• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 63, August 23, 2022)

 

၁။ ကော်ဘရာစစ်ကြောင်းနှင့်ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦသေပြီး အများအပြား ဒဏ်ရာရဟုဆို
August 23, 2022

မြဝတီ – ဝေါ်လေ ကားလမ်းမ သုံးထပ်ကွေ့အနီးတွင် ယမန်နေ့နံနက် ၉ နာရီခန့်က ကော်ဘရာစစ်ကြောင်းနှင့် ဖြစ်ပွား သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း ယင်းစစ်ကြောင်းက ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။ “လက်နက်ကြီးထိမှန်ပြီးကျဆုံးသွားတာ ကျောကုန်းကနေပြီး နှလုံးကို တိုက်ရိုက်ပေါက်သွားတာပေါ့နော်။ ဒဏ်ရာမရခဲ့တဲ့ရဲဘော်တွေလည်းအများကြီးရှိတယ်။ သူတို့က ကျည်ကာဝတ်ထားလို့ပေါ့ နော်။ ဖြစ်နိုင်ရင်တော့ပြည်သူလူထုတွေအနေနဲ့ကျည်ကာတွေထောက်ပံ့စေချင်တယ်ဗျာ။” ဟုပြောသည်။

ကျဆုံးသွားသောရဲဘော်သည် အသက်၂၀ ခန့်အရွယ်ရှိသူဖြစ်ပြီး ကျန်သုံးဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။ တပ်မ (၄၄) လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းက ကော်ဘရာစစ်ကြောင်းကလုံခြုံရေးယူထားသော နေရာများသို့ လက်နက်ကြီးပစ်ခတ်ကာ ချီတက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာရရှိသူအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ ဘုရားကုန်းအနီးတွင်လည်း ဩဂုတ်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကော်ပရာစစ်ကြောင်းတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး နှစ်ဦး အရှင်ဖမ်းမိခဲ့သည်။

၂။ မောင်တောမြောက်ပိုင်းတွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲထပ်ဖြစ်၊ နှစ်ဖက် ကျဆုံးမှု အခြေအနေမသိရသေး
August 22, 2022

ရခိုင်ပြည် မောင်တောမြောက်ပိုင်း မီးတိုက်ကျေးရွာအနီးတွင် ယနေ့ သြဂုတ် ၂၂ ရက်က AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားကြောင်း ဒေသသတင်းရင်းမြစ်များမှတစ်ဆင့် သိရသည်။ တိုက်ပွဲမှာ နံနက်ပိုင် ၇ နာရီအချိန်ခန့်မှ ၈ နာရီ ခန့်အထိ နှစ်ဖက်ပစ်ခတ်မှုများဖြင့်အပြန်အလှန်ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိသည်ဟု မီးတိုက် ကျေးရွာ ဒေသခံ တစ်ဦးက Western News ကိုပြောသည်။ “ကျနော်တို့ရွာနဲ့ ၁ မိုင်ကျော်လောက်တော့ဝေးမယ်ဗျ။ အပြန် အလှန် ပစ်ခတ်မှုတွေ၊ လက်နက်ကြီးပစ်တာတွေကြားရတယ်။ ကြာချိန်အားဖြင့်တော့ ၁ နာရီလောက်ရှိမယ်။ တိုက်ပွဲသံကရွာနဲ့ နီးတော့ စာသင်ကျောင်းတွေပိတ်ထားဖြစ်တယ်” ဟုပြောသည်။ တိုက်ပွဲဖြစ်ပွားသည့် ဧရိယာအနီးတစ်ဝိုက်တွင် မီးတိုက်ကျေးရွာ အပြင် တခြား တောင်ပြို၊ သင်္ဘောလှ၊ သာယာကုန်း စသည့်ကျေးရွာများလည်းရှိနေပြီး ဒေသခံများထိခိုက်မှုအပါအဝင် ယင်း တိုက် ပွဲဖြစ်ပွါးမှုနှင့် ပတ်သက်၍ နှစ်ဖက်ကျဆုံးမှုအခြေအနေကိုလည်း မသိရသေးပေ။ ယနေ့မတိုင်မီ ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်း အပြန်အလှန်ပစ်ခတ်မှုတို့မရှိခဲ့သော်လည်း လက်နက်ကြီးပစ်ခတ်သံများကိုမူ ရက်ဆက်ကြားနေရသည်ဟု ဒေသခံများ က ပြောသည်။

တိုက်ပွဲဖြစ်ပွါးမှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအားမေးမြန်းရာ ရုံးချုပ်သို့ မေး၍ အကြောင်းပြန်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။ မောင်တောမြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည့်နေရာတစ်ခုဖြစ်ပြီး အဆိုပါဖြစ်စဥ်များကြောင့် ကောင်စီတပ်ဘက်မှ သွားလာရေးလမ်းကြောင်းများအား ကန့်သတ်ထားမှုတို့လည်း ရှိနေသည်။ ဇွန်လအတွင်းမှစတင်၍ နှစ်ဖက်အပြန်အလှန် ဖမ်းဆီး မှုများနှင့် တင်းမာမှုရှိလာခဲ့သည့် စစ်ကောင်စီနှင့် AA တို့မှာ လက်ရှိတွင် စစ်ရေးတင်းမာမှုအခြေအနေမှာ ပြင်းထန်းလာနေပြီး ရသေ့တောင်၊ မောင်တောနှင့် ပလက်ဝဖက်တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

၃။ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က ခရီးသည်ယာဉ်တစ်စီးကို ခရီးသည်တွေနှင့်အတူ ဖမ်းဆီးထား၊ ၅ ရက်ကြာ သည်အထိ ပြန်မလွှတ်သေး
August 22, 2022

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က မင်းတပ်-ပခုက္ကူမြို့ဘက်သို့ ပြေးဆွဲနေသော ရွှေညောင် အေးခရီး သည်ယာဉ်လိုင်းမှ ခရီးသည်ယာဉ်တစ်စီးကို ခရီးသည်များနှင့်အတူ ဩဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများထံမှသိရသည်။ ခရီးသည်ယာဉ်လိုင်းကို ဖမ်းဆီးပြီးနောက် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်ကို ပြန်လည်လွှတ်ပေးသော်လည်း ယာဉ်ပေါ်ပါခရီးသည်များကို ၅ ရက်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ မင်းတပ် မြို့ရှိ စစ်ကောင်စီတပ် ၂၇၄ တပ်ရင်းထဲတွင် ဖမ်းဆီးထားကြောင်း သိရသည်။ “ဩဂုတ်လ ၁၇ ရက်နေ့ကတဲ့က ရွှေညောင် အေးယာဉ်လိုင်းကို စစ်ကောင်စီတပ်က ဓားမြဆန်ဆန်ဖမ်းဆီးထားတာ။ ပြန်လွှတ်လာမယ်လို့ ထင်ပြီး စောင့်နေတာ။ အခု ချိန် ပြန်မလွှတ်ပေးဘူး။ ဒီအကြောင်းကို ဘယ်သူမှ မပြောရဲကြဘူး။ ဒီလုပ်ရပ်က ဓားပြဆန်ဆန်လုပ်သွားတာဗျ” ဟု မင်းတပ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီတပ်က ခရီးသည်ယာဉ်တစ်စီးလျှင် ခရီးသည် ၇ ဦး ပြည့်မှသာလျှင် ယာဉ်လိုင်းထွက်ခွာခွင့်ပြုထားပြီး ၎င်းတို့သတ်မှတ်ထားသော လူဦးရေမပြည့်ပါက မင်းတပ်မြို့မှ ယာဉ်လိုင်း ထွက်ခွာခွင့်မပြုကြောင်း သိရသည်။

လက်ရှိမင်းတပ်မြို့တွင် ခရီးသည်နည်းပါးမှုကြောင့် ခရီးသည်ယာဉ်လိုင်းများအနေဖြင့် ယာဉ်လိုင်ပြေးဆွဲရန် အခက်ကြုံ နေရပြီး မြို့တွင်းသို့ ဝင်ရောက်လာသော ယာဉ်အဝင်/အထွက်လည်း နည်းပါးနေသည်ဟု ဒေသခံများကဆိုသည်။ ထို့ပြင် ဒေသကာကွယ်ရေးတပ် CDF-Mindat အား အလင်းဝင်ရန်အတွက် မြို့တွင်းတွင် စစ်ကောင်စီတပ်များက မကြာခဏစည်းရုံးမှု များလည်း လုပ်ဆောင်နေကြောင်းသိရသည်။ “စစ်ကောင်စီတပ်က ခရီးသည်ယာဉ်လိုင်းကို ဓားပြဆန်ဆန်ပြန်ပေးဆွဲထားတဲ့ ယာဉ်ပေါ်မှာ ပါသွားတဲ့ ခရီးသည်အရေအတွက်ကို အတိအကျမသိရှိရသေးဘူး။ ယာဉ်မောင်းကလည်း ကြောက်တဲ့အတွက် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖြေဆိုဖို့ ငြင်းဆန်ထားတယ်။ အခုရက်ပိုင်းမှာ ခရီးသည်တွေလည်း နည်းပါးတဲ့အတွက် ယာဉ်လိုင်း တွေက ပြေးဆွဲဖို့ ကြောက်ရွံ့နေကြတယ်။ စစ်ဘေးရှောင်နေကြတဲ့ မင်းတပ်ပြည်သူတွေကို မြို့ထဲမှာ ပြန်မလာရဲအောင်လုပ် ဆောင်တယ်လို့ပဲ သုံးသပ်တယ်။ မင်းတပ်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေက ဒေသကာကွယ်ရေးတပ်တွေ အလင်းဝင်အောင် အမြဲစည်းရုံးတယ်။ မင်းတပ်ပြည်သူတွေကို ဘယ်လောက်စည်းရုံးတယ်၊ ဘယ်လောက်ပူးပေါင်းပါဝင်ပေးကြောင်းကို အထက်ကို သတင်းမှားတင်ပြချင်တဲ့ သဘောလို့မြင်တယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ပြောသည်။ စစ်ကောင်စီတပ်က မင်းတပ် ပြည်သူလူထုအပေါ် ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်ခြင်း၊ မြို့တွင်းတွင် လုံခြုံရေးတင်းပိုမိုတင်းကြပ်ခြင်းတို့ကြောင့် လွတ်မြောက်ရာသို့ စစ်ဘေးရှောင်နေကြသော မင်းတပ်ပြည်သူ ၉၅၀၀ ခန့်မှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။

