလွယ်ခမ်းက အဆိုပါ အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂ ရက်မှာ ကျူးလွန် ခံရသူက PSLF ရဲ့ နမ့်ဆန်ခရိုင် ရဲဌာနထံ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

 

  • KNU နှင့် NLD တို့ မေလ ၂၇ ရက်နေ့တွင် တွေ့ဆုံကြပြီး ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးနှင့် စစ်အာဏာရှင် ဖြုတ်ချရေး အဓိက ဆွေးနွေးကြကြောင်း သိရှိရသည်။ စစ်အာဏာရှင် ဖြုတ်ချရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးများတွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ လက်တွဲဆောင်ရွက်မှုများ မြဲနိုင်သမျှ မြဲရန် အဓိကအရေးကြီး ကြောင်း KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောတောနီးက ပြောဆိုသည်။ “အဓိကအချက်က ကျနော်တို့ ၂ ဖွဲ့က ရှေ့ဆက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ဒီထက်ပို ပြီးတော့ ရင်းရင်းနှီးနှီးလက်တွဲကြဖို့ဆိုတာ အဓိကအကြောင်းအချက်ပဲ ဖြစ်တယ်။ တစ်ဆက် တည်းမှာပဲ လက်ရှိ ကျနော်တို့ ရုန်းကန်လှုပ်ရှားနေတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ကျနော်တို့ လုပ်ဆောင်နေ တဲ့အပိုင်းမှာ ပိုပြီးတော့ မြဲနိုင်သမျှ မြဲအောင် လက်တွဲကြဖို့ အဓိကအရေးကြီးတယ်” ဟု ပဒိုစောတောနီး က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်ဟု ဖော်ပြထားသည်။

 

  • အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဖျက်ဆီးမှုတွေကြောင့် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူ၊ သာရဘွင်စတဲ့ ကျေးရွာတွေကနေ ပြည်သူ ၃၀၀ နီးပါး မြိတ်မြို့ကို စစ်ဘေးတိမ်းရှောင်လာရပြီး အကူအညီ တွေ လိုအပ်နေတယ်လို့ ဒေသခံတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ မေလ ၂၄ ရက်နေ့က စတင်ကာ မြိတ်မြို့ပေါ်ကို စစ်ဘေးရှောင်ပြည်သူတွေ ရောက်ရှိလာခဲ့ပြီး အေးရိပ်ချောင် သာသနာ့ရိပ်သာမှာ စုစည်းနေထိုင်နေကြတာပါ။ “ကျန်းမာရေးစောင့်ရှောက်မှုတွေရော နေရာထိုင်ခင်း ကနေ အိမ်သာကနေ စားနပ်ရိက္ခာတွေ ဆေးဝါးတွေကအစ အကုန်လိုအပ်နေတာ၊ ပထမရောက်တုန်းက လေးရာကျော်ရောက်လာတာ အဲ့ထဲက ရွေ့ပြောင်းလုပ်သားတွေကတော့ နယ်တွေပြန်သွားကြပြီး ရွာကို မပြန်နိုင်တဲ့ စစ်ဘေးရှောင်တွေပဲ အခုဒုက္ခရောက်နေကြတာ”လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက် ပေးနေသူတစ်ဦးက ပြောပါတယ်။

 

  • ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့်ဆေးဝါးအလှူတစ်ခုကို မွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူရှင်တစ်ဦးက လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ မွေးနေ့ရှင် မသဲသဲက ၂၈ နှစ် ပြည့် မွေးနေ့အဖြစ် စစ်ရှောင်ပြည်သူများအတွက် မလေးရှားခေါက်ဆွဲ၊. ကြက်သားတို့ကို လှူဒါန်းခြင်း ဖြစ်ပြီး ဆေးဝါးများကိုလည်း လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် CDM ဆရာ၊ဆရာမ ၃၀၀ ကျော်ဖြင့် ကျောင်သား၊ ကျောင်းသူ ၁၀,၀၀၀ ကျော်ကို ပညာသင်ကြားရေးအစီအစဥ်များစတင်နေပြီဖြစ်ကြောင်း ကောလင်းမြို့နယ် ပညာရေး ဘုတ်အဖွဲ့ က ယနေ့(မေ ၂၈ ရက်) အသိပေးထုတ်ပြန် သည်။ “မြို့ပေါ်လောက်ပဲ ကျွန်တော်တို့ မလွှမ်းခြုံ နိုင်သေးတာ။ကျေးရွာတွေဘက်မှာတော့ သင်ကြားရေး အစီအစဥ်တွေ အခုလ တတိယပတ်ကစ နေပြီ”ဟု ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ထို့အပြင် မြို့နယ်တွင်းရှိ စာသင်ကျောင်း ၁၁၃ ကျောင်းကို အင်အားဖြည့်တင်းနိုင်ရန် စေတနာ့ဝန် ထမ်းဆရာ၊ ဆရာမ များ ၁,၀၀၀ ကျော်ကိုလည်း သင်ကြားရေး သင်တန်းများပေးနေသည်ဟု ဆိုသည်။

 

  • ကချင်ပြညနယ်၊ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်ပေါင်းစုံမှ ပြည်သူများက ယနေ့ မေလ ၂၈ ရက်နေ့တွင် ” အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း ပျောက်ကွယ်သွားရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ကြီးပေါ်ပေါက်လာရေး ” အစရှိသည့်ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်း ချီတက်ခဲ့ဆန္ဒထုတ် ဖော်ခဲ့သည်။

