• Today is: Sunday, February 25, 2024

နောက်ကြောင်းပြန်လှည့်နေသည့် မြန်မာပြည်၊ မည်သည့် နိင်ငံရေးခေတ်သို့ ပြန်သွားမည်နည်း

နောက်ကြောင်းပြန်လှည့်နေသည့် မြန်မာပြည်၊ မည်သည့် နိင်ငံရေးခေတ်သို့ ပြန်သွားမည်နည်း

ဖက်ဒရယ်ဂျာနယ် ( စက်တင်ဘာ – ၂၅)

 

‘မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု နောက်ကြောင်းပြန်လှည့်နိုင်မလား’ဟူသော မေးခွန်းကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုနီးပါး ပညာရှင်နှင့် ခေါင်းဆောင်များက ဆွေးနွေးခဲ့ရာမှာ အများစုက ‘မလှည့်လောက် တော့ပါဘူး’ဟု သုံးသပ်ခဲ့ကြသည်။ သို့သော် ယင်းဟောကိန်း အားလုံး ယနေ့တွင် လွဲသွားပါပြီ။ ရာနှုန်းပြည့် နောက်ကြောင်းပြန်လှည့်ပါပြီ။

ယနေ့တွင် ထပ်ဆင့်မေးရမည့် မေးခွန်းမှာ ‘ဤနောက်ကြောင်းပြန်မှုသည် မည်သည့် နိုင်ငံရေးခေတ် သို့ ဉီးတည်နေသနည်း။ တစ်ချို့တိုင်းရင်းသားများ ပြောပြောသလို ပင်လုံမတိုင်ခင်(Pre-Panglong)အထိကို ပြန်သွား မှာလား၊ သို့မဟုတ် ပင်လုံစာချုပ်အကောင်အထည်ဖော်ရေးကို ပြန်သွားနိုင်မလား၊ စစ်အာဏာရှင် သက်ဆိုးရှည်မည့် ၁၉၈၈/၁၉၉၀ အခင်းကျင်းကို ပြန်ရောက်မှာလား သို့တည်းမဟုတ် ၂၀၀၈/၂၀၁၀ အခင်းကျင်းကို စလုံရေစမှ ပြန်စမှာလား စသည်ဖြင့်။

ဤနိုင်ငံရေးအကျပ်အတည်းအလွန် (post-conflict)တွင် ကြံတွေ့နိုင်ဖွယ် အခင်းအကျင်း (scenarios) ၅ ခုကို မိမိအနေဖြင့် ကြိုတင်ခန့်မှန်းသုံးသပ်မိပါသည် (အောက်မှာ ဇယားဖြင့် ဖော်ပြထားပါသည်)။

နောက်ကြောင်း-၁၊ ပင်လုံမတိုင်ခေတ်ကို ဉီးတည်ခြင်း

အကယ်၍ ပြည်တွင်းစစ် ပြင်းထန်လို့ မည်သည့်ဘက်မှ အနိုင်မရဘဲ နောက်ဆုံး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပါက တိုင်းပြည်သည် ဆီးရီးယာနိုင်ငံကဲ့သို့ ကျဆုံးနိုင်ငံဖြစ်သွားမည်။ ထိုကဲ့သို့ ချောက်ထဲ ရောက်သွားပါက ၁၉၄၇ ပင်လုံစာချုပ်မတိုင်ခင်(Pre-Panglong) အခင်းအကျင်းကို ဉီးတည်သွားနိုင်သည်။ တစ်နည်းအားဖြင့် ပင်လုံစာချုပ်ကို မေ့ပစ်၍ ကိုယ်စီမူလပိုင်ဆိုင်ခဲ့သော အချုပ်အခြာ (Sovereignty)ကို ပြန်လည် ဖော်ဆောင်(claim) ကြပါလိမ့်မည်။ (ဤနေရာမှာ လူမျိုး/ပြည်နယ်တစ်ခုက မိမိအချုပ်အခြာအာဏာ ထိန်းသိမ်းလိုမှုကို ‘ခွဲထွက်လိုမှု’အဖြစ် လွယ်လင့်တကူ မသတ်မှတ်သင့်၊ ပြည်နယ် အချုပ်အခြာအာဏာ လည်းရှိနိုင်ပါတယ်- ဉပမာ ဆွစ်ဇာလန်နိုင်ငံ၏ Canton ပြည်နယ်များ၏ အချုပ်အခြာပိုင်ဆိုင်မှု)။