၄။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းလိုအပ်
August 23, 2022

ကရင်နီပြည် ဒီးမောဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကြားကာလကိုယ်ထူကိုယ်ထကျောင်းတွေမှာ သင်ထောက်ကူ ပစ္စည်း တွေ စာရေးကိရိယာတွေ လိုအပ်ချက်တွေရှိနေတယ်လို့ သင်ကြားပေးတဲ့ ကျောင်းဆရာမတွေဆီကနေ သိရပါတယ်။ ဒီးမောဆို အရှေ့ဖက်ခြမ်း ကိုယ်ထူကိုယ်ထကျောင်းမှ ဆရာတစ်ဦးက “အခက်ခဲကတော့စာအုပ်ပါပဲ။ လောလောဆယ်ကတော့ စာအုပ်က မရှိဘူးလေ။ ပုံနိပ်စာအုပ်တို့ သင်ထောက်ကူတို့ဆိုမလုံလောက်ဘူး။ ကျွန်တော်သင်တဲ့ Grade (7)ဆို စနစ်သစ်မှာနော်။ အဲ့မှာ သင်ထောက်ကူလုံးဝမရှိဘူး။” လို့ဆိုပါတယ်။ သင်ထောက်ကူပစ္စည်းတွေမရှိတဲ့အတွက် စက္ကူကို ကတ်ကြေးနဲ့ ဖြတ်ညှပ်ကပ် လုပ်ကာ သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုရတယ်လို့ ဆိုပါတယ်။ လာရောက်လှူဒါန်းတဲ့ အဖွဲ့အစည်းတွေရှိပေမယ့် လုံလောက်မှု မရှိသေးဘူးလို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတစ်ခုမှာ စစ်ဘေးရှောင်ရင်း ကိုယ်ထူကိုယ်ထ ကျောင်းမှာ စာသင်ပေးနေတဲ့ CDM ဆရာမတစ်ဦးကခုလိုပြောပါတယ်။ “ကျောင်းသားအနေနဲ့ကတော့ လုံလောက်မှုမရှိဘူး ကျမတို့ရသလောက်လေးနဲ့ ကလေးတွေကို ဝေထားတာတော့ရှိတယ်။ စာရေးကိရိယာ ခဲတံတို့ ဘာတို့လည်း လိုအပ်မှုရှိနေသေး တယ်ပေါ့။”လို့ ဆရာမက ပြောပါတယ်။

ကရင်နီပြည်နယ်ရှိ ကလေးတိုင်း ပညာရေးစနစ်ကိုလက်လှမ်းမီနိုင်ဖို့က KSCC ရဲ့ပညာရေးလမ်းစဉ်ထဲမှာပါဝင်ပေမယ့် ဆရာ/ဆရာမ တွေရဲ့ လစာ၊သင်ထောက်ကူပစ္စည်း နဲ့ သင်ကြားတဲ့စာသင်ခန်းတွေကို အပြည့်အဝ ပံ့ပိုးပေးနိုင်ခြင်းမရှိသေးဘူးလို့ ကရင်နီပြည်နယ်တိုင်ပင်ခံကောင်စီ (KSCC) မှ ကိုဗညား ကခုလိုပြောပါတယ်။ “ကျနော်တို့အနေနဲ့ ဆရာ၊ ဆရာမတွေရဲ့ လစာ ဖြစ်စေ ကျောင်းသင်ထောက်ကူပစ္စည်းဖြစ်စေ အအောက်အဦးဖြစ်စေ အားလုံးကို ကျနော်တို့က ပံ့ပိုးမှု ပုံစံမျိုးမရှိနိုင် တာအမှန်ပဲ။ အဲ့ဒါတော့ အမှန်တရားကို လက်ခံခြင်းဖြစ်တယ်။” ကရင်နီပြည်နယ်တိုင်ပင်ခံကောင်စီ (KSCC) မှ ကိုဗညား ကခုလိုပြောပါ တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်က မြို့နယ်အသီးသီးမှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာ KSCC ပညာရေးလက်အောက်မှာ ကြားကာလပညာသင်ကြားနေတဲ့ ကျောင်းပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ အနေနဲ့ မိမိတို့ပြည်နယ်ရှိ ကလေး သူငယ်တွေရဲ့ ပညာသင်ကြားခွင့်မဆုံးရှူံးရေး၊ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းကူးပြောင်းခွင့် အာမခံချက်များရရှိရေးတို့ကို မြေပြင်မှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ https://www.kantarawaddytimes.org/

၅။ အောင်မြင်သာကျေးရွာတွင် ဆုတောင်းပွဲတက်ရောက်သူ ၃၀ ခန့် အစာအဆိပ်သင့်ပြီး ကလေးငယ်တစ်ဦး စိုးရိမ်ရ
August 23, 2022

မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာတွင် ယမန်နေ့ ည ၈ နာရီခန့်က ဆုတောင်းပွဲတစ်ခုတွင် ကျွေးသော အစားအသောက်ကြောင့် လူ ၃၀ ဦးခန့် အစာအဆိပ်သင့်ခဲ့ပြီး ကလေးငယ်တစ်ဦး စိုးရိမ်ရကြောင်း သိရသည်။ မြစ်ကြီနား – ပူတာအိုလမ်းပေါ်ရှိ အောင်မြင်သာအပန်းဖြေစခန်းရှိရာ အောင်မြင်သာစံပြကျေးရွာတွင် ကလေးကင်းပွန်းတပ် ဆုတောင်းပွဲ တက်ရောက်ခဲ့သူများ အစာအဆိပ်သင့်ကာ ပျို့အန်ပြီး ဝမ်းလျှောခဲ့ကြောင်း အစာအဆိပ်သင့်ခဲ့သော ကာယကံရှင် အမျိုးသမီး တစ်ဦးက The 74 Media ကိုပြောသည်။ “စားပြီးချင်းတော့ မဖြစ်ဘူး။ ညရောက်မှ ပျို့အန်တာရော၊ ဝမ်းလျှောတာရော။ အဲ့လို ဖြစ်တာက အချိန်မတူကြပါဘူး။ ဒါပေမဲ့ အကုန်လုံးလည်း မဖြစ်ကြဘူး။ မနေ့က နေလည်းအရမ်းပူတယ်။ ပြီးတော့ စားတဲ့ ဟာ တွေ အကုန်လုံးက အပူစာတွေပဲမို့လို့လားမသိဘူး။ ကလေးတွေရော လူကြီးတွေရော အားလုံးဖြစ်ကြတာ” ဟုပြောသည်။

အစာအဆိပ်သင့်မှုဖြစ်စဉ်တွင် အမျိုးသမီးများ အများဆုံးပါဝင်ပြီး အသက် ၃ နှစ်ခန့် ကလေးငယ်တစ်ဦးမှာ အသက် အန္တရာယ်စိုးရိမ်ရသဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု အခြား ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြော သည်။ “ကျွန်တော်ကတော့ ပျို့အန်တာတွေလည်း မရှိဘူး။ ဝမ်းလျှောတာတွေလည်း မဖြစ်ခဲ့သော။ ထင်ရတာတော့ အမျိုးသမီးနဲ့ ကလေးတွေပဲထင်တယ်။ ကလေးတစ်ယောက်ကတော့ မျော(မေ့မျော)သွားလို့ ဆေးရုံကို ညတွင်းချင်း အရောက်ပို့ပေးခဲ့ရတယ်” ဟုပြောသည်။ ကချင်ရိုးရာ ကလေးကင်ပွန်းတပ် ဆုတောင်းပွဲတွင် ကောင်ညှင်းပေါင်းထုပ်၊ ဂျင်းနှင့် ဆိတ်သား ကျွေးမွေးဧည့်ခံ ရာမှ ဆုတောင်းပွဲပါဝင်သူများ အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။ အောင်မြင်သာစံပြကျေးရွာသည် မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသော‌ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေစုစုပေါင်း လေးရာကျော်ခန့်နှင့် လူဦးရေစုစုပေါင်း ငါထောင်ခန့် ရှိသော ကျေးရွာတစ်ခုဖြစ်သည်။

၆။ ပလက်ဝနှင့် မောင်တောတွင် AA နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ တပ်စခန်းများမှ ဆုတ်ခွာ
August 22, 2022

ယခုရက်ပိုင်းများတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ မောင်တောမြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး ယင်းမြို့နယ်အတွင်းတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းများတွင် ရိက္ခာများ ပြတ်လပ်ကာ စခန်းမှ ဆုတ်ခွါသွားကြကြောင်း ဒေသခံများက ပြောဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းများတွင် ဖြစ်ပွါးခဲ့ သည့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်တပ်စခန်းများ အခြေချနေထိုင်သည့် နေရာများသို့ AA တပ်ဖွဲ့ဝင်များ လာရောက် တိုက်ခိုက်မှုများ ရှိခဲ့ပြီးနောက် စခန်းများကို စွန့်ခွါမှုများရှိကြောင်း ဒေသခံများကပြောသည်။ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက” ကျနော်တို့ရွာကရွာသားတွေကို စစ်ကောင်စီကရိက္ခာတွေပို့ခိုင်းတာတွေရှိတယ်။ ဖုန်းဆက်ပြီးတော့အတင်း ဓမ္မ မပို့မနေရ ပို့ခိုင်းတယ်။ ရိက္ခာတွေ ပို့တာတော့ ပိုက်ဆံတွေတော့ ပေးတယ်။ အဲ့ဒီမှာ AA က စခန်းတွေ ဖြတ်တိုက်တာ တွေရှိ တယ်။ အခုနောက်ပိုင်း ဖုန်းလည်းမဆက်တော့ဘူး။ တစ်ယောက်မှ မပို့ကြတော့ဘူး။ တစ်ပတ်ကျော် လောက်ရှိပြီ။ ရိက္ခာ မပို့ကြ တာ။ အခုနောက်ပိုင်းသူတို့လည်း မရှိကြတော့ဘူးလို့ပြောတယ်” ဟုပြောသည်။ ပြီးခဲ့သည် ဩဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွါးခဲ့ သည် ပလက်မြို့နယ် သူဌေးကုန်းကျေးရွာအနီးမြောက်ဖက်တွင် သြဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့ တို့မှာလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ သြဂုတ်လ ၂၂ ရက် နံနက်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ရေးတင်းမာနေသည့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်း ၇ခု ဆုတ်ခွါသွားကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် ပြုလုပ်သည့် ရက္ခိုင့်တပ်တော် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုခဲ့ သည်။ ချင်းပြည်နယ် ပလက်ဝ အထက်ဖက်တွင်ရှိသည့် စစ်ကောင်စီ တပ်တပ်စခန်းများကိုလည်း ရက္ခိုင့်တပ်တော် AA က ပိတ်ဆို့ထားလိုက်ပြီး စခန်းအချို့ကိုလည်း ဝင်ရောက်စီးနင်းလိုက်ကြောင်း AA ၏ စစ်ဖက်ဆိုင်ရာ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။ “ပလက်ဝဖက်မှာ AA က ပိတ်ဆို့ ဝိုင်းထားတာတွေရှိတယ်။ ၂၈၉ တပ်ရင်းကို ဝိုင်းထားတာပေါ့။ ပြီးခဲ့တဲ့နှစ်က ဝိုင်းထားသလိုမျိုး အကုန်ဝိုင်းထားကြတယ်။ အဲ့ဒီမှာ တပ်မ ၁၁ ဆိုတာလည်းရှိတယ်။ ၅၅ ကလည်း အင်အားဖြည့်လာတာ တွေရှိ တယ်။ ပလက်ဝအထက်ဖက်ဆိုရင် စစ်ကောင်စီဖက်က မသွားနိုင်တော့ဘူး။ ကလက်ချောင်းဖက်တွေ ရိက္ခာပြတ်ပြီး ပြန်လည် ဆုပ်ခွါနေတာတွေရှိတယ်။ အောက်က ရိက္ခာတွေကိုလည်း အပေါ်ကို တင်လို့မရတော့ဘူး။ ပလက်ဝ ကျီးလေအောက်ကနေ ဖြတ်တောက်လိုက်တယ်”ဟုပြောသည်။ ပလက်ဝ မြို့နယ် နှုံးဗူးဗျူးဟာနှင့် တရွာအိုင်းဖက်မှာရှိသည့် စစ်ကောင်စီတပ် စခန်းများ လည်း အားလုံးကို ဆုပ်ခွါကြပြီး ၂၈၉ တပ်ရင်းနှင့် ၅၅ တပ်မတို့လည်း အဆိုပါနေရာများ တက်ရောက်နိုင်ခြင်းမရှိဘဲ ရိက္ခာများနှင့် စစ်စခန်းများအား AA က သိမ်းပိုက်ခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

