• Today is: Friday, March 29, 2024

မေးခွန်းထုတ်စရာဖြစ်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ချို့ရဲ့ ရပ်တည်ခ်က္

NCA-S EAO

                                                                   Photo: Credit NBI Multimedia Group

16 – June – 2021

 

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို ဖြေရှင်းဖို့ ထိုင်းအစိုးရနှင့် တွေ့ဆုံရန် NCA လက်မှတ်ထိုးတဲ့ ၈ ဖွဲ့က ပြင်ဆင်တယ်လို့ သတင်းကြားရတယ်။

 

အားလုံးသိတဲ့အတိုင်း လက်ရှိထိုင်းအစိုးရက သူလည်း အာဏာသိမ်းအစိုးရဖြစ်လို့ စစ်ကောင်စီနဲ့ အလွမ်းသင့်နေသူဖြစ်တယ်။ ဒါကြောင့် ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စစ်ကောင်စီနှင့် သွယ်ဝှက်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ သို့မဟုတ် လမ်းကြောင်းဖော်တဲ့သဘော ဖြစ်ပါ တယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ ALP, NMSP, DKBA နှင့် KNU/KNLA-PC က ဟိုတလော တုန်းကပြင် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အလားတူ တိုင်းရင်းသားပါတီ တစ်ချို့ ANP, MUP နဲ့ KNDP တို့ကိုလည်း အစကတည်းက စစ်ကောင်စီနဲ့ ပူးပေါင်းခဲပါတယ်။ သို့သော် အဲဒါတွေက တစ်ဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားဖြစ်တဲ့အတွက် ပြောစရာ သိပ်မရှိလှသေးပေ။

 

ယခုလို အစီအစဉ်မျိုးကတော့ ပြည်သူလူထု၏ အရေးတော်ပုံလှုပ်ရှားမှု လမ်းကြောင်းကို တိုက်ရိုက် အကျိုးသက်ရောက်တဲ့အတွက် စိတ်မကောင်းစရာ ဖြစ်ပါတယ်။

 

အဲဒီ လက်နက်ကိုင် ၈ ဖွဲ့ အားလုံးနီးပါးက ထိုင်နယ်စပ်မှာအခြေချတဲ့သူများဖြစ်တော့ ထိုင်းအစိုးရက ဖိတ်ကြားမှုကို သူတို့အနေနဲ့ ငြင်းဆန်ဖို့ အခက်အခဲရှိနိုင်တာကိုလည်း စဉ်းစားပေးရပါတယ်။ အထူးသဖြင့် PPST ခေါင်းဆောင်နှင့် RCSS/SSA  ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုင်းအစိုးရနဲ့ နီးစပ်သူဖြစ်တယ်။ (ဒါကြောင့် ရှမ်းမြောက်ဘက်မှာ သူအဖွဲ့က နယ်ချဲ့တာကို တရုတ်နိုင်ငံက ဘဝင်မကျဖြစ်တယ်။ ဒါကြောင့် SSPP နဲ့ RCSS အခုလို ရှမ်းအချင်းချင်း တိုက်တာ ကလည်း နောက်ကွယ်မှာ ထိုင်းနဲ့ တရုတ်ရဲ့ ပရောက ရှိတယ်လို့ သုံးသပ်ကြတယ်)။

 

ဒါပေမယ့် ဒီတွေ့ဆုံမှုအစီအစဉ် လမ်းခင်းပေးတဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်(RCSS)၊ ဗိုလ်ချုပ်ကြီး စောမူတိုး (KNU)နှင့် သူတို့၏ မိတ်ဆွေ(သူတို့၏ အကြံပေးလို့လည်း ယူဆရသူ) ဉီးဟန်ယောင်ဝေ(EBO)တို့ရဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးရေး ဗျူဟာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

 

ဟိုတလောတုန်းကပဲ NCA သက်သေလက်မှတ်ထိုး နိုင်ငံများကို စာပို့ပြီး ကြားဝင် ညှိနှိုင်းဖြန်ဖြေပေးဖို့ အကူအညီတောင်းခဲ့တာကလည်း သူတို့ပဲဖြစ်တယ်။

ဆိုတော့… မေးခွန်းထုတ်စရာက အခုချိန်ဟာ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု စတင်ရမယ့် အကောင်းဆုံးအချိန် ဟုတ်ပါသလား။ ဒီချိန်မှာ စစ်ကောင်စီနဲ့ ညှိနှိုင်းရင် ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ရောက် နိုင်မလား။ ဒီချိန်မှာ ညှိရင် ကျွန်တော်တို့ ဘာရမလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။

 

