• Today is: Friday, April 19, 2024

လည်ချောင်းရိုးထဲမှာ နင်နေတယ်

လည်ချောင်းရိုးထဲမှာ နင်နေတယ်

ကျုပ်က လည်ချောင်းရိုးထဲမှာနေ
လည်ချောင်းရိုးထဲမှာ ကြီးပြင်းလာတဲ့ကောင်
လည်ချောင်းရိုးအထာကိုသိမှ လည်ချောင်းရိုးအရာဝင်မယ်
လည်ချောင်းရိုးတစ်ဆစ်တောင် အထိအပါးမခံနိုင်တဲ့
လည်ချောင်းရိုး အုပ်စိုးသူအဆက်ဆက်
.
ပြည်လည်ခုခံပိုင်ခွင့် ငြင်းခုန်ပိုင်ခွင့် တောင်းဆိုပိုင်ခွင့်မရှိ
စည်းကမ်းပြည့်ဝတဲ့ နေနည်းသေနည်းအတိုင်းပဲ
လည်ချောင်းသွေးချင်း ဖောက်သောက်ဖို့လည်း
ဘယ်လည်ချောင်းရိုးမှ ဝန်မလေးဘူး
.
ချောင်းကြည့်မနေပါနဲ့
ဟောင်းလောင်းပေါက်လည်ချောင်းရိုးကြီးထဲ
အသားကုန်တော့ အရိုးကိုက်သံထွက်လာတယ်
အလိုမပြည့် လည်ချောင်းရိုးတွေ
အချိန်မပြည့်တဲ့ လည်ချောင်းရိုးတွေ
တစ်ဆို့နေတဲ့ လည်ချောင်းရိုးတွေ
ပေါက်ပြဲ မူးလဲနေတဲ့ လည်ချောင်းရိုးတွေ
ပိုးသွင်းခံထားရတဲ့ လည်ချောင်းရိုးတွေ
.
မသတီစရာ လည်ချောင်းရိုးကိုမှ လျှာနဲ့ပွတ်သပ်ပြီး
လည်ချောင်းရိုး တဆန့်ဆန့် တမျှော်မျှော်
ဖောက်သည်ရှာနေသလို လက်သည်ရှာနေသလို
ထေူးထုတ်လိုက်မလား မျိုချလိုက်မလား
.
စနစ်တကျ မွဲခြောက်ခြောက်
ငေါထွက်နေတဲ့ လည်ချောင်းရိုးကြီးနဲ့
ဒီထက်လည်း ပိန်ချုံးသွေ့ခြောက်မသွားနိုင်ပါဘူး
ခပ်ရင့်ရင့် လည်ချောင်းရိုးထဲ
ကျပ်ခိုးစွဲနေတဲ့ ယုံကြည်မှုတွေ
.
ပြတ်သားကြည်လင်တဲ့ မရေရာမှုတွေ
တိတ်ဆိတ်နေတဲ့ ပျော်ရွှင်မှုတွေ
ဆူညံနေတဲ့ ကြောက်လန့်မှုတွေ
လည်ချောင်းရိုးထုကြီးရဲ့ ဆန္ဒတွေ တပ်မက်မှုတွေကို
မူလီနဲ့စုတ်ပြီး ဂဟေဆော်ထားပေးပါ
.
လည်ချောင်းရိုးထဲ စောင့်ရုန်းခဲ့ရတဲ့နှစ်တွေမှာ
လည်ချောင်းရိုးတို့ရဲ့ စာနာမှုလေး
ကျုပ်တို့ ရိုးတွင်းချဉ်ဆီနား မျောပါလာပြီဆိုရင် ။ ။
.
မောင်ဆက်နိုင်