၇။ LDU နာမည်အသုံးချကာ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်သည့် ကျာဆော်လမွန်အဖွဲ့သည် လားဟူ ပြည်သူများကို ကိုယ်စားမပြုဟု ထုတ်ပြန်
August 22, 2022

စစ်ကောင်စီ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်သည့် ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့ သည် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၏ အမည်နာမကို အလွဲသုံးစားလုပ်ခြင်းသာဖြစ်ပြီး လားဟူပြည်သူလူထု ကို ကိုယ်စားမပြုဟု LDU ဥက္ကဋ္ဌ ကျာဟားက ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် LDU နာမည်ကို အလွဲသုံးစား မလုပ်ရန် အကြိမ်ကြိမ် သတိပေးထုတ်ပြန်ပြီးဖြစ်သော်လည်း ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့အနေဖြင့် ထပ်မံအသုံးပြု လာသည့်အတွက် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြသည်။ LDU အနေဖြင့် လားဟူလူမျိုးအတွက် တန်းတူအခွင့် အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိနိုင်စေရေးအတွက် အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော တော်လှန်ရေးအင်အားစုများ နှင့်အတူ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းလက်တွဲကာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း LDU ဥက္ကဋ္ဌ ကျာဟားက ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင် ကမ်းလှမ်းသည့် ပထမအကြိမ်ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ဟု LDU ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ က ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အတွင်းရေးမှူး ကျာဆော်လမွန်နှင့် အဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့တွင် နေပြည်တော် ၌ စစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ကျာဆော်လမွန်သည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး LDU ကို ပြန်လည်ဖွဲ့စည်း ကြောင်း ဇူလိုင်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်မှာ တရားမဝင်ကြောင်း ကျာဟားက ပြန်လည် ထုတ်ပြန် ထားသည်။

၈။ ရေးမြို့တွင် မြို့တွင်းတိုက်ခိုက်မှုများကြောင့် ကျောင်းတက်သူများ နည်းပါးလာ
August 23, 2022

မွန်ပြည်နယ်၊ ရေးမြို့တွင် စာသင်ကျောင်းများဖွင့်လှစ်ထားသော်လည်း မြို့တွင်း တိုက်ခိုက်မှုများဖြစ်ပေါ်လာပြီးနောက် ကျောင်းတက်သူ ကျောင်းသူ၊ ကျောင်းသား ဦးရေနည်းပါးလာကြောင်း မြို့ခံကျောင်းသား မိဘများထံမှ သိရသည်။ ရေးမြို့ အတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန(လဝက)ရုံး ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပြီး ဒုမြို့နယ်လဝကမှူးအပါအဝင် စုစုပေါင်းသုံးဦး သေဆုံးခဲ့မှုဖြစ်ပေါ်ခဲ့ပြီးနောက် ရေးမြို့နေ ပြည်သူ များအနေဖြင့် မိမိတို့၏ ကလေးများအတွက် လုံခြုံရေးစိုးရိမ်မှုရှိလာသောကြောင့် ကျောင်းမတက်ခိုင်းကြတော့ကြောင်း ကျောင်း သားမိဘတစ်ဦးက ယခုလိုပြောသည်။ ၎င်းက”ဒီဘက်မှာတော့ ကလေးတွေကိုကျောင်း မပေးတက်ကြတော့ဘူး။ ပြီးတော့ ကလေးတွေအတွက်လည်း စိတ်မချရဘူး။ တစ်ခုခုဆိုဘာမှလုပ်လို့မရတော့ဘူး။ ဈေးတွေဘာတွေသွားရင်လည်း‌ ကျောင်းဘက် ကြည့် ဖြစ်တယ်။ တက်တဲ့လူတော့ ရှိတာပေါ့။ ဒါပေမဲ့ အရင်ကလောက်မများတော့ဘူး‌။ တော်တော်နည်းလာတယ်။ ကျောင်း လာတက်တဲ့ သူတွေသိသိ သာသာကြီးကိုနည်းလာတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

ရေးမြို့နယ်အတွင်းရှိစစ်ကောင်စီကို ပံ့ပိုးပေးနေသည့် ထောက်တိုင်များအနေဖြင့် ဩဂုတ်လ ၂ ရက်နေ့တွင် နောက်ဆုံး ထားနုတ်ထွက်ကြရန် တော်လှန်ရေးအင်အားစုအဖွဲ့များက သတိပေးထုတ်ပြန်ထားပြီး ဩဂုတ်လ ၃ ရက်နေ့တွင်မူ မြို့တွင်း လဝက ရုံးကိုဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ” ကျနော်လည်းပြောမတတ်တော့ဘူး။ လူထုက နှစ်ဖက်လုံးကိုပိုကြောက်နေရတဲ့ သဘောဖြစ်နေပြီး။ ဒီအချိန်ကလည်း ဘာဥပဒေမှမရှိဘူး။ ပြီးတော့ ရှစ်တန်းလား၊ ခုနှစ်တန်း လား ပျောက်သွားတာ ၁၂ ရက် လောက်ရှိပြီး။ ကလေးမကထင်သလောက် ဦးနှောက်က သိပ်မပြည့်နေဘူး။ အဲ့လိုကိစ္စတွေ ကြောင့် ကျောင်သားမိဘတွေက ကျောင်းပေးမတက်တာဖြစ်မယ် ”ဟု အမည်မဖော်လိုသူ ရေးမြို့ခံတစ်ဦးက ပြောသည်၊၊ ရေးမြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြို့တွင်းပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် အခုရက်ပိုင်းတွင် ပြန်လည် ငြိမ်သက်သွားခဲ့သော်လည်း ပစ်ခတ်မှုများကြောင့် ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကလည်း ဒေသန္တအမိန့် အရ ညမထွက်ရအမိန့်ကို ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။ https://kicnews.org/2022/08/%e1%80 %9b%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1

၉။ ဖရူဆိုမြို့နယ်၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်
August 22, 2022

ကရင်နီ(ကယား) ပြည်နယ်၊ဖရူဆိုမြို့နယ်၊ ထီးတော်ကူးရွာ နှင့် ထီးပေါ်ဆိုရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ က ပူးပေါင်း တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုများ ရှိကြောင်း လွိုင်ကော် PDFက ယနေ့သြဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။ လွိုင်ကော် PDF နှင့်အတူကရင်နီတပ်မတော်(KA) ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ၊ အလယ်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့ နှင့် အလယ်ပိုင်းတိုင်း တပ်ရင်း (၁၁၀၁) တို့က ထီးတော်ကူးရွာ နှင့် ထီးပေါ်ဆိုကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယမန်နေ့တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးရှုံးမှုများ ရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်းနှင့် မဟာမိတ်တပ်များဘက်မှလည်း ထိခိုက်ဒဏ်ရာ ရရှိမှု အချို့ရှိခဲ့ပြီး လွိုင်ကော် PDF မှ ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

၁၀။ ကိုယ်ဝန် ၇ လကျော်ဖြင့် သွေးထွက်လွန် ဖျားနာနေသည့် ဆလန်ယန် IDP စခန်းမှ အမျိုးသမီးတစ်ဦးကို မြစ်ကြီးနားမြို့ သို့ ပို့ဆောင်၊ ဆေးကုသစရိတ် အကူအညီလိုအပ်နေ
August 22, 2022

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဆလန်ယန် IDP စခန်းက ကိုယ်ဝန် ၇ လကျော်ဖြင့် သွေးထွက်လွန် ဖျားနာ လာသည့် စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးကို ဆေးကုသရန် မြစ်ကြီးနားမြို့သို့ ခက်ခက်ခဲခဲ ပို့ဆောင်ရကြောင်း သိရသည်။ ၎င်းအမျိုးသမီးအတွက် ဆေးကုသစရိတ်လည်း အကူအညီများလိုအပ်‌နေသေးကြောင်း နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့ခိုလှုံ‌နေသည့် စစ်ဘေးဒုက္ခသည်စခန်းမှ ၃ မိုင်ခန့်ဝေးသည့် စက်လှေဆိပ်သို့ ထမ်းစင်ဖြင့် ထမ်းလာရပြီး စက်လှေမှတဆင့် ကားဖြင့် မြစ်ကြီးနားမြို့သို့ ဆင်းလာရသည့် လမ်းခရီး ဖြစ်သည်။

“အဖျားကြီးလာတော့ ဒီကနေ ထမ်းပြီးလိုက်ပို့လိုက်တယ်။ အခုမြစ်ကြီးနားဆင်းလာပြီ။ ငွေကြေးက အစ အခက်အခဲ တွေကလည်း အများကြီးရှိကြတယ်။ အခုမနက် ဆင်းသွားတာ၊ အခုတော့ မြစ်ကြီးနား ရောက်ပြီလား မသိဘူး။ အဆက် အသွယ် မလုပ်ရသေးဘူး။ ကလေးသုံးယောက်က ဒီမှာပဲ အဖိုးနဲ့ ကျန်ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။ ဆလန်ယန် စစ်ဘေး ဒုက္ခသည်စခန်းသည် ၂၀၁၅ ခုနှစ်က KIA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား၍ ဂျာရာယန်ကျေးရွာမှ ပြောင်းရွှေ့လာသည့် စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်စခန်း ဖြစ်သည်။

 

၁၁။ စားသုံးကုန်စျေးနှုန်း မြှင့်တက်မှုကြောင့် စစ်ရှောင်တွေအခက်ကြုံနေရ
August 22, 2022

နေ့စဉ် ဝယ်ယူစားသောက်နေရတဲ့ စားသုံးကုန်တွေရဲ့ စျေးနှုန်းဟာ ယခင်အာဏာမသိမ်းခင်ကထက် ၂ ဆခန့် ပိုမိုမြှင့် တက်နေတာကြောင့် အခက်ကြုံတွေ့နေရတယ်လို့ ကရင်နီ စစ်ရှောင်တွေက ပြောပါတယ်။ စျေးနှုန်းမြှင့်တက်နေပေမယ့်လည်း နေ့စဉ်လိုအပ်တဲ့အစားအစာဖြစ်တဲ့အတွက် ဝယ်ယူစားသောက်နေရတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ဒေါ်ဂျိုးစဖင်းက ပြောပါတယ်။ “ကျမတို့ စစ်ရှောင်တွေအတွက် ဒီကုန်စျေးနှုန်းတွေက မြှင့်သည်ထက်မြှင့်လာတယ်။ ကျမတို့ အတွက် အရမ်းကို ခက်တယ်ပြောရမှာပေါ့နော။ မဝယ်လို့လည်းမဖြစ်ဘူး။ တကယ်လို့ ဆီဆိုလို့ရှိရင် နေ့စဉ်စားသုံးရတဲ့ အစား အစာထဲမှာပါတယ်။ မဝယ်လို့ရှိရင်လည်း တကယ်လည်းခက်ခဲတယ်။ ကျမတို့ဆီ။” လို့ သူက ပြောပါတယ်။ လက်ရှိ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ယခင်က တစ်ထောင့်ငါးရာကျပ် ပေးဝယ်ရတဲ့ စားသုံးစီ ဆီဘူးသေးတစ်ဘူးဟာ လက်ရှိမှာ တစ်ဘူးကို ငါးထောင်အထိ ပေးဝယ်ရတယ်လို့ ဆိုပါတယ်။ အခြားအခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာလည်း အလားတူ မြှင့်တက် လျက်ရှိနေတာပါ။

