• Today is: Thursday, April 25, 2024

ဤခရီးနီးသလော၊ ပြက္ခဒိန် လိုအပ်လာသည့် နွေဉီးတော်လှန်ရေး

 ကိုဗစ်ကပ်ဘေးနှင့်ပေါင်းလျှင် တိုင်းပြည် အတိဒုက္ခကြုံတွေ့နေမှု အကြပ်အတည်း ကာလသည် (၂)နှစ်ကျော် သွားပြီဖြစ်၍ ပြည်သူများ ပင်ပန်းလှပြီဖြစ်သည်။ ဝမ်းစာခက်ခဲမှုအပြင် လက်ရှိတွင် လျှပ်စစ်မီး ပြသနာနှင့် ကြုံတွေ့နေရပြီး မကြာခင် သားသမီးများ ကျောင်းအပ်နှံရမည့်ကာလ နီလာပြီဖြစ်သည့်အခါ ပြည်သူများ တော်လှန်ရေးအတွက် ‘ဆက်လက်တောင့်ခံနိုင်ရေး’သည် စိန်ခေါ်မှု အကြီးအကျယ်ဖြစ်လာသည်။

ထို့ကြောင့် “နွေဉီးတော်လှန်ရေး’သပ်သပ်၊ ‘ပြည်သူ’သပ်သပ်ဖြင့် ခွဲ၍သွားရန် ပြည်သူတစ်ချို့က တောင်းဆို လာကြပြီဖြစ်သည်။

NUG နှင့် နွေဉီးတော်လှန်ရေးခေါင်းဆောင်များက ပြည်သူများကို ‘ဆက်လက် တောင့်ခံထားကြရန် တိုက်တွန်း မတ္တာရပ်ခံသော်လည်း ပြည်သူတစ်ချို့က ‘ဘယ်အချိန်ထိတောင့်ခံရမှာလဲ’ဟု တန်ပြန်မေးခွန်းထုတ် လာကြ ပြီ။ “မည်သည့်အချိန်ထိ” ဆိုသည့်အချက်သည် အဓိက ခေါင်းခဲစရာဖြစ်လာတော့သည်။

 

အချိန်သတ်မှတ်လို့ရသလော 

စစ်ကောင်စီသည် သူ၏ အာဏာသိမ်း မူဝါဒလမ်းစဉ်(Roadmap)ကို အချိန်ကာလသတ်မှတ်ချက် (timeframe) ထားရှိသည်။ သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေရ အရေးပေါ်ကာလမှာ အလွန်ဆုံး ၂ နှစ်၊ ထို့နောက် ရွေးကောက်ပွဲကို ၂၀၂၃ခုနှစ် သြဂုတ်အမှီ ကျင်းပဖို့ စသည်ဖြင့်။ NUG အနေဖြင့် စစ်ကောင်စီကို တန်ပြန်တော်လှန်သူ ဖြစ်သည့်အတွက် “သီးခြား အချိန်ဇယားမလို၊ မနိုင်မချင်း ဆက်လက် တိုက်ပွဲဝင်ရုံ”ဟု ပြောဆိုကောင်းပြောဆိုနိုင်သည်။

သို့သော် ဤနေရာမှာ တော်လှန်ရေး အမျိုးမျိုးရှိသည်ကို သတိချက်ရမည်။ အာဖဂန်နစတန်နိုင်ငံမှာ တာလီဘန်က နှစ်ပေါင်း ၂၀ မှာမှ အနိုင်ရသည်ဆိုသော်လည်း သူတို့တော်လှန်ရေးက ‘လူထုတော်လှန်ရေး’ (လူထုတရပ်လုံး ပါဝင်ဆင်နွဲ သို့မဟုတ် ဆွဲထည့်သည့်) တော်လှန်ရေးမဟုတ်ပေ။ အလားတူ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး နှစ်ပေါင်း ၇၀ ကြာသည် ဆိုသည်မှာလည်း တိုင်းရင်းသားလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် လှုပ်ရှားမှု မဟုတ်သည့်အတွက် လိုအပ်သလို အချိန်ဆွဲဆန့်လို့ရသည်ကို သတိချက်ရမည်။

တိုင်းရင်းသား လက်နက်ကိုင်နှင့် ဗမာစစ်တပ်သည် သာမန်အားဖြင့် တောထဲမှာ အချင်းချင်း တိုက်ပွဲဖြစ်ပွား ခြင်းသာဖြစ်သည်။ မြို့ထဲမှာ စစ်ပွဲဆင်နွဲမှု မရှိသလောက် ရှားသည်။ နွေဉီးတော်လှန်ရေးက မြို့မရှောင်၊ ရွာမရှောင်။ မြို့ထဲရွာထဲမှာ စခန်းချ တိုက်ပွဲ ဆင်နွဲသည်။ ပြည်သူတရပ်လုံး ပါဝင်ရေး နှိုးဆော်သည်။ စစ်ကောင်စီ အုပ်ချုပ်ရေးကို CDM သပိတ်မှောတ်ခိုင်းသည်။ ရုံးထွက်ခိုင်းသည်။ အသွင်မတူပါ။

