• Today is: Thursday, February 2, 2023

မယ်စလောင်း စခန်းသိမ်းတိုက်ပွဲ၊ စစ်ကောင်စီ ၅ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရ

ဓါတ်ပုံ – Loikaw PDF (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၃
 
ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာရှိ မယ်စလောင်းတောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို လွိုင်ကော် PDF နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
စခန်းသိမ်း တိုက်ပွဲမှာတော့ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ DMO PDF ၊ Falcon Wings တို့နှင့်အတူ လွိုင်ကော် PDF တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာလို့ Loikaw PDF က ထုတ်ပြန်ပါတယ်။
 
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင် ၅ ဦး ကျဆုံးပြီး စစ်လက်နက်၊ ခဲယမ်းနှင့် အသုံး အဆောင်များကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများဟာ (၆၀)မမ စိန်ပြောင်း (၂)လက်၊ RPG (၁)လက်၊ MA-1 (၁)လက်၊ MA -2 (၁)လက်၊ MA-3 (၁)လက်၊ MA-4 79တွဲ (၁)လက်၊ 9mm (၁)လက်၊ ငါကြင်းမြီး (၁)လက်၊ စနိုက်ဘာ (၁)လက်၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ နှင့်၊ အခြားအသုံးအဆောင် ပစ္စည်များဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
 
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် လာရောက်ပစ်ခတ်ခဲ့သလို၊ လက်နက်ကြီးများ ပစ်ကူပေးခြင်းတို့ကြောင့် ပူးပေါင်းတပ်ဖက်က KA ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါအပြင် ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ညနေပိုင်းကလည်း လွိုင်ကော်မြို့ ချိကယ် – ပါလောင်း လမ်းမကြီး၊ ဖာ့တီမာ မယ်တော်ဂူ အနီးတစ်ဝိုက်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နှင့် KA ၊ KNDF ၊ လွိုင်ကော် PDF တပ်ခွဲ (၅) တပ်ပေါင်းစုတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွိုင်ကော် PDF တပ်ခွဲ (၅) မှ ရဲဘော် တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ တိုက်ပွဲ နှစ်ပွဲတွင်း ကျဆုံးသွားကြတဲ့ ရဲဘော် (၂) ဦးတို့အတွက် လွိုင်ကော် PDF က ဦးညွှတ် အလေးပြုသလို မြင့်မြတ်တဲ့ သူရဲကောင်းများဖြစ်တယ်လို့ ဂုဏ်ပြု ပြောဆိုထားပါတယ်။

မတူပီမှာ CDF တပ်ပေါင်းစုနဲ့ စစ်ကောင်စီ နှစ်ဖက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ၈ ဦးကျဆုံး

ဓါတ်ပုံ – CDF-Matupi
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၃
 
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက မတူပီ-ဟားခါးကားလမ်းပေါ်မှာ တည်ရှိတဲ့ ငလိုင်နဲ့ခရိုင်ရုံးကြား အပါအဝင်၊ ခရိုင်ရုံးအိုးအိမ်ကုန်းထိပ်နှင့် ဖနိုင်ဘုန်းကြီးကျောင်း နေရာ ၃ ခုမှာ ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီထိ နှစ်ဖက်တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကျဆုံးပြီး၊ ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF-Matupi က သတင်းထုတ်ပြန်ပါတယ်။
 
နှစ်ဖက်တိုက်ပွဲအတွင်း CDF တပ်ပေါင်းစုများတဲ့ CDF-Matupi၊ CDF-Mara နှင့် CDF-Zotung တို့ ဘက်က ထိခိုက်မှုမရှိပဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့က မတူပီ- ဟားခါးလမ်း ငလိုင်ကျေးရွာအနီးရှိ CDF – Matupi ရှေ့တန်းကင်း တစ်နေရာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဒီကနေ့ချိန်ထိ နှစ်ဖက် တင်းမာမှု ဆက်ဖြစ်နေတာပါ။

ကချင် Sub-State

ကချင် Sub-State
 
– မောင်မောင်စိုး
 
ကချင် sub-state ဆိုသည်နှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုးကို မြင်တွေ့ကြားသိနေရသည်။ ဤအချက်နှင့်ပတ်သက်၍ လေ့လာမှတ်သားမိသမျှနှင့် မိမိ၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖေါ်ပြလိုပါသည်။ မိမိအမြင်နှင့်မတူဘဲ လွတ်လပ်စွာကွဲလွဲနိုင်ပါသည်။
 
ပထမ ဦးစွာ ကချင် sub-state ဆိုသည်မှာ တကယ်ရှိခဲ့သလောဟူသည့်အချက်ဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ အမှန်တကယ်ရှိခဲ့သည်ဟု ဆိုရပါမည်။
 
ကချင် sub-state ဆိုသည်မှာ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် သိန္နီစောဘွား စဝ်ဟုန်ဖ နှင့် ကချင်ဒူဝါများကြား လက်မှတ်ရေးထိုးခဲ့သော ပဋိညာဏ်စာချုပ်အရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုစာချုပ်အား
 
သိန္နီစော်ဘွားဖက်မှ
 
-သိန္နီစော်ဘွား စဝ်ဟုန်ဖ၊
 
-အိမ်ရှေ့စံ သိန္နီစော်ဘွား၏ညီ စဝ်မွန်ဖနှင့်
 
-အမတ်ချုပ် ခွန်အုံးကြာတို့ လက်မှတ်ရေးထိုးခဲ့ပြီး
 
ကချင်စော်ဘွားများဖက်မှ
 
-ကပ်နာဒူဝါအယ်လ်ခွန်ဆိုင်း
 
-ဟော်ဝါးဒူဝါခွန်ဖုန်း
 
-နမ့်ချက်ဒူဝါ အမ်နော်ဆိုင်း
 
-ပေါင်ရောင်လူငယ်ဥက္ကဌ ဆရာဇက်လခန်းတို့ ပါဝင်လက်မှတ်ရေးထိုးကြသည်။
 
ပေါင်ရောင်ဆိုသည်မှာ ကချင်ကို ထိုစဉ်က ကချင်စကားဖြင့်ခေါ်ဝေါ်ခြင်းဖြစ်သည်။ ယခုတော့ ဝင်ပေါင်ဟု ပြောင်းလဲသုံးစွဲကြသည်။ ပေါင်ရောင်လူငယ်ဥက္ကဌသည် အရပ်ဖက်အဖွဲ့အစည်း၊ လူထုအဖွဲ့အစည်းကိုယ်စားလည်အဖြစ် ပါဝင်ခြင်းဖြစ်ပုံရပါသည်။
 
ဒုတိယအချက်အနေနှင့် ထိုစဉ်က ရှမ်းမြောက်တွင်
 
၁။ သိန္နီစော်ဘွား
 
၂။ မိုင်းရယ်စော်ဘွား
 
၃။ သီပေါစော်ဘွား
 
၄။ နမ့်စမ်စော်ဘွားနှင့်
 
၅။ မိုးမိတ်စော်ဘွား ဟူ၍ စော်ဘွားနယ် ၅ နယ်ရှိသည်။
 
ရှမ်းမြောက်ရှိ စော်ဘွားနယ် ၅ ခုအနက် သိန္နီစော်ဘွားနယ်က အကျယ်ဆုံးဖြစ်သည်။ ကချင်ဒူဝါများသည် သိန္နီစော်ဘွားလက်အောက်ခံနယ်မြေထဲမှဖြစ်သည်။
 
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ကို ရွတ်ရွတ်ချွံချွံတိုက် ခိုက်ခဲ့သော ကချင်ဒူဝါများနှင့် ကချင်လူမျိုးများအား သိန္နီစော်ဘွားက ဂုဏ်ပြုပြီး ကချင်စော်ဘွားများ sub-state အဖြစ် အသိအမှတ်ပြုခါကချင်ဒူဝါများ၏ အုပ်ချုပ်ရေးအာဏာ၊ အခွန်ကောက်ခံခွင့်အာဏာကို မြှင့်တင်ပေးသည့်သဘောဟု လေ့လာ၍ရသည်။
 
တတိယအချက်အနေနှင့် state ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်သည်။ state ကို မြန်မာဘာသာဖြင့် နိုင်ငံတော်ဟု၎င်း၊ ပြည်နယ်ဟု၎င်း သက် ဆိုင်ရာ အနက်နှင့်တွဲ၍ ပြန်ဆိုလေ့ရှိပါသည်။
 
သို့သော် ဤနေရာတွင် ကချင် sub-state ဟုဆိုရာ၌ နိုင်ငံတော်ဟု၎င်း၊ ပြည်နယ်ဟု၎င်း အနက် ကောက်ယူပြန်ဆို၍ မရဟုယူဆပါသည်။
 
