• Today is: Friday, April 19, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 147, November 26, 2021)

 

၁။ စစ်အာဏာသိမ်း ကိုးလကျော်အတွင်း ခရစ်ယာန်ဘုရားကျောင်း ၃၀ နီးပါး ဖျက်ဆီးခံရ
November 24, 2021

ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း ကိုးလကျော် ကာလအတွင်း စစ်တပ်ရဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု တွေကြောင့် ချင်းပြည်နယ်မှာ ခရစ်ယန်ဘာသာရေး အဆောက် အအုံ ၂၂ ခု၊ ကယားပြည်နယ်မှာ ခုနစ်ခု စုစုပေါင်း ၃၉ ခု ရှိပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကနေ နိုဝင်ဘာလအထိ သုံးလအတွင်း ချင်း ပြည် နယ်မှာ ခရစ်ယန်ဘာသာရေး အဆောက်အအုံအနည်းဆုံး ၂၂ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း က RFA ကို ပြောပါတယ်။

“ချင်းပြည်နယ်မှာ ဩဂုတ်လကနေ အခုချိန်အထိပေါ့နော် ဘာသာရေးအဆောက်အအုံ ဖျက်ဆီးတာ ၂၂ လောက် ရှိပြီ။ မီးရှို့ ဖျက်ဆီးတာကတော့ ထန်တလန်မှာ ဘာသာရေးအဆောက်အအုံ ရှစ်ခုလောက် ဖြစ်နေပြီ။ ဖလမ်းဘက် ကျေးရွာတွေမှာ မီးရှို့ ဖျက်ဆီးတဲ့ ဘုရားကျောင်းက တစ်ခုရှိတယ်။ ပြီးတော့ တခြားနေရာမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး၊ ပြီးတော့ သူတို့ကိုယ် တိုင်သွားပြီးတော့ အထဲက ပစ္စည်းတွေ လိုက်ဖျက်ဆီးတာမျိုး အများကြီး ရှိတယ်” CHRO ရဲ့စာရင်းအရ ချင်းပြည်နယ်မှာ လေးလအတွင်း ထန်တလန်မြို့က အကြီးဆုံး နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေအပြင် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃၅၀ ကျော်လည်း ဖျက် ဆီးခံခဲ့ရပါတယ်။ နိုင်ငံတကာ ဥပဒေစည်းကမ်းတွေအရ စစ်ပွဲတွေ ဘယ် လောက်ပဲ ဖြစ်ဖြစ် သာသာရေး အဆောက်အအုံတွေကို ထိခိုက်အောင် မလုပ်သင့်ဘူးလို့ ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ (CBC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒဲနစ်ငွန်ထောင်မှန်က ပြောပါတယ်။ အခုလို အထိအခိုက် အပျက်အစီးတွေ ဆက်မ ဖြစ်အောင် ဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ဘာသာရေးခေါင်းဆောင်တွေအကြား ညှိနှိုင်းဆွေးနွေးနေတယ်လို့လည်း ဆရာတော် ဒဲနစ်ငွန်ထောင်မှန် က ပြောပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့စာရင်းအရ ကယားပြည်နယ် မှာ လည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခံရတဲ့ ခရစ်ယာန် ဘုရားကျောင်း ခုနစ်ကျောင်းရှိပါတယ်။ ဘာသာရေး အဆောက် အအုံတွေကို ပစ်မှတ်ထား ဖျက်ဆီးနေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်အပေါ် ရှုတ်ချတယ်လို့ လုံခြုံရေးအရအမည် မဖော် လိုတဲ့ ကယားပြည်နယ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားပါတယ်။ “တိုက်ပွဲကလည်း ဘုရားကျောင်း တွေဘာ တွေထဲ မဖြစ်နဲ့ကို သိသိသာသာ ရည်ရွယ်ချက်ရှိရှိနဲ့ကို တည့်တည့်မတ်မတ်ကို ပစ်တာလေ သူတို့က။ ဥူးပဇင်းတို့လည်း ကိုယ့် ဘာသာကိုထိရင်လည်း မကြိုက်ဘူးလေ။ အခြား ဘာသာကိုလည်း အခုလိုစစ်ကောင်စီက စော်ကားတာကိုလည်း မကြိုက် ဘူး။ စိတ်ထဲလည်း စိတ်မချမ်းသာ ဘူးပေါ့လေ။ အများစုက ဘာသာရေးကျောင်းတွေထဲ ဝင်တယ်၊ ဖျက်ဆီးတယ်၊ တပ်စွဲတယ်၊ နောက်ပြီး မှန်တွေလည်း ရိုက်ခွဲ၊ ခုံတွေလည်း ရိုက်ချိုး၊ မယ်တော်ဟာတွေလည်း အကုန်လုံး လက်နက်ကြီးနဲ့ ထုတာရယ်၊ ဒီလို ဟာမျိုးကိုတော့ ရှုတ်ချတယ်။ မလုပ်သင့်မလုပ်ထိုက်တဲ့ ဟာတွေပေါ့လေ”စစ်ကောင်စီတပ်သားတွေဟာ ခရစ်ယာန်ဘုရား ကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးတာလို့ ဒေသခံတွေနဲ့ ကူညီကယ် ဆယ်ရေးလုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

 

၂။ ဒီးမော့ဆိုတိုက်ပွဲတွင် KNDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး
25 November, 2021

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအနီးက ဟိုဖိတ်ကျေးရွာမှာ နိုဝင်ဘာ ၂၅ ရက် ဒီနေ့ မနက် အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KNDF တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးသွားတယ်လို့ KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။ မနက် ၅ နာရီကျော်လောက်က စစ်ကြောင်းထိုးလားတဲ့စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွားခဲ့တာမှာ အခုလို ကျဆုံးခဲ့တာဖြစ်ပါတယ်။

KNDF ပြောခွင့်ရသူက “ မနက် အစောကြီးကတည်းက ပစ်ကြတာ။ ၅ နာရီကျော်လောက်ကတည်းက မနက် ၅ နာရီကျော် မှာ စပြီးတော့ ပစ်တယ်။ မနက် ၉ နာရီမထိုးခင်မှာ ပြီးတယ်။ လက်နက်ကြီးတော့အများကြီး ပစ်တာပေါ့လေ၊ အမြောက်တပ် ကကော။ ၄ ယောက်ကျတယ်၊ KNDF က။ ရန်သူဘက် အခြေအနေတော့ ဘာမှ မသိရဘူး။ စစ်ကောင်စီက စစ်ကြောင်းထိုး လာတာ။ ပြီးတော့ ထိပ်တိုက်ဖြစ်တာ။ ”လို့ ပြောပါတယ်။ ကျဆုံးသွားတဲ့ KNDF တပ်ဖွဲ့ဝင် ၄ ဦးဟာ တပ်ရင်း ၉ ကဖြစ်ပြီး နာမည်အတိအကျတော့ မသိရသေးပေမယ့် သူတို့ကို မနက်ဖြန် သင်္ဂြိုဟ်ဖို့ အစီအစဉ်ရှိပါတယ်။ နိုဝင်ဘာ ၂၃ ရက်ကလည်း လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ တရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံး သွားပါတယ်။

 

၃။ ထန်တလန် ရှစ်ကြိမ်မြောက်မီး၊ အိမ် ၄၉လုံး ထပ်မံလောင်ကျွမ်း
25 November 2021

ချင်းပြည်နယ် ထန်တလန်မြို့တွင် ၂ လကျော်အတွင်း ယမန်နေ့က ၈ ကြိမ်မြောက် မီးထပ်မံလောင်ရာ နေအိမ် ၄၉ လုံး မီးထဲပါ သွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ နေ့လယ် ၁၂ နာရီခွဲခန့်မှ စ၍ စစ်တပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီက မြို့တွင်းသို့ လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ပစ်သဖြင့် မီးထပ်မံ လောင်ရာ နေအိမ် ၄၉ လုံး ပြာကျခဲ့ခြင်းဖြစ်သည်။ စစ်တင်ဘာလ ၉ ရက်နေ့မှစကာ စစ်တပ်ကပစ်သည့် လက်နက်ကြီး၊ လက်နက်ငယ် များကြောင့်လည်ကောင်း မီးရှို့မှုများကြောင့်လည်ကောင်း ထန်တလန်မြို့ မီးလောင်ခဲ့သည်မှာ ၈ ကြိမ်တိုင် ရှိခဲ့ ပြီဖြစ်ပြီး စုစု ပေါင်း နေအိမ် ၂၅၄ လုံးခန့် ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

ယမန်နေ့က ဖြစ်ရပ်တွင် နေ့လယ် ၃ နာရီခွဲခန့်မှစ၍ ဇုန်မွှန်ရပ်ကွက်၌ မီးလောင်ရာ နေအိမ် ၃၆ လုံး ဆုံးရှုံးခဲ့ပြီးနောက် ပစ်ခတ် သံများ တိတ်သွားပြီး ညနေ ၆ နာရီခန့်တွင် အဆိုပါ ရပ်ကွက်၌ပင် မီးထပ်မံလာင်ရာ နေအိမ် ၁၀ လုံး၊ စိုက်ပျိုးရေး ရပ်ကွက် တွင် ၃ အိမ်လုံးမီးလောင်ခဲ့သည်။ ညနေပိုင်း ပစ်ခတ်သံများ ငြိမ်သွားပြီးနောက် မီးလောင်ကျွမ်းမှုသည် စစ်ကောင်စီတပ် သား များက မီးရှို့သည်ဟု ယူဆရကြောင်း CDF – ထန်တလန်မှ တပ်ဖွဲ့ဝင် တဦးက ပြောသည်။ “သေနတ်သံတွေ ငြိမ်သွားပြီ လက်နက်ကြီးသံတွေလည်း ငြိမ်သွားပြီ။ သေချာတာကတော့ တမင်သက်သက် မီးပြန်ရှို့ တာပေါ့။ ရှို့မီး ဖြစ်ဖို့ များတယ်။ သူတို့ မီးရှို့တာက မနည်းတော့ဘူးလေ။ CDF ကပစ်တဲ့ နေရာတိုင်းကို အကုန်လုံး မီးရှို့တဲ့ သဘောရှိတယ်။ သူတို့က ပစ်ကွင်းရှင်း အောင်လုပ်တာပေါ့။ နောက်တခုက ဒီလိုဖြစ်ရင် ကျနော်တို့ CDF ဘက်က အိမ် မီးရှို့ပါတယ်ဆိုတဲ့ဟာမျိုး ဖြစ်အောင်လုပ် တယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။ ထန်တလန်မြို့တွင် စစ်တပ်က ဝင်ရောက်စီးနင်း တပ်စွဲထားသည့်အပြင် နေအိမ်များပါ မီးရှို့ခံနေရသည့်အတွက် ဒေသခံ ပြည်သူများ အနေဖြင့် မြို့ကို စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ကောင်စီအင်အား အနည်ဆုံး ၇၀ ခန့်သည် မြို့တွင်း တပ်စွဲထားကြောင်း သိရသည်။

မီးလောင်းကျွမ်းမှုတွင် ၎င်း၏ နေအိမ်လည်း ပါဝင်ခဲ့သည့် ထန်တလန် ဒေသခံတဦးက “ပြည်သူတွေရဲ့ အသက်အိုးအိမ စည်း စိမ်တွေကို ကာကွယ်ပေးဖို့ ပြည်သူ့တပ်မတော်ကို တည်ထောင်တယ်ပေါ့။ ပြောတာနဲ့ လုပ်တာတခြားစီ၊ သူတို့ လုပ်တဲ့ ပုံစံက လူတစုရဲ့ အသုံးချခြင်းကို ခံနေရတဲ့ အကြမ်းဖက်စစ်တပ်လို ဖြစ်သွားတာပေါ့” ဟု ပြောသည်။ ဆက်လက်ပြီး ၎င်းက “CDF တို့ PDF တို့ ဆိုတာ တိုက်ပွဲတခု လုပ်မယ်ဆိုရင်တောင် အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးမှ ပြည်သူလူထုတွေ အထိအခိုက် မရှိအောင် ပြည်သူလူထုရဲ့ နေအိမ်တွေ မပျက်စီးအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပထမဦးစားပေး အချက်မှာ ထည့်သွင်းတာကိုး။ ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ စစ်တပ်ကတော့ အဲဒီလို မဟုတ် ဘူး။ သူတို့ဘက်မှာ အကျအရှုံးများပြီဆိုရင် ပြည်သူလူထုရဲ့ ပစ္စည်းတွေကို ခိုးတယ်၊ နေအိမ်တွေကို ဖျက်ဆီးတယ် ပြည်သူတွေကို သနားကြင်နာခြင်း မရှိ ရမ်းသမ်းပစ်၊ ပြည်သူတွေ ထိခိုက် မှာ ဘာမှ စိုးရိမ်စိတ် မရှိဘူး”ဟု ဆိုသည်။

 

