• Today is: Friday, March 29, 2024

ငြိမ်းချမ်းရေး ရေစီးကနှေးသည်၊ ဖက်ဒရယ်ခရီးကဝေးသည်

                          ” ငြိမ်းချမ်းရေး ရေစီးကနှေးသည်၊ ဖက်ဒရယ်ခရီးကဝေးသည်”

မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်လျက်ရှိကြသည်။ လင်္ဂလိပ်တို့ထံမှ လွတ် လပ်ရေးရရှိခဲ့သော်လည်း စည်းလုံးညီညွှတ်ခြင်း၊ တန်ဖိုးထားယုံကြည်ခြင်းတို့ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ပုံဖော်တည်ဆောက်နိုင်ခြင်းမရှိခဲ့သောကြောင့် ယနေ့အထိ တိုင်းရင်းသား အချင်းချင်းအကြား သံသယများ၊ မယုံကြည်မှုများ၊ ရန်လိုမုန်းတီးမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရသည်။ ယခုမူနှစ်ပေါင်း (၇၀)အထိ ပြည်တွင်းစစ်မှာ ကြာရှည် ခဲ့ရသည်။

ထိုလက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဖြစ်လာသည့် ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်၊ သြဂုတ်(၁၈) ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စတင်ဖိတ်ခေါ်ခဲ့ရာ တိုင်းရင်းသားများက မယုံကြည် ဖြစ် ခဲ့ကြသည်။ နောက်ပိုင်းတွင် အစိုးရဘက်မှ နိုင်ငံတော်သမ္မတရုံးဝန်ကြီးအဖွဲ့များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် တွေ့ဆုံပြီးနောက် ယုံကြည်မှုများတည်ဆောက်နိုင်ခဲ့ကြသည်။

ထို့ကြောင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးပါတီ (RCSS)က အစိုးရနှင့် အပစ်ရပ်စဲရေး စာချုပ်ကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ ထိုအခြေအနေကြောင့် အစိုးရ ဘက်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လာခဲ့ပြီး၊ တစ်နှစ်အတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၄)ဖွဲ့နှင့် တစ်ဖွဲ့ချင်းအပစ်ရပ်စဲရေးစာချုပ်များ လက်မှတ်ရေးထိုးနိုင်သည် အထိ တိုးတက်လာခဲ့သည်။ ထိုမှတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို တောင်းဆိုခဲ့ကြသည်။ ထိုတောင်းဆိုမှုများကြောင့်ပင် လက်ရှိငြိမ်း ချမ်းရေးလမ်းကို လျှောက်လှမ်းရန် ပင်မတံခါးဟု ပြောရမည့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA)ဟူ၍ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။

ထိုစာချုပ်ကိုရရှိရန် အစိုးရနှင့်တပ်မတော်တို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့နှင့် လပေါင်း(၂၂)လအကြာ ဆွေးနွေးခဲ့ရသည်။ ရလဒ်အနေဖြင့် သမ္မတဦးသိန်းစိန်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့ NCA ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိအစိုးရ လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်(၂)ဖွဲ့က NCA ကို ထပ်မံလက်မှတ်ရေးထိုးလိုက်သော ကြောင့် တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့နှင့် လက်မှတ်ရေးထိုးပြီးဖြစ်သည်။