ဤနေရာတွင် sub-state သည် Shan Federated States မှ လာသည်ကို တွေ့ရသည်။ စောဘွားနယ်ဟု အနက်ကောက်ရမည်ဟု ယူဆပါသည်။
 
လက်တွေ့တွင်လည်း ထိုကာလက သိန္နီစော်ဘွားသည် စော်ဘွားအာဏာ၊လုပ်ပိုင်ခွင့်အရ ၎င်း၏နယ်မြေထဲတွင်သာ လုပ်ပိုင် ခွင့်ရှိသည်ဖြစ်ရာ ရှမ်းမြောက်ရှိအခြား စော်ဘွားများ၏ နယ်ပယ်များကို စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။
 
သို့ဖြစ်ရာ ကချင် sub-stateသည် သိန္နီစော်ဘွားနယ်မြေခွဲဟု ကောက်ယူရမည်ဟုယူဆပါသည်။ ရှမ်းပြည်ထဲမှ ကချင်ပြည်နယ်ခွဲဟု အဓိပ္ပါယ်ကောက်ယူ၍ မရနိုင်ပါ။
 
စတုထ္ထအချက်အနေနှင့် စော်ဘွားများသည် ၁၉၅၉ ခုနှစ် အာဏာစွန့်ခဲ့ရသည်ဖြစ်ရာ လက်ရှိကာလတွင် သိန္နီစော်ဘွား၏ ပဋိညာဏ်သည် တရား ဝင်မှုနှင့် ပတ်သက်၍ မေးခွန်းပေါ်လာသည်။
 
သို့ဖြစ်ရာ ကချင် sub-stateဆိုသည်မှာ သိန္နီစော်ဘွားနယ်မြေခွဲအဖြစ် အမှန်တကယ်တည်ရှိခဲ့သည်မှာသမိုင်းအရ ဖြစ်ရပ်မှန်ဖြစ်သည်။
 
သို့သော် စော်ဘွားများ အာဏာစွန့်ရပြီးနောက်ပိုင်း တရားဝင်မှုသည်သာ မေးခွန်းဖြစ်လာသည်။ ထို့ပြင် ကချင် sub-state အား ရှမ်းပြည်နယ်၏ ကချင်ပြည်နယ်ခွဲဟု အဓိပ္ပါယ်ကောက်ယူ၍မရဟု တွေ့ရပါသည်။
 
အဘယ်ကြောင့် သိန္နီစော်ဘွား၏ လုပ်ပိုင်ခွင့်၊စီရင်ဆုံးဖြတ်ပိုင်ခွင့် အပြင်ဖက်သို့ ရောက်နေ၍ ဖြစ်သည်။ တဖက်ကလည်း သိန္နီစော် ဘွားနယ်အတွင်း ကချင်ဒူဝါများ၏ အုပ်ချုပ်ရေးနယ်ပယ်များရှိခဲ့သည်ကလည်း ငြင်းပယ်၍မရနိုင်ပါ။
 
ပဉ္စမအချက်အနေနှင့် စော်ဘွားစနစ်ဖျက်သိမ်းခံရသည့်အပြင် ရှမ်းမြောက်တွင် စစ်ပွဲများ အမြဲမပြတ်ဖြစ်ပွါးနေရာ ထိမ်းချုပ်နယ်မြေများ သည်လည်း အပြောင်းအလဲများစွာရှိသည်။ ထို့ပြင် ရှမ်းမြောက်တွင် ကချင်လူဦးရေလျော့ကျနေသည်။
 
၁၉၄၇ ခုနှစ် အင်္ဂလိပ်အစိုးရမှတ်တမ်းများအရ ရှမ်းမြောက်တွင် ကချင်လူဦးရေ တသိန်းခန့်ရှိသည်ကို တွေ့ရသည်။ လက်ရှိလူဦးရေတိုးနှုံးအရ ရှမ်းမြောက်တွင် ကချင်လူဦးရေ ၃ သိန်းခန့်ရှိရမည်ဖြစ်သော်လည်း ၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်လူဦးရေတသိန်းခန့်သာရှိသည်ကိုတွေ့ရသည်။
 
အကြောင်းမှာ ဒုတိယကမ္ဘာစစ်အပြီးမှစပြီး ရှမ်းမြောက်မှ ကချင်များ ကချင်ပြည်နယ်သို့ စတင်ရွှေ့ပြောင်းကြသည်။
 
အထူးသဖြင့် ၁၉၆၈ မှ ၁၉၇၆ ခုနှစ်ထိ ၈ နှစ်အတွင်း ဗကပ၊ ကေအိုင်အေနှင့် မဆလ အစိုးရတပ်များအကြား သုံးပွင့်ဆိုင် ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွါးပြီး ကချင်ကြေးရေတတ်များက အောက်ပြည်မြို့ကြီးပြကြီးများသို့ ရွှေ့ပြောင်းကြသည်။
 
မုန်းကိုးဒူဝါ၊ ဖေါင်းဆိုင်ဒူဝါ၊ မုန်းဟောင်ဒူဝါအမျိုးအနွယ်များကို ရန်ကုန်တွင် တွေ့ရနိုင်သည်။ ကျန်အများစုကတော့ ကချင် ပြည်နယ်သို့ ရွှေ့ပြောင်းကြသည်။
 
အချို့က မူစယ်၊ကွတ်ခိုင်၊နန့်ဖတ်ကာ၊လားရှိုးမြို့များသို့ ရွှေ့ပြောင်းကြရာ ကျေးလက်တောင်ပေါ်နေ ကချင်လူဦးရေ ကျဆင်းခဲ့သည်။
 
သို့ဖြစ်ရာ ကချင် sub-state ဆိုသည်နှင့်ပတ်၍ မိမိလိုရာ ဆွဲ၍ ပုံဖေါ်ချဉ်းကပ်ခြင်းမပြုဘဲ အမှန်တကယ်တည်ရှိခဲ့သော သမိုင်းကြောင်းအားအသိအမှတ်ပြုခြင်း၊ ပြောင်းလဲလာနေသော မြေပြင်အခြေအနေနှင့် ပေါင်း စပ်သုံးသပ်ခြင်းတို့ပြုလုပ်မှသာ မှန်မှန်ကန်ကန် ဆုံးဖြတ်သုံးသပ်နိုင်ပေလိမ့်မည်။
 
မှတ်ချက်။ ။
 
– သိန္နီစော်ဘွား ဟော်မှ မှတ်တမ်းမှတ်ရာများကို ရှာဖွေရရှိနိုင်ပါက ပို၍ကောင်းမွန်သည့် သမိုင်းဖြစ်ရပ်များကို ဖေါ်ထုတ်နိုင်မည်ဖြစ်ပါသည်။
 
-လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၂

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၂
– မောင်မောင်စိုး 
ငေါ့ဆဗစ်
ငေါ့ဆဗစ်သည် ကျောက်လုံးကြီးနှင့်သိပ်မဝေးလှသည့် ပလောင်ရွာကြီးတရွာဖြစ်သည်။ ထိုစဉ်ကထဲက PSLO ထိမ်းချုပ်နယ်မြေထဲတွင်ရှိသည်။ ထိုရွာရောက်တော့ မိမိတို့မှ စိုင်းဆိုင်ဆိုသည့် ရဲဘော်ကို ငေါ့ဆဗစ်ရွာသူ ကြီးထံအပ်နှံရသည်။
ထိုရဲဘော်က ဖျားနာပြီး လမ်းမလျှောက်နိုင်တော့သဖြင့် စစ်ကြောင်းနှင့် ဆက်မခေါ်နိုင်ဘဲ ဆေးကုသရန် ငေါ့ဆဗစ်တွင် အပ်နှံထားခဲ့ရခြင်းဖြစ် သည်။ ဆေးကုသပြီး ကောင်းမွန်သွားပါက မိမိတို့ နယ်စပ်အခြေခံဒေသသို့ ပြန်ပို့ရန် မှာကြားသည်ကို ငေါ့ဆဗစ်ရွာသူကြီးက အာမခံသည်။
တကယ်တော့ ငေါ့ဆဗစ်သည် မိုးမိတ်ကွင်းနှင့် နီးနေပြီဖြစ်သည်။ မိမိတို့ အခြေခံဒေသဆိုသည်က တရုတ်နယ်စပ် ကြူကုတ်ပန်ဆိုင်းနှင့် မုန်းကိုးတို့ဖြစ်ရာ ရောက်ပါ့ ရောက်နိုင်ပါ့မလားဟု မိမိသံသယရှိသည်။
ဝေးလံလှသည့်အပြင် ကားလဲမရှိ၊ အတားအဆီးအပိတ်အဆို့များကိုလည်း ကျော်ဖြတ်ရမည်မဟုတ်ပါလား။ သို့သော်လည်း ကျန်းမာရေးကောင်းပြီးနောက် စိုင်းဆိုင်တယောက် ချောမောစွာ မုန်းကိုးသို့ပြန်ရောက်လာခဲ့သည်။ ငေါ့ဆဗစ်အမှတ်တရတခုဟုဆိုရမည်။
ထိုစဉ်ကာလက ထိုဂွင်အတွင်း ရွာတိုင်းတွင် ရွာစောင့်စနစ်ရှိသည်။ ရွာသားတိုင်း နေ့စဉ်အလှည့် ူကျ ရွာစောင့်တာဝန်ယူရသည်။ ရွာစောင့်က ၎င်းတာဝန်ကျသည့်နေ့တွင် ရှိသည့်စာပို့၊လူပို့၊ လမ်းပြ တာဝန်ယူရသည်။ စာပို့သည်ဖြစ်စေ၊ လမ်းပြသည်ဖြစ်စေ တောက်လျောက်ပို့စရာမလို။
တရွာနှင့်တရွာ ဆင့်ကဲဆင့်ကဲ ဆက်လက်ပို့ဆောင်ပေးသည့် စနစ်ရှိသည်။ မိမိနှင့်အနီးဆုံးရွာက ရွာစောင့်ထံသို့ ပို့ပေးပြီး တဆင့်ဆက်ပို့ရသည်။ ထို့ကြောင့် ထိုစနစ်ကို လူနားရင်သာနား စာမနားစေနဲ့ဟု ဆိုကြခြင်းဖြစ်သည်။ ထိုရွာစဉ်ဆက် လက်ဆင့်ကမ်းစနစ်ဖြင့် စိုင်းဆိုင် ချောမောစွာပြန်ရောက်လာခဲ့သည်။
ထို့ပြင် ငေါ့ဆဗစ်သည် သမိုင်းမှတ်တမ်းတခုရှိသည့်ရွာလည်းဖြစ် သည်။ ၁၉၇၅/၇၆ ဝန်းကျင်က ငေါ့ဆဗစ်ရွာတွင် KIA/SSPP/PSLO စသည့် ကချင်၊ရှမ်း၊ပလောင် လက်နက်ကိုင်အဖွဲ့အစည်းသုံးခုမှ တပ်မဟာအဆင့်တာဝန်ရှိသူများ မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့သည်ဟု မှတ်သားရသည်။
ကျင်းကျိ
ငေါ့ဆဗစ်ကဆက်ထွက်တော့ ကျင်းကျိကိုရောက်သည်။ ကျင်းကျိသည်လည်း ပလောင်ရွာကြီးဖြစ်သည်။ ကျင်းရွာရှိရာ တောကြောသည် သိပ်မြင့်မားခြင်းမရှိတော့ပေ။ တောင်ကြော၏ အဆုံးအနိမ့်ပိုင်းတွင် တည်ထားသည်။ ‌ကျင်းကျိရွာမှ တောင်ဖက်သို့ တောင်ဆင်းသာဖြစ်သည်။
တောင် ကြောဆုံးလျင် မိုးမိတ်ကွင်းသို့ရောက်ပြီး ကွန်ခါ ရှမ်းရွာရှိသည်ဟုသိရသည်။ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း မြင့်မာမတ်စောက်သော တောင်တန်းများကိုသာမြင်တွေ့ခဲ့ရာမှ ကျင်းကျိတောင်ဖက် နိမ့်ဆင်းသွားသော မိုးမိတ်ကွင်းအား လှမ်းမျှော်ကြည့်ရသည်မှာလည်း ခံစားမှုတမျိုးဖြစ်သည်။
ကျင်းကျိ PSLO ထိမ်းချုပ်နယ်မြေတွင်ရှိသည်။ သို့သော် PSLO နှင့် ထာဝရမဟာမိတ်လည်းဖြစ်၊ PSLO နှင့်နယ်မြေချင်းကပ်နေသော KIA တပ်များလည်း အဝင်အထွက်ရှိသည်။ ကျင်းကျိ၏ တောင်ဖက် ကွန်ခါတွင် SSPP တပ်များရှိသည်။
မဆလ အစိုးရ စစ်ကြောင်းများ ထိုးစသ်ဝင်ပါက SSPP တပ်များတိမ်းရှောင်ရင်း ရောက်လာလေ့ရှိသည်ဟု သိရသည်။ CPB တပ်များလည်း ဖြတ်သွားဖြတ်လာ ရောက်လာလေ့ရှိသည်။ထို့ပြင် မဆလ အစိုးရ စစ်ကြောင်းများလည်း ထိုးစစ်ဝင်လျင် ရောက်လာလေ့ရှိသည်ဟုသိရသည်။
လက်နက်ကိုင်တပ် ၅ မျိုးအား ထိတွေ့ဆက်ဆံပြီး ရှင်သန်ရသည့် ကျေးရွာဖြစ်သည်။ ဒေးကာနက်ဂျီထက် ပို၍တတ်ကျွမ်းသော လူမှုဆက်ဆံရေးဖြင့် ရှင်သန်ကြပုံရသည်။ ယခု ထိုတပ် ၅ မျိုးထဲမှCPB တပ်တော့မရှိတော့။
ကျန် ၄ မျိုးရှိသာရှိသည်။ သို့သော် နည်းသွားသည်ဟု မယူဆစေလို။ ယခု ၁ နှစ် ၂ နှစ်အတွင်း အမျိုးအစားသစ် တပ်များ ထိုဒေသတွင် တွေ့နေရပြီး မိမိတို့ကာလထက် ပိုများသည်ဟု ကြားရသည်။
ကျင်းကျိရွာပြီးနောက် အနောက်စူးစူးသို့ ဦးတည်၍ ကျောက်ဖြူချောင်း၊ နန့်မိတ်ချောင်းအတိုင်းချီတက်ပြီး နှင်းထောက်အနီးမှ ရွှေလီမြစ်ကို ဖြတ်မည်ဖြစ်ရာ တောတိုးကြရတော့မည်ဖြစ်၍ ကျင်းကျိရွာတွင် ရိက္ခာဆန် ဝယ်ယူဖြည့်တင်းသည်။
ထိုစဉ် CPB တပ်မှ ဘဏ္ဏာရေးအခက်အခဲစတင်စကာလဖြစ်ရာ ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ဆန်ဖိုးပေးရာတွင် ဒေသပေါက်ဈေးအတိုင်းမပေးနိုင်တော့။ ဥပမာဆိုရလျင် ဆန်တပြည် ၁၀ ကျပ်ဈေးပေါက်နေသည်ဆိုပါက ၈ ကျပ်မျှသာ ပေးနိုင်တော့ သည်။ သို့ဖြစ်ရာ ရွာများမှ ဆန်ဝယ်လျင် ပေါက်ဈေးမ‌ပေးနိုင်တော့။
သတ်မှတ်ထားသည့်ဈေးသာ ပေးနိုင်တော့သည်။ တပ်မဟာ ထောက်ပံ့ရေးမှူးက ရွာသူ ကြီးနှင့်ဆွေးနွေးပြီး တပ်အတွက် လိုအပ်သည် ဆန်ပြည်အရေ အတွက်ကိုတောင်းဝယ်ရသည်။ ရွာသူကြီးက တအိမ် မည်မျှရောင်းရမည်ဟု ခွဲတမ်းချပြီး ရောင်းပေးသည်။ ပြင်ပပေါက်ဈေးထက်နည်း၍ မရောင်းရင်လည်း မရပေ။
ထို့ကြောင့် CPB တပ်များကို အတင်းဝယ်တဲ့တပ်ဟု လူထုက သမုတ်ကြသည်။ PSLO နှင့် KIA ကတော့ တနှစ် ဆန်မည်မျှ၊ ဆားမည်မျှဟု သတ်မှတ်ကောက်ခံသဖြင့် အတင်းတောင်းသည့် တပ်ဟု သမုတ်ကြသည်။
မည်သို့ပင်ဖြစ်စေ လူထုက သတ်မှတ်သည် အတင်းယူ၊ အတင်းဝယ်၊ အတင်းတောင်း ဟူသည့် အတင်းသုံးမျိုးအနက် အတင်းယူသည့်တပ်အဖြစ် အသတ်မှတ်မခံရသဖြင့် တော်သေးသည်ဟု ဆိုရမည်။