၄။ စစ်တပ်ကဖမ်းသွားသည့် မူဆယ်မြို့နယ် မော်တောင်းရွာသား ပစ်သတ်ခံရ
25 November, 2021

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာက အရပ်သားပြည်သူ ၁ ဦးရဲ့အလောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့‌တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသွားသူဟာ မူဆယ်မြို့နယ်၊ ပြည်ထောင်စု လမ်းမပေါ်ရှိ မော်တောင်းရွာက အသက် ၅၆ နှစ်အရွယ်ရှိ ဦးလဖိုင်တိန့် (ခ) လဖိုင်တူးလွမ် ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က မန်ဟန်တောင်ပေါ် ယာခင်းကနေ မော်တောင်ရွာက အိမ်ကိုဆင်းလာချိန် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဖုန်းအဆက်အသွယ် ပြတ်တောက်သွားကာ နေအိမ်ကို ညနေထိ ရောက်မလာတာကြောင့် မိသားစုအသိုင်းအဝိုင်းနဲ့ ဒေသခံတွေ က မြို့မပြည်သူ့စစ်ကို မေးရာမှာတော့ မသိကြောင်း ငြင်းဆိုခဲ့တယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်တာ သိရလို့ တပ်မ ၉၉ ကို အကြမ်ကြိမ်သွားရောက်မေးရာမှာ ပထမငြင်းဆိုပေခဲ့မယ့် ၄ ကြိမ်မြောက် မေးမြန်းရာမှာတော့ တောင်ယာက သေနတ်လွယ်ပြီး ဆင်းလာတဲ့ အမျိုးသား ၁ ဦးကို ပစ်သတ်မိသွားကြောင်း ပြောလာပြီး မြှုပ်ထားတဲ့ နေရာလည်း ညွှန်လိုက်တာကြောင့် နိုဝင်ဘာ ၂၃ ရက်နေ့က ပြန်ရှာတွေ့ခဲ့တယ်လို့ သူက ပြောပါ တယ်။ ဒေသခံက “တကယ်ဆိုရင်တော့ သေနတ်တော့ မလွယ်ပါဘူး။ ဓားတော့ လွယ်ထားတယ်။ ပြီးရင်လွယ်အိတ်လွယ် တယ်။ အဲထဲမှာ ဖုန်းအိတ်လည်း အဲတိုင်းထည့်ထားတယ်။ အဲဒါပဲ လွယ်ထားတယ်။ တခြားဘာမှ မပါဘူး။” လို့ ပြောပါတယ်။

အသတ်ခံရတဲ့ အမျိုးသားကို PDF ဝတ်စုံ လဲလှယ်ဝတ်ဆင်ပေးထားကြောင်းနဲ့ နှိပ်စက်ရိုက်နှက် ဒဏ်ရာနဲ့ သေနတ်ဒဏ်ရာ တွေ တွေ့ရကြောင်း၊ ဆိုင်ကယ်၊ ဖုန်းတွေ အကုန်ယူသွားကြောင်း၊ မြှုပ်ထားတဲ့နေရာကို ဆိုင်ကယ်နဲ့ သွားလို့မရဘူးလို့ ဆိုပါ တယ်။ “PDF တွေရဲ့ အုပ်ထုပ်၊ အပေါ်အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်တွေ လဲပြီး ဝတ်ထားပေးတယ်။ ၁ ပေ လောက်ပဲ တူးပြီး အဲဒီ မှာ မြေကြီးနည်းနည်းဖုံးပြီး အပေါ်မှာ ပြောင်းဖူးပင်တွေနဲ့ ဖုံးပြီး ဖြစ်သလို မြှုပ်ထားပေးတယ်။ တကယ်လို့ မစုံစမ်းနိုင်ဘူးဆို ရင် လုံးဝ မတွေ့နိုင်တော့ဘူး။ လည်ပင်းမှာ ကြိုးချည်ရာတွေတေ့တယ်။ နံရိုးနား သေနတ်ဒဏ်ရာ ၃ ချက်လောက်တွေ့တယ်။” မော်တောင်းရွာမှာ စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာ ပထမဆုံး အကြိမ်ဖြစ်ပေမယ့် မတရား ဖမ်းဆီး သတ်ဖြတ်တာတွေ မကြာခဏ ကြားသိနေရတာကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်ကြတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က အခုလမှာလည်း အဆက်မပြတ်စစ်ကြောင်း ထိုးနေပြီး MNDAA ကိုးကန့်တပ်၊ PDF တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

 

၅။ စစ်ကောင်စီ ဖမ်းဆီးခြင်းခံခဲ့ရသူ ကရင်လူငယ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂နှစ်ကျခံရ
November 25, 2021

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မတ်လအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရသည့် ဖားအံမြို့မှ ကရင်လူငယ် စောလင်းထက် ကို နိုဝင်ဘာလ ၂၃ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချမှတ်ခဲ့ကြောင်း ဖားအံမြို့ရှိ ၎င်း နှင့် နီးစပ်ရာ သတင်းအရင်း အမြစ်များထံမှ သိရသည်။

ဖမ်းဆီးခံရသည်မှာ ၈လနီးပါးရှိပြီဖြစ်သည့် စောလင်းထက်ကို ဖားအံမြို့၊ တောင်ကလေးအကျဉ်းထောင်တွင် ချုပ်နှောင်ထိန်း သိမ်းထားခဲ့ပြီးနောက်ပိုင်း ရုံးထုတ်စစ်ဆေးခဲ့မှုရှိခဲ့သော်လည်း ယမန်နေ့မှသာ တောင်ကလေးထောင်အတွင်း၌ ရုံးထုတ်ကာ စီရင်ချက်ချခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက ပြောသည်။ “ချုပ်ရက်က ၇လကျော် ၈လလောက် ရှိပြီ။ ဒီမတိုင်ခင်က သူထောင်ကျမယ်ဆိုတာ သူသိတယ်။ ခုတော့ ၅၀၅(က) အမှုနဲ့ စီရင်ချက်ချတာလို့တော့ သိရတယ်။ စီရင်ချက် ချလို့ ထောင်ကျရင်တော့ သူလည်း တောင်ကလေးထောင်မကြီးအဆောင်ဘက်ကို ထောင်သားအဖြစ် ရွှေ့နေရမယ့်သဘော။ သူ့ အတွက် ထပ်မံဆုတောင်းပေးကြဖို့တော့ သူ မှာတယ်တဲ့။”ဟု အဆိုပါနီးစပ်သူ ဖားအံမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လက ဖားအံမြို့ပြင်ရှိ နည်းပညာတက္ကသိုလ်ရှေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်က စောလင်းထက် မောင်းနှင် လာသည့် ကားကိုတားဆီးစစ်ဆေးကာ ဖမ်းဆီးသွားခဲ့ပြီးနောက် ထိုနေ့ညနေပိုင်းတွင် ၎င်း၏နေအိမ်သို့လည်း သွားရောက်ရှာ ဖွေခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ကရင်လူငယ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရက်အနည်းငယ်တွင် ရန်ကုန်မြို့ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင် သွားကာ ပြင်းထန်သည့် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ သူသည် ထိန်းသိမ်းခံနေရ ချိန်တွင် ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့သေးသည်ဟုလည်း မိသားစုနှင့် နီးစပ်သူများ၏ ပြော ဆိုချက်များအရသိရသည်။

 

၆။ မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ ၅ ဦးထက်မနည်းဒဏ်ရာရ
26 November, 2021

ချင်းပြည်နယ် မတူပီမြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် နေ့လယ်က မတူပီ-CDF နဲ့ CNA တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ တပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ မတူပီ CDF တပ်ဖွဲ့က နေ သိရပါတယ်။ မတူပီ-ပလက်ဝ လမ်းပေါ်မှာ အခြေစိုက်ထားတဲ့ ခမရ- ၃၀၄ တပ်ရင်း ကင်းစခန်းကို မနေ့ နေလယ် ၁ နာရီခွဲလောက် မတူပီ CDF နဲ့ CNA တပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မတူပီ CDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ကင်းစောင့်နေတဲ့ တပ်သား ၂ ယောက်သေဆုံးသွားပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ မတူပီ CDF နဲ့ CNA ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီရဲ့ ခမရ-၃၀၄ တပ်ရင်း က တပ်သားတွေဟာ မတူပီ-ပလက်ဝလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်စစ်ဆေးတာတွေ အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်တာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတူပီ-ပလက်ဝ လမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး ၊ကျန်းမာရေးကိစ္စတွေအတွက် မတူပီမြို့ပေါ်ကို သွာလာရခက်ခဲနေတာကြောင့် လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားတဲ့ စစ်ကောင်စီတပ်တွေကို ညီနောင်မဟာမိတ် ၂ ဖွဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာလို့ မတူပီ CDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မတူပီမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၃၅၀၀ လောက်ရှိနေပြီးတော့ စားနက်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် တွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

 

၇။ ရပ်စောက်မြို့နယ် အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသူများ ထောင်ဒဏ် ၂ နှစ်ချမှတ်

November 24, 2021

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း စစ်တပ်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံးထောင်)၌ ဖမ်းဆီးထိန်းသိမ်း ခံရသော ရပ်စောက်မြို့နယ်မှ ပြည်သူ ၆ ဦးကို ထောင် တွင်းတရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

“တချို့က သပိတ်ကြောင်းမှာ ပါလို့ အဖမ်းခံရတဲ့သူတွေဖြစ်တယ်၊ ဒါပေမဲ့ တချို့က မတရားစွပ်စွဲချက်တွေနဲ့ အဖမ်းခံရတာ၊ ထောင်ထဲမှာပဲ တရားရင်ဆိုင်ရင်းနဲ့ ပြီးခဲ့တဲ့ ၂၂ ရက်နေ့မှာ ထောင်တွင်းတရားရုံးကနေ သူတို့ ၆ ယောက်ကို ထောင်ဒဏ် ၂ နှစ် စီ ချလိုက်တယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်တပ်မှ အာဏာသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြသူများနှင့် ဆန္ဒပြသူများကို စားသောက်ဖွယ်ရာများ ဝေငှပေး သူများဖြစ်ကြသည့် ဦးမောင်မောင်တင့် (ခ) ကိုတူး၊ ကိုကာစင်၊ ကိုဇော်ဝင်းထွန်း၊ ကိုဇော်ထူးနှင့် အမည်မသိရ သေးသည့် ရပ်စောက်မြို့နယ်မှ ပြစ်ဒဏ်ချခံရသူ ၂ ဦးတို့ကို သဘာဝဘေးအန္တရာယ် ပုဒ်မဖြင့် စွဲဆိုထားရာမှ ထောင် ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်းလည်း ၎င်းက ပြောသည်။

“စစ်တပ်ကနေ အာဏာသိမ်းလိုက်တဲ့ ၉ လကျော် ၁၀ လ အတွင်းမှာ စစ်ကောင်စီက ဥပဒေကို အလွဲသုံးစားလုပ်ပြီး မူမမှန်တဲ့ လုပ်ဆောင် ချက်တွေရှိနေတယ်၊ အာဏာကလည်း သူတို့လက်ထဲမှာပဲရှိနေတော့ တရားခံဘက်ကလည်း အယူခံခွင့်မရှိဘူး၊ တရားမျှတမှုဆိုတာလည်း မရှိပါဘူး” ဟု ရပ်စောက်မြို့နယ်အတွင်းမှ ရှေ့နေတစ်ဦးကလည်း ပြောသည်။

 

၈။ မီးဘေးသင့် ထန်တလန်အတွက် ရခိုင်ရှိ သံဃာတော်များနှင့် ပြည်သူများမှ ငွေကျပ်သိန်း ၁၃၀ ကျော်လှူဒါန်း
November 24, 2021

ချင်းပြည်နယ် ထန်တလန် မီးဘေးသင့်စစ်ဘေးရှောင်များအတွက် ရခိုင်ပြည် မြို့နယ်အသီးသီးရှိ ရဟန်းရှင်လူ ပြည်သူများမှ အလှူငွေကျပ် ၁၃၆ သိန်း ၆ သောင်းအား လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းမှုကို ရခိုင်ပြည်နယ် အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား၊ သူများအဖွဲ့ CUSR ကတစ်ဆင့် နိုဝင်ဘာ ၂၃ ရက်နေ့က စစ်တွေမြို့တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ချင်းနှင့် ရခိုင် တို့ဟူသည် ညီအစ်ကို မောင်နှမကဲ့သို့ဖြစ်ပြီး ခွဲခြားမရနိုင်ဘဲ အတူရောတင်းနေထိုင်နေကြသည့် လူမျိုးများဖြစ်သောကြောင့် မိမိတို့တတ်နိုင်သည့်ဖက်မှ ပါဝင်ကူညီလှူဒါန်းခြင်းဖြစ်သည်ဟု အလှူဖြစ်မြောက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးပညာဇောတ က Western News ကိုမိန့်သည်။

