ချင်းတောင်သို့ တက်လာတဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂၀ ဦးကျော် သေဆုံး

CNA နှင့် ယော PDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ဓါတ်ပုံ – YPDF
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၃
ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) ကို ဒီကနေ့ မတ်လ (၂၁) ရက်နေ့က Victoria Base မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
ကာကွယ်ရေးဆိုင်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုခိုင်မာအောင် တရားဝင် လက်မှတ်ရေးထိုးတာ ဖြစ်တယ်လို့ YPDF တပ်ဖွဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဌ ရဲဘော် ယောလေးက ပြောပါတယ်။
“ချင်းနှင့်ယောဟာ နယ်မြေချင်းထိစပ်နေတယ်။ နောက်ပြီး လက်တွေ့အားဖြင့်လည်း ကာကွယ်ရေးကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်နေကြတာ ရှိတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေက စကတည်းက ရှိပါတယ်။ ခုမှပဲ တရားဝင် လက်မှတ်ထိုးဖြစ်တာပါ”လို့ ပြောပါတယ်။
ဒါ့အပြင် အခုလို လက်မှတ်ရေးထိုးတာဟာ နှစ်ဖက် နိုင်ငံရေးပိုင်း မပါဝင်ပေမယ့်၊ တော်လှန်ရေး အတွေ့အကြုံ ကောင်းရှိတဲ့ တပ်ဖွဲ့၏ စစ်ရေးစီမံခန့်ခွဲမှုကို နာခံယူတာလည်း ဖြစ်သလို၊ စစ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သီးသန့်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“CNA က တော်လှန်ရေး အတွေ့အကြုံကောင်းတွေ ရှိတဲ့အဖွဲ့ဖြစ်တယ်။ ကျွန်တော်တို့က ခုမှ ၂ နှစ်သားပဲ ရှိသေးတယ်။ ဆိုတော့ အတွေ့အကြုံရှိတဲ့ သူတို့ရဲ့ စစ်ရေးစီမံခန့်ခွဲမှုကို နာခံယူတဲ့သဘောပါ။ လက်မှတ်ထိုး တာကတော့ အဓိကအားဖြင့် စစ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပါပဲ။ နိုင်ငံရေးပိုင်းအရတော့ ချင်းလည်း ချင်းအလျောက် ယောလည်း ယောအလျောက် သူ့ဘာသာ ဆောင်ရွက်မှာပါ”လို့ ပြောပါတယ်။
အဲဒီ လက်မှတ်ရေးထိုးတဲ့ နားလည်မှု စာချွန်လွှာ စာချုပ် သက်တမ်းကာလဟာ နွေဦးတော်လှန်ရေး ကာလ ပြီးဆုံးတဲ့ အချိန်ထိ ဖြစ်ပြီး၊ စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေးတို့ အတွက် ချင်းအမျိုးသား တပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား သဘောတူညီချက်ရယူပြီး ပူးပေါင်းဆောင်ရွက်တာလို့လည်း ဆိုပါတယ်။
နားလည်မှု စာချွန်လွှာကိုတော့ ချင်းအမျိုးသားတပ်မတော် (CNA) မှ စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဌာန တာဝန်ရှိသူများ၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌ ရဲဘော် ယောလေးနှင့် တပ်ဖွဲ့တာဝန်ရှိသူများတို့က တက်ရောက်ပြီး လက်မှတ်ရေးထိုးခဲ့ကြတာလို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ABSDF (ယောဒေသ)နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပထမဆုံး လက်မှတ်ထိုးခဲ့တာဖြစ်ပြီး NUG ကာကွယ်ရေးဌာန တပ်ဖွဲ့များမပြင် မဟာမိတ်အဖွဲ့များနဲ့ည်း လက်မှတ်မထိုးပေမယ့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 23, March 21, 2023)
၁။ ဒေါ်စောမြရာဇာလင်း ခေါင်းဆောင်ပြီး ALP ပါတီ ပြန်ဖွဲ့စည်းမှု တရားမဝင်ဟု ALP ကြေညာ
March 21, 2023
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ ဒု-ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒေါ်စောမြရာဇာလင်းဟာ ပါတီဥက္ကဋ္ဌ အဖြစ်ခံ ယူပြီး ဗဟိုကော်မတီအသစ်တွေနဲ့ ALP ပါတီကို အသစ်ပြန် ဖွဲ့စည်းတာနဲ့ပတ်သက်လို့ လက်မခံကြောင်း ALP ပါတီအတွင်းရေး မှူး ဦးခိုင်ကျော်ခိုင် က မတ်လ ၂၀ ရက်မှာ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။ ဒေါ်စောမြရာဇာလင်း ကို ALP ပါတီမှ ထုတ်ပယ် လိုက်ပြီဖြစ်ကြောင်း၊ ပါတီနဲ့ လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ပြောပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ALP ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်မင်းစိုး နဲ့ စစ်သည်နှစ်ဦးကို ဒေါ်စောမြရာဇာလင်း က စစ်ကောင်စီတပ်ကို ဖမ်းဆီး ခိုင်းလိုက်ကြောင်း၊ အဲဒီဖြစ်ရပ်ကြောင့် ဒေါ်စောမြရာဇာလင်း ကို စုံစမ်းစစ်ဆေးဖို့ ပါတီရဲ့ တရားစီရင်းရေးကော်မတီက ဒေါ်စောမြရာဇာလင်း ရဲ့ တာဝန်တွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးရေး ကော်မတီခေါင်းဆောင်တာဝန်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရှိ တာဝန်တွေကို ယာယီရပ်စဲခဲ့ပါတယ်။ ဒေါ်စောမြရာဇာလင်းဟာ ALP ပါတီ၊ တပ်မတော်ရဲ့အမည်၊ အမှတ်တံဆိပ်နဲ့ အောင်လံတော်တို့ကို ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်နဲ့ ဗဟိုကော်မတီဝင်တွေကို အသိပေးခြင်းမရှိဘဲ ပါတီသစ်ထူထောင် တာဟာ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာဖြစ်တဲ့အတွက် ဒေါ်စောမြရာဇာလင်း ဟာ ALP ပါတီနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတော့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်စောမြရာဇာလင်းဘက်ကလည်း မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီရဲ့ သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ဗဟိုခေါင်းဆောင်အများစုရဲ့ ဆန္ဒအရ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့ကြပေမဲ့ ဥက္ကဋ္ဌ ခိုင်ရဲခိုင် သွားလိုတဲ့လမ်းကြောင်းနဲ့ ဒေါ်စောမြရာဇာလင်း သွားလိုတဲ့လမ်းကြောင်း မတူညီတဲ့အတွက် ဥက္ကဋ္ဌကြီး ကိုယ်ယုံကြည် ရာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်စေဖို့နဲ့ မိမိတို့ အနေနဲ့လည်း ယုံကြည်ရာ ငြိမ်းချမ်းရေးလမ်းကြောင်းကတဆင့် ရခိုင် ပြည်နဲ့ ရခိုင်လူထု အကျိုးအတွက် ရည်ရွယ်ချက်တူသူတွေနဲ့ ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းထူထောင်တာ ဖြစ်ကြောင်းထုတ် ပြန်ထားတာပါ။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ၁၉၆၇ ခု၊ ဧပြီ ၉ ရက်က ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ဥက္ကဋ္ဌ ခိုင်ပြည်သိမ်း ဦးဆောင်မှုနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ ပါတီရဲ့ စစ်ရေးနိုင်ငံရေး ယိမ်းယိုင်လာတဲ့အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ဥက္ကဋ္ဌ ခိုင်ရဲခိုင်ရဲ့ ဦးဆောင်မှုနဲ့ စတုတ္ထအကြိမ် ပါတီ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ https://burmese.dvb.no /archives/584470
၂။ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်သွားမည်ဟု CNF ပြော
March 20, 2023
အုပ်ချုပ်ရေး၊ လုံခြုံရေးနှင်း တရားဥပဒေစိုးမိုးရေးတို့ကို တဆင့်ချင်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ချင်း အမျိုးသားတပ်ဦး (CNF) က ပြောကြားလိုက်သည်။ မတ်လ ၂၀ ရက်တွင် ကျရောက်သော ချင်းအမျိုးသားလက်နက် ကိုင်တော် လှန်ရေး (၃၅) နှစ် မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ချင်းအမျိုးသားတပ်ဦး (CNF) က ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA) သည် ပြည့်သူ့တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာစွဲကိုင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်းသို့ တော်လှန်တိုက်ပွဲ ဝင်ရာတွင် နိုင်ငံရေးရပ်တည်ချက်တူညီသော မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူ ပုဂ္ဂိုလ်မဆို လက်တွဲကာ အဆုံးတိုင်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်းလည်း CNF က ထပ်လောင်းပြော ကြားထားသည်။ ချင်းအမျိုးသားများ နစ်နာဆုံးရှုံးခဲ့သော အခွင့်အရေး များ အတွက် နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်ရေး လှုပ်ရှားမှုအရှိန်ကိုလည်း တိုးမြှင့်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆိုသည်။
ယခုဆင်နွဲနေသော တော်လှန်ရေးတိုက်ပွဲတွင် ပြည်သူလူထုတရပ်လုံးအနေဖြင့် မိမိ ကျွမ်းကျင်မှုအလိုက် အရေးတော်ပုံ အောင်မြင်သည်အထိ လက်တွဲတိုက်ပွဲဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ အခွင့်အရေးတောင်း ဆိုမှုများကို အထူးရှောင်ရှားကြရန် တိုက်တွန်းထားသည်။ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှအမြစ်ပြတ်ချေမှုန်းပြီး ချင်း အမျိုးသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေးအတွက်စတင်ခဲ့ သော ချင်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးသည် မတ်လ ၂၀ ရက်နေ့တွင် (၃၅) နှစ် မြောက် ရှိပြီဖြစ်သည်။ အကြမ်းဖက် စစ်ကောင်စီကိုတော်လှန်တိုက်ပွဲဝင်ရာတွင် ချင်းအမျိုးသားပြည်သူများ၏အနစ်နာခံမှု၊ ပံ့ပိုးကူညီမှုနှင့်ပေးဆပ်မှုများအပေါ်အထူး ဂုဏ်ယူလေးစားကြောင်းလည်း CNF က ပြောကြားထားသည်။ လက်ရှိတွင် ချင်းပြည်နယ်အတွင်း CAN/CNF အပါအဝင် ချင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်များနှင့်အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။ https://www.facebook.com/MizzimaDaily/ photos/a.320351647999747/6525270004174516/
၃။ ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ
March 20, 2023
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပွဲ ပြင်းထန်ပြီး စစ်သား ၅ ဦးသေကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ သတင်းပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ တနီးလာလဲ ကျေးရွာ အနီးမှာ KA ပူးပေါင်း တပ်နဲ့ စစ်ကောင်စီ ခမရ (၅၁၃) တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ နောက်တစ်နေ့ မနက်ပိုင်းမှာ ကရင်နီတပ် စခန်းကို တိုက်ဖို့ ဒုတိယ အကြိမ် ထပ်တက်လာတဲ့ စစ်ကောင်စီတပ် မိုင်းကွင်းထဲရောက်လို့ မိုင်းနင်းမိပြီး စစ်သား တစ်ဦး ခြေထောက်ပြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ပါ ထပ်တိုက်တာကြောင့် စစ်သား ၂ ဦး ဒဏ်ရာ ထပ်ရ တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားပြီး အနီးအနားကို ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်နေပေမဲ့ ပြည်သူ့ ကာကွယ်ရေးတပ်သား တစ်ဦးသာ မစိုးရိမ် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ ကရင်နီပြည်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ပြည်သူတွေသတိထား သွားလာကြဖို့ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့တွေက သတိ ပေးနေပါတယ်။ https://www.facebook.com/MeKongNewsMM/photos/a.3739 65523263391/1198784570781478/
၄။ ဖားကန့်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရ၊ ကလေးတစ်ဦးအပါအဝင် ပြည်သူအချို့လည်း ထိခိုက် သေဆုံးမှုရှိ
March 19, 2023
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာအချို့တွင် တိုက်ခိုက်ခံရပြီး အချို့သေဆုံးမှုများရှိခဲ့သည့်အပြင် ပြည်သူခြောက်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူ များလည်း တိမ်းရှောင်ခဲ့ရသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ “ခွန်စာကုန်းဘေးနားက ဖြတ်သွားလိုက်တော့ အဲ့နားမှာ သူတို့ကို အဖွဲ့ တစ်ဖွဲ့ကနေပစ်လိုက်တာ။ ကားတစ်စီးကို ပစ်တာဆိုတော့။ သူတို့ကားကို ပစ်ပြီးပြီဆိုမှ ပတ်ဝန်းကျင်ကို ရမ်းတဲ့ ပုံစံမျိုးပေါ့” ဟုသူက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲထားသော စာသင်ကျောင်းနှင့် မျောက်ကုန်းတပ်ရင်း ၂၈ ကိုလည်း ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက် ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။ “ကားနဲ့အရင်အကတ်လိုက်ဆွဲသွားတာ။ ကျွန်မတို့ အိမ်ရှေ့ကနေ အပြန်အလှန်ပဲပစ်နေတာက စစ်ကောင်စီကအထိနာလို့ လက်နက်ကြီးတွေနဲ့ရမ်းပစ် နေပြီ။ မတော်တဆ အိမ်ပေါ် တွေကျလာမှာကိုပဲ ကြောက်နေရတာ” ဟုသူကပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် အသက် ၂ နှစ်ကျော်ခန့်အရွယ်ရှိ ကလေးတစ်ဦးအပါဝင် ပြည်သူ ခြောက်ဦးသေဆုံးခဲ့ကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “နှစ်နှစ်လောက်ရှိတဲ့ ကလေးလေးတစ်ယောက်ရယ်။ သားအမိ သားအဖသုံးယောက် ပါတယ်။ အသက် ၂၀ လောက်ရှိတဲ့ ကောင်မလေးတစ်ယောက်ရယ်။ သေတာက ကလေးလူကြီး ခြောက်ရောက်။ ဆိုင်ကယ်စီးရင်းနဲ့ စစ်ကြောင်းနဲ့ တွေ့တော့ အကုန်ရမ်းပစ်တာကိုး။ ပြင်းထန် ဒဏ်ရာရတဲ့နှစ်ယောက်က ဆေးရုံ မှာ” ဟုပြောသည်။ လက်ရှိဆေးရုံတွင် အသက် ၂၀ နှစ်ခန့်အရွယ် မိန်းကလေးတစ်ဦး ဆေးကုသမှုခံယူနေပြီး အသက်(၂) နှစ်ခန့် အရွယ်ရှိ ကလေးငယ်တစ်ဦးမှာ လက်ဖြတ်ရမည်ဖြစ်ကြောင်း နီးစပ်သူများထံမှသိရသည်။ https://www.facebook.com/Th e74Media/photos/a.121070006079196/765904908262366/
၅။ မင်းတပ် CDF က စစ်ယာဉ်တန်း ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီးပျက်စီး
March 19, 2023
မင်းတပ်မြို့သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီး ပျက်စီးမှုရှိခဲ့ ကြောင်း မင်းတပ်မြို့ နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) က သတင်းထုတ် ပြန်သည်။ မကွေးတိုင်း ပခုက္ကူမြို့ တပ်မ (၁၀၁)မှ ထွက်လာသည့် စစ်ကောင်စီယာဉ် ၈၅စီးပါယာဉ်တန်းသည် မတ်လ ၁၆ရက် ညနေပိုင်းတွင် ကျောက်ထု – မင်းတပ်ဘက်သို့ တက်လာရာ မင်းတပ် CDF က ပဒေသာမိုင်း အလုံး ၂၀ ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အသိအကျမသိရ သော်လည်း စစ်ကောင်စီ ယာဉ်နှစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆိုပါယာဉ်တန်းထဲမှ ၃၅ စီး သည် ပျက်စီးသွားသော ယာဉ်များကို တင်ဆောင်လျက် မတ်လ ၁၈ရက် နံနက်တွင် ကျောက်ထုမြို့သို့ ပြန်ဆင်းသွားကြပြီဖြစ်၍ မင်းတပ် – ကျောက်ထု လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းအသိပေးခဲ့သည်။
“(စစ်ကောင်စီယာဉ်တန်း) ကျောက်ထုတပ်ထဲ ပြန်ဝင်သွားပြီ။ လက်ရှိ ကျောက်ထုလေယာဉ်ကွင်း ထဲရှိဆဲပါ”ဟု ဒေသခံ က ပြောသည်။ စစ်ကောင်စီယာဉ်တန်းသည် ယခုတစ်ခေါက်တွင် မင်းတပ်မြို့အထိသာ လာရောက်ခြင်းဖြစ်ပြီး မတူပီသို့ ဆက်လက်သွားရောက်ခြင်းမရှိပေ။ “ဒီတစ်ခေါက် အဲဒီဘက်မတက်ကြတော့ဘူး။ မင်းတပ်အထိပဲ တက်လာကြတာ။ အပြန်မှာ ရဲ ၊ စစ်အပြောင်း၊ မိသားစုနဲ့ အချုပ်သားတွေ ပါသွားတယ်”ဟု ဒေသခံက ပြောသည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်း မင်းတပ်မြို့ သို့ မလာရောက်မီ စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီတပ်သည် မတ်လ ၁၃ရက် ညပိုင်းက မင်းတပ် – မတူပီလမ်း မိုင်တိုင် အမှတ်(၉)နှင့် (၁၄)အကြားတွင် လေကြောင်းb တိုက်ခိုက်မှု ခြောက်ကြိမ် ၊ လက်နက်ကြီးပစ်ခတ်မှု ၁၃ကြိမ်ပြုလုပ်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။ https://www.f acebook.com/LuduNwayOo/photos/a.1043 12508424877/597518422437614/
၆။ ရှမ်းတောင်မှာ မြို့ပြစစ်ဆင်ရေး ဒုတိယကြိမ် စတင်ပြီလို့ ချိုးဖြူတော်လှန်ရေး အင်အားစု အသိပေး
March 20, 2023
ရှမ်းပြည်နယ် တောင်ပိုင်းမှာ မြို့ပြ စစ်ဆင်ရေးတွေ ဒုတိယအကြိမ် ပြန်လည်စတင်နေပြီလို့ ရှမ်းတောင် အခြေစိုက် ချိုးဖြူ တော်လှန်ရေး အင်အားစုက ဒီကနေ့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ ပထမအကြိမ် မြို့ပြ စစ်ဆင်ရေးမှာ စစ်ဆင် ရေး ၁၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဒီစစ်ဆင်ရေးတွေထဲက အမှားတွေ သင်ယူကာ ဒီကနေ့ မတ်လ ၂၀ ရက်ကစပြီး မြို့ပြ စစ်ဆင်ရေး ဒုတိယအကြိမ်စဖို့ လက်နက်ခဲယမ်းတွေ စုဆောင်းပြင်ဆင်နေပြီလို့ဆိုပါတယ်။ မြို့ပြစစ်ဆင်ရေးတွေ အောင်မြင်ဖို့နဲ့ တော်လှန် ရေးအောင်မြင်ဖို့ ဆိုတာ ပြည်သူတွေနဲ့ သက်ဆိုင်တယ်လို့ ချိုးဖြူ တော်လှန်ရေး အင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “တော်လှန်ရေးရဲ့ အောင်ပွဲဟာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအားနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။ အဲ့ဒါကြောင့် စစ်ဆင်ရေးတွေမှာ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်” လို့ သူက ပြောပါတယ်။
