• Today is: Thursday, May 30, 2024

ဖက်ဒရယ်ပြည်ထောင်စု ရှေ့ရေး

ဖက်ဒရယ်ဂျာနယ် ( ၂၅ – စက်တင်ဘာ – ၂၀၂၁)
 
 
အေးအတူပူအမျှ ဥမကွဲသိုက်မပျက်ဆိုသည့် စကားကို ရှေးအစဉ် အဆက်ကအစ ကျွန်တော်တို့နိုင်ငံတွင် ပြောဆိုသုံးနှုန်းခဲ့ကြသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဖြစ်သည်ဟုလည်း ဝါဒဖြန့်ခဲ့ကြသည်။
 
ဤနယ်နိမိတ်ပေါ်တွင် ကျွန်တော်တို့လူမျိုးများ နှစ်ပေါင်းများစွာ နေခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေးကြောင့် ဖြစ်စေ၊ ယုံကြည်ကိုးကွယ်မှုကြောင့်ဖြစ်စေ၊ အယူဝါဒမှိုင်းတိုက်မှုကြောင့်ဖြစ်စေသာ ကျွန်တော်တို့ အနေနီးလျက် ဝေးနေကြခြင်းဖြစ်၏။ ထို့ကြောင့်သာ ဖွံ့ဖြိုးမှု နိမ့်ခြင်း မြင့်ခြင်းများ ဖြစ်ပေါ်လာပြီး သွေးအေးသထက် အေးသွားခြင်းဟုသာ မြင်မိသည်။
ကယ်၍သာ ကျွန်တော်တို့အချင်းချင်း ကူးလူးဆက်ဆံမှုများရှိလာပါက လူမျိုးစု တစ်စုနှင့်တစ်စုကြား စိုးစဉ်းငယ်မျှ ထင်ယောင်ထင်မှားပင် ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့် အေးအတူပူအမျှ မဖြစ်ရသနည်း၊ အဘယ်ကြောင့် ဥကွဲသိုက်ပျက် ဖြစ်ရသနည်း။ ကျွန်တော်တို့ ပြန်စဉ်းစားဖို့ လိုပြီဖြစ်သည်။
 
ဗမာစကားတွင် ရေကြည်ရာ မြက်နုရာဆိုသည်က ရှိသေးသည်။ လူသားအပါအဝင် သတ္တဝါအများစုသည် ကမ္ဘာဦးအစကစ၍ ရေကြည်ရာ မြက်နုရာဒေသများတွင် မှီတင်းနေထိုင်ကြသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်စေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမရှိခြင်းကြောင့်ဖြစ်စေ မိမိနေထိုင်ရာ ဒေသများတွင် ရေမကြည် မြက်မနုတော့သည့်အခါ မိမိဒေသကို စွန့်ခွာ၍ အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြပြန်သည်။
ဤနေရာတွင် မိမိဒေသကို ရေကြည်ပြီး မြက်နုအောင် မလုပ်နိုင်ကြတော့ဘူးလားဟု မေးစရာရှိသည်။ မြန်မာတိုင်းရင်းသား မိသားစုများသည် အခြားလူမျိုးများထက် ဇာတိမြေကို တန်ဖိုးထားကြသည်။ မိဘဘိုးဘွားများပိုင်ဆိုင်သော မြေကိုပင် တခြားသူလက်ထဲ ရောက်ချင်ကြသူများ မဟုတ်ပေ။ မိမိ၏ ဇာတိမြေ၌ မိမိ၏ ဘိုးဘွားမြေ၌ ရေမကြည် မြက်မနုသည့်အပြင် စစ်ပွဲများကြောင့် လုံခြုံစိတ်ချရမှုမရှိသောအခါ အခြား လုံခြုံစိတ်ချရသည့်မြေသို့ ပြောင်းရွှေ့နေထိုင်ကြရတော့သည်။ ဤတွင် အေးအတူ ပူအမျှ ဥမကွဲ သိုက်မပျက် ဆိုသည့်စကားလည်း အဘယ်သို့ရောက်သွားမှန်း မသိတော့ချေ။
 
