• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 65, August 30, 2022)

 

၁။ စစ်အာဏာရှင်ပြုတ်ကျရေးတွင် မသက်ဆိုင်သလိုနေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှာ စစ်အာဏာရှင်၏ကျွန်များဟု ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်ပြော
August 29, 2022
စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေချိန်တွင် မသက်ဆိုင်သလို လက်ပိုက်ကြည့်နေကြသည့် လူပုဂ္ဂိုလ် အဖွဲ့ အစည်းများသည် စစ်အာဏာရှင်၏ ကျွန်(သို့မဟုတ်)ဘတ်တော်သား များဖြစ်နေကြောင်း ကရင်နီတပ်မတော် (KA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။ ယနေ့(သြဂုတ် ၂၉ ရက်) ရက်စွဲဖြင့် KA နှင့် ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF) လူငယ်များနှင့် ပြည်သူလူထုထံသို့ အထူးသတိထားဂရုပြုရန် အသိပေးစာအရ အထက်ပါ အတိုင်းဖော်ပြထား ခြင်းဖြစ်သည်။ ကရင်နီအမျိုးသားများသည် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေချိန်တွင် အစွန်းရောက် ဘာသာ ရေးသမား၊ တော်လှန် ရေး အမည်ခံ အချောင်းသမားသမားများ၊နိုင်ငံရေးပွဲ စားများ၊အတ္တမာန စီးပွားရေးသမားများသည် အသိ ခေါက်ခဲ အဝင်နက်ပြီး ၎င်းတို့နှင့် မဆိုင်သလို လက်ပိုက်ကြည့်နေကြသည်ဟု ဆိုသည်။

ထို့ကြောင့် ၎င်းလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် အလိုအလျောက်စစ်အာဏာရှင်၏ ကျွန်(ဝါ) ဘတ်တော်သားဖြစ်နေ ကြသည်ဟု ဗိုလ်မှူးချုပ်အောင်မြတ် က အသိပေးသည်။ ထိုပုဂ္ဂိုလ်များကို အထူးသတိပြုရန်လည်း ၎င်းက ဆိုသည်။ အာဏာ သိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီကို ခုခံစစ်ဆင်နွှဲနေသည့် နိုင်ငံတစ်ဝန်း ရှိဒေသများအနက် ကရင်နီ(ကယား) ပြည်နယ် မှာ နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ လက်ရှိချိန်အထိ ကရင်နီတပ်မတော် KA နှင့် KNDF အပါအဝင် ဒေသတွင်း ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုများကနယ်မြေစိုးမိုးမှုများစွာ လုပ်ဆောင်နိုင်နေသည်။

၂။ မြဝတီ – ဝေါ်လေ လမ်းပေါ်ရှိ စကစ တပ်စခန်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ၊ ၂ ဦးသေ ၅ ဦး ပြင်းထန်ဒဏ်ရာရ
August 29, 2022
မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ ကျော်ဝါးဘိုးဘုရားအနီး တပ်စွဲထားသော အာဏာသိမ်းစစ်ကောင် စီတပ်များကို သြဂုတ်လ ၂၈ ရက် ည ၁၂ နာရီခန့်တွင် ဗုံးကျဲတိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် စစ်ကောင် စီတပ် အဖွဲ့ဝင်၂ ဦးသေဆုံးကာ ၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်ထား သည်။ အဆိုပါ တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီတပ်များအား ကော်ဘရာစစ်ကြောင်းနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နေသော Federal Wings Drone အဖွဲ့က ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ CQ တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး စုစုပေါင်း ၂ ဦး သေဆုံးပြီး အရာရှိ ၂ ဦး၊ အခြားအဆင့် ၃ ဦး စုစုပေါင်း ၅ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း အဖွဲ့ဝင်တစ်ဦး က လူငယ့်ခေတ်သို့ ပြောသည်။