ရှမ်းတောင်မှာ တော်လှန်ရေး အရှိန်မြှင့်တင်ဖို့ ချိုးဖြူ တော်လှန်ရေးတပ်ဖွဲ့- JPRF ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်က စတင်ဖွဲ့စည်း ခဲ့တာဖြစ်ပြီး ရွာငံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPDF အဖြစ် မြို့ပြစစ်ဆင်ရေး ပထမ အကြိမ်စတင်လှုပ် ရှားခဲ့ တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေး ပထမအကြိမ်မှာ စစ်ကောင်စီ ထောက်တိုင် သတင်းပေးဒလန်၊ မိုင်တဲတာဝါတိုင်၊ မြန်မာ ဘီယာ၊ စစ်တပ်ဌာနဆိုင်ရာ အဆောက်အအုံတွေကို ဖောက်ခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ မှာတော့ စစ်ကောင်စီက YPDF စခန်းကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ် အရာရှိ တစ်ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံးကာ YPDF ရဲဘော် ၅ ဦး ကျဆုံးပြီးနောက် JPRF အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ ပြောင်းလဲ ဖွဲ့စည်း ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှာ ပင်းတယမြို့ မြောက်ဘက် မြောက်ကျောင်းကြီး စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေတယ်လို့ သိရပါတယ်။ JPRF အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး မြို့ပြ စစ်ဆင်ရေး ပထမအကြိမ်မှာ ဝုန်းဒိုင်း၊ တော်ဝင်နဂါး၊ မြို့ပြမုဆိုး စတဲ့ စစ်ဆင်ရေး ၃ ခု လုပ်ခဲ့ပြီးပင်းတယမြို့နယ်မှာ စစ်တပ် အရာရှိ တစ်ဦး အပါအဝင် စစ်သား ၁၄ ဦး၊ ပင်းတယမြို့နယ် ကြံ့ခိုင်ရေး ဒုဥက္ကဌနဲ့ ပျူစောထီး ခေါင်းဆောင်တစ်ဦး၊ စစ်တပ်သတင်းပေး ၆ ဦး ရှင်းလင်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။ https://www.facebo ok.com/watch?v=541109584674311
၇။ မီးဘေးသင့် ဂျယ်ယာန်စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ
March 20, 2023
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယာန်စစ်ရှောင်စခန်းတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် နေအိမ်ဆုံးရှုံးခဲ့ရသော စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီများလိုအပ်နေကြောင်းသိရ သည်။ ဂျယ်ယာန်စစ်ရှောင်စခန်း အပိုင်း B တွင် ယမန်နေ့ မွန်းလွှဲ သုံးနာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် စုစုပေါင်း ၃၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သောကြောင့် အဝတ်အစား၊ စောင်နှင့် အစားအစာများ လိုအပ်နေသည်ဟု နေအိမ်မီးလောင်ဆုံးရှုံးခဲ့ သော စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။ “သေတ္တာသုံးခုနဲ့ ဆန်သုံးအိတ်ကလွဲပြီး အကုန်မီးလောင်သွားပြီ။ တချို့က ဘာမှ မရဘူး၊ အိုးခွက်ပန်းကန်ဘာတစ်ခုမှကို မကျန်ဘူး။ ခုကတော့ အိပ်စရာအိမ်လည်းမရှိတော့ဘူး။ စစ်ရှောင်ဒဏ်ခံနေရတဲ့ထဲမှာ မီး ဒဏ်ပါခံနေရတော့ တော်တော်ခံစားနေရတာပေါ့ကွယ်။ အမျိုးသမီးနဲ့ကလေးတွေဆိုရင် သနားစရာ ဖိနပ်လည်းမရှိတော့ အင်္ကျီ လဲဝတ်စရာလည်းမရှိတော့ အကုန်ငိုင်ပြီး စုထိုင်နေကြတယ်” ဟု ပြောသည်။
မီးဘေးသင့် စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၇၇ ဦးသည် စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရကြောင်း အဆိုပါ စစ်ရှောင်စခန်းမှ ဓမ္မအမှုဆောင် ဆရာတစ်ဦးက ပြောသည်။ “ခုက စောင်တွေ အင်္ကျီတွေ ဒါတွေအရေးကြီးတာပေါ့။ စားသောက်ကုန်တွေ၊ အဝတ်အစားတွေလည်း အကုန်ပါသွားကြပြီဆိုတော့လေနော်။ စစ်ရှောင်စခန်းဆိုတော့ နဂိုကဆို အလုပ်အကိုင်ဘာမှ မရှိ ခက်တာထက်ပိုခက်တော့တာပေါ့။ အဲ့ကြောင့် အကူအညီတွေလည်း အများကြီးလိုတာပေါ့” ဟုပြောသည်။ စစ်ရှောင်စခန်းရှိ ကလေးတစ်ဦးဟင်းချက်ရာမှ ဂက်စ်အိုးမတော်တဆ မီးလောင်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကာ လူထိခိုက် မှုမရှိကြောင်း သူကဆက်ပြောသည်။ မီးဘေးသင့် စစ်ရှောင်ပြည်သူများကို စစ်ရှောင်စခန်း၏ အလယ်တန်ကျောင်းနှင့် မူလတန်း ကျောင်းတွင် နေရာချထားသည်။ ဂျယ်ယာန်စစ်ရှောင်စခန်းသည် ၂၀၁၁ ခုနှစ် ကချင်ဒေသ တစ်ကျော့ပြန်တိုက်ပွဲကြောင့် တည် ထောင်ခဲ့သော စစ်ရှောင်စခန်းတစ်ခုဖြစ်ပြီး အိမ်ခြေစုစုပေါင်း တစ်ထောင့်ငါးရာကျော်ရှိကြောင်း သိရသည်။ https://www.fa cebook.com/The74Media/photos /pcb.766422234877300/766420894877434/
၈။ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ
March 21, 2023
သျှမ်းပြည် ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ နှင့် ကောင်းယုတောင်ပေါ်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက် ခိုက်နေကြောင်းသိရသည်။ အလားတူ ယမန်နေ့ (မတ် ၂၀) ရက်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ယနေ့ မတ် ၂၁ ရက် သတင်းရေးသားနေသည့်အချိန်ထိ တိုက်ပွဲငြိမ်နေကြောင်း PNDF KK တာဝန်ရှိသူ ကိုဘန်ဂျမင်း က ပြောသည်။ “မနေ့ထိတော့ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ်။ စစ်ကောင်စီကတော့ ဂျက်တိုက် လေယာဉ်နဲ့ လာရောက် ပစ်ကူတယ်။ အခုထိတော့ နမ်းနိန်း အနီးနားက တောင်ပေါ်တွေမှာ တိုက်ပွဲ ဖြစ်ပွားနေတယ်။ ဒီနေ့ တိုက်ပွဲတွေတော့မကြား သေးဘူး”ဟု ကိုဘင်ဂျမင် ကပြောသည်။ အဆိုပါ ယမန်နေ့က ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲသည် စစ်ကောင်စီဘက်ကခန့် မှန်းခြေအရ သေဆုံးသူ ၈ ဦး လောက်အထိရှိကြောင်း ကိုဘန်ဂျမင်း ကပြောသည်။ ထိုသို့တိုက်ပွဲငြိမ်နေရခြင်းသည် စစ်ကောင်စီ ဘက်မှ စစ်အင်အား ဖြည့်တင်းနေသည့် အခြေအနေရှိကြောင်း ကိုဘင်ဂျမင် က ပြောသည်။ သို့သော် ပင်လောင်းဘက်တွင် ယနေ့ တိုက်ပွဲ မဖြစ်ပွားသော်လည်း မိုးဗြဲမြို့ အင်းအရှေ့ဘက်ကမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်း ဖယ်ခုံဘက်တွင် တိုက်ပွဲက ငြိမ်နေပြီး ပင်လောင်းဘက် နှင့် ကရင်နီပြည်ဘက်တွင် တိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ “ ဒီနေ့ မနက်တော့ မိုးဗြဲ အရှေ့ဘက်ကမ်းဘက်မှာတော့ ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲကတော့ မိုးဗြဲအရှေ့ဘက်ကမ်းဖြစ်တယ်။ တိုက်ပွဲအသေးပါပဲ။ ခနလောက်ပဲ ဖြစ်သွားတာ။ ဖယ်ခုံဘက်တော့ အခုတလော တိုက်ပွဲငြိမ် နေတယ်” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲငြိမ်နေရခြင်းသည် စစ်ကောင်စီတပ်ဘက်က သေဆုံးမှု များသည့်အတွက်ကြောင့် စစ်အင်အားများ ဖြည့်တင်းနေသဖြင့် တိုက်ပွဲ အချိန်မရွေး ဖြစ်ပွား လာနိုင်ကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့များက ပြောသည်။ “ ကျနော်တို့ ဖယ်ခုံဘက်မှာ တိုက်ပွဲဖြစ်တာတော့ စစ်ကောင်စီဘက် က သေဆုံးမှုများတယ်။ အခု မတ်လအတွင်း တိုက်ပွဲဆိုရင် ခေါင်းအိ တိုက်ပွဲမှာက ၄၈ လောင်း တွေ့တယ်။ ဖယ်ခုံ အင်းအရှေ့ ဘက်ကမ်း တိုက်ပွဲကတော့ ၂၃ လောင်း နဲ့ ၆ ယောက်အရှင်ဖမ်းမိတယ်။ မိုးဗြဲ အင်းအရှေ့ဘက်ကမ်းမှာက အလောင်း ၄ လောင်း တွေ့တယ်။ ကုန်းသာရွာမှာကျတော့ ၅ လောင်းထပ်တွေ့တယ်” ဟု ၎င်းက ပြောသည်။ https://burmese.shannews.org /archives/33662
၉။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေအရ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ဖို့မသင့်တော်သေးကြောင်း UNHCR ပြော
March 20, 2023
ရိုဟင်ဂျာ ဒုက္ခသည်တွေနေရပ်ပြန်ခေါ်ဖို့ စမ်းသပ်အစီအစဉ် အနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပြီး နှစ်နိုင်ငံအကြား ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပါ၀င်ပတ်သတ်နေတယ်လို့ လျို့ဝှက်ပေါက်ကြားလာခဲ့တဲ့ ရုံးတွင်းအီးမေးလ်ကိစ္စတွေနဲ့ပတ်သတ်ပြီး UNHCR အနေနဲ့ မပါဝင်ဘူးဆိုတဲ့ ငြင်းဆန်ချက်တစ်ခုကို မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ UNHCR အနေနဲ့ လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်ရဲ့အခြေအနေဟာ မငြိမ်သက်သေးတဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည်တွေပြန်ဖို့ အခြေအနေဟာ မဖြစ်နိုင်သေးတာကြောင့် ဘယ်ဒုက္ခသည်တွေကိုမှ အတင်း အဓမ္မ မပြန်ခိုင်းသင့်ဘူးလို့ ရေးသားထားပါတယ်။
သတင်းအချက်အလက်တွေ သေချာသိတဲ့အပေါ်အခြေခံပြီး ၎င်းတို့အနေနဲ့ မူလဘူတဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပြန်၊ မပြန်ဆုံးဖြတ်ခွင့် ရိုဟင်ဂျာဒုက္ခသည်တွေမှာရှိပြီး ပြန်မပြန် ဆုံးဖြတ်ရွေးချယ်မယ့် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခွင့်အရေးအပေါ် ကိုလေးစားကြဖို့ အရေးကြီးကြောင်းကိုလည်း အလေးပေးပြောကြားထားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ သက်ဆိုင်ရာရပ်ရွာအသိုက်အဝန်းအတွင်း ပြန်လည် ပေါင်းစည်းဝင်ရောက်ရာမှာ ရေရှည်တည်တံ့နိုင်တဲ့ အိမ်အပြန်ခရီးမျိုး ဖြစ်ဖို့ လိုအပ်ပြီး ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ အမှန်တကယ်ပြန်နိုင်မယ့် ရေရှည်တည်တံ့တဲ့အခြေအနေမျိုး ဖြစ်ပေါ်လာအောင် အားထုတ်ရာမှာ ကုလသမဂ္ဂက ပံ့ပိုးမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။ ရခိုင်ပြည်နယ်က Camp တွေ ထဲမှာ ဆယ်စုနှစ်တစ်ခုလောက် ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ ရေရှည် ၎င်းတို့အတွက် တိုးတက်ပြောင်းလဲမှု မရှိလာ တာနဲ့ လုပ်ကိုင်စားသောက်ဖို့ လိုအပ်လာတာကြောင့် အိမ်နီးချင်းနိုင်ငံတွေဘက်ကို တရားမဝင်တဲ့လမ်းကြောင်းကနေသွား ရောက်ရင်းနဲ့ လမ်းမှာဖမ်းဆီးခံနေကြရပါတယ်။ https://www.face book.com/photo/?fbid=223723583565594&set=a. 164845642786722
၁၀။ ကော်ဘရာစစ်ကြောင်းရဲဘော်များ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးမလုံလောက်မှုနှင့် ကြုံနေရ
March 21, 2023
ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆နယ်မြေအတွင်းရှိ စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်နေသည့် KNLA နှင့်PDF ပူးပေါင်း ကော်ဘရာစစ်ကြောင်းမှရဲဘော်များသည် ရာသီဥတုဒဏ်နှင့်ခြင်ကိုက်သည့်အခြေအနေများကြောင့် ငှက်ဖျားဖြစ်ပွားမှု များနေသည်ဟုသိရသည်။ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄ တပ်စု ၂ အတွင်းရှိရဲဘော်များတိုင်းငှက်ဖျားဖြစ်ပွားနေပြီး ထပ်ကာ ထပ်ကာပြန်ဖြစ်ပွားနေလေ့ရှိနေသည်ဟု ကော်ဘရာစစ်ကြောင်း ဆေးမှူးကပြောသည်။ “တစ်လအတွင်းအနည်းဆုံး ပျှမ်းမျှ အားဖြင့် အယောက်၂၅ယောက် ၃၀တော့ဖြစ်တယ်။ တစ်ယောက်ကိုအနည်းဆုံးတစ်လကို တစ်ကြိမ်လောက်တာ့ဖြစ်တယ် ” ဟု ၎င်းကပြောပြသည်။ ရဲဘော်များအနေဖြင့် မကြာခဏငှက်ဖျားဖြစ်ပွားနေရာ ရှေ့တန်းရောက်သောရဲဘော်များသည် ဆေးဝါးမ လုံလောက်မှုများဖြင့်ပင်ကြုံနေကြရသည်။ ဆေးဝါးမလုံလောက်မှုကြောင့် ရဲဘော်သုံးဦးတစ်ပြိုင်တည်း ငှက်ဖျားဖြစ်လျှင် အပူ အပြင်းဆုံးသူကို ဆေးအရင်ပေးထားရပြီး ကျန်ရဲဘော်များက ဆေးဝါးရရှိလာမှ ကုသမှုခံယူရသည်။ “ ငှက်ဖျား ၂ ကြိမ်ဖြစ်တယ်။ ငှက်ဖျားပထမတစ်ခါဖြစ်တုန်းကတော့ အဲ့တုန်းကဆေးစစ်ပစ္စည်းတို့ဆေးဝါးတို့လည်းမစုံဘူး။ ငှက်ဖျားဆေးလည်းမရှိတော့ ကိုယ်ပူပျောက်ဆေးပဲသောက်ရတယ် ” ဟု လက်ရှိငှက်ဖျား ရောဂါခံစားနေရသည့် ရဲဘော်တစ်ဦးကပြောသည်။
အဆိုပါရဲဘော်သည် ပထမအချိန်ငှက်ဖျားဖြစ်ပွားစဥ်က ဆေးဝါးများမရှိမှုကြောင့် နှစ်ပတ်ခန့်အကြာထိ ဆေးဝါးကုသ မှုမခံယူခဲ့ရဘဲ နောက်တန်းပြန်ရောက်မှ ဆေးကုသခဲ့ရသည်ဟု ၎င်းကပြောသည်။ ရှေ့တန်းရှိရဲဘော်များအတွက် ဆေးဝါးလုံ လောက်မှုသည့် သယ်ယူပို့ဆောင်ရေးအတွက် လမ်းခရီးအခက်အခဲနှင့် ကားမရှိခြင်းကြောင့်ဖြစ်သည်ဟု တပ်ခွဲ၄ ဆေးမှူးက ပြောသည်။ “ကျွန်တော်တို့အဖွဲ့ကကားမရှိဘူးလေ။ ကားမရှိတဲ့အတွက်ဆေးမှာရတဲ့အခါ ကားနဲ့သွားယူရင်လမ်းခရီးက ၂ နာရီ လောက်ကြာတဲ့အခါကျတော့ အခက်အခဲဖြစ်တယ်။ လမ်းခရီးမှာအခက်အခဲဖြစ်ပေမယ့် လူနာအတွက်အရမ်းကြီး အန္တရာယ် ဖြစ်လာတဲ့အချိန်ကျရင်တော့ ကျွန်တော်တို့ကားခေါ်ပြီးတော့နောက်တန်းပြန််ပို့တယ် “ဟု ၎င်းကပြော သည်။ ဆေးဝါးများသည် နောက်တန်းစခန်းများတွင် အလုံအလောက်ရှိသော်လည်း ရှေ့တန်းရဲဘော်များ လိုအပ်လာလျင်အချိန်နှင့် တပြေးညီ ရရှိနိုင် မလွယ်ကူဟု သိရသည်။ ” ငှက်ဖျားကခြင်ကြောင့်ဖြစ်လာတာဖြစ်တဲ့အတွက် တပ်စုတစ်စုမှာ ငှက်ဖျားဖြစ်တာများလာပြီးဆို လို့ရှိရင် ကျွန်တော်တို့က ကာကွယ်တဲ့အနေနဲ့ သူတို့ကိုခြင်ဆေးတွေပေးတယ်။ သူတို့ရဲ့စားဝတ်နေရေး၊ ကျန်းမာရေးကို ကျွန်တော်တို့က သူတို့အစားပိုပြီးဂရုစိုက်ပေးရတယ်”ဟု တပ်ခွဲ၄တပ်စုမှူး ရဲဘော်မဲကြီးက ပြောသည်။ https://www.faceboo k.com/thanlwinkhetnews/photos/pcb.1688708014895090/ 1688707278228497/
၁၁။ နေရပ်ပြန် စစ်ရှောင်များ မိုင်းအန္တရာယ်ကို စိုးရိမ်နေရ
March 21, 2023
သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စု အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေး သွားရသည့် စစ်ရှောင်များသည် နေအိမ်ပြန်ရောက်သော်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၁၇ ရက်မှ စတင်ကာ စစ်ရှောင်များသည် နမ့်ပေါင်ကျေးရွာရှိ ဝေဠုဝန်ကျောင်းတိုက်မှ နေရပ်အသီးသီး သို့ ပြန်ရောက်ကြ ခြင်းဖြစ်ပြီး လက်ရှိတွင်ယာခင်းအတွင်း မပေါက်ကွဲရသေးသည့် လက်နက်ကြီး နှစ်လုံး မြင်တွေ့ရသည့် အတွက် နေရပ်ပြန်ရောက် သည့် စစ်ရှောင်များက စိုးရိမ်ကြောက်လန့် နေရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကျနော်တို့ ရွာနားက ယာခင်းထဲမှာ မကွဲသေးတဲ့ လက်နက်ကြီး နှစ်လုံးတွေ့ရတယ်၊ ရွာကို ပြန်ရောက်တာ ၃ ရက်လောက်ရှိပြီ ဖြစ်ပေမယ့် တောထဲ ယာထဲ သွားပြီး အလုပ်လုပ်တာမျိုးတော့ မရှိဘူး၊ မြေမြှုပ်မိုင်းတွေ ကြောက်တယ်လေ၊ သူတို့ ဘယ်နေရာမှာ မြှုပ်ထားမှန်းလည်း မသိတော့ မသွားရဲကြဘူး” ဟု စစ်ရှောင်ပြီး နေရပ်ပြန်ရောက်လာသည့် အမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ စစ်ရှောင်ပြီး ပြန်ရောက်လာသည့် ဒေသခံများသည် နမ့်ပေါင်ကျေးရွာ အုပ်စုမှ ကုန်းမုံကျေးရွာ၊ ခုံစုံ (ကုန်းဆုံ) ကျေးရွာ နှင့် ဖာပလန်ကျေးရွာတို့မှ ဒေသခံများဖြစ်ကြကြောင်းလည်းသိရသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်တွင် ဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ နှင့် စစ်ကောင်စီတို့၏ ထိတွေ့ တိုက်ပွဲကြောင့် အထက်ပါ ရွာ (၃) ရွာမှ ဒေသခံများ နမ့်ပေါင်ရှိ ဝေဠုဝန်ကျောင်းတိုက်သို့ စစ်ရှောင် ထွက်ပြေးရခြင်း ဖြစ်သည်။ “ကျနော်တို့ ဘက်မှာက လက်နက်ကိုင် အဖွဲ့အစည်းစုံတယ်၊ အခုချိန်မှာ တိုက်ပွဲက ပြီးသွားပေမဲ့ တိုက်ပွဲ အတွင်းက မြေမြှုပ်မိုင်း တွေ လက်နက်ကြီးတွေကို ကြောက်နေရသေးလို့ ဘယ်မှ မသွားရဲသေးဘူး၊ ဒီမိုင်း အန္တရာယ်တွေကို လက်နက်ကိုင်တွေ လာပြီးရှင်းပေးရင်တော့ ကောင်းတယ်၊ မဟုတ်လည်း ဘယ်နေရာမှာရှိလဲဆိုတာမျိုးတွေ ပြောပေးစေချင်တယ်”ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။ လက်ရှိတွင် ဒေသခံ ရွာသားများသည် တောထွက် မြစ်ချိုး၊ ဟင်းရှာတာမျိုး မလုပ်ရဲကြသည့်အပြင် ကျွဲကျောင်း၊ နွားကျောင်းလွတ်ရန်အတွက် မြေမြှုပ်မိုင်း အန္တရာယ်များကို စိုးရိမ်ကြောက်လန့်နေရသေးသည့်အကြောင်း ဒေသခံများက ပြောသည်။ မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၂၀ ခုနှစ်အထိ အစီရင်ခံစာအရ မြေမြှုပ် မိုင်းနှင့် စစ်ကျန်ပေါက်ကွဲပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု စုစုပေါင်း ၃၆၈ ခုရှိနေပြီး သျှမ်းပြည်သည် ထိခိုက်၊ ဒဏ်ရာရမှု အများဆုံးအဖြစ် (၁၂၁) ခုရှိနေကြောင်း သိရသည်။ https://burmese.shannews.org/archives/336 54
