• Today is: Thursday, March 28, 2024

စစ်ကောင်စီတပ်မှူး ၂ ဦးနှင့်အတူ လျှပ်စစ်ဝန်ထမ်းများ (EPC)ဝန်ထမ်း ၂၆ ဦးကို KNDF က ဖမ်းဆီးထား၊ ကောင်းမွန်စွာ ထိန်းသိမ်းထား၍ မိသားစုဝင်များ မစိုးရိမ်ရန် အသိပေး

ဖက်ဒရယ်ဂျာနယ် (ဧပြီ – ၂၆ )

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ လွိုင်ကော်-ဖယ်ခုံလမ်းမအနီးတွင်၊ စစ်မက်ဖြစ်ပွားမှုကြောင့် ပျက်စီးသွားသော လျှပ်စစ်တာဝါတိုင်များကိုပြင်ဆင်ရန်အတွက် အကြမ်းဖက်စစ် ကောင်စီတပ်မှ တပ်မှူးနှစ်ဦးအပါအဝင် ၄င်းတို့၏ လက်ပါးစေဝန်ထမ်းစုစုပေါင်း (၂၆) ဦး စီးနင်းလိုက်ပါသော မော်တော်ယာဥ်တစ်စင်းနှင့်အတူ ဆိုင်ကယ်တစ်စင်း၊ လျှပ်စစ်နှင့်ဆက်စပ်သောသက်သေခံ ပစ္စည်းများ ကို KNDF က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၁ ရက်နေ့ ဖမ်းဆီးထားသော လျှပ်စစ်ဌာနမှ အကျဥ်းသားများကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန(KSP) သို့ လွဲပြောင်းပေးအပ် ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆွဲချက်တင်အရေးယူနိုင်ရန် ဆက် လက်စီစဥ် ဆောင်ရွက်လျက်ရှိကြောင်း၊ KNDF က စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် ဆက်စပ်ပါဝင် တာဝန် ထမ်းဆောင်သူများကို အရေး ယူသွားမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများတွင် တာဝန် ထမ်းဆောင်ခြင်း မပြုလုပ်ရန် အထူးတိုက်တွန်းနှိုးဆော်ကြောင်း သိရှိရသည်။

KNDF က ဖမ်းဆီးခြင်းခံရသော အကျဥ်းသားများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားသောကြောင့် ဖမ်းဆီးခံရသူများ၏ ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများနှင့်ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ခြင်းမရှိကြပါရန် နှင့် ဆိုရှယ်မီဒီယာထက်တွင် ပြန့်နှံ့လျက်ရှိသော သတင်းအမှားများနှင့် ကောလဟာလများကို မယုံကြည်ကြရန် အသိပေးထုတ်ပြန်အပ်ကြောင်း ဖော်ပြထားသည်။