• Today is: Friday, March 29, 2024

အာဇာနည်ခေါင်းဆောင်မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း (၁၉၀၇ – ၁၉၄၇)

မောင်ဇေယျာ

 

ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးအဆင့် တောင်တန်းနှင့် ပြည်မပူးပေါင်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် အရေးပါလှသော သမိုင်းဝင် “ပင်လုံစာချုပ်” ကိုလက်မှတ် ရေးထိုးသူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ ပင်လုံစာချုပ် ချုပ်ဆိုအပြီး ပထမဦးဆုံးသော တောင်တန်းဒေသ ဝန်ကြီးအဖြစ် ရွေးချယ်ခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင်အတိုင်ပင်ခံ တောင်တန်းဒေသကြီးအဖြစ် ရွေးချယ်ခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းသေဒရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၇-ခုနှစ် ဇူလိုင်လ(၁၉) ရက် ရန်ကုန်မြို့အတွင်းဝန်ရုံး၌ ဝန်ကြီးများအစည်းအဝေးလုပ်နေစဉ် မသမာသူ လူတစ်စု၏ လုပ်ကြံမှုဖြင့် ဗိုလ်ချုပ်နှင့် အတူ ကျဆုံးခဲ့ရသည်။ လူသတ်သမားများ၏ သေနတ် ဒဏ်ရာဖြင့် ဇူလိုင်လ (၂၀)ရက်နေ့ မွန်းတည့် (၁၂) နာရီ တွင် ကွယ်လွန်ခဲ့ပါသည်။ လုပ်ကြံမှုမတိုင်မီ ဇူလိုင်လ (၁၈)ရက်ညတွင် ရန်ကုန်မြို့၊ ရွှေတောင်ကြားရပ်လောင်း ဝစ္စလမ်းရှိ မြန်မာ့အသံ၌ ခေတ္တ ပြောင်းရွှေ့နေသော ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုထံ လာရောက် လည်ပတ်ရာ မြန်မာ့အသံဝန်ထမ်း ဦးဖေသော်၏ဇနီး ရှမ်းအမျိုးသမီး ဒေါ်လှထယ်အား မိုင်းပွန်စော်ဘွားကြီးက “ငါတော့ဝန်ကြီး လုပ်ပြီး သေနတ်နဲ့အပစ်ခံရတာထက် ကိုယ့်သတ္တုတွင်းမှာပဲ သတ္တုတူးသမားလုပ်နေချင်တော့ တယ်”ဟု  နောက်ဆုံးပြောခဲ့ပါသည်။

၁၉၀၇-ခုနှစ် မေလ(၃၁)ရက်၊သောကြာနေ့တွင် ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့၌ မွေးဖွားသည်။ အဖ မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီး၊ အမိ မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥ ဖြစ်သည်။ ငယ်မည် စ၀်သာထွန်း ဖြစ်သည်။ ဖခင်ဖြစ်သူစော်ဘွားကြီးစ၀်ခွန်ထီးမှာ အသက်(၇)နှစ်အရွယ်ကပင် မင်းတုန်းမင်း၏ မွေးစားသား အဖြစ် နန်းတွင်း၌ ကြီးပြင်းခဲ့၍သီပေါမင်း ပါတော်မူချိန်တွင်လင်းပင်မင်းသား၏ ဦီးဆောင်မှုကိုခံယူကာ ဗြိတိသျှ တို့အား လက်နက်ကိုင်တော်လှန်ခဲ့သူဖြစ်သည်။ သတ္တိဗျတ္တိအမြော် အမြင်နှင့်ပြည့်စုံ၍ လင်းပင်မင်းသား၏ ဦးနှောက်နှင့် ဓားဟုတင်စားခံရသူဖြစ်သည်။

