• Today is: Tuesday, April 30, 2024

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

၁။ စစ်ကောင်စီကို တပြိုင်တည်း ဝိုင်းတိုက်ခိုက်ရန် ဒီးမော့ဆို PDF တိုက်တွန်း
၂။ စစ်ကောင်စီဖမ်းဆီးသည့် ဒေသခံကရင်လူမှုအဖွဲ့ဝင်တစ်ဦးကို ပြန်မလွှတ်ပေးပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ထုတ်ပြန်
၃။ တံတား မိုင်းခွဲဖျက်ဆီးခံရသည့်နေရာတွင် အမျိုးသား ၂ ဦးသေဆုံး
၄။ ထင်ချောင်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် CDF – Mindat တို့ ဖြစ်ပွားသည့်တိုက်ပွဲတွင် ဓာတုလက်နက်သုံးဟု ထုတ်ပြန်
၅။ ခရစ်ယာန်ကျောင်းပေါ် လက်နက်ကြီးကျည်ကျ အရပ်သား လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ
၆။ နမ့်လန်အတွင်း စစ်ရေးတင်းမာနေသေးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
၇။ မင်းတပ်မြို့နယ်၌ တိမ်းရှောင်နေသည့်ပြည်သူများ မိုးကာနှင့်ဆေးဝါးရိက္ခာ အကူအညီလိုအပ်နေ
၈။ ရေကာတာစီမံကိန်းများအပြီးတိုင် ရပ်ဆိုင်းပြီး တရုတ် SPIC ကုမ္ပဏီထွက်ခွာသွားရန် ကချင်ဒေသခံများ တောင်းဆို
၉။ “ပြည်သူရှိနေသရွေ့ပါတီရှိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
၁၀။ မိုးမောက်မြို့၌ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး ၁ ဦး သေဆုံး
၁၁။ ဒီမော့ဆို ရဲစခန်းကို PDF က ထပ်မံ ဝင်တိုက်၊ တင့်ကားတစ်စီး ဖျက်ဆီးထားဟု ဆို
၁၂။ အသက် (၁၅)နှစ်မပြည့်သေးသည့် တောင်ကြီး လူငယ်တစ်ဦးဖမ်းဆီးခံရ
၁၃။ KIA ဖျက်ဆီးခဲ့သည့် ယုဇနကုမ္ပဏီဝင်းတွင် သံတိုသံစ သွားကောက်သည့် ဒေသခံ ၆၀ ဦး ဖမ်းဆီးခံရ
၁၄။ ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အား ပြည်နယ်စစ်ကောင်စီမှ ဆန်ရိက္ခာထောက်ပံ့မှုပြုလုပ်
၁၅။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူလူထုကိုကာကွယ်ရန် လူငယ်များ စစ်သင်တန်းဆင်း
၁၆။ ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းအပ်နှံမှု ပထမရက်၌ အပ်နှံသူ ၁,၇၉၆ ဦးရေရှိ
၁၇။ PR စနစ် မကျင့်သုံးဖို့ ရွေးကော်သစ်ကို ဒေါက်တာအေးမောင်အဆိုပြု
၁၈။ စစ်တပ်ကားဝင်တိုက်မှုကြောင့် ပူတာအို လူငယ်တစ်ဦးသေဆုံး
၁၉။ ဖားကန့် လူမှုကူညီရေးအသင်းမှ လူငယ်တစ်ဦး သေနတ်ဖြင့် ၃ကြိမ်ထက်မနည်း ပစ်သတ်ခံရ
၂၀။ ကျောက်မဲမြို့ရှိ စူဠာမဏိစေတီ မိုးကြိုးပစ်ခံရ၍ ထီးတော်မြေခ
၂၁။ လဲချားမြို့ ရဲလင်မယားရန်ဖြစ်၊ ရဲတပ်ကြပ် ကိုယ့်ကိုယ်ကို သတ်သေ
၂၂။ မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကရင်ကျေးရွာတွင် ဝက်များဆက်တိုက်သေဆုံးနေ

***********

၁။ စစ်ကောင်စီကို တပြိုင်တည်း ဝိုင်းတိုက်ခိုက်ရန် ဒီးမော့ဆို PDF တိုက်တွန်း
24 May 2021

တောင်ပေါ်ဒေသများတွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသကဲ့သို့ တခြားပြည်နယ်နှင့် တိုင်းအသီးသီးမှ ပြည်သူ့ ကာကွယ်ရေးတပ်များ အနေဖြင့်လည်း တပြည်လုံး အတိုင်းအတာအနေဖြင့် တပြိုင်တည်း ဝိုင်းတိုက်ခိုက်ကြရန် တိုက်တွန်း သည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဧရာဝတီကို ပြောသည်။ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်သည် မေ ၂၁ ရက်မှစ၍ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်း၌ စစ်ကောင်စီနှင့် တိုက်ခိုက်မှု စတင် ဖြစ်ပွားခဲ့သည့်တပ်ဖွဲ့ ဖြစ် သည်။ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်၏ ပြောရေးဆိုခွင့်ရှိသူ တဦးက “ကျနော်တို့ ဒီဘက်မှာ ရရာလက်နက်နဲ့ စစ်ကောင်စီကို ပစ်ခတ်နေပါတယ်။ တပြည်လုံးအတွက် ချနေတဲ့အချိန်မှာ တချို့နေရာတွေက မချတာရှိတယ်။ ကျနော်တု့ိ ဒီမှာ ချနေပြီဆို ရင် အခြားဒေသတွေကလည်း လိုက်ချပေးဖို့လိုပါတယ်။ ကျနော်တို့ သေတာပဲ ထိုင်ကြည့်နေမှာလား။ အကုန်လုံး ဝိုင်းတိုက် ခိုက်ဖို့ လိုပါပြီ” ဟု ပြောသည်။

ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖယ်ခုံတို့တွင် တိုက်ခိုက်နေသည့် PDF တပ်ဖွဲ့များသည် NUG ၏ လက်နက်ခဲယမ်း အထောက်အပံ့ မရရှိဘဲ ၎င်းတို့ကိုယ်တိုင် ရှာဖွေစုဆောင်းထားသည့် လက်နက်ခဲယမ်းများဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည် ဟု ဒီးမော့ဆို PDF အဖွဲ့က ပြောသည်။ PDF အဖွဲ့ဝင်တဦးက “စစ်ရေးက ဒီမှာတော်တော်တင်းမာနေတဲ့ အနေအထားရှိတယ်။ သူတို့ ဘက်က လေယာဉ်တွေ တင့် ကားတွေပါ သုံးလာတယ်။ ကျနော်တို့ ဘက်ကလည်း လူအင်အား၊ လက်နက်အင်အား ဖြည့် တင်းဖို့ ရှိတယ်။ NUG ကို လည်း ပြောချင်တာ စာပဲထိုင်ထုတ်မနေဘဲ ကျနော်တို့ကို လိုအပ်တာတွေ ထုတ်ပေးဖို့ မြန်မြန် လုပ်ပေးစေချင်တယ်” ဟု ပြောဆိုသည်။

ကယားပြည်နယ် အခြေစိုက် တိုးတတ်သောကရင်နီပြည်သူ့အင်အားစု (PKPF) ကလည်း “အခြား တိုင်းနဲ့ပြည်နယ် အမြန် ထကြွပေးကြပါ။ ကရင်နီပြည်နယ် အခြေအနေ အခုက ဒီးမော့ဆိုပဲ စစ်ပွဲဖြစ်နေတာ မဟုတ်ဘူး။ တပြည်နယ်လုံးပါ။ နေ့ည မပြတ် ဗုံးသံ၊ သေနတ်သံတွေပဲ”ဟု ၎င်းတို့၏သတင်းနှင့်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ကယား ပြည်နယ်အတွင်း စစ်ကောင်စီကို တိုက်နေသည့် တပ်ဖွဲ့များသည် လက်နက်ခဲယမ်း အပြည့်အစုံရှိ၍ တိုက်နေခြင်း မဟုတ်ဘဲ ရရာလက်နက်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ရာ အခြားဒေသမှ စစ်ကောင်စီကို တော်လှန်နေသူများကလည်း လက် နက် မရှိဟု အကြောင်းမပြဘဲ တပြိုင်တည်း ဝိုင်းတိုက်ခိုက်ရန် တောင်းဆိုသည်ဟုလည်း PKPF က ဆိုသည်။ https://burm a.irrawaddy.com/news/2021/05/24/242158.html