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၁

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၁
– မောင်မောင်စိုး
ထားချက်တောင်
ဒေသအခေါ်ကတော့ ထားချက်တောင်ဟုခေါ်သည်။ အချို့ကမြန်မာမှုပြု၍ တိုက်ကျယ်တောင်ဟု ခေါ်ကြသော်လည်း ဒေသခံတွေက ထိုအမည်ကိုမသိကြပေ။ ထားချက်တောင်သည် မန်တုံ၏ တောင်ဖက်တွင်ရှိသည်ဟု ထင်ပါသည်။
ရွှေလီချိုင့်ဝှမ်းဂွင်တောင်ပိုင်းတွင်ရှိသည့် မြင့်မားသည့် စိုးမိုးတောင်ကုန်းတခုဖြစ်သည်။ ၁၉၈၂ ခန့်က ထိုတောင်ကြောတွင် CPB တပ်များနှင့် မဆလ အစိုးရတပ်များ တိုက် ပွဲအကြီးအကျယ်ဖြစ်ပွါးခဲ့ဘူးသည်။
ထိုစဉ်က ဝ နယ်မှ တပ်ရင်း ၃ ခု သံလွင်မြစ်အနောက်ဖက်ကမ်းကူးလာသည့်အချိန် အဆိုပါ ဝတပ်ရင်းများအား ရွှေလီချိုင့်ဝှမ်းဂွင်ထဲသို့ စေလွှတ်ခဲ့သည်။ ရင်း ၅၀၁၊ ရင်း ၆၊ ရင်း ၄၀၄၈ စသည့် ဝ တပ်ရင်းများက အင် ပြည့်အားပြည့် တိုက်စိတ်ခိုက်စိတ်မြင့်နေချိန်တွင် ဝင်ရောက်သွားခြင်းဖြစ် သည်။
CPB တပ်များဝင်ရောက်သည်နှင့် မဆလ အစိုးရတပ်ကလည်းတပ်မ ၆၆ မှ တပ်ရင်း ၄ ရင်းပါ ဗျူဟာတခုနှင့် စစ်ဆင်ရေးဝင်သည်။ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း ဟိုကွေ့ဒီပတ်ဖြင့် မိမိအခွင့်အ လမ်းသာသည်နေရာတွင် တိုက်ကွက်ဖေါ်ရန်ကြိုးစားကြသည်။
နှစ်ဖက်တပ်အင်အားကများသဖြင့် တဖက်နှင့်တဖက် အသာစီးရရန်ခက်ခဲနေသည်။ နောက်ဆုံး CPB တပ်များက ထားချက်တောင်ကိုအခြေပြု၍ ခံစစ်ယူထားလိုက်ရာ တပ်မမှ တပ်များ တက်ထိုးရတော့သည်။ CPB တပ်ကလည်း မဆုတ်ဘဲပေပြီးခံစစ်ယူသည်။ သို့နှင့် တိုက်ပွဲမှာ ၃/၄ ရက်ကြာသွားသည်။
လေတပ်ကလည်း တဝုန်း ဝုန်းဗုံးကြဲသဖြင့် စည်ကားသည့်ပွဲတပွဲဖြစ်နေတော့သည်။ဝါးဘိုးဝါးများကို အနေတော်ဖြတ်ပြီး ချုံပုတ်များကြား ထိုး‌ထိုးထောင်ထောင်ပြုလုပ်ပြီး ၅၇ မမ လိုလို၊ ၈၂ မမလိုလို၊ ၇၅ မမ လိုလို ပုံဖျက်ပြီးလေကြောင်းထောက်လှမ်းရေးကို လှည့်စားခဲ့ကြသေးသည်။ လေတပ်ကလည်း လက်နက် ကြီးရှိသည်ဆိုပြီး အပြတ်ဗုံးကြဲနှင့် ပွဲစည်နေတော့သည်။
တိုက်ပွဲဖြစ်၍ သုံးရက်ခန့်အကြာတွင် အောက်ခြေအစိုးရစစ်ကြောင်းများသို့ အထက်က ညွှန် ကြားချက်‌ကြေးနန်းတခုပို့သည်။ CPB က ထိုညွှန်ကြား ချက်ကို ဖမ်းယူရရှိသည်။ ထိုညွှန်ကြားချက်မှာ ထားချက်တောင်တွင် CPB ကဤမျှခံတိုက်နေသည်မှာ မည်သည့်ရည်ရွယ်‌ချက်ကြောင့်ဖြစ် သည်ကို စုံစမ်းဖေါ်ထုတ်ရန်ဟူ၍ဖြစ်သည်။
တိုက်ပွဲဖြစ်နေသည့်နေရာမှာ ရွှေလီချိုင့်ဝှမ်းဂွင်အလယ်လောက်၊တောကြီးမျက်မဲတွင်ဖြစ်ရာ မည်သည့်အတွက်ကြောင့် CPB က အချိန်ကြာ ခံတိုက်နေ သည်ကို တွက်ဆမရဖြစ်နေပုံရသည်။ ထိုကြေးနန်းကို လက်ခံရသည့်ရဲဘော်က CPB စစ်ဦးစီးမှူးဖြစ်သူ ရဲဘော်ဇော်လီကိုသွား၍တင်ပြသည်။
ရဲဘော်ဇော်လီက ဖတ်ပြီး တဟားဟားရီရင်း ” ဘာရည်ရွယ်ချက်မှမရှိဘူးကွ၊ ဘာလုပ်ရမှန်းမသိလို့ ခံတိုက်နေတာ ” ဟုဆိုသည်။ ဘေးကရဲဘော်တွေလဲ လိုက်ပါရီမောကြသည်။
အမှန်မှာ ထိုတိုက်ပွဲသည် ရည်ရွယ်ချက်တခုခုအတွက် တိုက်သည့်တိုက် ပွဲမဟုတ်ပေ။ စစ် ကြောင်းများတောက်လျောက်လိုက်နေ၍ CPB တပ်များကလည်းပတ်ရှောင်ရင်း မထူးဟုသတ်မှတ်ခါ ခံတိုက်ခြင်းဖြစ်သည်။ တိုက်ပွဲများသည် တခါတရံ ဤသို့ဖြစ်တတ်သည်။ ကိစ္စတိုင်းကိုလည်း အကြီးအကျယ်သတ်မှတ်မစဉ်းစားဘဲ ရိုးရိုးလေးစဉ်းစားကြရန်လိုအပ်သည်။
ကျောက်လုံးကြီး
ကျောက်လုံးကြီးသည် ရွှေလီချိုင့်ဝှမ်းဂွင်တောင်ဖက်ခြမ်းက ပလောင်ရွာကြီးတရွာဖြစ်သည်။ မိမိတို့တပ်စုက ဘုန်းကြီးကျောင်းဝင်းအတွင်းစတည်း ချသည်။ မိရိုးဖလာဗုဒ္ဓဘာသာဝင်ဆိုတော့ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများနှင့်ရင်းနှီးသည့် အ ပြင် ကိုရင်နှစ်ခါဝတ်ဘူးသူမို့ ဘုန်းကြီးကျောင်းနှင့်မိမိအလွမ်းသင့်သည်။
ဘုရားစာကလည်း ပါဠိလို အတန်အသင့်ရွတ်တတ်တော့ ဘုန်းဘုန်းတို့ကလည်းသဘောကျသည်။ ဘုန်းဘုန်းတို့က သဘော ကျလျင် ကြက်သရေခန်းက စားစရာများစွန့်လေ့ရှိသဖြင့် ငတ်ပြတ်နေသော မိမိတို့အဖို့ ဘီစကွတ်တချပ်၊ ငှက်ပျောသီးတလုံးသည်ပင် တန်ဖိုးရှိလှသောကာလများဖြစ် သည်။
ထိုညက ဘုန်းကြီးကျောင်း မီးဖိုချောင် မီးဖိုနဘေးတွင် ဝိုင်းပတ်၍အိပ်သည်။ ထိုစစ်ဆင်ရေးအခေါက်က နိုင်ငံရေးမှူး ဗိုလ်မိုးက မိမိတို့ကို အတော်မောင်းသည်။ စစ်သားတယောက်ဟာ အနည်း ဆုံး ဆယ်ပိသာထမ်းပိုးချီတက်နိုင်ရမည်ဟုဆိုသည်။
မိမိမှာ အမ် ၂၂ သေနတ်၊ ဘောက်လေးဘောက်နှင့် ကျည် ၃၀၀၊ လက်ပစ်ဗုံး ၄ လုံး၊ ရိက္ခာဆန်အိတ်အပြင် တပ်စုအတွက်သတ်မှတ်ပေးထားသည့် ၆၀ မမ မော်တာကျည် ၂ လုံးနှင့် တီအင်တီယမ်းခဲကိုပါသယ်ရသေးရာ တနင့်တပိုးဖြစ်သည်။
မိမိတပ်စုက ရဲဘော်တယောက်ကလည်း ၆၀ မမ မော်တာကျည် ၈ လုံးထမ်းရရာ သူလည်းတနင့်တပိုးဖြစ်သည်။ သို့ဖြစ်ရာ သူနှင့်မိမိပေါင်းပြီး စောင်တထည်သာသယ်ပြီး ပေါင်းခြုံကြသည်။ နောက်တော့ ပေါင်းခြုံရတာလည်း ကျဉ်းကြပ်သဖြင့် စောင်ကိုသူ့ကိုပေးပြီး မိမိက ပုဆိုးခြုံအိပ်သည်။
ထိုညက ထင်းမီးဖိုနဘေးတွင် ကပ်အိပ်သဖြင့် နွေးနွေးထွေးထွေးအိပ် ပျော်သည်။ ညလယ်လောက်ရောက်တော့ ပို၍နွေးလာသည်ဟု ခံစားရသည်။ သိပ်မကြာနွေးရုံမက ပူလာသဖြင့် ကမန်းကတမ်းထရသည်။
အ လယ်မီးဖိုက မိမိတို့အိပ်ပျော်ပြီးနောက် မီးကတဖြေးဖြေးကျသွားရာ အပူချိန်လျော့ကျသဖြင့် မိမိလည်း မီးဖိုဖက်တိုးရင် မီဖိုထဲရောက်နေသည်။မီကျီးခဲကမီးက ပုဆိုးကို တစတစ စွဲပြီး ပုဆို အပေါ်တခြမ်းမရှိတော့၊ နောက်စစ်အင်္ကျီကို မီးဖေါက်သည်။ နောက် စွပ်ကျယ်ကိုပါ ဖေါက်၍ အသားကို မီးစထိပြီး ပူလာမှ မိမိလန့်နိုးလာခြင်းဖြစ်သည်။
သို့ဖြစ်ရာမိမိအတွက်တော့ ကျောက်လုံးကြီးရွာအမှတ်တရဖြစ်သည်။ ကျောက်လုံးကြိးကထွက်ပြီး နောက်ထပ် ရက် ၂၀ ခန့် ထပ်ထွက်ရသော စစ်ဆင်ရေးကာလတွင် စစ်အင်္ကျီကျော၌ ကျပ်ပြားဝိုင်းခန့်အပေါက်နှင့် ဆက် လက်ချီတက်ရတော့သည်။ ချမ်းအေးလွန်းလှသည့် ရွှေလီချိုင့်ဝှမ်းဂွင်၏ အမှတ် တရ တခုဖြစ်တော့သည်။