လက်ရှိမြေပြင် အခြေအနေနှင့် ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းအဖွဲ့ဝင်တစ်ဦး က” ပစ်ခတ်မှုမရှိ သေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ကရင်ပြည်နယ် မြဝတီ – ဝေါလေ လမ်းပိုင်း သုံးထပ်ကွေ့အနီး အာဏာ သိမ်းစစ်တပ်က ပေါင် (၅၀၀) ဗုံးများ အမြောက်အမြား အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်း ကုန်းကြောင်း စစ်သား အင်အား အများအပြား ဖြင့် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိ ခိုက်သေဆုံးမှုများရှိခဲ့ပြီး ကော်ဘရာစစ်သည် တော် ၂ ဦး စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့်ပြည်သူ့လွတ်မြောက် ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း ကော်ဘရာ စစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၃။ မြောက်ဦးတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅ နှစ်ကလေးငယ် အပါအဝင် အရပ်သား ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ
August 29, 2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ ရီခန့်က စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရ ရှိသည်။ စစ်ကောင်စီစစ်ကြောင်းမှာ ရက္ခိုင့်တပ်တော် AA ၏ မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် မြောက်ဦးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ရင်းများမှ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှု ကြောင့် မြောက်ဦးမြို့ အနောက်ဘက်ရှိ ကင်းဆိပ်ကျေးရွာမှ ဒေသခံများ သေကြေ ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “မိုင်းပေါက်ကွဲသံ၊ လက်နက်သံတွေကြားတာ လက်ကာရွာဘက် က ကြားတာ။ မြို့ပေါ်စစ်တပ်က လက်နက်ကြီးက ကျနော်တို့ ရွာဘက်ကိုပစ်တယ်။ ၂ ဦးသေတယ်။ သေတာက ၅ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ အသက် ၆၀ အရွယ် သက်ကြီးပိုင်းတစ်ယောက်ဖြစ်တယ်။ ၈ ဦး ဒဏ်ရာရတယ်။ မှိုင်းပေါက်ကွဲတဲ့နေရာက မြောက်ဦးမြို့ရဲ့ မြောက်ဘက်မှာ။ ကျနော်တို့ရွာက အနောက်ဘက်မှာ။ မိုင်းဆွဲ ခံရတဲ့နေရာနဲ့ မဆိုင်ဘူး။ သူတို့ (စစ်တပ်) က ရမ်းသန်းပြီးပစ်နေတာ”ဟု ကင်းဆိပ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကင်းဆိပ်ကျေးရွာမှ ဒဏ်ရာရသူများကို မြောက်ဦးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းအထဲတွင် ဒဏ်ရာပြင်းဒဏ်သူများပါရှိနေသည်ဟု ဒေသခံ များကဆိုသည်။ “ဘေးနံကြား တွေမှာ လက်နက်ကြီးအစ ထိမှန်တဲ့သူတွေ ပါတယ်။ လက်တွေခြေတွေမှာ ထိမှန်တဲ့ သူတွေ ပါတယ်။ ဒဏ်ရာပြင်းတဲ့သူတွေ ပါတယ်”ဟု ကင်းဆိပ်ကျေးရွာသားက ပြောသည်။ မြောက်ဦးမြို့ပေါ်ရှိ ဒေသခံအမျိုးသားတစ်ဦးကလည်း “ဒီနေ့က ၃၇‌၇ တပ်ရင်းကလည်း လက်နက်ကြီးပစ်တယ်။ ၅၄၀ တပ်ရင်းက လည်း ပစ်တယ်။ သူတို့က AA ကို ပစ်နေတာ မဟုတ်ဘူး။ ပြည်သူ တွေကို ပစ်သတ်နေတာ။ ဒါမျိုး မဖြစ်သင့်ဘူး။ သူတို့ AA နဲ့ဖြစ်ရင် AA ကို သွားတိုက်လေ။ အခုက အပြစ်မဲ့ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေ သေဆုံး ဒဏ်ရာ ရနေကြတယ်”ဟု ပြောသည်။ ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်များမှာ ‌‌ရခိုင်ပြည်နယ် မြောက်ပိုင်း ရှိ မောင်တောမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်း၌လည်း ထိတွေ့တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေကြောင်း သိရသည်။

