• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                              (No. 57, August 5, 2022)

၁။ CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော်၂ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မီးရှို့သတ်ဖြတ်ခံရ
August 4, 2022
ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေပြု CDF- Zotungမှ စစ်ဦးစီးချုပ် Thah Ceu အပါအဝင် ရဲဘော် ၃ ဦး တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၂၇ ရက်နေ့တွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း CDF-Zotung Supreme Council ထံမှ သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းဖမ်းဆီးထားသော ဇိုတုန်နယ်၊ ရမ်စီး ကျေး ရွာပြည်သူများနှင့် ကျေးရွာအခြေအနေတို့ကို သွား ရောက်စုံစမ်းစဥ် ဇူလိုင်လ ၂၃ ရက်နေ့တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ CDF-Zotungစစ်ဦးစီးချုပ် Thah Ceu (၄၀)နှစ်၊ရဲဘော်အောင်မင်းထန် (၂၀) နှစ်နှင့် ရဲဘော် ထန်ကျင်းမန် (၂၀) နှစ်တို့က သွား ရောက်စုံစမ်းခဲ့ခြင်းဖြစ်ပြီး ကင်းပုန်းချထားသော စစ်ကောင်စီတပ်တို့က ဖမ်းဆီးကာမီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ “ရွာထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို စုံစမ်းဖို့အတွက် စစ်ဦးစီးချုပ်က သူ့ရဲဘော် ၂ ယောက်နဲ့ သွားတဲ့အခါမှာ အသင့် စောင့်ဆိုင်းနေတဲ့ စစ်ကောင်စီတပ်တွေက စစ်ဦးစီချုပ်တို့ကို ဖမ်းသွားတာပေါ့နော်။ ဖုန်းလိုင်းတွေ အကုန်ဖြတ်တောက်ခံထားရ တော့ သတင်းအချက်အလက်တွေ ရရှိဖို့ အင်မတန်ခက်ခဲသွားတယ်။ ရွာသားတွေရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့သတ်လိုက်တဲ့ ၃ ဦးဟာ သူတို့ဖြစ်တယ်လို့ ကျွန်တော်တို့က အတည်ပြုလိုက်တာ ဖြစ်တယ်”လို့ CDF-Zotung Supreme Council အတွင်းရေးမှူး Nibawi Letaungက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကြောင့် ကျေးရွာပြည်သူထုများကို CDF-Zotungက လုံခြုံသော တနေရာတွင် တိမ်းရှောင်ခိုင်းထားသော်လည်း မတိမ်းရှောင်သည့် ရမ်းစီးကျေးရွာပြည်သူ(၂၇)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ယမန်နေ့၊ ဩဂုတ်လ ၃ ရက်နေ့တွင် ပြန်လွတ်လာကြောင်းသိရသည်။ CDF-Zotung စစ်ဦးစီးချုပ်အပါအဝင် CDF-Zotung ရဲဘော်(၂)ဦးတို့ကို စစ်ကောင်စီတပ်က မီးရှို့သတ် ဖြတ်မှုအပေါ် ခွင့်လွှတ်လို့ မရသော အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း CDF-Zotung Supreme Council မှ အတွင်းရေးမှူးက ပြောသည်။ “အမှန်ဆို ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ CDF-Zotung ရဲဘော်တွေကို သုံးပန့်အနေနဲ့ ထားသင့်တာပေါ့နော်၊ ပုဂ္ဂိုလ်ရေးအနေနဲ့ အမုန်းပွားပြီး ရန်ဖြစ်ထားတာလည်း မဟုတ်ဘူး၊ စစ်တပ်က အာဏာသိမ်းတာကို လူထုကလက်မခံလို့ ကျွန်တော်တို့က လက်နက်ကိုင်ပြီး တော်လှန်တာဖြစ်တယ်၊ ပေါ်လစီအရ ရန်သူတွေ ဖြစ်သွားကြတာ ဖြစ်တယ်။ စစ်ကောင်စီတပ်က နိုင်ငံတကာ ဉပဒေတွေကို လည်း လုံးဝ ဂရုမစိုက်ဘဲ ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး အခုလိုသတ်လိုက်တာဟာ လုံးဝခွင့်လွှတ်လို့ မရတဲ့ အရာ ဖြစ်တယ်”လို့ CDF-Zotung Supreme Councilမှ အတွင်းရေးမှူးက ဆက်လက်ပြောကြားသည်။ CDF-Zotungသည် Supreme Councilလမ်းညွှန်မှုအောက်တွင် အာဏာရှင်စနစ်ကို တော်လှန်နေပြီး လက်နက်ခဲရမ်းလိုအပ်ချက်နှင့်အတူ CDF-Zotungမှ ရဲဘော်များသင်တန်းတက်ရောက်နေဆဲဖြစ်သည့် အတွက် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် အခက် အခဲရှိ နေသည်ဟုဆိုသည်။

၂။ KNU နှင့် DKBA ပြန်လည်ပေါင်းစည်းရေး နှုတ်အားဖြင့် သဘောတူ၊ သဘောတူညီချက်အချို့ အဖွဲ့ ၏ သဘောထားနှင့် လုံးဝမတိုက်ဆိုင်ကြောင်း DKBA စစ်ဦးစီးချုပ်ထုတ်ပြန်
August 4, 2022
ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အကြား ပြန်လည် ပေါင်းစည်း ရေးအတွက်နှုတ်အားဖြင့်သဘောတူပြီးဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သည့် နှစ်ဖက်စစ်ရေး ဆိုင်ရာ ထိပ်ပိုင်းခေါင်ဆောင် များ တွေ့ဆုံမှုအပြီး သဘောတူခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များက အတည်ပြု ပြောဆိုသည်။ ဩဂုတ်လ ၃ ရက်နေ့က KNU ၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ပါဝင် သည့် KNLA ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးဦးဆောင်သည့် DKBA ထိပ်ပိုင်း ခေါင်းဆောင်တို့ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြပြီး ပြန်လည်ပေါင်းစည်းအရေး အပါအဝင် နှစ်ဖက်သဘောတူညီချက် ၅ ချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။ DKBA ၏ ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောရွှေဝက “နှစ်ဖွဲ့အကြား အတူတကွ ပြန်ပေါင်းစည်းပြီး အတူတူ အလုပ်လုပ်ဖို့ပေါ့။ KNLA ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖူးဂျော်နီ နဲ့ ကျနော်တို့ဘက်က ဦးစီးချုပ် အဖူး ဗိုလ်ချုပ်ကြီး စောစတီး တို့ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြတယ်။ ဒါပေမဲ့ စည်းတံဆိပ်တော့ မပါဘူး တူညီ အမှတ်တံဆိပ် တစ်ခုတော့ လုပ်သွားမယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။ တွေ့ဆုံမှုအပြီး ထွက်ပေါ်လာသည့် နှစ်ဖက်သဘောတူညီချက်အရ ပြန်လည်ပေါင်းစည်းရေးအတွက် နှစ်ဖက် အောက်ခြေစစ်သားများကို ယာယီ အမှတ်တံဆိပ်တစ်ခု ညှိနှိုင်းတပ်ဆင်သွားရန် အပြင် ယခင်လက ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော် ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်များပါဝင်၍ ညှိနှိုင်း ကိုင်တွယ်ဖြေရှင်းသွားရန်နှင့် နှစ်ဖက်တွေ့ဆုံမှုအား တစ်လတစ်ကြိမ်ပြုလုပ်သွားရန်ပါဝင်သည်။

KNU ဗဟိုမှ ယခင် DKBA အပေါ် ထုတ်ပြန်ထားသည့် ၁/၉၄ ထုတ်ပြန်ကြေညာချက်အား ပြန်လည် ဖျက်သိမ်းပေးရန် သဘောတူဆုံးဖြတ်ကြောင်းနှင့် လတ်တလောဖြစ်ပေါ်နေသည့် ရန်သူထိုးစစ်ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ်မှ စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန်သဘောတူဆုံးဖြတ်ကြောင်း ညှိနှိုင်းဆွေးနွေးမှုမအောင်မြင်ဘဲ တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမည်ဆိုပါက အတူတကွပူးပေါင်းဆောင်ရွက်သွားရန် အပါအဝင်သဘောတူညီချက် ၅ ချက်ကိုသဘောတူညီခဲ့ သည်ဟုအွန်လိုင်းပေါ်ထွက်ပေါ်လာသော အစည်းအဝေးမှတ်တမ်းတွင်ဖော်ပြထားသည်။ သို့သော်ထိုသဘောတူညီချက် ၅ ချက် အနက် နောက်ဆုံးအချက်ဖြစ်သော လတ်တလော ဖြစ်ပေါ်နေသည့် ရန်သူထိုးစစ် ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီး ချုပ် မှ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူဆုံးဖြတ်ကြောင်း ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်ဘဲ တပ်အင်အား အလုံးအရင်း ဖြင့် ထိုးစစ်ဆင်လာမည်ဆိုပါက အတူတကွ ပူးပေါင်းဆောင် ရွက်သွားရန် သဘောတူဆုံးဖြတ်ပါသည် ဆိုသောအချက်သည် DKBA သဘောထားနှင့်လုံးဝ (မတိုက်ဆိုင်)ကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်သည်ဟု ယနေ့ရက်စွဲဖြင့် အဖွဲ့၏ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး စောစတီး က ပြန်လည်အသိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူ ဗဟို နှင့် သက်ဆိုင်ရာ စစ်ဘက်ရေးရာ တာဝန်ရှိသူများအနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုခြင်းမပြုနိုင်သေးကြောင်း ကေအိုင်စီသို့ ပြောသည်။ သို့သော် ယခုလို ပြန်လည်ပေါင်းစည်းမှုမျိုးသည် ယခင်ကတည်းက ဖြစ်လာခဲ့သင့်ကြောင်းနှင့် လက်ရှိ တွေ့ဆုံ သဘောတူညီမှုများကိုလည်းအတည်တကျ သတ်မှတ်ဆုံးဖြတ်သွားသင့်ကြောင်း ကရင်အမျိုးသမီး အစည်းအရုံး-KWO ၏ အထွေထွေအတွင်းရေးမှူး နော်ကညောဖောက ယခုလို မှတ်ချက်ပြု ပြောသည်။ ထို့အပြင် တွေ့ဆုံညှိနှိုင်းမှု အချိန်ကြာသွား လျှင် ဆုံးဖြတ်ချက်အတိုင်း မဖြစ်လာမည်ကို စိုးရိမ်မိကြောင်း နှင့် ရန်သူ၏ သွေးခွဲမှုများ၊ ဖိအားပေးမှုများ ရှိလာနိုင်သည့်အပေါ် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်လည်း နော်ကညောဖော က ဆက်လက် တိုက်တွန်းပြောဆိုခဲ့သည်။