ထိုအခြေအနေသို့ ဆိုက်ရောက်သွားပါက ဖြစ်နိုင်ခြေ နည်းလမ်း ၂ ခုရှိနိုင်သည်။ ပင်လုံစာချုပ်ကို ဖြတ်သိမ်း၍ တွဲရေး၊ခွဲရေးကိစ္စအပါအဝင် နိုင်ငံရေးစိစ္စအဝဝကို ကြိုတင်ကန့်သတ်ချက်(Precondition) မထားဘဲ စလုံရေစဖြင့် စာပွဲပေါ် ပြန်လည်ဆွေးနွေးသည့်နည်းလမ်းနှင် ဒုတိယနည်းလမ်းက ဆွေးနွေးပွဲ စာပွဲပြင် မခင်းတော့ဘဲ ကိုယ့်လှေကိုယ်စီး ခရီးနင်ကြသည့် နည်းလမ်း (Balkanization)။

ဤအခင်းအကျင်းသို့ ရောက်သွားသည့်အခါ လူမျိုး/ပြည်နယ်အများစုသည် ဖက်ဒရေးရှင်း(Federation)ဖြင့် ဆက်လက် အတူယဉ်တွဲနေထိုင်လိုကြမည် မှန်သော်လည်း တစ်ချို့လူမျိုး/ပြည်နယ်များသည် ထိုထက်ပိုမြင့်သော ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့် ကွန်ဖက်ဒရေးရှင်း(Confederation)အဆင့် သို့မဟုတ် သီးခြားနိုင်တော် (independent)တည်ထောင်ရေးအဆင့်ကို ဖော်ဆောင်လိုကြပါလိမ့်မည်။ အပြိုင်အဆိုင်အားဖြင့် ဗမာအမျိုးသားရေးဝါဒီ မ.ဘ.သ ကဲ့သို့သော အစွန်းရောက်လှုပ်ရှားမှုလည်း မြင်တွေ့ရပါလိမ့်မည်။

နောက်ကြောင်း-၂၊ ပင်လုံစာချုပ်သို့ ပြန်သွားခြင်း

အရေးတော်ပုံ ရာနှုန်းပြည့်အောင်မြင်၍ စစ်ကောင်စီနှင့် ညှိနှိုင်းရန်မလိုအပ်ပါက NUG/NUCC/PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အခြားစုဖွဲ့မှုများ(KPICT, ICNCC, KNCC စသည်တို့) ဉီးဆောင်၍ ပင်လုံစာချုပ်ကို ပြန်လည်ဖော်ဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး အခင်းအကျင်းသို့ ရောက်ရှိသွားနိုင်သည်။ သို့သော် ဤနေရာမှာလည်း အရေးတော်ပုံပြီးဆုံးသွားပြီဖြစ်၍ တိုင်းရင်းသားများ၏ အကူအညီမလိုအပ်တော့သည့်အခါ ဗမာခေါင်းဆောင်များက ၁၉၄၇-၁၉၄၈ တုန်းကကဲ့သို့ သူတို့ကတိအတိုင်း အကောင်အထည်ဖော်ဆောင်ရန် ထပ်မံပျက်ကွက်လေဉီးမှာလား ဆိုသည့် မရေရာမှုလည်း ရှိပါသေးသည်။

ထိုအခြေအအနေတွင် တိုင်းရင်းသားအများစုက ဖက်ဒရယ်စနစ်ကို ကိုင်စွဲကြမည်ဖြစ်သော်လည်း အချို့သော တိုင်းရင်းအဖွဲ့များသည် အထက်က နောက်ကြောင်း-၁ အခင်းအကျင်းကဲ့သို့ ခွဲထွက်ရေး သို့မဟုတ် ကွန်ဖက်ဒရေးရှင်း ဖော်ဆောင်ရေး လှုပ်ရှားမှုလည်း လုပ်ဆောင်နိုင်ခြေရှိကြသည်။ အပြန်အလှန်ဖြင့် ဗမာအမျိုးသားရေးဝါဒီ မ.ဘ.သ ကဲ့သို့သော အစွန်းရောက်လှုပ်ရှားမှုလည်း မြင်တွေ့ရပါလိမ့်မည်။