ကရင်နီပြည်မှာ စစ်ရှောင် နှစ်သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်ဒေသခံတွေဟာ တစ်နှစ်ကျော်အချိန်အထိ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတဲ့အတွက် ဝင်ငွေရ အလုပ်အကိုင်လည်းမရှိသလို စားဝတ်နေရေးအတွက် အလှူရှင်ကိုသာ အဓိက မှီခိုနေရပါ တယ်။ ကုန်ပစ္စည်းစီးဆင်းမှုကိုလည်း တိုက်ပွဲဖြစ်ပွားတဲ့ကြားက ပစ္စည်းမပြတ်လပ်အောင် လုပ်ဆောင်ရတယ်လို့ ဆိုင်ရှင်တစ်ဦး က ပြောပါတယ်။ “အခု လမ်းကောင်းတဲ့အချိန်ဆိုရင် လွိုင်ကော်မှာ ပြေးယူရတယ်။ နည်းနည်းအန္တာရာယ်ရှိတယ်။ လမ်းအခြေ အနေ ကြည့်ပြီးတော့မှ သွားရတယ်။ တစ်ခါတစ်ခါ အခြေအနေမကောင်းရင်တော့ ပီကင်းစျေးမှာပဲ စျေးကြီးကြီးနဲ့ ဝယ်ရတယ်။” လို့ ဒေသခံ စျေးဆိုင်ရှင်တစ်ဦးက ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80% ac%e1 %80%b8%e1%80%9e%e1%80%af%

၁၂။ WFP ရဲ့ ရိက္ခာထောက်ပံ့မှု ရပ်နားခံရတဲ့ စစ်ရှောင်စခန်း ၅ ခု ဆန်ပြတ်လပ်လို့ (၁၈)နှစ်အောက် စစ်ရှောင်ကလေးငယ် (၁၉)ဦး အိမ်ဖော်အလုပ် လုပ်နေရ
August 22, 2022

ရှမ်းမြောက်မှာ စစ်ရှောင်စခန်း (၁၃)ခုနဲ့ လူဦးရေ (၄,၆၀၀)ကျော် (၄,၆၆၄ ဦး)ရှိတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ ဇူလိုင်လကစပြီး WFP ရဲ့ ရိက္ခာထောက်ပံ့မှု ရပ်နားခံရတဲ့ စစ်ရှောင်စခန်း ၅ ခုဟာ စားသောက်ဖို့ ဆန်ပြတ်လပ်နေလို့ စစ်ရှောင် ကလေးငယ် (၁၉)ဦး အိမ်ဖော်အလုပ် လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ ဒီနှစ်ကစပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ် (WFP) ဟာ ကွတ်ခိုင်မြို့နယ်ထဲက စစ်ရှောင်စခန်း ၉ ခုမှာ လစဥ်စားနပ်ရိက္ခာ ထောက်ပံ့မှုတွေပေးခဲ့ပြီး ဇူလိုင်လကစလို့ လူဦးရေ (၁,၁၁၄) ဦးရှိတဲ့ ဟိုခို၊ လီဆူ၊ မိုင်းယုလေး၊ မုံးစီး KBC နဲ့ မုံးစီး RC စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ ထောက်ပံ့မှု ရပ်နားလိုက်တာ ကြောင့် စားဝတ်နေရေး အခက်အခဲတွေကို စစ်ရှောင်တွေ ကြုံတွေ့နေရတာပါ။ အထက်ပါ စစ်ရှောင်စခန်း ၅ ခုလုံးမှာ ဆန်ပြတ် လပ်မှု မကြုံရတဲ့ မိသားစုအချို့သာရှိပြီး စစ်ရှောင်အများစုကတော့ နီးစပ်ရာနေရာတွေမှာ ဆန်တွေကို အကြွေးယူစားနေရ တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ စစ်ရှောင်တစ်ဦးက “ကျမတို့ စခန်းမှာ ငတ်ပြတ်မှုတွေနဲ့တောင် ကြုံနေရတယ်။ မိသားစု အများစုက နေ့လယ်စာတောင် မစားကြတော့ဘူး။ ဆန်တွေ ပြတ်တာများတယ်။ တချို့က အနီးရွာက အိမ်တွေမှာ ဆန်တွေ လိုက်ချေးငှားယူပြီး တောင်ယာစပါးရတဲ့အချိန် ပြန်အကြွေးဆပ်ရမှာပေါ့။ တချို့က ဆန်ဆိုင်တွေမှာ အကြွေးတွေနဲ့ များနေပြီ” လို့ ပြောပါတယ်။

စစ်ရှောင်စခန်း ၅ ခုလုံးကတော့ WFP ရဲ့ ထောက်ပံ့မှု ရပ်နားခံရပြီးနောက် ဒီလိုအခက်အခဲတွေ ကြုံနေရပြီး အခြားဒေသမှာ အိမ်ဖော် သွားလုပ်ရတဲ့ ကလေးငယ်တွေလည်း ရှိနေပါတယ်။ အဲဒီအထဲမှာ လီဆူ စစ်ရှောင်စခန်းက အသက် (၁၃)နှစ်အောက် ကလေးငယ် ၈ ဦးဟာ စားဝတ်နေရေး အခက်အခဲကြောင့် အခြားမြို့တွေမှာ အိမ်ဖော်သွားလုပ်နေရတယ်လို့ စခန်းမှ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ “ဒီမှာက ဘာအလုပ်မှ မရှိဘူးလေ။ WFP က လစဥ်ထောက်ပံ့မှု ပေးတုန်းက ခံသာ သေးတယ်။ အခုက စားဝတ်နေရေး အရမ်းခက်ခဲတာ။ ဒီစခန်းက ကလေးငယ် ၈ ယောက်လောက် မန္တလေးနဲ့ အခြားမြို့မှာ အိမ်ဖော် သွားလုပ်ရတာ။ အသက် (၁၃)နှစ်အောက်တွေဘဲ။ ကြားရတာ တစ်နှစ်မှ ၈ သိန်းဘဲရတာ။ တစ်ချို့ကလေးတွေက အိမ်ပြန်ချင်တယ်။ ဒါပေမဲ့ ဒီမှာလဲ စားဝတ်နေရေးက ခက်ခဲတော့ မလာခိုင်းဘူးလေ။ တချို့လူငယ်တွေလဲ တရုတ်ပြည်နဲ့ လောက်ကိုင်ဘက် အလုပ် သွားလုပ်တာ အဆင်မပြေလို့ ပြန်လာရတာ။ အသွားလမ်းစရိတ်က ငွေချေးသွားတာ အခုထိ အကြွေး က မကြေသေးဘူး။ စခန်းမှာ ဖျားနာနေတဲ့ သက်ကြီးတွေလည်း များနေပြန်တယ်” အခုလို အိမ်ဖော် သွားလုပ်ရတဲ့ ကလေးငယ် တွေဟာ လီဆူစခန်းက ၈ ဦးအပါအဝင် မိုင်းယုလေးစခန်းမှ ၅ ဦးနဲ့ မုံးစီး KBC စခန်းက ၆ ဦးတို့ဖြစ်ကြပြီး အများစုဟာ (၁၃)နှစ် အောက်နဲ့ မိန်းကလေးငယ်တွေဖြစ်သလို WFP ရဲ့ ထောက်ပံ့မှု ရပ်နားပြီးနောက် စားဝတ်နေရေး အခက်အခဲတွေကြောင့် သွားလုပ်နေကြရတာလို့ စစ်ရှောင်တွေက ဆိုပါတယ်။

၁၃။ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အင်းတော်-မော်လူး လမ်းပိုင်းကို ယာယီပိတ်ထား
August 23.2022

ကချင် စစ်ကိုင်းအစပ် အင်းတော်မြို့ နှင့် မော်လူးမြို့ကြားတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ ပြီးနောက် အင်းတော်-မော်လူးကားလမ်းပိုင်းကို အင်းတော် PDF ဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု သိရသည်။ ယနေ့ နံနက် ၈ နာရီအချိန်တွင် နဘားကျေးရွာမှ အင်းတော် ဘက်သို့ခြေလျှင်ဖြင့်တက်လာသည့် စစ်ကောင်စီတပ် အင်အား ၇၀ ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊PDF ၊ ကျောင်းသားတပ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “သိပ်တော့မကြာလောက်ဘူး ခနလောက်ပဲ ကြာရင်တစ်ရက်နှစ်ရက် လောက်ပဲ။ လမ်းပိတ်တာက ခုနဘားလမ်းဆုံမှာ တိုက်ပွဲ ဖြစ်နေလို့ ပိတ်လိုက်တာ အင်းတော် -မော်လူးလမ်းပိုင်းပဲ မနက်က တိုက်ပွဲက မိနစ် ၃၀ လောက်ကြာတယ် အချိန်မရွေးပြန်ဖြစ်နိုင်တဲ့အတွက် လမ်းပိတ်ထားတာ”ဟု ပြောသည်။

ယနေ့ နံနက် ၉ နာရီမှစတင်ကာ ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ခရီးသည်တင်ယာဥ်နှင့် ကုန်တင်ကား ကြီးများအားလုံး ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားပြီး အများဆုံးအချိန် ၂ ရက်ခန့်ကြာနိုင်သည်ဟု ဆိုသည်။ နာရီဝက်အကြာ ဖြစ်ပွားခဲ့သည့် ယနေ့ နံနက်တိုက်ပွဲတွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ခြုံခိုတိုက်ခိုက် ခံရသောကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း သိရသည်။

 

၁၄။ မုန်းမြို့ ကနစိုးရွာ ရဟတ်ယာဉ်နဲ့ အပစ်ခံရလို့ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
August 23, 2022

