• Today is: Friday, March 29, 2024

ဗိုလ်စလုံးဦးဆောင်သည့် DKBA အင်အား ၂၀၀ကျော် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ပေါင်းစည်း

Photo-KNDO
Source-Karen Information Center -KIC
ဖက်ဒရယ်ဂျာနယ် (ဧပြီလ ၂၆ ရက်)

လတ်တလော စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ဗိုလ်စလုံး ဦးဆောင်သည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ဝင် ၂၀၀ကျော်သည် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးစီးသည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်-KNDO အဖွဲ့နှင့် ပေါင်းစည်းလိုက်ကြောင်း သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးက အတည်ပြု ပြောဆို သည်။

ဘက်ပြောင်း ပေါင်းစည်းရသည့် အခြေအနေနှင့်ပတ်သက်၍ ဗိုလ်စလုံးက “ကျနော်တို့က ပြည်သူလူထုတွေ ဒုက္ခ ရောက်နေတာကို ပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ပြီး အပြည့်အဝ ကူညီချင်တယ်။ ကျနော်တို့ မှာ ပြည့်စုံမှု မရှိပေမဲ့လည်း အခု DKBA ထဲမှာနေရင် ဗမာ(စစ်တပ်)ကို မတိုက်ရင်လည်း အပြောခံရတယ်။ စားစရာမရှိတော့ ပြည်သူလူထုတွေ၊ သူငယ်ချင်းတွေက ကျွေးရတယ်။ တိုက်ပြန်တော့လည်း အထက် ခေါင်းဆောင်တွေက ကျနော်တို့ကို နားလည်မပေးသလို စစ်တပ်ဘက်ယိမ်းတဲ့ခေါင်းဆောင်တွေကလည်း ကိုယ့်ကို ပြန်အကောက်ကြံတယ်။ အဲ့ဒါကြောင့် ကျနော် ဘက်တစ်ဖက်ကို ရှင်းရှင်းလေးပဲ နေချင်တယ်”ဟု ကေအိုင်စီသို့ ပြောဆိုချက်အရသိရသည်။

                             Photo-KNDO

ယနေ့ ထွက်ပေါ်လာသည့် ရုပ်သံဖိုင်တစ်ခုတွင်လည်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ဗိုလ်စလုံးတို့က အဆိုပါ ဘက်ပြောင်းလာသည့် တပ်ဖွဲ့ဝင်များကို ကြိုဆိုမိန့်ခွန်းစကားပြောဆိုခဲ့သလို KNDO တပ်ဖွဲ့ဝင်များအနေဖြင့် ပြောင်းလဲဖွဲ့စည်းရသည့် အကြောင်းရင်းကိုလည်း ဗိုလ်စလုံးက ရှင်းပြပြောဆိုသွားခဲ့သည်။ ထို့အပြင် ဗိုလ်စလုံး က DKBA မှ ၎င်း၏ရာထူးတာဝန်များကို KNDO ထံသို့ အပ်နှံကြောင်းနှင့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ အနေဖြင့်လည်း အဆိုပါတပ်ဖွဲ့ဝင်သစ်များကို KNDO ကွန်မန်ဒို တပ်ရင်းအနေဖြင့် ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း ရုပ်သံမှတ်တမ်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြက “ကျနော်တို့ အမြဲပြောနေကြတာပဲ။ အခုချိန်က ပြန်လည်ပေါင်းစည်းပြီး ရန်သူကို တိုက်ထုတ်ရမယ့်အချိန်ဖြစ်တယ်။ ကျနော်တို့မှာ အဲ့လောက် အချိန်မရှိတော့ဘူး။ အဲ့ဒီအပေါ်မှာ သူတို့က အခြေအ နေကို နားလည်ပြီး ပြန်လာပေါင်းစည်းကြတာပေါ့။”ဟု ပြောသည်။ ထို့အပြင် DKBA မှ ၎င်းတို့အား တာဝန်ရာထူး ဘက်တံဆိပ်များ အပ်နှံလွှဲပြောင်းလာသည့်အပေါ်လည်း ပြင်ဆင်ဆောင်ရွက်မှု များ လုပ်ဆောင်ပြီးသွားပါက မိမိတို့၏ အဖွဲ့ဝင်များအဖြစ် အခမ်းအနားဖြင့် ကြိုဆိုသွားရန် အစီအစဉ် ရှိကြောင်းနှင့် KNDO ကွန်မန်ဒိုတပ်ရင်းအဖြစ် ဖွဲ့စည်းပေးသွားမည်ဖြစ်ပြီး ဗိုလ်စလုံးကို ၎င်းတပ်ရင်းမှူး အနေဖြင့် ဦးစီးစေမည်ဟုလည်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဆက်ပြောသည်။

                           Photo-KNDO

လက်ရှိ ဗိုလ်စလုံးတို့တပ်ဖွဲ့ ဘက်ပြောင်း ပေါင်းစည်းခဲ့သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြမှာ ယခင်က KNDO စစ်ဦး စီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလတွင် လူ ၂၅ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ KNU ကာကွယ်ရေးဌာနမှ ၎င်းအား ရာထူးနှင့် တာဝန် နှစ်ရပ်စလုံးကို ရပ်ဆိုင်းကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တွင် အမိန့်စာ ထုတ်ပြန်ခံထားရသူဖြစ်သည်။