၃။ ALP ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် ကျောင်းသားတစ်ဦးကို AA က ဖမ်းဆီး
August 4, 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA တပ်ဖွဲ့ဝင်များက (သြဂုတ်လ ၂ ရက်နေ့) ညနေ့ ၆ နာရီခန့်တွင် စစ်တွေမြို့ ရှိ ၎င်းတို့၏နေအိမ်မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ALP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မနေ့က ၆ နာရီ လောက်က ULA/AA က ဖမ်းခေါ်သွားတာ။ လက်ရှိမှာတော့ ဘယ်နေရာမှာရှိနေလဲ မသိရသေးဘူး။ ကျနော်တို့ ဘက်ကတော့ စုံစမ်းနေတယ်”ဟု ALP တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက DMG ကိုပြောသည်။ ထိုသို့ဖမ်းဆီးခြင်းသည် ရခိုင်အမျိုး သားစည်းလုံးညီညွတ်ရေးကို ထိပါးစေကာ ရခိုင်တော်လှန်ရေးအဖွဲ့ အချင်းချင်းအကြားတွင် လုံးဝမဖြစ်သင့်သည့်လုပ်ရပ်ဟု ALP က ထုတ်ပြန်ထားသည်။ “ကျနော်တို့ကတော့ သူတို့လည်း တော်လှန်ရေးအဖွဲ့၊ ကျနော်တို့လည်း တော်လှန်ရေးအဖွဲ့ဖြစ် တယ်။ သွားရာ လမ်းကြောင်းလည်းတူတယ်။ ULA/AA မပေါ်ခင်ကတည်းက တိုက်ပွဲဝင်လာတဲ့အဖွဲ့ဖြစ်တယ်။ အောက်ခြေမှာ နားလည်မှုမရှိဆိုရင် အထက်ပိုင်းမှာ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ သွားရာလမ်းကြောင်းတစ်ခုကို တည် ဆောက်ဖို့ ဆွေးနွေးညှိနှိုင်းသင့်တယ်။ ကျနော်တို့ပါတီအနေနဲ့ကတော့ ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက်မှာ ULA နဲ့သော်လည်း ကောင်း အခြားသောအဖွဲ့အစည်းများနဲ့သော်လည်းကောင်း ဆွေးနွေးတိုင်ပင်သွားဖို့ရှိတယ်”ဟု ခိုင်အောင်စိုးသန်းကပြောသည်။

ULA/AA ဘက်က ALP/ALA အရံဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးအပါအဝင် တပ်ဖွဲ့ဝင်(၁၀)ကျော်ကို ယခင်က လည်း ဖမ်းဆီးခဲ့ပြီး ယနေ့အထိပြန်မလွတ်သေးကြောင်း ALP ကဆိုသည်။ ယခုဖမ်းဆီးထားသည့် ALP ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းတို့အပါအဝင် ယခင်က ဖမ်းဆီးထားသည့် ပါတီခေါင်းဆောင်များနှင့် ရဲဘော်များကိုလည်း ပြန်လွှတ် ပေးရန် ALP က တောင်းဆိုထားသည်။ ALP ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အကူအညီဖြင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ဝါရင့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လက်ရှိတွင် ALP မှာ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည်။

၄။ ပလက်ဝတွင် ကျောင်းကြို/ပို့စက်လှေကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ကြောင်း AA ပြော
August 3, 2022
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကုလားတန်မြစ်အတွင်း ကျောင်းကြို/ပို့လုပ်နေသည့် စက်လှေတစ်စီးကို မြန်မာစစ် တပ်က စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား(၂)ဦးသေဆုံးပြီး အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ် တော် (AA) မှ (သြဂုတ်လ ၃ ရက်)နေ့တွင် ထုတ်ပြန်ထားသည်။ ပလက်ဝမြို့နယ်၊ တူးမဝ(တုံးမဝ)ကျေးရွာမှ ကျောင်း တက်၍ ပြန်လာသော ကျောင်းကြို/ပို့စက်လှေကို နှမဒါကျေးရွာ စေတီကုန်းတွင် တပ်စွဲနေရာယူထားသည့် မြန်မာစစ်တပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု AA ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုသို့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရဲမဝ(ရီးမဝ)ကျေးရွာမှ ကျောင်းသားနှစ်ဦးဖြစ်သည့် မောင်နေမင်းထွန်း(၁၂ နှစ်)နှင့် မောင်အောင်သန်းမြင့် (၁၂ နှစ်)တို့မှာ သေဆုံးခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသော ကျောင်းသူ/ကျောင်းသားအချို့နှင့် ကျောင်းစောင့်ဖြစ်သူ ဦးဗဒူ (၅၆ နှစ်)တို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်ဟု ဆိုသည်။ ပလက်ဝဒေသခံများကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့သည်ဆိုသည့် AA ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ တုန့်ပြန်ချက်ကိုရရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ထို့ပြင် ပလက်ဝမြို့နယ်တွင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးနှင့် လှုမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားလာနေကြသည့် ခရီးသွားပြည်သူများကိုလည်း ၎င်းမြစ်ကြောင်းကမ်းနံဘေး၌ စခန်းချတပ်စွဲထား သော မြန်မာစစ်တပ်မှ အတင်းအဓမ္မ ပစ္စည်းတောင်းခံခြင်းတို့ကို ပြုလုပ်လျက်ရှိသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေရသည်ဟု လည်း AA က ထုတ်ပြန်ထားသည်။ ပလက်ဝမြို့နယ်သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ စစ်ရေးတင်းမာမှု ရှိနေ သည့် နယ်မြေတစ်ခုဖြစ်ပြီး ယခုရက်ပိုင်းအတွင်း (၃)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း ဒေသခံများကပြော သည်။ ယနေ့နံနက်ပိုင်းကလည်း ပလက်ဝမြို့အရှေ့ဘက်ကမ်း တကာချောင်းရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက “မနက် ၇ နာရီ ခွဲ ကနေစပြီး တိုက်ပွဲဖြစ်နေကြတာပါ။ ၁၁ နာရီလောက်ကစပြီး တန့်သွားတာပါ။ ပစ်နေတာ ၉ နာရီအချိန်ထိဆိုရင် လက်နက် ကြီး ၁၀ ကျော်လောက်ပစ်ခဲ့တယ်။ လက်နက်ငယ်တွေရောပစ်တယ်”ဟု ပြောသည်။

၅။ ရွှေကူတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး နှင့် တပ်ကြပ်တစ်ဦးကို KIA နှင့် PDF ဖမ်းဆီး
4 August 2022
ကချင်ပြည်နယ် ရွှေကူမြို့နယ် ရွှေကူ-ဗန်းမော်ကြားရှိ ဧရာဝတီမြစ် ရေကြောင်းလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ (PDF) တို့ ဖမ်းဆီးသွားကြောင်းသိရသည်။ နံနက် ၁၀ နာရီခွဲအချိန်ခန့် ရွှေကူမှ ဗန်းမော်မြို့သို့ ရေယာဉ်ဖြင့် စစ်ကောင်စီတပ် အတွက် စက်သုံးဆီပေပါများ သယ်ဆောင်လာမည့်သတင်းကြောင့် KIA နှင့် PDF များမှ သွားရောက်စစ်ဆေးရာ စက်သုံးဆီ ပေပါများပါရှိသည့် ရေယာဉ်ကို လွဲချော်သွား၍ ဗန်းမော်တက်မည့် အခြားရေယာဉ်တစ်စီးကို စစ်ဆေးမိရာ ယင်းရေယာဉ်ပေါ် တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရွှေကူ PDF နှင့် နီးစပ်သူ ဒေသခံတစ် ဦး KNG ကိုပြောသည်။ “ဘယ်လိုပုံစံနဲ့ ဖမ်းမိတာလဲဆိုတော့ လိုင်းမော်တော်ပေါ့ ရွှေကူနဲ့ဗန်းမော်ပုံမှန်ပြေးဆွဲနေတဲ့ ရေယာဉ်တွေကို သတင်းအရ ဝင်စစ်ရင်းနဲ့တွေ့ပြီးဖမ်းမိတာလို့ပြောတယ်။ စစ်သားတွေက အရပ်ဝတ်နဲ့ပဲရွှေကူကနေ ဗန်းမော် ကိုတက် တာ အဲ့မှာ ရွှေကူမြို့အထွက် ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းမှာဖမ်းမိတာတယ်လို့ သတင်းရတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဗန်းမော် – ရွှေကူကြားပြေးဆွဲနေသည့် ရေယာဉ်လိုင်းများကို အသုံးချကာ ဗန်းမော်ဘက်သို့ စားနပ်ရိက္ခာ ၊ စက်သုံးဆီနှင့်အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများကို တင်ပို့လျက်ရှိပြီး ယနေ့ နံနက်ပိုင်းကလည်း စက်သုံးဆီပေပါ ဆယ်လုံးထက်မနည်း ပို့ဆောင်လိုက်ကြောင်း သိရသည်။ ယခင်ကလည်း ဧရာဝတီမြစ်ကြောင်းဖြင့် ရွှေကူမှ ဗန်းမော်သို့ ပို့အင်အားဖြည့်တင်သည့် စစ်သား နှင့် ထောက်ပို့ပစ္စည်းများပါသည့် ရေမော်တော်ယာဉ်များကို KIA နှင့် PDF တို့က မကြာခဏ ကြားဖြတ်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သောကြောင့် ယခုနောက်ပိုင်းတွင် စစ်သားအင်အားကို ရေကြောင်းဖြင့်ပို့ ဆောင်မှု လျော့နည်းသွားပြီး ထောက်ပို့ပစ္စည်းများကိုသာ ပို့ဆောင်တော့ကြောင်း သိရသည်။

၆။ ဟားခါးမြို့နားက ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်တပ်ဖွဲ့ဝင်တွေသေဆုံးထိခိုက်မှုတွေရှိ တယ်လို့ သတင်း ထုတ်ပြန်
August 5, 2022
ဟားခါးမြို့တွင်းနဲ့ ဟားခါး-ထန်တလန်အကြားမှာဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့ သုံးရက်တာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးခန့်သေဆုံးတယ်လို့ Hakha Campaign For Justice page က ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ Hakha Campaign For Justice Page ရဲ့ထုတ်ပြန်ချက်အရ ဩဂုတ်လ ၂ ရက်နေ့မှာ ဟားခါးနဲ့ ထန်တလန်ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်က အထိအခိုက်များခဲ့ကာ၊ဒုတိယနေ့ဩဂုတ်လ ၃ ရက် တစ်နေ့လုံး CDF ဟားခါးနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဆင်နွှဲကြရာ CDF ဟားခါးတပ်ဖွဲ့က လက်ဖြောင့်သေနတ်သမား ပစ်ခတ် မှု ကြောင့်အပါအဝင် အဲ့ဒီနေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ ယောက်သေဆုံးပါတယ်လို့ဖော်ပြထားပါတယ်။