၂။ စစ်ကောင်စီဖမ်းဆီးသည့် ဒေသခံကရင်လူမှုအဖွဲ့ဝင်တစ်ဦးကို ပြန်မလွှတ်ပေးပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ထုတ်ပြန်
May 24, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် (တပ်မဟာ -၃) ကျောက်ကြီးမြို့နယ်မှ ဒေသခံ ကရင်လူမှု အဖွဲ့ဝင် နော်အေးကြန်ကို စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားခြင်းနှင့်ပတ်သက်၍ ပြန်လွှတ်ပေး ရန်တောင်းဆိုပြီး ပြန်မလွှတ်ပါက လူထုနှင့်အတူ လက်တွဲပြီး ပြင်းထန်စွာ တုံ့ပြန်မည်ဟု ဒေသခံ ကရင်လူမှုအဖွဲ့အစည်းက မေလ ၂၄ ရက်နေ့ တွင် ထုတ်ပြန်ချက်ထုတ်ပြန်လိုက်သည်။

ဒေသခံကရင်လူမှု အဖွဲ့အစည်း၏အဖွဲ့ဝင် နော်အေးကြန်ကို ၎င်းနေထိုင်ရာ ကျောက်ကြီးမြို့နယ် ပိုလိုးနိုဖိုးကျေးရွာရှိ နေအိမ် တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခလရ(၆၀) တပ်ဖွဲ့မှ ( မေလ၂၄)ရက် နံနက် ၄ နာရီခွဲ အချိန်ခန့်တွင် ဝင်ရောက် ဖမ်းဆီး သောကြောင့် အမြန်ပြန်လွှတ်ပေးရန် ဒေသခံ ကရင်လူမှုအဖွဲ့အစည်းက ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း လည်းဖြစ်သည်။“ ဘာကြောင့် ဖမ်းလဲဆိုတာက ကျနော်တို့ မသိရသေးဘူး။ CDM သမားတွေကို လိုက်ဖမ်း တယ်ဆိုတာက တစ်မျိုးပေါ့၊ အခုကကျနော်တို့ ကရင်လူမှုအဖွဲ့ကလူကို ဖမ်းတယ်ဆိုတာကတော့ နောက်ဆက်တွဲပြဿနာတွေက ပိုကြီး ထွားလာနိုင်တယ်ပေါ့ ။ လွှတ်ပေးတာမရှိရင် လူထုတွေနဲ့အတူ သဘောထားထုတ်ပြန်ချက်ထဲက အတိုင်းဘဲရပ် တည်မှာပေါ့” ဟု ညောင်လေးပင်ခရိုင်အဆင့် ဒေသခံလူမှုအဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ပြောသည်။

ဒေသအကျိုး၊ လူထုအကျိုး ထမ်းဆောင်နေသည့် လူပုဂ္ဂိုလ်တစ်ဦးကို စစ်ကောင်စီတပ်ဘက်မှ ယခုလို မတရားဖမ်းဆီးချုပ် နှောင်ထားခြင်းသည် ပြင်းထန်စွာရှုတ်ချသလို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိ သူများကို အသိ ပေးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံကရင်လူမှုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အကြမ်းဖက်စစ်ကောင်စီတပ် အနေဖြင့် ယခုလိုဖမ်းဆီးချုပ်နှောင်နေသည့် အဖွဲ့ဝင်အား ပြန်လွှတ်မပေးသော်လည်း ကောင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း ထပ်မံ ပြုလုပ်လျှင်သော်လည်းကောင်း ကရင်လူထုများကို ဦးဆောင်သည့် အဖွဲ့ဝင်အနေဖြင့် လူထုနှင့် လက်တွဲ၍ ပြင်းထန်သည့် တုံ့ပြန်မှု လုပ်ဆောင်မည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။ http://kicnews.org/2021/05/%e1%80%85%e1 %80%85%e1%80%b9%e1%80%b1%e1%80%80%e1%

၃။ တံတား မိုင်းခွဲဖျက်ဆီးခံရသည့်နေရာတွင် အမျိုးသား ၂ ဦးသေဆုံး
25 May 2021

ကချင်ပြည်နယ် ဟိုပင်မြို့ ယမန်နေ့ည ၈ နာရီခန့် သရက်ချောင်း (ဝက်ကုန်း) တံတားကျိုးကျမူတွင် အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တစ်ဦးမှာ မိုင်းခွဲစဉ် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ တံတားကျိုးမှန်းမသိ ညအချိန် ဆိုင်ကယ်ဖြင့်မောင်းလာစဉ် တံတားအောက်သို့ ထိုးကျသေဆုံးခဲ့သည်ဟု ဆိုသည်။

“အဲတံတားမိုင်းခွဲရင်း သေသွားတဲ့တစ်ယောက်ကတော့ ဘယ်သူဘယ်ဝါမှန်းမသိနိုင်တော့ဘူး ဘာလို့လဲဆိုရင်အားလုံး တစ်စစီအသားတစ်ခြား အူတွေတစ်ခြားဖြစ်နေပြီဆိုတော့ လူရုပ်မှတ်မိဖို့တော့ မဖြစ်နိုင်တော့ဘူး။ နောက်တစ်ယောက် က တော့ ဒေသခံတစ်ဦး ငါးဖမ်းကနေပြန်လာတာ တံတားကျိုးနေမှန်းမသိတော့ အရှိန်နဲ့လာတော့ တစ်ခါတည်းထိုးဆင်းသွား တဲ့သဘောရှိတယ်။ အဲတစ်ယောက်တော့ ဆေးရုံမှာသေတယ်လို့သိရတယ်။”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဖောက်ခွဲခံလိုက်ရသည့် ဝက်ကုန်းတံတားတစ်ဖက် လုံးဝပျက်စီးသွားပြီဖြစ်သည့်အတွက် ဖြတ်သန်းသွားလာနိုင်ခြင်းမရှိ တော့ ကြောင်း ဒေသခံများကပြောသည်။“တံတားကနေ လုံးဝသွားလို့မရတော့တဲ့အတွက် ကားကြီး၊ ကားသေးတွေက မြို့ ရှောင်ကွင်း နမ့်ရင်းလမ်း ဘက်ကနေသွားလာနေကြတယ်။”ဟု ဒေသခံများပြောသည်။ ယင်းတံတား မိုင်းခွဲခံရမှုတွင် ဘေး ပတ်ဝန်းကျင်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ လူနေအိမ်အချို့လည်း ပျက်ဆီးခဲ့သည်။ https://burmese.kachinnews.com/2 021/05/25/m ay-25-z1/

၄။ ထင်ချောင်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် CDF – Mindat တို့ ဖြစ်ပွားသည့်တိုက်ပွဲတွင် ဓာတုလက်နက်သုံးဟု ထုတ်ပြန်
May 25, 2021

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ထင်ချောင်းကျေးရွာအနီးတွင် စကစတပ်များနှင့် CDF – Mindat တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် စကစဘက်ကပစ်ခတ်သော လက်နက်ကြီးများမှ အငွေ့ဖြူများ လျင်မြန်စွာပြန့်ထွက်လာသည်ကို တွေ့ရ သည်ဟု မျက်မြင်သက်သေများက ပြောသည်ဟု CDF မင်းတပ်က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထား သည်။ ယင်းတိုက်ပွဲအတွင်း ယင်းအငွေ့ဖြူထုကို ဖြတ်မိသော CDF – Mindat ရဲဘော်တို့သည် လျှာများထုံအခြင်း၊ နှာခေါင်း များစပ်ခြင်း၊ ခေတ္တမျက်လုံးကန်းခြင်း၊ မူးဝေခြင်း၊ အကြိမ်ကြိမ်အော့အန်ခြင်း စသည့် ဝေဒနာများခံစားခဲ့ရသည်။

