• Today is: Thursday, April 18, 2024

နွေဦးတော်လှန်ရေးနှင့် တိုင်ရင်းသားပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ

                                                 (၂၀၂၂ ဖေဖော်ဝါရီလမှ ဧပြီလအထိ)

အာဏာရှင်စနစ်ဆန့်ကျင်မှု နွေဦးတော်လှန်ရေးကာလအတွင်း အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုနှင့် လှုပ်ရှားမှုများကို မိမိတို့ ဖယ်ဒရယ်ဂျာနယ်မှ (၃)လတစ်ကြိမ်ဖြင့် လေ့လာပြုစု၍ ထုတ်ပြန်လေ့ရှိပါသည်။ ဤတစ်ကြိမ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလ အထိ  တိုင်းရင်းသားဒေသအတွင်း-

  • မြို့နယ်/နွယ်စုအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု၊
  • စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ဒဏ်ရာရမှု၊ သေဆုံးမှု၊ စစ်ဘေးရှောင် နှင့် အိုးအိမ်ပျက်စီးမှု၊
  • ပြည်နယ်/လူမျိုးအလိုက် ညှိုနှိုင်းတိုင်ပင်ရေးကောင်စီများ အသီးသီး ဖွဲ့စည်းမှုနှင့် လှုပ်ရှားမှု

စသည်တို့ကို အကျဉ်းချုံး စုစည်းတင်ပြထားသည်။

                                                            အပိုင်း (၁)

                                 မြို့နယ်/မျိုးနွယ်စု အခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ

 

 
ကချင်ပြည်

 
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ကချင်ပြည်တွင် စစ်ကောင်စီနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲ (၃၀) ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ တဖန် စစ်ကောင်စီနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှု တိုက်ပွဲ (၂၀) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများတွင်း ထိခိုက် သေဆုံးမှု များပြားလာ၍ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ တို့ဖြင့် သုံးလအတွင်း (၁၀)ကြိမ် ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာများသည် ပူတာအို၊ ဆွမ်ပရာဘွမ်၊ မိုးညင်း ၊ မိုးကောင်း ၊ ရွှေကူ၊ မံစီ၊ မြစ်ကြီးနား၊ တနိုင်း၊ ဟိုပင်၊ ဆော့လော်၊ ဗန်းမော်၊ တနိုင်း၊ ဖားကန့် စသည့် မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသည်။

 

ကယား (ကရင်နီ) ပြည်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ တပ်မတော် (KA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲပေါင်း (၁၅၀)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးလအတွင်း လေကြောင်းဖြင့် (၈၀)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

KNDF တပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် တပ်ရင်းပေါင်း (၂၁)ရင်း၊ တပ်ဖွဲ့အင်အားပေါင်း (၁၀၀၀၀) ဝန်းကျင်ခန့် ရှိနေဖြစ်ကြောင်း ခန့်မှန်းပြော ဆိုကြသည်။ KNDF တပ်ဖွဲ့ စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ ယနေ့အထိ တိုက်ပွဲပေါင်း (၂၇၄)ကြိမ်ထက်မနည်း ဖြစ်ပွားပြီး KNDF ဘက်မှ (၁၁၆) ဦးခန့် ထိခိုက်ကျဆုံးပြီး စစ်ကောင်စီ ဘက်မှ (၁၀၆၅) ဦး ကျော် သေဆုံးမှုရှိခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားသော ဒေသများသည် ဒီးမော့ဆို့၊ ဖရိုဆို၊ ဖယ်ခုံ နှင့် လွိုင်ကော်တို့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဖားဆောင်း၊ မိုးဗြဲ၊ ဘောလခဲ၊ ပင်လောင်း တို့တွင်လည်း ခပ်စိတ်စိတ် ဖြစ်ပွားလျက်ရှိသည်။

ကယား(ကရင်နီ)ပြည်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ (၉၀) ရာခိုင်နှုန်း ရပ်တန့်သွားပြီးဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။ 

 ချင်းပြည်

 ချင်းပြည်တွင် CNA နင့် ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား ဤသုံးလ အတွင်း တိုက်ပွဲပေါင်း (၆၀)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး CNA နှင့် ZRA တို့ကြား ထိတွေ့ပစ်ခတ်မှု (၁) ကြိမ် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအများဆုံးဖြစ်ပွားသော မြို့နယ်များမှာ မင်းတပ်၊ ဟားခါး၊ ဖလမ်း၊ မတူပီ၊ နှင့် ကန်ပလက်မြို့နယ်များ ဖြစ်သည်။ မင်းတပ်မြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ်သား နေအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သည်။  