ညောင်လေးပင်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်ရာ မုန်းမြို့နယ်၊ ကနစိုးရွာ ဝန်းကျင်ကို ဩဂုတ်လ ၂၃ ရက် ဒီနေ့မနက်အစောပိုင်း စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီကနေ့မနက်အစော ၅ နာရီခွဲဝန်းကျင်က ကနစိုးရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၈) က မိနစ် ၂၀ ကြာ သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် အခုလို လာပစ်တာလို့ KNU က ဆိုပါတယ်။ ဒါကြောင့် အိမ်ခြေ ၂၂၀ ရှိတဲ့ ရွာက ဒေသခံ ၁၁၁၇ ဦး ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်းမြို့ ဒေသခံတစ်ဦးကလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ လာပစ်လို့ ထွက်ပြေးနေကြရပြီး ထိခိုက်မှု တော့ မကြားရသေးဘူးလို့ RFA ကို ပြောပါတယ်။ “ကနစိုးက စစ်ကောင်စီတပ်ကို မနက်အစောပိုင်းက သွားတိုက်ကြတာ။ ၇ နာရီခွဲလောက်မှာ ရွာထဲကို ဗုံးကြဲသွားတယ်။ တိုက်ပွဲပြီးမှ လေကြောင်းက ပစ်သွားတာ။ ထိခိုက်မှုတွေတော့ ဘာမှ မကြားရ သေးဘူး။ ဒါပေမဲ့ ရွာသားတွေကတော့ ထွက်ပြေးရတာပေါ့။ ကလေးအငယ်တွေကို အစောကတည်းက တခြားနေရာ ပို့ထားလို့ တော်သေးတာပေါ့။ တိုက်ပွဲဖြစ်မှ ပြေးရရင် မလွယ်ဘူး။ ဖြစ်တဲ့အချိန်က မှောင်မှောင်မည်းမည်းပဲ ရှိသေးတယ်” တိုက်ပွဲ အခြေ အနေတိတိကျကျနဲ့ နှစ်ဖက်ထိခိုက်မှုတွေကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ညောင်လေးပင်ခရိုင်ထဲမှာ ရွာပေါင်း ၄၀ က စစ်ဘေးဒုက္ခသည် ၁၇,၂၅၇ ဦးအထိ ရှိလာတယ်လို့ KNU က ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၁၅။ လက်နက်ဆက်ကိုင်ချင်သည့် EAO များကို စစ်တပ်ထဲ ဝင်ခွင့်ပြုမည်ဟု စစ်ခေါင်းဆောင်ပြော
August 23, 2022

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ (EAO) များ အနေဖြင့် လက်နက်ဆက်ကိုင်ချင်ပါက မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ထဲ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဩဂုတ် ၂၂ ရက်က နေပြည်တော် တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ အစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်းက NCA လက်မှတ်ထိုးပြီးနောက် ဆက်လက် ဆောင်ရွက် သွားရမည့်ကိစ္စနှင့် ပတ်သက်၍ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ပြည်သူများအား ထိခိုက်နစ်နာမှုများ ရှိလာပါက နစ်နာ သူများတောင်းဆိုလျှင် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

ဆက်လက်၍ ၎င်းက EAO များ အနေဖြင့် တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေး ရရှိရန်အတွက် နိုင်ငံရေး စင်မြင့် လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း ဥပဒေနှင့် ညီညွတ် သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကူညီပေးမည် ဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် NCA စာချုပ်အတိုင်း အလေးထား လုပ်ဆောင်နိုင်ရေးအတွက် EAO များအား ဖိတ်ခေါ်ဆောင်ရွက်နေပြီး EAO များနှင့် သဘောတူ ညီချက်ရယူနိုင်ရေး ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ၌ လွှတ်တော်ပေါ်ပေါက်လာပါက လွှတ်တော်တွင်း ဆွေးနွေး သဘောတူ ထားသည့် EAO များနှင့် ထာဝရ ငြိမ်းချမ်းရေးရရန် ရည်ရွယ်နေကြောင်းလည်း ၎င်းက ပြောဆိုထားသည်။

၁၆။ မိုင်းဖြတ်တွင် ယာဉ်တိုက်မှု ဖြစ်၍ ဒဏ်ရာ ရသူနှင့် ပျက်ဆီးမှုများ ရှိသော်လည်း စစ်တပ်နှင့် နီးစပ်သူဖြစ်၍ အမှု မဖွင့်ဘဲ ထိန်ချန်ထား
August 23, 2022

မိုင်းဖြတ်မြို့တွင် ယာဉ်တိုက်မှု ဖြစ်၍ ဒဏ်ရာ ရသူများ ရှိသည့်အပြင် ပျက်ဆီးဆုံးရှုံးမှုများ ရှိသော်လည်း ပြစ်မှုကျူး လွန်သူ ယာဉ်လိုင်း ပိုင်ရှင်မှာ စစ်တပ်နှင့် နီးစပ်သူဖြစ်၍ အမှု မဖွင့်ဘဲ ထိန်ချန်ထားကြောင်း သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက်၊ နေ့လယ်ပိုင်းတွင် မိုင်းဖြတ်မြို့၊ ဝမ်ဟွေရပ်ကွက် အနီး မိုင်းဖြတ် – ကျိုင်းတုံသွား ကားလမ်းမကြီး၌ ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ ယာဉ်မောင်း ဇော်လှိုင် မောင်းနှင်လာသော ယာဉ်အမှတ်၊ 1F / 7212 NISSAN ၁၂ ဘီးယာဥ်သည် လားရာတူဘက်သို့ ယာဉ်မောင်း ကျော်စွာဝင်း မောင်းနှင်နေသော အီတန်ယာဉ်ကို နောက်မှ ဝင်တိုက်မိခြင်း ဖြစ်ကြောင်း သိရ သည်။ ယာဉ်တိုက်မှုကြောင့် အီတန်ယာဉ်‌ပေါ်တွင် လိုက်ပါ စီးနင်းလာသော အသက် ၁၀ နှစ်အရွယ် ကလေးငယ် အပါအဝင် လူအချို့ ဒဏ်ရာများ ရရှိခဲ့သည့် အပြင် ၁၂ ဘီးယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ နေအိမ် တစ်ခုကို ဆက် တိုက်မိသဖြင့် ပျက်ဆီး ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။ ” အိမ်ကို ဝင်တိုက်လို့ သိန်း ရာဂဏာန်းလောက် ပျက်ဆီးသွားတယ်။ အီတန်ကားပေါ်မှာက ၅ ယောက် ပါတာ၊ ဆေးရုံ အကုန်ပို့တာ။ ၁၀ နှစ်လောက် ရှိတဲ့ ကောင်လေးကတော့ ခေါင်းကွဲသွားလို့ ချုပ်လိုက်ရတယ်။ ကျန်တဲ့သူတွေကဝောာ့ ထိခိုက်တာ နည်းတယ်။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လူထိခိုက်မှု ရှိပြီး ပျက်ဆီးဆုံးရှုံးမှုများ ရှိသော်လည်း ပြစ်မှု ဖြစ်ပွားစေသည့် ၁၂ ဘီးယာဉ်၏ ယာဉ်လိုင်း ပိုင်ရှင်မှာ စစ်ကောင်စီတပ်နှင့် နီးစပ်သူ ဖြစ်၍ ရဲတပ်ဖွဲ့က အမှု မဖွင့်ရဲဘဲ ထိန်ချန်ထားသည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီ တပ်နှင့် နီးစပ်မှုရှိသည် ဆိုသော ယာဉ်လိုင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

၁၇။ ကျုံဒိုးနယ်ထဲတွင် ကလေးငယ်များအကြား အရေပြားအဖုအပိတ်ဖြစ်ပွားမှုများနေ
August 23, 2022

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကျုံဒိုမြို့နယ်(ကော့ကရိတ်မြို့နယ်)ရှိ ကျေးရွာအချို့တွင် ကလေးသူငယ်များအကြား အရေပြားပေါ်တွင် အရည်ကြည်အဖုအပိတ်ဖြစ်ပွားမှုများနေသည်ဟု ဒေသခံများထံမှ သိရသည်။ (၅)နှစ်အောက် ကလေးငယ်များကိုသာ အများစုဖြစ်ပွားလျက်ရှိပြီး ပါးစပ်အတွင်းပိုင်းနှင့် ခန္ဓကိုယ်အနှံ့တွင် အရည်ကြည်ဖုများ ပေါက်ကာ အဖုများစထွက်သည့်အချိန်တွင် အချို့ကလေးငယ်များမှာ ကိုယ်ပူခြင်းနှင့်အတူ နှာရည်ယိုခြင်းစသည့် လက္ခဏာများ တွေ့ရှိရသည်ဟု ကလေးမိဘများ၏ ပြောဆိုချက်အရ သိရသည်။ ကလေးမိခင် နန်းအဲဆန့်က “ရွာမှာက ကလေးငယ်တွေပဲဖြစ် တာများတယ်။ ကျမကလေးက စစချင်းဖြစ်တဲ့နှစ်ရက်လောက် ငိုတယ်၊ ကျန်တဲ့ရက်တွေက မငိုတော့ဘူး။ အရည်ကြည်စထွက် တဲ့အချိန်မှာ ယားတော့အိပ်မရဘူးငိုတယ်။ ကျမကလေးက အဖျားတော့မတက်ဘူး၊ စဖြစ်တာနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပေးသောက်တော့။ တချို့ကလေးတွေက အဖုတွေပေါက်တဲ့အချိန်မှာဖျားတယ်၊ နှာရည်ယိုတာတွေ၊ ချောင်းဆိုးတာတွေရှိ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။ အရေပြား အရည်ကြည်ဖုများ ဖြစ်ပွားသည့် ကလေးငယ်အများစုသည် စဖြစ်သည့် (၃)ရက် အတွင်းတွင် အရည်ကြည်ဖုများထွက်ပြီး အနာပျောက်ကင်းရန် အချိန် ၇ ရက်ကျော်ကြာသည်ဟု ကြုံတွေ့နေရသည့် ကလေး မိဘ ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိ ကလေးငယ်များဖြစ်ပွားသည့် လက္ခာသည် သာမန်အရေပြားရောဂါတစ်မျိုးသာဖြစ်ပြီး အချင်းချင်း ထိတွေ့မှုမှ တစ်ဆင့် ရောဂါဖြစ်ပွားကြခြင်းဖြစ်ကာ အလွန်စိုးရိမ်ရသည့် လက္ခဏာမဟုတ်သော်လည်း ဖြစ်ပွားသည့်အချိန်တွင် သန့်ရှင်းမှု ထားရှိရန် အရေးကြီးသည်ဟု ကျုံဒိုးမြို့နယ်ရှိ ဆရာဝန်တစ်ဦးက ကေအိုင်စီသို့ပြောသည်။ ၎င်းက “ အခုကလေးတွေဖြစ်တဲ့ ဟာက အရေပြားကြောင့် ဖြစ်တဲ့ဘက်ထရီးယားတွေပေါ့။ အရေပြားမှာဖြစ်တဲ့ ကူးစက်ရောဂါတွေပေါ့။ ကလေးအချင်းချင်း ထိတွေ့မှုတွေ၊ ပြီးတော့ အဝတ်အထည်တွေကနေတစ်ဆင့်ကူးစက်တယ်။ ပုံမှန်အရေပြားလောက်ပဲဆိုရင်တော့ အမာရွတ်ကျန် တာရှိမယ်။ အဲဒီပိုးက သွေးထဲဝင်ရင်တွေ သွေးဆိပ်တက်သေတတ်တာပေါ့။ ကလေးတစ်ယောက်နဲ့တစ်ယောက် ကိုယ်ခံအား ပေါ်မှာပဲ မူတည်တယ်။ ပြီးတော့ ဆေးရနိုင်ခြေရှိမရှိ မှန်ကန်တဲ့ကုသမှုရရင်တော့ ကောင်းတယ်။” ဟု ထိုဆရာဝန်က ပြောသည်။ ၎င်းအပြင် ကျေးလက်နေထိုင်သူ အများစုသည် အရေပြားရောဂါဖြစ်ပွားမှုများသည်ကို တွေ့ရှိရသည့်အပြင် ယခုနှစ် မိုးရာသီတွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများနေသည်ကိုလည်း တွေ့ရှိရသည်ဟု ဒေသအတွင်းရှိ ဆေးကုသပေးနေသည့် ကျန်းမာရေးလုပ်သားများနှင့် ဆရာဝန်များက ပြောသည်။ https://kicnews.org/2022/08/%e1%80%80%e1%80%bb%e 1%80%af%e1%80%b6%e1%80%92%e1%80%ad%e1