ယင်းဓာတုလက်နက်မျိုးကို မင်းတပ် – မတူပီလမ်းကြား မိုင် ၄၀ တိုက်ပွဲတွင်လည်း သုံးခဲ့ဖူးသည်ဟု CDF မင်းတပ်က ဆို သည်။ ထိုတိုက်ပွဲတွင် CDF – Mindat ရဲဘော်များ ဓာတုလက်နက်များရှုရှိုက်မိ၍ ကျန်းမာရေးထိခိုက်မှုများရှိသော်လည်း စကစဘက်မှ တစ်ဦးကျဆုံး၍ ၃ ဦးခန့် ဒဏ်ရာရသည်ဟု သိရသည်။ https://www.bnionline.net/mm/news-81443

၅။ ခရစ်ယာန်ကျောင်းပေါ် လက်နက်ကြီးကျည်ကျ အရပ်သား လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ
May 24, 2021

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲက ကယန်းသာယာ(တောင်)ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းပေါ်ကို မေလ ၂၄ ရက် ဒီနေ့မနက် တစ်နာရီလောက်က စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ ဘုရားကျောင်းထဲမှာ ခိုလှုံ နေတဲ့ အရပ်သား လေးဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ လက်နက်ကြီး ကျည် ကျရောက်ခဲ့ပြီးနောက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မြို့တွင်းလှုပ်ရှားနေတာ ကြောင့် သေဆုံးသူတွေ ဘယ်သူ တွေလဲဆိုတာကို တိတိကျကျ မပြောနိုင်သေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။ အဲဒီ ဘုရားကျောင်းမှာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ခိုလှုံနေကြပြီး ဘုရားကျောင်းတွေမှာလည်း အလံဖြူတွေထောင်ထား ကြပါတယ်။ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က တိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ ရဲစခန်းကို စစ် ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းမှာသေနတ်တွေပစ်ဖောက်ပြီး ဝင်ရောက်ကြည့်ရှုနေတယ်လို့ ဒေသခံကပြောပါတယ်။

မေလ ၂၂ ရက်နေ့ကစပြီး ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါ့ငံခါးကျေးရွာကနေစတင်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ်တွေ တိုက်ပွဲစတင်ဖြစ်ခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ် ဒေါ့ငံခါးကျေးရွာအထွက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လေးဦးဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ သူကပြောပါ တယ်။ တိုက်ပွဲဟာ ဒီးမော့ဆိုရဲစခန်းအနီးမှာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်လို့ ဆောက်လုပ်ရေးရုံး စသုံးလုံးရုံးတွေ မီးလောက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာ စစ်ကောင်စီဘက်က ကျေးရွာတွေ ဘက်ကို လက်နက် ကြီးတွေနဲ့ပစ်လို့ နေအိမ်အချို့ လက်နက်ကြီးကျည်ဆန်အစတွေ ထိမှန်ခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ပီကင်းကော်ခူကျေးရွာမှာလည်း မနေ့ကစပြီး ဒုက္ခသည်စခန်းတစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီစခန်းကို မနေ့က တစ်ရက်တည်းမှာတင် လူဦးရေ ရှစ်ရာလောက်ရောက်လာပြီး၊ တောတောင်တွေထဲမှာလည်း ရှိနေသေးတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။ ပီကင်းကော်ခူ ဒုက္ခသည်စခန်းဟာ ရှမ်းနဲ့ကယားပြည်နယ် နယ်နိမိတ်အစပ်၊ ကယားပြည် နယ်ရဲ့ အနောက် တောင်ဘက်မှာရှိပြီး ဒီးမော့ဆိုမြို့နဲ့ဆိုရင် ဆယ်မိုင်ကျော်လောက်ဝေးတဲ့နေရာမှာရှိပါတယ်။ https://ww w.rfa.org/burmese/news/four-killed-by-army-artillery-shelling-at-church-in-loikaw-0524200.html

၆။ နမ့်လန်အတွင်း စစ်ရေးတင်းမာနေသေးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
May 24, 2021

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ အနီး စစ်ရေးတင်းမာမှု ဆက်လက်ရှိနေသဖြင့် စစ်ဘေးရှောင် (၃၀၀၀) ကျော် နေရပ်သို့မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

“လက်ရှိ တိုက်ပွဲတော့ မဖြစ်တော့ဘူး။ နှစ်ဖက် စစ်ရေး တင်းမာတာတွေတော့ ရှိတယ်။ ရွာထဲ စစ်သားတွေရှိသေးတော့ သူတို့ မပြန်ရဲကြသေးဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူတဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ စစ်ဘေးရှောင်များသည် နမ့်လန်မြို့နယ်အတွင်းရှိ နောင်နိမ်းကျေးရွာ၊ ဝမ်စိမ်းကျေးရွာ၊ ဝမ်လီကျေးရွာ နှင့် စိုင်းယု (ဂိုသောင်) တို့ တွင် ခိုလှုံနေရကြောင်းသိရသည်။“စားသောက်ရေးပိုင်းကတော့ လုံလောက်ရုံပဲ။ ဒီထက်တိုက်ပွဲကြာသွားရင်တော့ ရှမ်း တိုင်းရင်းသားတွေ ဒုက္ခ ရောက်မှာ ကြောက်တယ်။ ခုက စီးပွားရေးမကောင်းတော့ ရေရှည်အတွက်လည်း စားသောက်ရေး ပိုင်း ခက်ခဲလာမယ်” ဟု ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲရပ်တန့်ပေးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသည့် အချိန်ဖြစ်သဖြင့် လက်နက် ကိုင်များ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး တိုက်ပွဲ အမြန်ရပ်ပေးစေလိုကြောင်း စစ်ဘေးရှောင်များက ပြောဆိုလိုက်သည်။“တိုက်ပွဲဖြစ်ရင် ပြည်သူတွေက အရမ်းဒုက္ခ ရောက်တယ်။ အလုပ်တွေမလုပ်ရဘဲ ပြေးနေတယ်။ အလုပ်မလုပ်ရတော့ ဘာ တွေနဲ့ လာစားသောက်မလဲ”ဟု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ https://burmese.shannews.org /archives/22182

၇။ မင်းတပ်မြို့နယ်၌ တိမ်းရှောင်နေသည့်ပြည်သူများ မိုးကာနှင့်ဆေးဝါးရိက္ခာ အကူအညီလိုအပ်နေ
25 May, 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မိုးရွာနေတာကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖတ်မှုဘေးကနေ တိမ်းရှောင် လာတဲ့ ပြည်သူတွေ အဝတ်အထည် မိုးကာနဲ့ ဆေးဝါးရိက္ခာတွေ လိုအပ်နေတယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိအချိန်ထိ မင်းတပ်မြို့ကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၁၀၀၀၀ နဲ့ ၁၅၀၀၀ ကြားရှိနေပြီး တောထဲမှာ ပိတ်မိနေတဲ့ပြည်သူတချို့လည်း ရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၂၄ ရက်နေ့မနက်ပိုင်းက ကြိမ်ချောင်း ကျေးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရှိခဲ့ပါတယ်။ စစ်ကောင်စီဘက် ဓာတုဓာတ်ငွေ့ လက်နက်သုံးပြီးတိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၅ ယောက်လောက် ကို ဆေးကုသမှုပေးနေရတယ်လို့ဆိုပါတယ်။ http://burmese.dvb.no/archives/465864

၈။ ရေကာတာစီမံကိန်းများအပြီးတိုင် ရပ်ဆိုင်းပြီး တရုတ် SPIC ကုမ္ပဏီထွက်ခွာသွားရန် ကချင်ဒေသခံများ တောင်းဆို
25 May 2021

ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းရှိ ရေကာတာစီမံကိန်းများအားလုံး ဖျက်သိမ်းပေးပြီး တရုတ် SPIC/ CPI ကုမ္ပဏီများအနေဖြင့် မြန်မာပြည်မှ အပြီးတိုင်ထွက်သွားရန် ဒေသခံများက ယနေ့ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။ မေလ ၂၅ ရက်နေ့ မြစ်ကြီးနား နှင့် ချီဖွေဒေသခံများက စီမံကိန်းဒေသတွင် ဆန္ဒဖော်ထုတ်ခဲ့သည့်အပြင် မြစ်ကြီးနား စီတာပူ ရပ်ကွက်ရှိ SPIC/CPI ကုမ္ပဏီကိုလည်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

“ကျမတို့ လုံးဝမကျေနပ်ဘူး။ အဲ့တာကြောင့် ဘာပဲဖြစ်ဖြစ် ကျမတို့ရွာဟောင်းကို ကျမတို့ ပြန်ချင်တယ်။ ဒီစီမံကိန်း လုပ်လိုက်ခြင်းကြောင့် ကြီးမားတဲ့ပြဿနာက အမျိုးသမီးတွေမှာဖြစ်ခဲ့တယ်။ စားဝတ်နေရေးကအစ၊ သားသမီးတွေရဲ့ ပညာ ရေး၊ ကျန်းမာရေးကအစ အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်။ အဲ့တာကြောင့် စီမံကိန်းကို လုံးဝအလိုမရှိဘူး။ သူတို့ အပြီး ပိုင်ထွက်သွားတာပဲ လိုချင်တယ်။ သူတို့က အခု ယာယီဘဲရပ်ဆိုင်းနေတာ ဘာမှမထူးဘဲ။ ဘယ်အတိုင်းအတာထိ ရပ်ဆိုင်း နေမှာလဲ။ ဒီလိုရပ်ဆိုင်းတယ်ဆိုတာကို ကျမတို့က မလိုချင်ဘူး။ အဲ့ကြောင့်ခုလို ဆန္ဒထုတ်ဖော်တာ။”ဟု အမည်မဖော်လို သူ မြစ်ဆုံဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနား မြစ်ဆုံဒေသခံများ၏ ဆန္ဒဖော်ထုတ်ရာတွင် ကြွေးကြော်သံများမှာ ‘မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေကာတာ စီမံကိန်း များအပြီး အပိုင်ဖျက်သိမ်းရေး၊ ဒေသခံပြည်သူများ မူလနေရပ်သို့ လွတ်လပ်စွာ နေထိုင်ခွင့်ရရှိရေး၊ ဧရာဝတီမြစ် ထာဝရ လွတ်လပ်စွာ စီးဆင်းရေး ၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမည့်ရေကာတာ အလိုမရှိ၊ ပြည်သူ့ဆန္ဒလုံးဝမပါသော စီမံကိန်းအားလုံး အလိုမရှိ၊ မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကို ရေကာတာဆောက်လုပ်ခြင်း အလိုမရှိ’ စသည်တို့ဖြစ်သည်။ https://burmese.kachinnews.com/2021/05/25/may-25-ld1/

၉။ “ပြည်သူရှိနေသရွေ့ပါတီရှိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
May 24, 2021

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားခံရသည့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် “ ပြည်သူ တွေရှိနေသရွေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ” တည်ရှိနေမည် ဟု (မေ ၂၄)ရက် တရားရုံးထုတ်စဉ် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီအုပ်စု မှ ဒေါ်အောင်ဆန်းစုကြည် ကို သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂ ခု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၁)ခု၊ နိုင်ငံတော် လျှိုဝှက် အက်ဥပဒေ ပုဒ်မ ၁ခု အပြင် နေအိမ် တွင် စကားပြောစက် (Walkie Talkie) များကို တွေ့ရှိမှုကြောင့် ပို့ကုန်သွင်းကုန် ပုဒ်မ ဖြစ်သည်။

“အမေက ပြည်သူတွေကို အရင်ဆုံး အမေပြောတာက အားလုံးကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်။ပြီးတော့ NLD ပါတီ ကိုထောင်ထားတာလည်း ပြည်သူတွေ အတွက် ထောင်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေ ရှိနေသရွေ့ ပါတီရှိနေမှာပါလို့ အမေက အဲ့လိုမှာပါတယ်ရှင့်”လို့ ဒေါ်အောင်ဆန်းစုကြည်၏့ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက မီဒီယာတွေ ကို ပြောကြားခဲ့သည်။“ အခုရုံးချိန်း အတွင်းမှာ စစ်မေးမှုတွေ ပြုလုပ်ခဲ့ခြင်းမရှိဘူး အမှုသည်နဲ့ ရှေ့နေ သီးသန့်ညွှန်ကြားမှု တွေသာပြုလုပ်ခဲ့ ရတာဖြစ်တယ်လို့” ရှေ့နေ ဒေါ်မင်းမင်းစိုးက မီဒီယာများကို ပြောကြားသည်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး က ကော်မရှင် နှင့် နိုင်ငံရေးပါတီပေါင်း (၆၂)ပါတီ တွေ့ဆုံပွဲတွင် NLD ပါတီကို ဖျက်သိမ်းသည့် အထိ ပြောဆိုခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်တို့ ၃ ဦး ကို ရုံးထုတ် စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်း ကို လာမည့် ဇွန်လ ၇ ရက်တွင် ပြုလုပ်သွားမည် ဟု သိရသည်။ https://burmese.s hannews.org/ar chives/22188

၁၀။ မိုးမောက်မြို့၌ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး ၁ ဦး သေဆုံး
24 May, 2021

ကချင်ပြည်နယ်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံတစ်ခုအတွင်း မေလ ၂၄ ရက် မွန်းတည့် ၁၂ နာရီ လောက် က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၁၀ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက် ဦးခေါင်းကို ကျည်ထိမှန် သေဆုံးသွားပါတယ်။ အဆိုပါ လက်နက်ကြီးကျည်ဟာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ ၄၃၇ ဘက်က ပစ်ခတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူဟာ ဦးပေါ်ခီဘရန်အောင်နဲ့ ဒေါ်ရီဌေး တို့ရဲ့သားဖြစ်သူ ၆ တန်းကျောင်းသား မောင်အောင်ဒီး ဖြစ်ပြီး ကလေးငယ်ရဲ့ ဈာပနပြုလုပ်ဖို့စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မွေးမြူရေးခြံက ကြက်တချို့သေဆုံးခဲ့ရပြီး ကြက်ခြံမှာလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင် ထွေအုပ်ရုံးအနီးမှာလည်း မိုင်းကွဲခဲ့ပြီး ထွေအုပ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သလို ဝဝမ်ကျေး ရွာဘက်မှလည်း ပြည်သူနှစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ http://burmese.dvb.no/archives/465 689

၁၁။ ဒီမော့ဆို ရဲစခန်းကို PDF က ထပ်မံ ဝင်တိုက်၊ တင့်ကားတစ်စီး ဖျက်ဆီးထားဟု ဆို
25 May 2021

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ မြို့မရဲစခန်းကို ယနေ့ နံနက် ၄ နာရီမှ စတင်ပြီး ဒီမော့ဆို PDF က ဝင်ရောက် တိုက် ခိုက်ရာ စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။“ရဲစခန်းကို ဒီမနက် ၄ နာရီကတည်းက စတိုက်တာ။ အခုထိ မပြီးသေးဘူး။ ပစ်နေကြတုန်းပဲ။ အထိအခိုက်က အတည်ပြု လို့ မရသေးဘူး။ တင့်ကား သုံးစီး ရှိတယ်။ ကျနော်တို့ တစ်စီးတော့ ဖြိုနိုင်ပြီ။ ဒီမော့ဆို ရဲစခန်းမှာပဲ ဖြစ်နေတာ။ ကျနော်တို့ ဝင်သိမ်းဖို့ ကြိုးစား နေတာ”ဟု ဒီမော့ဆို PDF အဖွဲ့ဝင်တဦးက ပြောသည်။အခြားသတင်းရင်းမြစ်တခုကမူ တိုက်ပွဲအတွင်း တင့်ကားနှစ်စီး မှောက်ပြီး မီးလောင်နေပြီ ဖြစ်ကြောင်း၊ လက်လုပ်မိုင်းများ ဖြင့် PDF ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးများ မနားတမ်း ပစ်ခတ်လျက်ရှိကြောင်း၊ နှစ်ဖက်စလုံးတွင် အကျအဆုံး ရှိကြောင်း ပြောသည်။