၁၂။ ဆန်စျေးမြင့်တက်လာခြင်းကြောင့် ဒေသတွင်းပြည်သူများ စားဝတ်နေရေး အခက်အခဲရှိလာနေ
March 21, 2023
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် လတ်တလော ဆန်စျေးအဆမတန် မြင့်တက်နေ သည့်အတွက် ပုံမှန်ဝင်ငွေလည်ပတ်မှု မရှိသည့် ဒေသတွင်းပြည်သူများ စားဝတ်နေ ရေးအတွက် အခက်အခဲရှိလာနေသည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ်များတွင် ရိုးရိုး ဆန်တစ်တင်းလျှင် တစ်သောင်းငါးထောင် (၁၅,၀၀၀) သာရှိရာမှ ယခုအချိန်တွင် တစ်တင်းလျှင် သုံးသောင်း (၃၀,၀၀၀) ကျော် အထိရှိလာနေပြီး အလုပ်အကိုင်နည်းပါးလာသည့် ဒေသတွင်း ပြည်သူများအတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည် ဟု ဒေသခံများက ပြောသည်။ ဒေသခံတစ်ဦးဖြစ်သူ နော်မအေးက “ကျမတို့မှာ လယ်တွေမလုပ်တော့ ဝယ်စားရတယ်။ ခုစပါး စျေးတက်တော့ ကျမတို့မှာဝင်ငွေမရှိဘူး။ အလုပ်လုပ် လိုရတဲ့ပိုက် ဆံကလည်း တစ်နေကုန်လုပ်မှ ခြောက်ထောင် (၆၀၀၀) ခုနစ်ထောင် (၇၀၀၀)ပဲရ တယ်။ ဒါတောင်အလုပ်ရှိမှ ရတာ ဆန်ဝယ်စားဖို့ က အဆင်မပြေဘူး”ဟု ပြောသည်၊ ယခုကဲ့သို့ ဆန် စျေးမကျဘဲ စျေးနှုန်းဆက်တက် နေပါက မဝယ်ယူနိုင်သည့် ဒေသ တွင်းပြည်သူများ အိမ်တွင်ဆန်ရိက္ခာ ပြတ်လပ်မည့် အခြေအနေထိဖြစ် နိုင်သည်ဟု ဒေသခံပြည်သူများက ပြောသည်။
“အာဏာသိမ်းပြီးနောက်အရင်လိုရောင်းအားမကောင်းတော့ဘူး၊ အရင်ကဆန်ကို တစ်ခေါက်သွားဝယ်မယ်ဆိုရင်အများ ဆုံးနှစ်လကျော်ကျော်ဆို အကုန်ရောင်းထွက်ပြီး ပေးရတဲ့ကားခကလည်းအဆင်ပြေတယ်။ အခုဆိုရင်ငါးလကျော် လောက်ရှိပြီး ဆန်အကုန်ရောင်း မထွက်သေးဘူး။ ခုဒီဆန်ရောင်းကုန်ရင်လည်း ပြန်ဝယ်ပြီး တင်ရောင်းဖို့က အဆင်မပြေတော့ဘူး၊ စျေး တအားတက်တယ် ဝယ်စားမယ့်သူလည်း သိပ်မရှိဘူး။”ဟု ဆန်တင်ရောင်းသည့်ဆိုင်ရှင် တစ်ဦးကပြော သည်။ ယခုနှစ် စပါး စိုက် ပျိုးမှုမှာ ပိုင်ကျုံမြို့နယ်တွင် ၇၅ ရာခိုင်နှုန်းခန့်ရှိကြသော် လည်း အခါလွန်မိုးရွာသွန်းမှုကြောင့် စပါးများပျက်စီးဆုံးရှုံးခြင်း၊ စပါး ပွဲစားများ စျေးကစား နေခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် ဆန်စျေးများ အဆ မတန်မြင့် တက်နေရခြင်းဖြစ် သည်ဟု ဒေသတွင်း ပြည်သူများက ပြောဆိုကြသည်။ ထို့အတူ ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ အပါအဝင် အခြားမြို့နယ်များတွင်လည်း ရိုးရိုးဆန် တစ်တင်းဝက်ဆန် တအိတ်ကို နှစ်သောင်းရှစ်ထောင်(၂၈၀၀၀)မှ သုံးသောင်း (၃၀,၀၀၀) ကျော်ထိ ဆန်စျေးမြင့်တက် နေသည်ဟု သိရသည်။ https:// kicnews.org/2023/03/%e1%80%86%e1%80%94%e1%80%ba%e1%80%85%e1%80 %bb%e1%80%b1%e1
၁၃။ ဒီးမော့ဆိုအနောက်ဘက်ခြမ်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ သေဆုံးမှုရှိ
March 21, 2023
ယမန်နေ့ မတ်လ ၂၀ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒီးကျေးအုပ်စု ဒေါငံခါးကျေးရွာမှ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်- ဒီးမော့ဆိုမြို့နယ် (DMO-PDF) ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီတပ်ဖက် ပြန်ဆုတ် သွားပြီဖြစ်တယ်လို့ DMO–PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ မနေ့က မနက် ၆နာရီမှာ ရှေ့တန်းကင်းလှုပ် ရှားတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ခဏလေးပါပဲ မကြာဘူးပေါ့ ဒါပေမယ့် ကြိုကြားကြိုကြားပစ်တာတာတော့ ညလည်ပိုင်း အထိ အဲလိုမျိုးပေါ့။ လက်နက်ကြီးလည်း အများကြီးထုလာတာပေါ့။ ဒီရက်ကတော့ အဲဒီ သူတို့ နေတဲ့နေရာ ပြန်ပြီး နယ်မြေ ရှင်းလင်းရေးလုပ်ခါကျတော့ သူတို့ မရှိတော့ဘူးပေါ့နော။ စစ်ကောင်စီ ကမရှိတော့ဘူး သူတို့ ပြန်ဆုတ်သွားပြီ။“ လို့ DMO PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိ ၇ နာရီကြာ DMO local PDF ၊ KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဖက် ၃ ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိသူလည်းရှိတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှာတော့ ၆ ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးအဆမတန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ခေါက်ပ လော့၊ ဥခူရီ၊ ဒေါငံခါးလမ်းခွဲ၊ ဒေါငံခါးလေးထပ်တိုက်၊ ကုန်းသာကျေးရွာတွေမှာ စစ်ကောင်စီတပ်စွဲနေတာတွေ ရှိတယ်လို့ သိရပါ တယ်။ ဒါ့အပြင် မတ်လ ၁၁ ရက်နေ့မှာ နံနက်ပိုင်း ၁၀ နာရီအချိန်မှာ KNDF B-01၊ B- 05၊ B-06၊ B-07 စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ နန်းမယ်ခုံ၊ ဆင်မတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ KNDF B-05 က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီနဲ့ ထိတွေ့ပစ်ခတ်မှုတွေမှာ KNDF ၊ PDF တပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာရရှိ ထားတယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်း ဖေဖော်ဝါရီလပိုင်းမှာ အင်အားဖြည့်တင်းထားတာကြောင့် တိုက်ပွဲအချိန် မရွေး ဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိထားပြီးနေကြဖို့ အသိပေးထားပါတယ်။ https://www. kantarawaddytimes.org/%e1%80%92 %e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80
၁၄။ တွန်းဇန်မြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို CNA သိမ်းပိုက်
March 19, 2023
ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်သည့် ဒါရ်ခိုင်း (Darkhai) တပ် စခန်းကို မတ်လ ၁၇ ရက်နေ့က ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့၀င်များက သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒါရ်ခိုင်းတပ်စခန်းသည် အမှတ် (၂၆၈) ခြေလျင်တပ်ရင်း အခြေဆိုက်စခန်းတစ်ခုဖြစ်ပြီး CNA တပ်ဖွဲ့၀င်များက သွားရောက် တိုက်ခိုက် ချိန်တွင် စစ်ကောင်စီတပ်သားများက စခန်းကိုစွန့်ခွာခဲ့ပြီး သေနက်ပစ်ဖောက်စရာမလိုပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ “တိုက်ပွဲတော့မဖြစ်ဘူး။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက စခန်းကိုစွန့်ခွာသွားကြတယ်။ ဒီအတိုင်းသိမ်းပိုက်ပြီး နောက် ထပ် အသုံးပြုလို့မရအောင် စခန်းကိုမီးရှို့ဖျက်ဆီးလိုက်တယ်” လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။ https://w ww.facebook.com/thechinjournal2017/photos/pcb.413783771310 7127/4137836089773956/
၁၅။ ရခိုင်အမျိုးသားပါတီ မှတ်ပုံပြန်တင်
March 21, 2023
ရခိုင်ပြည်နယ်အခြေစိုက် ပါတီကြီးတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဟာ ပါတီ ပြန်လည်တည်ထောင်ဖို့ မတ်လ ၂၀ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံ ပြန်တင်ပါတယ်။ ပြည်ထောင်စုတဝန်းလုံးမှာစည်းရုံးတဲ့ ပါတီ အဖြစ်ကနေ ရခိုင်ပြည်နယ်တစ်ခုပဲ စည်းရုံးမယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ထားတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါ တယ်။ ပြည်ထောင်စုတဝန်းလုံးမှာ စည်ရုံးမယ့်ပါတီတွေအတွက် တင်းကျပ်တဲ့ကန့်သတ်ချက် တွေကြောင့် ပြည်နယ် အခြေစိုက်ပါတီအဖြစ်ပြောင်းလဲ မှတ်ပုံတင်ခဲ့တာလို့ သူကပြောပါတယ်။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေရှိတဲ့ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း၊ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်နေရာတွေရှိတဲ့ ချင်းပြည်နယ် ပလက်ဝ လိုနေရာတွေ အတွက် နည်းလမ်းသစ်တွေရှာရမယ်လို့ သူကပြောပါတယ်။
အမျိုးသားနိုင်ငံရေးအတွက် ပါတီပြန်ထောင်ဖို့ ရွေးချယ်ခဲ့ပေမယ့် ရွေးကောက်ပွဲဝင်ပြိုင် မပြိုင်ဆိုတာနဲ့ပတ်သက်လို့ စဥ်းစားချက်မရှိသေးဘူးလို့ ဦးသာထွန်းလှ ကပြောပါတယ်။ ရခိုင် အမျိုးသားပါတီဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွေမှာ ရခိုင်ပြည်နယ်မှာ နေရာအများဆုံးနိုင်ခဲ့တဲ့ ပါတီဖြစ်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ကို လွှမ်းမိုး ထားနိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အခြေစိုက် ပါတီကြီးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က တော့ ပါတီမှတ်ပုံပြန် မတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ https://www.bbc.com/burmese/articles/cw5ndvv0e
၁၆။ စစ်ကောင်စီယာဉ်တန်းများ ဖလမ်းကနေ ဟားခါးဘက်စတင်ထွက်ခွာ၊ လက်နက်ကြီးများပစ်ခတ်
March 21, 2023
စစ်ကောင်စီစစ်ကြောင်းဟာ ဖလမ်းမြို့တွင် ၂ညအိပ်ပြီးနောက် ဒီနေ့ မတ် ၂၁ ရက်မနက်ပိုင်းတွင် ဟားခါးဘက်သို့ ပြန်လည်ထွက်ခွာကြကြောင်း ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒေသခံ တစ်ဦးက “အခု ဖလမ်းမြို့အထွက် မတူဘတ် ရောက်နေကြပြီ။ သံချပ်ကာ ၂ စီး အပါ ကား ၂၈ စီးနဲ့ JCB တစ်စီးလည်းပါတယ်။ ပြီးတော့ ဖလမ်းအခြေစိုက် ခလရ (၂၆၈) တပ်ကုန်းကနေ ၁၂၂ မမ လက်နက်ကြီးနဲ့ သူတို့သွားမယ့် လမ်းကို လမ်းကြောင်းရှင်းတဲ့အနေနဲ့ ပစ်နေကြတယ်”လို့ ပြောပါတယ်။ မတ်လ ၉ ရက်က ကလေးမြို့ကနေ စစ်ကောင်စီစစ်ကြောင်းတွေဟာ ရိက္ခာနဲ့ လက်နက်တွေတင်ဆောင်ပြီး ချင်းတောင်ဘက် တက်လာကြပါတယ်။ ၁၁ ရက်အကြာ မတ် ၁၉ ရက်ညနေပိုင်းမှာ ဖလမ်းမြို့သို့ဝင်လာပြီး ညအိပ်စခန်းချကြပါတယ်။ ဒါကြောင့် ဖလမ်း-ဟားခါးကြား ကားလမ်းကို ခတ္တအသုံးမပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထား ပါတယ်။ မနေ့စကပြီး ဖလမ်း-ကလေးကားတွေပုံမှန်ပြန်လည်ပြေးဆွဲကြပါပြီ။ ဒါပေမယ့် ဖုန်းလိုင်းအချို့နဲ့ အင်တာနက်လိုင်းကတော့ ဖြတ်တောက်ခံရဆဲပါ။ https://www.facebook.com/zalen.info/pho tos/a.1735229460031251/3580859438801568/
၁၇။ ဖားကန့်တွင် နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် မျောက်ကုန်းကျေးရွာတွင် ပြည်သူများပြန်လည်နေထိုင်
March 21, 2023
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မျောက်ကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများကို ရပ်ကွက်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် ၃ ရက်ခန့်အကြာမှ ပြန်လည်နေထိုင်ခွင့် ပြုထားကြောင်းသိရသည်။ ပြီးခဲ့သော မတ်လ ၁၈ ရက်နေ့ မှစကာ လုံးခင်းသာသနာ့နယ်မြေ မျောက်ကုန်း(ဒေသခေါ်)နေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့၏ တပ်စခန်းတစ်ခုနှင့် ရဲကားတစ်စီး တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်များသည် အဆိုပါ တိုက်ခိုက်ခံရသည့် အနီးဝာဝိုက်ရှိ လူနေအိမ် ၄၀ ဝန်းကျင်အား ဖျက်ဆီးခဲ့ပြီး ပြည်သူများကိုလည်း သွားလာခွင့်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၀ ရက်နေ့တွင် မျောက်ကုန်းကျေးရွာ ပြည်သူများကို ပုံမှန်အတိုင်း သွားလာ နေထိုင်ခွင့် ပြန်လည်ပြုထားသည် ဟု ဖားကန့်ပြည်သူတစ်ဦးက ပြောသည် “ပထမကတော့ ဝင်ထွက်လို့မရဘူ ပေါ့ မျောက်ကုန်းကို ကြိုးတန်းပြီးတော့တားမြစ် ထားတာ။ စစ်သားတွေကတော့ အဲ့မျောက်ကုန်းထဲမှာရှိနေတာ အခုလောလောဆယ်ထိတော့သွား လာလို့ရပြီးကြိုးတန်းတာမရှိ တော့ဘူး”ဟုပြောသည်။ မျောက်ကုန်းရပ်ကွက် ပြည်သူများ၏ နေအိမ် ၄၀ ကျော်ခန့် ကို စစ်ကောင်စီအဖွဲ့က ဘူဒိုဇာများဖြင့် ပယ်ရှားဖျက်ဆီးပေးလိုက်သည့်အတွက် ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့်ရရှိခဲ့သော်လည်း ယာယီနေထိုင်ရန် မိုးကာတဲ များဖြင့် ပြန်လည်ဆောက်လုပ်နေကြကြောင်းသိရသည်။ https://www.faceboo k.com/theKachinNews/photos/pcb.5458 450997587932/54584476 20921603/
၁၈။ နန်းနိမ့်ရွာကိစ္စ စစ်ရာဇဝတ်မှုဖြစ်ကြောင်း ကရင်နီအရပ်ဘက် ၁၃ ဖွဲ့ ထုတ်ပြန်
March 21, 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ဘုန်းကြီးသုံးပါး အပါ အဝင် အရပ်သား ၂၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ် လို့ ကရင်နီ အရပ်ဘက်အဖွဲ့ ၁၃ ဖွဲ့က မတ်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တိုင်းရင်းသားဒေသအတွင်း စစ်ကောင်စီ တပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ သတိပြုမိစေဖို့ အခုလိုထုတ်ပြန်ရ တာလို့ ကရင်နီအရပ် ဘက်ပူးပေါင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ “နိုင်ငံ တကာအဖွဲ့အစည်းတွေက ကျနော်တို့ ဒေသအတွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံ နေရမှုတွေ အပေါ်မှာ အလေးမထားတာတွေ တွေ့နေရတာရှိတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာဆို ရင်လည်း ကျနော်တို့ဘက်က လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုထုတ်ပြန်တာမှာ တချို့ကနိုင်ငံတကာမှာ ကျယ်ကျယ် ပြန့်ပြန့် ပြောတာရှိပေမယ့် တချို့ကလျစ်လျူရှုနေတာ တွေရှိတယ်။ ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့ အစည်းတွေကို သိစေချင်တယ်” လက်ရှိဖြစ်နေတဲ့ ပြဿနာတွေအပေါ်အခြေခံပြီး လူမျိုးရေးဆန်တဲ့ ပြဿနာတွေ ဖန်တီးလာ တာကိုပါ တွေ့ရလို့ ဒါကို ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ မလိုလားဘူး လို့လည်း ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေဒေသ ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နေပြီး ကရင်နီ ပြည်နယ်အတွင်းက တိုင်းရင်းသားညီနောင်တွေအနေနဲ့ စစ်ကောင်စီရဲ့ ပဋိပက္ခထောင်ချောက်ထဲကို မဝင်မိအောင် သတိထားဖို့ လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရာ ဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုရတဲ့အထိ တခြားညီနောင်တိုင်းရင်းသားတွေနဲ့အတူ ပြည်တွင်းပြည်ပ ကရင်နီအရပ် ဘက်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ https://www.rfa.org/burmes e/news/pinlaung-mur der-03212023061153.html
၁၉။ ပြန်ပေးဆွဲခံရသည့် လဲချားမြို့ အမျိုးသမီးငယ်တစ်ဦး မန္တလေးတွင် ပြန်တွေ့
March 21, 2023
သျှမ်းပြည် လဲချားမြို့ ရပ်ကွက် (၅) ဟိုရင်ကျေးရွာတွင် နေထိုင်သည့် အမျိုးငယ်တစ်ဦး (၄) ရက် ပြန်ပေးဆွဲခံရပြီး နောက် မန္တလေးမြို့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် (မတ်လ ၁၉) ရက် နံနက်ပိုင်း ၁၀ နာရီကျော်တွင် မန္တလေး နေအိမ်တစ်လုံး၌ ပြန်ပေးဆွဲခံရသူ အသက် (၁၈) နှစ်ပြည့် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ ကို ပြန်လည်ရှာတွေ့ခဲ့ ကြောင်း ပြန်ပေးဆွဲခံရသည့် မိန်းကလေး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ “ မန္တလေး နေအိမ်တစ်လုံးမှာ သူများ ခေါ်ထားပေးလို့ ပြန်တွေ့တာ။ သူက အွန်လိုင်းပေါ်က အလုပ်ရှာရာကနေ ပြန်ပေးဆွဲခံရတာ။ အစက သူ့ကို အလုပ်လာခေါ် တယ်ဆိုပြီး သူကလိုက်သွားတာ။ အွန်လိုင်းပေါ်က ဘာသာပြန် အလုပ်ဆိုလားဘဲ။ အဲ့ကလူတွေက သူတို့ အလုပ်မှာ မခေါ်သွား ဘဲ၊ မန္တလေးထိကို ပြန်ပေးဆွဲသွားတာ “ ဟု ၎င်းကပြောသည်။ အဆိုပါ ပြန်ပေးဆွဲခံရသည့် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ သည် လက်ရှိမှာ ကြောက်ရွံ့စိတ်၊ သိမ်ငယ်စိတ် ခံစားနေကြောင်းလည်း သိရသည်။
“ သူက စကားပြောနည်းတယ်။ တခြား နေရာဆိုလည်း ဘယ်မှ သိပ်မသွားဖူးဘူး။ အခု ပြန်ပေးဆွဲခံရတော့ သိမ်ငယ် စိတ်တွေ ဝင်နေတယ်။ သူ့ကို အလုပ်လာခေါ်မယ်လို့ဘဲ ပြောတယ်။ သူ့ကိုဘာမှ မေးလို့မရသေးဘူး။ များများမေးရင် မျက်ရည် ဝဲပြီး ငိုတော့မလိုလို ဖြစ်နေတာ “ ဟု ၎င်းက ပြောသည်။ ထို့အပြင် ပြန်ပေးဆွဲမှု နှင့် ပတ်သက်ပြီး အလုပ်လုပ်ချင်သူ လူငယ်များ အပါအဝင် အွန်လိုင်းပေါ်မှ အလုပ်ရှာဖွေနေသည့် သူများအနေဖြင့် အွန်လိုင်းပေါ်မှ အလုပ်တစ်ခုကို လျှောက်မည်ဆိုပါက သေချာ စုံစမ်းမေးမြန်းစေလိုကြောင်း၊ ပိုက်ဆံတစ်ခုတည်းသာအတွက် မစဉ်းစားစေချင်ကြောင်း ၎င်းက တိုက်တွန်းထားသည်။ https://b urmese.shannews.org/archives/33657