NCA မှအစပြုခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပစ်ခတ်တိုက်ခိုက်မှုများ လျော့နည်း ကျ ဆင်းလာအောင် အထောက်အကူပြုနိုင်ခဲ့သည်။ နိုင်ငံရေးဆွေးနွေးပွဲများလည်း ပြုလုပ်နိုင်ခဲ့ပြီး ပြည် ထာင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံကို ကျင်းပနိုင်ခဲ့သည်မှာ ယခုဆိုလျှင် တတိယအကြိမ် အထိ ရှိပြီးဖြစ်သည်။ ထိုညီလာခံများမှ တိုင်းရင်းသားများ၏ စစ်ပွဲများရပ်တန့်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ တိုင်းရင်းသားများအားလုံးတန်းတူအခွင့်အရေးရရှိစေရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေး စသည်တို့အတွက် မျှော်လင့်ချက်များရောင်ခြည် သန်းလာမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ယုံကြည်ကြသည်။ ထိုညီလာခံမှ နိုင်ငံရေး သဘောတူညီချက်များကို ပြည်ထောင် စု သဘောတူညီချက်အစိတ်အပိုင်းများအဖြစ် အချက်(၅၁) ချက်ကိုလည်း ရရှိခဲ့ပြီးဖြစ်သည်။ သို့သော် NCA ကို လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲပအများ NCA တွင် ပါဝင်လက် မှတ်ရေးထိုးရန် အစိုးရကနည်းလမ်းရှာဖွေလျက်ရှိသည်။

အစိုးရကငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းနေသည်ကို ပြည်ထောင်စုငြိမ်းချမ်း ရေးညီ လာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသည့် အဖွင့်မိန့်ခွန်းတွင် တွေ့နိုင်ပေသည်။ လက်ရှိ ၂၀၁၈- ခုနှစ်အတွင်း နောက်ထပ်ပင်လုံ ညီလာခံတစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ပင်လုံညီလာခံနှစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ပင်လုံညီလာခံသုံးကြိမ်ကျင်းပရန် အစိုးရကမျှော်မှန်းထားသည်။ ထိုညီလာခံသုံး ကြိမ် အတွင်း ဒီမိုကရေစီဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများအပြီးသတ်ချမှတ်၍ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်များ အခိုင်အမာတည်ဆောက်ပေးနိုင်ရန် မျှော်မှန်း ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့သည်။

.     ယခင်က တိုင်းရင်းသားများလက်နက်ကိုင်များဘက်မှ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက် ရန် ပြောဆိုလိုက်တိုင်း ခါးခါးသီးသီးငြင်းပယ်ခံရသည်။ ထိုသို့ငြင်းပယ်ခံရခြင်းမှာ တပ်မတော်က ဖက် ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးဟု ထင်မြင်ယူဆခဲ့ဖူးသည့် အချက်များကြောင့် ဖြစ်သည်။ တိုင်းရင်း သားများဘက်မှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ ခွဲထွက်ရေးမဟုတ် ကြောင်း အကြိမ်ကြိမ်ပြော ဆိုခဲ့သော်လည်း အချည်းနှီးပင်ဖြစ်ခဲ့ရသည်။

တိုင်းရင်းသားများ အစဉ်တစိုက်ပြောဆိုနေသည့် ဖက်ဒရယ်စနစ်ဆိုသည်မှာ သီးခြားလွတ်လပ် ခွင့်ရှိသော လူမျိုးများ(ဝါ) ပြည်ထောင်စုက သီးခြားအမျိုးသားနိုင်ငံထူထောင်ခြင်းမပြုဘဲ မိမိတို့ ပိုင်ဆိုင် ထားသည့် ပြည်ထောင်(နယ်ပြေများ)ကို မိမိတို့၏ သဘောဆန္ဒအလျောက်ပူးပေါင်း၍ ပြည်ထောင်များ ကို စုစည်းထားသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ထောက်သောစနစ်ဖြစ် သည်။

