• Today is: Saturday, April 20, 2024

ကမန်းကတန်း တော်လှန်ရေး နဲ့ ကယောင်ကတမ်း လူ့အဖွဲ့အစည်း

ကမန်းကတန်း တော်လှန်ရေး နဲ့
ကယောင်ကတမ်း လူ့အဖွဲ့အစည်း

●───── ๑۩۩๑ ─────●

မင်းသေ့

စကားလုံးက ကြီးတာလား၊ ကျယ်တာလား၊ သေးတာလား၊ သိမ်တာလား။ မပြောတတ်ပါ။ ဖြစ်ခဲ့တာကတော့ ကမန်းကတန်း လုပ်ခဲ့ရတဲ့ တော်လှန်ရေးပါပဲ။ ဘယ်သို့သော တော်လှန်ရေးက ကမန်းကတန်း မလုပ်ကြလို့လဲလို့ မေးချင်ကြမယ်။ လေ့လာကြည့်ပါ။ ကမန်းကတန်း မစတင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ အမြောက် အမြား ရှိခဲ့ပါတယ်။ တော်လှန်ရေးမှာ သန္ဓေတည်တဲ့ကာလဆိုတာ ရှိတတ်တယ်။ သန္ဓေတည်မှုဟာ — တော်လှန်ရေး ဘယ်လောက်ကြီးထွားရှင်သန်ဖို့ လိုသလဲဆိုတဲ့အပေါ် မှာ မူတည်ပြီး သန္ဓေတည်ကာလ ဘယ် လောက် ရှိသလဲဆိုတာ စကားပြောလိမ့်မယ်။

■ လူထုက ထိန်းကျောင်းပေးခဲ့လို့သာ ပုံပျက်မသွားခဲ့တာ

တော်လှန်ရေးမွေးဖွားချင်ဇောနဲ့ ကမန်းကတန်း ကျုံးသွင်း တွန်းတင်တဲ့အခါမှာ၊ ပရမ်းပတာတွေ ကြုံရတယ်။ သို့သော်လည်း အားလုံး ဝိုင်း ထိန်းကြ၊ သိမ်းကြ၊ ကလနားသပ်ကြလို့ အလုံးအထည်တော့ ပေါ်လာပါရဲ့။ ပုံပျက် သွားတာမျိုးတော့ ဖြစ်မသွားဘူး။ ဒါ့ကြောင့်လည်း ပြောကြတာဖြစ်မယ်။ “ပြည်သူသာ အဓိက” လို့။ ပြည်သူ့ရဲ့ ထိန်းကျောင်းမှု တစ်စုံတစ်ရာ ရှိခဲ့လို့ ရှိနေလို့သာလျှင်၊ ကမန်းကတန်းတော်လှန်ရေးဟာ ပုံပျက်သွားတာမျိုး မဖြစ်ခဲ့တာပါ။ အချင်းချင်း အမုန်းခံပြီး ပြောဝံ့သူတွေ ရှိနေသေးလို့သာ တော်လှန်ရေးဟာ ပုံပျက်သွားတာမျိုး မဖြစ်သေးတာပါ။

ပြည်သူ့ရဲ့ ထိန်းကျောင်းမှု ပျက်ယွင်းတဲ့အခါ၊ ကမန်းကတန်းတော်လှန်ရေးဟာ သွက်ချာပါဒ လိုက်သွားပါလိမ့် မယ်။ ပြည်သူက ထိန်းကျောင်းတဲ့ အထိန်းအထေ သဘောကို လက်မလွှတ်ကြဖို့ ဖြစ်ပါတယ်။ ထိုနည်းလည်း ကောင်း ပြည်သူ့ရဲ့ သဘောထား အတိုင်းအရှည်ကို လေ့လာဆန်းစစ်ပြီး မျက်လုံးကလေး ပြူးပြဲကြည့်ကြဖို့ ဖြစ်ပါတယ်။ ပြည်သူဆိုတဲ့ စကားလုံးဟာ သိပ်ယေဘုယျကျပါတယ်။ ငါလည်း ပြည်သူ၊ သူလည်း ပြည်သူ — လို့ ယေဘုယျပြောကြလို့၊ ကိုယ်ပြောတာ အမှန်၊ ကိုယ့်သဘောထားက ပြည်သူ့သဘောထားလို့ ထင်ချင်စရာ လည်း ရှိပါတယ်။ လက်တွေ့မှာ အဲသည်လို မဟုတ်ဘူးနော်။

အချင်းချင်း အမုန်းခံပြီး ပြောဝံ့သူတွေ ရှိနေသေးလို့သာ ကမန်းကတန်းတော်လှန်ရေးဟာ ကသောကမျောဖြစ် မသွားသေးတာပါ။ အုပ်စုအားကြီးပြီး အုပ်စုဝါဒတွေ အပြိုင်ထွန်းကားတဲ့ မြန်မာပြည်မှာ၊ အချင်းချင်း အမုန်းခံပြီး ထိန်းကြ သိမ်းကြလို့သာ ကမန်းကတန်းတော်လှန်ရေးဟာ ဂယောက်ဂယက် ဖြစ်မသွားသေးတာပါ။ သို့မဟုတ် ရင်တော့ — ကမူးရှုးထိုးနဲ့ ဂလေဂချေ အဆင့်ကို ရောက်သွားမှာ ကြိမ်းသေပါပဲ။