“ရခိုင်ပြည်မှာ ပြည်သူတွေစစ်ဘေးဒဏ်ကို ဆိုးရွားစွာခံစားဖူးတော့ စစ်၏ဆိုးကျိုးကို ခံစားဖူးကြတယ်။ ဆိုတော့ လွန်ခဲ့တဲ့ ၃ ပတ်လောက်က ချင်းပြည်သူတွေလည်း စစ်ဒဏ်ကိုခံပြီး နေအိမ်တွေကို ပစ်ပြီးထွက်ပြေးကြရတော့ ကိုယ်တော်တို့ပြည်သူတွေ ခံစားခဲ့ရသလို ကိုယ်ချင်းစာမိပါတယ်။ ချင်းလူမျိုးနှင့် ရခိုင်လူမျိုးတို့ဆိုတာက ညီအစ်ကိုအရင်းတွေလို တစ်ပြည်တည်း အတူ ရောနှောနေထိုင်ကြတဲ့လူမျိုးတွေဖြစ်တယ်။ ရခိုင်ပြည်မှာ ချင်းလူမျိုးတွေ နေထိုင်ကြသလို ချင်းပြည်နယ်မှာလည်း ရခိုင်လူမျိုး တွေအတူတကွနေထိုင်ကြတော့ ချင်းနှင့်ရခိုင်ဆိုတာက ခွဲခြားလို့မရနိုင်ဘူး။ အဲ့တာကြောင့် ချင်းပြည်သူတွေ စစ်ဘေးဒုက္ခတွေ ခံစားနေရချိန် လူသားချင်းစာနာထောက် ထားမှုရှိသလို၊ ညီအစ်ကိုအရင်းတွေလို သဘောထားပြီး ကိုယ်တော်တို့ တတ်နိုင်တဲ့ ဖက်က ပါဝင်ကူညီလှူဒါန်းခြင်းဖြစ်တယ်” ဟုမိန့်သည်။ မကြာသေးမီကလည်း ထန်တလန်မြို့မှ မီးဘေးသင့်ပြည်သူများအ တွက် လူသားချင်းစာနာမှုဖြင့်ရခိုင်ပြည်နယ်ရှိအရပ်ဖက်အဖွဲ့အစည်းများမှ အလှူငွေကျပ်သိန်း ၈၇ ကိုလှူဒါန်းပေးခဲ့သည်။

 

၉။ ကျောက်မဲမြို့စစ်ဘေးရှောင် ၂၀၀ ကျော် အနွေးထည်နှင့် စားသောက်ကုန်များ လိုအပ်နေ
November 24, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်း၊ နမ့်ဆော့၊ ပြိန်းခါးနှင့် နားမွန်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ဒေသခံ ၂၀၀ ကျော်တို့သည် စားသောက်ကုန်များနှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ မိုင်းတင်းတွင် စစ်ရှောင် (၆၂)ဦး၊ နမ့်ဆော့တွင် (၆၉)ဦး၊ ပြိန်းခါးတွင် (၆၂)ဦးနှင့် နားမွန်းတွင် (၃၉)ဦးရှိပြီး ဆောင်းရာသီဝင်စ တွင် စစ်ဘေးရှောင်များအတွက် စောင်များ၊ အနွေးထည်များနှင့် စားသောက်ကုန်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“အခုက ဆောင်းရာသီဝင်လာပြီးဆိုတော့ အေးလာပြီလေ။ စောင်တွေ၊ အနွေးထည်တွေလိုတယ်။ စားသောက်ကုန်တွေလည်း ကုန်နေပြီ”ဟု ကျောက်မဲမြို့ စစ်ရှောင်များကို ကူညီပေးနေသည့်သူကပြောသည်။ ထိုစစ်ရှောင်စခန်း ၄ နေရာအပြင် ကျောက်မဲ မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုတွင် လာရောက်ခိုလှုံနေသည့် စစ်ရှောင်များအတွက် သောက်ရေများလည်း အခက်ခဲရှိနေ ကြောင်း သိရသည်။ “မြို့ပေါ်မှာ လာခိုလှုံနေတဲ့သူတွေကလည်း သုံးဖို့ ရေတွေခက်ခဲတယ်။ အခုက လျှပ်စစ်မီး ခနခနပြတ် တော့ ရေတင်လို့မရတော့ဘူး။ ပြီးတော့ မီးအားကလည်း မကောင်းဘူး။ အဲကြောင့် ရေတွေကလည်း ကောင်းကောင်းမစုပ်ယူ နိုင်တော့ဘူး” ဟု ကျောက်မဲမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ စိုင်းလျန်းဟန်က ပြောသည်။

ကျောက်မဲမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် မြောက်ပိုင်းမဟာမိတ်(SSPP/ TNLA ) တို့ စစ်ရေးတင်း မာမှုကြောင့် စစ်ရှောင် ပြည်သူများတချို့ နေရပ်ကို မပြန်နိုင်သေးကြောင်း သိရသည်။

 

၁၀။ မိုးညှင်းမြို့နယ် KIA တပ်ရင်း ၂၆ နယ်မြေကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
25 November 2021

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ သုန်ပြင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်ရင်း (၂၆) နယ်မြေတွင် နိုဝင်ဘာလ ၂၅ ရက်နေ့နံနက်အစောပိုင်းက စစ်ကောင်စီမှ ဂျက်လေယာဉ် ၂ စီးဖြင့် ၅ ကြိမ်ထက်မနည်း လာ ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း မိုးမလင်းမှီ ၁ နာရီ နှင့် ၂ နာရီကြားတွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA တပ်ရင်း (၂၆) ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ “လေယာဉ် ၂စီးနဲ့ လာတိုက်တာ မှန်ပါတယ်။ မနက်ပိုင်း ၁ နာရီဝန်းကျင်ကနေ စပြီး လာပစ်တယ်။ အသွား အပြန်နဲ့ဆို ၂ခေါက်တိတိရှိတယ်။ ဗုံးကြဲတဲ့ အရေအတွက်က ၅ကြိမ်လောက်ရှိတယ်။ ဒါပေမယ့် ထိခိုက်တာတွေလုံးဝမရှိပါဘူ။ သူတို့အနနဲ့ ဘာလို့လာပစ်တယ်ဆိုတာလည်း မသိပါဘူး။ ပုံမှန်လာပစ်တယ်လို့တောင် ပြောလို့ရ တယ်” ဟု ပြောဆိုသည်။

ထိုနေရာတွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် KIA တပ်ရင်း (၂၆) ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ယခုပတ် အတွင်းနှင့် နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ၂ ဖက်တပ် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းလည်းမရှိခဲ့ကြောင်း သူကဆက်ဆို သည်။ ယခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က KIA တပ်မဟာ ၉ တပ်ရင်း (၂၆) တည်ရှိသည့် အဆိုပါနေရာ ဘက်သို့ လေကြောင်းလိုင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ ၃ ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရ သည်။ ကချင်ပြည်နယ်တွင် ယခုလအတွင်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ ငြိမ်သက်နေသည်ကို တွေ့ရသည်။

 

၁၁။ စစ်ကောင်စီသတင်းပေးဟုဆိုသူ ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးကို KDF ဖမ်းဆီး
November 26, 2021

ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေး ( အများက ဒလန်ဟု) သတ်မှတ် ထားသော စစ်ကောင်စီလက်ထက် ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးဖြစ်သူ ဒေါ်ခင်မေစိုး ကို ကရင်နီဒီမိုကရက်တစ် တပ်ဦး KDF မှ ယမန်နေ့ နိုဝင်ဘာ လ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ KDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုအတည်ပြုပြောကြားပါတယ်။ “ အဓိကကတော့ အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကသူက ဒလန် ပါဆိုပြီးတော့ ကျနော်တို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့က သေချာစောင့်ကြည့်တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကို စောင့် ကြည့်ပြီးတော့မှ သေချာသလောက်ရှိပြီ ဆိုပြီးတော့မှ ကျနော်တို့ကဖမ်းတာပေါ့နော။ ဖမ်းတဲ့အချိန်လည်း ကျနော်တို့က အကြမ်းဖက်ပြီးဖမ်းတာမဟုတ်ဘူး။ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီးတော့ ကျနော်တို့ ခေါ်သွားတာပါ။ ပြီးတော့ KSP လက်ထဲကို ကျနော်တို့ အပ်ထားတယ်လေ။” လို့ KDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ဒေါ်ခင်မေစိုးအပါအဝင် စစ်ကောင်စီသတင်းပေးသူ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးရ မိပြီး ဖမ်းဆီးရမိသူ အားလုံးကို ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ ဖြစ်တဲ့ KSP လက်ထဲကို လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ စောင့်ကြည့်စုံစမ်းပြီး ဖမ်းဆီးရမိတဲ့ စစ်ကောင်စီသတင်းပေးတွေကို KSP ထံ လွဲပြောင်းအပ်နှံပြီး စစ်ဆေးမေးမြန်းမှုတွေ ကိုတော့ KSP ကပဲ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားတယ်လို့ သိရပါတယ်။

KDF အနေနဲ့ စစ်ကောင်စီသတင်းပေးတွေဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆူးငြောင့်ခလုတ်ဖြစ်တဲ့အတွက် ဆက်လက် စောင့်ကြည့်စုံစမ်းပြီး NUG မှ ချမှတ်ထားတဲ့ နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိဖမ်းဆီးရမိတဲ့ ဒေါ်ခင်မေစိုးဟာ စစ်ကောင်စီလက်ထက်မှာ အသစ်ခန့်အပ်လိုက်တဲ့ ဒီးမော့ဆိုမြို့နယ် ဒု – ပညာရေးမှူးတာဝန်ကို ဆောင်ရွက်နေတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

 

၁၂။ အရပ်သားအပေါ်ကျူးလွန်သည့် လူ့အခွင့်ရေးချိုးဖောက်မှုများ ပိုတိုးလာကြောင်း KHRG အစီရင်ခံစာထုတ်ပြန်
November 24, 2021

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းဒေသများတွင် စစ်ရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမှုများ ကြောင့် စစ်ကောင်စ်တပ်ဖွဲ့ဝင်များသည် အရပ်သားအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုတိုး လာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်သည်။ KHRG ၏ အစီရင်ခံစာ ရှင်းလင်းပွဲတွင် စစ်ရေးပြန်လည်တင်းမာလာသည့် မြန်မာပြည်အရှေ့ တောင်ပိုင်းဒေသအတွင်း စစ်ကောင်စီအနေဖြင့် နယ်မြေရှင်းလင်းရေးနှင့် စစ်ဆင်ရေးများ ပြုလုပ်ရာတွင် အရပ်သား များအပေါ် ပစ်မှတ်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာ တင်ပြမှုတွင် KHRG ဒါရိုက်တာ နော်ထူးထူးက ယခုလို ပြောသည်။

၎င်းက “လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်တာက စစ်ဆေးမေးမြန်းမှုမရှိဘဲ ပစ်ချင်ရင်ပစ်တယ်။ ဖမ်းချင်ရင်ဖမ်းတယ်။ နောက်ပြီးတော့ ပေါ်တာဆွဲတာ။ စစ်ကြောင်းတွေ ရွာထဲကို ဝင်လာပြီးဆိုရင် ပေါ်တာဆွဲတယ်။ အမျိုးသမီး အပါအဝင် ရွာသား တွေကို လူသားဒိုင်းအနေနဲ့ သုံးတာတွေ ပိုများလာတယ်။”ဟု ပြောဆိုခဲ့သည်။ KHRG ၏ အစီရင်ခံစာ ပြုစုထားချက်များအရ ဒေသခံ ကျေးရွာသား ၄၀၀ကျော်ခန့်မှာ လူသားဒိုင်းနှင့်ပေါ်တာဆွဲခံရမှုကို ကြုံတွေ့ခဲ့ရပြီး အလားတူ စားနပ်ရိက္ခာ၊ ဆက်သွယ် ရေး၊ အကူအညီထောက်ပံ့မှုများနှင့် အခြားသော အခြေခံလိုအပ် ချက်များကို ဖြတ်တောက်သော ဖြတ်လေးဖြတ်ဗျူဟာကို အသုံးပြု လုပ်ဆောင်သည့် လူ့အခွင့် အရေး ချိုးဖောက်မှုများ မှာလည်း အာဏာသိမ်းမှုနောက်ပိုင်း ပိုတိုးဖြစ်ပွားလာကြောင်း နော်ထူးထူး က ဆက်ပြောသည်။