ဒီချိန်မှာ စစ်ကောင်စီနဲ့ ညှိရင်တော့ နံပါတ်(၁)- မိမိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအတွက် အကျိုး အမြတ်ရနိုင်တယ်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီနှင့် ညှိနှိုင်းလိုက်တော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ချို့ ကောင်းစားခဲ့သလိုမျိုး။ မိမိလူမျိုး အကျိုးစီးပွားလည်း ရနိုင်တယ်။ ၁၉၈၉ မှာ UWSA နဲ့ ညှိနှိုင်းလို့ “ဝ” ပြည်ဖြစ်လာသလိုမျိုး။ အဲဒါကို ယခု AA က အတု ယူနေတယ်။ နံပါတ်(၂)- စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြောက်မှုနှင့် လူမဆန်တဲ့ လုပ်ရပ်များကို ရပ်တန့်စေနိုင်တယ်။ တစ်နည်းအားဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေမယ်။ အဲဒါက လက်ရှိမှာ အာဆီယံနိုင်ငံများ ကြိုးပမ်းနေတာဖြစ်တယ်။ အထက်တွင် ဖော်ပြထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်များကလည်း စစ်ကောင်စီရဲ့ လူမဆန်စွာ ပြည်သူလူထုကို နှိုပ်စက်သတ်ဖြတ်မှုတွေကို မကြည့်ရက်လို့ ရပ်တန့်စေလိုတဲ့အတွက် စစ်ကောင်စီနဲ့ အလောတစ်ကြီး ညှိနှိုင်းလိုတာ ဖြစ်ပါလိမ့်မယ်။

 

အဲဒါက ရေတိုမှာ ကောင်းသလိုလို ဖြစ်ပေမယ့် ရေရှည်မှာ ကောင်းမယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလမ်းကြောင်းက ပြည်သူများလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမဟုတ်ဘဲ စစ်ကောင်စီရဲ့ လမ်းပြမြေပုံ(roadmap)အတိုင်း ဖြစ်နေလို့ပါပဲ။

 

ဘာကြောင့်လဲဆိုတော့ ဒီချိန်မှာ ညှိနှိုင်းရင်တော့ စစ်ကောင်စီက အသာစီးရနေသေးတဲ့အတွက် သူ့လမ်း စဉ်နောက်ကိုပဲ လိုက်သွားရမှာပဲ။ အဲဒီရလဒ်က ၂၀၀၈ အတိုင်းပြန်သွား၊ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ လုပ်၊ မင်းအောင်လှိုင်သမ္မတလုပ်၊ သက်တမ်း နှစ်ကြီမ်လောက်သူက အုပ်ချုပ်။ အာဆီယံ လည်း အဲဒီလမ်းကြောင်းပဲ ပုံဖော်နေတာ။ ဒီချိန်ညှိနှိုင်းရင် စစ်ကောင်စီကို လူသတ်တာ၊ နှိုပ်စက်တာ တွေကို ရပ်တန့်အောင်တော့ လုပ်နိုင်မှာပေါ့။ ဖမ်းဆီးတာတွေလည်း လွှတ်မှာပေါ့။ သူ့လမ်းကြောင်းအတိုင်း ကျန်တော်တို့ လိုက်နာနေမှတော့ သူက ဘာကြောင့် လူသတ်စရာ လိုတော့မှာလဲ။

 

နိုင်ငံရေး ပြသနာကို စစ်ရေးနဲ့မဟုတ်ဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ အကောင်းဆုံးဆိုတာ အားလုံး သိပါတယ်။ Zero-sum game (ကိုယ်နိုင်-သူရှုံး)ကစားတာဟာ အကောင်းဆုံးနည်းလမ်း မဟုတ်တာ အားလုံးသိပါတယ်။ တွေ့ဆုံးဆွေးနွေးညှိနှိုင်းမှုဆိုတာကလည်း နောင်တစ်ချိန်မှာ မလွဲမသွယ် လိုအပ်ကောင်း လိုအပ်လာလိမ့်မယ်ဆိုတာလည်း ဘယ်သူမှ မငြင်းပါဘူး။

 

သို့သော် အားလုံးသိရှိတဲ့အတိုင်း နိင်ငံရေးညှိနှိုင်းမှု (Political Dialogue)ဆိုတာ ကိုယ့်ဘက်က အသာစီး (in a position of strength)ရှိဖို့ သို့မဟုတ် အနည်းဆုံး အင်အားချိန်ခွန်လျာ (leverage) အတန်အသင့်ညီမျှဖို့ လိုတယ်။ လက်ရှိအချိန်မှာ ပြည်သူဘက်က အဲဒီအဆင့်ကို မရောက်ရှိ နိုင်သေးဘူး။ စစ်ကောင်စီက သူ့ကိုယ်သူ အသာစီးရနေတယ်လို့ ခံယူနေတဲ့အချိန်ဖြစ်တယ်။ ဒါကြောင့် ဒီချိန်မှာ ညှိရင် ပြည်သူဘက်က ကိုယ်လိုချင်တဲ့ နိုင်ငံရေးအခင်းအကျင်း တစ်ခုမှ ရရှိမှာမဟုတ်ဘူးဆိုတာ အသိသာကြီး ဖြစ်နေတယ်။