၂၀။ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြီးထွားလာနေ
March 21, 2023
ချင်းပြည်နယ်မှာ အရင်က မြေမြှုပ်မိုင်း လုံးဝမရှိခဲ့ဘဲ အာဏာသိမ်းနောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကြောင့် မြေမြှုပ်မိုင်းဒဏ်ကို ဒေသခံအရပ်သားတွေ ရင်ဆိုင်ခံစားနေရပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့စာရင်းအရ စစ်အာဏာ သိမ်း နှစ်နှစ်ကျော်အတွင်း စစ်မြေပြင်မှာအသုံးပြုတဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၇ ဦး အသက်ဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူအများစုဟာ လူငယ်၊ လူလတ်ပိုင်းတွေ ဖြစ်ပါတယ်။ အဲဒီအထဲက ဒဏ်ရာပြင်းထန် သူ တွေကတော့ ခြေလက်အင်္ဂါတွေ ဆုံးရှုံးပြီး ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ဒုက္ခိတတွေအဖြစ် အသက်ရှင်သန် နေထိုင်ရပါ တယ်။ “ကျနော်တို့က စစ်ကောင်စီနဲ့ တိုက်ပွဲပြီးသွားရင် ကျနော်တို့က ပြန်ဖော်တယ်” ချင်းပြည်နယ်၊ ဟားခါးမြို့က အသက် ၃၄ နှစ်အရွယ် မလှောန်ဘူ (slawm Bu) ဟာ မတ်လ ၁ ရက်နေ့က ခြံစိုက်ဖို့အသွား မြို့သစ်ရပ်ကွက် လွတ်လပ်ရေး ကျောက်တိုင် အနီးမှာ ရုတ်တရက် မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ဘယ်ခြေတစ်ဖက် ဒူးအောက်ကနေ ဖြတ်လိုက်ရပါတယ်။
ထိခိုက်တဲ့ ဒဏ်ရာတွေက ပြင်းထန်တာကြောင့် ခြေထောက်နှစ်ဖက်စလုံး ဖြတ်ရမယ့်အခြေအနေမျိုး ဖြစ်လာမှာကို ကိုထောင်ဇလျန်က စိုးရိမ်နေပါတယ်။ ခြေထောက်မဖြတ်ရဘူးဆိုရင်တောင် မိုင်းစထိမှန်ထားတဲ့ ခြေနှစ်ဖက်စလုံး အရင်လို ပြန်မကောင်းနိုင်တော့ဘူးလို့ ကိုထောင်ဇလျန်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ မတ်လ ၁၃ ရက်နေ့ကလည်း ချင်းပြည် နယ် တီးတိန်မြို့နယ် အိန္ဒိယ- မြန်မာနယ်စပ် ဟိုင်မွလ်ရွာအနီးမှာ မြေမြှုပ်မိုင်း ပေါက်ကွဲပြီး အရပ်သား သုံးဦး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေဟာ ဆိုင်ကယ်နဲ့ ခရီးသွားတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ လက်ရှိ ချင်းပြည်နယ်မှာ စာသင်ကျောင်းတွေ အပါအဝင် စစ်ကောင်စီတပ် အခြေ ချထားတဲ့ နေရာတွေ၊ မြို့ပေါ်လမ်းဘေး နေရာတွေ၊ ကျေးရွာအနီးတစ်ဝိုက်နဲ့ ကျေးလက်ပြည်သူတွေ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရာ တောင်ယာတွေအနီးမှာပါ မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ တွေအနေနဲ့ စားဝတ်နေရေးအတွက် တောင်ယာသွား၊ ထင်းခုတ်၊ သားငါးရှာ စတဲ့ နေ့စဉ်အလုပ်တွေကိုတောင် စိတ်ဖြောင့်ဖြောင့် နဲ့ မလုပ်နိုင်ကြတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ပွဲတွေမှာ ထိရောက်အောင် မတိုက်နိုင်တဲ့အခါ အပြစ်မဲ့ အရပ်သားတွေ ကြောက်လန့်အောင်နဲ့ ကာကွယ်ရေးတပ်တွေ ကို အားပေးထောက်ခံတာမျိုး မလုပ်နိုင်အောင် အရပ်သားတွေကို ပစ်မှတ်ထား မိုင်းထောင်တိုက်ခိုက်လေ့ရှိတယ်လို့ ချင်း လူ့အခွင့်ရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်း မာန်ဟင်လျန် က ပြောပါတယ်။ https://www.rfa.org/burmese/program_2/land-mine-in-chin-state-03212023041710.html
၂၁။ ဘုရားဖူးသွားလာသူများအား လွတ်ရှမ်းစစ်ကောင်စီဂိတ်က ငွေကြေးအဓမ္မတောင်းခံ
March 20, 2023
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ လွတ်ရှမ်းကျေးရွာတွင် တပ်စခန်းချနေထိုင်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဘုရားဖူးသွားလာသူများအား ငွေကြေးအဓမ္မတောင်းခံလျက်ရှိသည်ဟု ခရီးသွား လာသူများထံမှ သိရသည်။ KNU ဝင်းရေးမြို့နယ်တွင် တည်ရှိနေသည့် လွတ်ရှမ်းစစ်ကောင်စီတပ်စခန်းသည် BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ပူးပေါင်းနေထိုင်လျက်ရှိပြီး ၎င်းတို့၏ စခန်းရှေ့ မွန်-ကရင် ပြည်နယ် ချင်းဆက် လမ်းမကြီးတွင် ဖြတ်သန်းသွား လာ နေသူများအား မကြာခဏ ငွေကြေးအဓမ္မ တောင်းခံနေသည်ဟု ဒေသခံလူထုများက ပြောသည်။ ဝင်းရော်ဒေသခံ တစ်ဦးက “ ကျောင်းသားတွေ စာမေးပွဲဖြေပြီးလို့ မွန်ပြည်နယ်ဘက်ကို ကားနဲ့ ဘုရားဖူးခရီးသွားတာပါ။ အသွားတုန်းက သူတို့ဂိတ် စခန်း ရှေ့ကနေ စစ်မေးတော့ ဘုရားဖူးပဲဆိုပြီးပြောသွားတယ်။ အပြန်မှာတော့ ဘုရားဖူးလည်း တစ်ယောက်တစ်ထောင် ပေးရမယ်ဆို ပြီး လူ ၄ဝ နီးပါးကို တောင်းတော့ ပေးလိုက်ရတယ်။ ကုန်ပစ္စည်းတင်ကားတွေဆိုရင် မပြောတော့ပါဘူး။ ဘုရားဖူးခရီးသွားသူ လည်း ငွေတောင်း နေတာပါ” ဟု ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က မာရှယ်လော စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် စစ်ကောင်စီက သတ်မှတ်ခဲ့ပြီးနောက် ၎င်းတို့ဂိတ်စခန်းရှေ့ ဖြတ်သန်းသွားလာသူများအား စစ်ဆေးမေးမြန်း လာသည့်အပြင် ငွေကြေး တောင်းခံမှုများလည်းရှိလာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ လွတ်ရှမ်းစစ်ကောင်စီတပ်စခန်းသည် ယခင်က KNU ဝင်းရေးမြို့နယ်၊ နယ်မြေလုံခြုံရေး စခန်းဖြစ်ကာ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးအကြောင်းပြချက်ဖြင့် KNU ထိန်းချုပ် နယ်မြေတွင် ဝင်းရောက်လာပြီးနောက် အဆိုပါ နယ်မြေစခန်းပါ ဝင်ရောက် သိမ်းယူနေထိုင်သွားခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။ https://kicnews.org/2023/03/%e1 %80%98%e1%80%af%e1%80%9b%e1%80%a c%e1%80%b8%e1%80%96%e1%
၂၂။ စစ်ကောင်စီကိုအပြင်းအထန် ခုခံနေရတဲ့ ကရင်နီက တော်လှန်ရေးအင်အားစုများ လက်နက်၊ ခဲယမ်း လိုအပ်
March 20, 2023
စစ်ကြောင်းထိုး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကိုအပြင်းအထန် ခုခံတွန်းလှန်နေရတဲ့ ကရင်နီတော်လှန်ရေးအင်အားစု တွေဟာ လက်နက်ခဲယမ်းဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ကူညီကြဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် (KNDF) ရဲ့ ဥက္ကဌ ခွန်းဘီထူးက ပြောကြားသွားပါတယ်။ “ကျနော်တို့ကရင်နီပြည်နယ်ရဲ့ တော်လှန်ရေး သတင်းကို ကြားတဲ့သူအားလုံးကနေပြီး အားလုံးသိပြီးသားပေါ့နော။ ကျနော်တို့ရဲ့လက်နက်ခဲယမ်း လိုအပ်ချက်ကို ဖြည့်တင်းဖို့ အင်မတန်လိုအပ်တယ်ပေါ့နော။ ကျနော်တို့ ဒီရက်ပိုင်းမှာ ရန်သူဆီကနေ အလောင်းတွေရသလို တချို့လက်နက်တွေလည်း ရရှိပါတယ်။ သို့သော် ကျနော်တို့ဖက်မှာလည်း ပျက်စီးသွားတဲ့လက်နက်တွေရှိပါတယ်ပေါ့နော ပြီးတော့အရေးကြီး လက်နက် ကြီးစထိလို့ ပျက်သွားတဲ့လက်နက်တွေပေါ့နော။ အရေးကြီးတဲ့လက်နက်တချို့ မလုံလောက်တဲ့ဟာရှိတယ်ပေါ့နော အထူးသဖြင့် ကျည်ဆံပေါ့။ ကျည်ဆံကို ပြန်ဖြည့်တင်းဖို့ လိုအပ်တယ်ပေါ့နော။ အထူးသဖြင့် ဒီဟာကို ကူညီကြဖို့ လိုအပ်တယ်ပေါ့နော။ “ လို့ ခွန်းဘီထူးက ပြောပါတယ်။ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို မတ်လ ၉ ရက်နေ့ကစ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF တပ်ပေါင်းစုတို့ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀နဲ့ အထက် အသုံးပြုတိုက်ခိုက်မှုကြောင့် လည်း ဒေသခံနေအိမ် ပျက်စီးမှုတွေလည်း ရှိနေပါတယ်။
ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၂၀ဦးကနေ ၃၀ ဦးထိ သေဆုံးမှုရှိနေနိုင်ပြီး တော်လှန်ရေးအင်အားစုဖက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသက ထိတွေ့တိုက်ပွဲတွေမှာလည်း စစ်ကောင်စီသေဆုံးမှု ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ ထိုးစစ်ဆင်မှုတွေ ရှည်ကြာ လာတာနဲ့အမျှ လက်နက်ခဲယမ်းတွေလည်း အခက်အခဲ ရှိလာတယ်လို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။ ဒါကြောင့်လည်း တော်လှန်ရင်းအင်အားစုက တပ်ရင်းအလိုက် ရန်ပုံငွေရှာဖွေသူတွေဟာ ပြည်တွင်းပြည်ပ အလှူ ရှင်တွေကို မှီခိုအားထားနေကြရ တယ်လို့ သိရပါတယ်။ “ဒေသအဖွဲ့ အားလုံးကို ညီညွတ်အောင်ရယ် အားပေးစကားရယ် အများကြီးလိုအပ်ပါတယ်ပေါ့။ ရဲဘော် တွေကော လူထုတွေကော ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမျိုး ကြုံနေရတဲ့အခြေနေမျိုးမှာ လူတွေက စိတ်ပျက်အားငယ်တတ် တယ်ပေါ့နော။ အဲ့လိုမျိုးမဖြစ်အောင် ကျနော်တို့အချင်းချင်းဝိုင်းဝန်းအားပေးဖို့ လိုတယ်ပေါ့နော။ ကိုယ့်ရဲ့ ဖေ့ဘွတ်ပေ့ချ်ကနေ သော်လည်းကောင်း ကိုယ်နိုင်တဲ့အလှူငွေလေးဖြစ်ဖြစ်ပေါ့ ဒါတွေကို ပါဝင် လှူဒါန်းကူညီပေးလို့ရပါတယ်။”လို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။ https://www.kantarawaddy times.org/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80
၂၃။ ပူတာအိုဒေသတွင် ကြိမ်ခုတ်ယူ ရောင်းဝယ်မှုပြန်လည်ရှိလာ
March 20, 2023
ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုဒေသရှိ ကျေးရွာများတွင် ယခုနောက်ပိုင်း ကြိမ် အလွန်အကျွံ ခုတ်ယူကာ တရုတ် နိုင်ငံသို့ ရောင်းချမှုများ ပြန်လည်တွေ့မြင်လာရသည်ဟု ဒေသခံများ ပြောသည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှစတင်ကာ ပူတာအို နှင့် မချမ်းဘော့မြို့နယ်တွင် ကြိမ်ခုတ်သည့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေပြီး ၁၂ ဘီးကားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်း ချမှုများရှိနေသည်ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။ “ဒီဒေသမှာ ကြိမ်ခုတ်ယူပြီးတော့ မှောင်ခိုရောင်းဝယ်မှုတွေများလာ တယ်။ ဘာလို့လဲဆိုတော့ တရားဝင်ကြိမ်ဝယ်တဲ့ ဒိုင်တွေက လိုက်ဝယ်ကြတဲ့ အချိန်လည်း မဟုတ်ဘူး။ အကြောင်းသိတဲ့သူတွေ လောက်ပဲ သက်ဆိုင်ရာ တပ်စခန်းတွေနဲ့ ညှိပြီးတော့ လုပ်စားနေကြတာ။ ပြီးရင် ဒီကြိမ်တွေက တရုတ်ဘက်တင်ပို့ရောင်းချနေ တာ”ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပူတာအိုဒေသတွင် ရွှေတူးဖော်မှု အလွန်အကျွံရှိနေသည့်အပြင် လက်ရှိတွင် ကြိမ် ကိုပါ အလွန်အကျွံ ခုတ်ယူရောင်းချမှုများရှိလာသည့်အတွက် သဘာဝစနစ် ချို့ယွင်းလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ လက်ရှိ ကြိမ်ခုတ်ယူရရှိနေသည့် နေရာများမှာ ပူတာအိုဒေသ ၅ နေရာခန့်တွင် လုပ်ကိုင်နေကြပြီး ပူတာအို အထက်ရှန်ဂေါင်နှင့် မလိခမြစ်ဖျားတစ်လျှောက်ရှိ ကျေးရွာနေရာတို့တွင် ဖြစ်သည်။ ထို့အပြင် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းနှင့် ခင်ဒူယန် ကျေးရွာ နေရာအထိ သစ်ထုတ်လုပ်သူများက ကြိမ်ကိုပါ ခုတ်ယူမှုများရှိနေသည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။ ပူတာအို ဒေသတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ဝန်းကျင်အထိ ကြိမ်နီ၊ ကြိမ်တောင် အမျိုးမျိုးကို လွန်ကဲစွာ ခုတ်ယူ ရောင်းချမှုများရှိခဲ့ကြပြီး ယခု ဆယ်စုနှစ်တစ်ခုကျော်အကြာမှ ကြိမ်ထုတ်သည့် လုပ်ငန်းကို ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်သည်။ https://burmese.kachi nnews.com/2023/03/20/yl1-64/
၂၄။ ရိုဟင်ဂျာများကို လူသတ်ကွင်းဆီပြန်မပို့ရန် အဖွဲ့ ၂၀၀ ကျော်တောင်းဆို၊ စစ်ကောင်စီ၏ စီမံချက်ကို ကုလအေဂျင်စီများက လျှို့ဝှက်ကူညီနေ
March 21, 2023
လူမျိုးတုံးသတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်တဲ့ ရိုဟင်ဂျာတွေကို လူသတ်ကွင်းတွေဆီ ပြန်ပို့ခြင်းကနေ တားဆီးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချူပ်အနေနဲ့ ချက်ချင်းကြားဝင်ဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ လက်ရှိအချိန်အထိ ဖိနှိပ်ခံနေရပြီး လူမျိုးရေးခွဲ ခြားမှု စနစ်အောက်မှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံနေရဆဲဖြစ်ကာ သူတို့ဟာ ပြည်တွင်း ဒုက္ခသည်စခန်းတွေမှာ လွတ်လပ်စွာ သွားလာခွင့်မရှိဘဲ ပိတ်လှောင်ခံနေရပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေး ဝမ်းကျောင်းမှုစတဲ့ မရှိမဖြစ်လိုအပ် တဲ့ ဝန်ဆောင်မှုတွေကို ဖြတ်တောက်ခံထားရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရှေ့ပြေးအသံအဖွဲ့၊ မြန်မာ ရိုဟင်ဂျာများအသင်း ယူကေ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ Myanmar Accountability Project စတဲ့ အဖွဲ့တွေပါဝင် တဲ့ အဖွဲ့အစည်း ၂၀၀ ကျော် လက်မှတ်ရေးထိုးထားပြီး မတ် ၂၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ရေး အကြမ်းဖက်စစ်အုပ်စုရဲ့ ‘ရှေ့ပြေးစီမံချက်’မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် (WFP) တို့လို အဖွဲ့အစည်းတွေ ပါဝင်ဆောင် ရွက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဖော်ပြပါတယ်။
အဆိုပါ ပူးတွဲထုတ်ပြန်ချက်မှာတော့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်စွာပါဝင်မှုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားကို မြန်မာ စစ်ကောင်စီခန့်ဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ သွားရောက်တဲ့ ခရီးစဉ်ကို လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရာမှာ ပါဝင်မှုတို့ ကြောင့် ထိတ်လန့်တုန်လှုပ်ရကြောင်း လည်း ဖော်ပြထားတဲ့အပြင် ပါဝင်ကူညီခဲ့တဲ့ ကုလသမဂ္ဂအေဂျင်စီတွေက သူတို့အသုံးပြု ခဲ့တဲ့ လှေတွေပေါ်ကနေ UN မှတ်အသားတွေကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံမှုရှိပြီး မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာနဲ့ ရေရှည်တည့်တံ့တဲ့ နေရပ်ပြန်နိုင်ရေးအခြေအနေ မရှိနေတဲ့အချိန် မှာ ရည်ရွယ်ချက်ရှိရှိ အတင်းအကျပ် နေရပ်ပြန်ပို့ဖို့ ကြိုးပမ်းမှုမှာ ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်နေတာဟာ ရှည်လျားကြာမြင့် နေပြီဖြစ်တယ်လို့ဆိုပါတယ်။ ခုလိုလုပ်ဆောင်မှုက အဆိုပါလုပ်ရပ်ရဲ့နောက် ဆက်တွဲတခုဖြစ်ကာ မြန်မာနိုင်ငံအရေးမှာ ကုလ သမဂ္ဂရဲ့ “ကြားနေရေး” ဆိုတဲ့ ရပ်တည်ချက် မရှိတာကို ဖော်ထုတ်ပြသနေသလို ဘက်မလိုက်ရေးနဲ့ “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” ဆိုတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို လိုက်နာဖို့ ပျက်ကွက်နေတာက ကုလသမဂ္ဂရဲ့ လုပ်ရပ်အပေါ် မြန်မာလူထုရဲ့ ယုံကြည်မှုကို ပိုမိုပျက်ပြားစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂအနေနဲ့ သူတို့ရဲ့ ရှက်ဖွယ်ကောင်းသော စနစ်ပိုင်းဆိုင်ရာနဲ့ အဆောက်အအုံပိုင်းဆိုင်ရာ ပျက်ကွက်မှုတွေကို အဆုံးသတ်ပြီး စစ်ရာဇဝတ် ကောင်တွေနဲ့ လူမျိုးတုံး သတ်ဖြတ်တဲ့ စစ်အုပ်စုကို ကူညီပံ့ပိုးမယ့်အစား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံရသူတွေ၊ အသက်ရှင် ကျန်ရစ်သူတွေနဲ့ မြန်မာနိုင်ငံပြည်သူလူထုကို ကူညီပံ့ပိုးရန် အချိန်တန်ပြီဖြစ်တာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံက ကုလသမဂ္ဂအေဂျင်စီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ သူတို့ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပံ့ပိုးကူညီမှုတွေဟာ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိူးဖောက်မှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့လည်း ထုတ်ပြန်တောင်းဆို လိုက်တာပါ။ https://burmese.dvb.no/archives/584427
၂၅။ ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦးကို အာဇာနည်သူရဲကောင်းများအဖြစ် ဂုဏ်ပြု
March 21, 2023