ဖက်ဒရယ်ဟူသောစကားရပ်သည် လက်တင်စကား Foedus နှင့် Fide ဟူသောစကားလုံး နှစ်ခုမှ ပေါင်းစပ်ဆင်းသက်လာပြီး “သဘောတူစာချုပ်ချုပ်ခြင်း” (သို့မဟုတ်) “ပဋိညာဉ်ပြုခြင်း” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ထိုစကားကို နိုင်ငံရေးစနစ်တွင် လက်တွေ့ကျင့်သုံးသောအခါ ပြည်ထောင် များ (ဝါ) အမျိုးသားပြည်နယ်များက မိမိတို့ဆန္ဒအလျောက်ပူးပေါင်း၍ “ပြည်ထောင်စု နိုင်ငံတော်” အတူတကွ ထူထောင်ခြင်းစနစ်ဟူသော “ပြည်ထောင်စုစနစ်” (Federation) ဟု အဓိပ္ပါယ်ဖွင့်ဆိုခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင် များ ချုပ်ဆိုခဲ့ကြသော ပင်လုံစာချုပ်သည် ရှမ်း၊ ကချင် နှင့် ချင်းပြည်ထောင်များအပါအဝင် ဗမာပြည်အစိုးအရတို့က ပူးပေါင်း လက်မှတ်ရေးထိုးခဲ့သော ပဋိညာဉ်စာချုပ်တစ်ခုဖြစ်ပြီး၊ နိုင်ငံတော် သစ်ထူထောင်ရန် သဘောတူ ညီခဲ့သောကြောင့် ပင်လုံစာချုပ်သည် ဖက်ဒရယ်ဟူသော အဓိပ္ပါယ်ကို ပြည့်စုံစေသည်ဟု တိုင်းရင်း သားများက ပြောဆိုလျက်ရှိသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အင်္ဂါရပ်များသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပုံစံမျိုးစုံဖြင့် ကျင့်သုံးနေကြပြီး တစ်နိုင်ငံလုံး ကွဲပြားခြားနားနေသည်။ မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးဖက်ဒရယ် စနစ်မှာ –

(၁)     မိမိတို့၏ လွတ်လပ်သော ဆန္ဒအတိုင်း ပူးပေါင်းခြင်း (Voluntary Association)

(၂)     ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့်စုပေါင်းအုပ်ချုပ်ခြင်း (Self-rule and Shared-rule)

(၃)     ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

(၄)     ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်း(ဝါ)ပြည်နယ်နှင့် ပြည်ထောင်အကြားဆက်ဆံ ရေးနှင့်အာဏာသုံးစွဲရေး

(၅)     စုပေါင်းအုပ်ချုပ်၍ ပြည်ထောင်စုကိုစီမံခန့်ခွဲခြင်း

(၆)     နိုင်ငံတော်လုံခြုံရေးကို စီမံခန့်ခွဲခြင်း

(၇)     သဘာဝရင်းမြစ်များ ပိုင်ဆိုင်ခွင့်နှင့်မျှဝေခံစားခြင်း

(၈)     ဘာသာတရားကို အခြေမခံသော နိုင်ငံဖြစ်ခြင်းတို့ပင်ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်း ဆောင်များက ပြောဆိုခဲ့ကြသည်။

          ယခုမူ ဖက်ဒရယ်ဆိုသည့်စကားလုံးမှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် များအကြား တစ်ကြော့ပြန်နေရာယူလာခဲ့ပြန်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံ ညီလာခံ၌ သူ၏မိန့်ခွန်းတွင် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများကို ချမှတ်ရမည်ဟု ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်ပေသည်။ သို့သော် တပ်မတော်က တိုင်းရင်းသားများလိုလားလျက်ရှိသော ဖက်ဒ ရယ်စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ်စနစ်၏ ဝိဒေသလက္ခဏာမှာ များစွာပါ ဝင်နေခြင်းကြောင့် တိုင်းရင်းသားများတောင်းဆိုနေသော ဖက်ဒရယ်စနစ်ကို သီးခြားထပ်မံ ပေးစရာ မလိုအပ်ကြောင်း တုံ့ပြန်ခဲ့ကြသည်။