တတိယနေ့ ဩဂုတ်လ ၄ ရက်နေ့မှာက နံနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ်မှ ၁၁ နာရီအထိ ကျောဘုတ်ဂိတ်မှာ တိုက်ပွဲထပ် ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်က ၁ ယောက်သေဆုံး၊ ၃ ယောက်ဒဏ်ရာရရှိသွားခဲ့ကာ၊အဲ့နောက် ဟားခါးမြို့ကနေ ထန်တလန် ဖက်သွားတဲ့သီမြစ်တံတားနားမှာ တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဘက်က ၈ ယောက်ခန့်သေဆုံးတယ်လို့ ထုတ် ပြန်ချက်မှာ ပါရှိပါတယ်။ ၃ ရက်တာ စစ်ကောင်စီတပ်နဲ့ CDF-Hakha အကြားတိုက်ပွဲများအတွင်း ၂ ဖက်ထိခိုက်သေဆုံး ထိခိုက်မှုကို Chin World အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါ။ ချင်းပြည်နယ်၊ ဟားခါးမြို့က စစ်‌ကောင်စီတပ်နဲ့ CDF ဟားခါး တပ်ဖွဲ့အကြား သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီစစ်တပ်ကဟားခါးအခြေစိုက် ၂၆၆ ဗျူဟာကုန်းကနေ လက်နက်ကြီး တွေ ၂ ကြိမ်အသုံးပြုခဲ့တဲ့အကြောင်းလည်း Hakha Campaign For Justice page ရဲ့ ထုတ်ပြန်ချက်ကတစ်ဆင့် သိရပါတယ်။

၇။ စာသင်ကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ် မိုင်းထောင်ထားခြင်းကြောင့် ရွာသားများ စိုးရိမ်မှုဖြင့် သွား လာနေရ
August 3, 2022
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်(ကော့ကရိတ်မြို့နယ်)ရှိ တောင်ကြာအင်း (စံပြ)ကျေးရွာ အထက်တန်းကျောင်းဝင်းထဲ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျောင်းခြံစည်းရိုးနေရာ များတွင် မြေမြှုပ် မိုင်း များထောင်ထားခြင်းကြောင့် စိုးရိမ်ကြောက်ရွံ့မှုဖြင့် သွားလာနေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။ အဆိုပါ စာသင်ကျောင်း၏ ခြံစည်းရိုးအနီးတွင် မိုင်းထောင်ထားမှုကို ကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီ တပ်မှအသိပေး ပြောဆိုလာမှသာ သိရှိရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။ “ကျောင်းအနီးမှာ မိုင်း ထောင်ထားတာရှိတာကို ကျောင်းဝင်းမှာ အရင်တပ်လာစွဲတဲ့ စစ်ကောင်စီတပ်အဖွဲ့က သတိပေးပြောလို့ သိရတာ။ အဲဒီတပ်စွဲတဲ့ တစ်ဖွဲ့က ပြန်သွားပြီး အခုတပ်စွဲတဲ့အဖွဲ့က အသစ်ပြန်ရောက်လာ တဲ့အဖွဲ့။ သူတို့က ဘာမှပြောတာမရှိဘူး၊ မိုင်းထောင်ထား သေးလား ပြန်ဖြုတ်လိုက်ပြီးလားဆိုတာတော့ ဘာမှပြောတာမရှိဘူး။ ကျောင်းဘေးမှာ ဘယ်သူမှ မသွားရဲကြ တော့ဘူး”ဟု ထို ဒေသခံက ပြောသည်။

ကျောင်းဝင်းထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ အင်အား ၅၀ ဝန်းကျင်ခန့် ရှိပြီး ကျောင်းအရှေ့ရှိ ဟောင် သရောတံတားပေါ်တွင်လည်း ဂိတ်ချထားကာ လူအသွားအလာများကိုစောင့်ကြည့်စစ်ဆေးမှုများလုပ် ဆောင်လျက်ရှိသည်ဟု ဒေသခံများကပြောသည်။ ကျောင်းဝင်းထဲ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲထားနေထိုင်သည့်အတွက် ယခုနှစ်ပညာသင် နှစ်တွင် ဒေသခံ ကျောင်းသူကျောင်းသားများသည် ဘုန်းကြီးကျောင်းဝင်းထဲကို ပြောင်းရွှေ့စာသင်ရပြီး နေရာအခက်အခဲရှိ သည့်အတွက် အချိန်ပိုင်းဖြင့် အတန်းခွဲ၍ စာသင်နေကြရသည်ဟု တောင်ကြာအင်းရွာရှိ ကျောင်းသားမိဘတစ်ဦးကပြောသည်။ “ကျောင်းမှာ စာသင်မရတော့ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကျောင်းမှာ ပြောင်းသင်ရတယ်။ နေရာမဆံ့တော့ မူလတန်းကို မနက်ပိုင်းမှာ ပေးတက်ပြီး အလယ်တန်းနဲ့ အထက်တန်းကိုတော့ ညနေပိုင်းမှာ ကျောင်းပေးတက်တယ်။ လူထုတွေက အခုထိ နေ့ပိုင်း ပြန်လာနေတယ် ကလေးတွေကျောင်းတက်တော့ပြန်လာပို့ရတယ်။ ညပိုင်းရောက်ရင် ရွာမှာမအိပ်ရဲဘူး၊ တချို့ တစ်ခြား ရွာမှာသွားအိပ်တယ်။ တချို့က ဘုန်းကြီးကျောင်းမှာ သွားအိပ်တယ်။ ညပိုင်းဆိုရင် ရွာအပေါ်ပိုင်းနဲ့ အောက်ပိုင်း သူတို့ မပေးကူး ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။ အဆိုပါတောင်ကြာအင်း စာသင်ကျောင်းဝင်းထဲတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား နယ်မြေခံ တော်လှန်ရေးအဖွဲ့အစည်းများက မကြာခဏ သွားရောက်ပစ်ခတ်မှုရှိသည့်အတွက် ကျောင်း စာသင်ခန်းများထဲတွင် သဲအိတ်များနှင့် အခိုင်အမာထားရှိကာ အကာအကွယ်ယူထားသည်ဟု ဒေသခံများကပြောသည်။

၈။ မယ်စဲ့မြို့နယ်မှာ ကြားကာလပညာရေးကျောင်းဆင်းပွဲပြုလုပ်
August 4, 2022
ကရင်နီပြည် မယ်စဲ့မြို့နယ်တွင်းတစ်နေရာမှာ ကြားကာလပြည်သူ့အခြေပြု ပညာရေးကျောင်းဆင်းပွဲ တစ်ခုကို ပြုလုပ် ခဲ့တယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာအခြေခံ ဆရာများသမဂ္ဂမှ ဩဂုတ်လ ၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ကျောင်းသား ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တဲ့ ကြားကာလ ကိုယ်ထူကိုယ်ထပညာရေးကျောင်း တစ်နှစ်တာပြီးဆုံးကြောင်း ကျောင်းဆင်းပွဲ နဲ့ ယာယီအတန်းကူးပြောင်းလက်မှတ်ပေးအပ်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ CDM ဆရာ/မတွေ၊ Volunteers ဆရာ/မ၊ သက်ဆိုင်ရာ နယ်မြေခံEROs ၊ မယ်စဲ့မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ကျေးရွာမိဘပြည်သူ တွေ၊ သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ဦးဆောင်ပြီး ကြားကာလ ပြည်သူ့အခြပြု ပညာရေးကျောင်းတွေကို ဖွင့်လှစ်ခဲ့တယ်လို့ သိရ ပါတယ်။ KG+12 သင်ရိုးညွှန်းတန်းသစ်နဲ့ မူလတန်းအဆင့်ကို ၆ လတာ သင်ကြားပေးခဲ့ပြီး လာမယ့်စာသင်နှစ်အတွက် ထပ်မံ ကျောင်းဖွင့်လှစ်ဖို့ရှိသလို အလယ်တန်းအဆင့်ထိ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်ကြားရေးအတွက် ဖတ်စာအုပ်၊ စာရေးကိရိယာတွေ လိုအပ်လျက်ရှိနေပြီး ဆရာ၊ ဆရာမအတွက် လစဉ်ထောက်ပံ့ ကြေးကို အနည်းငယ်သာပေးနိုင်တယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ မယ်စဲ့မြို့နယ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံဆရာမတစ်ဦးကပြောပါတယ်။ “တချို့ကျောင်းတွေကစစ်ကောင်စီကျောင်းနဲ့ အပြိုင်ဖွင့်နေရတဲ့ ကျောင်း တွေရှိတယ်။ အဲ့ဒီပေါ်မှာက ကိုယ်ဘက်က ဘာလိုအပ်ချက်ရှိနေလဲဆိုတော့ ဖတ်စာအုပ်အခက်အခဲပေါ့။ အဲ့ဒီ ဖတ်စာအုပ် အခက်အခဲက တော်တော်ကြုံရတယ်။ နောက်တစ်ခုက စာရေးကိရိယာပေါ့နော။ နောက်တစ်ခုက ဆရာ၊ ဆရာမတွေရဲ့ လစဉ် ထောက်ပံ့ကြေးလို ပုံစံမျိုးပေါ့။ ဆရာ၊ ဆရာမတွေကလည်း နေ့တိုင်း စာသင်နေရတဲ့အခါကျတော့ လုံးဝ လစဉ်ထောက်ပံ့ ပေးတဲ့သူတော့ မရှိဘူး။ ဒါပေမယ့် ကျမတို့ကနေပြီးတော့ ရရင်ရသလို ထောက်ပံ့ပေးနေတာတော့ရှိတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ တစ်လနည်းနည်းလေးပေါ့။” လို့ မယ်စဲ့မြို့နယ် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဆရာမတစ်ဦးက ပြောပါ တယ်။ မယ်စဲ့မြို့နယ်မှာ ကြားကာလ ပြည်သူ့အခြေပြု ပညာရေးကျောင်း ( ၁၇ ) ကျောင်းရှိပြီး ကျောင်းသားတစ်ထောင်ကျော် တက်ရောက်သင်ကြားနေတယ်လို့ သိရပါတယ်။ ကျောင်းသား ၇၀ ရာခိုင်နှုန်း ပြည်သူ့အခြေပြုကျောင်းတွေကို တက်ရောက်နေ တာဖြစ်ပြီး မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ နဲ့ သင်္ချာ ဘာသာရပ်တွေကို အဓိကသင်ကြားပေးပြီး စာရိတ္တ၊ ကာယ၊ ပန်းချီ၊ တခြားဖွံ့ဖြိုးရေး ဘာသာရပ်တွေကိုလည်း သင်ကြားပေးတယ်လို့ သိရပါတယ်။