၁၈။ စစ်ကောင်စီကဖမ်းဆီးထားသည့် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းဒေသခံ ၅ ဦး လက်ရှိအချိန်ထိအဆက် အသွယ် မရ
August 22, 2022

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ဒေသခံ ၄ ဦးနှင့် ပုဏ္ဏားကျွန်းမြို့ခံ ၁ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခံထား သည့်မှာ တစ်လနီးပါးခန့် ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့အချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိရ၍ ၎င်းတို့၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။ စစ်ကောင်စီက ဖမ်းဆီးခံထားရသူများမှာ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းက ဦးကျော်ဟိန်း၊ သရက်တပင်ကျေးရွာမှ ဦးမောင်စောသာနှင့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်က ဦးမိုးသီးခိုင်တို့ဖြစ်ကြပြီး တခြားဒေသခံ နှစ်ဦးမှာ ရက္ခိုင့်တပ်တော် AA ၏ တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ဒေသခံများကပြောဆို နေကြသည်။ ဦးမောင်စောသာနှင့် ဒေသခံနှစ်ဦးအား ဩဂုတ်လ ၁ရက်နေ့ နံနက်ပိုင်းက မဟာမုနိမြောက်ဖက်မုခ်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဩဂုတ်လ ၂၂ ရက်အထိ မိသားစုဝင်များနှင့် အဆက် အသွယ် မရရှိသေးကြောင်း ဦးမောင်စောသာ၏ ဇနီးဖြစ်သူ ဒေါ်မအေးခင်က Western News ကိုပြောသည်။ “သူတို့ကို ဖမ်းဆီး သွားတဲ့ နေ့ကတည်းက ဒီနေ့အထိဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရဘူး။ တစ်ချို့တွေကတော့ ကျောက်တော်က တပ်မမှာ ထိန်းသိမ်းထားတယ်လို့လည်း ပြောကြတယ်။ တစ်ချို့တွေကလည်း သတ်ပစ်လိုက်ပြီးလို့လည်း ပြောကြတယ်။ သူတို့ ဆီကလည်း ဘာအကြောင်း ကြားလာတလည်း မရှိသေးဘူး။ တကယ်လို့ သူတို့ကို တရားစွဲထားတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်း ထားတယ်ဆိုတာသိရရင်လည်း ကျွန်မတို့က ကျေနပ်ပြီ။ အခုတော့ ဘာသတင်းမှ မကြားရတော့ သူတို့ရဲ့ အသက်အန္တရာယ် အတွက် စိုးရိမ်ပူပင်မိတယ်”ဟု ပြောသည်။

ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းက ဦးကျော်ဟိန်းမှာလည်း ဇူလိုင်လ ၁၉ ရက်နေ့ညက မဟာကံကြီး ရှင် စစ်ဘေးရှောင်စခန်းက ပြန်လာစဉ်တွင် ကျောက်တော်မြို့ အဝင်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသွားခြင်း ကို ခံခဲ့ရသည်။ ၎င်းနှင့် လက်ရှိအချိန်အထိဆက်သွယ်၍မရရှိသလို မိသားစုစားဝတ်နေရေးလည်း အခက်ကြုံတွေ့ နေကြရ ကြောင်း ဖမ်းဆီးခံရသည့် ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူ ဒေါ်အေးသန်းက Western News ကိုပြောသည်။ “ကိုကျော်ဟိန်း ကို ဖမ်းဆီး သွားတဲ့ နေ့ကတည်းက ဒီနေ့အထိ တစ်လကျော်ကြာပါပြီ။ ဘာအဆက်သွယ်မှ မရဘူး။ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆို တာလည်း မသိဘူး။ ကျွန်မတို့က သူကို အပြစ်ရှိလို့ ဖမ်းထားတယ်ဆိုရင်လည်း ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ လောက် တော့ သိချင်တယ်။ တရားစွဲထားတယ်ဆိုရင်လည်း ဘယ်မှာစွဲထားတယ်ပေါ့။ အခုက ဘာမှ မသိရတော့ရတော့ စိုးရိမ်စိတ် က တော့ တော်တော်လည်းကိုရှိနေတယ်”ဟုပြောသည်။ ယင်းအပြင် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးမိုးသီးခိုင်နှင့် ဦးမောင်ဆန်း တို့အား ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက ၎င်းတို့နေအိမ်အသီးသီးမှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဦးမောင်ဆန်းအား ရက်သတ္တပတ် ၂ ပတ်ခန့်အကြာတွင် ဝန်ခံဖြင့် ပြန်လွတ်ပေးခဲ့သော်လည်း ဦးမိုးသီးခိုင်အား ယနေ့အချိန်ထိ မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးဟု မိသားစုဝင်တစ်ဦးကပြောသည်။ “တစ်ချို့ကတော့ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့လည်းကြားတယ်။ တချို့က စစ်တွေကို ယူသွားပြီးလို့လည်း ပြောကြတယ် အတိအကျတော့ ဘာမှ မသိရသေးဘူး။ ဖမ်းဆီးသွားတယ်ဆိုရင်လည်း ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာလောက်တော့ သိချင်တယ်”ပြောသည်။

၁၉။ ဖမ်းဆီးခံရသည့် သျှမ်းနီလူငယ်သေဆုံး ပြီးနောက် သျှမ်းနီ ဦးဇင်းတစ်ပါး ဖမ်းဆီးခံရ
August 23, 2022

ဖမ်းဆီးခံထားရသည့် သျှမ်းနီလူငယ် သေဆုံးသွားကြောင်း သတင်းထွက်လာပြီးသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီဦးဇင်း တစ်ပါး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ည ၇ နာရီ ဝန်းကျင်အချိန် ဇနီးဖြစ်သူ နှင့် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ နမ့်ပါဟုတ်ကျေးရွာ သို့ပြန်လာစဥ် လမ်းခုလတ်တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရသည့် သျှမ်းနီလူငယ် စိုင်းရေကျော်သည် အသတ်ခံလိုက်ရပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။ “အရာရှိ တစ်ဦးဆိုပြီးတော့ သူ့ဇနီးဆီကို ဖုန်းဆက် အကြောင်းကြား လာတာ သူ့ယောင်္ကျားကဆုံးပြီတဲ့၊ တချို့ကျတော့လည်း မသေသေးဘူးလို့ပြောကြတယ်၊ ဒါပေမဲ့ သူ့အမျိုးသမီး က သူ့အကြောင်း ခဏခဏအိပ်မက်မက်လို့ စိတ်ဓာတ်လည်း ကျနေတယ်၊ နေမကောင်းတော့ဘူးတဲ့” ဟု စိုင်းရေကျော် အမျိုးသမီးနှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့ ၏ ဖမ်းဆီးခြင်းခံခဲ့ရသည် စိုင်းရေကျော်သည် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ နှင့် ဆက်စပ် ပတ်သက်ခြင်းမရှိသည့် အပြင် ရှမ်းနီ စာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီမှ အတီး အက ဆရာအဖြစ် တာဝန်ယူ နေသူ အရပ်သားပြည်သူသာဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် (သြဂုတ် ၂၁) ရက် ညပိုင်းတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေသည့် ဦးဇင်း အရှင်သူရိယ နှင့် ဒေသခံရွာသား သုံးဦးကို KIA တပ်ဖွဲ့ လက်အောက်ခံ PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ဦးဇင်းကို သူတို့ခေါင်းဆောင်တွေက မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ၊ ဦးဇင်းရဲ့ဖုန်းကိုရော သူတို့ သိမ်းယူလိုက်တယ်၊ နောက်ပြီးတော့ ပင်းခါးလမ်းဆုံကျေးရွာက အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိုး ၊ ကျောင်းဆရာ ဦးအောင်ပန်း နဲ့ ကိုလင်းဇော်တို့ လည်း PDF တွေ ဖမ်းဆီးသွားတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ရှမ်းနီဦးဇင်းသည် သက်တော် ၅၆ နှစ် ဝါတော် ၂၀ ရှိနေပြီး သျှမ်းနီစာပေတိုးတက်ရေး ၊ သျှမ်းနီကဗျာ ၊ စာပေများကို ရေးသား သင်ကြားနေသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ https://burmese.shannews.org/archives/29897

၂၀။ ဒေါဖုကျေးရွာမှာ ပေါင်ပုတ်လက်ပုတ်ယူဆရတဲ့ နွားရောဂါတစ်မျိုးကြောင့် တစ်ပတ်အတွင်း နွား ၉ ကောင်သေဆုံး
August 23, 2022

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါဖုကျေးရွာမှာ ပေါင်ပုတ်လက်ပုတ်လို့ ယူဆရတဲ့ နွားရောဂါတစ်မျိုးကြောင့် တစ်ပတ်အတွင်း နွား ၉ ကောင် သေဆုံးခဲ့တယ်လို့ နွားမွေးမြူသူထံကနေ သိရပါတယ်။ ဒေါဖုကျေးရွာမှ နွားမွေးသူတစ်ဦးက “တခြားအိမ်မာတော့ တစ်ကောင်သေတဲ့လူရှိတယ်။ နှစ်ကောင်သေတဲ့လူလည်းရှိတယ်။ သုံးကောင်သေတဲ့လူလည်း ရှိတယ်ပေါ့။ စုစုပေါင်း ကျနော်တွေးကြည့်တာတော့ တွေ့တာတော့ ၉ ကောင်လောက်သေပြီ။ တစ်ပတ်ထဲနဲ့ ၉ ကောင်လောက် သေသွားတာ” လို့ သူကပြောပါတယ်။ ခြေထောက်နာ၊ လက်နာတာကနေ ယောင်ရမ်းလာတဲ့ လက္ခာဏာကိုတွေ့ရှိရကြောင်း အရောင်ပြောင်း ပုပ်လာပြီး တစ်ရက်အတွင်း သေဆုံးသွားတာဖြစ်တယ်လို့ ဒေါဖုကျေးရွာက နွားမွေးသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီလက္ခဏာ ဟာ ပေါင်ပုတ်လက်ပုတ်နွားရောဂါဖြစ်တယ်လို့ ဒေသခံနွားမွေးမြူရေးလုပ်တဲ့သူတွေက ယူဆကြပါတယ်။