ထို့အပြင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပိုင်းခြားသတ် မှတ်ပေး ထားခြင်း၊ ဘဏ္ဍာရေးနှင့် သဘာဝရင်းမြစ်များကို ခွဲဝေသုံးစွဲခြင်း၊ တစ်နိုင်ငံလုံးနှင့်သက် ဆိုင်သည့် လူမျိုးစုလွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော်တစ်ရပ်ထားရှိခြင်း၊ နိုင်ငံတော် တွင်အမြင့်ဆုံး အခြေခံဥပဒေရှိခြင်း၊ အစိုးရမများအကြား အငြင်းပွားမှုအားဖြေရှင်းပေးနိုင်သည့် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ် ထားရှိခြင်းတို့ကြောင့် ဖက်ဒရယ်စနစ်မလိုဟု တပ်မတော်က ထောက်ပြခဲ့ပေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်(သို့) တိုင်းဒေသကြီးများဖြင့် ဖွဲ့စည်းထားရှိ ခြင်း၊ ဗဟို အစိုးရနှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြညနယ်များကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာ ဏာများကို ခွဲဝေထားရှိခြင်း၊ လူမျိုးစုလွှတ်တော်ဖြစ်သော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် တို့တွင် အာဏာတူညီမှုရှိပြီး ကိုယ်စားလှယ်စေလွှတ်မှုလည်းတူညီသောကြောင့် တိုင်းရင်းသားများ တန်းတူညီမှုရှိကြောင်း တပ်မတော်ကဆိုခဲ့ဖူးလေသည်။ ထိုအချက်ကပင် သဘောထားကွဲလွဲခဲ့ခြင်း ပင်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် တပ် မတော်ကာကွယရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောဆိုခဲ့သည့် မိန့်ခွန်းအရလည်း တိုင်း ရင်းသားများအကြား ဝေဖန်မှုများသော သောညံခဲ့ရသည်။ ထိုပင်လုံညီလာခံတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရခြင်း၏ မူလဇစ်မြစ်မှာ ကိုလိုနီ ခေတ်သွေးခွဲအုပ် ချုပ်ရေးစနစ်ကြောင့်ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။ ထို့ပြင် ပေါ်ပေါက်လာသည့် လက် နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်အကြားတွင် ပြဿနာကြီးငယ် တစ်စုံတစ်ရာမရှိဘဲ သက်ဆိုင် ရာအစိုးရများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြားတွင်သာ မကျေနပ်ချက်များ၊ တောင်းဆိုချက် များရှိကြောင်း ပြောဆိုသွားခဲ့သည်။ ထိုပြောဆိုချက်များကြောင့် ပင် ဝေဖန်မှုများသော သောညံခဲ့ ရခြင်းဖြစ်ပေသည်။

အကြောင်းရင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များ တောင်းဆိုသည့်အချက်များအပေါ် အစိုးရ ကလိုက်လျောလိုသည့် ဆန္ဒရှိခဲ့လျှင်တောင် တပ်မတော်ကမလိုက်လျောပါက ဘာမျှလုပ်၍ မရဘဲ နိုင်ငံရေးဆွေးနွေးပွဲများပင် ရှေ့မဆက်နိုင်ဖြစ်ခဲ့ရပြီး အခက်ကြုံတွေ့ရလျက်ရှိသည်။

ထို့ကြောင့်ပင် တိုင်းရင၈်းသားလက်နက်ကိုင်အဖွဲ့များက ငြိမ်းချမ်းရေးအတွက် စကားပြောမည် ဆိုပါက အစိုးရတစ်ဖွဲ့တည်းဖြင့် ပြောဆိုနေရခြင်းမဟုတ်ဘဲ တပ်မတော်နှင့်ပါပြောဆိုနေရ သည့်အ တွက် ငြိမ်းချမ်းရေးခရီးမှာ ထင်ထားသည်ထက် ပို၍ရှည်ကြာနေခြင်းဖြစ်သည်။ လက်ရှိ မျက်မှောက် အခြေအနေများအရ အစိုးရအနေဖြင့်လည်း အမျိုးသားရင်ကြားစေ့ရေးကို တိုင်းရင်းသားလက်နက် ကိုင်များနှင့သာမက တပ်မတော်နှင့်ပါ ပြုလုပ်နေရသည်။