ဖယ်ခုံတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ ယောက်ကို အာဇာနည်သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြု အလေးပြုရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ ရှေ့ဆက်လျှောက်လှမ်းသွားမှာဖြစ်တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် (၃) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ အရှေ့ဖက်ကမ်းဒေသဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေကို KNDF တပ်ရင်းအမှတ် (၃)၊ ဖယ်ခုံ PDF တပ်ရင်း (၂) နဲ့ အလယ်ပိုင်းတိုင်း PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတော့ တပ်ရင်းအမှတ် (၃) က ရဲဘော် ၂ ယောက် နဲ့ ဖယ်ခုံ PDF က ရဲဘော် ၁ ယောက် ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကရင်နီပြည်နယ်ဟာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတခု ဖြစ်တာမို့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ဖို့ လက်နက်လိုအပ်ချက်အတွက် KNDF တပ်ရင်းအမှတ် (၃) က ပထမဆုံး ပြုလုပ်တဲ့ “လူထုလက်ဆောင် AK ကျည် ၅၀၀၀” ကမ်ပိန်းမှာ ပါဝင်ထောက်ပံ့နိုင်ကြဖို့လည်း ပြည်သူတွေကို ဖိတ်ခေါ်ထားပါ တယ်။ ပါဝင်ထောက်ပံ့ကူညီလိုတဲ့ ပြည်သူတွေအနေနဲ့ မဲလက်မှတ်တစ်စောင်ကို မြန်မာငွေ ၂၀၀၀၀ ကျပ်နဲ့ ပါဝင်နိုင်မှာ ဖြစ်ပြီးတော့ သတ်မှတ်မဲအစောင်ရေ ၁၅၀၀ သာရောင်းချသွားမှာဖြစ်ကာ KNDF တပ်ရင်းအမှတ် (၃) ရဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ https://burmese.dv b.no/archives/584487
၂၆။ မိုင်းပန် ရှင်လောင်းပွဲ လောင်းကစား ဖွင့်လှစ်ရန် ဘုန်းကြီးကျောင်းကို ကျပ်ငွေ သိန်း (၁၀၀) လှူ
March 20, 2023
သျှမ်းပြည် မိုင်းပန်မြို့အနောက်ရပ်ကွက်ရှိ မွေတော်ပရိယတ္တိ စာသင်ကျောင်းတွင်ပြုလုပ်သည့် ရှင်လောင်းပွဲကို အကြောင်းပြပြီး စစ်ကောင်စီမှ လောင်းကစားဝိုင်း ဖွင့်လှစ်ရန်ခွင့်ပြုထားကြောင်းသိရှိရသည်။ မတ်လ ၁၉ ရက် ညနေပိုင်း အချိန် မှစပြီး မိုင်းပန်မြို့ မွေတော် ပရိယတ္တိကျောင်းဝန်းထဲတွင် လေးကောင်ဂျင်၊ ဖဲဝိုင်း၊ ကုန်းကင်း (၆) ခုံ နှင့် (၃၆) လုံး ထီ အပါအဝင် လောင်းကစားဝိုင်းအတွက် ယာယီတဲများလာရောက်ဆောက်လုပ်နေကြောင်း မိုင်းပန်မြို့ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ရှင်လောင်းပွဲက မစသေးဘူး၊ လောင်းကစားဝိုင်းတွေ အရင်စနှင့်နေပြီ။ ၁၀ ရက်အတွင်း လုပ်သွားမယ်လို့တော့ပြောတယ်။ အရင် တပေါင်းပွဲမှာ လောင်းကစားလုပ်တဲ့သူတွေဘဲ အခုဆက်ပြီး ဒီ ရှင်လောင်းပွဲမှာ လာဖွင့်တာ” ဟု ၎င်းက ပြောသည်။ အဆိုပါ မိုင်းပန်မြို့အတွင်း ပြုလုပ်သည့် ရှင်လောင်းပွဲသည် (မတ်လ ၂၄ ရက်) မှစပြီး လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် မွေတော် ပရိယတ္တိကျောင်းဝန်းအတွင်း လောင်းကစားဝိုင်း ပြုလုပ်ရန်အတွက်လည်း လောင်းကစားဝိုင်း ဦးစီး သူမှ ကျောင်းထိုင် ဆရာတော်ကို ကျပ်ငွေ သိန်း (၁၀၀) လာဘ်ထိုးထားကြောင်း ဒေသခံ အမျိုးသားတစ်ဦး ပြောသည်။ “ ဒီမှာ လောင်းကစားဝိုင်း ဖွင့်လှစ်ဖို့အတွက် လောင်းကစားဝိုင်း ဦးစီးသူတွေက ကျောင်းထိုင်ဆရာတော်ကို ကျပ်သိန်း (၁၀၀) လှူထား တယ်“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။ ယင်း ရှင်လောင်းပွဲအတွင်း လောင်းကစားဝိုင်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံ အသက် ၄၀ နှစ် အမျိုးသားတစ်ဦးက “ အရင်က ရှင်လောင်းပွဲလုပ်ရင် တစ်ခါမှ လောင်း ကစားဝိုင်း မလုပ်ဖူးဘူး။ ဒီချိန်မှာ လှူလည်းလှူရမယ်၊ လောင်းကစားဝိုင်းလည်း လုပ်မယ်ဆိုတော့ အိမ်ထောင်ရေး ပြဿနာတွေ ရှုပ်ထွေးမယ်။ အိမ်ထောင်ကွဲ မယ်။ ဆိုင်ကယ် ခိုးခံရမလား၊ ကားခိုး ခံရမလား စိုးရိမ်နေရတယ်။ လောင်း ကစား လုပ်တဲ့သူတွေကတော့ ရဲတွေ၊ အာဏာပိုင်တွေ ကို ကျပ်သိန်း (၁၀၀)၊ (၂၀၀) ဖြစ်ဖြစ်ပေးပြီးလုပ်မှာပဲ။ ပြည်သူတွေတော့ အကျိုးဆက်တွေ ခံစားရမှာပေါ့”ဟု ၎င်းက ပြောသည်။ https://burmese.shannews.org/ar chives/33644
၂၇။ အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပြန်လည်စတင်နေ
March 20, 2023
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာနှင့် လုံးတုံကျေးရွာကြားတွင် စက်ယန္တရားကြီး များဖြင့် ရွှေတူးဖော်မှုပြန်လည်စတင်နေပြီဟု ဒေသခံများ ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသ တွင် ရွှေတူးဖော်မှုကြီးကြီးမားမားလုပ်ဆောင်နေသည့်အပေါ် ဒေသခံများကန့်ကွက်နေသည့်အတွက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်အပြီးတိုင် ရပ်နားခိုင်းလိုက်ပြီဖြစ်သည်။ သို့သော် တစ်လကျော်ကြာပြီးနောက် မတ်လဒုတိယ အပတ် မှစတင်ပြီး ထိုနေရာတွင် ရွှေတူးဖော်မှုကို စစ်တပ်ကပြန်လည် ခွင့်ပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ခုရွှေပြန်တူးနေတဲ့နေရာက လုံးတုံရွာနားမှာဘဲ စစ်တပ်ရဲ့ စခန်းနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ဘဲ မိုင်အားဖြင့်က တစ်မိုင်လောက် ဘဲရှိတာလေ သူတို့မသိဘဲနေမလား သူတို့ပြန်ခွင့်ပြုထားလို့ စစ်တပ်ကခွင့်မပြုရင် ဘယ်သူလာလုပ်ရဲမလဲ။ သူတို့ကို အခွန် ဆောင်ပြီးလုပ်နေကြတာ”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီ တပ်သည် ရွှေတူးဖော်ခွင့်အတွက် ငွေကြေးကောက်ခံကာ ပြန်လည်တူးဖော်ခွင့်ပြုနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။
လက်ရှိရွှေတူးဖော်နေသောနေရာသည် လုံးတုံနှင့် မမုံကိုင်ကြားရှိ တောထဲတွင်ဖြစ်ပြီး ရပ်ရွာတာဝန်ရှိသူများ၊ ခရစ်ယာန် ဘာသာဝင်များနှင့် ဒေသခံများက ဆက်လက်တူးဖော်ခြင်းမပြုရန် သွားရောက်တားမြစ်ကြသော်လည်း ရပ်နားပေးခြင်းမရှိဘဲ ညဘက်တွင် ဆက်လက်တူးဖော်နေကြောင်း သိရသည်။ အဆိုပါမြေနေရာသည် မမုံကိုင်ရွာနှင့် လုံးတုံကျေးရွာအကြားရှိ သင်္ချိုင်း မြေနဲ့အနီးဆုံးနေရာဖြစ်သည့်အပြင် ဒေသခံများစိုက်ပျိုးလုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများနှင့်လည်း ရှိနေသည့် အတွက် ရွှေတူးဖော်မှုဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သင်္ချိုင်းမြေနေရာ ပျက်စီးလာမည့်အပြင် လယ်မြေများလည်း ထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း အခြားဒေသခံတစ်ဦးက ခုလိုပြောသည်။ “မမုံကိုင်ဧရိယာထဲမှာဆိုပေမယ့် သင်္ချိုင်းကတော့ လုံးတုံခရစ်ယာန်ဘာသာဝင်တွေရဲ့သင်္ချိုင်း သူတို့ရွှေတူးနေတဲ့နေရာနဲ့ သင်္ချိုင်းကမဝေးဘူး ပေ ၃၀၀ ကျော် လောက်ပဲရှိမှာ ဓာတ်တိုင် ၂ တိုင် စာပဲရှိတယ် အဲ့မှာတူးနေကြတာ။ သူတို့ဆက်တူးနေမယ်ဆိုရင်တော့အဓိက သင်္ချိုင်းမြေပျက်စီး သွားမယ် ပြီးတော့ အခုတူးနေတဲ့အနီးမှာ လယ်တွေရှိတယ်အဲ့ဒီလယ်တွေလည်းထိခိုက်မယ်နောက်တစ်ခုက လယ်တော သွား ဘာသွားအသုံးပြုနေတဲ့လမ်းရှိတယ် အဲ့တာတွေပျက်စီးသွားမယ် ဒေသခံတွေကတော့ကန့်ကွက်ကြတာပေါ့”ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ လက်ရှိအင်းတော်ကြီးဒေသ၌ အကြီးမားဆုံးရွှေတူးဖော်မှုကို လုံးတုံကျေးရွာနဲ့မိုင် ၂၀ ကျော်ဝေး သည့် နန့်ရင်းချောင်းဖျားတွင်လုပ်ဆောင်နေကြောင်းသိရသည်။ https://burmese.kachinnews.com/2023/03/20/az1-153/
၂၈။ လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၈၀ ကျော် ပျက်စီးသွား
March 21, 2023
ရခိုင်ပြည်တွင် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်တို့မှ စစ်ဘေးရှောင်နေအိမ် ၈၃ လုံး ပြိုလဲပျက်စီးသွားခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ ရသေ့တောင်မြို့ပေါ်ရှိ စေတီတောင် စစ်ဘေးရှောင်စခန်းမှ နေအိမ် ၆ လုံးနှင့် ရသေ့တောင်မြို့နယ် ပြားချောင်းကြီး စစ်ဘေးရှောင်စခန်းမှ ၅၅ လုံး၊ ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ၃ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ် ကဏန်းတောင် စစ်ဘေးရှောင်စခန်းမှ ၅ လုံးနှင့် ဘူတာရုံ စစ်ဘေးရှောင်စခန်းမှနေအိမ် ၁၄ လုံး တို့မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရသည်။ စစ်ဘေးရှောင်နေအိမ်များမှာ လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးများပွင့်ထွက်သွားခြင်း၊ အိမ်တိုင်များ ကျိုးသွားခြင်း၊ ယိုင်လဲကာ နေထိုင်၍ရမရတော့သည့် နေအိမ်များပါဝင်ပြီး ပြန်လည်ဆောက်လုပ်အတွက် အကူအညီများ လိုအပ် နေသည်ဟု ရသေ့တောင်မြို့ရှိ စေတီတောင်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးစောဝင်းရွှေ က ပြောသည်။ “အိမ်တိုင်တွေမခိုင် တော့ အကုန်လုံး ယိမ်းယိုင်လဲသွားတယ်။ မနေ့ကဆိုရင် အကုန်လုံး အစိုအစွတ်နဲ့နေခဲ့ရတယ်။ မိုးနည်းနည်းပဲ ရွာတာတောင် ဒီလောက်အခက်အခဲဖြစ်ရင် မိုးအများကြီး ထပ်ရွာမယ်ဆိုရင်တော့ သိပ်အအခက်အခဲရှိနိုင်တယ်” ဟု တာဝန်ခံ ဦးစောဝင်းရွှေ က ပြောသည်။ ပျက်စီးသွားသည့် နေအိမ်များမှာ ဓနိမိုး၊ ဝါးခင်း၊ သစ်လုံးငယ်တိုင် တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ၄ နှစ်ကျော် အထိ ကြာမြင့်လာခဲ့ပြီဖြစ်သဖြင့် လေပြင်းတိုက်ခတ်သည်နှင့်တပြိုက်နက် အလွယ်တကူ ပြိုလဲပျက်စီးသွားခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။
ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးစစ်ဘေးရှောင်စန်းမှ ဦးညိုဇံအောင်က “အဆောင်တွေ အခြေအနေကတော့ နေလို့ကိုမရတော့ဘူး။ ဒီထက်လည်း ပျက်စီးစရာ မရှိတော့ဘူး။ အစကတည်းကပျက်နေတာ။ အခုဆိုရင် အဆောင်ဆောက်တာ လေးနှစ်ရှိနေပြီ။ အမိုးအကာတွေလည်း ပျက်စီးနေတာ။ အခုတော့ အဝတ်အစားတွေ ထုတ်ပိုးပြီး ဘုန်းကြီးကျောင်းမှာ သွားနေ နေရတယ်” ဟု ပြောသည်။ လက်ရှိမှာ နေအိမ်ပျက်စီးသွားသောစစ်ဘေးရှောင်များသည် ပျက်စီးသွားသည့်နေအိမ်များကို ပြုပြင် ကာနေထိုင်နေကြပြီး အချို့မှာလည်း နေအိမ်အဟောင်းမှ သစ်လုံး၊ ဝါးများနှင့် ယာယီတဲအိမ်များဆောက်လုပ်ကာ နေထိုင်နေကြ ကြောင်း သိရသည်။ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာလုံလောက်မှုမရှိခြင်း၊ အလုပ် အကိုင်ရှားပါးခြင်းတို့ကြောင့် ပျက်စီးသွား သည့်နေအိမ်များကို ပြန်လည်ဆောက်လုပ်ရန်အတွက် အခက်အခဲများရှိနေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကဏန်းတောင် စစ်ဘေးရှောင်စခန်းမှ ဦးကျော်နိုင်က ပြောသည်။ “အမိုးအကာတွေ ပျက်စီးသွားပါတယ်။ ကျနော်တို့မှာ ထပ်ပြီးဝယ်ဖို့ကလည်း အဆင်မပြေပါဘူး။ အမိုးတွေကို ကြိုးတွေနဲ့ဆွဲပြီး သေချာချည်ထားတာ မဟုတ်တော့ မနေ့က လေပြင်းတိုက်တာမှာ အကုန်လုံး လွင့်ပြီး ပါသွားပါတယ်။ လောလောဆယ်မှာ တာပေါ်လင်စတွေ လိုအပ်နေပါတယ်” ဟု ၎င်းက ပြောသည်။ https://www.faceb ook.com/dmgnews agency/photos/pcb.2549775635174832/2549774578508271/
၂၉။ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေရသူ ၁ ဒသမ ၇ သန်းကျော်ရှိလာပြီဟု UNOCHA ထုတ်ပြန်
March 21, 2023
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်မြင့်တက်နေမှုကြောင့် နေရပ်စွန့်ခွာနေရတဲ့ ပြည်သူ ၁ ဒသမ ၇ သန်းကျော်အထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက မတ်လ ၂၁ ရက် မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေကြတဲ့ ပဋိပက္ခတွေကြောင့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်း အရှေ့ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားပိုင်ပစ္စည်း ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေသူ ၁ ဒသမ ၇ သန်းကျော်ထဲမှာ ၁ ဒသမ ၄ သန်းနီးပါးဟာ စစ်တပ်က အာဏာ သိမ်းပြီးနောက် နေရပ်စွန့်ခွာနေကြရသူတွေ ဖြစ်ကြပါတယ်။ နေရပ်စွန့်ခွာနေရသူ အများဆုံးမှာတော့ နိုင်ငံရဲ့ အနောက်မြောက် ပိုင်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၉၄၃,၁၀၀ ဦးနဲ့ နိုင်ငံအရှေ့တောင်ပိုင်းက ၄၀၉,၄၀၀ ဦးတို့နဲ့ အများဆုံး စွန့်ခွာနေကြ ရတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေ ရသူတွေ၊ အရပ်သားပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပါအဝင် သွားလာရေးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။ https://burm ese.dvb.no/archives/584478
၃၀။ ပုလောတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များကို ထပ်မံတိုးချဲ့ခြင်းများလုပ်ဆောင် လျက်ရှိ
March 21, 2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီသည် မြို့တွင်းမြို့ပြင် စစ်ဆေးရေးဂိတ်များကို တိုးချဲ့ပြီး စစ်ဆေးလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပုလောမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကြား မကြာခဏ တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီး ယခုမတ်လအတွင်း စစ်ဆေးရေးဂိတ်များကို ပိုမိုတိုးချဲ့ချထား ကာ ယခင် ကထက် တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ လုပ်ဆောင်လာနေကြောင်း အမည်မဖော်လိုသူ ပုလောမြို့ခံ တစ်ဦးက ယခုလို ပြောသည်။ “ပုလောမြို့နဲနီးတဲ့ဂိတ် ပုလောတံတားဂိတ် ၆ ယောက်။ အမှတ် ၄ ကျောက်စုဂိတ် ၃၀ (ယောက်)။ မကျည်း ကုန်းဂိတ် ၁၀ ယောက်။ နန်းတောင်ဂိတ် ၂၅(ယောက်)။ ပလနဲ့နီးတဲ့ဂိတ်က ပလမြို့ထဲမှာ လည်း ဂိတ်ချထားတယ်။ ပလမြို့ထဲ အင်အား ၈၀ လောက်ရှိတယ်။ ပလောက်ဖက်ဆို ပလောက် တံတားဂိတ် ထမင်းမစားဂိတ် ၄၀ (ယောက်)။ တပ်ရင်းတွေမပါ သေး ဘူး၊ ရဲစခန်းမှာ လုံခြုံရေး ၃၀ (ယောက်) မြို့ထဲကင်းလှည့်နေတာတွေရှိသေးတယ်ဗျ။” ဟု ၎င်းက ပြောသည်။ ၎င်းစစ်ဆေးမှုများ အပြင် ညအချိန်တွင်လည်း အရပ်ဝတ်များဖြင့် သေနတ်ကိုင်ဆောင်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်းစစ်သည့် ပုံစံမျိုး ဖြင့် လိုက်လံစစ်ဆေးမှုများပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကြုံတွေ့နေကြရကြောင်း လည်း ဒေသခံများက ပြောသည်။
နောက်ထပ် ပုလောဒေသခံတစ်ဦးက “ညကျရင်သေနတ်ကိုင်ပြီး အိမ်တွေကိုလိုက်စစ်တယ်။ ကင်းလှည့် တာတွေ ရှိနေ တုန်းပဲ။ အဲ့လိုတွေ လုပ်တော့ ညညဆို အိပ်ဖို့တောင် အဆင်မပြေတော့ဘူး။ သူတို့ကို ပိုပိုကြောက်လာအောင် လုပ်နေသလို ပဲ။”ဟု ပြောသည်။ ၎င်းအပြင် စက်သုံးဆီသယ်ဆောင်မှုတားမြစ်ခြင်း၊ ဆီဆိုင်များကိုလည်း ရောင်းဝယ်ခွင့်မပေးသည့်အပြင် ဒေသခံ ပြည်သူများ ဆန်နှင့် အခြားစားသုံးကုန်(ရိက္ခာ)များ ဝယ်ယူသယ်ဆောင် ခြင်းကိုလည်း ဖေဖော် ဝါရီလမှစ၍ ပိတ်ပင် တားမြစ်မှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်လျက်ရှိနေကြောင်း ပုလောဒေသခံများက ပြော သည်။ စစ်အုပ်ချုပ်ရေးဖြစ်နေ သည့် ပုလောမြို့တွင်လည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမများနှင့် အရပ်သားတချို့ကို ၎င်းတို့၏ နေအိမ်အတွင်းသို့ အကြောင်းမဲ့ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သေးကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။ https://kicnews.org/2023/ 03/%e1%80%95%e1%80%af %e1%80%9c%e1%80%b1%e1%80%ac%e1%80%90%e1%
၃၁။ နယ်စပ်ဒေသမှာ ဖွင့်လှစ်တဲ့ Pre-GED program ကို အဆင့်မြင့်တိုးချဲ့သွားဖို့ရှိ
March 21, 2023
ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာဖွင့်လှစ်ထားတဲ့ Pre-GED program အပတ်စဉ် (၁) ဆင်းပွဲကို ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့ပြီး လာမယ့် စာသင်နှစ်တွေမှာ အဲဒီ program ကို အဆင့်မြင့် တိုးချဲ့သွားဖို့ရှိတယ်လို့ ဆယ်သဲဖောင်ဒေးရှင်း ဒါရိုက်တာ ဆရာမမော်မိမာ က ပြောပါတယ်။ “ ကျမတို့ လက်ရှိမှာက ထိုင်း ပညာရေးဌာနတွေနဲ့ ချိတ်ဆက်ထားတာ ရှိပါတယ်။ ဆိုတော့ ပထမသုတ်ကတည်းက ထိုင်းရဲ့ non-formal education program ကနေပြီးတော့မှ ကျမတို့ တွဲပြီးတော့မှ သွားနေတာ ရှိတယ်။ တစ်ဖက်မှာ နိုင်ငံတကာ တက္ကသိုလ် ဝင်ရောက်ဖြေဆိုနိုင်ဖို့အတွက် စီစဉ်ပေးတာဖြစ်သလို တစ်ဖက်မှာလည်း ထိုင်း ပညာရေးအောက်မှာ တရားဝင် သွားနိုင်ဖို့အတွက်လည်း ကျမတို့ ဒီထိုင်းပညာရေးဌာနကနေ ချိတ်ဆက်ဆောင်ရွက်နေတာ ရှိပါ တယ်ပေါ့နော။ လာမယ့်နှစ်တွေမှာလည်း ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်ဖို့ ဒီထက် level တွေ တိုးချဲ့ဖို့တော့ ရှိတယ်ပေါ့နော။” လို့ ဆရာမမော်မိမာ က ပြောပါတယ်။ ဆယ်သဲဖောင်ဒေးရှင်း ( STF) လက်အောက်ရှိ ဒီးကူပညာရေးစင်တာ (Deeku Education Center) ရဲ့ Pre -GED Program အပတ်စဉ် (၁) ကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းသား/သူ ၂၆ယောက်ကို ၉လတာ သင်ကြားပြီးနောက် ဒီကနေ့မှာ သင်တန်းဆင်းပွဲကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