 

၂၁ ရာစုပင်လုံ-ငြိမ်းချမ်းရေးဆွေးနွေးတုန်းက ဉီးဟန်ကိုယ်တိုင်က ကျန်တော့်ကို ပြောပြဖူးတယ်။ ‘ဒီချိန်မှာ ဆွေးနွေးရင် တိုင်းရင်းသားဘက်က ကိုယ်လိုချင်တာ ဘာမှရနိုင်မှာ မဟုတ်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး အင်အာချိန်ခွန်လျာ(pollical leverage) မညီဘူး၊ တိုင်းရင်းသားဘက်က အင်အား သိပ်မရှိဘူး’တဲ့။ လက်နက်ကိုင်တပ်ဖွဲ့ဘက်က NCA မှာ မပါတဲ့သူ ပိုများတာကို သူက ထောက်ပြခဲ့ တာဖြစ်တယ်။ ဆိုလိုတာက ဉီးဟန်က အတွေ့အကြုံရင့်ကျက်ပြီး ပညာရှင်ကြီးလည်းဖြစ်တော့ သူက ပိုသိမှာပေါ့၊ စစ်ကောင်စီက အသာစီးရနေတဲ့အချိန်ဆိုတော့၊ ဒီချိန်မှာညှိရင် သူတို့လမ်းစဉ်ကို လိုက်လျော် ပေးရုံကလွဲပြီး ဘာမှ ရမှာမဟုတ်ဘူးဆိုတာ။

 

ဒါကြောင့် ကျန်တော်တို့ ပြည်သူတွေ လိုလားတဲ့ နိုင်ငံရေးအပြောင်းအလဲရရှိဖို့အတွက်ဆိုရင် စစ်ကောင်စီ ကို ဒီထက်ပိုပြီး ဖိအားပေးဖို့လိုသေးတယ်။ မ.အ.လ ကို မဖြုတ်ချနိုင်ရင်တောင် ဒီထက်ပိုပြီး ဘေးကြပ် နံကြပ်ဖြစ်အောင် လုပ်ဖို့လိုတယ်။ စစ်ကောင်စီကို အင်အားချိနဲ့အောင် ကျန်တော်တို့ လုပ်နိုင်လေလေ ကျန်တော်တို့ ပြည်သူတွေ၊ တိုင်းရင်းသားတွေ၊ လိုလားတဲ့ နိုင်ငံရေး အခင်းအကျင်းကို ပိုပြီးတော့ ဖန်တီးနိုင် လေလေဖြစ်မယ်။

 

အဲဒီအတွက်လည်း လူထုဘက်က လုပ်လို့ရပါသေးတယ်။ ဒီထက်ပိုပြီး တွန်းလှန်လို့ရပါသေးတယ်။ ထိုအတွက် အရေးတော်ပုံလှုပ်ရှားသူများကလည်း ပြင်ဆင်နေပါတယ်။ လုပ်ဆောင်နေပါတယ်။ ပြောမယ်ဆိုလျှင် အခုမှ ပွဲဉီးထွက်ပဲရှိသေးတယ်။ ဘာကြောင့် စောစာစီးစီး ညှိနှိုင်းချင်ကြတာလဲ။

 

ဒီအရေးတော်ပုံမှာ အကြောင်းကြောင်းကြောင့် မပါဝင်တဲ့ တစ်ချို့တိုင်းရင်းသားအဖွဲ့များ (ဉပမာ- AA နဲ့ UWSA)ကို တစ်စုံတစ်ရာ နားလည်ပေးလို့ရတယ်။ ဒါပေမယ့် ဒီအရေးတော်ပုံနဲ့ စစ်ကောင်စီတော်လှန် ရေးလှုပ်ရှားမှုကို ကိုယ့်တိုင်းရင်းသားအကျိုးစီးပွားနှင့် ရောထွေးတာမျိုး၊ အရေးတော်ပုံ လှုပ်ရှားမှုကို အင်အားချိနဲ့အောင် အနှောက်အယှက်ပေးတာမျိုးကိုတော့ ရှောင်ရှားရလိမ့်မယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ စောပါသေးတယ်။

 

ဆလိုင်း ထောင်း

 

#FederalJournal

#Credit: NBI Multimedia Group