 

Chinland Joint Defense Committee – CJDC ၏ တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၇) ရက်မှ (၁၂) ရက် အထိ CJDC ရုံးချုပ်တည်ရှိရာ ဝိတိုရိယစခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ချင်းပြည်ထောင် တည်ဆောက်ရေး နှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး တို့အတွက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ချမှတ်ခြင်း အပါအဝင် ZRO/ZRA (Eastern Command) သည် တီးတိန်မြို့နယ်ရှိ ပြည်သူများ၏ ကိုယ်စားပြုမှု လုံးဝ မရှိသောကြောင့် အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ခြင်း အပါအဝင် အချက် (၅) ချက်ပါသော အစည်းဝေး ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ကရင်ပြည်

 ဤ သုံးလအတွင်း ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)နှင့် ကရင်အမျိုးသား ကာကွယ်‌ရေးတပ်မ‌တော် KNDO တပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ် ၊ နယ်ခြားစောင့်တပ် BGF တို့အကြား တိုက်ပွဲများ (၁၄၄၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ သုံးလတာ ကာလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် (၂၀)ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများ အကြိမ် (၄၀၀ ) ထက်မနည်း ပစ်ခတ်ခဲ့သည်။

သုံးလတာ ကာလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ (၁၁၈၄) ဦး သေဆုံးပြီး (၇၆၇) ဦး ဒဏ်ရာရခဲ့သည်။ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)နှင့် ကရင်အမျိုးသား ကာကွယ်‌ရေး တပ်မ‌တော် KNDO တပ်ဖွဲ့ဝင်များ (၄၄) ဦး သေဆုံးပြီး (၉၄) ဦး ဒဏ်ရာရခဲ့သည်။

မွန်ပြည်

 သုံးလအတွင်း မွန်ပြည်တွင် စစ်ကောင်စီ နှင့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း (၃၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားသော မြို့နယ်များသည် မော်လမြိုင်၊  ရေး၊ သထုံ၊ ဘီလင်း၊ ကျိုက်မရော နှင့် ကျိုက်ထိုမြို့နယ်များ ဖြစ်သည်။

မွန်ပြည် ကျိုက်မရောမြို့နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ဆက်သွယ် ထားသော အတ္တရံတံတားပေါ်တွင် ဧပြီလ ၁၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။ မွန်လက်နက်ကိုင်ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) သည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိပေ။

ရှမ်းပြည်

သုံးလအတွင်း ရှမ်းပြည်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ကိုးကန့်တပ်မတော် (MNDAA) တို့ကြား တိုက်ပွဲပေါင်း (၁၈) ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြားလည်း တိုက်ပွဲပေါင်း (၁၅) ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ တဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်သော RCSS/SSA နှင့် UWSA တို့အကြား တိုက်ပွဲ (၂) ဖြစ်ပွားခဲ့ပြီး RCSS/SSA နှင့် SSPP/SSA တို့အကြားတိုက်ပွဲ တိုက်ပွဲ (၄) ကြိမ် ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် (၇)ဖွဲ့ဖြစ်သည် မဟာမိတ်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းကြောင်း ကြေညာထားသည်။ ၎င်းတို့မှာ Taunggyi People Defense Force, Ye-Ngan Urban Guerrillas, Urban Task Force-Aung Ban, Ywa-Ngan People Defense Force, Red Ants Guerrillas Force, DaNu People Defense Force နှင့် Pa O National Defense Force တို့ ဖြစ်ကြသည်။

ရခိုင်ပြည်

 
ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရခိုင်ပြည်နယ်၌ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီနှင့် ARSA တို့ကြားတစ်ကြိမ်၊ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြားတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

သုံးလတာအတွင်း ရခိုင်ပြည်နယ်သို့ စစ်ကောင်စီတပ်တို့၏ စစ်အင်အား တိုးချဲ့မှုများ၊ မြို့နယ်တချို့တွင် ပြည်သူများအား တင်းကျပ်သည့် ဖမ်းဆီး စစ်ဆေးမေးမြန်းများ ပိုမို ပြုလုပ်လာသလို၊ ရက္ခိုင့်တပ်တော် (AA) ၏ အုပ်ချုပ်ရေးဆိုင်ရာနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍများကို နှောက်ယှက် ဟန့်တားမှုများ ပြုလုပ်လာ သောကြောင့် ရခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်က လှုမှုကွန်ရက်မှတဆင့် သတိပေး ရေးသားထုတ်ပြန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

                                                                                     ( ဖက်ဒရယ်ဂျာနယ်မှ စုစည်းတင်ပြသည် )