၄။ ဒေါကူးခူရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပြော
August 29, 2022
ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ ဒေါကူးခူကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) တပ်ဖွဲ့က (သြဂုတ် ၂၉ ရက်) ထုတ်ပြန်သည်။ အကြမ်း ဖက် စစ်ကောင်စီတပ်စွဲရာနေရာကို (သြဂုတ် ၂၈ ရက်)က KRU၏ လက်လုပ် (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဟု ဆိုသည်။ “ဒေါကူးခူက ထီးပေါ်ဆို ကျေးရွာအုပ်စုထဲမှာရှိတယ်။ဒီလ ၂၀ ရက်လောက်ကတည်းက ရန်သူအကြမ်းဖက် စစ်ကောင်စီ တပ်က အင်အား ၂၀၀ လောက်နဲ့ တပ်ဖြန့်ပြီးဝင်လာတာ”ဟု KRU တာဝန်ရှိသူက People`s Spring သို့ ရှင်းပြသည်။

စစ်ကောင်စီတပ်များဘက်မှ အထိနာခဲ့သည်ဟု ခန်းမှန်းရပြီး တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများအား အတွဲ လိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်း KRU က အသိပေးသည်။ ယမန်နေ့တိုက်ပွဲတွင် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် အခြားသော မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ မှ အထိခိုက်တစ်စုံတစ်ရာမျှ မရရှိခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ထို့အပြင် ထီးပေါ်ဆို ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ကို သြဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးခန့်သေဆုံးကြောင်း DMO Local PDF က ထုတ်ပြန်ထားသည်။

၅။ ၄ နှစ်အရွယ် ကလေးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားသူအား PSLF/TNLA က ထောင်ဒဏ် ၄ နှစ် ချမှတ်
August 29, 2022
ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် ထမ်းဆိုင်ကျေးရွာအုပ်စုထဲမှ တာအိုက်ယန်း (၃၇ နှစ်)ဆိုသူဟာ တစ်ရွာတည်းနေ ၄ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ဖို့ ကြံစည်အားထုတ်တဲ့အတွက် တအာင်းတပ်မတော် (PSLF/TNLA) က ၎င်းကို ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။ တာအိုက်ယန်း ဟာ လွန်ခဲ့တဲ့ မတ်လ ၁၂ ရက်က လေးဂွနဲ့ ငှက်လိုက်ပစ်တဲ့ ၄ နှစ်ကလေးကို လက်ယက်ခေါ်ပြီး အိမ်ထဲက အိပ်ခန်းထဲ ခေါ်သွားကာ အဓမ္မပြုကျင့်ဖို့ ကြိုးစားအားထုတ်ခဲ့တာလို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီနေ့ညမှာ သတင်းထုတ်ပြန်လာပါတယ်။