သို့ဖြစ်၍ ပြည်သူ့တော်လှန်ရေးသည် ကိန်းဂဏန်းအားဖြင့် အတိအကျ အချိန်ဇယားသတ်မှတ်လို့ မရသော်လည်း အချိန်ဆွဲလို့ လုံးဝမဖြစ်ပေ။ ပြောရလျှင် လေးငါနှစ်ပြင် ကြာမြင့်လို့မရပေ။

တစ်နည်းဆိုလျှင် ပြည်သူ့တော်လှန်ရေးဆိုသည်မှာ “မနိုင်မချင်းချမယ်”ဟု ကျုံးဝါးနေလို့မရပေ။ သုံးလေးနှစ် ထက်ကြာသွားလျှင် ဗျူဟာ မဖြစ်မနေ ပြောင်းရလိမ့်မည်။ ထိုသို့ ထင်ထားသည်ထက် ကြာမြင့်ပါက Plan-B အနေဖြင့် လူထုနှင့် တော်လှန်ရေးအဖွဲ့ကို အနည်းနှင့်အများ၊ အနှေးနှင့်အမြန် ‘ခွဲ(စည်းခြား)’ ဖို့လိုအပ် ပါလိမ့်မည်။

 

၂၀၂၃ ခုနှစ်၊ သြဂုတ်အလအထိ တောင့်ခံရေး

 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ သော်လည်းကောင်း၊ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ချက်အရ‌ သော်လည်းကောင်း၊ နောက်နှစ် သြဂုတ်လသည် သတ်မှတ်ချက်ဖြစ်ပါသည်။ နွေဉီးတော်လှန်ရေးက ကိုဗစ်-၁၉ကပ်ဘေးနှင့်ပေါင်းလျှင် သုံးနှစ်သက်တမ်း ဖြစ်ပါလိမ့်မည်။

တစ်ဘက်မှာ ဤနွေဉီးတော်လှန်ရေးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး၏ ‘နောက်ဆုံးပွဲ’(the last bullet/battle/war) ဖြစ်သည်။ ဤတစ်ကြိမ်မှာမှ မနိုင်လျှင် အခြားနည်းလမ်းဆိုလို့ နှစ်မျိုးသားရှိပါမည်။ စစ်တပ်ကိုယ်တိုင် ပြုပြင်ပြောင်းလဲမည်လောဆိုသည့်အချက်နှင့် စစ်တပ်အတွင်း ပွတ်တိုက်၍ ပြိုကွဲမည်လော ဆိုသည့်အချက်။ ထိုနှစ်ချက်စလုံးသည်လည်း မဖြစ်နိုင်သလောက် ဖြစ်နိုင်ခြေနည်းပါသည်။

သို့ဖြစ်၍ ပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီ၏ ပန်းတိုင်ဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပရေး ရက်စွဲအထိကို ဆက်လက်၍ တင်းခံနိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ဤလက်ကျန် တစ်နှစ်အတွင်း ရလဒ်ထွက်ပေါ်နိုင်အောင် နွေဉီးတော်လှန်ရေးခေါင်းဆောင်များက ကြိုးပမ်းသင့်သည်။ ပြည်တွင်းစစ်သည် ကာလအတန်အသင့် တောင့်ခံဖို့လိုသည့်အတွက် ပြည်သူများကလည်း စိတ်ရှည်လက်ရှည်ဖြင့် အနည်းဆုံး နောက်ထပ် တစ်နှစ်ကို (ရွေးကောက်ပွဲအထိကို) ဆက်လက်အားတင်းထားသင့်ပါသည်။

တစ်ဘက်မှာလည်း ကိုဗစ်နှင့် ပြည်တွင်းစစ်ဘေးကို ခါးစီးခံနေပြီဖြစ်သည့်အတွက် ဤနွေဉီးတော်လှန်ရေးတွင် ပြည်သူများကို နောက်ထပ် သုံးလေးနှစ် ဆက်လက်ဆွဲခေါ်လို့ မဖြစ်သင့်မှန်း NUG နှင့် ကာကွယ်ရေး တပ်ခေါင်းဆောင်များက အတိအလင်း နားလည်ခံစားဖို့လိုသည်။ အကယ်၍ နောက်နှစ် စစ်ကောင်စီ ရွေးကောက်ပွဲအထိ မျှော်လင့်သလောက် ရလဒ်မထွက်လာလျှင် နွေဉီးတော်လှန်ရေးသည် ပြည်သူ့လှုပ်ရှားမှု အသွင်မျိုးဖြင့်မဟုတ်ဘဲ အဖွဲ့အစည်းနှင့် အစုအဖွဲ့ လှုပ်ရှားမှုဖြင့် ပုံစံပြောင်းရလိမ့်မည်။

 

ဆလိုင်းထောင်း

( ဖက်ဒရယ်ဂျာနယ် )