• Today is: Thursday, March 28, 2024

နွေဦးတော်လှန်ရေးနှင့် တိုင်ရင်းသားပြည်နယ်ဒေသအတွင်း  ဖြစ်ပေါ် တိုးတက် ပြောင်းလဲမှုများ၊ အပိုင်း (၂)

                                            (၂၀၂၂ ဖေဖော်ဝါရီလမှ ဧပြီလအထိ)

အာဏာရှင်စနစ်ဆန့်ကျင်မှု နွေဦးတော်လှန်ရေးကာလအတွင်း အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုနှင့် လှုပ်ရှားမှုများကို မိမိတို့ ဖယ်ဒရယ်ဂျာနယ်မှ (၃)လတစ်ကြိမ်ဖြင့် လေ့လာပြုစု၍ ထုတ်ပြန်လေ့ရှိပါသည်။ ဤတစ်ကြိမ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလ အထိ  တိုင်းရင်းသားဒေသအတွင်း-

  • မြို့နယ်/နွယ်စုအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု၊
  • စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ဒဏ်ရာရမှု၊ သေဆုံးမှု၊ စစ်ဘေးရှောင် နှင့် အိုးအိမ်ပျက်စီးမှု၊
  • ပြည်နယ်/လူမျိုးအလိုက် ညှိုနှိုင်းတိုင်ပင်ရေးကောင်စီများ အသီးသီး ဖွဲ့စည်းမှုနှင့် လှုပ်ရှားမှု

စသည်တို့ကို အကျဉ်းချုံး စုစည်းတင်ပြထားသည်။

 

                                                                 အပိုင်း (၂)

                                      ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု၊ အိုးအိမ် ဖျက်ဆီးခံရမှုများ နှင့်

                                                   နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှု

 

 
ကချင်ပြည်

 

            ၂၀၂၂ ဖေဖော်ဝါရီလမှ ဧပြီလ သုံးလတာအတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူ (၆၀၀၀) ကျော်ခန့်တိုးလာခဲ့ပြီး အာဏာသိမ်းပြီးနောက် ယနေ့ချိန်အထိ ကချင်ပြည်နယ်တွင် စစ်‌ဘေးရှောင် ပြည်သူ (၂၀၀၀၀) ကျော် ထပ်တိုး ရှိနေပြီဖြစ်သည်။ 

           သုံးလတာအတွင်း ကချင်ပြည်နယ်တွင် သင်းအုပ်ဆရာ (၁) ပါး အပါအဝင် အရပ်သား (၇)ဦး စစ်ကောင်စီ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုတို့ကြောင့် သေဆုံးခဲ့ရသည်။

            ဗန်းမော်မြို့နယ်၊ ဖန်ဂါးကုန်း အနီး တပ်စခန်းချထားသည့် ခမရ (၄၇) နှင့် ဗန်းမောက်တွင် တပ်စခန်းချ ထားသည့် ခမရ (၄၃၇) တပ်များက ၀ဘော်ကျေးရွာနှင့် မိုင်ဂျာ ကျေးရွာမနီးသို့ လက်နက်ကြီးများ ရမ်းတန်း ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ (၅) ထက်မနည်း ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။

              ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာအနီး တိုက်ပွဲပြင်းထန်လာသလို ကျေးရွာအတွင်း သို့ စစ်ကောင်စီတပ်မှ သေနတ်ပစ်ဖောက်မှုများ ပြုလုပ်လာ၍ ဝင်ရောက်လာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်ကြစဉ်၊ ဆိုင်ကယ်စီးဖြစ် တိမ်းရှောင်သည့် လင်မယားနှစ်ဦးကို စစ်ကောင်စီ တပ်သားများ၏ ပစ်ခတ် သတ်ဖြတ်ခံခဲ့ ရသည်။ 

ကယား(ကရင်နီ) ပြည်

 
             ဤသုံးလအတွင်း တိုက်ပွဲများကြောင့် အရပ်သားပြည်သူ(၁၀၁)ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၅၀)ဦး ထက်မနည်း ရှိကြောင်း သိရသည်။ ထို့အပြင် ဒေသခံ ပြည်သူများ၏ နေအိမ်များ (၅၃၅) ထက်မနည်း ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ အရပ်သား ပြည်သူလည်း (၂၄)ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

             ကရင်နီ(ကယား)ပြည်တွင် စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်သော် ပဋိပက္ခများ ကြောင့် ယနေ့ချိန်ထိ သေဆုံးခဲ့ရသော အရပ်သားဦးရေ ၂၆၂ ဉီးကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

            သုံးလတာအတွင်း စစ်ပြေးဒုက္ခသည်ဦးရေ (၂၀၀၀၀) ခန့်ထပ်မံ တိုးလာခဲ့ပြီး စစ်အာဏာသိမ်းမှု ဖြစ်စဉ်နှင့် ဆက်စပ်သော် ပဋိပက္ခများများကြောင့် ကရင်နီ ပြည် အတွင်းရှိ လူဦးရေ၏ ထပ်ဝက်ကျော်မျှ ဖြစ်သည့် လူဦးရေ(၂၀၀၀၀၀)ခန့်သည် စစ်ဘေးရှောင်များအဖြစ် နေရပ်စွန့်ခွာ နေကြရ သည်။