ဒီလိုတွေ မဖြစ်ဖို့ …

◉ အကန့်အသတ်ကို သိ၊

◉ အတိုင်းအရှည်ကို သိ၊

◉ အကြောင်း အကျိုးကို သိ၊

◉ အခြေအနေ နဲ့ အချိန်အခါ ကို သိ၊

◉ အထူအပါးကို နားလည် ၊

◉ အရိပ်အကဲကို ကြည့်၊

◉ ကိုယ့်အကြောင်း ကိုယ်သိ ၊

◉ ကိုယ့်အဖွဲ့အကြောင်း ကိုယ်သိ ကြဖို့ ဖြစ်ပါတယ်။

■ နေ့မစေ့ဘဲ မွေးလာတဲ့ တော်လှန်ရေးသန္ဓေ တချို့

တော်လှန်ရေးဟာ – ကမန်းကတန်း မွေးဖွားခဲ့ရပေမယ့်၊ အသေလေး မွေးမလာလို့ တော်သေးတယ်လို့ ပြောရမယ်။ သို့သော်လည်း ဘယ်လို ပြုစုပျိုးထောင်သလဲ ဆိုတဲ့ အချက်ဟာ သိပ်အရေးကြီးပါတယ်။ လူထုက ဝိုင်းကြ ဝန်းကြလို့ ကမန်းကတန်း တော်လှန်ရေးဟာ အသေလေး မွေးမလာခဲ့သည့်တိုင်၊ ခြေကောင်း လက် ကောင်းဖြစ်ဖို့လည်း ဝိုင်းဝန်း ပြုစုကြရပါသေးတယ်။ တကယ်တော့ နေ့မစေ့ဘဲ မွေးလာတဲ့ တော်လှန်ရေး သန္ဓေ လောင်းလေးတွေ အမြောက်အမြား ရှိနေခဲ့တာ သတိရပါ။

နှစ်နှစ် မပြည့်သေးတဲ့ ကမန်းကတန်းတော်လှန်ရေးအတွက်၊ ချင့်ချင့်ချိန်ချိန် သုခမိန်လုပ်ပြီး – အရင်လို ကမန်းကတန်းတွေ တွန်းတင်တာမျိုး၊ ကျုံးသွင်း ဆွဲခေါ်တာမျိုး မလုပ်ဖို့ ပြောချင်ပါတယ်။

■ တော်လှန်ရေးကို လူထုက ဦးဆောင်တယ်လို့ ပြောပြီး၊

ကိုယ့်အလို မလိုက်လာတဲ့အခါ၊

လူထုကို ဆဲဆိုပြစ်တင်မောင်းမဲတာမျိုးဟာ

အလွန် ရုပ်ဆိုး ညစ်ထေးလွန်းပါတယ်။

တော်လှန်ရေးမှာ

◉ လူထုကို မေတ္တာရပ်ခံပါ၊

◉ လူထုကို မငေါက်ပါနဲ့၊

◉ လူထုကို အမိန့် မပေးပါနဲ့။

◉ လူထုကို စည်းရုံးနိုင်ပါတယ်။

◉ လူထုကို နားချနိုင်ပါတယ်။

◉ လူထုကို အသိပေးပါ၊

◉ လူထုကို သတိပေးပါ၊

◉ လူထုကို ဆွဲဆောင်ပါ၊

ဒါပေမယ့်….

◉ လူထုကို မငေါက်ပါနဲ့၊

◉ လူထုကို မဆဲပါနဲ့၊

◉ လူထုကို အမိန့် မပေးပါနဲ့။

ယခု ပဋိပက္ခတွေက လူထုညံ့ဖျင်းလို့ ဖြစ်လာတာ တစ်ခုမှ မပါဘူး။ ခါးချိနေတဲ့ လူထုကို ခါးကျိုးအောင် ဝန်မပိစေနဲ့။ လူထုငတ်မှ တော်လှန်ရေးအောင်မယ်လို့ နလပိန်းတုန်း အစွန်းရောက် အတွေးအခေါ်နဲ့ ခေါင်းဆောင် မလုပ်ချင်နဲ့။ လူထုခံရလေလေ၊ လူထုက မကျေနပ်လေလေ၊ လူထု မကျေနပ်လေလေ တော်လှန် ပုန်ကန်ချင်စိတ် ဖြစ်လေလေ ဆိုတဲ့ တရားသေ လက်ဝဲအယူအဆနဲ့ လူထုကို မလိမ်နဲ့ မညာနဲ့ မဖြီးနဲ့ မရွှီးနဲ့။

အသိဉာဏ်ချို့တဲ့လို့၊

အတွေးအခေါ် လူစဉ်မမှီလို့ ကယောင်ကတန်းဖြစ်နေတဲ့ စိတ်နဲ့

◉ လူထုကို မဆဲနဲ့

◉ လူထုကို မငေါက်နဲ့

◉ လူထုကို မကြိမ်းမောင်းနဲ့

◉ လူထုကို အမိန့် မပေးနဲ့။