PSLF/TNLA ရဲ့ နမ့်ဆန် တရားရုံးက ရုံးချိန်း ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ရာဇသတ်ကြီး ဥပဒေနဲ့ မနေ့ညနေ ၄ နာရီက ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။ နမ့်ဆန်မြို့နယ်ထဲ ဩဂုတ်လ အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ လယ်ဝယ်ထားရှိမှု ၄ မှု၊ ခိုးမှုတစ်မှု၊ လူသတ်မှုတစ်မှုနဲ့ အဓမ္မပြုကျင့်ဖို့ ကြံရွယ်မှုတစ်မှု စုစုပေါင်း အမှု ၇ မှုကို အရေးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၆။ ဘော်လခဲမြို့ မတ်စလောင်းတောင်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ
August 29, 2022
ဘော်လခဲမြို့ မတ်စလောင်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDFနှင့် KA တို့ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စနိုက်ဘာသမားနှစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ထုတ်ပြန်သည်။ ကရင်နီ အမျိုးသားများကာကွယ် ရေးတပ် (KNDF) တပ်ရင်း – ၁၆ နှင့် ကရင်နီတပ်တပ်မတော် (KA) က သြဂုတ် ၂၇ ရက် နံနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ မတ်စလောင်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အား တိုက်ခိုက်မှုတွင် “စစ်ကောင်စီဖက်မှ ၃ ဦး (စနိုက်ဘာနှင့် ၂ ဦး၊လက်နက်ငယ်နှင့် ၁ ဦး) သတ်နိုင်ခဲ့ပြီး မိမိတို့ ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါသည်”ဟု KNDFက ထုတ်ပြန်ထားသည်။
သြဂုတ်၂၇ ရက်က တိုက်ပွဲကို ယနေ့(သြဂုတ်လ ၂၉ ရက်)မှသာ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ စစ်ကောင်စီသည် သြဂုတ်လလယ်ခန့်မှစတင်ကာ ကရင်နီပြည်နယ်သို့ အင်အားတိုးမြှင့်မှုများ ပြုလုပ်လာနေသည် ဟု တော်လှန်ရေးအင်အားစု များက ပြောသည်။

၇။ မြစ်ကြီးနား ၄၂ မိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
Aug 30,2022
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အင်ဂျစ်ယာန် (N Jip Yang) ကျေးရွာအုပ်စု ၄၂ မိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျောင်းစောင့်အပါ အမျိုးသား ၃ ဦး အချင်းချင်း ပျော်ပါးသောက်စားရာမှ စကားများရန်ဖြစ်ကြပြီး ၂ လောင်ပြိုင် လူသတ်မှုဖြစ် ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ၄၂ မိုင် အောင်မြေသစ်ရွာဘုန်းကြီးကျောင်းတွင် ကျောင်းစောင့်နေထိုင်သည့် အသက် ၅၁ နှစ်အရွယ်ရှိ ဦးစိုး ခေါ်သူထံ အလည်လာတဲ့ ဦးမင်းမင်းစိုး အသက် ၄၂ နှစ် နှင့် ဦးမျိုးအောင်တို့ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီဝန်းကျင်မှ အရက်အတူထိုင်သောက်နေရင်း ၁၁ နာရီခန့်တွင် စကားများရန်ဖြစ်ကြရာမှ ဓားထိုးသတ်မှုဖြစ်ပွာခဲ့သည် ဟု အင်ဂျစ်ယာန်ဒေသခံ တစ်ဦး KNG ပြောသည်။ “ကျောင်းက ဘုန်းကြီးက ဒီရက်ပိုင်း ခရီးသွားနေတယ်။ အဲ့မှာ ဦးစိုး ကို ကျောင်း ခဏစောင့်ထားခိုင်းတယ်။ ဦးစိုး က သောက်စားတော့ ၂ ယောက်က လာလည်ပြီး သောက်စားမူးယစ်ကြတယ်။ အဲ့မှာ စနောက် ရင်းနဲ့ ရန်ဖြစ်ကြတယ်လို့သိရတယ်။ မနက်မှ ဦးစိုး နဲ့ ဦးမင်းမင်းစိုး ရဲ့ အလောင်းမှာ ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်”ဟုပြောသည်။