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၀

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၀
– မောင်မောင်စိုး
နာအော်ကြီး၊နာအော်လေး
ရွှေလီချိုင့်ဝှမ်းဂွင်မြောက်ဖက်ပိုင်းက ပလောင်ရွာကြီးများဖြစ်သည်။ ၁၉၈၀ ချီတက်စဉ်က ဖြတ်သန်းခဲ့ရသည့် ရွာများဖြစ်သည်။ နာအော်ကြီးလား၊ နာအော်လေးလားတော့မမှတ်မိ၊ ရွာက ရှည်‌မြောမြောရှိသောတောင် ကြောပေါ်တွင်တည်ထားသည်။
ရွာလယ်လမ်းက တောင်ကြောထိပ်အတိုင်းဖြစ်ပြီး အိမ်များက လမ်းအောက်တောင်ခြေလျောများတွင် ဆောက်ထားကြရာ လမ်းကရွာထက်မြင့်သည်ဟုဆိုရမည်။ မိမိတို့တပ်ရွာထဲကဖြတ်တော့ ရွာခံပလောင်များ ရပ်ကြည့်နေကြသည်။ သူတို့စိုးရိမ်ပူပန်မှု အနည်း ငယ်ရှိသည်။
အကြောင်းက ထိုစဉ်က နာအော်ကြီး၊ နားအော်လေးမှာ CPB ၂၀၂ ဒေသ၏ မြို့နယ်တခုတွင်ပါဝင်သည်။ ထိုရွာများတွင် CPB ကပြည် သူ့စစ်ဖွဲ့ထားသည်။ မိမိတို့မရောက်မှီ လပိုင်းက ထိုဒေသမြို့နယ်မှူးက လက်နက်ချပြီး ဖေါ်ကောင်လုပ်လိုက်၍ ပြည်သူ့ စစ်လက်နက် ၁၀၀ ခန့်သိမ်းဆည်းခံလိုက်ရသည်။
သို့ဖြစ်ရာ မိမိတပ်အလုံးအရင်းနှင့်ဖြတ်သွားချိန်တွင် ထိုကိစ္စနှင့်ပတ်သက်ပြီး သူတို့ရွာအမှုပတ်မည်ကို စိုးရိမ်ကြပုံရသည်။ သို့သော် မိမိတို့တပ်ဖွဲ့ကလည်း ကိုယ်ရည်မှန်းချက်နှင့်ကိုယ်ဆိုတော့ထိုကိစ္စနှင့်မပတ်သက်၊ ထိုရွာများတွင် နားပင်မနားနိုင်ခဲ့။
သို့သော် ရွှေလီချိုင့်ဝှမ်းဂွင်တောင်ပိုင်းကို ဆက်ဆင်းသော ပလောင်ရွာကြီးများကို ဆက် တိုက်တွေ့ရသည်။ ထိုအခါ မြောက်ဖက်ခြမ်းရှိ ပလောင်ရွာတို့ ပို၍လူနေမှုနိမ့်ကျသည်ကို သတိပြုမိခဲ့သည်။
ဇောတိရှမ်း
နာအော်ကြီး၊နားအော်လေးရွာများကိုဖြတ်ပြီးနောက် ချောင်းလေးတချောင်းဘေးရှိ မြေပြန့်ကွင်းအတွင်းက ရှမ်းရွာတရွာကိုရောက်သည်။ ရွာအမည်ကို ကောင်းစွာမမှတ်မိတော့။ နန့်ဟိုင်းလား သို့တခြားရွာလားမသဲကွဲတော့။
သေချာမှတ်မိသည်ကတော့ ထိုရှမ်းရွာသည် ဇောတိရှမ်းရွာဖြစ်သည်။ မောရှမ်း ( တိုင်းမောဝ်)၊ဂုံရှမ်း ( တိုင်းခုံ ) ၊ရှမ်းကြီး ( တိုင်းလုံ )စသည့် ဒေသအလိုက်ရှမ်းလူမျိုးကို ခေါ်ဝေါ်လေ့ရှိကြသည်။ ဇောတိရှမ်းဆိုသည်က ဒေသအလိုက်ခေါ်ဝေါ်ခြင်းမဟုတ်ပေ။ ကိုးကွယ်သည့် အပေါ်မူတည်၍ခေါ်ဆိုကြခြင်းဖြစ်သည်။
ဇောတိရှမ်းများသည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ ဗုဒ္ဓဘာသာဂိုဏ်းတခုဟုဆိုရမည်။ သူတို့တွင်လည်း ထူးခြားသည့်သတ်မှတ်ချက်များရှိသည်။ သတိထားမိသည့်အချက်မှာ ဇောတိရှမ်းရွာရှိအိမ်များတွင် ကြက်ဖတကောင်သာမွေးထားလေ့ရှိကြသည်။
အချိန်သိရန်အတွက်သာဖြစ်ပုံရသည်။ ကြက်မမွေးလေ့မရှိကြပေ။ မည်သည့် အကြောင်းကြောင့်တော့ မလေ့လာမိခဲ့ပါ။ အခြား ဘာသာရေးဆိုင်ရာသတ်မှတ်ချက်များလည်း ရှိနိုင်သေးသည်။
နောင်တွင် မူစယ်တွင် ဇောတိရှမ်းများရှိသည်ကိုတွေ့ရသည်။ ဇောတိရှမ်းများ၏ အဓိက ဘုန်းတော်ကြီးကျောင်းကတော့ ကချင်ပြည် နယ် မိုးညှင်းတွင်ရှိသည်ဟု နောက်ပိုင်းမှကြားသိရသည်။
ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းတွင် မတူသောလူမျိုးများနေထိုင်ကြသကဲ့ သို့ မတူသော ကိုးကွယ်မှုများ ယုံကြည်ကိုးကွယ်ကြသည်ကို တွေ့ရသည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ နတ် စသည်တို့အပြင် ခရစ်ယန်နှင့် ဗုဒ္ဓ ဘာသာများအတွင်းတွင်လည်း ကွဲပြားသောဂိုဏ်းများလည်းတွေ့ရပြန် သည်။
မတူကွဲ ပြားသောလူမျိုးများ၊ မတူကွဲပြားသော ယုံကြည်မှုများ၊ မတူကွဲပြားသော ဓလေ့ထုံးတမ်းများကြား တည်ရှိနေမှုသည် ရွှေလီချိုင့်ဝှမ်းဂွင်၏ ပကတိဘဝဖြစ်သည်။ ဒေသခံတိုင်းရင်းသားလူမျိုးများကြားရှိ မတူကွဲပြားမှုများ သဟာဇာတဖြစ်မှု စည်းချက်ညီမှုသည် ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းရှိ လူ့အ ဖွဲ့အစည်းတည်ငြိမ်မှုအတွက်လိုအပ်ပေလိမ့်မည်ဟု စဉ်းစားမိသည်။
တကယ်တော့ ထိုဒေသအတွင်း ရှမ်း၊ကချင်၊ပလောင်စသဖြင့် လူမျိုးကွဲပြားပြီး ဘာသာအယူ ဝါဒ၊ဓလေ့ထုံးတမ်းများကွဲပြားကြသော်လည်း တူညီသည့်နေထိုင်ပုံလည်းရှိသည်။ ထိုဒေသရှိ ရှမ်း၊ကချင်၊ပလောင်တိုရိုးရာအိမ်များသည် ခြေတန်ရှည်အိမ်များဖြစ်ကြသည်။ မြေစိုက်အိမ်ကို တရုတ်ရွာများတွင်သာ တွေ့ရသည်။
ထိုခြေတန်ရှည်အိမ်များတွင် အိမ်ရှေ့ကပြင်ရှိသည်။ ဝင်လိုက်သည် နှင့် ဧည့်ခန်းသို့ရောက်သည်။ ဧည့်ခန်းနှင့် အတွင်းအိပ်ခန်းကို သီးသန့်ကာရံထားသည်။ ဧည့်ခန်းအလယ်တွင် မီးဖိုရှိသည်။
လေးထောင့်ပုံသဏ္ဍာန် ဖေါက်၍ မြေသားထည့်ပြီး ထင်းမီးဖိုနိုင်ရန် ပြုလုပ်ထားသည်။ ထမင်းဟင်းချက်သည့် နောက်ဖေးမီးဖိုကသတ်သတ်ဖြစ်ပြီးဧည့်ခန်းတွင်းမီးဖိုက ဧည့်သည်နှင့်စကားပြောရင်းမီလှုံရန်၊ ရေနွေးအိုးတည်ရန် အသုံးပြုကြသည်။
ထိုမီးဖို၏ အိပ်ခန်းဖက်ခြမ်းသည် အိမ်ရှင်ထိုင်သည့်နေရာ အိမ်ထောင်ဦးစီးထိုင်သည့်နေရာဖြစ်သည်။ ဤဖွဲ့စည်းပုံ၊ ဤဓလေ့ သည် ရှမ်း၊ကချင်၊ပလောင် အတူတူပင်ဖြစ်သည်။ မတူကွဲပြားမှုများကြားက တူညီမှုကိုရှာဖွေတွေ့ရှိရသည်။

စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်မှု အောင်မြင်ခဲ့ကြောင်း KNDF ထုတ်ပြန်

ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၃
 
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား ဇန်နဝါရီ ၂၀ရက်နေ့ နံနက် ၇:၅၀ ခန့်မှာ ကရင်နီပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ အောင်မြင်စွာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲမှာတော့ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးကာ အချို့စာ စခန်းမှ စွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
 
စခန်းသိမ်းတိုက်ပွဲအတွင်း (၆၀)မမ စိန်ပြောင်း (၂)လက် ၊ RPG (၁)လက် ၊ MA-1 (၁)လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ နှင့် အခြားအသုံးအဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
 
နှစ်ဖက်တိုက်ပွဲကြာချိန်ဟာ နံနက် ၉နာရီခွဲ အထိ ၃ ဝန်းကျင်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က တိုက်လေယာဉ် ဖြင့် ၃ကြိမ်လာရောက် ကူပစ်ပေးခြင်း၊ ဘောလခဲ့မြို့ အခြေစိုက်စစ်တပ်မှလည်း လက်နက်ကြီးများ အဆမတန် ကူပစ်ပေးခြင်းများ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့ ကရင်နီတပ်မတော် ( KA ) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
 
ရာဇဝတ်မှုများစွာ ကျူးလွန်နေသော စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်ရာတွင်လည်း Karenni Commando၊ KA၊ KNDF ၊ Loikaw PDF၊ DMO PDF တို့မှ ညီညွတ်စွာပူးပေါင်းသွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် KSCC အဖွဲ့အဝင်များ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်ပြု

KSCC – ထုတ်ပြန်ချက်
 
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၃
 
ကရင်နီအတိုင်ပင်ခံ ကောင်စီ (KSCC)၏ ပထမအကြိမ်ကျင်းပခဲ့တဲ့ ညီလာခံကနေ အသစ်ထပ်မံ ဖွဲ့စည်းလိုက်တဲ့ KSCC အဖွဲ့အဝင် အဖွဲ့စည်းများက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပြည်သူ လူထုနှင့် တသားတည်းရပ်တည်ပြီး တိုက်ပွဲ ဝင်သွားမယ်လို့ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်ပြုခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
 
ထုတ်ပြန်ချက်အရ KSCC အဖွဲ့ဝင်များဟာ စစ်အာဏာရှင်နှင့် စစ်အာဏာရှင်မှန်သမျှ အမြစ်ပြတ် ကျဆုံးရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်ကြီးတည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သလို ကရင်နီပြည်နယ်၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်နယ်အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့် တို့ကို တော်လှန်ရေးကာလ၊ ကြားကာလမှစတင်၍ အပြည့်အဝ အကောင် အထည် ဖော်ကျင့်သုံး သွားရန် လိုအပ်တယ်လို့ ဆိုပါတယ်။
 
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KSCC ဥက္က‌ဌ ဦးအောင်ဆန်းမြင့်က “KSSCထဲမှာ ပါဝင်တဲ့အဖွဲ့အစည်းတွေက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုနဲ့တသားတည်းရပ်တည်ပြီး တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ကတိကဝတ်ပြုတဲ့ ပုံစံမျိုးပါ၊” လို့ ပြောပါတယ်။
 
ဒါ့အပြင် “ကျနော်တို့ ရည်မှန်းချက်က ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ပြီးမှ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့ ဖယ်ဒရယ်ပြည်နယ်တခု တည်ဆောက်ဖို့အတွက် ကျနော်တို့ ရည်မှန်းချက်ဖြစ်တာပေါ့၊ အလိုဖြစ်လာဖို့ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ လိုတာပေါ့ ဒါကပထမချက်ပါ၊” လို့ သူက ဆက်ပြောပါတယ်။
 
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ အရေးအခင်းဟာ မြန်မာ့သမိုင်းမှာ တော်လှန်ရေး အရှိန်အဟုန်မြင့်မားတဲ့ အခင်းအကျင်းဖြစ်ပြီး၊ ဒီအခင်းအကျင်းမှာ ဟန်ချက်ညီညီနဲ့ တိုက်ပွဲဝင်သွား မယ်ဆိုရင်တော့ စစ်အာဏာရှင်ချုပ်ငြိမ်းသွားမှာဖြစ်သလို ကျနော်တို့ အချင်းချင်း ကြားမှာ နိုင်ငံရေး ကတိကဝတ်ပြုခြင်းအားဖြင့် ပြည်သူလူထုကလည်း တော်လှန်ရေးအပေါ် ယုံကြည်ကာ ပါဝင်လာမယ်လို့ ယူဆကြောင်း KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
KSCC ညီလာခံ ကိုတော့ ပြီးခဲ့တဲ့ ဇန်နာဝါရီလ (၁၇)မှ (၂၀)ထိ ၃ ရက်ကြာ ပြုလုပ်ခဲ့ပြီး KSCC အမှု ဆောင်သစ်(၇)ဦးကိုလည်း မဲပေးရွေးချယ်ခဲ့သလို၊ KSCC ကောင်စီဝင်အသစ်(၁၁)ဦးကိုလည်း အတည်ပြု ခန့်အပ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ ဦးဆောင်မှု တော်လှန်ရေးက အလုပ်ဖြစ်နိုင်မလား

ပြည်သူ့ ဦးဆောင်မှု တော်လှန်ရေးက အလုပ်ဖြစ်နိုင်မလား

နွေဦးတမန်တော် (သူ့အတွေးသူ့အမြင်)

မြန်မာ့တော်လှန်ရေးဟာ သပွတ်အူထပ်ရှုပ်ထွေးတဲ့ တော်လှန်ရေးဖြစ်စဉ်ဖြစ်ပါတယ်။ လာရာ လားရာမတူတဲ့ တစ်ပြည်တည်းသားပြည်သူတွေနဲ့ စုပေါင်းတော်လှန်နေချိန်မှာ အားလုံးက ဆုံးဖြတ်ပြီး အားလုံးကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ပြည်သူ့ဦဆောင်တော်လှန်ရေးဟာ အလုပ်ဖြစ်နိုင်မလားဆိုတာ ပြန်လည် ဆန်းစစ်ဖို့ အချိန်တန်နေပါပြီ။