 

  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ မေလ ၂၈ ရက်နေ့၌ အကြမ်းဖက်စစ်တပ် ချေမှုန်းရေး တော်လှန်လူငယ်များ ဦးဆောင်ကာ ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြသည်။

 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာကျောင်းသူ/သားများ၊ LGBT အဖွဲ့အစည်း များနှင့် လူငယ်များ ပူးပေါင်းကာ ယနေ့ မေလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့က ဒေသခံပြည်သူလူထုစုပေါင်းပါဝင်တဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းက ယနေ့ (မေလ ၂၈ ရက်)မှာ ” လုံးဝအုပ်ချုပ်ခွင့်မရစေရ “စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင် ရေး  ၄၇၅ ရက်မြောက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၂၈ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ယနေ့ မေလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး “ပြာပုံကနေ ပြည်သစ်တည်၊ အတူရုန်းကန်ဖေးမမည်” ခေါင်းစဉ်ဖြင့် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီး တံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၂၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ်တော်လှန်ရေး ရက်ပေါင်း ၄၂၀ မြောက် ပြည်/ခွန်ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • “ဘယ်သူတွေလဲ ၅/တွေ အနောက်မြောက်တိုင်းမြို့ တော်မုံရွာ လုံးဝအုပ်ချုပ်လို့မရစေရ” ​ကြွေး​ကြော်သံ ဖြင့် အနောက်မြောက်တိုင်းမြို့တော်မုံရွာ ဆိုင်းဘုတ်ရှေ့တွင် PDF များဝန်းရံလျက် သပိတ်စစ်ကြောင်း ယနေ့ချီတက် သပိတ်မှောက်ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၄၃ ရက်မြောက်နေ့ အဖြစ် ယနေ့ မေလ၂၈ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။ “တော်လှန်ရေး ခရီးကြမ်းကို ရင်ဆိုင်ကြ အောင်ပွဲဆီချီတက်ကြ” စာတန်းအားကိုင်စွဲကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် စစ်ကျွန်ပညာဆန့်ကျင်ရေး ကြွေးကြော်ကာ ယင်းမာပင်၊ စုန်းချောင်းကျေးရွာရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ မေလ ၂၈ ရက် ညနေ ပိုင်းတွင် ချီတက်ဆန္ဒပြကြသည်။

 

  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ် ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မေလ ၂၈ ရက်နေ့တွင် “ငါတို့အားလုံးသွေးမအေး ဖက်ဆစ်တော်လှန်ရေး” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၈ ရက်နေ့တွင် “ပြာပုံကနေ ပြည်သစ်တည် အတူရုန်းကန် ဖေးမမည်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ‘စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း’ ဟု ကြွေးကြော်ကာ မေလ ၂၈ ရက် ယနေ့ ညနေပိုင်းတွင် ၅/ လက်ပံတောင်းသပိတ်စစ်ကြောင်းသည် အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး ချီတက်ဆန္ဒပြကြသည်။

 

  • စစ်အုပ်စု အလိုကျ ကျွန်နိုင်ငံ တည်ဆောက်ရန် စစ်ကျွန်ပညာရေးယန္တရားလည်ပတ်ရေးတွင် ပါဝင်ခြင်း မရှိသော CDM ကျောင်းသား/သူများနှင့် မိဘများကို ပညာရေးအဖွဲ့များ စုပေါင်း၍ ကျေးဇူးတင်ကြောင်း ကို Burma Academy Online Learning Platform က ယမန်နေ့ မေလ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။ “၂ နှစ်ကျော် ပညာရေးပြတ်လပ်မှု”ကို ၎င်းတို့ အနေဖြင့် နားလည်ပါသော်လည်း အသက်ပေးခဲ့ ရသော ကျောင်းသား များအတွက် CDM ဆက်လက်ပြုလုပ်ရန် ကျောင်းသား/သူများကို ထုတ်ပြန်ချက် တွင် တိုက်တွန်းထားသည်။ ထုတ်ပြန်ချက်ကို ပညာရေးအင်အားစုများဖြစ်သည့် Spring University Myanmar – SUM ၊ Oak Awe Institute ၊ Yadanabon University Mandalay MM ၊ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ ၊ Interim University Council of University of Medicine, Mandalay တို့ စုပေါင်း ၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

  • ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် စစ်ကောင်စီရေယာဉ်ရှစ်စီးအား ကနီမြို့နယ်အတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ကြောင်း Kani Chindwin Revolution Force မှ မေလ ၂၇ ရက် ယမန်နေ့က ကြေညာခဲ့သည်။ မေလ ၂၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က မြွေပိုင်းတောင်တွင် အသင့်စောင်ကြိုနေရာယူ၍ ဒေသ တွင်းမဟာမိတ်များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံး များနိုင်ကာ အရေအတွက်မသိရှိရသော်လည်း ၎င်းတို့ဘက်မှ အထိအခိုက် မရှိကြောင်း ဆိုသည်။ ယင်း တိုက်ပွဲအား KCDFR နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီ)တပ်ရင်း (၁) ၊ KUG ၊ KGF ၊ DRPA ၊ ကျောက်လုံးကြီးနယ်မြေပကဖနှင့်အတူ ပုလဲနဂါး MRDA တို့မှ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစကြောင်းဆို သည်။