နောက်ကြောင်း-၃၊ ရှစ်လေးလုံးနောက်ပိုင်း စစ်အာဏာရှင်ခေတ်

အကယ်၍ စစ်ကောင်စီအနေဖြင့် သူ့အစီအစဉ်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပါက မထူးဇတ်ခင်းပြီး ၁၉၉၀ အလွန်ကာလအတိုင်း နှစ်ရှည်အာဏာဆုပ်ကိုင်သည့် လမ်းကြောင်းကို ပြန်သွားနိုင်ပါသည်။ တစ်နည်းအားဖြင့် မင်းအောင်လှိုင်က အာဏာကိုခဏထိန်းထားခြင်းသာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဉပဒေအရ  ၂နှစ်ခွဲအတွင်း အာဏာလွှဲမည်ဖြစ်ကြောင်း လတ်တလော ပြောပြောနေလင့်ကစား ရွေးကောက်ပွဲကျင်းပ၍ အာဏာ မလွှဲနိုင်သည့်အတွက် သူ့၏ လမ်းသွယ်-၂ (Plan-B)ကို ရွေးချယ်သည့် လမ်းကြောင်းဖြစ်ပါလိမ့်မည်။

အဆိုပါလမ်းကြောင်းကို ရောက်သွားပါက ၁၉၈၈ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC)ဖွဲ့စည်းခဲ့မှုကို ၁၉၉၇ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC)အဖြစ်သို့ ပြောင်းလဲခဲ့သကဲ့သို့  လက်ရှိ စစ်ကောင်စီ(SAC)နှင့် အိမ်စောင့်ကအစိုးရကိုလည်း ရေရှည်အုပ်ချုပ်ရေးဆိုင်ရာ နာမည်တစ်ခုခုဖြင့် အမည်ပြောင်းလဲ ပါလိမ့်မည်။

ထိုပြင် ၂၀၀၈ အခြေခံဉပဒေအတိုင်း ၂ နှစ်ခွဲအတွင်း ရွေးကောက်ပွဲကျင်းပပြီး အာဏာမလွှဲအပ်နိုင်သည့် ဖြေရှင်းချက်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကိုပါ ဖျက်သိမ်း၍ ၁၉၉၃ ခုနှစ်မှာ ညောင်နှပင်ညီလာခံ ကျင်းပခဲ့သကဲ့သို့ ခြေ-ဉရေးဆွဲရေးဖြစ်စဉ်ကို အသစ်ဖြင့် ဖော်ဆောင်နိုင်သည်။ သူ့အာဏာ တည်မြဲမှု ဆွဲဆန့်သည့်သဘော လည်းဖြစ်မည်။ ကိုယ်တိုင်ရေးသည့် အခြေခံဉပဒေ ကိုယ်တိုင် မလိုက်နာနိုင်မှု ကြိမ်ဖန်များ လာသည့်အတွက် ‘မထူးဘူး’ ဆိုသည့်သဘောလည်း ဖြစ်နိုင်သည်။

ဤအခင်းအကျင်းတွင် စစ်ကောင်စီသည် ပြည်တွင်းစစ်ကို အပြီးတိုင် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တိုင်းရင်းသားဒေသ များအပြင် ပြည်မဒေသ တစ်ချို့တွင် စစ်ပွဲနှင့် နယ်မြေထိန်းချုပ်မှုဆိုင်ရာ ပဋိပက္ခများ အနည်းဆုံး သုံးလေးနှစ်အထိ ဆက်လက်ရင်ဆိုင်ရလိမ့်မည်။

နောက်ကြောင်း-၄၊ စပ်ကူးမတ်ကူးကာလာ(၂၀၀၈/၂၀၁၀)