နွေဦးတော်လှန်ရေးဟာ မဲမသမာမှုကို အစပြုပြီး စစ်အာဏာသိမ်းမှုအပေါ် ပြန်လည် တုံ့ပြန်တဲ့ လက်နက်ကိုင် တော်လှန်ရေးကြီးတစ်ရပ်ဖြစ်ပါတယ်။ ပထမဆုံး ဆန်းစစ်ချက်ဟာ မြန်မာပြည်သူတွေအနေနဲ့ တော်လှန်ရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ အသိပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်နေပြီလဲ ဆိုတာကိုပါ။ အလွန်တွေးတောစရာကောင်းပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၀ ခုနှစ် မတိုင်ခင်မှာ နိုင်ငံရေးဆိုတဲ့ စကားလုံးကို ထုတ်ပြောရုံနဲ့ ထောင်သွင်း အကျဉ်းချခဲ့တာတွေကြောင့် မြန်မာ့ပြည်သူတွေနဲ့ နိုင်ငံရေး၊ တော်လှန်ရေးဆိုတဲ့ စကားလုံးဟာ အလှမ်းကွာခဲ့ပါတယ်။

ထို့အပြင် မြန်မာ့ပညာရေးစနစ်ကြောင့် အသိပညာရှာဖွေမှုနဲ့ ပတ်သက်ပြီး အဆိုးမြင်တဲ့ အတွေးတွေ မြောက်မြားစွာရှိပါတယ်။ ဥပမာအားဖြင့်- လူငယ်အများစုဟာ ဘွဲ့ရပေမဲ့ ပညာရပ်ပိုင်းဆိုင်ရာ နားလည်မှုအပြည့်မရှိသလို၊ ဒဿနဗေဒ၊ ယုတ္တိဗေဒလို ဘာသာရပ်နဲ့ ပတ်သက်ပြီး အလွန်အမြင်ကျဉ်းပါတယ်။

နိုင်ငံရေးသိပ္ပံကို ကျောင်းမှာ တရားဝင်သင်ကြားတာ ငါးနှစ်တောင် မပြည့်သေးပါဘူး။ ဆိုလိုတာက မြန်မာပြည်သူတွေဟာ နိုင်ငံရေးထဲ ပါဝင်မှုဟာ ရွေးကောက်ပွဲမှာ မဲဆွယ်၊ မဲထည့်ခြင်းထက် အများကြီး မပိုနေသေးပါဘူး။ ထိုအချိန်မှာ အာဏာသိမ်းမှုဟာ မြန်မာ့နိုင်ငံရေးကို ဇောက်ထိုးဖြစ်စေပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်ခံသင့်တဲ့ အနေအထားရှိမရှိ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ အငြင်းပွားလို့ကောင်းနေတုန်းအချိန်မှာ အာဏာသိမ်းလိုက်တာဟာ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ အသားမကျ သေးတဲ့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အတော်ဆိုးရွားစေခဲ့ပါတယ်။

အာဏာသိမ်းမှုဟာ မြန်မာ့နိုင်ငံရေးမှာ လက်မခံသင့်တော့တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ မြင်ပြီး လူငယ်တွေ အများစု ပါဝင်တဲ့ လူထုကြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။ အာဏာသိမ်းတာလား၊ အာဏာထိန်း ထားတာလား အငြင်းပွားနေကြစဉ်မှာဘဲ စစ်တပ်က သပိတ်တွေကို အကြမ်းဖက် နှိမ်နှင်းဖြိုခွဲမှုဟာ တော်လှန်ရေးကို အလှည့်အပြောင်းဖြစ်စေပါတယ်။

လူအားလုံးက မီးရထားစစ်ခေါင်းတွေပါဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ စကားဟာ နိုင်ငံရေး မပါးနပ်သေးတဲ့ လူငယ်တွေကို နိုင်ငံရေးအသိနဲ့ လုပ်ရပ်အပေါ် ထင်ယောင်ထင်မှားမှုများစွာကို ဖြစ်စေခဲ့ပါတယ်။

ထို့ဂယက်ဟာ လက်နက်ကိုင်တော်လှန်ရေးအထိ ရောက်ရှိလာပြီး လူစုငယ်လေးများနဲ့ နိုင်ငံရေး မကျေနပ်မှုကို အခြေခံဖွဲ့စည်းထားတဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာပါတယ်။ ဤသည်မှာ လက်ရှိ နွေဦးတော်လှန်ရေး ဖြစ်တည်မှုကို အစပျိုးခြင်းဖြစ်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အခြေအနေကို  ပြန်လည်ဆန်းစစ် ကြည့်ရမယ်ဆိုလျှင် –

(၁) တော်လှန်ရေး ဦးဆောင်နိုင်မှု

မြန်မာနိုင်ငံသည် နိုင်ငံရေးအရ ထိရှလွယ်သော၊ ဆင်းရဲမွဲတေပြီး ပညာတတ်နှုန်းနိမ့်သော၊ ရောဂါဘယ ထူပြောပြီး ရာဇဝတ်မှုအလွန်များပြားပါတယ်။ ဘိန်းနှင့် မူးယစ်ဆေးဝါး ကိုယ်တိုင်ထုတ်လုပ် သလို သုံးစွဲမှု မြင့်မားသော တိုင်းပြည်ဖြစ်ပါတယ်။

ထို့ပြင် ပြည်တွင်းစစ်ကြီး အနှစ် (၇၀) ကျော် ဖြစ်ပွားခဲ့ပေမဲ့ မြို့နေလူတန်းစားတို့ အနေဖြင့် ထိုပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး အလွန်တရာ အသိအပေါက်နည်းပါတယ်။

မြန်မာ့နိုင်ငံရေးပြဿနာအပေါ် ရှုမြင်မှုနှင့် ပတ်သက်ပြီး နေရာဒေသနှင့် လူမျိုးမတူညီမှုအပေါ်အခြေခံပြီး အလွန်တရာ ကွာခြားသလို ထိရှလွယ်သော အနေအထားတွင် ရှိပါတယ်။

အဆိုးဆုံးအနေဖြင့် မြန်မာပြည်သည် တစ်ပြည်တည်းသား (သို့မဟုတ်) ပြည်ထောင်စု စိတ်ဓာတ်ကို မတည်ဆောက်နိုင်သေးပေ။ 

လက်ရှိနွေဦးတော်လှန်ရေးတွင် ပါဝင်နေသော အင်အားစုများအသီးသီးတွင် မတူညီသော ခံယူချက်များကို မြင်တွေ့ရပါတယ်။ အကြမ်းမျဉ်းအရ ပြန်လည်စုစည်းကြည့်မည်ဆိုလျှင် (၁) စုရွေးလွတ်အတွက် တော်လှန်ခြင်း၊ (၂) မင်းအောင်လှိုင်စစ်တပ်အမြစ်ပြုတ်ရေးအတွက် တော်လှန်ခြင်း၊ (၃) စစ်တပ်အကြပ် ရိုက်ချိန်နှင့် အံကိုက်ပြီး အမျိုးသားတော်လှန်ရေးကို အရှိန်မြှင့်တင်ကာ တော်လှန်ခြင်း၊ (၄) ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ရေးအတွက်တော်လှန်ခြင်း စသည်ဖြင့် ပန်းတိုင်ပေါင်းစုံနှင့် တစ်ယောက် တစ်လက် တစ်ရွာတစ်ပုဒ်ဆန်း တော်လှန်ရေးကိုလည်း တွေ့မြင်ရပါတယ်။

အချုပ်အားဖြင့် ဆိုသော် ပန်းတိုင်ကို မစုစည်းနိုင်ဘဲ တော်လှန်ရေးကို ဦးဆောင်ဖို့အလွန်ခက်ခဲသလို ပန်းတိုင်းရှင်းလင်းသည့်တိုင်အောင် ရှင်းလင်းပြတ်သားသော တော်လှန်ရေးလမ်းစဉ်ကိုရေးဆွဲပြီး ခိုင်မာ ထက်မြက်သောတော်လှန်ရေးခေါင်းဆောင်တွေ အလွန်တရာအရေးတကြီးလိုအပ်နေပါတယ်။