အခန်း (၆) ခန်းပါဝင်သည့် အဆိုပါ အစီရင်ခံစာတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမခြောက်လအတွင်း မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများ၏ လုံခြုံရေးအခြေအနေမှာ လျင်မြန်စွာကျဆင်းလာကြောင်းနှင့် လူ့အ ခွင့်အရေးချိုး ဖောက်မှုများသည်လည်း တဖြည်းဖြည်းပိုမိုများပြားလာပြီး ကျေးလက်နေပြည်သူများအနေဖြင့် နေရပ် ရွှေ့ပြောင်းနေထိုင်ရ ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းအပြင် အသက်သေဆုံးမှုများပါ ရင်ဆိုင်ခံစားခဲ့ရကြောင်း ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ အနေဖြင့် အာဏာချက်ချင်းစွန့် လွှတ်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အာဏာလွဲ ပြောင်းရန်၊ အရပ်သားပြည်သူ၊ CDM ဝန်ထမ်းများအပေါ် မတရား ဖမ်းဆီးမှုများ၊ အကြမ်းဖက်မှုများ၊ လူသားဒိုင်းအဖြစ် အသုံးပြုမှုနှင့် ဖြတ်လေးဖြတ် မဟာ ဗျူဟာလုပ်ဆောင်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန်လည်း အစီရင်ခံစာ၏ အဆုံးတွင် အကြံပြုတိုက် တွန်းထားသည်။

 

၁၃။ မွန်ပြည်သစ်ပါတီ သထုံခရိုင်တွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အစီအစဉ်ကျင်းပ
November 25, 2021

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ သထုံခရိုင်၌ ဖမ်းဆီးမိထားသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အစီအစဉ်တရပ်ကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်စီးသည့် အစီအစဉ်တွင် ဘိန်းစားရွက် နှင့် မူးယစ်ဆေးဝါးမျိုးစုံ ပါဝင်ပြီး ၂၀၂၁ ခုနှစ်အတွင်ဖမ်းဆီး ထိန်းသိမ်းရရှိထားသည့် စိတ်ကြွဆေးပြား ၄၃၀၀ ပြားနှင့် ဘိန်းစာ ရွက်အလေးချိန် ၂၀၀ ကီလိုဂရမ်ကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်းရေးမှူး နာဲကွန်းစိုက်က ပြောသည်။ “တကယ်တော့ ဒီအစီအစဉ်ကို အခါကြီးရက်ကြီးတွေမှ လုပ်ဖို့စီစဉ်ထားတာပါ ဒါပေမယ့် ဒီတလောမှာ မူးယစ် ဆေးဝါးနဲ့ ဘိန်းစားရွက် ဖမ်းဆီးရရှိမှုကပိုများလာတော့ ကြာကြာထားရင် ပျက်စီးကုန်မှာစိုးလို့ စီစဉ်ဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

သထုံခရိုင်အတွင်း တစ်လလျှင် မူယစ်ဆေဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုကြောင့် တရားခံ ၁၅ ယောက်မှ အယောက် ၂၀ ကြား ဖမ်းဆီးရရှိနေပြီး အဆိုပါပြစ်ဒဏ်ကျခံရသူများအား မူးယစ်ဆေးဝါးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားရှိရသဖြင့် စားဝတ် နေရေးနှင့် နေထိုင်ရာနေရာများ ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်ဟု ဆိုသည်။ ထို့အပြင် မွန်လူငယ်များကြား မူးယစ်ဆေးဝါး သုံးစွဲ နေမှု မြင့်တက်လျှက်ရှိပြီး အမျိုးသားများသာမက အမျိုးသမီးများပါ သုံးစွဲမှုရှိလာကြောင်းလည်း အစီအစဉ်တွင် ပါဝင်တက် ရောက်ခဲ့သည့် ဆရာမ မိကျလွန်းထောက ပြောသည်။

“ဒီနောက်ပိုင်းမှာ အမျိုးသမီ်းတွေက အရောင်းအဝယ်မှာတင်မကပဲ သုံးစွဲတဲ့နေရာတွေမှာပါ တွေ့လာရတော့ ပိုပြီးတော့ စိတ်မကောင်းဖြစ်မိတယ်၊ ဒီအချိန် ဒီခြေနေမျိုးမှ လူငယ်တွေမူးယစ်ဆေးဝါးတွေနဲ့ ပျော်မွေ့သင့်တော့ဘူး” ဟု မိကျလွန်းထော က ဆိုသည်။ လက်ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ သထုံခရိုင်အတွင်းတွင် မူးယစ်ဆေးဝါးအပြစ်သားများနှင့် မူးယစ် ဆေးဝါးသုံးစွဲခြင်းကြောင့် မိဘများမှလာရောက်အပ်နှံထားသူ ၁၀၀ နီးပါးရှိကြောင်းလည်း သိရသည်။

 

၁၄။ ပေါက်တော မွတ်ဆလင် IDP စခန်းတွင် စခန်းတစ်ခုလုံး ဖျားနာနေကြ၊ ဆေးဝါးစောင့်ရှောက်မှုအားနည်းနေ

November 26, 2021

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း မွတ်ဆလင် IDP အမှတ် (၁) စခန်းတွင် စခန်းတစ်ခုလုံးနီးပါး ဖျားနာ၍ နေမ ကောင်းဖြစ်နေကြသည်ဟု တာဝန်ရှိသူနှင့် ဒုက္ခသည်များကပြောသည်။ စခန်းတစ်ခုလုံးရှိ နေအိမ်တိုင်းလိုလိုတွင် ပြီးခဲ့သည့် တစ်ပတ်ခန့်က တည်းက ဖျားနာနေကြခြင်းဖြစ်ပြီး ဆေးဝါးကုသမှုအပိုင်းတွင်လည်း ကုသမှုအားနည်းနေကြသည်ဟု တာဝန်ရှိ သူများကပြောသည်။ ငှက်ချောင်း IDP စခန်းတွင် အမှတ်(၁)နှင့် အမှတ်( ၂ )စခန်း ၂ ခုရှိပြီး ယင်းထဲမှ အမှတ်( ၂ ) စခန်းတွင် နယ်စည်းခြား ဆရာဝန်များအဖွဲ့(MSF)မှ အဆိုပါစခန်း ၂ ခုလုံးအတွက် တစ်ပတ်လျှင် ၂ ရက်စီလာ ရောက်ကျန်မာရေးစောင့် ရှောက်မှုပေးကြောင်းသိ ရသည်။

အဆိုပါစခန်း ၂ ခုမှာ ၁ ခုနှင့် ၁ ခု နာရီဝက်ခန့် လမ်းလျှောက်သွားရသဖြင့် အမှတ် ၁ စခန်းဖက်မှ နေမကောင်းဖြစ်နေ ကြသူ များမှာ ဆေးဝါးကုသမှုခံယူရန်ခက်ခဲနေကြသည်ဟု ငှက်ချောင်းအမှတ်(၁)IDP စခန်းမှ ဒုက္ခသည်တစ်ဦး ဖြစ်သည့် ဦးမောင်နု ကပြောသည်။ “ကျွန်တော်မှာ ဇနီးနဲ့သားလေး ဖျားနေကြတယ်။ ဖျားနေတာလည်း ၃ ရက် ၄ ရက်လောက်ရှိ နေပါပြီ။ အဖျား က ကျသွားတယ်။ ပြန်တက်လာတယ်ဖြစ်နေပါတယ်။ ဒီအဖျားက ကူးစက်တတ်တယ်။ တစ် ယောက်ပြီး နောက်တစ်ယောက် ကူးတယ်။ စခန်းတစ်ခုလုံး အိမ်တိုင်းမှာဖြစ်နေကြတယ်။ MSFက ကျန်းမာရေး စောင့်ရှောက်မှုစင်တာက ဟိုဖက်အမှတ် ၂ ဖက်မှာပဲရှိတော့ သူတို့ တစ်ခါလာရင် ကျွန်တော်တို့ ကုသခွင့်ရဖို့မ လွယ်ဘူး။ လူဦးရေးအကန့်အသတ်နဲ့ပဲ ကုသပေးတာပါ”ဟု ပြောသည်။ ဖျားနာနေကြသူများမှာ ခန္ဓာကိုယ်ကိုက်ခြင်း၊ နှာချေချောင်းဆိုခြင်း၊ ချမ်းတုန်ဖျားခြင်းနှင့် တစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းစသည့် မိုးရာသီမှ ဆောင်းရာသီကူးချိန်တွင် အဖြစ်များသည့် ရာသီတုတ်ကွေးဖြစ်ကြောင်းသိရသည် ။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF)မှ စခန်းစတင်တည်ထောင်ချိန်မှစ၍ အမှတ် ၁ ဖက်တွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သော်လည်း လွန်ခဲ့သည့် ၂ နှစ်ခန့်က မြေနေရာအဆင်မပြေမှုကြောင့် အမှတ် ၂ ဖက်သို့ ပြောင်းရွေ့ သွားကြခြင်းဖြစ်သည် ဟုလည်း ၎င်းကဆက်ပြောသည်။ ယင်းအပြင်ငှက်ချောင်း IDP စခန်းအမှတ်(၁)နှင့် အမှတ်(၂)စခန်း ၂ ခုတွင် COVID ရောဂါ စတင်ဖြစ်လာကတည်းက စားနပ်ရိက္ခာတစ်ချို့ ပြတ်တောက်မှုရှိပြီး ကျန်းမာရေးစောက်ရှောက်မှုလည်းအားနည်းနေကြောင်း စခန်းတွင်နေထိုင်သူများက ပြော သည်။ ငှက်ချောင်း IDP အမှတ် ၁ တွင် အိမ်ထောင်စု ၁၀၅၉ အိမ်နှင့် လူဦးရေအားဖြင့် ၅၂၀၀ ခန့်ရှိသလို အမှတ် ၂ စခန်းတွင်လည်း လူဦးရေ ၅၀၀၀ နီးပါးခန့်ရှိပြီးလွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက နိုင်ငံရေးပဋိပက္ခ ကြောင့်ထွက်ပြေးလာ ကြသူများဖြစ်သည်။ အများစုမှာ ပေါက်တောမြို့နယ်မှဖြစ်ပြီး မြေပုံမြို့နယ်မှလည်းအနည်းငယ်ရှိသည် ဟုသိရသည်။

 

၁၅။ မတူပီအခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုအတွက်သယ်လာတဲ့ရိက္ခာတွေကို CDF (မတူပီ) ကြားဖြတ်တားဆီး၊ ကုန်စည်တွေကို ကျေးရွာတွေထံရောင်းချခိုင်းကာ ယာဉ်တွေကိုလှည့်ပြန်စေခဲ့
November 26, 2021

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်တဲ့ ခလရ(၁၄၀) အတွက် သယ်ဆောင်လာတဲ့ ရိက္ခာသယ်ယာဉ်နှစ်စီးကို CDF ( မတူပီ)၊ တပ်ရင်း-၂ က နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီး ကုန်စည်တွေကို ကျေးရွာတွေထံ ရောင်းချခိုင်းကာ ကုန်ဖိုးငွေတွေနဲ့အတူ ကားတွေကိုပြန်လွှတ်ပေးလိုက်တယ်လို့ တပ်ရင်း-၂ သတင်း ထုတ်ပြန် ရေး တာဝန်ခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီ ဝန်းကျင်မှာ မတူပီမြို့ မြောက်ဘက်ပိုင်း မှာရှိတဲ့ ရေဇွာမြို့ဘက်ကနေ မတူပီမြို့ကို မောင်းနှင်လာတဲ့ ကုန်တင်ကား နှစ်စီးကို CDF (မတူပီ)၊ တပ်ရင်း-၂ က ကြားဖြတ်စစ်ဆေးရာမှာ တပ်ရိက္ခာတွေဖြစ်နေတာကို သိခဲ့ရတာလို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ ကုန်စည်တွေက စားသောက်ကုန်တွေချည်းပဲ။ ကုန်ခြောက်တွေပေါ့။ ကျွန်တော်တို့က ကားသမားတွေကို စစ်ဆေးတဲ့အခါကျ တော့ သူတို့ကလည်း စစ်တပ်ကဟာမှန်းမသိဘူး။ စစ်တပ်ကလည်း သူတို့ကို ပိုက်ဆံမချေရသေးဘူး။ ကုန်ရောက်မှ ပိုက်ဆံချေ မယ်ဆိုပြီး သယ်ခိုင်းတာ”လို့ သူကပြောပါတယ်။ “ကားသမားတွေကို သူတို့ပစ္စည်းတွေနဲ့အတူ ပြန်လှည့်ခိုင်းဖို့လုပ်တယ်။ ဒါပေမဲ့ ကားသမားတွေက ဒီကုန်တွေနဲ့ ပြန်ရရင် သူတို့ ဆီးဖိုးတွေလည်း ရှိတော့ အဆင်မပြေဘူးလို့ ပြောကြတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဟားခါး-မတူပီလမ်းဘေးက ရွာတွေကို ဖုန်းဆက်ပြီးတော့ ဒီကားပေါ်မှာပါတဲ့ ကုန်စည်တွေကို ဒီနေ့ မနက်မှာ လာဝယ်ကြဖို့ ဆော်ဩပေးခဲ့တယ်။ အခု ဒီမနက် ကားသမားတွေက သူတို့ကုန်တွေကို ရွာသားတွေကို ရောင်းနေကြတယ်။ ရောင်းလို့ကုန်ရင် ပြန်ခိုင်းမယ်။ မတူပီကို ပေးမသွားတော့ဘူး ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ယနေ့မနက် ပိုင်းမှာ မော်ကွန်းကို ပြောပါတယ်။