(၅)နှစ်အရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံမှ မြန်မာစာပေနှင့် အင်္ဂလိပ်စာ သင်ယူသည်။ (၇)နှစ် အရွယ်တွင်တောင်ကြီးရှမ်းစော်ဘွားသားများ အထက်တန်းကျောင်း (အထက(၂)တောင်ကြီး)၌ ပညာဆက် လက် သင်ရာ ၁၀ တန်းအောင်သည်။ ထို့နောက် မိတ္ထီလာမြို့ စက်ရှင်တရားသူကြီး ဦးကျောက်တိုင်ရုံး၌ (၆) လ အလုပ်သင်၊ ထို့နောက် မန္တလေး ရဲအုပ်သင်တန်းကျောင်း၌(၆)လ သင်တန်းတက်သည်။

ရဲအုပ်သင်တန်းဆင်းပြီး ဗန်းမော်တွင် အလုပ်သင်ရဲဝန်ထောက်အဖြစ် ခေတ္တဆောင်ရွက်သည်။ ထို့နောက် တောင်ကြီးမြို့ရှမ်းပြည်မင်းကြီးရုံး၌ တာဝန်ထမ်းဆောင်သည်။ ၁၉၂၈-ခုနှစ်၊ ဇွန်လ(၂၇)ရက် ဗုဒ္ဓဟူးနေ့တွင် အခမ်းအနားဖြင့် “စော်ဘွား↔အရိုက်အရာဆက်ခံ၍ မိုင်းပွန်စော်ဘွားအမည်တွင် ခဲ့သည်။

၁၉၃၂-ခုနှစ် နိုဝင်ဘာလ (၁၁)ရက် သောကြာနေ့တွင် မိုးမိတ်စော်ဘွားကြီး စ၀်ခင်မောင် (စီအိုင်အီး၊ ကေအက်စ်အမ်)၊ မဟာဒေဝီစောနန်းအိမ်တို့၏ သမီးတော်စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ယောက်ဖတော် မိုးမိတ်စော်ဘွား စ၀်ခွန်ချိုမှာ လွန်လပ်ရေးရပြီးနောက် ရှမ်းပြည်နယ်ဥက္ကဌ၊ ထို့နောက်နိုင်ငံခြားရေးရာဝန်ကြီး ဖြစ်သည်။

မိုင်းပွန်စော်ဘွားကြီး၏ ဥပဓိရုပ်မှာ မျက်နှာဝိုင်း၊ နဖူးကျယ်၊ မျက်လုံးပြူးကာ နားရွက်ကား၍ကြီး သည်။ အသားမှာအနီရောင်သမ်းသည်။ အရပ်(၅)ပေ(၆)လက်မရှိသည်။ လူမှုဆက်ဆံရေးပြေပြစ်သည်။  အောက် လက်ငယ်သားများ၏ ချစ်ခင်လေးစားမှုခံရသည်။ ဘာသာရေး ကိုင်းရှိုင်း၍ ကွမ်း၊ ဆေး၊ အရက်သေစာကို ရှောင်ကြည်သည်။ ငယ်စဉ်က ကျန်းမာရေးလိုက်စား၍ တင်းနစ်၊ ခရစ်ကတ်၊ဟော်ကီ၊ ဘောလုံး ကစားသည်။ ဂိုးနှင့် ရှေ့တန်းဘယ်ဝင်းကစားသမားအဖြစ် ထင်ရှားသည်။ ဂီတကိုလည်း ချစ်မြတ်နိုး၍ လေ့လာလိုက်စား သည်။ ပတ္တလား၊ လက်ဆွဲဘာဂျာ၊ ဘင်ဂျို၊ မယ်ဒလင်တို့ကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်သည်။ မြန်မာ သီချင်းကြီး သီချင်းခံများရသည်။ စက်မှုလယ်ယာ၊ စိုက်ပျိုးမွေးမြူရေး ၀ါသနာပါ၍ ဓါတ်သတ္တုတူးဖော်ရေး၊ သမ၀ါယမလုပ်ငန်းများကိုလည်း စိတ်အားထက်သန်သည်။ ကိုယ်ပိုင်စာကြည့်ခန်းငယ်တွင် အင်္ဂလိပ်မြန်မာ စာအုပ်များ ထား၍ လေ့လာသည်။ နဂါးနီထုတ် နိုင်ငံရေးစာပေများကိုလည်း ဖတ်ရှုသည်။