“အခု တိုက်ပွဲပြင်းနေတဲ့ ဒီမော့ဆိုကို မိုးဗြဲ၊ ဖယ်ခုံဘက်က စစ်ကူတွေတက်လာရင် ကျနော်တို့က ကူနိုင်ဖို့ စောင့်ထားပေး အတယ်။ တပ်ဘက်က ထပ်တက်ရင် ကြားဖြတ်တိုက်ဖို့ စီစဉ်ထားတယ်”ဟု ဖယ်ခုံ PDF အဖွဲ့ဝင်တဦးက ပြောသည်။ ဒီမော့ဆိုမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပေါ်လာခြင်းမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်များက ဒေသခံနိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ CDM ပြုလုပ်နေသည့် အစိုးရဝန်ထမ်းများကို ဝင်ရောက် ဖမ်းဆီးမှုများကို မေလအတွင်း ဆက်တိုက် ပြုလုပ် လာရာမှ တင်းမာမှုများ စတင်ခဲ့သည်။ နောက်ပိုင်းတွင် ဒီမော့ဆိုမြို့နယ်ရှိ ရပ်ကွက်များထဲသို့ စစ်ကောင်စီတပ်များ တပ်စွဲရန် ကြိုးစားလာသည့်အပေါ် ဒေသခံများ က လက်မခံဘဲ မေလ ၂၁ ရက်နေ့မှ စတင်ကာ PDF နှင့် စစ်ကောင်စီ လက်နက် ကိုင်တပ်များကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ https://burma.irrawaddy.com/news/short-news/2021/05/25/242 184.html

၁၂။ အသက် (၁၅)နှစ်မပြည့်သေးသည့် တောင်ကြီး လူငယ်တစ်ဦးဖမ်းဆီးခံရ
May 25, 2021

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် အသက် (၁၅) နှစ် မပြည့်သေးသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီအုပ်စု က ဖမ်းဆီးထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။

မေ (၂၂) ရက် နေ့မှာ စစ်ကောင်စီအုပ်စု သည် တောင်ကြီး စူဠာမုနိ တောင်ကြားလမ်းတွင် တားဆီးစစ်ဆေးမှု ပြုလုပ်ရာ တွင် ၎င်းလူငယ်၏ ဖုန်းထဲတွင် နွေဦးတော်လှန်ရေး အကြောင်း နှင့် ပတ်သက်သည့် အကြောင်းအရာများ တွေ့ရှိသဖြင့် စစ်ကောင်စီ မှ ဖမ်းဆီးသွားကြောင်း နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။“ဖမ်းမိတဲ့အကြောင်းရင်းက ဖုန်းထဲမှာ နွေဦးတော်လှန်ရေး အကြောင်းတွေရှိထားတယ်လို့တော့ပြောတယ်။ လက်ရှိ တောင်ကြီး ရဲစခန်းမှာ ထိန်းသိမ်း ထား ပါတယ်”ဟု နီးစပ်သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဖမ်းမိသည့် လူငယ်သည် အသက် (၁၅) နှစ်အောက် ရှိထားသည့်အတွက် အာမခံဖြင့် ပြန်လည်လွှတ်ပေးမည် ဖြစ် ကြောင်းလည်း သိရသည်။“သူက (၁၅) နှစ်မပြည့်သေးတော့ အာမခံနဲ့ ပြန်လွှတ်ပေးမယ်လို့ကြားတယ်။ ဘယ်နေ့လည်း တော့ သေချာသေးဘူး။ ဒီနေ့တော့ မဟုတ်လောက်တော့ဘူး” ဟု တောင်ကြီးဒေသခံ တစ်ဦးကပြောသည်။ စစ်အာဏာ သိမ်းပြီးနောက် တောင်ကြီးမြို့ရှိ လမ်းမပေါ်ရှိ ပြည်သူများများကို တားဆီးပြီး ဖုန်းများ စစ်ဆေးခြင်း ၊ ဖေ့ဘုတ်များ စစ်ဆေး ခြင်း ၊ ပိုက်ဆံတောင်းခြင်းများလည်း ရှိခဲ့သည်။ https://burmese.shannews.org/archives/22204

၁၃။ KIA ဖျက်ဆီးခဲ့သည့် ယုဇနကုမ္ပဏီဝင်းတွင် သံတိုသံစ သွားကောက်သည့် ဒေသခံ ၆၀ ဦး ဖမ်းဆီးခံရ
22 May 2021

လီဒိုလမ်းမပေါ် ဘန်ကောက်ကျေးရွာရှိ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မ တော် KIA က ဒုတိယအကြိမ် မီးရှို့ဖျက်စီးခဲ့ပြီးနောက် ထိုနေရာတွင် သံတိုသံစ သွားကောက်သည့် ဒေသခံ ၆၀ ကျော်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

ဒေသခံများ သံတိုသံစ သွားကောက်သည့်အကြောင်းကို ရှဒူဇွပ်အခြေစိုက် ခလရ ၂၉၇ တပ်ရင်း ကြားသိပြီးနောက် မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဘန်ကောက်ကျေးရွာ ဒေသခံတစ်ဦးထံမှ သိရသည်။“ကုမ္ပဏီဝင်းအတွင်းက ပျက်စီးသွားတဲ့ သံတိုသံစ ပစ္စည်းတွေကို ဒီမှာရှိကြတဲ့ ဒေသခံတွေအများကြီးက သွားကောက်ကြတာ အများကြီးဘဲ။ စဖြစ်တဲ့နေ့ကဘဲ။ ဒေသခံတွေက ပြန်ရောင်းစားဖို့ထင်တယ်။ အဲ့ဒါကို စစ်တပ်ကသိသွားတယ်ထင်တယ်။ မနေ့ညနေက လိုက်ဖမ်းတယ်။ အဲ့မှာ ၆၀ယောက်လောက်ပါသွားတယ်။ အခုထိပြန်မလွတ်ကြသေးဘူး။ ၂၉၇ တပ်ရင်းမှာဘဲ ရှိနေသေးတယ်တဲ့” ဟု ပြောဆိုသည်။

အချို့ကို ယုဇနကုမ္ပဏီဝင်းတွင် ဖမ်းမိသလို၊ အချို့ကို လမ်းတွင် စစ်ဆေးကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စံပြဒေသခံ တစ်ဦးထံမှ သိရသည်။ ယုဇန ကုမ္ပဏီသည် ဘန်ကောက်ကျေးရွာတွင်တည်ရှိသော်လည်း သံတိုသံစ သွားကောက်ခဲ့သည့် ကျေးရွာများတွင် ရှဒူးဇွပ်၊ အောင်ရာ ၊ စံပြ၊ ဝါရာဇွပ် စသည့်ကျေးရွာတို့ ပါဝင်ကြောင်း သိရသည်။ https://burmese.kachin news.com/2021/05/22/may-22-y3/

၁၄။ ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အား ပြည်နယ်စစ်ကောင်စီမှ ဆန်ရိက္ခာထောက်ပံ့မှုပြုလုပ်
May 24, 2021

ကရင်ပြည်နယ်ရှိ ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နှင့် ကရင် ငြိမ်းချမ်း ရေးကောင်စီ-KNU/KNLA(PC) အား ပြည်နယ်စစ်ကောင်စီမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးမှု ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။ အဆိုပါဆန်ရိက္ခာထောက်ပံ့မှုကို ယမန်နေ့ မေလ ၂၂ ရက်နေ့က ပြည်နယ်ကောင်စီရုံး ၏ အစည်းအဝေး ခန်းမ တွင် ပေးအပ်ပြီး သက်ဆိုင်ရာဆက်ဆံရေးရုံးတာဝန်ရှိသူမှ တက်ရောက်လက်ခံကာ DKBA မှ ဆန်အိတ် (၅၀၀) နှင့် KNU/