ထိုသို့ ရင်ကြားစေ့ရေးပြုလုပ်နေရသည့်ကာလအတွင်း ဖေစ့်ဘွတ်ကုမ္ပဏီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အသုံးပြုနေသော ပေ့စ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးအသုံးပြုနေသော ပေ့စ်၊ မြဝတီပေ့စ်အပါအဝင် ဖေ့စ်ဘွတ်ခ်အကောင့်(၁၈)ခုနှင့် ဖေ့စ်ဘွတ်ပေ့စ်(၅၂)ခုတို့ကို ပိတ်သိမ်းလိုက် သည်။ ထိုသို့ တပ်မတော်နှင့်ပတ်သက်သည့် အကောင့်များ၊ ပေ့စ်များကို ပိတ်သိမ်းလိုက်ခြင်းကြောင့် အစိုးရလုပ်ဆောင်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို  ထိုခိုက်လာနိုင်ကြောင်း၊ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဝန်ခံပြောဆိုခဲ့ပြီး၊ အစိုးရကတာဝန် ပေးထားသည့် ဖေ့စ်ဘွတ် စောင့်ကြည့်ရေးအဖွဲ့ (Social Media Monitoring Team-SMMT)က တပ်မတော်နှင့်သက်ဆိုင် သည့် ဖေ့စ်ဘွတ်စာမျက်နှာများကို ပိတ်သိမ်းခြင်းလုံးဝမရှိခဲ့ကြောင်း ပြော ဆိုခဲ့သည်။

ထိုအချက်ကပင် အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများအပါအဝင် တပ်မတော်နဲ့ပါ ပြုလုပ်နေရသည်မှာ ထင်ရှားလာပေ သည်။ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှာလည်း အပစ်ရပ်စဲထားသည်ဆိုသည့်တိုင် တစ်ခါတစ်ရံ တပ် မတော်နှင့် နယ်မြေများတွင် ထိတွေ့ပစ်ခတ်မှုများရှိနေသေးသည်။ နယ်မြေများ တွင် ထိတွေ့မရှိစေကာ မူ စကားဝိုင်းဆွေးနွေးပွဲများ၌ စကားလုံးဝိဝါဒကွဲပြားမှုများနှင့်ကြုံတွေနေ ရတတ်သည်။ ထိုအခြေအနေ များကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ အစည်းအဝေးများကို ခြောက်လလျှင် တစ်ကြိမ်ကျင်းပရန် သဘောတူညီထားကြသော်လည်း ယခု တစ်နှစ်တိတ်ပြည့်မြောက် လာသည့် အတွက် တတိယအစည်းအဝေးကိုပင် မဖြစ်မနေကျင်းပနေရ သည့ အခြေအနေပင်ဖြစ်နေသည်။

ထို့ကြောင့်ပင် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့်အဖွဲ့များကလည်း လက်မှတ် ရေးထိုး ရန် မဝံ့မရဲဖြစ်လာကြသည်။ မယုံမကြည်ဖြစ်လာကြသည်။ ထို့ကြောင့် အခြေအနေကို စောင့်ကြည့် အကဲခတ်နေကြသည်။ ထုအခြေအနေတွင် အချို့အဖွဲ့များက တပ်မတော်ပေ့စ်များ အား ဖေ့စ်ဘွတ်မှ ဖယ်ရှားပိတ်ပင်ခံရခြင်းကို ဝမ်းသာသယောင် ကြေညာချက်များတွေ့ရှိလိုက်ရ သည်။

ထို့ကြောင့်ပင် လက်ရှိမျက်မှောက်အခြေအနေကို သုံးသပ်ရပါမူ အစိုးရ၊တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ လျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေးခရီးမှာ ဝေးကွာနေဦး တော့မည်ဖြစ် ပြီး ငြိမ်းချမ်းရေး ရေစီးက နှေးသည်။ ဖက်ဒရယ်ခရီးက ဝေးနေဦးတော့မည်ဟု သုံးသပ်မိပါသည်။

မင်းရန်နိုင်