ဤအခင်းအကျင်းသည် စစ်ကောင်စီက အမှန်တကယ် ပြန်သွားလိုသည့် နေရာဟု ယူဆရသည်။ ဉီးသိန်းစိန်လက်ထဲမှ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအာဏာကို လက်ဆင့်ကမ်းလာသည့် နောက်ပိုင်းတွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုကို မင်းအောင်လှိုင်နှင့် သူ့နောက်လိုက် စစ်ခေါင်းဆောင်များက မနစ်မြို့သည့်အတွက် အသွင်ကူးပြောင်းမှုကို တစ်ပတ်ပြန်ရစ်ချင်သည့် သဘောဖြစ်ပါသည်။

ထို့ကြောင့် စစ်ကောင်စီအနေဖြင့် မူလရည်ရွယ်ချက်အတိုင်း အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ပါက ၂၀၀၈ အခြေခံဉပဒေအတိုင်း ၂၀၁၀ ခုနှစ်တုန်းက ကဲ့သို့သော ရွေးကောက်ပွဲကို အဖြစ်သဘောဖြင့် ပြန်လည်ကျင်းပ ပေးလိုသည်။ ထိုမှ စစ်တပ်ကို သစ္စာခံသည့် ပါတီနှင့် ပုဂ္ဂိုလ်များကို အနိုင်ပေးပြီး အုပ်ချုပ်စေမှာဖြစ်သည်။

သန်းရွှေကဲ့သို့ အာဏာစွန့်လွှတ်ရန် အသက်ငယ်သေးသည်ဟု မိမိကိုမိမိခံယူ၍ အာဏာကို ဆာလောင်နေသေး သည့် မင်းအောင်လှိုင် အနေဖြင့် ထိုအခင်းအကျင်းကို ဖန်းတီးနိုင်ပါက သူကိုယ်တိုင်ကပြင်လျှင် သမ္မတ ထိုင်လုပ်ပြီး ၂၀၃၃ ခုနှစ်အထိ သမ္မတသက်တမ်းကို ၂ ကြိမ်လောက် ဆက်လက် ဆုတ်ကိုင်ထား လိုပါလိမ့်မည်။ သို့မဟုတ်  လက်ရှိအာဏာသိမ်းလုပ်ငန်းကို ကွယ်ရာမှ အင်တိုက်အားတိုက်ကူညီပေးသည့် ဉီးသိန်းစိန်ကို သမ္မတရာထူးကို နာမည်ခံဖြင့် တာဝန်ယူခိုင်းစေလိုသည်လည်း ဖြစ်နိုင်သည်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီနှင့် အစိပ်သားပေါင်း အစိုးရဖွဲ့နိုင်ခဲ့ပါက ဉီးသိန်းစိန် သမ္မတလုပ်ဖို့ ကာချုပ်က သဘောတူ ခဲ့ကြောင်း ကြံ့ခိုင်ရေးနှင့် နီးစပ်သူ ပညာရှင်တစ်ဉီးက ပြောဖူးပါသည်။

နောက်ကြောင်း-၅၊ အာဏာမသိမ်းခင် အခင်းအကျင်းကိုပြန်သွားခြင်း

သရေကစားသည့်ပွဲ ဆိုပါစို့။ အကယ်၍ စစ်ကောင်စီနှင့် NUG အနေဖြင့် နောက်ဆုံးမှာ ထိုက်တိုက်ရင်ဆိုင်မှုကို အဆုံးသတ်၍ ညှိနှိုင်းသဘောတူညီမှုရရှိပါက အာဏာမသိမ်းခင် အခင်းအကျင်းကို ပြန်သွားနိုင်သည်။ ယင်းသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတိုင်း NLD က အစိုးရဖွဲ့လိမ့်မည်။ တပ်တွင်း တန်ပြန်အာဏာသိမ်းခြင်း သို့မဟုတ် စစ်ခေါင်းဆောင်တစ်ချို့ ပြည်ပ ထွက်ပြေးခြင်း စသည်များလည်း မြင်တွေ့နိုင်သည်။

သို့သော်လည်း သွေးစွန်းနေသည့် စစ်ခေါင်းဆောင်များနှင့် ပြန်လည်ရင်ကြားစေ့ပြီး ၂၀၀၈ အခြေခံဉပဒေအတိုင်း ပြန်သွားမှာနိုင်ခြေများသည့်အတွက် ယနေ့ အရေးတော်ပုံတော်လှန်ရေးမှာ ပါဝင်ကြသော လူငယ်ခပ်များများက ၎င်းအခင်းအကျင်းကို ခါးခါးသီးသီး ဆန့်ကျင်ကန့်ကွက်ပါလိမ့်မည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများက မည်သို့ပြင် ကြိုးစား ဖြောင်းဖျကြစေကာမူ အချိန်တိုတိုအတွင်းမှာ အခြေအနေ ငြိမ်သက်ရန် ခဲယင်းပါလိမ့်မည်။