KNLA(PC) မှ ဆန်အိတ် (၄၅၀) ထောက်ပံ့ခဲ့သည်ဟု ပြန်နယ် စစ်ကောင်စီ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်သွယ်ရေး ဦးစီးဌာန (ပြန်ဆက်)၏ သတင်းဖော်ပြချက်အရ သိရသည်။

၎င်းဆန်ရိက္ခာထောက်ပံ့မှုနှင့်ပတ်သက်ပြီး KNU/KNLA(PC) မှ တွဲဖက်အတွင်းရေးမှူး(၁) စောကျော်ညွန့်က ” ဒါမျိုးက ဟိုး အရင်ကတည်းကလုပ်တာ အခုမှ မဟုတ်ဘူး။ သိရသလောက်က ဆန်အိတ် ၁၀၀ ကျော်လောက်တော့ သိရတယ်။ ငွေကြေး ထောက်ပံ့တာမပါဘူး။ ဒါမျိုးထောက်ပံ့တာ တစ်နှစ်ကိုတစ်ကြိမ် မဟုတ်ရင် နှစ်ကြိမ်၊ ပုံမှန်ထောက်ပံ့တာ မဟုတ်ဘူး။ ဒေသခံ လူထုအတွက်လည်း မဟုတ်ဘူး။ ၂၀၀၇ ငြိမ်းချမ်းရေးလုပ်လာထဲက တစ်ခါတစ်လေထောက်ပံ့ပေးတဲ့ ပုံစံမျိုးပဲ။ ” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းဆန်အိတ်ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်နယ်စစ်ကောင်စီဥက္ကဌ စောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးနှင့် သက်ဆိုင်ရာ DKBA နှင့် KNU/KNLA (PC) ဆက်ဆံရေးရုံးဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည် ဟု သိရသည်။ လက်ရှိ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှုမရှိသည့် ကာလမျိုး၌ DKBA နှင့် KNU/KNLA (PC) တို့ အနေဖြင့် စစ်ကောင်စီ၏ ယခုလိုထောက်ပံ့မှုများ လက်ခံရယူမှုအပါအဝင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က စစ်ကောင်စီ နှင့် သွား ရောက်တွေ့ဆုံမှုမျိုး ပြုလုပ်ခဲ့ခြင်းအပေါ် ပြည်သူလူထုများကြား ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိနေသည်။ http://kicn ews.org/2021/05/%e1%80%80%e1%80%9b%e1%80%84%e1%80 %b9%e1%80%9c%e1%

၁၅။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူလူထုကိုကာကွယ်ရန် လူငယ်များ စစ်သင်တန်းဆင်း
25 May, 2021

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူလူထုကို ကာကွယ်ဖို့အတွက် မြို့နယ်အလိုက် လူငယ်တွေ စစ်သင်တန်းဆင်းပြီး ကြောင်း PSDA တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ စစ်အာဏာသိမ်းတာကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တဲ့ ပြည်သူလူထု၊ ကျောင်းသူကျောင်းသားနဲ့ အပြစ်မဲ့ကလေးသူငယ်တွေကို အကြမ်ဖက်စစ်ကောင်စီတပ်တွေက နေ့စဉ်နဲ့ ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်တာတွေရှိနေပါတယ်။

အဲ့ဒီလို စစ်ကောင်စီက ပြည်သူတွေအပေါ် တရားမဲ့ပြုကျင့်နေတာတွေကို ခုခံကာကွယ်နိုင်ဖို့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အသီးသီးမှာနေထိုင်ကြတဲ့ ဒီမိုကတစ်လူငယ်တွေဟာ အခြေခံစစ်သင်တန်းတက်ရောက်ပြီးစီးကာ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ ( PSDA )ကို ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ စစ်တပ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီနေ့အထိ စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ ပြည်သူလူထု ၈၀၀ ကျော်ရှိနေနဲ့ အဓမ္မဖမ်းဆီးခံထားရသူ ၃၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေက နိုင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းလာကြပြီး အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့အတွက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ http://burmese.dvb.no/archives /465877

၁၆။ ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းအပ်နှံမှု ပထမရက်၌ အပ်နှံသူ ၁,၇၉၆ ဦးရေရှိ
May 25, 2021

ချင်းပြည်နယ်တွင် ဖွင့်လှစ်ရန်ပြင်ဆင်ထားသော ကျောင်းအပ်နှံရေး ပထမရက် ယမန်နေ့ မေလ ၂၄ ရက်တွင် ကျောင်းသား အပ်နှံသူဦးရေ ၁,၇၉၆ ယောက်ရှိကြောင်း ပြည်နယ်ပညာရေးမှုးထံမှ သိရသည်။

“စာရင်းချုပ်ကတော့ ချင်းပြည်နယ် ၇ မြို့နယ်အတွင်း မူဆင့်က ၉၆၆ ယောက်၊ လယ်ဆင့်က ၆၆၂ ယောက်၊ ထက်ဆင့်က ၁၆၈ ယောက်၊ ဒီနေ့တော့ သိပ်လာမအပ်ကြသေးဘူးထင်တယ်။ ကျောင်းအပ်နှံတဲ့ရက်က ခု မေလ ၃၁ ရက်ထိဆိုဝောာ့၊ နေ့တိုင်းနေ့တိုင်း အဲ့လို အပြောင်းလဲတော့ရှိမှာပေါ့နော်၊ ဟားခါးပညာရေးဘက်ပို့တာကတော့ KG မှာ ၄ ယောက်၊ ပထမတန်း က ၄ ယောက်၊ ဒုတိယတန်း ၄ ယောက်၊ တတိယတန်း ၂ ယောက်၊ စတုတ္ထတန်းမှာက ၁၁ ယောက် စုစုပေါင်း မူဆင့်က ၂၅ ယောက်။ လယ်ဆင့်မှာတော့ ဆဌမတန်းမှာ ၁ ယောက်ပဲရှိတယ်၊ ပြီးရင် ၉ တန်းနှင့် ၁၀ တန်းမှာ တစ်ယောက် စီပဲ၊ အဲ့ဒီတော့ စုစုပေါင်းက ၂၈ ယောက်ပေါ့နော်၊ ဟားခါးမြို့မှာ၊ ဖလမ်းမြို့နယ်မှာ လာအပ်တဲ့သူက စုစုပေါင်း မူဆင့် ၂၄၄ ယောက်၊ လယ်အဆင့်က ၁၆၈ ယောက်ပေါ့နော်၊ လယ်ဆင့်ဆိုတာက ၅၊ ၆၊ ၇၊ ၈ ပေါ့နော်။ အဲဒါကတော့ ဖလမ်းမြို့နယ်ပေါ့။ တစ်ခြားမြို့နယ်တွေမှာတော့ တီးတိန်မှာဆို မူဆင့်က ၁၅၆ ယောက်၊ လယ်ဆင့်က ၄၂ ယောက်၊ နောက်ထက်ဆင့်က တစ်ယောက်မှ မရှိဘူး။ တွန်းဇံမြို့က မူဆင့်မှာ ၁၀၇ ယောက်၊ လယ်ဆင့်က ၈၅ ယောက်၊ ထက်ဆင့်က ၁၃ ယောက် အဲ့လိုတွေရှိတယ်။ ပို့တဲ့ထဲမှာ သူတို့မိဘနာမည်တွေမပါဘူးဆိုတော့ ဘယ်သူ့သားသမီးဆိုတာကိုတော့ မသိဘူး ပေါ့နော်” ဟု ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီဘက်မှ အာဏာမသိမ်းခင် ကျောင်းဆရာ/ဆရာမ အင်အားမှာ ခန့်မှန်းခြေ စုစုပေါင်း ၁၃,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝင်ထားသော ဆရာ/ဆရာမ စာရင်းမှာ ကန်ပလက်နှင့် မင်းတပ်မြို့တို့၏ စာရင်းမရနိုင်၍ ကျန်သောမြို့၏ CDM ဝင်ထားသူစာရင်းမှာ ခန့်မှန်းခြေ ၇,၀၀၀ နီးပါးခန့်ရှိသည်။ ချင်းပြည်နယ်အတွင်း CDM ဝင်သော ဆရာ/ဆရာမ များမှာ ဟားခါးမြို့မှ အများဆုံးဖြစ်ကြောင်းလည်းသိရသည်။ ယခု ကျောင်းအပ်နှံနေကြသော နာမည်စာရင်းများမှာ ချင်းပြည်နယ်က ၉ မြို့နယ်လုံးမဟုတ်ပဲ ၇ မြို့နယ်မှ စာရင်းများသာဖြစ်ပြီး မင်းတပ်မြို့နှင့် ကန်ပလက် မြို့တို့မပါကြောင်း သိရသည်။ https://www.bnionline.net/mm/news-81441