မိုင်းပွန်စော်ဘွားကြီးသည် အခြားစော်ဘွားများကဲ့သို့ ဟော်နန်းတွင် ဇနီးအများမထား။ မဟာဒေ၀ီ တစ်ဦးတည်းသာ ထားသည်။ မဟာဒေ၀ီ စ၀်ခင်သောင်းနှင့် သား ၂ဦး (စ၀်ဆေဟုန်၊ စ၀်ကိုင်ဖ)၊ သမီး (၂) ဦး (စ၀်သုန္ဒာ၊ စ၀်မြင့်ကြည်) တို့ ထွန်းကားသည်။ မဟာဒေ၀ီမှာ ၁၉၄၅ ခုနှစ်၊ ဂျပန်အပြေးတွင် ကွယ်လွန်ခဲ့သည်။ မဟာဒေ၀ီကွယ်လွန်ပြီးနောက် မိုင်းပွန်စော်ဘွားကြီးသည် ဒုတိယ မဟာဒေ၀ီမထားဘဲ သားသမီး (၄) ယောက် ကိုသာ ဂရုတစိုက်စောင့်ရှောက်ခဲ့သည်။ မဟာဒေ၀ီ၏ အသုဘအခမ်းအနားတွင် နယ်ရှင်စော်ဘွားများ စုဝေးမိရာမှ စစ်အပြီးနိုင်ငံရေးအပြောင်းအလဲတွင် ရှမ်းပြည်နှင့် နယ်ရှင်စော်ဘွားများ၏ အနာဂတ်အတွက် နည်းလမ်းရှာရန် မိုင်းပွန်စော်ဘွားကြီးအား တာဝန်ပေးအပ်ခဲ့သည်။

မိုင်းပွန်စော်ဘွားကြီး၏ ကြိုးပမ်းမှုဖြင့် ၁၉၄၆-ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်တွင် ရှမ်းပြည်မိုင်းကိုင်မြို့၌ နယ်ရှင်စော်ဘွားများစုဝေး၍အစည်းအဝေးကျင်းပသည်။ ထိုမိုင်းကိုင်အစည်း အဝေးတွင် “စ၀်ဖလုံကောင်စီ↔ ကိုဖွဲ့စည်းသည်။ စ၀်ဖလုံကောင်စီများအနက် ညောင်ရွှေစ၀်ဖလုံ စ၀်ရွှေသိုက်(ရှမ်း)၊ သထုံစ၀်ဖလုံ ခွန်ကြည် (ပအိုဝ့်)၊ သာမိုင်းခမ်းစ၀်ဖလုံ စ၀်ထွန်းအေး(ဓနု)၊ တောင်ပိုင်းစ၀်ဖလုံ ခွန်ပန်းစိန်(ပလောင်)၊ မိုးမိတ်စ၀်ဖလုံ စ၀်ခွန်ချို (ရှမ်း)၊ မြောက်သိန္နီစ၀်ဖလုံ စ၀်ဟုန်ဖ (ရှမ်း) တို့နှင့်အတူ မိုင်းပွန်စ၀်ဖလုံ စ၀်စံထွန်း(ရှမ်း) သည် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။

ဖေဖော်ဝါရီလ (၁၂)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသခေါင်းဆောင် (၂၃)ဦး တို့အခက်အခဲအမျိုးမျိုးကိုကျော်လွား၍ တစ်ညီတစ်ညွတ်တည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာ မိုင်းပွန်စော်ဘွား စ၀်စံထွန်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