ခြံငုံသုံးသပ်ခြင်း

အရေးတော်ပုံလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်သည့် တိုင်းရင်းသားအများစုအနေဖြင့် အထက်က ဖြစ်နိုင်ချေ ၅ ခုအနက် နောက်ကြောင်း-၂ ဖြစ်သော ပင်လုံစာချုပ်သို့ပြန်သွားသည့် အခင်းအကျင်းကို မြင်တွေ့လိုကြပါလိမ့်မည်။ သို့သော် ၎င်းအဆင့်ရောက်ဖို့အတွက် အရေးတော်ပုံ ရာနှုန်းပြည့်နီးပါး အောင်မြင်ဖို့ လိုအပ်သည့်အတွက် လက်ရှိအခြေအနေ အရ ဖြစ်နိုင်ခြေ အများဆုံးအဖြစ် သတ်မှတ်ရန် ခက်ခဲပါသေးသည်။

တစ်နည်းအားဖြင့် စစ်အာဏာရှင် ဆက်လက် သက်ဆိုးရှည်စေမည့် နောက်ကြောင်း-၃ နှင့် နောက်ကြောင်း-၄ ခေတ်ကို ပြန်မသွားစေရေးအတွက် အရေးတော်ပုံလှုပ်ရှားမှုအနေဖြင့် ဒီထက်ပိုပြီး အားစိုက်ဖို့ လိုအပ်သည်ဟု ယူဆမိပါသည်။ အကြောင်းမှာ ရက်ပေါင်း ၂၀ နီးပါးကြာမြင့်လာပြီးဖြစ်သော NUG/PDF ၏ D-Day ကြေညာမှုသည် အများမျှော်လင့်သကဲ့သို့ ပုံပေါ်မလာသေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ပါတီတစ်ချို့က  ကိုယ်ကျိုးရှေ့တန်းတင်လွန်းနေခြင်း၊ အရေးတော်ပုံလှုပ်ရှားမှုအပေါ် နိုင်ငံတကာ၏ ထောက်ခံ/ပံ့မှု ထင်သလောက် ရရှိမလာခြင်း၊ အိမ်နီးချင်းကောင်းမပြီသလှသည့် အိမ်နီးချင်းနိုင်များ ပိုင်ဆိုင်မိခြင်း၊ စသည်တို့သည် အရေးတော်ပုံ ဂုဏ်ထူး ဖြင့်အောင်မြင်ရေးကို ချိန်းခြောက်နေတုန်း ဖြစ်ပါသည်။

လွန်ခဲ့သော ၅ လခန့်တွင် စာရေးသူအပါအဝင် လူငယ်များက ရန်ကုန်လမ်းမပေါ်မှာ ‘သရေဆိုရင် ကျန်တော်တို့ ရှုံးတယ်’ဟု ရင်နာနာဖြင့် အော်ဟစ်ဆန္ဒပြခဲ့ကြသည်။ အရေးတော်ပုံ အပြတ်အသတ်အနိုင်ရရေးနှင့် စစ်ကောင်စီနှင့် ညှိနှိုင်းအလျှော့အတင်းလုံးဝမလုပ်ရေးကို ဆိုလိုခဲ့ခြင်းဖြစ်သည်။ သို့သော် နိုင်ငံရေးသည် ပြိုင်ပွဲဖြစ်သည့် အားလျော်စွာ မိမိတို့ရည်မှန်းသလို အပြတ်အသတ်အနိင်မရလျှင် ရန်သူ့လက်အောက် ကျရှုံးမသွားရေးအတွက် နောက်ဆုံး (အနည်းဆုံး)အားဖြင့် သရေ(draw)လောက် ကစားနိုင်ဖို့လည်း လိုအပ်သေးသည်။

 

 

ဆလိုင်း ကျဲအိုဘိခ်ထောင်