Pre-GED program ကို နယ်စပ်ဒေသမှာရောက်ရှိပြီး နိုင်ငံတကာတက္ကသိုလ်တွေကို ဆက်လက်တက်ရောက်နိုင်ဖို့ အတွက် အခွင့်အရေး လာရောက်ရှာဖွေတဲ့ ကျောင်းသားလူငယ်တွေအတွက် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အပတ်စဉ် (၂) ပညာသင် နှစ်အတွက် ၂၀၂၃ ခုနှစ်အတွင်း ထပ်မံဖွင့်လှစ်ဖို့ရှိသလို ကျောင်းသားတွေကိုလည်း ပိုမိုခေါ်ယူသင်ကြားပေးနိုင်ဖို့ ကြိုးစားသွား မယ်လို့ဆိုပါတယ်။ GED ဆိုတာ အမေရိကန်အထက်တန်းပညာရေးတစ်ခုဖြစ်ပြီး ပုံမှန်ကျောင်းအချိန်ပြည့်မတက်နိုင်သူတွေ၊ စစ်ပွဲကြောင့် လူမှုအခက်အခဲကြောင့် ပုံမှန်ဖွင့်နေတဲ့ကျောင်းတွေမှာ မတက်နိုင်တဲ့လူငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့အစီအစဉ် ဖြစ်ပြီး နိုင်ငံတကာပညာရေးကို ဆက်လက်တက်လှမ်းနိုင်မယ့် အခွင့်အလမ်းကို ရရှိစေမယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ Pre -GED Program အပတ်စဉ် (၁) ကို တက်ရောက်ပြီးစီးခဲ့ပြီး လက်ရှိမှာ တက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်ရထားတဲ့ မော်ရှားမြာကတော့ အခုလို ပြောပြပါတယ်။ “ပြည်တွင်းမှာက first year ပြီးထားတယ်ဆိုတော့။ ဒီဘက်မှာ ဆက် join ရတယ်။ ဒီ pre-GED ပြီးသွား ပြီဆိုတော့ ပညာရေးအခွင့်အလမ်းတွေ အများကြီးလျှောက်လို့ရတယ်။ ဒီလက်မှတ်နဲ့ပေါ့။ တချို့ဆိုရင် GED ဆက်ဖြေတာမျိုး တွေလည်းရှိတယ်။ တချို့ခါကျတော့ တခြားကျောင်းတွေဆက် join တာမျိုး university တွေ တိုက်ရိုက် join တာမျိုးတွေ လည်းရှိတယ်။ ဒီကျောင်းကနေတော့ အဓိကအားဖြင့် ကိုယ့်ရဲ့ English skill တွေ အများကြီးတိုးတက်လာတယ်။ GED Subject တွေနဲ့လည်း ရင်းနှီးလာတယ်။ “ လို့ မော်ရှားမြာက ပြောပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကြောင့် ကရင်နီပြည်နဲ့ နယ်စပ်က လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးမှုမဖြစ်ရအောင် သင်တန်းကျောင်းတွေကို ထပ်မံဖွင့်လှစ်ပေးသွားဖို့ရှိနေပြီး စစ်တမ်းကောက်ယူတာတွေ၊ အချက်အလက် စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါ တယ်။ https://www.kantarawaddytimes.org/%e1%80%94%e1%80%9a%e1%80% ba%e1%80%85%e1%80%95%e
၃၂။ ဖားကန့် ကွန်ပျူတာသင်တန်းကျောင်း ဖျက်ဆီးခံရပြီး တစ်ဦးဖမ်းဆီးခံရ
March 20, 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်စီဆာရပ်ကွက်က အမျိုးသမီးများစွမ်းရည်မြင့်တင်ဖို့ ဖွင့်လှစ်ထားတဲ့ ကွန်ပျူတာ သင်ကြား ရေးစင်တာကို မတ်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ဖျက်ဆီး ခဲ့သလို ရုံးစောင့်အမျိုးသားကိုပါ ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၁၆ ရက်နေ့မှာ ဖွင့်ပွဲလုပ်ပြီး ၁၈ ရက် နေ့မှာ သင်တန်းစဖို့ ပြင်ဆင်ထားတာပေမယ့် ၁၇ ရက်နေ့ မနက် ၂ နာရီခန့်မှာ စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးသွားတာ လို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မနက် ၂ နာရီလောက်မှာ လာ ရှာတယ်။ အဲချိန်မှာ သင်တန်းလျှောက်ထားတဲ့သူတွေကို တော့ ရှာမတွေ့ဘူး။ အဲဒါနဲ့ ရုံးစောင့်တစ်ယောက်ကို ခေါ်သွား တယ်။ လင်မယား နှစ်ယောက်မှာ အမျိုးသမီးကိုတော့ ထားခဲ့တယ်။ အမျိုးသားကို ခေါ်သွားတာ အခုထိပြန်မလွှတ်သေးဘူး။ သင်ဖို့စုထားတဲ့ ကွန်ပျူတာကိုးလုံးကိုလည်း ရိုက်ခွဲခဲ့တယ်” ဖမ်းဆီးခံရတဲ့ ရုံးစောင့်ဟာ အသက် ၃၀ အရွယ် ဦးအောင်ဆိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသင်တန်းကျောင်းကို မူးယစ်ဆေး ဆက်မသုံးစွဲတော့တဲ့ အမျိုးသမီးတွေနဲ့ငွေ ကြေးခက်ခဲတဲ့ အမျိုးသမီးငယ်တွေ အတွက် အခြေခံနည်းပညာတတ်မြောက်ပြီး အလုပ်အကိုင်ရရှိဖို့ ရည်ရွယ်ကာ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (Wunpawng Myu Sha Zinlum Hpung) ရဲ့ အမျိုးသမီးကော်မတီက စတင်ခဲ့တာလို့ ဆိုပါတယ်။ ဒီဖောင်ဒေးရှင်းကို ၂၀၁၄ ခုနှစ် ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖားကန့်ဒေသက မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေအပြင် မူးယစ်ဆေးဖြတ်ပြီး သူတွေကို ကျောက်စိမ်းအလှဖော်သင်တန်းပေးတာ၊ ကွန်ပျူတာသင်တန်းပေးတာနဲ့ ချို့တဲ့သူတွေဖိနှိပ်ခံရရင် ဥပဒေလမ်း ကြောင်းအရ ကူညီပေးတာတွေ လုပ်ဆောင်နေတာပါ။ ကချင်လူ့အခွင့်အရေး စောင့်ကြည့်အရေးဖွဲ့ (KHRW) ကလည်း ဖားကန့် က အမျိုးသမီး စွမ်းရည်မြင့်အလုပ်ရုံကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးသွား တာဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဟန့်တားပိတ်ပင်တာဖြစ်ပြီး နိုင်ငံတကာ အစိုးရတွေအနေနဲ့ အရေးယူပေးဖို့ မတ်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန် တောင်းဆိုထားပါတယ်။ https://www.rfa.org/burmese/news/computer-destroyed-arrest ed-03202023083838.html
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်

ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၃
ကျနော်က ရဲအုပ် xxx ပါ ။ xxxမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကနေ ၄ရက် ၃လ ၂၀၂၁ မှာ ကျနော် CDM လုပ်ခဲ့တာပါ ။
ရဲတပ်ဖွဲ့ထဲ မရောက်ခင် ၁၀တန်းကျောင်းသားဘဝအထိ ကျနော် ရည်ရွယ်ခဲ့တာက အင်ဂျင်နီယာလိုင်းပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ၁၀တန်း အောင်တဲ့အခါမှာ အမှတ်မမီှခဲ့တဲ့အတွက် ရိုးရိုးတက္ကသိုလ် တက်တယ်။ တက္ကသိုလ် ပထမနှစ် ဖြေပြီးတဲ့ အချိန်မှာပဲ သူငယ်ချင်း တယောက်က ရဲထဲဝင်ဖို့ဆိုပြီးတော့ သတင်းကြားလို့ သူ့ဆီရောက်သွားတယ်။ အမှန်တော့ သူ့ကို သွားတားတာ။ အဲဒီအချိန်အထိ ရဲထဲဝင်ဖို့ စိတ်မဝင်စားသေးဘူး။ ပြီးတော့ အဲ့ဒီအချိန်မှာလည်း ရဲဆိုရင် သိပ်အမြင်မကြည်ဘူး။ အမြင်မကြည်ဘူးဆိုတာ ကျန်တဲ့လုပ်တဲ့ ကိုင်တဲ့ အနေအထားတွေ မဟုတ်ပါဘူး၊ အဲဒီလောက်ထိလဲ မသိသေးပါဘူး။ ဒီတိုင်း ရဲ ကို ကြည့်လို့ မရတဲ့အထဲမှာ ပါတာလောက်ပဲ။
သူငယ်ချင်းက ရဲထဲဝင်မှာမို့လို့ သွားတားတော့ သူ့အဖေ က မင်းတို့ နောက် ၅နှစ်ဆို ဘာဖြစ်မလဲ ဆိုတာမျိုးတွေ ပြောတော့ တွေဝေ သွားတယ်။ အဲ့ဒီအချိန်မှာ ခေါ်တာက ထူးထူးခြားခြား ၂၀၀၁ ခုနှစ်မှာ ၁၀တန်းအောင် ဘွဲ့ရတွေကိုပဲ ဦးစားပေး ခေါ်တယ်။ ဘာပါသေးလည်း ဆိုတော့ နောက် လုပ်သက် ၅နှစ်ရရင် ဘွဲ့ရရ မရရ အရာရှိ ဖြေဆိုခွင့် ရှိတယ် ဆိုတော့ နည်းနည်းစဉ်းစားမိသွားတယ်။ ကိုယ်နဲ့ ကျောင်းအတူတူ တက်တဲ့ ကိုယ်နဲ့ အတူတူ ပြိုင်ဘက်လို့ပဲ ပြောရမလား အဲဒီ အပေါင်းအသင်းတွေ တော်တော်များများက အမှတ်ကောင်းပြီး အင်ဂျင်နီယာတို့လို အဆင့်မြင့်တဲ့တာတွေ တက်ခွင့်ရပြီး ကိုယ်ကျတော့ မရခဲ့လို့ စဉ်းစားမိသွားတာ။
အဲဒီမှာ တထိုင်ထဲ ဆုံးဖြတ်ခဲ့တာပေါ့။ ဆုံးဖြတ်ခဲ့ပြီး ရဲထဲကို ဝင်တဲ့ အချိန်မှာ လက်မှတ်ထိုးခဲ့ရတာမရှိဘူး။ အဲဒီတုန်းက ရဲထဲကိုဝင်တာက အခုနောက်ပိုင်းတွေလောက် စနစ် ကျနမှု မရှိပါဘူး။
အဲ့ဒီတုန်းက အခုနောက်ပိုင်း သင်တန်း နဲ့ မတူဘူး။ ကာလ တခု နဲ့ တခုမှာ ကွာဟ ချက်လေးပေါ့။ ၂၀၀၁ ခုနှစ် က သင်တန်း တက်တဲ့ အခါမှာ လစာက ရာဂဏန်း ပါပဲ ၃၀၀ လား အဲ့လောက်ပဲ ရှိခဲ့တယ်။ ဒါပေမယ့် ဘယ်တော့မှ သင်တန်း လစာ မထုတ်ရဘူး။ အဖြတ်အတောက်တွေပေါ့။ အကုန်လုံး သွားတာ။ အဲဒီမှာမှ ဒီဘက်က သင်တန်းတွေ နဲ့ ဘယ်လို ကွာလာလဲ ဆိုတော့ ထမင်းပေါ့ သင်တန်းသားတွေပဲ ချက်ကြရတာ။ တယောက်တလှည့် ချက်ကြရတယ်။ ထမင်းကို စားချင်သလို စားလို့ မရဘူး။ အခုနောက်ပိုင်းလိုလဲ မဟုတ်ဘူး။ ထမင်းကို တောင်းကြီးထဲမှာ ထည့်လိုက်တယ်၊ တန်းစီရတယ်။ တန်းစီ ပြီးတော့ ကော်ခွက်တွေ နဲ့ ထမင်းယူရတယ်။ စားပွဲခုံမှာ စားပွဲ တန်းလျားတွေ ရှိတယ် စားပွဲတန်းလျားမှာ သွားမစားနိုင်ဘူး ဘာ့ကြောင့် သွားမစားနိုင်လဲ ဆိုတော့ လူက စီ လိုက်တယ်၊ တပ်ခွဲ တခွဲ မှာ ဆို တပ်စု ၄စု ရှိတယ်၊ တစုချင်း အလိုက် ထမင်းဝေတာ ဖြစ်တဲ့ အတွက် တစု ဝေလိုက်တဲ့ အချိန် မှာ လူက ၅၀ လောက်ရှိတဲ့ထဲ ရှေ့က တယောက် ရပြီးသွားပြီဆို နောက်က ထမင်း မလောက်ရင် တန်းစီဖို့ နောက်ဆုံးက ပြန်စီရတော့ ဟိုမှာ သွားထိုင် မစားနိုင်ဘူး။
ထမင်း ကို ဘယ်လိုပေးလဲဆို ယောက်ချို ဇွန်းနဲ့ ခပ်ပြီး ပေးတယ်။ ကျန်တာကတော့ ပဲဟင်း ပဲဟင်းရေကျဲ နဲ့ ကျွေးတယ်။ ထမင်းက တော်ရုံ တန်ရုံ ထမင်း မစားနိုင်တဲ့ သူတောင်မှ သင်တန်းရဲ့ ပင်ပန်းမှုကြောင့် အဲလောက်နဲ့ မလောက်ဘူး။ ထမင်း ကို ယူ ယူပြီးတော့ မလောက်ရင် ကိုယ့်မှာပါတဲ့ အကြော်အလှော် ပုလင်းလေးတွေကို ချိုင်းကြား ညှပ်ပြီးတော့ နောက်က ပြန်တန်းစီပြီး စားရတာပေါ့။ သူတို့ ကျွေးတဲ့ ပဲဟင်း တခုပဲ နဲ့တော့ ဘယ်လိုမှ စားမရဘူးလေ။
အဲဒီမှာ ကြီးကြပ်တဲ့ ဆရာတွေက တော်တော် ဆိုးပါတယ်။ ဘာတွေက ပြဿနာ တက်လဲ ဆိုတော့ ထမင်းနည်း တာတို့ စပါးလုံး ပါတာတို့ ပြောပြီ ဆိုတာနဲ့ တန်းပြီးတော့ မြေကြီးမှာ ရှိတဲ့ သဲကို ကောက် ယူ ပြီးတော့ ထမင်းထဲကို ပစ်ထည့်လိုက်တာ။ ဒါ ကျနော် တယောက်ထဲ မဟုတ်ဘူး ရှေ့က သင်တန်း တော်တော်များများမှာ ရှိခဲ့တယ်။ ဘယ်တော့လောက်မှာ ပြောင်းလဲသွားနိုင်လဲဆို ကျနော်တို့ ၂၀၀၅/၆ လောက်မှသာ ပြောင်းလဲ လာတဲ့ သဘောရှိတယ်။ ကျနော်ကတော့ မှီခဲ့တယ်ပေါ့။ ရှေ့မှာ ပိုဆိုးတယ် လို့ ပြောကြတယ်။ ထမင်း ဝေနေရင်းနဲ့ ဝေတဲ့ ဆရာက စိတ်မကြည်ဘူးဆို ထမင်းထဲကို သဲပစ်တာကတော့ ကိုယ်တိုင်ကြုံတွေ့ရတာပါ။တချို့ သင်တန်းသားတွေကတော့ တကယ် စည်းကမ်းမရှိဘူး စည်းကမ်း မရှိတာလဲ ပါပါတယ်။ ထမင်းစားခါနီး အဆောင်တွေ ဘေးတွေမှာ အလေး ဘာညာ သွားထားတာ မိပြီဆို လုပ်တဲ့လူကို မဖော် နိုင်ရင် တပ်စိတ်တစိတလုံး လက်ညှိုးနဲ့ တို့ပြီး သွားရတဲ့ဟာမျိုးတွေရှိတယ်။ အဲဒါမျိုးတွေလည်းအများကြီး ကြုံရတာပေါ့။
သင်တန်း မှာတော့ ပြောမယ် ဆိုရင် အခက်အခဲ ပေါင်းစုံ ပါပဲ ။ သင်တန်းသား အချင်းချင်းမှာတောင်မှ သွေးခွဲတဲ့ ပုံစံမျိုးတွေ အများကြီး ကြုံရတယ်။ တတ်နိုင်တဲ့ သူ ဆို တတ်နိုင်သလို မတတ်နိုင်တဲ့သူဆို မတတ်နိုင်သလို ဒီလိုမျိုးလည်း ဦးစီးတဲ့ ဆရာတွေ၊ တပ်ခွဲမှုးတွေ၊ တပ်စုမှုးတွေကအစ ခွဲခြားတဲ့ဟာမျိုးတွေ အများကြီး ကြုံရတယ်။ ဒါကတော့ သင်တန်းတက်ဖူးတဲ့ သူတိုင်း တော်တော်များများ ကြုံရတဲ့ ကိစ္စပါပဲ ။
ကျနော်က စပြီးဝင်ကတည်းက ရဲတပ်ဖွဲ့ကို ချစ်လို့ မဟုတ်ဘူး။ ဒါပေမဲ့ စောစောက ပြောသလို အရာရှိ ဖြစ်ရမယ်ဆိုတဲ့ ကျနော့် ရဲ့ ရည်ရွယ်ချက်ကို လုံးဝ လက်လျော့ခဲ့ခြင်း မရှိဘူး။ အဲတာကြောင့် ကျနော့် ကာလနဲ့ ယှဉ်မယ်ဆိုရင် အဲဒီတုန်းက သူငယ်ချင်း ၃ယောက် အတူတူ ဝင်တာပေါ့။ ပထမဦးဆုံး အရာရှိ စာမေးပွဲကို အတူတူ ဖြေခဲ့ရတာတောင်မှ ကျနော်ပဲ ပါခဲ့တယ်။ ကျနော့် သူငယ်ချင်း တယောက်ဆို အရာရှိ မဖြစ်ပဲ နောက်ဆုံး ထောင်တွေ ဘာတွေ ကျတာမျိုး ရှိတာပေါ့ ။
သင်တန်း ဆင်းပြီးတော့ ရဲ တပ်ရင်း xxx မှာ တာဝန်ကျပါတယ်။ အဲဒီတုန်းက ပြည် ဘက်မှာ ကုလား ဗမာ အထိကရုဏ်းလေးတွေ ဖြစ်ပေါ်နေတဲ့ အတွက် (မူရင်းပြောကြားချက်ဖြစ်ပါသည်) သင်တန်း တောင်မှ ၆လ မတက်ခဲ့ရပါဘူး ၄လခွဲကျော်ကျော် နဲ့ သင်တန်း ဆင်းပြီးတော့ တပ်ရင်း xxx ကို ရောက် တယ်။
တပ်ရင်းမှာ ဘယ်လိုနည်းနဲ့ ငွေရှာလည်း ဆိုတော့ တပ်ရင်း စပြီးတည်တဲ့ အခါမှာ တိုင်းမှုးကပဲ တာဝန်ယူတယ်။ ငွေကြေးကိုကျ ဒဲ့မပေးဘူး။ ဘယ်လိုလုပ်လိုက်လဲ ဆိုတော့ သက်ဆိုင်ရာ လက်သမားတို့ ပန်းရံတို့ ကန်ထရိုက် သဘောမျိုးကို သူက ရှာပေးလိုက်တယ်။ တပ်ရင်းမှုးက ပါးတယ်။ ဘယ်လိုပါးလည်းဆိုတော့ လက်သမားတွေ ရောက်လာတယ် လက်သမားကို အလုပ်သမား ခေါ်မလာနဲ့ လူ ဘယ်လောက်လိုလည်း လူ ၁၀ယောက်လိုရင် လူ အယောက် ၂၀ ပေးတယ်။ လူ အယောက် ၂၀ လိုရင် လူ အယောက် ၄၀ ပေးတယ်။ ပထမတော့ ပန်းရံဆိုလဲ ဒီအတိုင်းပဲ။ လူ ၁၀ယောက် လိုရင် လူ ၂၀ယောက် ထည့်လိုက်တာပဲ။ လက်သမားတွေ ပန်းရံ ဆရာတွေက သဘောကျတာပေါ့။ သူတို့ စိတ်ထဲမှာက ၁၀ယောက်ပဲ လိုတာကို လူ ၂၀ ပေးတယ် ဆိုတော့။ ၁၀ယောက် ခ ပဲ ပြန်ပေးရမယ်လို့ တွက်ထားတာလေ။ တကယ်ရှင်းတဲ့ အခါကျ အဲလို မဟုတ်တော့ဘူး။ တချို့ ပန်းရံဆရာတွေဆို ပိုက်ဆံ ရှင်းတဲ့အခါ ငိုတောင် ငိုတယ်။ တပ်ရင်းက လူက အရမ်းထုတ်နိုင်တော့ လွယ်လွယ်ပဲ လူကို ပို့ဖို့က စာရင်းဇယားနဲ့ ရှင်းလိုက် တော့ ကန်ထရိုက်က မြတ်ဖို့ဆိုတာ မလွယ်တော့ဘူး။ တပ်ရင်းမှာ အဲလိုလုပ်တယ်။
နောက်တခုက ဝါး။ အဆောက်အဦး တခု ဆောက်ပြီဆို တပ်ရင်းမှာ အဓိက ဆောက်သွားတာက အမိုးက သက်ကယ်နဲ့ မိုးတယ်၊ တိုင်တွေက သစ်သား နဲ့ လုပ်တယ်၊ ကျန်တာကျတော့ ဝါး တို့ သစ်တို့နဲ့။ ပြီးပြီဆိုရင် ဌာန ချုပ် ရုံးလို ဟာမျိုး ဗဟိုကင်းလို ဟာမျိုးဆို သဲကျောက် နဲ့ လုပ်တယ်။ အဲဒီမှာ ဘာတွေ လုပ်ကြလည်းဆိုတော့ ဝယ်တာ ဘာမှ မရှိဘူး။ အမိုးနဲ့ ပတ်သက်တဲ့ သက်ကယ် ဆိုရင် ယောင်္ကျားတွေက သက်ကယ် ရိတ်တယ် မိန်းမတွေက သက်ကယ် ပစ်ရတယ်။ ဝါး ဆိုရင် ဝက်ထီးကန် ဘက်မှာ ရှိတဲ့ ဆည်ဘက်ကို သွားပြီး ဝါးကို ခုတ်ရတယ်။ သဲကျတော့ ချောင်းထဲကပဲ လူနဲ့ကျုံးတယ်။ TE ကား ရှိတယ်။ TE ကားကို သုံးလို့ မရဘူး။ မောင်းရမှာကို ကြောက်နေတာ TE ကားကို တခါ မောင်းပြီ ဆို ရေသန့်ဘူးနဲ့ပဲ ဆီကပေးတာကိုး။ TE ကားက နှိုးလိုက်တာနဲ့ ဆီက ကုန်သွားပြီ။ ဘာပဲလုပ်လုပ် ကားကို သုံးခွင့်ပေးတယ်သာပြောတာ ကားနဲ့ မလုပ်ရဘူး။ အကုန်လုံး လူ နဲ့ ကျောက် ဆိုလဲ မြေနီတောင်က ကျောက်ကို ကိုယ်တိုင် ပေါက်တယ်၊ ဇကာချတယ်၊ ရေးဆေးပြီး အဲဒီကျောက်ကို သုံးရတာကိုး။ သစ်ဆိုလဲ ကံမ ဘက်မှာ သစ်ကွင်းမှာ သွားခုတ်တယ်။ ဘာတခုပဲ သူ ကုန် လည်း ဆို ဖောင်မျှောတဲ့ဟာ တခုပဲရှိတယ်။ ဖောင် မျော တဲ့ အချိန်မှာ စိုးရိမ်လို့ ဖောင်မျောတာကို ငှားတာပဲ ရှိတယ်။
ကျန်တဲ့ဟာတွေ မှန်သမျှ ရဲ တပ်ရင်းကို တည်ဆောက် ခဲ့တဲ့ အချိန်မှာ ကုန်ကျစရိတ်က ပြောလောက်အောင် မရှိဘူး။ ပြီးတော့ လျပ်စစ်မီးတိုင်တွေ စိုက်ဖို့တောင်မှ မီးတိုင် ကို ကိုယ်တိုင်လုပ်တာ။ ကွန်ကရစ် လောင်းတာကအစ လူ ရဲ့ အားနဲ့ပဲ။ သူ့အတွက်တော့ ကောင်းတယ် xxxမှာ တပ်မxxxတို့ ကတောင်မှ ရဲ တပ်ရင်းxxx ကို လာပြီး ကြည့်ရတဲ့ အဆင့်ထိ ဖြစ်ခဲ့တာပေါ့။ သူ့အတွက်က အရမ်းကောင်းခဲ့တယ်။ တော်တော်လည်း ဆိုးခဲ့တယ်။ အရာရှိတွေ အစည်းအဝေး လုပ်ရင်တောင်မှ အခန့်မသင့်ရင် တပ်ရင်းမှုးကနေ တပ်ခွဲမှုးတွေကို ရေနွေးပန်းကန်လုံးနဲ့ ပေါက်တဲ့ အဆင့်တွေအထိတောင်ရှိတာကိုး။ ကျန်တဲ့သူတွေကတော့ မစဉ်းစားပါနဲ့ ။
ကိုယ်တိုင် ကြုံခဲ့ရတာ ရှိတယ်။ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ဘာလို့ဆို အဓိက ကြုံခဲ့တဲ့ အချိန်က ဖြစ်ပြီးသွားပြီ၊ xxxဘက်မှာ ပွဲလမ်း သဘင် နဲ့ ပတ်သက်လို့ တော်ရုံ မလုပ်ခဲ့ တဲ့အချိန်မှာ အဲဒီကာလမှာပဲ Rဇာနည် တို့ ဆုန်သင်းပါရ်တို့ အကုန်လုံး ပါတဲ့ပွဲဖြစ်တယ်။ ယဉ်ကျေးမှု ရုံထဲမှာ လုပ်တယ်။ ရှေ့မှာရှိတဲ့ ကုလားဗမာ ကိစ္စလေးတွေကလည်း (မူရင်းပြောကြားချက်ဖြစ်ပါသည်)အဲဒီကာလတွေမှာ ကြုံခဲ့ရတာ ရှိတော့ တချို့ဟာတွေက ကျနော်တို့ လုပ်ခဲ့တဲ့ အမှားတွေလည်း ရှိတာပဲ။ တခါတော့ ကြုံခဲ့ရတယ်။ သီချင်းဆိုတဲ့ပွဲမှာ လုံခြုံရေး ယူတဲ့အခါမှာ လက်မှတ်တွေ မလောက်တော့တဲ့အတွက် တဦးကို ၅၀၀ ဆိုပြီး သွင်းတဲ့သူက လုပ်စားလိုက်တဲ့သဘော။ အတွင်းထဲမှာ လူတွေက အရမ်းကို များသွားတယ်။ စင်ပေါ်မှာ ဆိုတဲ့အခါကျ နာမည်ကြီးတဲ့သူတွေက အရင်မလာဘူး။ ကြားဖြတ် အစီအစဉ် လုပ်တဲ့အခါမှာ ပရိသတ်က လက်မခံနိုင်တော့ဘူး။ လက်မခံနိုင်တော့ ရေသန့် ဘူးတွေနဲ့ပေါက် ဘာညာပေါ့။ ပြဿနာက ဘာဖြစ်လာလဲဆို ပရိသတ်တွေကို ရှင်းထုတ်။ ဒါကျနော်တို့ ကိုယ်တိုင်လုပ်ခဲ့ရတာပါ။ လောက်လေးတွေနဲ့ပစ် ပရိသတ်ကို ခေါင်းထောင် လာတာနဲ့ လောက်လေးတွေ နဲ့ပစ်။ ရှေ့မှာ ရှိတယ်ဆို ရိုက်နှက် ဆိုတော့ စတိတ်စင်နဲ့ ဖျာ ၃ချပ်လောက်က လူ တောင် မရှိတော့ဘူး။ အဲဒီရဲ့ ဇာတ်လမ်းကနေ အပြင်မှာပါ ပြဿနာ ထပ်ဖြစ်တော့ ဘုန်းကြီးတွေ ဘာတွေ နဲ့ ဖြစ်သွားတာ။ ဆောင်ရွက်ရတဲ့သူတွေက ဥပဒေဆိုတာ မရှိတော့ဘူး။ အပေါ်က ဒါလုပ်ဆို လက်ရှိ နီးရာ ဓား အဓိက ပုံစံမျိုး သက်ရောက် သွားတာတွေ အများကြီးပဲ။ အဲသလို ပုံစံမျိုးတော့ ကျနော်တို့ ကိုယ်တိုင် ကြုံခဲ့ရတယ် ။