မတူပီအခြေစိုက် စစ်ကောင်စီတပ်ရင်းအတွက် သယ်ဆောင်လာတဲ့ စားသောက်ကုန်တွေရဲ့ တန်ဖိုးငွေဟာ ကျပ် ၃၆ သိန်းကျော် ဖိုးရှိပြီး ဒုတိယအကြိမ်ဆိုပါက အရေးယူမှုပြုလုပ်မယ်လို့ယာဉ်မောင်းတွေကို သတိပေးပြီး ပြန်လွှတ်လိုက်တယ်လို့ CDF (မတူပီ) တပ်ရင်း-၂ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အထက်ပါ ဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန် ရေး ဝက်ဆိုက်တွေမှာတော့ ယနေ့ နေ့လည်အထိ တစ်စုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

၁၆။ ပန်းတနော်တွင် ကရင်စာသင် TA ဆရာ/ဆရာမ လျှောက်လွှာခေါ်ယူ၊ လျှောက်ထားသူ ရာချီရှိ
November 24, 2021

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကရင်စာသင်ကြားရန် လိုအပ်နေ သည့် (Teacher Assistant) ဆရာ/ဆရာမများအတွက် လျှောက်လွှာခေါ်ယူခဲ့ရာ လျှောက်ထားသူ ၁၀၀ကျော်ရှိသည် ဟု မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနက တိုင်းရင်းသားစာပေ သင်ကြားပေးနိုင်သည့် TA ဆရာ/ဆရာမ လျှောက်လွှာများ ထပ်မံတောင်းခံလာသည့်အတွက် ပန်းတနော် မြို့နယ်အတွင်း ကရင်စာသင် TA ဆရာ၊ ဆရာမများ ကို လျှောက်လွှာခေါ်ယူခဲ့ပြီး လျှောက်ထားသူ ၁၀၀ကျော်ရှိကြောင်း၊ လျှောက်လွှာများကို မြို့နယ် စာယဉ်ရုံး၌ နိုဝင်ဘာ လ ၂၂ရက်နေ့တွင် စိစစ်ကာ သတ်မှတ်ချက်ပြည့်မှီသည့် လျှောက်လွှာများ ကို တိုင်းရုံးသို့ နိုဝင်ဘာလ ၂၄ရက်တွင် သွား ရောက်ပို့ဆောင်မည်ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“လျှောက်လွှာ ၁၀၀ကျော်မှာ ကျနော်တို့ စာယဉ်တွေက သတ်မှတ်ချက်နဲ့ ကိုက်မကိုက် ပြန်စိစစ်တယ်။ ဥပမာ – အရင် LD ဖြစ်ခဲ့ဖူးသူတွေကို TA တင်ပေးဖို့ပေါ့။ စိစစ်လိုက်တော့ ၆၀ဦးဝန်းကျင်ခန့်ကို မြို့နယ်စာယဉ်က ထောက်ခံပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ရုံးကို လျှောက်လွှာတွေ ဒီနေ့ သွားပို့လိုက်တယ်။”ဟု မြို့နယ်စာယဉ်အဖွဲ့ဝင် တစ်ဦးက ကေအိုင်စီ သို့ အတည်ပြု ပြောသည်။ ပန်းတနော်မြို့နယ်အတွင်း ကရင်စာသင် ဆရာ/ဆရာမများအနေဖြင့် CDM ပြုလုပ်သွားသူများ ရှိသလို အချို့မှာ ချီးမြှင့် ငွေ နည်းပါးသည့်အတွက် အခြားအလုပ်ပြောင်းလဲ လုပ်ကိုင်သူများလည်းရှိကာ အချို့မှာ မူလတန်းပြ အဖြစ် ရာထူးတိုး မြှင့်ခံရသည့်အတွက် လစ်လပ်နေရာများ၌ အစားထိုးရန် ယခုလို ခေါ်ယူခြင်းဖြစ်သည်။

ယခု လျှောက်လွှာခေါ်ယူခြင်းမှာ ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပထမအကြိမ် ခေါ်ယူ ခဲ့သည်။ ထိုစဉ်က ပန်းတနော် စာယဉ်အနေဖြင့် ကရင်စာသင် TA ဆရာ၊ ဆရာမ ၂၉ ဦးကို ခန့်အပ်နိုင်ရေးအတွက် ထောက်ခံတင်ပြခဲ့ သေးသော်လည်း လက်ရှိအချိန်ထိ TA များ ခန့်အပ်သည့် အမိန့်စာများ ထွက်ရှိမလာသေးကြောင်း စာယဉ်တာဝန်ရှိသူများက ပြောသည်။

 

၁၇။ သီပေါမြို့နယ် အတွင်း မှတ်ပုံတင်လုပ်ပါက တစ်ဦးလျှင် ၁ သောင်းခွဲကျပ် ပေးဆောင်ရ
November 24, 2021

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအုပ်စုထဲတွင် ( နိုဝင်ဘာ ၂၃) မှစပြီး စစ်ကောင်စီ လက်အောက်ခံ လဝက ရုံးများက ပြည်သူများကို မှတ်ပုံတင်လုပ်ပေးပြီး တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲ ပေးဆောင်ရကြောင်း စုံစမ်းသိရှိရ သည်။ မှတ်ပုံတင်လုပ်သူများအပြင် အိမ်ထောင်စု အသစ်လုပ်သူများ၊ အိမ်ထောင်စုထဲတွင် လူသစ်ထပ်မံဆွဲထည့်သူများလည်း ငွေပေးဆောင်ရကြောင်း သိရသည်။

“သွားလုပ်တဲ့သူတွေက တစ်ယောက်ကို ၁ သောင်းခွဲ ပေးရတယ်။ မှတ်ပုံတင်လုပ်ရင် ၁ သောင်းခွဲ၊ အိမ်ထောင်စု လုပ်ရင်လည်း ပေးရတယ်။ လူသစ်ထပ်ဆွဲထည့်ရင်လည်း ပေးရတယ်။ အကုန်လုံးက ၁ သောင်းခွဲစီ ပေးရတာ“ ဟု မှတ်ပုံတင်သွားလုပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေနေနှင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးရှာဖွေ စား သောက်ရန် ခက်ခဲနေချိန်မှာ သက်ဆိုင်ရာအနေဖြင့် ငွေကျပ် ၁ သောင်းခွဲ တောင်းနေသည့်အပေါ် အဆင်မပြေကြောင်းလည်း ဒေသခံ တစ်ဦး ကပြောသည်။ “အခုလက်ရှိအချိန်နဲ့ဆို ဈေးကြီးတာပေါ့။ အခုတော့ နိုင်ငံရေးလည်း မကောင်းဘူး။ စီးပွားရေး လည်း မရှိဘူး။ ကျမတို့ စားဝတ်နေရေးအတွက်တောင် မနည်းရှာရတာလေ။ အကုန်လုံးက ဈေးကြီးပေးဝယ်နေရတာ။ စိုက်ပျိုး ရေး တွေလည်းမဖြစ်ဘူး” ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။

အဆိုပါ ငွေပမာဏ ၁ သောင်းခွဲသည် မှတ်ပုံတင်လုပ်ပေးသည့် လဝက ရုံးက သတ်မှတ်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေး မှူက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ရုံးက သတ်မှတ်ထားတာလေ။ ကျနော်တို့လည်း ကျေးရွာ လူထုကို အစည်း ဝေးခေါ်ပြောတယ်။ တစ်ချို့လည်း လာလုပ်ကြတယ်။ ငွေတောင်းတာက ကျနော်တို့ကနေ တောင်းတာတော့ မဟုတ်ဘူး။ လဝကရုံးကနေ တစ်ဆင့် ဈေးသတ်မှတ်ထားတာဖြစ်လို့ ကျနော်တို့လည်း တောင်းတယ်” ဟု ဆိုင်ကျော့ ကျေးရွာအုပ်ချုပ် ရေးမှူး က ပြောသည်။ “ကျနော်တို့ ကျေးရွာအုပ်စုပဲပေးရတာမဟုတ်ဘူး။ တခြားကျေးရွာအုပ်စုတွေလည်း ပေးရပါတယ်။ မြို့မှာသွားလုပ်ရင် ဒီထက်တောင် ပိုကုန်နိုင်သေးတယ်။ ဒါတွေကိုတော့ ကျနော်တို့ ပြည်သူတွေကိုလည်း သိစေချင်တယ်” ဟု အထက်ပါ ကျေးရွာအုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောသည်။

 

၁၈။ ဖားကန့် မှော်စီစာ အထက်တန်းကျောင်းဝင်းတွင် မိုင်ပေါက်ကွဲမှုဖြစ်ပွား၊ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
26 November 2021

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ) စာသင်ကျောင်းအဝင်ပေါက်တွင် ယနေ့ နံနက် ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်း ၈ နာရီ ဝန်းကျင်တွင် ဆရာ/မများ၊ ကျောင်းသား/သူ များနှင့် မိဘများပါလာသည့် ကျောင်းပိုင်ကားတစ်စီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မှော်စီစာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။

“ပေါက်ကွဲမှုဖြစ်သွားတာက မနက်ပိုင်းကျောင်းစတက်ချိန်မှာ ဖြစ်သွားတယ်။ ကျောင်းပိုင် လိုက်ထရိုက်ကားက အဝင်ပေါက်မှာ ရောက်တာနဲ့ ကားရဲ့ရှေ့ဘီးက မိုင်းနင်မိပြီး ပေါက်ကွဲသွားတယ်။ အဲ့တော့ ကားပေါ်မှာ ပါလာတဲ့ သူတွေက ထိခိုက်မှုရှိသွား တယ်”ဟု ပြောဆိုသည်။ ကျောင်းဝင်းအတွင်း မိုင်းပေါက်ကွဲမှုတွင် ကားပေါ်တွင်ပါလာသည့် ဆရာတစ်ဦး၊ ဆရာမ ၂ ဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်း ၄ ဦးတို့မှာ ထိခိုက်ဒဏ်ရာ အနည်ငယ်သာ ရရှိခဲ့ပြီး ကျောင်းသား မိဘတစ်ဦးမှာ ခြေထောက်တစ် ဖက်ပေါ်တွင် မိုင်းစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သူကဆက်ဆိုထားသည်။ ထို့ပြင် ထိုပေါက်ကွဲမှုဖြစ်စဉ်တွင်း ကျောင်အပြင်ဘက်မှ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိ ထား ကြောင်း ဆက်သိရသည်။

ယနေ့နံနက် ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုကို မည်သည့် အဖွဲ့အစည်းမှ လာရောက်လုပ်ဆောင်သွားသည်ကို မသိရသေးပါ။ မှော်စီစာအထက်တန်းကျောင်း(ခွဲ)သည် ယခုလဆန်းပိုင်းက စစ်ကောင်စီပြန်ဖွင့်ခဲ့သော ကျောင်းဖြစ်ပြီး ကျောင်းသား ၁၀၀ ကျော်ခန့်က စာသင်ကြားနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ လက်ရှိ ဖားကန့်မြို့နယ်တွင် ရှိသော အထက်တန်း ကျောင်းနှင့် အလယ်တန်း ၈ ခုခန့်ကို စစ်ကောင်စီက ဖွင့်လှစ်ထားပြီး အဆိုပါ ကျောင်း (၈) ကျောင်းတွင် ခန့်မှန်းခြေ ကျောင်း သား ဦးရေ ၇၀၀ နှင့် ၈၀၀ ကြားတွင် တက်ရောက်နေကြကြောင်း သိရသည်။

၁၉။ ရခိုင်အခြေစိုက်သတင်းဌာနများကို ရှာဖွေခဲ့မှုတွင် ပြည်နယ်ကောင်စီ မပါဝင်ခဲ့ဟုဆို
November 24, 2021

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းအချိန်ခန့်၌ ရဲတပ်ဖွဲ့ဝင်များမှ ရခိုင်အခြေစိုက် သတင်းဌာနများတည်ရှိရာကို စစ်တွေ မြို့ရှိ ရပ်ကွက်များတွင် စုံစမ်းမေးမြန်းမှုများရှိခဲ့သည်။ ထိုသို့ရဲတပ်ဖွဲ့များမှ ရှာဖွေစုံစမ်းလာမှုမှာ အဘယ်ကြောင့်ရှာဖွေသည်ကို သေချာမသိရှိသော်လည်း AA မှကျဆုံးခဲ့သည့် ဗိုလ်လောင်း ၈ ဦး၏ သတင်းအားရေးသားခဲ့၍ ဖြစ်သလို ရခိုင်ပြည်နယ်တွင် စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ရေးသားခဲ့မှုတို့ကြောင့် လာရောက်စုံစမ်းခြင်းဖြစ်နိုင်သည်ဟု ယူဆ ကြောင်း Western News သတင်းဌာန၏ အယ်ဒီတာချုပ်ကပြောဆိုသည်။ ရခိုင်အခြေစိုက် Narinjara သတင်းဌာနကိုလည်း AA ဗိုလ်လောင်း ၈ ဦး၏ သတင်းကိုရေးသားဖော်ပြမှုကြောင့် နိုဝင်ဘာ ၉ ရက်နေ့ တွင်ပင် ၎င်းဌာနအား စုံစမ်းရှာဖွေမှုများရှိခဲ့ သည်ဟုသိရသည်။