၁၇။ PR စနစ် မကျင့်သုံးဖို့ ရွေးကော်သစ်ကို ဒေါက်တာအေးမောင်အဆိုပြု
May 25, 2021

မေလ ၂၁ ရက်နေ့ကပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင်သစ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲစနစ် တစ်ခုဖြစ်သည့် (PR) အချိုးကျစနစ်ကို လွှတ်တော်သုံးရပ်စလုံးတွင် မကျင့်သုံးရန် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အဆိုပြုပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲသို့ AFP ကိုယ်စားလှယ်အဖြစ် ဥက္ကဋ္ဌ ဒေါက်တာအေးမောင် တက်ရောက်ခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်ပြီး PR အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးရာတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ် တော် (၃) ရပ်စလုံးမှာ ကျင့်သုံးမည်ဆိုသည့်သဘောထားကို နိုင်ငံရေးပါတီများသို့ ချပြခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

“လက်ရှိ ရွေးကောက်ပွဲကော်မရှင်က ကျင်းပဖို့ရှိတဲ့ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရွေးကောက်တင် မြောက်မယ့် စနစ်ကို ရွေးကော်ဥက္ကဋ္ဌက ရှင်းပြပါတယ်။ အဲဒါလည်း ပထမအကြိမ် နိုင်ရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တွေ့ ကတည်းက နိုင်ငံရေးပါတီတွေကို တင်ပြခဲ့ပြီးပြီလို့ ပြောပါတယ်။ အဲဒါကြောင့် ပါတီအများစုက ရွေးကောက်ပွဲကော်မရှင်နဲ့ တွေဆုံတုန်းက ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်လို့ သူတို့ပြောလိုတဲ့ အချက်အလက်တော်တော်များများကို ပေးပို့ထားပြီးဖြစ် တယ်လို့ UEC ဖက်က ပြောပါတယ်။ နောက်ပြီး PR စနစ်ကို လွှတ်တော် (၃) ရပ်လုံးမှာ ကျင်းပသင့်တယ်ဆိုတာကို UEC ဥက္ကဌက အဖွင့်အမှာစကားပြောတဲ့ထဲ ပါဝင်ပါတယ်။ PR စနစ်ကို လွှတ်တော်သုံးရပ်လုံး ကျင်းပမယ်ဆိုတဲ့အခါ နိုင်ငံရေး ပါတီတွေဘက်ကလည်း တချို့က အမျိုးသားလွှတ်တော်မှာပဲ ကျင်းပသင့်တယ်။ တချို့ကတော့ လွှတ်တော် (၃) ရပ်လုံးမှာ ကျင်းပသင့်တယ်။ စသဖြင့် ဆွေးနွေးကြတာရှိပါတယ်”လက်ရှိ နိုင်ငံရေးအကျပ်းအတည်းကာလမှာလည်း လက်နက်ကိုင် ပဋိပက္ခများ အရှိန်မြင့်နေကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များ (EAOs) များနှင့်လည်း အမျိုးသားပြန်လည် ရင်ကြား စေ့ရေးလုပ်ဆောင်သည့်အခါတွင် မြန်မာနိုင်ငံ၏ ဦးတည်ချက်အစစ်အမှန်က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးကို သွားနေ ခြင်းဖြစ်သည့်အတွက် PR စနစ်အား ကျင့်သုံးခဲ့မည်ဆိုပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးတင်းမာမှုများနှင့် အားနည်းချက်၊ အားသာချက်များအကြောင်း ထည့်သွင်းစဉ်းစားသင့်သည်ဟု UEC ဖက်ကို အကြံပြုတင်ပြခဲ့ကြောင်း ဒေါက်တာအေးမောင် က ဆိုသည်။ https://www.bnionline.net/mm/news-81423

၁၈။ စစ်တပ်ကားဝင်တိုက်မှုကြောင့် ပူတာအို လူငယ်တစ်ဦးသေဆုံး
24 May 2021

ပူတာအိုမြို့တွင် အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်လိုက်သော လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ မေလ ၂၂ ရက်နေ့ ပူတာအို မူလာရှီးဒီး ကြိုးတံတားဘက်မှ စစ်တပ်အရာရှိစစ်ဗိုလ် ၃ဦး စီးလာသည့်ကားသည် လမ်းမကြီးပေါ်တွင် မောင်းနင်နေသော ဆိုင်ကယ်တစ်စီးကို ဝင်တိုက်လိုက်သဖြင့် လူငယ်တစ်ဦး သေဆုံးသွားခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံ တစ်ဦးက ပြောသည်။

“စစ်သား ၃ယောက်က မူလာရှီးဒီးကြိုး တံတားဘက်ကနေပြန်လာတာတဲ့။ လူငယ်ကို ကားနဲ့ဝင်တိုက်လိုက်တယ်။ စစ်ကား တော့မဟုတ်ဘူး။ သူတို့စီးတဲ့ကားက ဘရိတ်မကောင်းဘူးလို့ ပြောတာဘဲ။ ဖြစ်ဖြစ်ချင်းဘဲ စစ်သားတွေက သူတို့ရဲ့ စစ်ဆေး ရုံးခေါ်သွားပေးတယ်။ စစ်ဆေးရုံမှာကုလို့မရတော့ မြစ်ကြီးနားကို ပို့ဖို့ သွားလိုက်တယ်။ ဆွမ်ပရာဘွမ့်လမ်းမကြီးမှာဘဲ ဆုံးသွားတယ်တဲ့” ဟု ပြောဆိုသည်။ သေဆုံးသွားသည့် လူမှာ အသက် ၃၀ အရွယ် လဝက ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းနှင့် ပူတာအို လေယာဉ်ကွင်း ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်းသိရသည်။

ပူတာအိုမြို့ စစ်တပ်က ဒေသခံပြည်သူများကို ကားနှင့်ဝင်တိုက်သောကြောင့် နှစ်စဉ်နှစ်တိုင်း လူသေဆုံးမှုများ ကြုံနေရ သည်ဟု သူဆက်ဆိုသည်။ စစ်တပ်၏ကားတိုက်ခံရပြီး သေဆုံးသွားသောလူငယ်၏ရုပ်အလောင်း သဂြိုလ်သည့် ဆုတောင်း ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့ ယနေ့ ပြုလုပ်ခဲ့သည်။ https://burmese.kachinnews.com/2021/ 05/24/may-

၁၉။ ဖားကန့် လူမှုကူညီရေးအသင်းမှ လူငယ်တစ်ဦး သေနတ်ဖြင့် ၃ ကြိမ်ထက်မနည်း ပစ်သတ်ခံရ
25 May 2021