၉။ မူဆယ်မြို့ ဗိုလ်ကျားနက် တပ်ဖွဲ့သစ်မှ ည ၈ နာရီ အိမ်ပြင်မထွက်ရန် ထုတ်ပြန်
August 4, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဗိုလ်ကျားနက် လက်နက်ကိုင် တပ်ဖွဲ့အသစ်ပေါ်ပေါက်လာခဲ့ပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့သစ်သည် မူဆယ်မြို့တွင် လှုပ်ရှားပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် အတွက် ယနေ့ (သြဂုတ် ၄) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာလာကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အရင်က ထွက်လာတာတော့ မတွေ့ဖူး ဘူး။ ဒီနေ့မနက်မှ ထွက်ပေါ်လာတာတွေ့တယ်။ သူတို့ အသစ်ထင်တယ်။ လူငယ်တွေ ဖွဲ့စည်းထားတာလားမသိဘူး” ဟု ၎င်းက ဆိုသည်။ အဆိုပါ ဗိုလ်ကျားနက် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ရာတွင် အချိန်တစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီ ကို တော်လှန်ရန် နှင့် ပြည်သူများသိရှိစေရန်အတွက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ “ကျနော်တို့အဖွဲ့က ဖွဲ့စည်းခဲ့တာ ၉ လ ကြာပြီ။ အခုမှ ထုတ်ပြန်ခဲ့တာက ပြည်သူတွေကို အသိပေးဖို့ ထုတ်ပြန်ခဲ့တာပါ။ ပြီးတော့ မူဆယ်မှာ ဒီအဖွဲ့စည်းရှိတယ်ဆိုတာ လူအများသိလာစေဖို့ပါ”ဟု ဗိုလ်ကျားနက်တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။ ထိုထုတ်ပြန်ချက်တွင် ပြည်သူ များအနေဖြင့် ည ၈ နာရီအပြင်မထွက်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် အနီးကပ်မနေထိုင်ရန်အတွက် အသိပေးကြေညာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ အချိန်ကန့်သတ်ခဲ့သည့် အတွက်ကြောင့် ညကျူရှင်တက်သည့် ကလေးများနှင့် စီးပွားရှာသည့် သူများအတွက် ခက်ခဲမှုရှိကြောင်းသိရသည်။ “သူတို့က အချိန်ကန့်သတ်လိုက်တယ်။ ည ၈ နာရီဆိုတော့ အရမ်းစောလွန်တယ်။ ကလေးတွေ ည ကျူရှင်သွားကြိုတဲ့အခါတွေမှာလည်း စိုးရိမ်နေရပြီး။ ပြီးတော့ ဆိုင်ဖွင့်တဲ့သူတွေလည်း စီးပွားရေးထိခိုက်တာပေါ့။ နေ့စားတွေ အတွက်လည်း ညအပြင်မှာ ဝယ်စားသွားလာဖို့ခက်ခဲလာတယ်လေ”ဟု မူဆယ်မြို့ အသက် ၃၅ အရွယ်ရှိအမျိုးသားကပြော သည်။ ပြီးခဲ့သည့် ဩဂုတ် ၁ ရက် ညအချိန်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုသည်လည်း ဗိုလ်ကျားနက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ် ကြောင်းသိရသည်။“အဲ့နေ့ညက ပစ်ခတ်မှုတွေ၊ ဗုံးထောင်ခဲ့တာလည်း ကျနော်တို့တပ်ဖွဲ့ကနေပြုလုပ်ခဲ့တာပါ”ဟု ဗိုလ်ကျားနက် တပ်ဖွဲ့က ပြောသည်။ မူဆယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်သူ့စစ်၊ စစ်ကောင်စီတပ်တို့ သွားလာ လှုပ်ရှားသည့် ဒေသဖြစ်ပြီးလက်နက်ကိုင်အဖွဲ့စည်းအများအပြားရှိသည့် ဒေသဖြစ်သည်။

၁၀။ သထုံခရိုင်တွင် မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးယန္တရား တည်ထောင်ခွင့်မပြုဟု KNU ထုတ်ပြန်
5 August, 2022
ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တပ်မဟာ (၁) စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ဘယ်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားဖွဲ့စည်းတည်ထောင်တာ ခွင့်မပြုဘူးလို့ KNU သထုံခရိုင်က သြဂုတ် ၅ ရက်နေ့မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။ အဲဒီသဘောထား ထုတ်ပြန်ချက်မှာတော့ ဘယ်အဖွဲ့အစည်းမှ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ စည်းရုံးဖွဲ့စည်းတာတွေ ခွင့်မပြုဘူးလို့ KNU သထုံခရိုင် တပ်မဟာ (၁) ခရိုင်အမြဲတမ်း ကော်မတီက ဆိုထားပါတယ်။ ဘယ်အဖွဲ့အစည်းမှ ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာ ဝိဝါဒ ကွဲပြားစရာတွေ ဖြစ်ပေါ်စေတာ၊ နားလည်မှု ကွဲလွဲဖြစ်ပေါ်စေတာနဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံမှုကို ထိခိုက်စေတာ၊ အခွင့်အရေးဆုံးရှုံးစေတာစတဲ့ လုပ်ရပ်တွေ ကို စည်းရုံးဖွဲ့စည်းတာ ခွင့်မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ အဖွဲ့အစည်းတချို့က KNU သထုံခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေမှာ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ဖို့ ကြိုးပမ်းလာတဲ့အတွက် အခုလို ကြေညာချက်ထုတ်ပြန်ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။ ဒါပေမဲ့ KNU သထုံခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေမှာ ဘယ်အဖွဲ့အစည်းတွေက အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ဖို့ ကြိုးပမ်းနေ တယ်ဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသွားတာ မရှိပါဘူး။ KNU သထုံခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေမှာ ပြီးခဲ့တဲ့ မေလတုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး စစ်အာဏာရှင် ကျဆုံး အတွက် တွန်းလှန်တိုက်ပွဲဝင်ဖို့ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပါတယ်။

၁၁။ မင်းပြားတွင် အမျိုးသားတဦး မြေမြှုပ်မိုင်းနင်းမိ
5 August, 2022
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာက အမျိုးသားတဦး ဩဂုတ် ၅ ရက် မနက်ပိုင်းက ရွာအရှေ့ဘက် တောင်တန်းမှာ မြေမြှုပ်မိုင်းထိပြီး ညာဘက်ခြေ ခြေချင်းဝတ်ကနေ ပြတ်သွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ အသက် ၆၃ နှစ်အရွယ် ဦးရွှေစိန်အောင်ဟာ ရွာရဲ့အရှေ့ဘက် တောင်တန်းပေါ်မှာ သစ်သွားခုတ်စဉ် မြေမြှုပ်မိုင်းထိသွားတာလို့ ရွာသားတဦးက ပြောပါတယ်။ “သူက ရွာရဲ့အရှေ့ဘက် ၁ မိုင်ခန့်အကွာမှာရှိတဲ့ တောင်တန်းမှာ သစ်သားခွတိုင် သွားခုတ်တာ လို့ သိရတယ်။ မနက် ၇ နာရီ ၃၀ လောက်မှာ မြေမြှုပ်မိုင်း နင်းမိတာဖြစ်တယ်။ ညာဘက်ခြေ ခြေချင်းဝတ်က ပြတ်သွားတယ်။ ခန္ဓာကိုယ် တခြားအစိတ်အပိုင်းတွေမှာလည်း ဒဏ်ရာရရှိခဲ့တာတွေရှိတယ်။ ဒဏ်ရာက ပြင်းတယ်။ အခုတော့ မင်းပြားဆေးရုံကို ပို့ဆောင်နေတယ်” လို့ ပြောပါတယ်။

မြေမြှုပ်မိုင်းထိတဲ့နေရာအနီးမှာ စစ်ကောင်စီက တပ်စွဲနေတာတွေရှိပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကလည်း စစ်တပ်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံး၊ အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး (REC) ရဲ့ စာရင်းတွေအရ သိရပါတယ်။

၁၂။ ရှဒူးဇွပ်ဒေသ ပြည်သူ့စစ်တပ်စခန်းတစ်ခု ထပ်တိုးကာ ၃နေရာ ငွေကြေးကောက်ခံနေ
5 August 2022
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တပ်စခန်းအသစ်တစ်ခု ထပ်မံ တိုးချဲ့ကာ ဂိတ် ၃ခုဖြင့် ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစပြီး ဇူလိုင် လကုန်ပိုင်းအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်ဘက်သို့သွားသော လမ်းမကြီး ၄ ခုကို ဖြတ်တောက်လိုက်ပြီးနောက် တစ်လအတွင်း ရှဒူးဇွပ်ကျေးရွာအနီး ကိုင်းတောမှော်အဝင်ဝတွင် ပြည်သူ့စစ် တပ်စခန်းအသစ်တစ်ခုကို ထပ်မံဆောက်လုပ်လိုက်ပြီး ငွေကြေးကောက်ခံနေသည်ဟု ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦး က KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “သူတို့က လမ်းပိတ်လိုက်တဲ့ ၁ လအတွင်းမှာဘဲ ကိုင်းတောမှော်မှာ တပ်စခန်း တစ်ခုပြန်ချလိုက်နိုင်တယ်။ ပြောချင်တာက ဘာလက်နက်သံတစ်စုံတစ်ရာမှ မကြားရဘဲ ချောမွေ့စွာလုပ်နိုင်တယ်ပေါ့။ ပြန်တိုး ထားတဲ့ ကိုင်းတောမှော် ဂိတ်ကနေ အထက်ဘက်မှာရှိတဲ့ မှော်တွေကို ဆက်သွားဖို့ အဲ့မှာငွေထည့်‌ပြီးမှဘဲ သွားလို့ရတယ်။ အခုဆို ရှဒူးဇွပ်မှာ ဘယ်ကဘဲ လာလာ ငွေထည့်ပြီး သွားရမယ့် ပြည်သူ့စစ်ဂိတ် ၃ နေရာရှိသွားပြီ” ဟု ပြောဆိုသည်။ လက်ရှိ ရှဒူးဇွပ်ဒေသတွင် ပြည်သူ့စစ်အဖွဲ့အနေဖြင့် ငွေကြေးကောက်ခံနေသည့် နေရာများမှာ ၎င်းတို့၏ ပြည်သူ့စစ် တပ်စခန်းတည်ရှိ သော စံပြကျေးရွာ၊ ရှဒူးဇွပ်ကျေးရွာအဝင် တံတားအနီးတစ်နေရာနှင့် ကိုင်းတောမှော်အဝင် စသော ၃ နေရာတွင် လူတစ်ဦးလျှင် ၅၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီး ၅၀၀ နှင့် ကားတစ်စီးတွင် ၁သောင်းကျပ်အထက် မထည့်မနေရ ကောက်ခံ နေကြောင်း သူက ဆက်ဆိုထားသည်။