ယခုကဲ့သို့သတင်းဌာနများအား လာရောက်စုံစမ်းမှုပြုလုပ်ပုံမှာ သတင်းလွတ်လပ်ခွင့်ကိုပိတ်ပင်မှုဖြစ်ပြီး သတင်းသမားများ အားလည်း ခြိမ်းခြောက်သည့်ပုံစံသက်ရောက်နေသည်ဟု DMG သတင်းဌာနမှ Operation Manager ကိုဇော်မှ ပြောသည်။ “ခုလိုမျိုး သတင်းဌာနတွေကို လာပြီးရှာတယ်၊ စုံစမ်းတယ်ဆိုတာက သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့သဘောမျိုးဖြစ်သလို သတင်းသမားတွေကိုလည်းခြိမ်းခြောက်တဲ့ပုံစံမျိုးဖြစ်တယ်။ ကျနော်တို့ သတင်းဌာနကဆိုရင်လည်း အမှုဖွင့်ခံထားရပြီးတိမ်း ရှောင်နေရတဲ့အနေထားမျိုးတွေရှိတယ်။ သတင်းမီဒီယာတွေကို ဖိအားပေးတဲ့ပုံစံမျိုးသက်ရောက်တယ်။ တကယ် အရေးယူ မယ့် အပိုင်းရှိလာရင်လည်း ဥပဒေအတိုင်းပဲ သတင်းမီဒီယာကောင်စီကပဲတစ်ဆင့် ညှိနှိုင်းသွားသင့်တယ်” ဟု ပြောသည်။

ထိုသို့လာရောက်စုံစမ်းမှုများရှိခြင်းနှင့်ပတ်သက်၍ ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း အား Western News မှမေးမြန်းရာ ထိုသို့ရှာဖွေမှုတွင် ပြည်နယ်ကောင်စီပိုင်းမှ ပါဝင်ခြင်းမရှိဟုပြန်လည်ဖြေဆိုသည်။ “အဲလို စုံစမ်းရှာဖွေတာတွေထဲမှာ ပြည်နယ်ကောင်စီဖက်က ပါဝင်တာမရှိဘူး။ နေရာတွေလိုက်စုံစမ်းတယ်ဆိုတာက သတင်းမီဒီယာ ကောင်စီက စာရင်းတွေဘာတွေကောက်ဖို့ရှိတာကြောင့် ဖြစ်မှာပါ” ဟုပြောသည်။ ရခိုင်တွင် သတင်းဌာနများဖြစ်ကြသည့် Western News သတင်းဌာန Development Media Group (DMG) သတင်းဌာနနှင့် နိရဉ္စရာသတင်းဌာနတို့ ရှိကြသည်။

 

၂၀။ ရပ်စောက်မြို့ ပြည်သူများ အပြင်ထွက်ပါက ဖုန်းမပါလျှင် စစ်ကောင်စီက ငွေ ဒဏ်ရိုက်
November 24, 2021

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီတို့သည် နေအိမ်အပြင်ထွက်သည့် ပြည်သူတချို့ကို စစ်ဆေးမှုပြု လုပ်ရာ ဖုန်းမပါလာပါက ငွေဒဏ်ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဈေးဝယ်ထွက်ရန်နှင့် အပြင်ထွက်လာသည့် ပြည်သူများ ကို စစ်ကောင်စီတပ်သားတို့သည် ဗထူးတပ် ဝင်ပေါက်အနီး နှင့် တချို့သော လမ်းနေရာများတွင် စောင့်ဆိုင်းကာ စစ်ဆေးမှုပြုလုပ်နေပြီး ဖုန်းမတွေ့ပါက ငွေဒဏ် ၅၀၀၀ ကျပ် ဆောင်ခိုင်းကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “စစ်သားတွေက လမ်းမှာ စောင့်နေပြီး စစ်ဆေးတယ်။ ဖုန်းမတွေ့ရင် ဘယ်လိုကြောင့်ဖြစ်ဖြစ် ဒဏ်ငွေ ၅၀၀၀ ဆောင်ခိုင်းတယ်၊ ပိုက်ဆံ မပေးရင်လည်း လူကသွားလို့မရဘူးပြောတော့ ပိုက်ဆံပေးခဲ့ရတယ်” ဟု တပ်ဦးရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် ဗထူးတပ် ဝင်ပေါက်နေရာအနီးအပြင် အခြားနေရာတွင်လည်း စောင့်ဆိုင်းပြီး လမ်းသွားလမ်း လာ ပြည်သူများကို စစ်ဆေးကာ ဖုန်းမပါသည့် ပြည်သူများနှင့် အမျိုးသားနှစ်ယောက် အတူစီးသည့် ဆိုင်ကယ်များကို နောက် ပြန်လှည့်ခိုင်းကြောင်းလည်း သိရသည်။ “တပ်အရှေ့မှ မဟုတ်ဘူး၊ လမ်းပေါ်မှာလည်း စစ်ဆေးဖို့လာစောင့်နေတာမျိုးတွေရှိ တယ်၊ ထင်းကွင်းဘက်မှာဆိုလည်း သူတို့လာစောင့်လို့ ပြည်သူတော်တော်များများက အပြင်မထွက်ရဲဘူး၊ စားဖို့သောက်ဖို့ ဝယ် စရာရှိလို့ သွားရင်လည်း သူတို့က အများကြီးစစ်မေးတာ” ဟု ထင်းကွင်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတို့သည် ၎င်းတို့ စစ်တပ်အတွက် ကူညီဆောင်ရွက်ပေးရန် ကိစ္စရပ်များရှိလာပါက ရပ်စောက်မြို့နယ် အတွင်းမှ လူငယ်များကို လွှတ်ပေးရန် ရပ်ကွက်နှင့် ကျေးရွာလူကြီးများထံသို့ အကြောင်း ကြားစာများ ပေးပို့ထားကြောင်း လည်းသိရသည်။ “သူတို့ တပ်ဘက်ကနေ လူတောင်းလာရင် ဒီရပ်ကွက် ဒီရွာထဲက ရွာသားတွေကို လွှတ်ပေးပါဆိုပြီး စာပို့တာ ရှိ တယ်တဲ့၊ တချို့ကလည်း နှုတ်နဲ့ပဲပြောကြတာ၊ ဒါပေမဲ့ ရပ်ကွက်လူကြီးတွေတော့ ဘာမှပြန်မပြောဘူး၊ ပြည်သူတွေ ကလည်း သွားဖို့ စိတ်ကူးမရှိဘူး” ဟု ရပ်စောက်မြို့နေ ပြည်သူတစ်ဦးကလည်း ပြောသည်။

 

၂၁။ ဘဏ်ငွေသယ်ဆောင်လာသော ရေးမြို့နယ် ဒုရဲမှူးနှင့် မြို့နယ်ဘဏ်မန်နေဂျာတို့ကား ၂ စီး ခြုံခိုတိုက်ခိုက်ခံရပြီး ယာဉ်မောင်းတစ်ဦးသေဆုံး
November 25, 2021

မော်လမြိုင်မြိုမှ ဘဏ်ငွေထုတ်ယူပြီး ရေးမြိုနယ်သို့ သယ်ဆောင်လာသော ရေးမြို့နယ် ဒုရဲတပ်ဖွဲ့မှူးဦးဆောင်သည့် လုံခြုံရေး တပ်ဖွဲ့နှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ လိုက်ပါလာသော ကား ၂ စီး ရေးမြို့နယ်ဧရိယာအတွင်း နိုဝင်ဘာ ၂၄ ရက် နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကိုင်တစ်ဖွဲ့တစ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းပစ်ခတ်မှုဖြစ်စဉ်တွင် ဘဏ်မန်နေဂျာ၏ ယာဉ်မောင်းဖြစ်သူ ဦးမြင့်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ရဲတပ်သား ဥက္ကာမင်းဦး ၏ ယာဘက်တင်ပါး ကျည် ဖောက်ဝင်ဒဏ်ရာ (၁)ချက် ရရှိကာ လမိုင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရေးမြိုနယ် ဒုရဲတပ်ဖွဲ့မှူး ဒုရဲမှူး မြင့်ဝင်း နှင့် ဘဏ်မန်နေဂျာ ဦးမြင့်နိုင်တို့အပြင် လုံခြုံရေးတပ်စိတ်ပါဝင်သော ကားနှစ်စီးကို နှစ်ကရင်နှင့် မော့ကနင်ကျေးရွာအကြားရှိ အောင်သာယာနှင့် ကနင်ကမော့ရွာအကြား မော်လမြိုင်-ရေး အဝေးပြေးလမ်းမပေါ် မော်တော်ယာဥ်မောင်းနှင်သွားနေစဉ် ညနေ ၄ နာရီမထိုးမီ မိနစ်အနည်းငယ်ခန့်အလိုတွင် လက်နက်ကိုင်တစ်ဖွဲ့တစ်ဖွဲ့မှ ခြုံခို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးလိုက်ပါလာသောရဲတပ်ဖွဲ့နှင့် မိနစ်ပိုင်းအနည်းငယ်ခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာမှ အမည်မသိလက်နက်ကိုင်အဖွဲ့က ပြန်လည်ဆုတ်ခွာသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သော အနီး အနားရှိ ရာဘာခြံသမားတစ်ဦးက ပြောသည်။

ထိုနောက် မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ ခြုံခိုတိုက်ခိုက်ခံရသော နေရာသို့ လာရောက်ပြီး ဖြစ်စဉ် အနေအထား ကို စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။ နေ့လည်ပိုင်းတွင် မော်လမြိုင်မြို့မှ ငွေထုတ်ပြီး ဘဏ်ငွေသယ်ကား ၂ စီး ရေးမြိုနယ် သို့ ပြန်လာနေသည်ကို အဆိုပါလက်နက်ကိုင်အဖွဲ့ မည်ကဲ့သို့သတင်းရရှိပြီး စောင့်ကြို၍ ခြုံခိုတိုက်ခိုက်နိုင်ခဲ့သည်ကို ဒေသခံ များ အံသြမဆုံး ဖြစ်နေကြသည်။

 

၂၂။ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး ဆက်တူးဖော်မှုရှိနေ
November 25, 2021

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုအတွင်း ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေး ဆက်လက်တူးနေ ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ ၂၃ ရက်တွင် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကျောက်မီးသွေးတူးဖော်မှုကို ရပ်တန့်ပေးပြီး လူထုများ၏ စားဝတ်နေရေးအတွက်ကို ကြည့်ပေးသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“သူတို့ အသစ်ထပ်တူးတော့မယ်။ သူတို့ ဒေသခံတွေကို ကြည့်ပေးသင့်တယ်။ ကျောက်မီးသွေး ထပ်တူးရင် ဒေသခံတွေက စိုက်ပျိုးရေးတွေ ထိခိုက်လာတယ်။ ရေတွေလည်း ညစ်ညမ်းလာမယ်” ဟု သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြောခွင့်ရ စိုင်းရွက်လွင် က ပြောသည်။ ထို ငွေရည်ပုလဲကုမ္ပဏီသည် သီပေါမြို့နယ်ထဲ ကျောက်မီးသွေး တူးဖော်မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ ကစပြီး တူးဖော်မှုကို ရပ်ဆိုင်ပေးမည်ဟု ဒေသခံများနှင့်ကုမ္မဏီအကြား စာချုပ်ချုပ်ဆိုခဲ့ကြသည်။ သို့သော် လက်ရှိ မြန်မာနိုင်ငံ တွင် စစ်အာဏာသိမ်းယူမှုကြောင့် ငွေရည်ပုလဲကုမ္ပဏီက စစ်ကောင်စီ၏နောက်ခံဖြင့် သီပေါမြို့နယ် နမ့်မဟိုးနာ့မ ရေဝင်ကြော နေ ရာအသစ် ထပ်မံပြီး ကျောက်မီးသွေး တူးဖော်မည်ဖြစ်ကြောင်း သိရသည်။