ကျောင်းစောင့် ဦးစိုးနှင့် မင်းမင်းစိုး ခေါ် သူ ၂ ဦးသည် ဘုန်းကြီးကျောင်းအတွင်း ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေကြပြီး ၃ ဦးအနက် ဦးမျိုးအောင် ခေါ်သူမှာ လက်ရှိအချိန်အထိ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။ သေဆုံးသူ ဦးစိုး သည် ပဲခူးမြို့တွင် နေထိုင်သူဖြစ်ပြီး ဦးမင်းမင်းစိုး သည် စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သတင်းအရင်းအမြစ် ထံမှသိရသည်။ လက်ရှိ ဦးစိုး နှင့် ဦးမင်းမင်းစိုး သတ်ခံရမှုနှင့်ပတ်သက်ပြီး လွတ်မြောက်နေသည့် ဦးမျိုးအောင်အား ဖမ်းဆီးရန် မြစ်ကြီးနား ပလန နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ https://burmese.kachinnews.com/202 2/08/30/az1-14/

၈။ မတရားမှုများကို မသိကျိုးကျွံ့ပြုနေသည့် ရခိုင်ပြည်ဖွား စစ်ကောင်စီအဖွဲ့ဝင်များကို သမိုင်းတရားခံအဖြစ် သတ်မှတ် ကြောင်း ထုတ်ပြန်
August 29, 2022
စစ်ကောင်စီမှ ရခိုင်ပြည်တွင်း ကျူးလွန်နေသည့် လူမဆန်သော စစ်ရာဇဝတ်မှုတို့ကို မသိကျိုးကျွံ့ပြုကာ နှုတ်ဆိတ်နေ သည့် ရခိုင်ပြည်ဖွား စစ်ကောင်စီအဖွဲ့ဝင်များနှင့် ဝန်ကြီးများကို သမိုင်းတရားခံအဖြစ် မှတ်ယူကာ ရှုံ့ချကြောင်း သြဂုတ် ၂၈ ရက် နေ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်သည်။ စစ်ကောင်စီမှ အရပ်သားပြည်သူများအား ဓားစာခံပြုလုပ်ခြင်း၊ ကျေးရွာများ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိပြီး ရခိုင်ပြည်တွင်း ထိုသို့ ကျူးလွန်နေသည့် စစ်ကောင်စီအား နိုင်ငံတကာမှ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်လည်း ရခိုင်အစည်းအရုံး ဂျပန် မှလည်း တောင်းဆိုထားသည်။

ယင်းအပြင် ရခိုင်မှ စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးများမှာလည်း ပြည်သူများအပေါ် လူမဆန်သည့်လုပ်ရပ်များ ကျူးလွန် လျက်ရှိသည်ကို သိရှိပါလျက် မသိကျိုးကျွံ့ပြုလျက်ရှိသောကြောင့် အဆိုပါ စစ်ကောင်စီအဖွဲ့ဝင်များအား သမိုင်းတရားခံအဖြစ် လည်း ဖော်ပြထားသည်။ ရခိုင်တွင် ယခုရက်ပိုင်းအတွင်း၌ တိုက်ပွဲပြင်းထန်ခဲ့သည့် မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာ မှ ကျေးရွာသား ၄ ဦးကို စစ်ကောင်စီဖမ်းဆီးခဲ့ပြီး မင်းကြီးကျေးရွာမှာ အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးထိမှန်၍ သေဆုံး ခဲ့ရသည်။ ယမန်နေ့ သြဂုတ်လ ၂၈ ရက်တွင်လည်း မြောက်ဦးမြို့ အနောက်ဖက်ရှိ ကင်းဆိပ်ကျေးရွာသို့ စစ်ကောင်စီတပ်ရင်း တစ်ခုဖြစ်သည့် ၃၇၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့မှု့ကြောင့် လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ ရှိကာ ထိုအထဲမှ ၃ ဦးသေဆုံးမှုရှိခဲ့သည်။