ယခုလို ရှဒူးဇွပ်ဒေသတွင် ပြည်သူ့စစ်အဖွဲ့က ပြည်သူများသွားလာသည့် လမ်များကို ပိတ်ဆို့ထားကာ ငွေကြေး ကောက်ခံနေသောကြောင့် သွားလာရေးတွင် ခက်ခဲမှု ကြုံတွေ့နေရကြောင်း စံပြဒေသခံတစ်ဦး က ပြောဆိုသည်။ “ရှိတဲ့လမ်း တိုင်းမှာ သူတို့ ထိုင်လိုက်တယ်ဆိုတော့ သွာလာရေးမှာ အရင်ကထက် အရမ်းခက်ခဲသွားပြီ။ အရင်တုန်းကလို လွတ်လွတ် လပ်လပ်သွားလို့ မရတော့ဘူး။ အမြဲတမ်းကြောက်ရွံ့ပြီးမှဘဲ သွားရမယ့် အနေအထားမှာ ဖြစ်နေတယ်။ သူတို့ကတော့ လုံခြုံရေး အရလို့တော့ ပြောတာဘဲ။ မလုပ်နဲ့လို့ သွားပြောလို့လည်းမရ။ တစ်ချို့က လက်မှတ်လုပ်ပြီး သွားရတယ်တဲ့။ လက်မှတ်မရှိတဲ့ သူတွေက ငွေပေးရတယ်လို့ပြောကြတယ်” ဟု ပြောဆိုသည်။ ပြည်သူ့စစ်အဖွဲ့သည် ရှဒူးဇွပ်ဒေသအတွင်း ရွှေမှော်လုပ်ငန်းရှင် များထံမှ အခွန်ကောက်ခံခြင်း၊ ၎င်းတို့၏ ဂိတ်အတွင်း သွားလာသည့် ကုန်တင်ကားများ၊ ဆီကားများ၊ သွားလာသည့် ပြည်သူ များထံမှ ငွေကြေးကောက်ခံခြင်း စသော အခွန်မျိုးမျိုးကောက်ခံခြင်းဖြင့် တစ်ရက်တွင် ပျန်းမျှဝင်ငွေ သိန်း ၄၀၀ အထက်ရှိပြီး တစ်လတွင် သိန်းထောင်ပေါင်းများစွာ ရရှိနေသည်ဟု ရှဒူးဇွပ်ဒေသခံများက KNG ကို သုံးသပ်ပြောဆိုထားသည်။

၁၃။ မြစ်ကြီးနားတွင် ညပိုင်းသွားလာနေသည့် ယာဉ်များအား တင်းကျပ်စွာ စစ်ဆေး
5 August, 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ် Top ဆီဆိုင်နားမှာ ညပိုင်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို ရဲတပ်ဖွဲ့ဝင် အများအပြားက တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစစ်ဆေးခံခဲ့ရတဲ့ ဒေသခံ အမျိုးသမီးတဦးက “ည ၈ နာရီကျော်လောက် အေးမြသာယာ ရပ်ကွက်ဘက်က ပြန်လာတုန်း စစ်ဆေးခံရတယ်။ ဓာတ်မီး တွေနဲ့ထိုးပြီး ကားကိုတားတယ်။ နောက်ဖုံးဖွင့်ခိုင်းပြီး လှန်လှောစစ်တယ်။ ဆိုင်ကယ်တွေကိုလည်း ဖင်ထိုင်ခုံဖွင့်ပြီး ရှာတာ တွေ့ရတယ်” လို့ ပြောပါတယ်။ မော်တော်ယာဉ်စစ်ဆေးတဲ့ သူတွေထဲမှာ ရဲယူနီဖောင်း ဝတ်ဆင်ထားသူတွေ ပါသလို အရပ်ဝတ် လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ပါတယ်။ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန် ဘုရား ကျောင်းမှာ ဇူလိုင် ၂၇ ရက်က အသင်းတော်အစည်းအဝေးပြုလုပ်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ ပါသေးတယ်။

၁၄။ နောင်ချိုတွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ် MPDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
5 August, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရတနာသင်္ဂီရွာမှာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MPDF ) နဲ့ အာဏာ သိမ်းစစ်ကောင်စီတပ်တို့ သြဂုတ် ၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်က ပြင်ဦးလွင်- မိုးကုတ်လမ်းပိုင်းဝန်းကျင် တလျှောက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ဖြစ်ပွားတာဖြစ်ပြီး နှစ်ဖက်ထိခိုက် ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ ဒေသခံတယောက်က “တိုက်ပွဲဖြစ်တာ မှန်တယ်။ ရွာသူရွာသားတွေလည်း တိမ်းရှောင်လို့မရဖြစ်နေတယ်။ စစ်တပ်က ပိတ်ထားတယ်။ ရှောင်ခဲ့ရင်လည်း ပြင်ဦးလွင် ဘက်ပဲ ရှောင်ဖို့များတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ပိုင်းက နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်မဌာနချုပ် အမှတ်- ၁၀၁ လက် အောက်ခံစစ်ကြောင်းနဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MPDF)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ MPDF ကထုတ်ပြန်ထားပါတယ်။ နောင်ချိုမြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)တို့ လှုပ်ရှားနေပြီး စစ်အာဏာသိမ်းပြီး နောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေလည်း အခြေချကာ စစ်ရေးလှုပ်ရှားလာပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေ အနေကြောင့် နောင်ချိုမြို့မှာရှိတဲ့ မြို့မိမြို့ဖ၊ CDMဝန်ထမ်း၊ လုပ်ငန်းရှင်အပါအဝင် ၁၄ ယောက်ကို PDFနဲ့ ပတ်သက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အခုရက်ပိုင်းမှာ အမ္မဖမ်းဆီးခဲ့ပါတယ်။

၁၅။ ပလက်၀ မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ ၅တန်းကျောင်း သား ၂ ဦး အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်အပေါ် ICNCC ပြင်းထန်စွာရှုတ်ချ
August 4, 2022
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ စက်လှေနဲ့ ကျောင်းကပြန် လာ တဲ့ ပဉ္စမတန်းကျောင်းသားငယ် ၂ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) က ထုတ်ပြန်ပါ တယ်။ ဩဂုတ် ၂ ရက် မွန်းလွဲပိုင်းက ပလက်ဝမြို့နယ်၊ တုံးမဝကျေးရွာသို့ ကျောင်းတက်ပြီး ကုလားတန်မြစ်အတိုင်းပြန်လာတဲ့ ရီးမဝကျေးရွာက ကျောင်းသူ၊ ကျောင်းသားငယ်များ စီးနင်းလိုက်ပါလာတဲ့ စက်လှေကို တုံးမဝကျေးရွာတစ်ဖက်ကမ်း နှမဒါ ကျေးရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး အသက် ၁၁နှစ်အရွယ် အိုက်နေမင်းထွန်းနဲ့ အိုက်အောင်သန်းမြတ် တို့ အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျောင်းသား (၂) ဦးနဲ့ ပညာရေး ဝန်ထမ်း တစ်ဦး စုစုပေါင်း (၃) ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသားငယ် ၂ ဦးရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ICNCC က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ထုတ်နိုင်ချိန်မှာ တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ICNCC က အသိပေးခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေသာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များအား ချင်းပြည်နယ်အတွင်းမှ ဖယ်ရှားနိုင်မှသာ ချင်းပြည်သူများ လုံခြုံငြိမ်းချမ်းနိုင်မှာဖြစ်လို့ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ဖယ်ရှား နိုင်ရေးအတွက် ကျရာနေရာကဆက်လက် ပါဝင်ကြဖို့လည်း ICNCCက ချင်းပြည်သူတွေကို တိုက်တွန်းပန်ကြားခဲ့ပါတယ်။

၁၆။ ကယားပြည်နယ်တွင် ဇူလိုင်လ တစ်လတာအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲဝင် ၁၄ ဦး ကျဆုံးကာ စစ်ကောင်စီတပ်ဖွဲဝင် ၈၈ ဦးသေ
August 3, 2022
ကယားပြည်နယ် ဇူလိုင်လ တစ်လတာအတွင်း တိုက်ပွဲအကြိမ်ရေ ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲဝင် ၈၈ ဦး သေဆုံးကာ တော်လှန်ရေးတပ်ဖွဲဝင် ရဲဘော် ၁၄ ဦးကျဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဩဂုတ်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဖယ်ခုံမြိုနယ်အတွင်း စစ်ကောင်စီတပ်စခန်းများဖြစ်သော ‌ရွှေပြည်အေး စခန်း နှင့် လွယ်ပတာကုန်းစခန်းကို ကရင်နီပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ် ၂၀ ကျော် သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ စခန်းနှစ်ခု သိမ်းဆည်းတိုက်ခိုက်ယူပြီးနောက် ပြန်လည် ဆုတ်ခွာချိန်တွင် စစ်ကူအင်အား ၂၀၀ ခန့်ဖြင့် အလစ်အငိုက်ဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခံ ရမှုကြောင့် ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၁ ဦးကျဆုံးခဲ့သည်။ ရွှေပြည်အေးစခန်းနှင့် လွယ်ပတာကုန်းစခန်း တိုက်ပွဲတွင် ကျဆုံးသွားသော ရဲဘော် ၁၁ ဦးမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ရဲဘော် ဇော်မင်း၊ ရဲဘော်ခင်မောင်၊ ရဲဘော် ပေါ်ဦး၊ ရဲဘော်ဖြိုးဝေ၊ ရဲဘော်မောင်ဆင်းဝင်းဦး၊ ရဲဘော် ဟိန်းဒွေး၊ ရဲဘော်မောင်မျိုးမင်းထက်၊ ရဲ‌ဘော်ခွန်မိုးလွင်၊ ရဲဘော် ပေတရု နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် မှတစ်ဦးနှင့် ကရင်နီတပ်မှ တစ်ဦး ကျဆုံးခဲ့သည်။

ထိုအပြင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ရဲဘော်ခွန်းလေး နှင့် KNDF တပ်ရင်း ၁၆ မှ တစ်ဦး၊ KNDF တပ်ရင်း ၁ မှတစ်ဦးလည်း ကျဆုံးခဲ့သည်။ စစ်ကောင်စီစစ်ကြောင်းမျာမှ ဇူလိုင်လအတွင်း ကယားပြည်နယ်အတွင်းရှိ ပြည်သူများ၏ ကား ၃ စီး၊ ဆိုင်ကယ် ၃ စီး၊ ငွေသား သိန်း ၆၀ ခန့်နှင့် ပြည်သူပိုင် လူနေအိမ် တစ်လုံး ကို မီးရှိဖျက်ဆီးခဲ့သည်။

၁၇။ မွန်ပြည်နယ်တွင် လူငယ် ၄ ဦးကို စစ်ကောင်စီက အကြောင်းမဲ့သတ်ခဲ့ဟု MSRO အဖွဲ့ ထုတ်ပြန်
5 August, 2022
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ခံ ပရဟိတသမား မင်းလင်းအောင်ကို စစ်ကောင်စီက ဇူလိုင် ၃၁ ရက်ညက အကြောင်းမဲ့ သတ်ဖြတ်ခဲ့တဲ့အပေါ် မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း (MSRO) က မိသားစုနဲ့အတူ ဝမ်းနည်း ကြောင်း သြဂုတ် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင် ကူ ညီလှုပ်ရှားနေကြတဲ့သူတွေ အပါအဝင် မွန်လူငယ် ၄ ဦးလောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်တာခံထားရ တယ်လို့ ဆိုပါတယ်။ ရေးချောင်းဖျားဒေသ ပစ်ခတ်မှုဖြစ်စဉ်မှာ ရေးမြို့နယ် ပရဟိတသမား မွန်လူငယ် ကိုအောင်ခန့်ဟိန်း အပါအဝင် ခေါဇာမြို့က မွန်လူငယ် ၁ ဦး၊ မုဒုံမြို့က မွန်လူငယ် ၁ ဦး၊ ချောင်းတောင်ကျေးရွာက စိတ်ကျန်းမာ‌ရေးမကောင်းသူ မွန်လူငယ် ၁ ဦး၊ စုစုပေါင်း ၄ ဦး စစ်ကောင်စီသတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီက မွန်လူငယ်တွေ အပါအဝင် တိုင်းရင်းသား ညီအစ်ကိုတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေဟာ လက်ခံ နိုင်စရာမရှိဘဲ ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ မွန်ပြည်နယ်အကျိုး၊ မွန်လူထုအကျိုး အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြတ်သားစွာ တော်လှန်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