xxxတပ်ရင်းမှာ ၆နှစ် ကြာသွားတယ်။ အာဏာသိမ်းတော့ xxxမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှာ ရဲဦးစီးနဲ့ ရဲအုပ် တာဝန်ကျနေတာပါ။ အဲ့ဒီကာလက မဲကိစ္စတွေရောဆိုတော့ ရုံးမှာနေတာ များတယ်။ အဲဒီနေ့က ၃နာရီလောက်မှာ သူငယ်ချင်း တယောက်က ဖုန်းဆက်တယ်၊ သူငယ်ချင်း နေပြည်တော်မှာ အခြေအနေတွေတော့ ထူးနေပြီတဲ့။ အဲဒီအချိန်မှာ (ကျနော် နေရာတော့ ဇဝေဇဝါဖြစ်နေပြီ ထင်တာကတော့) သမ္မတ အိမ်တော်ဘက်မှာနဲ့ တူတယ် အဝင်အထွက် ဖြစ်နေပြီ လို့ လှမ်းပြောတယ်။ ၃နာရီလောက် ကတည်းက သိတဲ့ အတွက် တချို့ လူတွေကို ပြောတယ်၊ မြို့နယ်မှူးကိုလဲ ပြောလိုက်သေးတယ်၊ သိတာတော့ ၃နာရီ ကျော်ကျော်ထဲက သိတယ်။ သူငယ်ချင်းတွေကိုလဲ ပြောလိုက် သေးတယ်။ သိမ်းတယ်လို့တော့ မဟုတ် ဘူး။ အဲဒီအချိန်မှာ သိမ်းတယ်လို့ သိရတာ မဟုတ်ဘူး။ စစ်တပ်ကနေ ကားတွေနဲ့ လက်နက် အပြည့် အစုံ နဲ့ ရောက်ရှိလာတယ် ဆိုတဲ့ အနေအထား တခုကိုပဲ သိတာ။ ရန်ကုန်တိုင်းမှာ ရှိတဲ့ တိုင်းရုံးမှာ နေတဲ့သူတွေကို ၅နာရီလောက် မှာ ထပ်မေးလိုက်တဲ့ အခါမှာ ရန်ကုန် မြိုကလယ်ခေါင် ဘက်တွေမှာ တင့်ကားတွေ ဘာတွေနဲ့ ရောက်နေတာ သိရတယ်။ သို့လော သို့လောပေါ့၊ ဘာဖြစ်တာလဲ အနေအထားနဲ့ သိရှိခဲ့တယ်။ အာဏာသိမ်းတယ် ဆိုတာ ကြေညာမှပဲတ တကယ် သိရတာ။ လိုင်းတွေ အကုန် ပျက်သွား သေးတယ်၊ လိုင်းပြန်ရချိန် မြဝတီတို့ကနေ ဒုသမ္မတ နဲ့ မင်းအောင်လှိုင်တို့ ကာလုံ ပုံစံမျိုး ခေါ်ပြီးတော့ ကြေညာချက် ထုတ်တဲ့အခါမှာ ပြန်စလိုက်တဲ့ သဘောပါပဲ။ ကာလုံ ခေါ်ပြီး အချက် ၆ချက် နဲ့ ဒုသမ္မတ ကနေ ၄၁၇ အရ ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာ အရေးပေါ် အခြေအနေ ကြေညာပြီး ပေးတယ် ဆိုတာ တွေ့ရတယ်။
ရဲကို ဝါသနာ အရ မရှိခဲ့ဘူး ဆိုပေမယ့် ဝင်ပြီး တောက်လျောက်မှာတော့ အရမ်း ဝါသနာ ပါခဲ့တယ် ။ ဥပဒေ တွေ တော်တော်များများ ကို လေ့လာတယ်။ ကိုယ်နဲ့ ဆက်စပ် နေတဲ့ တရားရုံး လက်စွဲ တို့ ဥပဒေ အရာရှိတို့ အဲ့ဒါတွေကအစ။ ဘာလို့ဆို သူတို့နဲ့ ဆက်ဆံနေတဲ့ အခါမှာ သူတို့ ရဲ့ အားနည်းချက် အားသာချက် လုပ်ထုံးလုပ်နည်းကို သိချင်တဲ့အတွက် အတတ်နိုင်ဆုံး လေ့လာခဲ့တာ ဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၁ရက်နေ့မှာ တီဗီက ကြေညာချက်တွေမှာ စိတ်ထဲမှာ မရှင်းဘူး။ အဲဒါ နဲ့ ကြေညာချက်တွေ ထွက်လာတဲ့အခါမှာ အသေးစိတ် ကြည့်လိုက်တော့ အာဏာ သိမ်းမှုက ၂၀၀၈ နဲ့ ဘယ်လိုမှ မညီဘူးပေါ့။ ဒီနေရာမှာ တခုပြောချင်တာက အဲဒီအချိန်မှာ ၂၀၀၈ ကို ကိုင်စွဲထားရတာ ဖြစ်တဲ့ အတွက် ၂၀၀၈ ကို လက်ခံတဲ့ အနေအထား ပြောနေရတာ ဖြစ်ပါတယ်။ ၂၀၀၈ ကြီးကို စွဲကိုင်တဲ့သဘောကို ပြောနေတာ မဟုတ်ဘူး၊ အဲဒီကာလက ၂၀၀၈ ကို စွဲကိုင် ပြီး ဆောင်ရွက်ရတာဖြစ်တဲ့ အတွက် သူတို့အာဏာသိမ်းတာကလည်း၂၀၀၈ နဲ့ ညီတယ် လို့ ပြောပြီးတော့ သိမ်းတာ၊ ဒါပေမယ့် ကျနော်က အဲဒါကို သေချာ တခုချင်း ပိုင်းခြားကြည့်တဲ့အခါမှာ ၄၁၇ ကြေညာ ရလောက်အောင် အရေးပေါ် အခြေအနေ ဖြစ်နေပြီလား ဆိုတာ နိုင်ငံမှာ မတွေ့ရဘူး။ ဒုသမ္မတက သမ္မတ ရဲ့အနေအထား နဲ့ ဒီလို ကြေညာခွင့် ရှိမရှိ ဆိုတာလည်း ၂၀၀၈ ဖွဲ့စည်းပုံ မှာ ပြတ်သားစွာ ဖော်ပြ ထားခြင်းမရှိဘူး။ ဆိုလိုတာ ဒုသမ္မတ ရဲ့ လုပ်ပိုင်ခွင့်ကို ပြတ်သားစွာ ဖော်ပြထားတာ မရှိဘူး။ အဲဒီတော့ ဒါတွေက ဘယ်လိုနည်းနဲ့မှ မညီတဲ့ အတွက်ကျနော်က အာဏာသိမ်းတာကို လက်မခံနိုင်ဘူး။ ကျနော် နဲ့ ဆက်ဆံ နေတဲ့ တော်တော်များများဆို သိပါတယ်။ မြို့နယ်မှူး တို့ စခန်းမှူး တို့ ဒုမြို့နယ်မှူးတို့က တဖွဲ့ ကျနော်က တချို့တဝက် နဲ့ လက်မခံနိုင်တဲ့အဖွဲ့က တဖွဲ့။ ပြောမယ်ဆို ကျနော် တို့ မြို့နယ်ရုံး ရဲစခန်းမှာ အာဏာသိမ်းမှုကို လက်ခံတဲ့အဖွဲ့က အများစုဖြစ်နေတာပေါ့။ ကျနော် အဲဒီမှာ စာတွေရေးတယ် ။ ၂၀၀၈ ဖွဲ့စည်းပုံ နဲ့ အာဏာသိမ်းတဲ့ ၆ချက်ကို တချက်ချင်းစီကို ကျနော့်ဟာ ကျနော် စာရေးတယ်။ ဘယ်ဟာက ဘယ်လိုကြောင့် မညီတာဆိုတာ၊ ဘယ်လို အကြောင်းအရာတွေဆိုတာ ရေးတယ်။ အဲဒါကိုလဲ ချပြချင်တယ်။ ဒီအောက်မှာလည်း မနေချင်ဘူး။
အဲဒီ မှ ပြဿနာ တခုရှိတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့ မတိုင်ခင် ၂၀၂၀ ထဲမှာ ရဲ ထဲ က ထွက်ဖို့ ဆိုပြီး ထွက်စာ တင်ထားတာရှိတယ်။ ရဲ တပ်ဖွဲ့ကို စိတ်နာလို့လည်း မဟုတ်ဘူး။ ကျနော့်ရဲ့ တချို့မိသားစု ကိစ္စလေးတွေ ရှိတဲ့ အတွက် ရဲ ထဲက နေ ထွက်ဖို့ ထွက်စာ တင်ခဲ့တာ။ ဒီနေ့ ဒီအချိန်ထိ ရဲ တပ်ဖွဲ့ နဲ့ ပတ်သက်လို့ မင်နီ မင်ပြာ ဘာပြစ်ချက် မှ မရှိပါဘူး။ ကျနော့် အကြောင်းအရာ နဲ့ ကျနော် ထွက် ဖို့ လုပ်ခဲ့တယ် ။ ဒီဟာက ထွက်ခွင့်ကျမလား ဆိုတာက တပိုင်း။ အဲသလို ရှိနေတော့ ပြည်သူနဲ့ ရပ် တည်ဖို့ကို နောက်ကျခဲ့တယ်။ အဲဒီအချိန်မှာပဲ ဖေဖော်ဝါရီ လထဲမှာပဲ နေပြည်တော်မှာ ရဲအုပ် ကိုခွန်အောင်ကိုကိုတို့က မူးယစ်ကနေ စပြီးတော့ လူထုကြားကို ထွက်ပြီးတော့ အာဏာသိမ်းတာ နဲ့ ပတ်သက်ပြီးတော့ လက်ခံနိုင်စရာမရှိ အနေအထားနဲ့ ပြည်သူနဲ့ ရပ်တည်ခဲ့တယ်ဆိုတာ ကြား မိမှာပေါ့။ နဂိုကတည်းက ထွက်ချင်နေတာ အဲဒီအချိန်မှာ ပိုပြီးတော့ အာဏာသိမ်း မှုကို လက်မခံနိုင်တော့ဘူး။ လက်မခံနိုင်တဲ့ ကာလမှာပဲ နောက်တခု က ဆွဲဆောင်လာတာ ပေါ်လာတယ်။ ထွက်ခွင့်များ ရအုံးမလား ဆိုတာလည်း ရှိနေတယ်။
ကျနော် တို့ ဘက်မှာ ဆန္ဒပြတာတွေ အများကြီးပေါ့။ xxx လမ်းဆုံမှာဆို အကာ အတားတွေ လုပ်ထားတဲ့ အနေအထားတွေ အများကြီး။ ဒါပေမယ့် ကျနော်တို့က နယ်မြေကို ဆင်းရတာမဟုတ်တဲ့အတွက် ပြီးတော့ ရုံးဦးစီး ဖြစ်တဲ့ အတွက် ရုံးမှာပဲ နေရတာ ဖြစ်တဲ့ အတွက် ကာလတခု အနေနဲ့ မှေးလို့ရတဲ့ ပုံစံလေး ရှိနေတာပေါ့။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာ။ ဖေဖော်ဝါရီ တလလုံးမှာ ပြည်သူနဲ့ မရပ်နိုင်ခဲ့ဘူး။ ကျနော်က ပြီးခဲ့တဲ့ ၁နှစ်ကျော်လောက်ကတည်းက ရဲအုပ်ကနေ ဒုရဲမှူး စာမေးပွဲ ဖြေထားတာ ရှိတယ်။ မတ်လ ၁ရက်နေ့လောက်မှာ ကျနော့်ကို ဒုရဲမှူး clear ပါတယ်ဆိုပြီး သတင်းရတယ်။ နေပြည်တော် ကနေ သူငယ်ချင်း တယောက်ကနေ လှမ်းပြီး ဒီတခေါက် ထွက်မယ့်ထဲမှာ မင်းပါတယ်လို့ ပြောတယ်။ အဲဒီမှာ ဆုံးဖြတ်ချက်ကို ရဲရဲ ချလိုက်တယ်။ တကယ်လို့သာ ဒုရဲမှူး ဖြစ်ပြီ ဆိုရင် စောစောက တင်ထားတဲ့ ထွက်စာလဲ မရနိုင်သလို ဒီဟာကိုလဲ ဆက်လုပ်နေရရင် ပြည်သူ နဲ့ ကျနော် ထိပ်တိုက် တိုးရတဲ့ ကိစ္စတွေ ပေါ်လာတော့မှာ။ ဒီအောက်မှာလဲ မနေချင်တော့လို့ ပြည်သူ နဲ့ ရပ်တည်ပြီး CDM လုပ်ဖို့ဆုံးဖြတ်ခဲ့တာ။
တခုရှိတာက ရဲတပ်ဖွဲ့မှာ ကျနော် တာဝန်ထမ်းဆောင် ခဲ့တဲ့ ကာလတွေမှာ ရဲတပ်ဖွဲ့မှာ ရှိတဲ့ အကြီးအကဲတွေ မိုးကျရွှေကိုယ်တွေကနေ တပ်ဖွဲ့ ဝင်တွေကို အနိုင်ကျင့်မှုတွေ သွေးခွဲမှုတွေ ကြုံခဲ့ရတာတွေ အများကြီး ရှိပါတယ် ။ အလုပ်သင် ပြီး တော့ xxxတိုင်းထဲက xxxမြို့သစ် မြို့နယ် ရဲတပ်ဖွဲ့ အဲ့ဒီ အောက်မှာ ရှိတဲ့ xxx ရဲစခန်းမှာ တာဝန်ကျတယ် ။ အရင်တုန်းကတော့ ၂ပွင့် စခန်းမှူး ထိုင်တယ်။ ဒါပေမယ့် မြို့နယ်ရုံးက သတင်းပို့ပြီး ဒီရဲစခန်း ကို မသွားခင်မှာပဲ ၂ပွင့် စခန်းမှူးက ပြောင်းဖို့ ရှိတော့ စခန်းမှူး တာဝန် နဲ့ လွှဲပြီး xxx စခန်းကို တာဝန် ကျသလို စခန်းမှူး တာဝန် နဲ့ တာဝန် ထမ်းဆောင် ရတာပေါ့။ အဲဒီမှာ တာဝန် ထမ်းဆောင်တဲ့ အချိန်မှာ အခက် အခဲတွေတော့ အများကြီး ရှိတာပေါ့။ ရှေ့မှာတော့ ခရိုင်မှူးတွေ အများကြီး ရှိခဲ့တယ်။ တိုင်းမှူးကတော့ ဦးဘကြည်ပေါ့။ ပြစ်ချက်တွေ များလွန်းလို့ ပြန်ပြီး ကလက်ဖန် ထိုးပြီး အငြိမ်းစား ပုံစံမျိုး ယူခိုင်းလိုက်တဲ့ ရဲမှုူးကြီး ဘကြည် ပေါ့။ ခရိုင်မှူးကတော့ သူရသွင်ကိုကို။ ကျနော် ထွက်လာစဉ် ကာလကတော့ မူးယစ် ဒုတပ်ဖွဲ့မှူး နဲ့ တူပါတယ်။ တော်တော်ဆိုးတယ်ဗျ ကျနော့်စခန်းမှာ ကျနော်က နယ်ထိန်း ခေါင်းဆောင်လည်း လုပ်တယ် စခန်းမှူးလဲ လုပ်ရတော့ ခရိုင် အစည်းအဝေး တော်တော်များများမှာ တက်ရတယ်။ နယ်ထိန်း နဲ့ပတ်သက်ရင်လည်း တက်ရတယ်။ စခန်းမှူး နဲ့ ပတ်သက်ရင်လဲ တက်ရတယ်။ ခရိုင်မှူးက အကြောင်းမရှိ အကြောင်းရှာပြီး သူ့ဆီကို အရမ်းခေါ်တာ။ တချို့နေရာတွေမှာ အစည်းအဝေး လုပ်တယ် ဆိုတာ လုပ်ငန်းရဲ့ လိုအပ်ချက်တွေ ဆွေးနွေးဖို့တွေ ပြောဆိုဖို့တွေ မှာကြားဖို့တွေ အတွက် လုပ်တာ၊ သူကကျတော့ အစည်းအဝေး လုပ်တာက အဲဒီ ရည်ရွယ်ချက် မဟုတ်ဘူး။ တော်တော်များများ သိကြပါတယ်။ ကျနော် တယောက်ထဲကွက် ဖြစ်ခဲ့တာတော့ မဟုတ်ဘူး။ အစည်းအဝေး လုပ်ပြီဆိုရင် လာရတဲ့သူက ဘာနဲ့ လာရလဲ ဆို စာအိတ် နဲ့ လာရတယ်။ စာအိတ်နဲ့ ဝင်မှသာ အဲဒီ အစည်းအဝေးမှာ အဲဒီလူက အဆင်ပြေမယ်။ အစည်းအဝေး ပြီးသွားရင်လဲ ခွဲတန်း ဆိုတာမျိုးတွေ ပေးရတာလည်းရှိတာပေါ့ တရားဝင်မဟုတ်တဲ့ တရားဝင်တွေ။ နယ်ထိန်းတွေ အစည်းအဝေးခေါ်တယ်၊ သူ့ ရဲ့ ရုံးခန်းမှာတွေ့တယ်၊ တကြိမ်ထဲလည်း မဟုတ်ပါဘူး တွေ့ပြီးရင် ခေါင်းစဉ် ရှာတာပေါ့၊ စာအုပ်တွေ ဘာတွေကိုင်ပြီး စာမေးတဲ့ အဆင့်တွေ ဘာတွေ မေးတယ်။ တဖက်လူက မဖြေနိုင်တော့ဘူးဆိုရင် ကိုယ်ထိုင်တဲ့ ထိုင်ခုံကို မပြီးတော့ ထိုင်ထ အကြိမ်ရေ အတိုင်း လုပ်ခဲ့ရတယ်။ xxxမြို့မ နယ်ထိန်းတို့ တခြား နယ်ထိန်းတွေ ဆိုရင် အသက်အရွယ် က ၅၀ကျော်နေပြီ၊ လုပ်ရတာပဲ။ တချို့ကိုဆိုရင် အားလုံးရဲ့ ရှေ့မှာ တန်းစီ ပြီး လက်ထိပ်ခတ်ပြီးထားတာ။ ကျနော် ဆို မောင်းထုတ်ပါခံရတယ်။ တချို့ဟာတွေ ကျနော် တို့လဲ မသိတာ တွေ ရှိတယ်။ ဒါပေမယ့် အရေးယူ မယ် ဆိုရင် အရေးယူလိုက် အဲ့လိုမျိုး မလုပ်နိုင်ဘူး။
ကျနော့်ကို အရေးယူမယ်ဆို ကြိုက်သလို အရေးယူလိုက်။ နောက်ဆုံး ရိုင်းရိုင်းပြောမယ် ဘယ်လောက်ထိ ဆိုးလဲ ဆို ယောင်္ကျား လိင် အင်္ဂါ အတု နဲ့ ပါးစပ်ထဲ ထိုးတာတွေ ရှိတယ်။ ကာလ အနေနဲ့ ပြောမယ်ဆို ၂၀၁၁ ၊၂၀၁၂ အစပိုင်း လောက်ပေါ့။ သူရသွင်ကိုကို ခရိုင်မှာ လုပ်ခဲ့တဲ့သူတွေ နယ်ထိန်းတွေ တော်တော်များများ သိပါတယ်။ အဲဒီလောက် ထိကို ဆိုးဝါးခဲ့တာ။
သင်တန်းကျောင်းတွေလည်း ရောက်တယ်၊ သင်တန်းကျောင်းမှာ နေလည်းနေခဲ့ ဖူးတယ်။ တပ်ခွဲ မှာနေတယ်။ ကြံ့ခိုင်ရေး တာဝန်ခံ လုပ်တယ်။ တော်တော်လေး စုံပါတယ်။ စာသင်တဲ့အပိုင်းမှာလည်း စာသင်တယ်။ အဲဒီမှာတော့ ကျောင်းအုပ်ကြီးရဲ့ နာမည်တွေ မေ့နေတယ်။ xxxတိုင်းကနေ ကျောင်း ကို ပြောင်းသွားတာ ၂၀၁၂ / ၂၀၁၃ လူကြီးတွေက သင်တန်းသားတွေရဲ့ ငွေကြေးတွေ အပေါ်မှာ မိမိ ကိုယ်ကျိုး အတွက် လုပ်တာတွေ ချည်းပဲ။ တပ်ခွဲမှူးတွေလဲ ဒီအတိုင်းပဲ။ လေ့ကျင့်ရေး အပိုင်း ဒုကျောင်း အုပ် တို့ လေ့ကျင့်ရေး ဌာနမှူးတို့ဆို ဒီအတိုင်းပဲ။ ငွေ ရဖို့ပဲ ကြည့်ကြတာ။ သင်တန်းသားတွေက လစာထုတ်ပြီဆိုရင် လစာကို အကြောင်းအမျိုးမျိုးနဲ့ ဖြတ်တာ။ ကျနော်ဆို လစာ ပေးတဲ့ အချိန် တပ်ခွဲမှာ နေတယ် လစာပေးတဲ့ အချိန်မှာ ဘယ်တော့မှ တပ်ခွဲမှာ မနေဘူး။ ကြည့်ပြီး စိတ်ဆင်းရဲလို့။ လစာတွေ ဖြတ်တယ်၊ တိုင်ပြီဆိုလည်း ပေးကမ်းပြီး ပြီးသွားတာ ချည်းပဲ။ သင်တန်းသားတွေ အပေါ်မှာ လစာ ကို နည်းမျိုးစုံ နဲ့ အကြောင်းအမျိုးမျိုး ပြပြီး ရယူကြတာ ကြီးပါပဲ ။
အလုပ်သင်ဘဝနဲ့ xxxမှာ တာဝန် ထမ်းဆောင် ခဲ့တုန်းကဆို တပ်ကနေ ရဲ အပေါ်မှာ အနိုင်ကျင့်ခဲ့တဲ့ ဖြစ်စဉ် တခုရှိတယ်။ ကိုယ်တိုင် ကိုယ်ကျခံခဲ့တဲ့ ကိစ္စပါ။ ဖြစ်စဉ်က ဒီလို။ အဲဒီကာလတုန်းက ၂၀၀၇ လောက် မှာ ဗုံးခွဲ လိုက်တဲ့ကိစ္စ xxx ဘူတာမှာ ဗုံးခွဲလိုက်တဲ့ကိစ္စ။ အဲဒီနောက်ပိုင်းမှာ ရဲစခန်းကနေ ဘူတာဘက်မှာ သတင်းတို့ ဘာတို့ ယူရတာ ရှိတယ်။ ဒုရဲအုပ် တယောက် နဲ့ ကျနော်က အလုပ်သင် ဆိုတော့ သူတို့ လူလိုပြီဆို ပါရတာပေါ့။ တခြားအဆင့် ၂ယောက်နဲ့ ၄ယောက် ဘူတာဘက်ကို ယူနီဖောင်းနဲ့ သွားတဲ့ အချိန်မှာ တပ် ကနေပြီးတော့ အရပ် ဝတ် နဲ့ ဒုတပ်ကြပ် နဲ့ တူပါတယ် ပြဿနာ ရှာတာပေါ့။ လာလို့မရဘူးတွေ ဘာတွေဆိုပြီး ဘူတာရှေ့ မှာမဟုတ်ဘူး တာဝန်အရ လာတာ ယူနီဖောင်း နဲ့ ပေါ့။ အဲဒါနဲ့ ကျနော်တို့ရဲ့ အရာရှိ ဒုရဲအုပ်ကို ပခုံးကိုဆွဲပြီးတော့ ထိုးတာ။ ကျနော်တို့ကလည်း သူ့ကို ပြန်ထိုးပြီး ခေါ်လာခဲ့တာပေါ့ ။ စခန်းကို တပ်ကနေ တပ်ခွဲတခုလုံး နီးနီး လက်နက်တွေ နဲ့ ရောက်လာတယ်။ ရောက်လာပြီး သူ့လူကို ပြန်ခေါ်တယ်။ ဆိုးဆိုးဝါးဝါး မလုပ်ပါဘူး။ ဟိုမှာ တုန်းကတော့ တယောက်နဲ့ တယောက် တချက် နှစ်ချက်ထိုးတာပေါ့။ တယောက်ထဲကပဲ ထိုးတာပါ။ အပြန်အလှန်ပဲ အထဲမှာ ကျတော့ သူ့လူကို ကျနော် တို့က ပြန်တောင်းပန်ရမယ် ဆိုတဲ့ ပုံစံမျိုး။ အဲဒီလိုထိ မကျေနပ်ဘူး။ အခုချက်ခြင်းပဲ တိုက်ပွဲ ဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးတွေ။ စာထဲမှာသာ ညီနောင် ညီနောင် ပြောနေတာ တကယ့် လက်တွေ့ မှာကျ တပ်က လူတွေက ရဲဆိုရင် အမြဲတမ်း သူတို့ရဲ့ အောက်က ထားတာ။
ဆန္ဒပြမှုတွေမှာ ပတ်သက်လို့ ကုလားဖန်ထိုး ရတာတော့ ရှိတာပေါ့။ ဆန္ဒပြမှုတွေ စပြီး အင်နဲ့ အားနဲ့ ဖြစ်တဲ့ အချိန်မှာ လူထု စိတ်ဝင်စားမှာ စိုးတဲ့ အတွက် အင်အားလျော့ရတာတွေ ရှိတာပေါ့။ xxxလမ်းဆုံမှာ အင်အား ၄ / ၅ ထောင် နဲ့ ဆန္ဒပြတယ်။ ကျနော်တို့က ပြချင်ရင် ရာဂဏာန်း ပြရင် ပြတာပေါ့။ ရဲကပဲ ဖြစ်စေ သက်ဆိုင်ရာ အဖွဲ့အစည်း ကနေ လုပ်တဲ့အခါမျိုးမှာ ကျရင်တော့ လူအင်အား ၅၀ ဆိုရင်လဲ ၃၀၀ / ၄၀၀ ပြရတာပေါ့ ။ ဒီလိုမျိုးတွေက ရုံး staff ကနေ စီစဉ်ပေးရတာ ရှိတာပေါ့ ။
CDM စလုပ်လာပြီး နောက်ထပ် ၇ရက်နေ့လောက်ကစ ပြည်သူ နဲ့ တသားထဲ ရပ်တည်ပြီး တော်လှန်ရေးမှာ ပါခဲ့တာတွေ အများကြီး ရှိပါတယ်။ တချို့ ကိစ္စတွေကတော့ ကိုယ်တိုင် ဆောင်ရွက်ခဲ့ကြတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပျက်သွားတာတွေလဲ အများကြီး ကြုံခဲ့ရတယ်။ တော်လှန်ရေးနဲ့ ပတ်သက်လို့ စထွက်စဉ် အခါကတည်းက ဒီနေ့အထိ တော်လှန်ရေးမှာ အခုချိနထိ ရှိနေတုန်းပါပဲ။
SNLD | သီးသန့် ဆက်သွယ်မေးမြန်းခြင်း

“ကျွန်တော်တို့တွေ အပါအဝင်ပေါ့နော် လွတ်တော်နိုင်ငံရေး ရွေးကောက်ပွဲနိုင်ငံရေးကို ပိုပြီးမှ အားကိုးတယ်ဖြစ်ဖြစ် အလေးထားတယ့် ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဲ့လိုမဟုတ်ပဲနဲ့ အခြား နိုင်ငံရေးမျက်နှာစာ ကနေလုပ်နေသူတွေပဲဖြစ်ဖြစ် EAOsတွေပဲဖြစ်ဖြစ် အဖက်ဖက်ကနေပြီးတော့မှ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ် အထူးသဖြင့် ကျွန်တော်တို့ရဲ့ နောက်မှမွေးလာတဲ့ လူငယ်တွေ ကလေးတွေအတွက် ကျွန်တော်တို့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အဲ့ဒီ နှစ်ခုကို အဓိက ထားပြီးတော့ အာရုံထားပြီးတော့မှ အလေး အနက်ပြုကြမယ်ဆိုရင်ဖြစ် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်နိုင်မှာပါ”
သီးသန့် ဆက်သွယ်မေးမြန်းခြင်း
SNLD | အထွေထွေအတွင်းရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ – စိုင်းလိတ်
———-
၁) ပထမဦးဆုံးအနေနဲ့ ရွေးကောက်ပွဲကိစ္စ အရင်မေးချင်တာဖြစ်လို့ ရွေးကောက်ပွဲတရပ် ကျင်းပတော့မယ်ဆိုရင် ဘယ်လို အခင်းအကျင်းမျိုး ရှိနေဖို့ လိုအပ်လဲ ပြောပေးပါဦး။
ဖြေ။ ။ ရွေးကောက်ပွဲတစ်ရပ်ကျင်းပတော့မယ်ဆိုရင် နိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံပြုလိုသူ (stakeholder) တွေအကုန်လုံး ပါဝင်နိုင်ခွင့်ရှိရမယ်။ ပြည်သူတွေအကုန်လုံးကလည်း လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိရမယ်။ လုံခြုံရေး အရ ကြောင်းကြန့်စွာ ဆန္ဒပြုနိုင်ရမယ်။
အရေးကြီးဆုံး အချက်ကတော့ ရွေးကောက်ပွဲက အရွေ့တစ်ခုကို ဦးတည် ရမယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီ အပြောင်းအလဲကိုရှိစေရမယ်လို့ အာမခံချက်ပေးထားရမယ်။ ဒီလိုအခြေ အနေမျိုးနဲ့ ကိုက်ညီမှာသာလျှင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မယ့် နိုင်ငံအတွက် အကျိုးရှိမယ့် ရွေး ကောက်ပွဲ ဖြစ်မယ်လို့ မြင်ပါတယ်။
၂) အာဏာသိမ်းမှုအလွန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(SNLD)ရဲ့ ပါတီနိုင်ငံရေး အခန်း ကဏ္ဍကို မေးချင်ပါတယ်။ လက်ရှိ ပါတီအနေနဲ့ ဘာတွေ ဆောင်ရွက် နေပါသလဲ။