“အရင်က ဒေသခံနဲ့ ကုမ္မဏီကြားက ထပ်မတူးဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်။ အဲတုန်းကတော့ NLD အစိုးရ လက်ထက်လေ။ အခု က အစိုးရအသစ်ဆိုတော့ သူတို့ ဒီအစိုးရရဲ့ ကာဗာယူပြီးတော့ ထပ်လာတူးတာ။ စာချုပ်ကိုလည်း ပယ်ဖျတ်ပစ်တယ်။ ကျူး ကျော်ပြီး ထပ်လာတူးနေတာပေါ့” ဟု စိုင်းရွက်လွင်က ပြောသည်။ ယခု ဆက်လက်တူးမည့် ဟိုးနာ့မ သည် နမ့်မအုပ်စု၏ အဓိက ရေဝင်ကြောဖြစ်ပြီး ထိုနေရာကို ဆက်လက်တူးဖော်ပါက ဒေသခံများ သုံးရေးအတွက် အခက်ခဲများစွာရှိလာနိုင်ကြောင်း စိုင်းရွက်လွင်က ထပ်လောင်းပြောသည်။ ငွေရည်ပုလဲကုမ္မဏီမှ ဆက်လက်တူးဖော်မည့် ကျောက်မီးသွေးများကို ရပ်တန့်ပေးရန် အတွက် ဒေသခံများကလည်း အထပ်ထပ်အခါခါ ကန့်ကွက်ဆန္ဒပြခဲ့သည်။

 

၂၃။ ထန်တလန်မြို့အနီး မြေငလျင်လှုပ်
26 November, 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့အနီး အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု နိုဝင်ဘာ ၂၆ ရက် ဒီကနေ့ မနက်က လှုပ်ခတ်သွား တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီ၊ ၁၅ မိနစ်၊ ၄၂ စက္ကန့် အချိန် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ထန်တလန်မြို့ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၇၄ ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် ၉၃ ဒသမ ၄၈ ဒီဂရီ၊ အနက် ၄၆ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ် သွားတာလို့ ဆိုပါတယ်။ ငလျင်ကို အိန္ဒိယ နယ်စပ်တလျှောက် မဏိပူရ်၊ အာသံနဲ့ မီဇိုရမ် ဒေသတွေကလည်း သိရှိခံစားခဲ့ရပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိသေးပါဘူး။

 

၂၄။ ငါးဈေးကွက်တွင် ပြည်တွင်းစားသုံးသူဈေးကွက်ဝင်ငါးများကို ဦးစားပေးပိုမိုဖမ်းလာ
November 24, 2021

ပြည်တွင်းငါးဈေးကွက်တွင် စားသုံးသူဈေးကွက်ဝင်သည့် ငါးများကို ဦးစားပေးပိုမိုဖမ်းလာကြောင်း ငါးလုပ်ငန်းရှင်များထံမှ သိရသည်။ ယခုနှစ်တွင် ကုမ္ပဏီများမှ ပေးသော ဈေးသည် နည်းနေပြီး စားသုံးသူဈေးကွက်တွင် ရောင်းချသော ဈေးသည် မြင့်တက်လာကြောင်း၊ နိုင်ငံခြားသို့ တင်ပို့မည့်ငါးများအစား စားသုံးသူဈေးကွက်ဝင်သည့်

ငါးများကို ပိုဖမ်းလာသည်ကိုတွေ့ရကြောင်း မော်လမြိုင်မြို့နယ်မှ ငါးအအေးခန်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “ပြည်တွင်း ငါးဈေး ကွက်မှာတော့ ကျိုက္ခမီဘက်က ပင်လယ်ငါးဖမ်းတဲ့သူတွေကတော့ စားသုံးသူဈေးပို့လို့ရတဲ့ ငါးတွေသူတို့ပိုဖမ်းကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီငါးဈေးတွေက ပိုမြင့်နေတာပေါ့။ နိုင်ငံခြားပို့တဲ့ ငါးဖမ်းမယ့်အစား စားသုံးသူဈေးကွက်မှာ ရောင်းလို့ရ တဲ့ငါးမျိုးတွေ ပိုဖမ်းတာ တွေ့ရတယ်။ အဲဒီမှာ ဈေးမြင့်နေလို့”ဟု ၎င်းက ပြောသည်။ စားသုံးသူ ဈေးကွက်ဝင်သည် ငါးကွင်း ရှပ်၊ ငါးသလောက်၊ ငါးသလောက် ယောက်ဖများကို ဖမ်းပါကတစ်ပိဿာလျှင် ကျပ် ၅ ထောင်ထိရရှိကြောင်း ပြောသည်။

ကုမ္ပဏီမှ ဝယ်ယူနေသော ငါးခွေးလျှာ၊ ငါးခေါင်းပွများသည် တစ်ပိဿာလျှငိ ကျပ် သုံးထောင်ထိသာ ရောင်းဈေးရှိကြောင်း ထပ်ပြောသည်။ စားသုံးသူဈေးကွက်တွင် ကြက်သား၊ ဝက်သားဈေးများပါ မြင့်တက်နေသောကြောင့် ငါးဈေးလည်း မြင့်တက် လာနိုင်သည့်အနေအထား ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်မှ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ သို့ရာတွင် ရေလုပ်သားများ အနေဖြင့်လည်း ငါးဈေး ယခုထက်လျော့နည်းပါက ပင်လယ်ပြင်ထွက် နိုင်လိမ့်မည်မဟုတ်ကြောင်း ဆက်ပြောသည်။ ပြည်တွင်း စားသုံးသူ ဈေးကွက်အတွင်းသို့ ငါးကွက်ရှပ်၊ ငါးသလောက်အသေး၊ ငါးရွှေအသေး၊ ကကူယံ ငါးများကို အဓိက တင်ပို့ရောင်းချ နေကြောင်း သိရသည်။

 

၂၅။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်
November 25, 2021

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအထိမ်းနေ့အဖြစ် ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့တွင် စက်ဘီးကမ်ပိန်းနှင့် ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှု တွင်ပါဝင်သည့် ယနေ နိုဝင်ဘာ ၂၅ ရက်နေ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအထိမ်းနေ့အဖြစ် ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။ အဆိုပါ စက်ဘီးစီးကမ်းပိန်းကို စစ်တွေမြို့ BXT ဆိမ်ကမ်းမှ စစ်တွေပွိုင့်ကမ်းခြေအထိ ဆင်တူတီရှပ် များ ဝတ်ဆင်ပြီး ဖဲကြိုးဖြူများတပ်ဆင်ကာ စက်ဘီးစီးနင်ခဲ့ကြခြင်ဖြစ်သည်။ ယင်းကမ်းပိန်းအား Women Generation အဖွဲ့မှ ဦးဆောင်ပြီး အမျိုးသမီးများနှင့် အမျိုးသားတစ်ချို့ပါ ပူးပေါင်းပါဝင်ကာ လူဦးရေ ၄၀ ကျော်ခန့်ကပါဝင်သည်။

နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်ကြာ လှုပ်ရှားမှုအဖြစ် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အကြမ်းဖက်မှုရပ်တန့်ရေး ကမ်းပိန်းအား တစ်ကမ္ဘာလုံးမှာလုပ်ဆောင်ကြပြီး အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်စေ ရန်အတွက်ရည်ရွယ်ပြီး ကမ်ပိန်ပြုလုပ်ခြင်းဖြစ်သည်ဟု Women Genaration ဒါရိုက်တာ မခင်မြင့်ဇော် က ပြောသည်။ အမျိုး သမီးအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး ကမ်းပိန်းကို ၁၉၉၁ ခုနှစ်မှ စတင်ပြီး တစ်ကမ္ဘာလုံးတွင် ကမ်ပိန်းပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

၂၆။ လွိုင်ကော်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်ကြီး နှစ်ခု ဖျက်ဆီးခံရ
November 25, 2021

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ဆော်ခီးဒေါနဲ့ ဒေါလိုရှေးကျေးရွာအကြားက လျှပ်စစ်ဓတ်အားပေး တာဝါတိုင် ကြီးနှစ်ခု ဖျက်ဆီးခံရမှုကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ ဓတ်တိုင်လဲ သွားတာတော့သိရတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စက ဘာမှသေချာတော့ မသိရဘူး။ ဖျက်ဆီးခံရလို့ လဲသွားတာတော့ သေချာ တယ်။” လို့ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြု ပြောကြားပါတယ်။

အဆိုပါတာဝါကြီးရဲ့ ဓတ်အားလိုင်းဟာ ကယားပြည်နယ်၊ လောပီတ အမှတ် (၁) ဓတ်အားပေးစက်ရုံမှ နေပြည်တော်၊ ရန်ကုန်၊ မန္တာလေး စတဲ့ မြို့နယ်တွေကို ဓတ်အားပေးပို့နေတဲ့ တာဝါတိုင်ကြီး ၂ ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ “ မနေ့ညက မီးပျက် တယ်။ မနက်အထိလေ။ မီးအခြေက ည နာရီမမှတ်မိလို့ ပျက်သွားတယ်။ မနက် ၈ နာရီ ခွဲလောက်ပြန်လာတယ်။ ခုတော့ပုံမှန် ပါပဲ။ ဒါမဲ့ မီး ထပ်ပျက်မှာတော့စိုး ရိမ်နေရတာပေါ့။” လို့ လွိုင်ကော်မြို့နေ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦး က လည်း တာဝါတိုင်ကြီး ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြောသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်းမှာလည်း လျှပ်စစ်မီး မရရှိတာ လနဲ့ချီကြာနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

၂၇။ ကရင်ပြည်နယ်၌ လိုင်စင်မဲ့ယာဉ်များကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများ တိုးမြှင့်ပြုလုပ်
November 24, 2021

ကရင်ပြည်နယ်ရှိ နေရာအနှံ့တွင် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များက လိုင်စင်မဲ့မော်တော်ယာဉ်များ စောင့်ကြပ်စစ်ဆေးမှု ကို လွန်ခဲ့သည့် ၄ ရက်ခန့်ကတည်းက စတင်ဆောင်ရွက်လျှက်ရှိပြီး နောက်ပိုင်းတွင် စစ်ဆေးဖမ်းဆီးမှုကို ပိုမိုတိုး မြှင့်ဆောင် ရွက်လာဖွယ်ရှိကြောင်းသိရသည်။ ပြည်နယ်၏မြို့တော် ဖားအံမြို့ပြင် သံလွင်တံတား၊ ဇာသပြင်တံတားနှင့် အိန္ဒုတံတားတို့ တွင် ယင်းသို့လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဖားအံမြို့ခံတစ်ဦးက ပြော သည်။

“ဒီရက်တွေထဲမှာ ကရင်ပြည်နယ်အတွင်းက လိုင်စင်မဲ့ယာဉ်တွေကို အဖမ်းအဆီးကြမ်းမဲ့သဘောမှာ ရှိနေတယ်။ ပြီးခဲ့တဲ့ လေး ရက်ခန့်ကတည်းက ဖားအံမြို့ပြင် သံလွင်တံတားနဲ့ ဇာသပြင်တံတားတွေမှာ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးမှုတွေ ပြုလုပ်နေ တာပါ။ ယခင်လက်နက်ကိုင်အဖွဲ့အစည်း ထောက်ခံချက်စာရွက်စာတမ်းပါတဲ့ ကားတွေလည်း အခုတော့သွားလာလို့မရတော့ ပါဘူး။ အကုန် သိမ်းကြုံးဖမ်းနေတယ်။”ဟု ၎င်းက ဆိုသည်။ “လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ကော့ကရိတ်မြို့ အထွက် လှိုင်ဝဂိတ်ကို မွန်ပြည်နယ် စစ်တောင်းတံတားအနီးက မရမ်းချောင်ဂိတ်လို စစ်ကောင်စီဌာနဆိုင်ရာအဖွဲ့စုံဖြင့် တရားမဝင် ကုန် သွယ်မှုကို ပိုမိုတင်းကြပ်သွားဖို့ရှိပါတယ်။ ကုန်သွယ်ရေးဌာနက ဒု-ညွှန်မှုး လာထိုင်မယ်။ တရားမဝင် ကုန်သွယ်မှုမှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေလည်း ပါတယ်လေ။ ဒါကြောင့် နောက်ပိုင်း ကရင်ပြည်နယ်အတွင်းမှာ လိုင်စင်မဲ့ယာဉ် စီးနင်းသွား လာမှုက ပိုခက်ခဲလာမယ့် အခြေအနေမှာရှိတယ်။”ဟု မြဝတီနယ်စပ် ကုန်သွယ်ရေးနှင့် နီးစပ်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အလားတူ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ယာဉ်ထိန်းရဲတို့ပါဝင်သည့် အင်အား ၂၀ ကျော်ရှိ ပူးပေါင်းအဖွဲ့သည် ဖားအံမြို့နယ်၊ ဇွဲကပင် တောင်ခြေရှိ တော်ပုံကျေးရွာလမ်းဆုံတွင် ဖားအံမြို့ရှောင်လမ်းမကြီးအတိုင်း သွားလာနေသည့် ဘုရားဖူးယာဉ်များ၊ အိမ်စီး ကားများနှင့် သဲ၊ ကျောက်တင်ကားများ စုစုပေါင်း အစီးရေ ၃၀ ကို ဖမ်းဆီးခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြော သည်။ ယခုကဲ့သို့ လိုင်စင်မဲ့ကားများကို ဦးစွာ ဖမ်းဆီးပြီးနောက်ပိုင်း လိုင်စင်မဲ့ ဆိုင်ကယ်များကိုလည်း ဆက်လက် စစ်ဆေး ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများကို သွားရောက်မေးမြန်းခဲ့သူတစ်ဦးက ပြန်လည်ပြောပြ သည်။ ပြည်နယ်အတွင်း ခရီးသွားလာမှုနှင့် သာရေးနာရေးအတွက် လိုင်စင်မဲ့ယာဉ်များကိုသာ တွင်ကျယ်စွာ အသုံးပြု မောင်း နှင်လာ ခဲ့ကြသည့်အပြင် ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများထံတွင် တနှစ်စာအတွက် သက်ဆိုင်ရာ သတ်မှတ်ချက်အရ ပေးဆောင်ရင်း ထောက်ခံစာ ပြုလုပ်ကာ မောင်းနှင်နေကြသည့် လိုင်စင်မဲ့ယာဉ်များလည်း အစီး ရေ ထောင်နှင့်ချီ၍ ရှိနေသည်။