(၂) ပြည်သူများပါဝင်မှု

နွေဦးတော်လှန်ရေးတွင် ပါဝင်သော ပြည်သူ့အင်အားဟာ အလွန်အားရစရာကောင်းလွန်းလှပါတယ်။ ပါဝင်နေသော ပြည်သူများကို အလွှာခွဲကြည့်မယ်ဆိုပါလျှင် (၁) တော်လှန်ရေးခေါင်းဆောင်မှု၏ အမိန့်ပေးစနစ်အောက်တွင် တိကျစွာနာခံတိုက်ပွဲဝင်နေသူများ (၂) တော်လှန်ရေးယုံကြည်ချက်ကို အခြေခံသော်လည်း ကိုယ်နည်းကိုယ့်ဟန် ကိုယ်လမ်းကြောင်းနှင့် တိုက်ပွဲဝင်နေသူများ၊ (၃) တော်လှန်ရေးကို တဘက်တလမ်းမှာ အားဖြည့်ကူညီနေသူများ၊ (၄) တော်လှန်ရေးနှင့် ပတ်သက်ပြီး နှုတ်၏စောင်မခြင်းဖြင့် အားဖြည့်ကူညီနေသူများ ဆိုပြီး မြင်တွေ့နိုင်ပါတယ်။

တင်းပြည့်ကျပ်ပြည့် ပြည်သူ့တော်လှန်ရေးအင်အားကို ရရှိနိုင်ဖို့အတွက် တော်လှန်ရေး ခေါင်းဆောင်မှု အောက်တွင် အမိန့်စနစ်အတိုင်း တိကျစွာ တိုက်ပွဲဝင်တော်လှန်ဖို့ အလွန်အရေးကြီးပါတယ်။ ငါ့လှေငါထိုး နေသ၍ တော်လှန်ရေးဦးဆောင်မှုထက် မိမိလမ်းကြောင်းနဲ့ တစွတ်ထိုးဆန်နေမယ်ဆိုရင် သူတလူ ငါတမင်းတော်လှန်ရေးထက် ပိုတဲ့ ရလဒ်ရနိုင်မှာ မဟုတ်ပါဘူး။

(၃) မဟာမိတ်များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်မှု

အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရဲ့ ရလဒ်ကနေ နိုင်ငံရေးလိုအပ်ချက်အရ ထွက်ပေါ်လာသော တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်တာကြောင့် လိုအပ်ချက်ပေါင်းများစွာ ရှိသည်ကို လက်ခံရမှာ ဖြစ်ပါတယ်။ ထိုအထဲတွင် စစ်ရေးဦးဆောင်မှုသည် အမျိုးသားညီညွတ်ရေးအစိုးရအတွက် အကြီးဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်ကိုလည်း မငြင်းပယ်နိုင်ပေ။

နွေဦးတော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေးကို ဗဟိုပြုပြီး အခြားတော်လှန်ရေး နည်းလမ်း ပေါင်းများစွာနှင့် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် တော်လှန်ရေး မဟာဗျူဟာ ရေးဆွဲရာတွင် လက်နက်ကိုင်တော်လှန်ရေးရာမှာ ကျွမ်းကျင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများရဲ့ အကြံပေးဦးဆောင်မှုကို လက်ခံရယူဖို့ အထူးအရေးကြီးပါတယ်။

နွေဦးတော်လှန်ရေး အောင်မြင်ခြင်းသော့ချက်သည် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မှုပင် ဖြစ်သည်။ ထိုသို့ပူးပေါင်းဆောင်ရွက်နိုင်မှသာ အားလုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

(၄) တော်လှန်ရေးအရှိန်ထိန်းနိုင်မှုနှင့် တော်လှန်ရေး စိန်ခေါ်ချက်များကို ဖြေရှင်းနိုင်မှု

တော်လှန်ရေးတစ်ခု ပန်းတိုင်မရောက်မချင်း ငွေကုန်လူပန်းမဖြစ်ရအောင် အရေးကြီးသော အချက်မှာ ပန်းတိုင်ကိုအရောက်လှမ်းနိုင်မဲ့ မဟာဗျူဟာကို ရေးဆွဲပြီး စီမံခန့်ခွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးကြီး ခေါင်းကြီးသလောက် ဖင်မရှူးစေဖို့ တော်လှန်ရေးစိန်ခေါ်ချက်များကို အချိန်နှင့် တပြေးညီ ဖြေရှင်းနိုင်ဖို့အတွက် ရင့်ကျက်တည်ငြိမ်သော တော်လှန်ရေးဦးဆောင်မှုကို အရေးပေါ်လိုအပ်နေပါတယ်။

(၅) တန်ပြန်တော်လှန်ရေးများကို တုံ့ပြန်နိုင်မှု

၂၀၂၃ ခုနှစ်ရဲ့ တော်လှန်ရေးအလှည့်အပြောင်းတွေထဲမှာ စစ်ကောင်စီရဲ့ တော်လှန်ရေးပုံဖျက်မှု လုပ်ရပ်နဲ့ စစ်ကောင်စီရဲ့ အတုအယောင်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်းကို ပြန်လည်တုံ့ပြန် ချေဖျက်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။

၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ပြုလုပ်ဖို့ လျာထားတဲ့ ရွေးကောက်ပွဲကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်လည် ချေဖျက်နိုင်မလဲ၊ ရွေးကောက်ပွဲရဲ့ Legitimacy ဟာ ဘာကြောင့် ပြည်သူတွေကို ကိုယ်စားမပြု နိုင်တာလဲ၊ နိုင်ငံရေးအရ တရားမဝင်တာလဲဆိုတာအတွက် အထူးပြင်ဆင်ဖို့လိုပါတယ်။  

အချုပ်အားဖြင့် ပြန်လည်ကောက်ချက်ချရသော် နွေဦးတော်လှန်ရေး အောင်မြင်မှုဟာ လုံးလုံးလျားလျား မဟုတ်သည့်တိုင်အောင် တော်လှန်ရေးဦးဆောင်သူတွေအပေါ် အထူးမူတည်ကြောင်း နှင့် ပြည်သူတိုင်း မိမိနည်း မိမိဟန်နဲ့ တော်လှန်တိုက်ပွဲဝင်ရုံဖြင့် နွေဦးတော်လှန်ရေးကို အောင်မြင်နိုင်မှာ မဟုတ်ကြောင်း၊ အခန့်မသင့်ပါက ပိုမိုဆိုးရွားသော အခြေအနေဆိုးနှင့် ကြုံကြိုက်ရနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူတွေ အနေနှင့် တိကျသော တော်လှန်ရေးဦးဆောင်မှုအောက်မှာသာ အာဏာရှင်စနစ်ကို တိုက်ခိုက်ခြင်း ဖြင့် တော်လှန်ရေးကို အင်ပြည့်အားပြည့် ပါဝင်ပေးကြဖို့ နိုးဆော်ချင်ပါတယ်။

ပြည်သူတွေရဲ့ အင်အားအရှိန်ကို လမ်းမှန်ရာကို ထိန်းသိမ်းပေးနိုင်တဲ့ တော်လှန်ရေးခေါင်းဆောင်မှုကို အထူးတလည် တည်ဆောက်ဖို့ လိုအပ်ပါကြောင်းလည်း ထပ်ဆင့် နိုးဆော်လိုက်ရပါတယ်။   

၂၀၂၃ ခုနှစ် မြန်မာ့နိုင်ငံရေးအလားအလာ (စကားဝိုင်း) 

၂၀၂၃ ခုနှစ် မြန်မာ့နိုင်ငံရေးအလားအလာ (စကားဝိုင်း) 

Speakers 

၁။ နိုင်ဗညားမွန်

ဒါရိုက်တာ၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ

၂။ နော်ဇူဇန်နာလှလှစိုး (ပြည်ထောင်စုဝန်ကြီး)

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

၃။ ဦးအောင်မိုးဇော်

ဥက္ကဌ ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

၄။ ရဲဘော် ဆလိုင်းယောအောင်

ဗဟိုဦးဆောင်ကော်မတီဝင်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) 

Moderator 

၄။ ရဲဟိန်းအောင် 

အစီအစဉ်

ဇန်နဝါရီ ၂၃ ရက်၊ ၂၀၂၃ 

မြန်မာစံတော်ချိန် – ၆း၀၀ (ညနေ)

(Live Facebook Pages)

– Federal Journal Myanmar

– Kachin News Group

– Network Media Group

– Progressive Karenni People Force – PKPF

– Mon State Development Center

– Myanmar Pressphoto Agency – MPA

– D Day Channel

– Mekong News

– The Chinland Post

– Than Lwin Times

– Than Lwin Khet News

– Kayan New Generation Youth – KNGY

– Karenni Voice

– Federal FM

– Burma Civil War Museum

– Khit Thit Media

– Delta News Agency 

ဖက်ဒရယ်ဂျာနယ် မြန်မာမှ စီစဉ်တင်ဆက်သည်။