ဖားကန့် စပေါ့ကျေးရွာ လူမှုကူညီရေးအသင်းအဖွဲ့တွင် တက်ကြွစွာပါဝင်သော လူငယ်တစ်ဦး ယနေ့ နံနက် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။ မေလ ၂၅ ရက်နေ့ ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့် တွင် သူ၏ နေအိမ် အိပ်ရာတွင် သေနတ် ၃ချက်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု နီးစပ်သူ တစ်ဦးထံမှ သိရသည်။

“ကလေးကအရမ်းလိမ္မာပြီး လူမှုရေးတက်ကြွသူ တစ်ဦးဖြစ်တယ်။ ဘာကြောင့် အခုလိုပစ်ခံရတယ် ဆိုတာက မသိရ သေး ဘူး။ ဒီမနက် သေနတ်ပစ်ခံလိုက်ရတာနဲ့ တစ်ခါတည်း ဆေးခန်းကိုခေါ်သွားတာဟုတ်တယ်။ ဒါပေမယ့် မရခဲ့ဘူး။ အခု က ရဲတွေလာစစ်နေတယ်”ဟု ပြောဆိုသည်။ အဆိုပါလူငယ်၏ အရှေ့ဘက်ခြမ်း ပခုံးတည့်တည့်တွင် သေနတ်ဒဏ်ရာ ၃ ချက် တိတိတွေ့ခဲ့ရပြီး နှာခေါင်းမှလည်း သွေးများထွက်ကြောင်း သူကဆက်ဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသော လူငယ်မှာ အသက် ၂၅နှစ်အရွယ် ကိုနေမင်းထွန်းဖြစ်ပြီး တံခါး(Chying Hka) လူမှုကူညီရေးအသင်း တွင်ပါဝင်လှုပ်ရှားသူဖြစ်ကြောင်းသိရသည်။ သေဆုံးသွားသည့် ကိုနေမင်းထွန်းမှာ လူမှုဆက်ဆံရေး ကောင်းမွန်သူဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှု ကင်းရှင်းသူ တစ်ဦလည်း ဖြစ်ကြောင်း မိသားစုထံမှသိရသည်။ https://burmese .kachinnews.com/2021/05/25/may-25-y2/

၂၀။ ကျောက်မဲမြို့ရှိ စူဠာမဏိစေတီ မိုးကြိုးပစ်ခံရ၍ ထီးတော်မြေခ
24 May, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ၂ ရပ်ကွက် စိန်ကျောက်တောင်ကျောင်းရှိ စူဠာမဏိစေတီဟာ မေ ၂၄ ရက်က မနက် ၁ နာရီ မိနစ် ၂၀ မိနစ်လောက်က မိုးကြိုးပစ်ခံရလို့ ထီးတော်မြေခခဲ့ပါတယ်။

ထီးတော်မြေခခဲ့တဲ့ စူဠာမဏိစေတီဟာ အခုနှစ် ဝါကျွတ်ကာလက ပြန်လည်မွမ်းမံတည်ထားမယ်လို့ သိရပါတယ်။ http://bu rmese.dvb.no/archives/465641

၂၁။ လဲချားမြို့ ရဲလင်မယားရန်ဖြစ်၊ ရဲတပ်ကြပ် ကိုယ့်ကိုယ်ကို သတ်သေ
May 24, 2021

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ ရဲစခန်းအတွင်း ရဲတပ်ကြပ်လင်မယား ရန်ဖြစ်ရာ၊ ရဲတပ်သား သေဆုံးခဲ့ပြီး၊ အမျိုးသမီး ဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မေ (၂၂)ရက် ည (၉)နာရီ တွင် လဲချားမြို့ရဲစခန်းတွင် နေထိုင်သည် တပ်ကြပ်အဆင့်ရှိ ရဲ လင်မယား နှစ်ဦး ရန်ဖြစ်ရာ၊ အမျိုးသားဖြစ်သူက စပြီး အမျိုးသမီးကို သေနတ်ဖြင့် ပစ်ခဲ့ပြီးနောက် ၎င်းသည် ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း လဲချားဒေသခံ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ရဲလင်မယား (၂)ဦး ရန်ဖြစ်ပြီး ယောင်္ကျားဖြစ်သူက မိန်းမကို သေနတ်နဲ့ ပစ်လိုက်တယ်။ နောက် ကိုယ့်ကိုယ်ကိုလည်း ပြန် ပစ်တယ်။ အမျိုးသားရဲဖြစ်သူကတော့ သေသွားတယ်။ သူ့မိန်းမကတော့ ရင်ထိသွားတယ်။ မသေဘူး။ ဆေးကုနေတယ်” ဟု လဲချားဒေသခံ က ပြောသည်။

ကိုယ့်ကိုယ်ကို သေနတ်ပစ်သတ်သေဆုံးသွားသည့် ရဲတပ်ကြပ်သည် အသက် (၃၅) ဝန်း ကျင်ခန့်ရှိပြီး၊ ကျည်ထိမှန်သည့် ၎င်း၏ အမျိုးသမီးးသည် လွိုင်လင်ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။ https://burmese.shannews.org/ archives/22173

၂၂။ မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကရင်ကျေးရွာတွင် ဝက်များဆက်တိုက်သေဆုံးနေ
25 May, 2021

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ၊ မယ်လမတ်မြို့နယ်ရှိ ကရင်တိုင်းရင်းသားကျေးရွာမှာ အိမ်မွေးဝက်တွေ အကြောင်းမဲ့ဆက် တိုက်သေဆုံးနေတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ မယ်လမတ်မြို့နယ် မဲ့တိန်ကျေးရွာအုပ်စု ဟွေ့ဖာဒမ်ရွာ ထဲမှာ လွန်ခဲ့တဲ့ ၄၊ ၅ ရက်ကစ ဝက်တွေ နေမကောင်းဖြစ်ပြီး ဆက်တိုက်သေဆုံးသွားတာ ၁၈ ကောင်ရှိပြီဖြစ်ကြောင်း၊ သေ သွားတဲ့ ဝက်တွေထဲမှာ အလေးချိန် ၁၂၀ ကီလိုကျော်ရှိ ဝက်ကြီးတွေလည်းပါတယ်လို့ ကရင်ရွာသားတွေက သတင်း ထောက် ကို ပြောပါတယ်။

သူတို့ဟာ အဆိုပါဝက်တွေကို အိမ်အောက်မှာမွေးထားသလို ခြံဝင်းထဲမှာ ဝက်ခြံဆောက်လုပ်လို့လည်း မွေးမြူကြပြီး ပြီးခဲ့တဲ့ အပတ်ကစ သူတို့ဝက်တွေဟာ အပူကန်သလိုဖြစ်ပြီး အစာမစားတော့ဘဲ စိုထိုင်းတဲ့နေရာတွေမှာ ရွေးပြီးအိပ်ကြောင်း၊ ဒါကြောင့် ဝက်ကိုမကြာမကြာရေ ပက်ပေးရတယ်လို့ ဆိုပါတယ်။ အဲဒီဝက်တွေဟာ ညပိုင်းမှာ နေမကောင်းဖြစ်ပြီး မိုးလင်းတဲ့ ခါ သေဆုံးနေကြောင်း၊ ဒီလိုတကောင်ပြီးတကောင် သေသွားတာ ၁၈ ကောင်ရှိပြီဖြစ်ပြီး အဲဒီဝက်သားကို ဘယ်သူမှမ စားရဲဘဲ တောထဲမှာသွားမြှုပ်ပစ်ရတယ်လို့ ဆိုပါတယ်။

အခုလို ဝက်ကြီးတွေသေကုန်တာကြောင့် ရွာသားတွေရဲ့ တနိုင်တပိုင်စီးပွါးရေး လည်းထိခိုက်ကြောင်း၊ ရွာထဲမှာကျွေးမွေး ဧည့်ခံပွဲရှိရင် ယခင်က ဝက်ကောင်လုံးပေါ်လေ့ ရှိပေမယ့် အခုတော့ မြို့ထဲက ဝက်သားသွားဝယ်ရတယ်လို့ ရွာသားတွေက ပြောပါတယ်။ http://burmese.dvb.no/archives/465860

 

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

** ပြီး **