ပေါပုတ်လက်ပုတ်နွားရောဂါလို့ယူဆရတဲ့ အဲ့ဒီလက္ခဏာတွေဟာ ဒီနှစ်မှသာ စတင်တွေ့ရှိရပြီး နွားတွေ နေ့စဉ်သေဆုံး နေတာဟာ ကူးစက်မှုကြောင့် ဖြစ်တယ်လို့ တိရိစ္ဆာန်ကျန်းမာရေးဆရာတစ်ဦးက ပြောပါတယ်။ အချိန်မီကာကွယ်ဆေး မထိုး နိုင်တာ၊ ရောဂါအကြောင်း သိရှိနားမလည်တာကြောင့် သေဆုံးတာ များပြားခဲ့ရတယ်လို့ ဆိုပါတယ်။ ကူးစက်မှုကို ကြိုတင် ကာကွယ်နိုင်ဖို့ နေမကောင်းတဲ့နွားကို ကုသဆေးထိုးပြီး နေကောင်းကျန်းမာတဲ့နွားကို ကာကွယ်ဆေးထိုးခြင်းဖြင့် ဆုံးရှုံးမှုကနေ ကာကွယ်နိုင်တယ်လို့ တိရိစ္ဆာန်ကျန်းမာရေးဆရာတစ်ဦးက ပြောပါတယ်။ ” ဒီရောဂါက ကူးစက်ရောဂါ ဖြစ်တဲ့အတွက် ဒီကျနော်တို့ ကာကွယ်ဆေးနဲ့ ထိန်းချုပ်နိုင်မှပဲ အဆင်ပြေမယ်လေ။ ဒီရွာမှာ မဆုံးရှုံးအောင်ပေါ့။ ကျနော့်အနေနဲ့ စေတနာနဲ့ ပြောရမယ်ဆိုလိုရှိရင် ထပ်ပြီးတော့ မဆုံးရှုံးအောင်ဆိုပြီးမှ နေကောင်းတဲ့ နွားတွေကို ကာကွယ်ဆေးထိုးမယ်။နေမကောင်းတဲ့ နွားတွေကို ကုသဆေးထိုးမယ်။အဲလိုမျိုးလေးတွေပေါ့နော်။ အဲ့လိုမျိုးလေးတွေ လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ရွာအနေနဲ့ ဆုံးရှုံးမှုက တော့ ဟို.. . ရှိခဲ့ရင်တောင်မှ အများကြီးမရှိတော့ပဲ အနည်းအကျဥ်းလောက်ပဲပေါ့” လို့ ဆရာကပြောပါတယ်။ ဒေါဖုကျေးရွာမှာ နွားအကောင်ရေ ၁၅၀ လောက် မွေးမြူထားကြတာပါ။ ဒေသခံရွာသူရွာသားတွေဟာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ခင်း တွေမှာ ကျွဲ၊ နွားတွေကို အဓိက အားထားပြီး လုပ်ကိုင်နေကြပါတယ်။ https://www.kantarawaddytimes.org/%e1%80%9 2%e1%80%b1%e1%80%ab%e1%80%96%e1%80%af%e1%80

၂၁။ KIA-PDF ပူးပေါင်းအဖွဲ့က ဆေးသမားများ၏ တဲအိမ်များကို မီးရှို့ကာ ဆေးသမား ၅၀ ခန့်ကို ဖမ်းဆီး
August 22, 2022

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု အောင်ရာကျေးရွာနှင့် လုံးခင်းကျေးရွာကြား ဘောလုံးကွင်းအနီးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသော တဲအိမ်များကို ယနေ့ နံနက် ၁၀ နာရီခန့်က KIA -PDF ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရ သည်။ အင်အား ၃၀ ခန့်ရှိ KIA – PDF ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်နေသော တဲအိမ်များကို မီးရှို့ဖျက်ဆီးသွား ကြောင်း အမည်မဖော်လိုသူ လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။ “PDF နဲ့ KIA နဲ့ပေါင်းပြီးမှ ဖိုးခန်းကို မီးရှို့တယ်။ မူးယစ်ဆေးဝါးရောင်းတဲ့နေရာတွေကို ဖျက်ဆီးလိုက်တာ။ တဲကလေး ငါးလုံးလောက်တော့ရှိတယ်။ အကြီး ကြီးမဟုတ်ဘူး။ ဒီတိုင်းထိုးပြီး နေတာ” ဟုပြောသည်။

မီးရှို့ဖျက်ဆီးပြီးနောက် တုံဖုန်းကားနှစ်စီးဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူ ၅၀ ခန့်နှင့် ဆိုင်ကယ် ၁၀ စီးခန့်ကိုလည်း ဖမ်းဆီး သွားကြောင်း အခြားဒေသခံတစ်ဦးကဆက်ပြောသည်။ “ရှရော်ခ(ကျေးရွာ)ဘက်က ဖိုးခန်းလည်းမီးရှို့သွားတယ်ကြားတယ်။ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး။ ဖိုးသမားတွေက ဆိုင်ကယ်ပဲ စီးကြတာဆိုတော့ ဆိုင်ကယ်ကိုပဲ ဖမ်းသွားတယ်” ဟုပြောသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများကို မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို မသိရှိရသေးပါ။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဇွန် ၂၇ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က ပြုလုပ်ထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထိမ်းအမှတ် ဆိုင်းဘုတ် များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးခဲ့ကြောင်းသိရသည်။

၂၂။ မိုးမိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်ကာ နေအိမ်များအတွင်းရေဝင်ရောက်လျက်ရှိ
August 22, 2022

ရှမ်းပြည်နယ်၊မိုးမိတ်မြို့နယ်အတွင်း သြဂုတ် ၂၂ ရက်(ယနေ့)နံနက် ၁၁ နာရီခန့်မှစတင်၍ မိုးသည်း ထန်စွာရွာသွန်း လျက်ရှိကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။ ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် နမ့်မိတ်ချောင်းရေမြင့်တက်ကာ ရွှေဇာလီကျေးရွာအုပ်စု၊ အုန်းကြောကျေးရွာ(ဟောင်း)၊ မြောက်ပိုင်းရပ်ကွက်၊ နမ့်ခမ်းအင်းရပ်နှင့် တောင်ပိုင်းရပ်ကွက်၊ အုံဒုံးရပ် မြေနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “လတ်တလောရေက လူကြီးတစ်ယောက် ခါးလောက်အမြင့်ထိရှိနေတယ် တစ်ချို့အိမ်တွေကနိမ့်တော့ အိမ်တွေထဲ အထိရေဝင်နေတာပေါ့ဗျာ အဲ ဒီရေဝင်နေတဲ့အိမ်တွေကလူတွေကိုတော့ ရေလွတ်တဲ့နေရာ ရွှေ့ပေးနေတယ်”ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များအ တွင်း နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ နှင့် လူမှုကူညီရေး အသင်းများက ရေလွတ်ရာနေ ရာများသို့ ယာယီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ အလားတူ လမ်းများပေါ်တွင်လည်း ရေကျော်မှုများဖြစ်ပေါ်နေ၍ ဖြတ်သန်းသွားလာသူများအ ဆင်ပြေစေရန်နှင့်ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရာတွင် အဆင်ပြေ စေရန်အတွက် လမ်းအမှတ် အသားများပြုလုပ်၍ ကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

၂၃။ ပထမတောင်ကျောင်းကြီးကျောင်း၊အေးသာယာကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော်ပျံလွန်တော်မူ
August 22, 2022

ရှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးကျောင်းတိုက်နဲ့ အေးသာယာမြို့ ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တကောသိယသည် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဩဂုတ် ၂၂ ရက်တွင် သိရ သည်။ ဆရာတော်သည် သက်တော် ၇၉ နှစ်နဲ့ သိက္ခာဝါတော် ၅၉ ဝါရှိပြီး မနေ့ဝါခေါင်လပြည့်ကျော် ၁၀ ရက် သြဂုတ်လ ၂၁ ရက် နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်းသိရသည်။ “ဆရာတော်က မပျံလွန်တော်မူခင် ရက်ပိုင်းက သူတောင်ကြီးကျောင်းမှာပဲ သတင်းသုံးချင်တယ်ဆိုပြီး တပည့်သံဃာတွေက ဆရာတော်ဆန္ဒအတိုင်း ပင့်လာခဲ့တယ်၊ သြဂုတ်လ၂၀ ရက်နေ့မှာတက်လာတယ် မနေ့ညမှာဆရာတော်က ပျံလွန်တော်မူသွားတယ်ဆရာတော်က ကိုဗစ်တတိယလိုင်း ထဲက ကျန်းမာရေးမကောင်းတော့တာ နောက်ဆရာတော်က အဆုပ် ကင်ဆာရောဂါအဆင့်(၄)ထိရောက်တော့ဆရာဝန်တွေက ကုသမှုကိုလက်လျော့လိုက်တာ လက်မလျော့လည်း ဆေးကုသရင်း ဆရာတော်က ပျံလွန်တော်မူနိုင်တာကြောင့် လက်လျော့ တယ်လို့ ဆရာတွေကပြောတာ ခုဆရာတော် တူရင်းအနေနဲ့တော့ ဆရာတော်ကို အရမ်းနှမျောတယ်”ဟု ဆရာတော်၏ တူ ဖြစ်သော ကိုဇေယျာဦး(ခ)ကိုနွေဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

ဆရာတော်သည် သာသနာဆိုင်ရာနှင့် ရရှိထားသောဘွဲ့တံဆိပ်မှာ ၁၉၇၆ ခုမှာ သာသနဓဇ ဓမ္မာစရိယဘွဲ့၊ ၁၉၉၂ ခုမှာ အဂ္ဂမဟာဂန်ထဝါစကပဏ္ဍိတဘွဲ့၊ ၂၀၀၀ ပြည့်နှစ်မှာ မဟာသဒ္ဒဓမ္မဇောတိကဓဇဘွဲ့၊၂၀၁၈ခု မှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရရှိခဲ့ ကြောင်းသိရသည်။ ဆရာတော်သည် ၁၉၉၁ ခု မေလ ၉ ရက်တွင် အေးသာယာမြို့ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကို စတင်ဖွင့်လှစ်ပြီး ဦးကလျာဏ၊ ဦးဣန်ဒါဝုဓ၊ ဦးနိတ၊ ဦးဗုဒ္ဓဃောသ တို့နဲ့အတူ ၂၀၁၈ ခုနှစ်ထိ ၂၈ နှစ်တိုင်တိုင် ကျောင်းထိုင် ဆရာတော်တာဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။ ဆရာတော်၏ တပည့်သံဃာနဲ့တကာများက ဆရာတော်၏ ကျန်ရစ်သော ရုပ်က လာပ်တော်ကို ဝါခေါင်လကွယ်နေ့ သြဂုတ်လ ၂၅ ရက်နေ့တွင် ဆရာတော်၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီႏဗွေ)ကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၄။ လောင်းလုံးမှာ ညဘက် သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တာတွေ စစ်ကောင်စီတပ်ဖွဲ့ ပိုမိုပြုလုပ်လာ
August 22, 2022

