• Today is: Friday, April 19, 2024

ကွန်ဖက်ဒရေးရှင်း – Confederation

“ကွန်ဖက်ဒရေးရှင်း – Confederation”

– မောင်မောင်စိုး

A confederation (also known as a confederacy or league) is a union of sovereign groups or states united for purposes of common action.

ကွန်ဖက်ဒရေးရှင်းဆိုသည်ကို အနက်ဆိုရလျင် ဘုံအကျိုးစီးပွါးအတွက် ပူးပေါင်းထားသော အချုပ်အခြာအာဏာပိုင်ဆိုင်မှုရှိသော နိုင်ငံများ (ပြည်နယ်များ)၊အစုအဖွဲ့များ ပူးပေါင်းထားသည့် ပြည်ထောင်စုအဖွဲ့အ စည်းဟု အဓိပ္ပါယ်ရပါမည်။

ဗဟိုချုပ်ကိုင်မှု အားပျော့ပြီး နိုင်ငံအလိုက် ဝါ ပြည်နယ်အလိုက် လုပ်ပိုင်ခွင့်၊ လွတ်လပ်ခွင့်ပိုရှိသည့် ပြည်ထောင်စုပုံသဏ္ဍာန်ဖြစ်သည်။ ပြီးခဲ့သောဆယ်နှစ်ကျော်ကမှ ဖက်ဒရယ်ဆိုသည့်စကားလုံးကျယ်ကျယ်ပြောဆိုလာနိုင်ပြီး ဖက်ဒရယ်အား အဓိပ္ပါယ်အမျိုးမျိုးဖွင့်နေဆဲဖြစ်သော မြန်မာပြည်တွင် ကွန်ဖက်ဒရေးရှင်းဆိုသည်က မိုးကြိုးပစ်သံကဲ့သို့ကျယ်လောင်သည်က သေချာသည်။

AA အနေနှင့် ကွန်ဖက်ဒရေးရှင်းဆိုသည်ကို စတင်ပြောနေသည်ကတော့ ၂၀၁၅/၂၀၁၆ ခန့်ကဖြစ်မည်ထင်သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင်ပြုလုပ်သည့် AA ၏သတင်းစာရှင်းလင်းပွဲတွင် ထပ်မံ၍အခိုင်အမာအတည်ပြုပြောဆိုသည်ဟုဆိုရမည်။

ကွန်ဖက်ဒရေးရှင်းဆိုသည်က ဘာလဲ၊ မည်သို့ဖွဲ့စည်းမည်နည်း စသည့်မေးခွန်းများပေါ်လာသည်။ မြန်မာပြည်တွင် ထိုပြသနာအား ဖြေရှင်းရန် တုံ့ပြန်အတွက် စာအုပ်ကြီးများလှန်လောစရာ လိုလိမ့်မည်မဟုတ်ပါ။ နိုင်ငံ တကာအတွေ့အကြုံများကို မွှေနှောက်နေစရာလည်းလိုလိမ့်မည် မဟုတ်ပါ။

မြန်မာပြည်တွင်ရှိနေပြီးသော ” ဝ” UWSA ၊ “မိုင်းလား” NDAA ပုံစံကို ရည်ညွှန်းခြင်းဖြစ်သည်ကို ရှင်းလင်းစွာမြင်နိုင်သည်။ မိမိဒေသ၊ မိမိတပ်၊ မိမိပါတီ၊ မိမိအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဏာရေး စနစ်များဖြင့် လွတ်လပ်စွာ အခြားပြည်နယ်များ တိုင်းများနှင့်ပေါင်းစည်းခြင်းပုံစံဖြစ်ပြီး၊ဗဟိုအစိုးရ၏ချုပ်ကိုင်မှုနှင့်စွက်ဖက်မှုကို လက်မခံသည့်ပုံစံဖြစ်သည်။

နေပြည်တော်သို့ ဆွေးနွေးပွဲတက်သည့် UWSA ကိုယ်စားလည်အဖွဲ့က၂၀၂၂ ခုနှစ် မေ ၃၁ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ၎င်းတို့သည် ” နိုင်ငံတော်အား ပြိုကွဲစေခြင်း၊ခွဲထွက်ခြင်း လုံးဝပြုလုပ်မည် မ ဟုတ်ပါ။ နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာကလွဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည်။” ဟူ၍ ၎င်းတို့သဘောထားအား ရှင်းလင်းစွာဖေါ်ပြထားသည်ကို တွေ့ရသည်။

UWSA ကြေညာချက်တွင် ကွန်ဖက်ဒရေရှင်းဆိုသည့် ဝေါဟာရအားမသုံး ” ဝ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်”ဟုသာ သုံးသည်ကိုတွေ့ရသည်။ ဝေါဟာရသက်သက်ဆိုလျင် autonomous region ဟု အဓိပ္ပါယ်သက်ရောက်သည်ဟု ဆိုနိုင်သော် လည်း အနှစ်သာရအရကတော့ ကွန်ဖက်ဒရေးရှင်းဟု ဆိုရမည်။

ယခုအခါ ကွန်ဖက်ဒရေးရှင်းပုံစံကို အတိအလင်း ပြောဆိုလာသည့် အင်အားစု အချို့သာတွေ့ရသေးသော်လည်း ထပ်တိုးအင်အားစုမရှိနိုင်ဟူတော့ ကံသေကံမ မပြောနိုင်သေးပေ။ အခြေအနေအချိန်အခါနှင့် သက်ဆိုင်မည်ဟု ခန့်မှန်းရသည်။

မည်သို့ပင်ဖြစ်စေကာမူ ကွန်ဖက်ဒရေးရှင်းထက်တဆင့်နိမ့်သည်ဟုဆိုနိုင်သည့် ဖက်ဒရယ်ဆိုသည်ကိုပင် လေနှင့်ဝမ်းမကွဲကြသည့် အခြေအနေတွင် ကွန်ဖက်ဒရေးရှင်းပုံစံအား စားပွဲဝိုင်းပေါ်တွင်ဖြေရှင်းရန် ဝါ နှလုံးရည်နှင့်ဖြေရှင်းနိုင်ရန် ဖြစ်နိုင်ချေ နည်းပါးလွန်းသည်။

စစ်အင်အားနှင့် စစ်မြေပြင်တွင်ဖြေရှင်းရန် ဝါ လက်ရုံးရည်နှင့်ဖြေရှင်းကြဖို့ ပိုများသည်။ မြန်မာပြည် နိုင်ငံရေးပဋိပက္ခတွင် ပါဝင်နေသော အင်အားစုအားလုံးသည် စစ်ပွဲ၏ပြာပုံများပေါ်မှ နိုင်ငံကိုတည် ဆောက်ကြဖို့ဖြစ်လာနေသည်။ မြန်မာပြည်၏အနာဂါတ်ပုံစံအား မိုးနတ်မင်းကြီးသည်ပင် ကြိုတင်မြင်နိုင်စွမ်းရှိမည် မဟုတ်ပေ။