၁၈။ ကျိုင်းတုံ လျှပ်စစ်အိုးတည်ရာမှ မီးလောင် အမျိုးသားတစ်ဦးသေ
August 4, 2022
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက်တွင် ယနေ့ (သြဂုတ် ၄) ရက် နံနက် ၁ နာရီကျော်တွင် လျှပ်စစ် အိုး တည်ရာမှ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး မီးထဲသေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ထို မီးလောင်သွားသည့် နေအိမ်သည် နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး ပျက်စီးဆုံးရှုံးသွားသည့် တန်ဖိုးကိုတော့မသိရှိရသေးပေ။ “မနက် ၁ နာရီကျော်မှာ မီး စ လောင်ခဲ့တာပါ၊ အစက အိမ်နီးချင်းတွေဝိုင်းပြီး မီးငြိမ်းခဲ့ပေမယ့် မီးညွန့်က အရမ်းကြီးတော့ မနိုင်ဘူး၊ မီးသတ်ကားတွေ ရောက် လာမှ တော်တော်ငြိမ်းယူလိုက်ရတယ်၊ တစ်အိမ်လုံးပြာကျသွားတယ်၊ အမျိုးသားတစ်ဦးလည်း မီးထဲသေသွားခဲ့တယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

အဆိုပါ မီးလောင်မှုသည် ရေနွေးအိုးတည်ထားသည့် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုထားသည်။ “ရေနွေးအိုးတည်ထားလို့ ဝါယာရှော့ခ် ဖြစ်ပြီး မီးလောင်တာတဲ့၊ မီးညွန့် လည်း အရမ်းကြီးလို့ ဘာအိမ်တွင်း ပစ္စည်းမှ မယူလိုက်ရဘူး၊ တစ်အိမ်လုံး ပြာကျသွားတယ်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့တွင်လည်း ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက် ဒေသခံအမျိုးသားတစ်ဦးသည် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး သေဆုံးသွားသည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

၁၉။ ရခိုင်တွင် တကျော့ပြန်စစ်ရေးတင်းမာလာသည်နှင့် AA နှင့်ဆက်စပ်ဖမ်းဆီးခံထားရသူ ၁၉ ဦးကို ထောင်ဒဏ်ချမှတ်
August 4, 2022
ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်စစ်ရေးတင်းမာလာနေပြီး AA နှင့် ဆက်စပ်၍ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူများကိုလည်း ထောင်ဒဏ်ချမှတ်မှုများ ဆက်တိုက်ရှိလာနေ သည်။ DMG မှ ကောက်ယူရရှိထားသည့်စာရင်းအရ AA နှင့်ဆက်စပ်ပြီး နှစ်ရှည်တရားရင်ဆိုင်နေရသူများထဲမှ ၁၉ ဦးကို ယခု နှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။ ယင်းအထဲတွင် ရမ်းဗြဲမြို့နယ် အလယ်ချောင်းရွာမှ (၈)ဦး၊ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ (၁)ဦး၊ မြောက်ဦးမှ (၁)ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ (၂)ဦးနှင့် ကျောက်ဆိပ်ကျေးရွာမှ (၅)ဦး၊ စစ်တွေမြို့နယ်မှ (၁)ဦးနှင့် ရသေ့တောင်မြို့နယ်မှ (၁)ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့မှာ ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်းက AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများဖြစ်သည်။ ယခုကဲ့သို့ အပြစ်မရှိဘဲ နှစ်ရှည်လများဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ တရားမျှတမှုမရှိဟု ပုဏ္ဏားကျွန်း မြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံလိုက်ရသည့် ကိုမောင်စောအေး၏ အစ်မဖြစ်သူ မခင်သန်းဌေး ကပြော သည်။ “ကျမမောင်လေးက အေအေနဲ့ဆက်စပ်ဖို့ နေနေသာသာ လူတောတောင် တိုးတာမဟုတ်ဘူး။ ဖုန်းလေ့မကိုင်တတ်ဘူး။ ဆိုင်ကယ်တောင် မမောင်းတတ်လို့ အဖမ်းခံရတဲ့နေ့ကလည်း သူများနောက်က လိုက်စီးသွားတာ။ စစ်တပ်ကဖမ်းတဲ့အချိန်မှာ ကြောက်ကြောက်လန့်လန့်နဲ့ ဘာတွေပြုမူမိသွားလဲ။ ဘာတွေပြောမိသွားလဲဆိုတာတော့ မသိပေမယ့် အခုလို အပြစ်မရှိတဲ့သူ တွေကို နှစ်ရှည်လများဖမ်းပြီး ထောင်သုံးနှစ်ချလိုက်တာကတော့ တရားမျှတမှုမရှိဘူးလို့မြင်တယ်”ဟု ၎င်းကဆိုသည်။ ရခိုင်ပြည်တွင် ပြီးခဲ့သည့် တိုက်ပွဲနှစ်နှစ်တာကာလအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်း ဖမ်းဆီးခံရသူစာရင်းကိုကောက်ယူထားသည့် အဖွဲ့အစည်းများထံမှ သိရသည်။

နှစ်ဖက်စစ်ရေးတင်းမာနေချိန်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးထားသူများကို ထောင်ဒဏ်ချ မှတ်နေခြင်းမှာ ပြည်သူများကို ခြိမ်းခြောက်ရာရောက်သည်ဟု ရခိုင့်နိုင်ငံရေးသမားဖြစ်သူ ဦးဖေသန်းကထောက်ပြသည်။ “အခုလို အေအေနဲ့တင်းမာနေတဲ့အနေအထားမှာ အကြမ်းဖက်အမှုတွေကို အမိန့်ချနေတာတွေက အမှုလက်ကျန်တွေကို အပြီး သတ်တာမျိုးလည်း ဖြစ်နိုင်တာပေါ့။ နောက်တစ်ခုက အေအေနဲ့စစ်တပ်ကြားမှာ အခုလိုအခြေအနေ ပြန်တင်းမာလာတဲ့အခါ အေအေနဲ့ဆက်စပ်ပြီး ဖမ်းထားတဲ့သူတွေကို အမိန့်ချလိုက်တာက ပြည်သူတွေကို သတိပေးရာရောက်တယ်။ နမူနာပြတာပေါ့။ မင်းတို့တွေ အေအေနဲ့ဆက်စပ်ရင်၊ အေအေတွေ အားပေးထောက်ခံရင် ဒီလိုအဖမ်းခံရမယ်။ ဒီလိုထောင်ချခံရမယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်အောင် နမူနာပြမျိုးပေါ့”ဟု ဦးဖေသန်းကဆိုသည်။

၂၀။ ပင်လုံမြို့အနီး လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာ တပ်သားသစ်စုဆောင်းမှာကို ပြည်သူများစိုးရိမ်
August 4, 2022
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အနီးဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာသဖြင့် ပြည်သူများက တပ်သားသစ် စုဆောင်းမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ (ဩဂုတ် ၃) ရက် ည ၉ နာရီ ဝန်းကျင်တွင် ပင်လုံမြို့ နှင့် နီးစပ်သည့် ဟိုင်းနန်းကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာထဲတွင် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ဝင်ရောက်လာသဖြင့် ပြည်သူများ မြို့ထဲသို့ ရုတ်တရက်ပြောင်းရွှေ့ ရကြောင်း ပင်လုံမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြော သည်။ “စိုးရိမ်တာပေါ့။ သူတို့ လာဖမ်းသွားမှာကို စိုးရိမ်တယ်လေ။ မနေ့က အဲ့ရွာကလူတွေ ကြောက်ကြလို့ပဲ မြို့ထဲမှာ လာအိပ် ကြတာ။ လူငယ်၊ ကလေးတွေ အများကြီးပဲ မြို့ထဲလာနေကြတာ။ ပြီးတော့ ရွာကလူတွေတော်တော်များများ ရွှေ့နေပြီ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ပင်လုံမြို့သို့ ဝင်ရောက်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်သည် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဖြစ် ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ “ဟုတ်တယ်။ အဲ့ဘက်ထဲဝင်လာတယ်လို့ကြားတယ်။ ကြောက်ဖို့ကောင်းလိုက် တာ။ ဝင်လာဖမ်းတာမျိုးတော့ မရှိဘူး။ သူတို့ဝင်လာတာက မြို့နဲ့ အရမ်းနီးနေပြီးလေ။ မြို့ထဲလို့တောင်ပြောလို့ရတာပေါ့။ လာ တာတော့ SSPP/SSA တပ်ဖွဲ့လို့ပြောတယ်။ သူတို့တပ်ဖွဲ့က အဲ့ဘက်မှာအများကြီးရှိထားတယ်” ဟု ပင်လုံမြို့ ဒေသခံအမျိုး သားတစ်ဦး ကပြောသည်။ လက်ရှိတွင် သျှမ်းတောင် လွိုင်လင်ခရိုင် ပင်လုံမြို့၊ လဲချားမြို့ နှင့် မိုင်းကိုင်မြို့တွင်ရှိ သျှမ်းလက်နက် ကိုင် တပ်ဖွဲ့ ၂ ဖွဲ့မှ တပ်သားသစ် စုဆောင်းနေခြင်းကြောင့် ဒေသခံများက ကျေးရွာမှထွက်ခွာပြီး အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေး နေကြောင်း သိရသည်။ “ အခု လူငယ်တွေအများကြီး ထွက်ပြေးကုန်ကြတယ်။ တားလို့တောင်မရတော့ဘူး။ ကျေးရွာက လူဆို လည်း မြို့ထဲမှာ သွားနေကြတယ်။ တစ်ချို့ကလည်း ထိုင်းနိုင်ငံဘက်ကို ထွက်သွားကြတယ်။ လူတွေတောင် သိပ်မရှိတော့ဘူး” ဟု လဲချားမြို့နယ်အတွင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၂၁။ သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
August 4, 2022
သထုံမြို့နယ် နောင်ဘိုကျေးရွာ သုံးရာသီဆီဆိုင်ရှေ့တွင် ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးထံကသိရသည်။ (ဩဂုတ် ၄ ရက်) နေ့လည် ၁၁ နာရီကျော်တွင် ဆိုင်ကယ် စီးနင်းလာသည့် အမျိုးသား ၂ ဦးကို ဟိုက်ဂျက်ကားမှတိုက်ပြီး မောင်းပြေးသွားကြောင်းသိရသည်။ လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “ဆိုင်ကယ် ကို ဟိုက်ဂျက်ကားလေးက တိုက်ပြီးမောင်းပြေးသွားတယ်။ ဆိုင်ကယ်မောင်းလာသူ နှစ်ယောက်ထဲက တစ်ယောက် ကတော့ သေဆုံးနေပြီဖြစ်လို့ ကျန်တစ်ယောက်ကို ရှေ့ဦးသူနာပြုစုပေးပြီး ဆေးရုံပို့ဆောင်ပေးတယ်” ဟု ပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ အသက် ၂၈ နှစ်ရှိ ကိုအောင်သန်းဦး ဖြစ်ပြီး သထုံသဲအင်းတွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း၊ သေဆုံးသူ ရုပ်အလောင်းကို လူမူကယ်ဆယ်ရေးအဖွဲ့ဝင်များက သိမ်ဆိပ်ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရ သည်။ အလားတူ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်က္ကော်ရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ အုပ်ချုပ်ရေး မှူးရုံးရှေ့တွင် ဇူလိုင် ၃၁ ရက် နေ့လည် ၁ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၂။ ရေဖြူမြို့နယ် အတွင်းရှိ စစ်ရှောင် စခန်းတစ်ခုတွင် အသက် ၁၁ နှစ်ရွယ် ကလေးငယ် တစ်ဦး သေဆုံး
August 4, 2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုတွင် နာမကျန်ဖြစ်နေ နေ သည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ဆေဝါးကုသခွင့်မရရှိပဲ ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့ ကြောင်း ယင်းစစ်ရှောင်စခန်းမှ ဒေသခံများထံမှသိရသည်။ အကြမ်းဖက် စစ်ကောင်စီရဲ့ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက် ပစ်ခတ်မှုများကြောင့် အကြောင်းအမျိုးမျိုးနှင့်တိမ်းရှောင်နေသည့် အဆိုပါအသက် ၁၁ နှစ်အရွယ် မောင်နိုးနိုးလပြည့် အမော ဖောက် ရောဂါကြောင့် သြဂုတ် ၄ ရက်၊ နံနက်ပိုင်းက အချိန်မှီ ဆေးကုနိုင်ခြင်းမရှိပဲ သေဆုံးခဲ့သည်ဟု စစ်ရှောင်ဒေသခံတစ်ဦး ကပြောသည်။ စစ်ဘေးရှောင် စခန်းမှ ဒေသခံတစ်ဦးက”ကလေးက အဆုပ်မကောင်းဘူး နာတာရှည်ရောဂါလည်း ဖြစ်နေတော့ ခဏခဏနေမကောင်းဖြစ်တယ် တောထဲမှာဆိုတော့ ကောင်းကောင်း မကုသနိုင်လို့ သေဆုံးသွားတာ ဖြစ်တယ်”ဟု ပြောသည်။