 

၂၈။ မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်

26 November, 2021

မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ပေါက်ကို ကနေ့ နိုင်ဝင်ဘာ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီလို့ မြန်မာလုပ်ငန်းရှင်တွေနဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီဘက်က ၅ စီးထွက်မယ်။ ဟိုဘက်က ၅ စီးဝင်မယ်။ အသစ်လား ကုန်တင်ပြီးသား အဟောင်းလားတော့မသိဘူး။ ဆိုင်ကယ်ပစ္စည်းလို့ ပြော တယ်။ ကွန်တိန်နာနဲ့ပဲ သတ်မှတ်တယ်ဆိုရင်တော့ တရုတ်ဘက်ထဲမှာ ကုန်တင်ပြီးသား ပိတ်မိ‌‌နေတဲ့ ကားတွေကုန်ပြန်ချရ မှာဖြစ်ပြီး ကွန်တိန်နာမဟုတ်ဘဲ ဒီတိုင်းကားထွက်ခွင့်ပြုတယ်ဆိုလို့ရှိရင်လည်း ဒီတိုင်းပဲထွက်ရမှာဖြစ်တယ်။ အဲဒါနဲ့ ပတ်သက် ပြီး လောလောဆယ် တိတိကျကျ မသိရသေးဘူး” လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

တရုတ်ဘက်မှာ ကုန်တင်ထားတဲ့ မြန်မာကုန်တင်ပြီးသားကားတွေ ကုန်တွေ ပြန်ချရမယ်ဆိုပါက ကုန်ကျစရိတ် အဆမတန် ကျခံရမယ့်အပြင် လချီစောင့်ဆိုင်းခဲ့ရပြီး ပျက်စီးဆုံးဆုံးမှုတွေရှိနေတဲ့ အပြင် လက်ရှိကုန်တင်ထားတဲ့ ကား ၁ စီးကို မြန်မာငွေ အနည်းဆုံး သိန်း ၆၀ ကုန်ကျခဲ့ပြီးသား ဖြစ်လို့ အခက်အခဲ ဖြစ်နေကြရတယ်လို့ ဝမ်တိန်က မြန်မာကုန်ဂိတ်ပိုင် ၁ ဦးက ပြော ပါတယ်။ “တရုတ်ဘက် ပိတ်မိနေတဲ့ မြန်မာကားတွေကတော့ ခါလီကားမရှိတော့ဘူး။ ကုန်တင်ပြီးသား ကားပဲရှိတော့တာ။ ကုန်တင်ပြီးသားကားတွေရဲ့ အခက်အခဲတွေကို ပိတ်မိနေတဲ့ ၄ လတာ ကာလအတွင်း အကြိမ်ကြိမ်တင်ပြခဲ့တယ်။” တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ် ကျင်းစန်းကျော့ ဂိတ်ပေါက်ကို နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းကစ အစမ်းကာလအဖြစ် ၃ ရက်သတ်မှတ်ကာ ကွန်တိန်နာ‌တွေနဲ့ စမ်းသပ်ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပုံစံ ပြောင်းလဲကာ ကွန်တိန်နာ စနစ်နဲ့ ကုန်သွယ်သွားမယ်လို့ စစ်ကောင်စီ MRTV က ကြေညာထားပါတယ်။

ကျင်စန်းကျော့ ၁ ပေါက်တည်း ဖွင့်မှာဖြစ်ပြီး ချင်းရွှေဟော်လည်း ဖွင့်ဖို့ရှိပြီး ကန်ပိုင်တီနဲ့ လွယ်ဂျယ်ညှိနှိုင်းဆဲဖြစ်ကြောင်း၊ မူဆယ်မှာပိတ်မိနေတဲ့ တရုတ်ဘက်ပို့မယ့် ကုန်တန်ချိန် ၅ သောင်းကိုအရင် ဦးစားပေးသွားမယ်လို့ ညွှန်ကြားရေးမှူး ဦးသ်နိုင်ဦး က MRTV မှာ ဖြေထားပါတယ်။ ဂိတ်ပေါက်နဲ့ ပက်သက်တဲ့ပြီး တရုတ်ဘက်က ကြိုတင်အကြောင်းမယ်လို့ အစည်းဝေးတစ်ခု မှာ ပြောထားပေမယ့် နိုဝင်ဘာ ၂၂ ရက်နေ့ မနက်မှ အကြောင်းကြားလာတာကြောင့် မြန်မာဘက်က တာဝန်ရှိသူတွေ ကြိုတင် ပြင်ဆင်ညှိနိုင်းမှု‌တွေ မလုပ်ဆောင်ရသေးတာကြောင့် အဆင့်ဆင့်တင်ပြပြီးမှသာ ထုတ်ပြန်ကြေညာမယ် သိရတယ်လို့ ဆိုပါတယ်။

 

၂၉။ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု လျော့ကျလာ
26 November 2021

ကေအိုင်အို ဌာနချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန့်ပွားမှုလျော့ကျလာပြီ ဖြစ်ကြောင်း သိရသည်။ “အခုပိုးတွေ့နှုန်း နည်းနည်းတော့ကျလာပြီး တချို့က ပျောက်ပြီ တစ်ချို့က ရောဂါကပ်နေတာတွေရှိနေသေးတယ်”ဟု ကိုဗစ် ရောဂါ ကာကွယ်နှိမ်နှင်းရေးကော်မတီမှ ဗိုလ်မှူးကြီး ဦးဟိန်းဝမ်က ပြောသည်။

လိုင်ဇာမြို့တွင် ကိုဗစ်ရောဂါပြန့်ပွားမှုကြောင့် ပိုးတွေ့လူနာများလာသည့်အတွက် ထိုပိုးတွေ့လူနာများကို နေအိမ်များ၌ ကုသ ခြင်းရှိခဲ့သော်လည်း ယခုအခါ နေအိမ်မှာ ကုသခွင့်မပြုတော့ကြောင်း သိရသည်။ လိုင်ဇာတစ်မြို့လုံးကို Covid-19 ပိုးရှိမရှိ လည်း ပြန်လည် စစ်ဆေးနေသည်ဟု ဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့မှစပြီး လိုင်ဇာမြို့အတွင်းရှိ ပြည်သူများကို ကိုဗစ် ရောဂါ စစ်ဆေးမှုများ ပြန်လည်လုပ်ဆောင်နေသည်။

 

၃၀။ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် လူငယ်အချို့ ဖမ်းဆီးခံရ
November 26, 2021

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မနက်ဈေးအနီးရှိ အဆောင်တစ်ခုမှ လူငယ်အချို့ကို ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ည ၅ နာရီအချိန်တွင် အိမ်စီးကားများဖြင့် ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ မည်မျှဖမ်းဆီးခံရသည်ကို မသိကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။

“စီတာပူဈေးလမ်းကြား တည့်တည့်ဘက် အရပ်ဝတ်တွေနဲ့ သေနတ်တွေနဲ့။ လူများတယ်။ လမ်းတွေ အကုန် ပိတ်ထားပြီး အိမ်စီးကားနဲ့ လာဖမ်းသွားတယ်။ ဘယ်နှယောက်ကိုဖမ်းသွားတာတော့ မသိဘူး” ဟုသူကပြောသည်။ ဖမ်းဆီးခံရသူ လူငယ် လေးဦး ဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း The 74 Media က အရေအတွက် အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပါ။ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ အ.ထ.က(၁)ကျောင်းအနီးရှိ ကျောက်စိမ်းတုံးအဝိုင်းပတ်ရှေ့တွင်လည်း စက်တင်ဘာလ ၈ ရက်နေ့က လူငယ် ၇ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

 

၃၁။ ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာတချို့တွင် အင်တာနက်မရသဖြင့် အခက်အခဲကြုံတွေ့
26 November, 2021

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာတချို့မှာ အင်တာနက်မရတာကြောင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် လူမှု၊ စီးပွား၊ ကျန်းမာရေး စတာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့ကို အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်တာနက်လိုင်းမမိတာကြောင့် ရပ်ဝေးမှာသွားရောက်လုပ်ကိုင်နေကြတဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရရှိနိုင်ဖို့ ဖုန်းလိုင်းမိတဲ့ ရွာပြင်လမ်းပေါ်ကိုထွက်ကာ ခက်ခက်ခဲခဲအသုံးပြုနေရတယ်လို့ ထိန်တွေကျေးရွာနေ ကိုစစ်အောင်က ပြောပါတယ်။

“အခု ကိုဗစ်တွေ ဖြစ်နေတယ်ပေါ့၊ ရောဂါတွေဖြစ်နေတယ်၊ ဒါပေမဲ့ အင်တာနက်လိုင်းမရှိတော့ ကျနော်တို့က ဘယ်လိုလုပ် သိနိုင်မလဲ၊ မသိနိုင်ပါဘူး။ ဒါပေမဲ့ကြည့်တဲ့သူတွေကတော့ လိုင်းပေါ်ကပဲကြည့်ရတာလေ၊ ဘယ်ဟာတွေမှာဘယ်လိုဘယ်လို ဖြစ်နေတယ်၊ ဘယ်လိုဘယ်လိုဖြစ်သွားတယ်၊ ဒါပေမဲ့ လိုင်းမရှိတော့ အခက်အခဲရောက်တာပေါ့ဗျာ။ နောက်ပြီးတော့ ကိုယ်တွေ မှာက မိသားစုတွေရှိတယ်လေ၊ နိုင်ငံခြားတွေမှာရော၊ ရန်ကုန်တွေမှာရော၊ သူတို့တွေကနေ ဖုန်းခေါ်မယ်၊ အကြောင်းကိစ္စ တစ်ခုခုပေါ့နော်၊ အိမ်ကိုသတိရလို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးကိစ္စ တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဖုန်းခေါ်မယ်ဆိုရင်တောင်မှ ဖုန်းဘေ ထည့်ရတာနဲ့ဆိုရင် အဆင်မပြေဘူး၊ အင်တာနက်ရလို့ရှိရင် ပိုပြီးအဆင်ပြေတာပေါ့၊ အင်တာနက်မရဘူး ကျနော်တို့ရွာမှာ‌။ တာဝါတိုင်ကိုယ်တိုင်ကကိုမရှိတာ။” အခုလိုကျေးရွာတွေမှာ အင်တာနက်လိုင်းမရတာကြောင့် အမျိုးသမီးတွေအနေနဲ့ ဖုန်း လိုင်းမိတဲ့လမ်းပေါ်မှာ သွားရောက်အသုံးပြုရာမှာလည်း အခက်အခဲကြုံနေရတယ်လို့ ထိန်တွေကျေးရွာနေ မစုလဲ့ရည်အောင်က ပြောပါတယ်။

ရမ်းဗြဲမြို့ကနေ လေးတောင်မြို့ကို သွားတဲ့လမ်းမှာရှိတဲ့ ထိန်တွေကျေးရွာအပါအဝင် ရွာကြီးကျေးရွာ၊ တဖက်ကျေးရွာ၊ ရှောက် ချောင်းကျေးရွာနဲ့ ထန်းပြိုင်ကျေးရွာစတဲ့ ကျေးရွာ ၅ ရွာမှာ ရွာထဲမှာ ဖုန်းလိုင်းမမိတာကြောင့် ရွာပြင်လမ်းမပေါ်က ဖုန်းလိုင်းမိ တဲ့နေရာတွေမှာ အင်တာနက်လိုင်းကို ခက်ခက်ခဲခဲအသုံးပြုနေကြရတာကြောင့် ကျေးရွာနေဒေသခံတွေက တာဝါတိုင် ၁ ခု စိုက်ထူပေးဖို့ လိုလားနေကြတာလည်း ဖြစ်ပါတယ်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။