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးသည့် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်လောက်မှစ၍ ပြည်တွင်းစစ်မီး တောက်ခဲ့သည်။ ဦးနု၏ ဖဆပလအစိုးရက လက်နက်ကိုင်ပုန်ကန်သူများကို ရောင်စုံသူပုန်ဟုခေါ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များအပြင် ဗမာကွန်မြူနစ်ပါတီ အလံနီ၊ အလံဖြူ။ ရဲဘော်ဖြူ၊ ရဲဘော်ဝါ စသည့် လက်နက်ကိုင်အင်အားစုများ ပါဝင်နေ၍ ဖြစ်နိုင်သည်။ ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီကမူ ပြည်တွင်းသောင်းကျန်းသူများဟု ဆိုကြပြန်သည်။ ယခုအခါ ကွန်မြူနစ်ပါတီ တပ်ဖွဲ့များလည်း မရှိတော့သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဟုသာ ခေါ်ဆိုကြတော့သည်။
 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်အရ ပေါ်ထွက်လာသော အစိုးရများက ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အရေးကို ရှေးရှုကာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် နိုင်ငံရေးမူဘောင်များ၊ ဆွေးနွေးညှိနှိုင်းခြင်းများ အကြိမ်ကြိမ်အခါခါ ပြုလုပ်ခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းလိုက်သောအခါ ပြည်တွင်းစစ်မီးမှာ မငြိမ်းဘဲ ပိုမိုတောက်လောင်လာသလို ဖြစ်ရတော့သည်။
 
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် တခဲနက်မဲပေးခဲ့ကြသော မဲဆန္ဒရှင် ပြည်သူ ၃၇ သန်း၏ ဆန္ဒကို ဥပေက္ခာပြုကာ အာဏာ သိမ်းစစ်ကောင်စီက အာဏာသိမ်းခြင်း၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း၊ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ခြင်းတို့ကြောင့် ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသည်။ ထိုဆန္ဒပြမှုများကို အင်အားသုံးဖြိုခွင်းမှုကြောင့် လူငယ်များ မခံမရပ်နိုင်ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်များထံ စစ်ပညာ သွားရောက်သင်ကြားကြသည်။ တော်လှန်လိုသော ပြည်သူများက ရရာလက်နက်ဆွဲကိုင် တော်လှန်လာကြသည်။
 
ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသအချို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသအချို့ ၊ ကယားပြည်နယ်တို့တွင် စစ်မီးများ တောက်လောင်လာသည်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့ရှိ မိုးကောင်းရွာအပြင် ရွာလေးရွာထက်မနည်းကို စက်တင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီတပ်များ ဝင်ရောက်ကာ အိမ်ခြေများကို ဖျက်ဆီးသွားသည်ဟု ကနီကာကွယ်တပ်က ထုတ်ပြန်ကြောင်း သတင်းများတွင် တွေ့ရသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ချောင်းဦး၊ တန့်ဆည်မြို့များတွင်လည်း ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသည်။ တစ်လျှောက်လုံး တည်ငြိမ်အေးချမ်းလာခဲ့သော ချင်းတောင်တန်းများပေါ်တွင် ယမ်းငွေ့များ သန်းနေသည်။ ကလေး၊ မင်းတပ်၊ ထန်တလန်၊ ဟားခါး စသော မြို့များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးအင်အားသုံးမှုကြောင့် လူနေအိမ်ခြေများစွာ မီးလောင်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်သူများ များပြားလာသည်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးများတွင်လည်း မြို့ပြပျောက်ကြားတို့၏ တော်လှန်မှုများ အဆက်မပြတ်ရှိနေဆဲ ဖြစ်သည်။
 
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်မည်ဆိုသော နိုင်ငံသားများသည် ယခုအခါ အေးအတူမဖြစ်ဘဲ ပူအမျှတွေ ဖြစ်ကုန်သည်။ စစ်ကောင်စီရန်ကို ကြောက်၍ ထွက်ပြေးတိမ်းရှောင်ရသဖြင့် မိသားစုတွေ အသိုက်ကွဲခဲ့ကြပြီဖြစ်သည်။ ရေကြည်ရာ မြက်နုရာမှာလည်း နေချင်စိတ်မရှိတော့။ ယမ်းငွေ့များ သန်းနေပြီဖြစ်၏။ ရွှေပြည်တော် မျှော်တိုင်းဝေးဆိုသည့် စကားက ကျွန်တော်တို့အတွက် ကျိန်စာတစ်ခု ဖြစ်ခဲ့လေသလားဟုသာ တွေးမိပါတော့သည်။
 
 
မောဂ္ဂလိ