• Today is: Friday, April 19, 2024

လက်နက်ဆက်ကိုင်လိုတဲ့ EAOs တွေကို တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပြုမယ်လို့ စစ်ခေါင်းဆောင် ပြော

ဖက်ဒရယ်ဂျာနယ်မြန်မာ၊ ဩဂုတ် ၂၃

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ဆက်ကိုင်လိုပါက တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပြုမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေး ရရှိဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေကြောင်းနဲ့ လွှတ်တော်ပေါ်ပေါက်လာရင် ငြိမ်းချမ်းရေးညီလာခံ ပြန်လည် ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအခွင့်အရေးနဲ့ ဒေသအခွင့်အရေးတွေရရှိဖို့ နိုင်ငံရေးစင်မြင့်လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နိုင်မှာ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်လိုပါက ဥပဒေနဲ့ အညီ ကူညီဆောင်ရွက်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ဆက်လက်ကိုင်ဆောင်လိုပါက တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ခွင့် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ထဲ ဝင်ရောက်ပြီးနောက် ပြည်သူတွေ ထိခိုက်နစ်နာမှုတွေဖြစ်အောင် ဆောင်ရွက်တာတွေ ရှိခဲ့ပါက နစ်နာသူတွေက တောင်းဆိုပါက ဥပဒေနဲ့ အညီဖြေရှင်း ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး ဖက်ဒရယ်ဂျာနယ်မြန်မာက စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အပစ်ရပ်အဖွဲ့ PPST ပြောခွင့်ရ ဗိုလ်မှူးစောကျော်ညွှန့်၊ နိုင်အောင်မငေးတို့ကို ၇ ကြိမ်ထက်မနည်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်ခံဖြေဆိုတာတွေ မရှိသေးပါဘူး။