လောင်းလုံးမြို့နယ်မှာ ညဘက်ကင်းလှည့်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက သေနတ်ပစ်ခတ်တာ တွေ အခုနောက်ပိုင်းမှာ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။ “နှစ်ရက်ရှိပြီသေနတ်သံတွေကြားနေရတာ။ ဟိုနေရာကပစ်လိုက်၊ ဒီနေရာက ပစ်လိုက်နဲ့။ ညကဆိုရင် အချက်ရေ မနည်းဘူး။ အတွဲလိုက်တွေရော ပစ်နေတာ” လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။ မနေ့က ည ၉ နာရီမတိုင်ခင်ကတည်းက မြို့အဝင်ဆိုင်းပုဒ်နားမှာ စစ်ကောင်စီတပ် သားနဲ့ ပျူစောထီးတွေက ရမ်းသန်းပြီး အလွတ်ပစ်ခတ် နေခဲ့ကြပါတယ်။ ဒီလိုပစ်ခတ်နေချိန်မှာ လမ်းမှာဖြတ်သွားတဲ့ ကုန်ပစ္စည်း တင် vigo ကားတစ်စီးကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ပြီး လောင်းလုံးရဲစခန်းကိုဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ယင်းကား ရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ အဲဒီနောက်မှာ စစ်ကောင်စီတပ်သားနဲ့ ပျူတွေက စစ်ပြဲ ကျေးရွာကိုသွားတဲ့ တောင်ဇင်းလမ်းဘက်ကို ကားနဲ့သွားရောက်ပြီး ရမ်းသမ်းပစ်ခတ်တာတွေကို ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမှာ နေ့စဥ်နေ့တိုင်း ည ၈နာရီကျော်တာနဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ မြို့ပေါ်မှာ ကင်းလှည့် လေ့ ရှိပြီး အခုနောက်ပိုင်းမှာ သေနတ်ပစ်ခတ်မှုတွေပါ ပိုများလာခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။ ” ညရောက်တာနဲ့ အိမ် အပြင်ထွက်ရမှာကြောက်နေရပြီ။ သေနတ်သံတွေကြားရင်လည်း အိမ်မပျော်တော့ဘူး။ စိတ်ရောဂါရသလိုဖြစ်နေပြီ။ ဘယ်လိုဝဋ် ကျွေးတွေမှန်းတောင်မသိတော့ပါဘူး” လို့ မြို့ခံက ဆက်ပြောပြပါတယ်။ အဲ့ဒီလို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေကို သေနတ်ပစ် လက်တွေ့ လေ့ကျင့်ခိုင်းနေတာဖြစ်တယ်လို့လည်း ဒေသခံတချို့က ပြောကြပါတယ်။ ဒီလိုရမ်းသမ်းပစ်ခတ်မှုတွေက လောင်းလုံးမြို့နယ် တစ်ခုတည်းမှာ ဖြစ်နေတာတော့မဟုတ်ပါဘူး။ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွစစ်ဆေးရေးဂိတ်က လက်နက်ကြီးနှစ်ချက်နဲ့ သေနတ်ပစ်ခတ်တာတွေ မနေ့ညက ပြုလုပ်ခဲ့သလို ရွှေဂူတံတား စစ်ဆေးရေး ဂိတ်မှာလည်း သေနတ်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

၂၅။ ကွတ်ခိုင်မှာ အမျိုးသမီး ၂ ဦး တို့ဆေးပုံစံလိုမိပြီး ဖုန်း လိမ်လည်ယူသွားခံရ၊ သီပေါမှာလည်း ဖုန်း ခိုးခံရ
August 22, 2022

ရှမ်းမြောက် ကွတ်ခိုင်မြို့ ရတနာမိုး ဆီဆိုင်အကျော် ရှုခင်းသာမှာ အမျိုးသမီး ၂ ဦး တို့ဆေးလိုပုံစံမိပြီး ဖုန်း လိမ်လည်ယူ သွားခံရတယ်လို့ သိရပါတယ်။ မနေ့မနက် ၈ နာရီမှာ အမျိုးသမီး ၂ ဦး စျေးသွားနေစဥ် အသက် (၃၀)ဝန်းကျင်ရှိ အမျိုးသမီး ၂ ဦး က အရေးတကြီး ဖုန်းဆက်စရာရှိတယ်ဆိုပြီး ဖုန်းငှားချိန်မှာ လူက ဘာမှမသိတော့သလို မူးနှောက်နေပြီး ဖုန်းယူသွားခံရတာပဲ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ သူငယ်ချင်းဖြစ်သူက “သူတို့နှစ်ယောက်က စျေးသွားတာ။ ရှုခင်းသာနား ရောက်တဲ့အချိန်မှာ မိန်းမ နှစ် ယောက်က အရေးကြီးကိစ္စ ဆက်စရာရှိတယ်တဲ့။ ငါတို့နှစ်ယောက်က ဆရာဝန်တဲ့။ ဟိုအောက်မှာ လူနာသွားယူရမှာဆိုပြီး ဖုန်း ငှားတယ်။ အဲဒီအချိန်မှာ ညီမရဲ့ သူငယ်ချင်းနှစ်ယောက်က ဘာမှ မမှတ်မိတော့ဘူး။ တို့ဆေး မိတာလား မသိဘူး။ ခေါင်းမူးသလို နဲ့ မျက်လုံးတွေဝါးပြီး ဘာမှ သတိမထားမိဘူး။ သတိရတဲ့အချိန်မှာ အဲဒီအမျိုးသမီးနှစ်ယောက် မရှိတော့ဘူး” လို့ ဆိုပါတယ်။

အခုလို အခြေအနေမှာ ဘယ်သွားသွားသတိထားကြဖို့နဲ့ လမ်းကြုံလို့ ဖုန်းငှားရင် မပေးဖို့ သူမက ဆိုပါတယ်။ သီပေါမြို့ နယ် ရွှေကျောင်းရပ်က အိမ်တစ်အိမ်မှာလည်း ဒီနေ့မနက် ၄ နာရီက အိမ်နောက်ဖက် မီးဖိုဆောင်ကနေအိပ်ခန်းထဲအထိ ဖုန်း ၂ လုံး ဝင်ခိုးခံလိုက်ရတယ်လို့ ဖုန်းပိုင်ရှင်က ပြောပါတယ်။ အလားတူ ဩဂုတ် ၁၇ ရက်က လားရှိုးမြို့ထဲမှ ကားပြင်ဆိုင်မှာ လူ တစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး ကားပျက်နေလို့ လိုက်ကြည့်ပေးဖို့ ခေါ်သွားတဲ့ ဝန်ထမ်းရဲ့ဖုန်း ငှားသုံးရင်း ဖုန်းကို လိမ်လည် ရယူ ထွက်ပြေးသွားကြောင်း သိရပါတယ်။

 

၂၆။ ငပလီ ဂေါ့တောင်ကြားအနီး ရိုဟင်ဂျာများ ထပ်မံ ဖမ်းဆီးခံရ ဖမ်းဆီး ချုပ်နှောင်ရာတွင် လူ့ဂုဏ်သိက္ခာညိုးနွမ်းအောင် ပြုမှုဆက်ဆံ
August 23, 2022

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တောင်ဘက်ရှိ ဂေါ့ရပ်ကွက်အနီး ဂေါ့တောင်ကြားပေါ်တွင် ရိုဟင်ဂျာ အမျိုးသား ၈ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား ယနေ့ နံနက်ပိုင်းတွင် တောင်ကြောပေါ် ထင်းခွေသွားရောက်သူများ၏ သတင်းပေးမှုများအရ သံတွဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ ယခု ထပ်မံဖမ်းဆီးခံရသည့် ရိုဟင်ဂျာများ သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ပင်လယ်ပြင်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ရှေ့ခရီးမဆက်နိုင်ဘဲ ငပလီမြို့၊ ဂေါ့ကမ်းခြေအနီးတွင် စက်လှေဆိုက်ကပ်ခဲ့ခြင်းကြောင့် ဖမ်းဆီးရသည့် ရိုဟင်ဂျာများနှင့်အတူတူ ရခိုင်ပြည်နယ် မြောက်ပိုင်း ကနေ မလေးရှားနိုင်ငံသို့ သွားရောက်ကျမည့် သူများသာ ဖြစ်ကြောင်း သိရသည်။

သံတွဲခရိုင်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်အနီး ရိုဟင်ဂျာများ ဖမ်းဆီးခံရမှု ဖြစ်စဉ်များအတွင်း ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ များအား ဖမ်းဆီးစဉ်နှင့် ချုပ်နှောင်ထားစဉ်အတွင်း လူ့ဂုဏ်သိက္ခာညိုးနွမ်းအောင် လုပ်ဆောင်မှုများ ရှိကြောင်း၊ အမျိုးသမီးများ အား လူသတ်၊ ခိုးဆိုးလုယက် ရာဇဝတ်သားများ သကဲ့သို့ သံကြိုးများဖြင့် ချည်နှောင်ခြင်း၊ တောအတွင်း တွေ့ရှိစဉ် တရွတ်တိုက် ဆွဲခေါ်လာခြင်းများကြောင်း သိရသည်။ ထို့ပြင် ဖမ်းဆီးခံရသူများသည် ရခိုင်ပြည်မြောက်ပိုင်းတွင် မွေးဖွားကြီးပြင်း နေထိုင်သူ များဖြစ်သော်လည်း တဖက်နိုင်ငံက ခိုးဝင်လာသည့်သူများ ဖြစ်သယောင် လူမှုကွန်ယက်တွင် ဝါဒဖြန့်ချိမှုများကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်မှုများအား တွေ့ရှိရသည်။ ဩဂုတ် ၁၉ ရက်နေ့ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများနှင့် ယနေ့ ဩဂုတ် ၂၃ ရက်နေ့ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများအား သံတွဲမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သံတွဲခံတစ်ဦးထံက သိရသည်။

၂၇။ မောင်တောတွင် စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေဟု အေအေ ထုတ်ပြန်
23 August, 2022

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက တရွာနဲ့တရွာ သွားလာခွင့်၊ ရွာပြန်ထွက်ခွင့် ပိတ်ပင်တာဟာ ပြည်သူလူထုအား ရိက္ခာပြတ်လပ် အငတ်ဘေးဆိုက်အောင် ပြုလုပ်နေတာဖြစ်ပြီး လူသားမျိုးနွယ်များအပေါ် ပြစ်မှုကျူးလွန်နေ တာလို့ ရက္ခိုင့်တပ်တော် (အေအေ) က ဩဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မောင်တောမြို့နယ်မှာ ကုန်လမ်း၊ ရေလမ်း၊ မြို့၊ ရွာ အဝင်အထွက်တွေကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ပြည်သူကို ခေါ်ယူစစ်ဆေးတာ၊ ဖုန်းတွေကို စစ်ဆေးတာ၊ အိမ်တွေကို ဝင်ရောက်စီးနင်းရှာဖွေကာ မတရားရိုက်နှက်ဖမ်းဆီးခေါ်ယူကာ ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုနေ တာနဲ့ သေနတ်ပစ်ခတ်တာတွေဟာ စစ်ကောင်စီက ဖြတ်လေးဖြတ်စစ်ဆင်ရေးထဲက ရိက္ခာပြတ်လပ်သွားအောင် ပြုလုပ်နေတာ လို့ ဆိုပါတယ်။ အခုရက်သတ္တပတ်အတွင်း မြန်မာစစ်တပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ) အကြား စစ်ရေးတင်းမာကာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာနေတာကြောင့် တရက်ထက်တရက်တိုက်ပွဲနေရာတွေလည်း ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ဆိုထားပါတယ်။

ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်တွေ တပ်စွဲထားတဲ့နေရာတွေ၊ ဂိတ်ချထားတဲ့ စစ်ဆေးရေး နေရာတွေ၊ ပုံမှန်သွားလာနေကြတဲ့ နေရာတွေကို အရေးပေါ်ကိစ္စ၊ သေရေး ရှင်ရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေကလွဲပြီး မသွား လာကြဖို့ သတိပေးထားပါတယ်။ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား တာကြောင့် ကုန်းလမ်း၊ ရေလမ်း ပို့ဆောင်ရေးများမှာ အချိန်ကြာမြင့်ပြီး နှောင်နှေးကြန့်ကြာမှုတွေလည်း ရှိနေပါတယ်။ ရခိုင် ပြည်နယ် မောင်တောမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ)အကြား တိုက်ပွားဖြစ်ပွားမှုတွေကြောင့် ဩဂုတ်လ ဆန်းကတည်းက စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ထားတာပါ။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။