အလာတူ ထားဝယ်ခရိုင်အတွင်းရှိ နေအိမ်များကို စွန့်ခွါတိမ်းရှောင်နေသည့် ဒေသခံစစ်ရှောင်များသည် မိုးတွင်း ကာလ တွင် စစ်ဘေးရှောင်စခန်းများတွင် အစားသောက်နှင့် ဆေးဝါးများမလုံလောက်မှုကြောင့် မလိုအပ်ဘဲ နာမကျန်သူများနှင့် အသက်သေဆုံးသူ များလာနေကြောင်း စစ်ရှောင် စခန်းများထံမှ သိရ သည်။ လက်ရှိတွင် သေဆုံးသူ၏ ကလေးငယ် အလောင်း ကို ရွာသားများနှင့် မိသားစုဝင်များက စစ်ရှောင်စခန်းတစ်နေရာရှိ တောထဲတွင် မြေမြှုပ်သဂြိုလ်ပေးလိုက်ရကြောင်း သိရှိရ သည်။ လက်ရှိတွင် ရေဖြူမြို့နယ်အတွင်း အဆိုပါဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ ရငဲ၊ ပုဂေါဇွန်း၊ ဇွမ်းတော့ရွာတို့တွင် ဒေသခံ ၁၀၀၀ ဝန်းကျင်ခန့် နေအိမ်စွန့်ခွာပြီးထွက်ပြေး တိမ်းရှောင်နေရသလို မိုးတွင်းကာလ စစ်ဘေးရှောင်နေရသဖြင့် ဆေးဝါး နှင့် စားနပ်ရိက္ခာများ၊ မိုးကာများ ပိုမိုလိုအပ်နေပါကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရ သည်။

၂၃။ ရေးဘက်သို့ မောင်းလာသည့် စစ်ကား ၃ စီးခြုံခိုတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးဟုဆို
August 4, 2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီကား ၃ စီးကို ယနေ့ နံနက်ပိုင်းက အောင်သာယာရွာနှင့် ကနင်ကမော့ရွာကြား၌ တော်လှန်ရေးအဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေဆုံး ခဲ့သည်ဟု ရေးမြို့နယ် မြေ အောက်တော်လှန်ရေးအဖွဲ့ ထံမှ သိရသည်။ “စကစယာဥ် ဖောကား၂ စီးနဲ့ အိမ်စီးကား ၁ စီးပေါင်း ၃ စီးပါ။ ဖောကားမှာ၂၀ လောက်ပါမယ်။ စကစတွေကြောက်ပြီး ရမ်းပစ်တာ အရပ် သား ၂ ဦးထိ တယ်လို့ကြားထား ပါတယ်” ရေးမြို့နယ် မြေအောက်တော်လှန်ရေးအဖွဲ့၏ တာဝန်ရှိသူက လူငယ့်ခေတ်သို့ပြောသည်။ အဆိုပါတိုက်ပွဲသည် အချိန်အားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ အထိအခိုက်များပြားခဲ့ခြင်းကြောင့် ကားများကို အရှိန်ပြင်းစွာ မောင်း၍ ထွက်ပြေးသွားခဲ့သည်ဟု ၎င်းကထပ်မံပြောသည်။ စစ်ကောင်စီယာဉ်တန်းကို ရေးမြို့နယ် မြေအောက်တော်လှန်ရေး အဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးသမားများဘက်မှ ရဲဘော်တစ်ဦး လက်တွင် ထိခိုက်ဒဏ်ရာ ရ ရှိခဲ့သည်ဟု သိရသည်။

၂၄။ ရွှေဈေး စံချိန်တင်မြင့်တက်မှုကြောင့် တောင်ကြီးမြို့မှ ရွှေပန်းထိမ်လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေ
August 4, 2022
ရွှေဈေး စံချိန်တင်မြင့်တက်မှုကြောင့် ရွှေထည်ဝယ်ယူသူနည်းပါးသဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်မှ ရွှေပန်းတိမ် လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်ခဲ့ရာ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စံချိန်တင် ဈေးမြင့်တက်ခဲ့ပြီး စီးပွားရေး ကြပ်တည်းမှု ကြောင့် ရွှေပန်းတိမ်ထည် ဝယ်ယူသူ နည်းပါးလာ ပြီးနောက် ယခု ဩဂုတ်လ အစပိုင်းတွင် ရွှေထည် ဝယ်ယူသူ မရှိသလောက် နည်းပါးနေကြောင်း တောင်ကြီးမြို့မှ ပန်းထိမ် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ “ရွှေဈေး တက်တာရယ်၊ စီးပွားရေး ကြပ်တည်းတော့ ရွှေဝယ်တဲ့ လူက တော်တော်လေး နည်းလာတယ်။ ဆိုင်ကြီးတွေ တောင်မှ အလဲအထပ်နဲ့ သူဌေးပိုင်းတွေ လောက်ပဲ လာဝယ်ကြတာ။ ဆိုင်ငယ်တွေဆို ၂ ရက်၊ ၃ ရက်ဆက်တိုက် လုံးဝ မရောင်းရတာတွေ ရှိတယ်။ အဲတော့ ရွှေထည် လာအပ်တဲ့လူ မရှိတော့ဘူး။ တချို့ဆို လုပ်ငန်း ပြောင်းလုပ်ဖို့တောင် ပြင်ဆင်နေကြတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ တောင်ကြီးမြို့ ရွှေဈေးကွက်တွင် ဝယ်ယူသူထက် ပေါင်နှံ ရောင်းချသူက ပိုများနေပြီး ရွှေထည်ဟောင်းအချို့ ပြန်လည် ပြုပြင်သည့် အလုပ်ကိုသာ လက်ခံ လုပ်ကိုင်ပေးရမှု အချို့ရှိကြောင်း အောင်သပြေရပ်ကွက်မှ ရွှေပန်းတိမ် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ “အာဏာ မသိမ်းခင်က ဆိုရင် ရွာတွေဘက်က တောင်သူတွေက ဒီအချိန်ဆို သီးနှံပေါ်ပြီ၊ ဈေးကောင်းလည်း ရတော့ ရွှေလာဝယ်ကြတဲ့ အချိန်ပေါ့။ ဒီနှစ်ကရော၊ မနှစ်ကရော သီးနှံတွေက စိုက်သမျှ အရှုံးပေါ်နေတော့ လာမဝယ်နိုင်ကြ တော့ဘူး။ အရမ်း သိသာတယ်။ ဒီအချိန်ဆို မြို့ပေါ်ကထက် ရွာဘက်က လာဝယ်တဲ့လူ ကြိတ်ကြိတ်တိုးနေ တာ” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီက အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားကို ၂,၀၆၀,၀၀၀ ကျပ်ပုံသေ သတ်မှတ်ထား သော်လည်း လက်ရှိ တောင်ကြီး ဈေးကွက်တွင် အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၂,၂၉၀,၀၀၀ ကျပ်အထိ ပေါက်ဈေး ရှိနေပြီး ရွှေဆိုင်များက ဈေးနှုန်းကြေညာခြင်းမရှိဘဲ ရောင်းဝယ်နေကြောင်းသိရသည်။ စစ်အာဏာသိမ်း ပြီးနောက် ဒေါ်လာဈေး မြင့်တက်မှု အပြင် စက်သုံးဆီ၊ ရွှေဈေး၊ အိမ်ဆောက်ပစ္စည်း၊ စားသုံးကုန်၊ လူသုံးကုန် စသည့်ဖြင့် အထွေထွေ ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက် နေသည့် အပြင် အလုပ်အကိုင် ရှားပါးမှုကြောင့် အခြေခံ လူတန်းစားများ စားဝတ်နေရေး ခက်ခဲနေ ကြောင်း သိရသည်။