ချင်းပြည်

 
            သုံးလတာအတွင်း စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်သော ပဋိပက္ခများကြောင့် ချင်းပြည် အတွင်း ဒုက္ခသည်ပေါင်း (၁၃၀၀၀) ကျော် တိုးလာခဲ့ပြီး ယနေ့ချိန်ထိ ချင်းပြည်နယ် အတွင်း ဒုက္ခသည် ဦးရေ စုစုပေါင်း (၇၀၀၀၀)ခန့် ရှိလာခဲ့ပြီဖြစ်သည်။

သုံးလတာအတွင်း နေအိမ်အဆောက်အအုံ (၃၅၄) လုံး မီးရှို့ဖျက်စီးခဲ့သည်။ အိမ်ချေဖျက်စီးခံရမှု အများ ဆုံးသည် ထန်တလန်မြို့တွင် ဖြစ်ပြီး (၂၃၂) လုံး ဖျက်စီးခံခဲ့ရသည်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်သော် ပဋိပက္ခများကြောင့် ယနေ့ချိန်ထိ ချင်းပြည်အတွင်း လူနေအိမ်စုစုပေါင်း (၁၁၄၇) လုံး ဖျက်စီးခံရပြီ ဖြစ်သည်။

         သုံးလတာအတွင်း ချင်းပြည်တွင် ကျောင်းသား (၁)ဦး အပါအဝင် အရပ်သား (၂၀) ဦး စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည်။

ကရင်ပြည်

         သုံးလတာအတွင်း ကရင်ပြည်တွင် စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်သော် ပဋိပက္ခများ ကြောင့် အရပ်သား ၄၇ ဉီးသေဆုံးပြီး (၉၃) ဦး ဒဏ်ရာရခဲ့သည်။

        သုံးလအတွင်း ဒုက္ခသည် ဦးရေ (၁၅၀၀၀)ခန့် တိုးလာခဲ့ပြီး ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့၊ ကော့ကရိတ်နဲ့ ဖာပွန်မြို့နယ်အပြင် မြဝတီမြို့နယ်ထဲမှ စစ်ဘေးရှောင် (၁၀၀၀၀)ခန့်သည် တောတွင်း နေရာတွေမှာ ရွှေ့ပြောင်း နေထိုင်နေရသည်။  ကော့ကရိတ်ဒေသအတွင်းက ရွာတွေမှာလည်း တိုက်ပွဲကြောင့် စစ်ဘေး ဒုက္ခသည် (၅၀၀) ကျော် ထပ်တိုး လာနေသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့မှစ၍ တိုက်ပွဲကြောင့် ဌာနေအရပ်သားပြည်သူ ၁ဝ,ဝဝဝ နီးပါး စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

      စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်သော် ပဋိပက္ခများကြောင့် ယနေ့အချိန်ထိ ဒုက္ခသည် စုစုပေါင်း (၁၈၀၀၀၀) ကျော် ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

မွန်ပြည်

 
          သုံးလအတွင်း မွန်ပြည်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှု နှင့် စစ်ကြောမှု များကြောင့် အသက်မပြည့် သေးသော (၁၅) နှစ် အရွယ် အရပ်သား (၁) ဦး နှင့် လူမှုဝန်ထမ်း တစ်ဦး အပါအဝင် အရပ်သား စုစုပေါင်း (၁၅) ဦး သေဆုံးခဲ့ပြီး ရေးဘီလူးအဖွဲ့၏ သုတ်သင်ရှင်းလင်းမှု ကြောင့် အရပ်သား (၂) ဦး သေဆုံးခဲ့ရသည်။

           မတ်လအတွင်း ကျိုက်ထို နှင့် ဘီလင်းမြို့နယ်တို့တွင် စစ်ပွဲများကြောင့် (၄၀၀၀) နီးပါး စစ်ဘေးရှောင်နေရပြီး ဧပြီလတွင် (၇၀၀၀) ကျော်တိုးပွားလာခဲ့သည်။ မွန်ပြည်အတွင်း စစ်အာဏာသိမ်းမှု ဖြစ်စဉ်နှင့် ဆက်စပ်သော် ပဋိပက္ခများကြောင့် ယနေ့အချိန်ထိ စစ်ဘေးတိမ်းရှောင် နေရသော ဒုက္ခသည်များ (၁၀၀၀၀) ခန့် ရှိလာခဲ့ပြီ ဖြစ်သည်။

ရှမ်းပြည်

 
           သုံးလတာအတွင်း စစ်ကောင်စီတပ်မှ အရပ်သား (၁၃) ဦး ကို သတ်ဖြတ်ခဲ့ပြီး တအာင်း လူမျိုး (၇) လသား အရွယ်ကလေးငယ် (၁) ဦး အပါအဝင် အရပ်သား(၃)ကို တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သော RCSS/SSAမှ ဖမ်းဆီး သတ်ဖြတ်ခံခဲ့သည်ဟု စွပ်စွဲထားသည်။

            သုံးလတာအတွင်း ရှမ်းပြည်မှ နေရပ်စွန့်ခွာထွက်ပြေးသူ (၅၀၀၀) ကျော်ခန့် တိုးပွားလာခဲ့ပြီး ဧပြီလကုန် အထိ ဒုက္ခသည် စုစုပေါင်း (၂၅၅၀၀) ကျော်ရှိနေပြီ ဖြစ်သည်။

                                                    ( ဖက်ဒရယ်ဂျာနယ်မှ စုစည်းတင်ပြသည် )