၉။ မိုင်းကိုင်မှာ SSPP တပ်ဖွဲ့က တပ်သားသစ် စုဆောင်းလို့ ဒေသခံတွေ ထွက်ပြေးနေရ
August 28, 2022
ရှမ်းတောင် မိုင်းကိုင်မြို့နယ် ဟိုခဲ၊ တုံလော၊ နောင်စံဖူးကျေးရွာအုပ်စုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က တပ်သားသစ် စုဆောင်းနေတယ်လို့ သိရပါတယ်။ တပ်သားသစ် စုဆောင်းမှုကြောင့် ကျေးရွာခံ အမျိုးသားနဲ့ လူလတ်ပိုင်းတွေ ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထွက်ပြေးနေတဲ့ ဒေသခံတစ်ဦးက ပြောပါ တယ်။ “ဩဂုတ် ၂၆ ရက်က နောက်ဆုံး သတ်မှတ်ထားတယ်။ လူ လာမပို့ပေးရင် လာဖမ်းမယ်လို့ပြောတော့ ကျနော်တို့လည်း ထွက်ပြေးရတယ်။ ရွာမှာ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကလေးတွေလောက်ပဲ ကျန်တော့တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။ ထွက်ပြေးသူတွေဟာ ရန်ကုန်၊ မန္တလေး နဲ့ ထိုင်းနိုင်ငံဘက် ထွက်ပြေးကြတာဖြစ်ပြီး တချို့ဟာ မိဘတွေကိုပြုစုစောင့်ရှောက်ရတာကြောင့် မိုင်းကိုင်မြို့ပေါ်နဲ့တောတောင် တွေထဲ ထွက်ပြေးတိမ်း ရှောင်နေကြတယ်လို့ ၎င်းက ဆိုပါတယ်။

SSPP တပ်ဖွဲ့ဟာ တုံလောရွာခံ ၅ ဦး၊ မတ်ချိနုတ် ၅ ဦး၊ ဟိုခဲ ၅ ဦး၊ ပျဥ်ဝင့်ရွာ ၅ ဦး၊ နောင်စံဖူး ၄ ဦး၊ နမ့်ခွန်အွန် ၄ ဦး၊ လွယ်ခွိုင် ၄ ဦး၊ ပန်လော့ ၄ ဦး၊ နားဟွေလုံ ၄ ဦးနဲ့ ပန်နိမ်းကျေးရွာခံ ၄ ဦးတို့ကို တပ်သားသစ်အဖြစ် တောင်းထားတာဖြစ်ပြီး အဆက်အသွယ် မရသေးတဲ့ရွာတွေလည်း ရှိနေပါတယ်။ ကျေးရွာခံတစ်ဦးက “ဩဂုတ် ပထမအပတ်မှာ သူတို့ကျေးရွာအလိုက် အစည်းအဝေးလုပ်ပြီး ပြောတယ်။ လူလာပို့ဖို့ သူတို့သတ်မှတ်တဲ့ ရက်လည်း ရှိတယ်။ ရွာသားတွေ မလုပ်ချင်ကြဘူးလေ။ အကုန်ထွက်ပြေးကြတယ်။ စစ်ဒဏ်ကို ကျနော်တို့ ဘယ်တော့ လွတ်မြောက်မယ် မသိတော့ဘူး။ RCSS ဒီနယ်မြေမှာနေတာလဲ ဒီဒဏ်တွေ ခံနေခဲ့ရပြီး အခု SSPP တွေ ရောက် လာတော့လည်း ဒီအတိုင်းပါပဲ” စစ်မှုထမ်း သွားမယ့်သူ မရှိတာကြောင့် ကိုယ်စား တစ်ဦးကို (၁၀)သိန်းကျပ်ပေးပြီး ငှားရသူတွေလည်း ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုကို ရွှေဖီမြေက ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