၂၅။ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရေငန်ဝင်ရောက်မှုကြောင့် လယ်မြေများ၊ စပါးခင်းများ ပျက်စီး
August 4, 2022
မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာအုပ်စု အနောက်ဘက်ရှိ လယ်မြေများ၊ စပါးခင်းများ အားလုံးနီးပါး ရေငန်ဝင် ရောက်မှုကြောင့် ပျက်စီးနေကြောင်း ဒေသခံ လယ်သမားများ၏ သတင်းပေးပို့မှုအရ သိရသည်။ ထိုရေငန်များသည် စစ်တပ်ပိုင် ငါး၊ ပုစွန်ကန်၊ ဆည်မြောင်းတို့က တာမလုံမှုကြောင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ မောင်တောမြို့နယ်အတွင်းရှိ ဆည်မြောင်း၊ ကန်များကို မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်ဖွဲ့တို့ကနေ ငှားရမ်းခ ဈေးနှုန်းသတ်မှတ်ကာ ငါး၊ ပုစွန်မွေးမြူရန် အတွက် ဒေသခံများအား အငှားချထားပေးလျက်ရှိခဲ့ရာ အငှားရသူက စရိတ်စကအကုန်ကျခံ၍ ကန်ဘောင်များအား ပြုပြင် ထိန်းသိမ်းခြင်း၊ ဘေးဘီဝဲယာသို့ ရေများလျှံမထွက်အောင် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ယခုနှစ်တွင်မူ အာဏာသိမ်း မြန်မာစစ်တပ်က ငှားရမ်းခနှုန်းထားများအား ဈေးမြှင့်လိုက်ခြင်းကြောင့် နေရာအချို့တွင် ငှားရမ်းလုပ်ကိုင်သူများ မရှိဘဲ ကန် များ ယိုယွင်းလျက်ရှိကာ အနီးပတ်ဝန်းကျင်ရှိ လယ်မြေများအား ရေငန်များဝင်ရောက်နေပြီး လက်လုပ်လက်စား လယ်သမား များ၏ လယ်မြေများ၊ စပါးခင်းများမှာ ပျက်စီးယိုယွင်းနေပြီးအချို့နေရာများတွင် စံပါးစိုက်ပျိုးရန် မဖြစ်နိုင်တော့သည့်အနေ အထားပင် ရှိနေကြောင်း သိရသည်။

၂၀၂၁ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု၊ ဒေသတွင်းစစ်ရေးတင်းမာနေမှုများကြောင့် မောင်တောခရိုင်အတွင်းသည် ရခိုင်ပြည်နယ်၏ အခြားသော ခရိုင်၊ မြို့နယ်များထက် ပိုမို ကျပ်တည်းဆင်းရဲလျက်ရှိနေပြီး၊ ယခုလို အာဏာသိမ်းမြန်မာစစ်တပ်၏ ငါးပုစွန်ကန်များအား အငှားချဈေးနှုန်း မြှင့်တင်မှုကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ အလွယ်တကူမရနိုင်ခြင်းနှင့်အတူ အကျိုးဆက်အနေဖြင့် မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာအုပ်စု အနောက်ဘက်ရှိ လယ်မြေဧက (၈၀)ကျော် လယ်မြေများ၊ စပါးများ ပျက်စီးဆုံးရှုံးသွားရကြောင်း ဒေသခံများထံကနေ သိရသည်။

၂၆။ မိုးမိတ်မြို့နယ် ထပ်တိုး PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တစ်နာရီ နီးပါး တိုက်ပွဲဖြစ်
August 4, 2022
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် ထပ်တိုးရောက်ရှိလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် တစ်နာရီ နီးပါးကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ (သြဂုတ် ၃) ရက် မွန်းလွဲပိုင်း ၁ နာရီကျော် မှ ၂ နာရီကျော် အထိ မိုးမိတ်မြို့အဝင်နားရှိ ညောင်ပင်ဆောက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အသက် ၄၀ ဝန်းကျင်ရှိ ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ “သပိတ်ကျင်း ဘက်ကနေ တက်လာတဲ့ PDF တပ်ဖွဲ့တစ်ခုက မိုးကုတ်ကို အရင်ရောက်တယ်၊ မိုးကုတ်ကနေ မိုးမိတ်မြို့ထဲကို ရောက်လာပြီး မြို့အဝင်နားရှိတဲ့ စကစ က တပ်ရင်းအမှတ် (၃၄၈) နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ၊ PDF အင်အား က ၂၀၀ ကျော် လောက်ရှိတယ်” ဟု ၎င်းဒေသခံက ပြောသည်။ မိုးမိတ်မြို့ အဆိုပါ စစ်ကောင်စီ နှင့် တိုက်ပွဲဖြစ်ပွားသည့် PDF တပ်ဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှ တစ်ဆင့် မိုးကုတ်မြို့နယ် ထိုမှတစ်ဆင့် မိုးမိတ်မြို့နယ်အတွင်းသို့ ရောက်ရှိလာကြောင်းလည်း ဒေသခံများထံမှ သတင်းသိရသည်။

မိုးမိတ်မြို့နယ်အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ ထပ်တိုးလာခြင်းနှင့် ပတ်သက်ပြီး မြေပြန့်ဒေသ (သပိတ်ကျင်း) တွင် စစ်ကောင်စီတို့၏ ဖိနှိပ်နှိမ်နင်းမှု ပြင်းထန်လာသည့် အတွက် PDF တပ်ဖွဲ့များ အနေကြပ်ကာ သျှမ်းပြည်အတွင်း ရောက်လာ ခြင်း ဖြစ်နိုင်ကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသုံးသပ်ထားသည်။ “ဖြစ်နိုင်တာက သူတို့နယ်ထဲမှာ စစ်ကောင်စီက ဖိနှိပ်မှု တင်းကြပ်လာပြီး လှုပ်ရှားရခက်လို့ ဒီဘက်ကို ရှောင်လာ သလားလို့ ထင်မိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ မိုးမိတ်မြို့နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့နောက်တစ်ခု ထပ်တိုးလာတာတော့ စိုးရိမ်စရာကောင်းပါတယ်” ဟု ၎င်းက ပြောသည်။ လက်ရှိ မိုးမိတ်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းအမှတ် ၂၂၃၊ ၂၇၆၊ ၃၄၈ အပြင် တအာင်း(ပလောင်) အမျိုးသားတပ်မတော် TNLA၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့လည်း သွားလာ လှုပ်ရှားနေကြောင်း သတင်းသိရသည်။

၂၇။ ကျိုက်ထိုတွင် ဒေသခံ နေအိမ် ၃ လုံး ချိတ်ပိတ်ခံရ
5 August, 2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဒေသခံပြည်သူ့နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ က သြဂုတ် ၄ ရက်မှာ လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဟာ ကျိုက်ထိုမြို့ တောင်သူ စုရပ်ကွက်က ကိုစံလင်းနေအိမ်နဲ့ ကံ့ကော်ရပ်ကွက်က ကိုအေးမင်းထွန်း နေအိမ်၊ သိမ်ဇရပ်မြို့က ကိုဝင်းကို နေအိမ်တွေကို လာ ရောက် ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ သူတို့ ၃ ဦးဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတာ ကြောင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်တဲ့အတွက် နေအိမ်တွေကို ချိတ်ပိတ်ရတာလို့ ဆိုပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီက နေအိမ်ချိတ်ပိတ်သွားပေမဲ့ နိုင်ငံသားတယောက် ဖြစ်တဲ့အတွက် သူ့အိမ် သူပိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ကိုအေးမင်းထွန်းကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ ၅၀(ည) အပြင် အမှုပေါင်း ၇ မှုနဲ့ အမှုဖွင့်ထားသလို ကိုဝင်းကိုနဲ့ ကိုစံလင်းတို့ကိုလည်း ပုဒ်မ ၅၀၅ (က) အပါ အဝင် အကြမ်းဖက်ပုဒ်မတွေနဲ့ပါအမှုဖွင့်ထားပါတယ်။ စစ်ကောင်စီနဲ့ နီးစပ်သူတွေ အဆိုအရ လာမယ့်ရက်ပိုင်းအတွင်း ကျိုက်ထို မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နေအိမ်ကိုလည်း ထပ်မံချိတ်ပိတ်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ကျိုက်ထိုမြို့ နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီကိုယ်စားလှယ်တွေ၊ NLD ပါတီ ထောက်ခံသူတွေနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်း ချိတ်ပိတ်ခံထားရပါတယ်။

၂၈။ ဆိပ်မူ KBZ ဘဏ်ရှေ့ ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှုတွင် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်သေဆုံး
5 August 2022
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ဩဂုတ်လ ၃ရက်နေ့ ရဲမှူးကိုကိုလွင် ပစ်သတ်ခံရမှု ဖြစ်စဉ်တွင် နောက်ထပ် ရဲအုပ်တစ်ဦးပါ ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မှော်ရှန်ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ ၂ ရှေ့တွင် ရဲမှူးကိုကိုလွင် နှင့် အတူပါလာသည့် ရဲအုပ်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ကားတစ်စီးဖြင့် ရောက်လာ၍ သေနတ်ဖြင့် ၁၁ ချက် ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သောကြောင့် ရဲအရာရှိ ၂ဦးသေဆုံးသွားခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောဆို သည်။ “အဲ့နေ့တုန်းက ‌နှစ်ယောက်‌သေတာဟုတ်တယ်။ ဒါပေမယ့် တစ်ယောက်ထဲသေတယ်ဆိုပြီး သိကြတယ်။ အမှန်တော့ သုံးပွင့်တစ်ယောက်နဲ့ နှစ်ပွင့်တစ်ယောပေါ့။ ရဲမှူးကိုကိုလွင်ပဲမဟုတ်ဘူး ရဲအုပ်တစ်ယောက်ပါတယ်။ ကားဒရိုင်ဘာခန်းကို အဝင်မှာ ရဲမှူးကိုပစ်လိုက်တာ ၁၁ ချက်ပစ်လိုက်တာ။ အဲ့မှာ စပယ်ယာခုံမှာထိုင်နေတဲ့ ရဲအုပ်ရဲ့ ဗိုက်နဲ့ပေါင်မှာ သွားမှန်တာ။ ချောင်းပစ်တဲ့လူက အဓိကရဲမှူးကိုပဲ သေချာပစ်တာ ရဲအုပ်ကိုကျတော့မသေချာဘူး။ နောက်အဲ့ရဲအုပ် ဆေးရုံရောက်တဲ့ ခါကျတော့ သွေးလွန်ပြီး သေသွားတယ်။ အလောင်းကိုလည်းအဲ့နေ့မှာပဲသူ့တို့ကားတွေနဲ့လာသယ်သွားတာ”ဟုပြောဆိုသည်။

သေဆုံးသွားသည့် ရဲအုပ်သည် အသစ်ရောက်လာသည့် ရဲအုပ်ဖြစ်နိုင်သောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရ ဟု ဒေသခံများပြောသည်။ ပစ်သတ်ခံလိုက်ရသည့် ရဲမှူးကိုကိုလွင်သည် ပြီးခဲ့သည့် ဇူလိုင်လ ဆိုင်းတောင် သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ပြည်သူ ၈ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် ပစ်သတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများပြောဆိုသည်။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းသည့်အုပ်ချုပ်ရေးမှူး ဒလန် ၊ စစ်ကောင်စီ သတင်းပေး များ သတ်ခံရမှုမှာ လက်ရှိအချိန်ထိ ၂၀ ဦး ကျော်နေပြီ ဖြစ်သည်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။