စဝ်ဖလုံကောင်စီက ကြီးမှူး၍ ၁၉၄၆-ခုနှစ်၊မတ်လ (၂၀)ရက်မှ (၂၈)ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဒုတိယအကြိမ်အစည်းအဝေးနှင့် ဟောပြောပွဲ၊ ပြပွဲ၊ ဆွေးနွေးပွဲများ ကျင်းပရာ ရှမ်းပြည်လူငယ် ခေါင်းဆောင် ကိုတင်ဧ၊ ကိုထွန်းမြင့်၊ ကိုခွန်ထီးတို့ ဦးဆောင်မှုဖြင့် ရှမ်းစော်ဘွားအနက် မိုင်းပွန်စော်ဘွားသည် ရှမ်းလူငယ်ခေါင်းဆောင်များနှင့် အရင်းအနှီးဖြစ်လာသည်။ ဤအစည်းအဝေးသို့ ဖဆပလ အဖွဲ့အချုပ်မှ ဗိုလ်ချုပ် အောင်ဆန်းကိုယ်စား သခင်နု၊ ဦးဘဂျမ်း၊ မန်းဘခိုင်။ အခြားနိုင်ငံရေးအဖွဲ့အစည်းများမှ နန်းရင်းဝန်ဟောင်း ဦးစော၊ မိတ္တီလာဦးဘရင်၊ ကချင်ခေါင်းဆောင်အချို့တက်ရောက်၍ ပထမ ပင်လုံအစည်းအဝေးဟု ခေါ်တွင် ခဲ့သည်။ ဤအစည်းအဝေးတွင် မိုင်းပွန်စော်ဘွား စ၀်စံထွန်းသည် ခေတ်မီလယ်ယာ စိုက်ပျိုးရေးအကြောင်း ဟောပြောခဲ့သည်။

၁၉၄၇- ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၌ ပြည်မနှင့် တောင်တန်းဒေသများ  သွေးစည်းညီညွတ်ရေးအတွက် ပင်လုံညီလာခံကျင်းပခဲ့သည်။ ညီလာခံအား ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် သည့် ဖဆပလ ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားများ၊ ကချင်ဒူဝါများ၊ ချင်းခေါင်းဆောင်များနှင့် တောင်တန်း ဒေသ လူထုခေါင်းဆောင်များတက်ရောက်ခဲ့သည်။ ကရင်တိုင်းရင်းသား  ခေါင်းဆောင်အချို့လည်း လေ့လာသူ အဖြစ် ရောက်ရှိလာသည်။ ဗြိတိသျှ အစိုးရဘက်မှ ဒိုမီနီယံဆိုင်ရာ အတွင်း ၀န်ဘော့တွမ်လေ(A.G Bottomeley)၊ မြန်မာနိုင်ငံ နယ်ခြားဒေသဆိုင်ရာမင်းကြီး မစ္စတာစတီဗင်ဆင်(Mr. Stevenson) နှင့် အရာရှိကြီး ငယ်များ တက်ရောက်သည်။ ဖေဖော်ဝါရီလ (၁၂) ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ခေါင်းဆောင်(၂၃) ဦးတို့ အခက်အခဲအမျိုးမျိုးကို ကျော်လွား၍ တစ်ညီတစ်ညွတ်တည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာ မိုင်းပွန်စော်ဘွား စ၀်စံထွန်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော ဖေဖော်ဝါရီလ (၁၂) ရက်နေ့လယ် (၂) နာရီခွဲတွင် ↔တောင်တန်းသားများ၊ စည်းလုံးညီညွတ် ရေး ဦးစီးအဖွဲ့↔က တောင်တန်းဒေသ၀န်ကြီးအဖြစ် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းကို ရွေးချယ်၍ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့ဝင်ဖြစ်လာသည်။

၁၉၄၇-ခုနှစ် မေလ (၁၁) ရက်မှ (၁၆)ရက်မထိ ကျင်းပသော ရှမ်းပြည်လွှတ်တော်အစည်းအဝေးတွင် မိုင်းပွန်စော်ဘွားကြီး တိုင်းပြုပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီဝင်၊ လူနည်းစုဆိုင်ရာဆပ်ကော်မတီဝင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ သည်။

၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် ၁၀း၃၀ နာရီဝန်းကျင် ရန်ကုန်မြို့အတွင်းဝန်ရုံး ဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ် ဗိုလ်ချုပ်အောင်ဆန်း၊ အခြားဝန်ကြီးများနှင့်အတူ လုပ်ကြံခံခဲ့ရသည်။ နောက်တစ် နေ့ ဇူလိုင်လ (၂၀) ရက် မွန်းလွဲ (၁၂) နာရီတွင် ကွယ်လွန်ခဲ့ပါသည်။