• Today is: Saturday, April 20, 2024

ရက် ၂၀ အတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်များ၊ နယ်ခြားစောင့်တပ် BGF တပ်များနှင့်  ထိတွေပစ်ခတ် တိုက်ခိုက်မှုပေါင်း ၆၇ ကြိမ်ဖြစ်ပွားဟု KNU ထုတ်ပြန်

#Photo_KNU

ဖက်ဒရယ်ဂျာနယ် ( ဖေဖော်ဝါရီ /၂၄)

 

KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရက်၂၀ အတွင်း၌ အာဏာသိမ်းစစ်ကောင်စီ၏တပ်များ၊ နယ်ခြားစောင့်တပ် BGF တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့အကြား ထိတွေပစ်ခတ်တိုက်ခိုက်မှုပေါင်း ၆၇ ကြိမ်ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်တပ်များနှင့် နယ်ခြားစောင့်တပ် BGF တို့ဖက်မှ ၂၂၇ ယောက်သေဆုံးပြီး ၁၅၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်ပြီး  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ဖက်မှ ၅ ဦး သေဆုံးခဲ့ရပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။

KNU ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၁) ဒူးသထူခရိုင် ဘားအံမြို့နယ် ကြိုက်ထိုမြို့နယ်နှင့် သထုံမြို့ နယ်များအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၄ မှတပ်များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာနှင့် လုပ်ငန်းခွင်များအတွင်းသို့ မကြာခဏ လက်နက်ကြီး များ ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်သာမက အပြစ်မဲ့ပြည်သူလူထုများကို ခြောက်လှန့်ပြီး ငွေကြေးများကို အတင်း အဓမ္မတောင်းယူခြင်း၊ အစားအစာများနှင့်ပစ္စည်းများကိုအတင်း အဓမ္မသိမ်းယူခြင်းနှင့် အတင်းမဓမ္မခိုင်းစေခြင်း များပြုခဲ့သည်ဟုသိရသည်။ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် BGF တပ်များတို့မှ လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် ရက် ၂၀ အတွင်းတွင် ပြည်သူလူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြင် နေအိမ်များ ထိခိုက်ပျက်စီးမှုများလည်းရှိခဲ့ပြီး အချို့ကျေးရွာမှ ပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေ ခဲ့ရကြောင်း ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။

KNU ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၅) မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ် နှင့် လူသောမြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၂/ ၁၀၁၃/၁၀၁၄ မှတပ်များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ နေ့စဉ် လက်နက်ကြီးများပစ်ချခဲ့ကြသည်။ ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရက် ၂၀ အတွင်းတွင် ဒွယ်လိုးမြို့နယ်နှင့် လူသောမြို့နယ်များအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ကိုအသုံးပြု၍ ဗုံး (၇)လုံး လာရောက်ကြဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူလူထု (၄) ဦးသေဆုံးပြီး (၁၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့က ပြည်သူလူထုများကလည်း ကျေးရွားကိုစွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေခဲ့ရကြောင်းသိရပါသည်။