ဖြေ။ ။၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းကစပြီး ကျွန်တော်တို့ပါတီအနေနဲ့ ထူးထူးခြားခြား ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာမျိုးမရှိသလောက်ပါပဲ။ စစ်ဘောင်တွေကျယ်ပြီး နိုင်ငံရေးဘောင်တွေလုံးဝကျဥ်းသွားတဲ့ အခြေ အနေမှာ ကျွန်တော်တို့ပါတီလည်း အခြားပါတီများနည်းတူ လူထုအတွက် ထိရောက်အကျိုးရှိမယ့်ကိစ္စတွေ မလုပ်ဆောင်နိုင်ခဲ့ဘူး။ လုပ်ပိုင်ခွင့်လည်း မရှိခဲ့ပါဘူး။
စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးတာ လောက်ပဲ နိုင်သလောက် လုပ်ခဲ့ရပါတယ်။ ပါတီရေးရာဆိုင်ရာ ကိစ္စတွေကတော့ အတွင်းရေးကိစ္စတွေဖြစ်တော့ ပါတီ အင်စတီကျူးရှင်း နည်းနည်းပါးပါး လုပ်နိုင်ခဲ့တာက လွဲပြီးတစ်ခြားသော ကိစ္စတွေ ကိုထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါဘူး။
၃) SNLD ပါတီအနေနဲ့ လက်ရှိရွေးကောက်ပွဲကော်မရှင် UEC ထံ ပါတီမှတ်ပုံ မတင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိထားပါတယ်။ ဘာကြောင့် အဲဒီဆုံးဖြတ်ခဲ့ရတာလဲ။
ဖြေ။ ။ ပါတီ မှတ်ပုံမတင်ရတာကတော့ အဓိက အချက် ၂ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ လုံခြုံရေး ကန့်သတ်ချက်ကြောင့်ပါ။ ကျွန်တော်တို့ပါတီဝင်တွေတဲ့ ကယားပြည်နယ်၊ ကချင်ပြည်နယ် အစရှိတဲ့ဒေသတွေကို သွားရောက်ပြီးမှ သူတို့ရဲ့ ဆန္ဒ သဘောထားတွေကို ရယူဖို့ မသွားနိုင်ခဲ့ဘူး။
နောက်တစ်ချက် ပေးထားတဲ့အချိန် ၂လအတွင်းမှာ ဒီကိစ္စတွေပြီးပြတ်အောင် လုပ်ရမယ်ဆိုတာလည်း ကျွန်တော်တို့ က ထိထိရောက်ရောက် လုပ်ဖို့က အချိန်မလုံလောက်ဘူး။
နောက်ဆုံးတစ်ချက်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မတီရှင် ရွေးကောက်ပွဲကို ဘယ်အချိန် လုပ်မလဲ ဆိုတာ တိကျရောရာစွာ ထုတ်ပြန်ကြေညာထားခြင်းမရှိဘူး။ ဒီအခြေအနေအရပ်ရပ် တွေ ကြောင့် ကျွန်တော်တို့ ပါတီဝင်တွေအနေနဲ့ တက်လက် မှတ်ပုံတင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆုံးဖြတ်ချက် ချခဲ့ရ တာပါ။
၄) လက်ရှိ အခင်းအကျင်းအရ၊ မှတ်ပုံမတင်ရင် ပါတီဖျက်သိမ်းခံရနိုင်တဲ့ အလားလာထိ ပြဌာန်းချက်တွေလဲ ရှိနေတယ်လို့ နားလည်ထားပါတယ်။ SNLD အနေနဲ့ ပါတီမှတ်ပုံ မတင်ဖို့ ဆုံးဖြတ်တယ်ဆိုတော့ ဘယ်လို သက်ရောက်မှု ရှိလာနိုင်မယ်လို့ သုံးသပ် ထားပါသလဲ။
ဖြေ။ ။ အဲ့ဒါကတော့ UEC အပိုင်းဖြစ်သွားပါပြီ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အလုပ်ဖြစ်သွားပါပြီး ကျွန်တော်တို့ကတော့ ကိုယ့်အခက်အခဲနဲ့ ကိုယ်မို့ မှတ်ပုံမတင်တာကလွဲရင် ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ထား တာမရှိဘူး။ ဒါကြောင့်မို့လို့ ထူးထူးခြားခြား ထိခိုက်နိုင်စရာ မရှိဘူးလို့ပဲ ယူဆပါတယ်။
၅) တဘက်က စစ်ကောင်စီရဲ့ ဒီနိုင်ငံရေးပါတီ ဥပဒေကို ပြန်လေ့လာကြည့်တော့ မှတ်ပုံတင်ပြီးရင် တနိုင်ငံလုံးအဆင့် ယှဉ်ပြိုင်မယ့် ပါတီတွေက ပါတီဝင်အင်အား ၁ သိန်း ရှိရမယ်နဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် ဆိုရင်တော့ အင်အား ၁၀၀၀ ရှိရမယ်အပြင် ပါတီရံပုံငွေ ကိစ္စတွေလည်း သတ်မှတ်ထားတာ ရှိပါတယ်။ ဒီပြဌာန်းချက်တွေအရ တနိုင်ငံလုံးအဆင့်သွားမယ့် ပါတီတွေအတွက် လက်ရှိအခင်းအကျင်းအရ ခက်ခဲမယ်လို့ သုံးသပ်ကြပါတယ်။ တနိုင်ငံလုံးအဆင့် ပါတီတွေအပါအဝင်၊ တိုင်းရင်းသားပါတီတွေကို ဘယ်လို သက်ရောက်မှုကို ဖြစ်စေနိုင်မယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ အခက်အခဲကတော့ ပါတီကြီးကြီး ငယ်ငယ် အကုန်ခက်ခဲကြမှာပါပဲ။ တကယ်တမ်းကျတော့ ပါတီဆိုတာ လူထုထောက်ခံမှုနဲ့ ရပ်တည်ရတာမျိုးပါ။ လူထုထောက်ခံမှုမရှိရင် အဲ့ဒီပါတီ ကျရှုံးရတာပါပဲ။ လူထုထောက်ခံမှုရှိရင် သူ့မှာ ပါတီဝင်ဦးရေ နည်းသည်များသည် အကြောင်းမဟုတ်ဘူး။ ဆက်လက်ရပ်တည်မှာပဲ။ ဒါက နိုင်ငံတကာ မှာလည်း ဒီလိုပဲယူဆကြတာပဲ။
သို့သော်လည်း ပါတီရုံးခန်းအရေအတွက်ဘယ်လောက်ရှိတယ်။ မြို့နယ်ဘယ်လောက်မှာ ဝင်ပြိုင်တယ်ဆိုတဲ့ အပေါ်မှာ သူ့ရဲ့ရပ်တည်မှုကို ပိုင်းဖြတ်တယ်ဆိုတာက စံလွဲနေတယ်လို့ပဲ မြင်ပါတယ်။ ပါတီ အကြီးတွေ အဖို့မှာလည်း သူ့အနေနဲ့ ပါတီအင်အား ၁သိန်းရဖို့ဆိုတာ တိုင်းပြည်အနေနဲ့ တည်ငြိမ်အေးချမ်းမှု ဘယ်လောက်ရှိလဲ။ သူ့အနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားပြီး စည်းရုံးနိုင်မလဲဆိုတာ မေးခွန်းအများကြီးပေါ်ပေါက်စေမှာပါ။
ကိုယ့်အနေနဲ့ ရည်မှန်းထားတဲ့ နဂိုပါတီဝင်အင်အား သိန်းချီရှိမယ်ဆိုရင် တိုင်းပြည်အခြေအနေအရ အဲ့ဒီပါတီအခေုအနေအရ အပြောင်းအလဲ မရှိနိုင်ဘူးလား ဘယ်လောက်ထိများပြောင်းလဲသွားပြီးလဲ ဒါတွေကိုရော ထည့်ပြီးတွက်ဖို့လိုအပ်ပါတယ်။
တခါရုံးခန်းပေါင်း ၁၆၅ ရုံးအနည်းဆုံးဖွင့်ရမယ်ဆိုတဲ့ ကိစ္စ ဘယ်မြို့နယ်တွေက ဘယ်လောက်ထိ အေးချမ်း နေလဲဆိုတာ ကျွန်တော်တို့မပြောမရပါဘူး။ နကစ ဥက္ကဋ္ဌ ရဲ့ ဇန်နဝါရီလ ၁ရက်နေ့ မိန့်ခွန်းအရ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရာနှုန်းပြည့် တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်ပေါင်း ၁၉၈ မြို့နယ်ပဲရှိတယ်။ အဲ့ ဒီ ၁၉၈ မြို့နယ်ကလည်း တစ်ဆက်တည်း ရှိလား ပြောလို့မရပါဘူး။ သွားရေးလာရေး လုံခြုံရေး အဲ့ဒီကိစ္စတွေကြောင့် အခက်အခဲတော့ ရှိနေလိမ့်မယ်လို့ မြင်ပါတယ်။ တစ်ခါ ပါတီအငယ်တွေ အတွက်ကျတော့လည်း ဥပမာ – အင်းတိုင်းရင်းသားတွေပေါ့။ အင်းလူမျိုးတွေက ညောင်ရွှေမြို့နယ်မှာပဲ ရှိတာ ကျွန်တော်တို့ အသိပါ။
သူတို့အနေနဲ့ကလည်း သူတို့လူမျိုးစု ပါတီတည်ထောင်မယ်ဆိုရင် နောက်ထပ် ၅မြို့နယ် ဘယ်မှာသွားရှာမလဲ။ သူ့ကိုထောက်ခံမယ့်သူကရော ဘယ်လိုစည်းရုံးမလဲ သူ့အတွက်ဒါလည်း အခက်အခဲဖြစ်စေမှာပဲ။ အဲ့ဒါကြောင့်မို့လို့ ပါတီကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အကုန်လုံးက အခက်အခဲ ရှိနေမှာပဲ။
၆) ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ တပြိုင်တည်းကောက်ယူမယ်လို့ စစ်ကောင်စီဘက်က ကြေညာလာတာ တွေ့ရပါတယ်။ ဒီအပေါ်ရွေးကောက်ပွဲကလည်း ၂၀၂၄ ထဲမှာမှ ဖြစ်လာ နိုင်တယ်လို့လည်း ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ ဒီအပေါ် ဘယ်လိုသုံးသပ် ရှုမြင်ပါသလဲ။
ဖြေ။ ။ သန်းခေါင်စာရင်းကောက်ယူမယ်ဆိုပြီးတော့မှ လဝက ဝန်ကြီးက တစ်လောကမှ အင်တာဗျူးပေးသွားတာ သိရပါတယ်။ အဲ့ဒီလုပ်ငန်းကို ၂၀၂၄ခုနှစ် အောက်တိုဘာ ၁ရက်နေ့မှာစမယ်ဆိုတော့ နောက်ထပ် တစ်နှစ်ကျော် လိုပါသေးတယ်။ သို့သော် သန်းကောင်စာရင်းကောက်ယုတယ်ဆိုတာ ၁၅ရက်လောက် ကောက်ယူပြီး ပြီးပြတ် သွားတယ်ဆိုတာမျိုးမဟုတ်ပါဘူး။ သူ့ဆက်စပ်လုပ်ငန်းတွေက အများကြီး လုပ်ရဦးမှာမို့လို့ ၂၀၂၄ကုန်တဲ့ အထိတော့ လုပ်နိုင်စရာအကြောင်းမရှိပါဘူးလို့ သုံးသပ်ရပါတယ်။
၇) ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အာဏာရအစိုးရ NLD လက်ထက် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရက်ပေါင်း ၉၀ မျှ နေရုံဖြစ် မဲပေးခွင့် ပေးခဲ့တဲ့မူကိုကျင့်သုံးခဲ့လို့ ပြည်နယ်အခြေခံပြု တိုင်းရင်းသားပါတီတွေကြား နှစ်နာမှုတွေ ရှိခဲ့သလို အငြင်းပွားမှုရှိခဲ့ပေမယ့် တစုံတရာ ကျေနပ်မှုရှိအောင် ဖြေရှင်းပေးနိုင်ခဲ့တာ မတွေ့ရဘူး။ ဆိုတော့ ပုံမှန်ကာလတွေ ပြန်ရောက်ရင်၊ ဒါမှမဟုတ် နောက်ထပ် ရွေးကောက်ပွဲတွေမှာ ဒီလိုအငြင်းပွားမှုဖြစ်စေမယ့် မဲပေးခွင့်ဆိုင်ရာမူတွေကို မဖြစ်စေဖို့ ဘယ်လိုပြဌာန်းကျင့်သုံးဖို့ လိုအပ်မယ်လို့ အကြံပြုချင်လဲ။
ဖြေ။ ။ အလွယ်ဆုံးပြောရရင်တော့ ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့ ရွေးကောက်ပွဲ ဥပဒေ အသစ် လိုအပ်နေပြီး။ UEC ကိုရွေးကောက်တင်မြှောက်တဲ့စနစ်မှာပဲ ချို့ယွင်းချက်တွေ အားနည်းချက်တွေ အများကြီး ရှိပါတယ်။
ရွေးကောက်ပွဲ အနိုင်ရပါတီက UEC ကို သူ့စိတ်ကြိုက် ရွေးချယ်ခန့်ထားတယ်ဆိုမျိုးက ဒါ ကွဲလွဲမှုတွေ သဘောထားအမြင်တွေအရ လက်မခံနိုင်စရာတွေ အများကြီး ပေါ်ပေါက်စေပါတယ်။ တကယ်တမ်းကျတော့ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ရွေးချယ်တာမျိုး နိုင်ငံရေးပါတီတွေကနေ ရွေးချယ်တာမျိုးထက်ကို ဘက်မလိုက်တဲ့ ပညာရှင်တွေနဲ့ စုပေါင်းထားတဲ့ UEC မျိုးကို ရွေးချယ်ရမှာဖြသ်ပါတယ်။
ခြုံပြီးပြောရရင်တော့ NLD လက်ထပ်မှာလုပ်ခဲ့တဲ့ ကိစ္စကလည်း လူထုအကုန်လုံး လက်သင့်ခံနိုင်တဲ့ အနေအထား မဟုတ်သလို ၂၀၁၀တုန်းက ရွေးကျင့်သုံးတဲ့ပုံစံကလည်း ထိုနည်းလည်းကောင်းပဲ။ ချို့ယွင်းချက်တွေ အားနည်း ချက်တွေ ထောက်ပြစရာတွေ အများကြီးရှိတယ်။ ဆိုတော့ ကျွန်တော်တို့ အဓိကလိုအပ်တာက ရွေးကောက်ပွဲ ဥပဒေအသစ်ပြကိုပြဌာန်းရမယ်။ အားလုံးလူစုံပြီးဆွေးနွေးပြီးမှ ဘယ်သူ့ ဘယ်သူမှ ထိခိုက်နစ်နာမှုမရှိစေတဲ့ ဘက်လိုက်မှုကင်းတဲ့ UEC မျိုးပြန်ဖွဲ့ဖို့ ဆိုရင် ဥပဒေက အရက်အသစ်လာရပါမယ်လို့ပဲ အချုပ်အနေနဲ့ ဖြေကြားလိုပါတယ်။
(၈) စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရောက်ဖို့ဆိုရင် ဘယ်လို ရောက်အောင်သွားလို့ရနိုင်မလဲ။
ဖြေ။ ။ လောလောဆယ်က ဖက်ဒရယ်ဒီမိုကရေစီကိုသွားဖို့ အတွက် အဖွဲ့အစည်းတိုင်းရဲ့ အင်စတီကျူးရှင်းက ထုတ်ဖော်ပြောကြားနေတယ်ဆိုပေမယ့် လက်တွေ့မျက်တွေ့မှာ ဘယ်သူမှလုပ်နိုင်တာ မရှိဘူး။
ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ကိုယ်တိုင်က တည်ငြိမ်အေးချမ်းမှု မရှိလို့။ rule of law တွေပျောက်နေတယ်။ တရားဥပဒေစိုးမိုးမှုတွေ လုံးဝ ခန်းခြောက်သလောက်ဖြစ်နေတယ်။ တိုင်းပြည်ရဲ့အနာဂတ်အတွက်ကို လူငယ်တွေ အတွက် လမ်းပြပေးနိုင်ဖို့ နေနေသာသာ လူကြီးတွေကိုယ်တိုင်က လမ်းပျောက်နေတဲ့ သဘောမှာ ရှိတယ်။
အကုန်လုံးတွေ့ဆုံပြီး မဆွေးနွေးနိုင်ဘူး ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူး နောက် စိတ်သဘောထားတွေကိုယ်၌က နိုင်ငံရေး စိတ်ဆန္ဒတွေ ကွဲလွဲမှုတွေ ဆန့်ကျင်မှုတွေ သိပ်ပြီး ပြင်းထန်နေတယ် ကာလမှာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ပညာရေးဘက်ကို ပဲ အရင် ဦးတည်ရမယ်လို့ မြင်ပါတယ်။
အဲ့ဒါကြောင့် ဒီနေ့ ဒီအချိန်ကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသွားနိုင်မယ့် အခင်းအကျင်းဆိုတာ အတော်ကိုပဲ ပါးလျား နေတယ်။ စိတ်သဘောထားတွေအကုန်လုံး သက်ဆိုင်သူအကုန်လုံးက ဖက်ဒရယ် ဒီမိုကရေစီ ကို အမှန်တကယ်သွားချင်ရဲ့လား ဆိုတာ ကိုယ့်ဟာကို မလိမ်စတမ်း မညာစတမ်း အရင်သုံးသပ်ပြီးမှ ပြုပြင်ဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်းစီမှာ အဲ့လိုစိတ်ဆန္ဒတွေ မရှိဘူးဆိုရင် ပြောမှသာပြော သင်္ကြန်အမြောက်ပဲ ဆက်ဖြစ်နေဦးမယ်လို့ မြင်ပါတယ်။
၉) ဖြည့်စွက်ချက်
ဖြေ။ ။ ကျွန်တော်တို့တွေ အပါအဝင်ပေါ့နော် လွတ်တော်နိုင်ငံရေး ရွေးကောက်ပွဲနိုင်ငံရေးကို ပိုပြီးမှ အားကိုးတယ်ဖြစ်ဖြစ် အလေးထားတယ့် ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဲ့လိုမဟုတ်ပဲနဲ့ အခြား နိုင်ငံရေးမျက်နှာစာ ကနေလုပ်နေသူတွေပဲဖြစ်ဖြစ် EAOsတွေပဲဖြစ်ဖြစ် အဖက်ဖက်ကနေပြီးတော့မှ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ် အထူးသဖြင့် ကျွန်တော်တို့ရဲ့ နောက်မှမွေးလာတဲ့ လူငယ်တွေ ကလေးတွေအတွက် ကျွန်တော်တို့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အဲ့ဒီ နှစ်ခုကို အဓိက ထားပြီးတော့ အာရုံထားပြီးတော့မှ အလေး အနက်ပြုကြမယ်ဆိုရင်ဖြစ် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်နိုင်မှာပါ။
သို့သော်လည်းပဲ ကိုယ့်ရဲ့တစ်ကိုယ်ရည် ခံယူချက် ယူဆချက် အပေါ်မှာပဲ ရပ်တည်ပြီးမှ အချင်းချင်းတိုက်ခိုက် ဒီလိုတိုက်ခိုက်သတ်ဖြတ်နေတာကိုမှ နည်းလမ်းမရှာနိုင်ဘူးဆိုရင် ကျရှုံးတိုင်းပြည်မှ နောက်ဆုံး ဒီထက်ဆိုးတဲ့ အခြေအနေကို ရောက်နိုင်ပါတယ် ဆိုတာကိုတော့ မိချောင်း မင်းရေခင်းပြ ပြောပါရစေ။ အားလုံးကို တပ်လှန့် နှိုးဆော်တဲ့အနေနဲ့ ပန်လည်း ပန်ကြားလိုတယ်ဆိုတာ ကိုတော့ အချုပ်ပြောလိုပါတယ်။
တပ်ဖွဲ့ဝင်အသစ် PPDF-KD ခေါ်ယူနေ

ဓါတ်ပုံ – PPDF-KD
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD ဟာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ၏ နိုင်ငံရေးဦးဆောင် လမ်းညွှန်မှုအောက်မှာ တည်ရှိတဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
ကျိုက်ထိုရှိ တပ်မ ၄၄ ဌာနချုပ်ရုံးနှင်း တပ်မမှူးနေအိမ် ဒရုနဖြင့် တိုက်ခိုက်ခံရ

Photo – ကျိုက်ထိုမြို့နယ် တပ်မ ၄၄
ထိုတိုက်ခိုက်မှု အပြီးတွင်တော့ KNLA၊ PDF၊ KRF တို့ ပူးပေါင်းတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ လာနိုင်ကြောင်း သိရပါတယ်။
အတွေးအမြင် | ရေရှည်ပြည်တွင်းစစ်ဒဏ်

ရေရှည်ပြည်တွင်းစစ်ဒဏ် – မင်းသေ့ | အတွေးအမြင်
▂
ဆွန်ဇူးရဲ့ စစ်ရေးအတွေးအခေါ်တွေကို ဒဿနရပ်ဝန်းတစ်ခုအနေနဲ့ ကျနော် စိတ်ဝင်တစား လေ့လာခဲ့ဖူးပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ရတတ်သမျှ ဘာသာပြန်တွေ ရှာဖတ်ရင်း၊ ကျနော့်ရဲ့ မှတ်စုစာအုပ်ထဲမှာ ဆွန်ဇူးရဲ့ ဒဿနတွေ အတော်များများ ရေးမှတ်ခဲ့ဖူးတယ်။ မှတ်စုအဟောင်းတွေ ပြန်ဖတ်ရင်း ရေရှည်စစ်ရဲ့ ဆိုးပြစ်ကို ဆွန်ဇူးသတိပေးထားတဲ့ မှတ်စုလေး သွားတွေ့တယ်။
မင်းသေ့
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို လွတ်လပ် ပွင့်လင်း စုံလင်မှုဖြင့် မျှဝေ၊ သုံးသပ်၊ ဆွေးနွေးပေးကြပါရန် NUCC ဖိတ်ခေါ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၃
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို လွတ်လပ် ပွင့်လင်း စုံလင်မှုဖြင့် မျှဝေ၊ သုံးသပ်၊ ဆွေးနွေးပေးကြပါရန် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဖိတ်ခေါ်ပါတယ်။
ပဋိညာဉ် နှစ်ပတ်လည် ကာလအတွင်း အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများကို လွတ်လပ်၊ ပွင့်လင်း၊ စုံလင်စွာ ဆက်လက်ဆောင်ရွက်ပေးကြပါရန် အမျိုးသား ညီညွတ်ရေး အတိုင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က လေးစားစွာ ကြိုဆို ဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် (၂) နှစ်တာကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ပတ်သက်၍ အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အစုအဖွဲ့ များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို NUCC က အသိအမှတ်ပြု မှတ်တမ်း တင်ထားတယ်လို့လည်း ဆိုပါတယ်။
အလားတူ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာလည်း တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးညှိနှိုင်း ရရှိခဲ့သော နိုင်ငံရေး သဘောတူညီချက်တစ်ရပ်ဖြစ်သကဲ့သို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်း တစ်ခုလည်း ဖြစ်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်သော အင်အားစုများ အကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်တယ်လို့ NUCC က ပြောဆို ထား ပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာ စာတမ်း” နှင့် အစိတ်အပိုင်း (၂) “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ” ဟူသည့် အစိတ်အပိုင်း နှစ်ရပ်ကိုလည်း (NUCC) က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဦးဆောင်ကျင်းပတဲ့ ပထမအကြိမ်၊ ပြည်သူ့ညီလာခံမှာ ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး အတည်ပြုနိုင်ခဲ့တာပါ။
လာမည့် ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှာတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ကြေညာခဲ့သည့် (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၈) ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)၏ စုဖွဲ့မှု (၂)နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။