၁၀။ ဖယ်ခုံ ၊ မိုးဗြဲ စစ်ရှောင်ကူညီနေသည့် ထောက်ပို့များ အကြွေးတင်နေ
August 29, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် ထောက်ပို့များ အကြွေးတင်နေသဖြင့် စစ်ရှောင်များကိုကူညီရန် ကြပ်တည်းလာကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ကရင်နီပြည် ဒီမော့ဆို ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF တိုက်ပွဲဖြစ်ပွားရာမှ ပြည်သူများ ၁ နှစ်ကျော် နီးပါးစစ်ဘေးရှောင်နေကြရသည်။ လက်ရှိ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် မြန်မာငွေဈေးနှုန်းကျဆင်းမှုကြောင့် ထောက်ပို့များအနေဖြင့် စစ်ဘေးရှောင်များကို ဆက် လက်ကူညီနိုင်ရန်အတွက် ခက်ခဲနေကြောင်း မိုးဗြဲမြို့ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် Mobye Rescue Team မှ တာဝန် ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ခက်ခဲတာတော့ အကုန်ခက်ခဲတာပေါ့။ အခုကတော့ စစ်ရှောင်တွေကို ကူညီ ပေးဖို့ ပိုခက်ခဲလာတာပေါ့။ အလှူရှင်တွေကလည်း သိပ်မရှိတော့ဘူး။ အရင်က အများလှူတဲ့ အလှူရှင်တွေလည်း အခုက နည်း နည်းပဲ ကူညီနိုင်တော့တယ်။ ၆ သိန်းလောက်လှူနိုင်တဲ့သူက အခုဆို ၂ သိန်းလောက်ပဲ လှူနိုင်တော့တယ်” ဟု ၎င်းကပြောသည်။

မိုးဗြဲမြို့ဘက် သို့ရောက်နေသည့် စစ်ရှောင်များသည် မိုးဗြဲမြို့ ကျေးရွာအတွင်းကသူ ဖြစ်ပြီး ကရင်နီပြည် (လွိုင်ကော်) ဒီမော့ဆိုက စစ်ဘေးရှောင်လည်း ရောက်ရှိနေကြောင်း သိရသည်။ မိုးဗြဲမြို့ဘက်တွင် စစ်ဘေးရှောင် ၁၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။ လက်ရှိစစ်ဘေးရှောင်များကို စားဝတ်နေရေးအတွက် ကူညီပေးနိုင်သေးသော်လည်း ရေရှည်အတွက်ခက်ခဲလာနိုင် ကြောင်း ထောက်ပို့များက ဆိုကြသည်။ “ အခုကျနော်တို့တော့ ထောက်ပံ့ငွေ၊ အလှူရှင်တွေလိုနေပါတယ်။ စစ်ရှောင်တွေက ရိက္ခာပြတ်နေပြီ။ ဆန်အိတ် ၂၀၀ လောက်ကို အကြွေးတင်ပြီး ယူလာလိုက်ပြီ ။ ဆန်ဖိုးနဲ့တင် အကြွေးက အရမ်းများနေပြီး။ သိန်း ၁၀၀ နီးပါးရှိနေပြီ” ဟု ဒီမော့ဆို စစ်ဘေးရှောင်ကူညီပေးနေသည့် သူက ပြောသည်။ လက်ရှိမှာ ဆန်ဈေး တစ်အိတ်ကို ၄ သောင်းခွဲအထိ ဈေးမြင့်တက်နေကြောင်း သိရသည်။ ဒီမော့ဆိုဘက်တွင် စစ်ဘေးရှောင် ၉ ထောင် မှ ၁ သိန်းကြားရှိပြီး စစ်ဘေးရှောင်များသည် နေရပ်ကို မပြန်နိုင်သေးကာ တစ်ချို့ကျေးရွာများတွင် စစ်ကောင်စီက တပ်ဆွဲနေထိုင်ထားကြောင်း သိရသည်။ https://burmese.shannews.org/archives/29981

၁၁။ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ဆွေးနွေ
August 29, 2022
နေပြည်တော်ကို ရောက်နေတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးပါတီ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ RCSS ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကနေ ၂၂ ရက်အထိ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပါ သေးတယ်။ ပြီးခဲ့တဲ့ အကြိမ်တွေ့ဆုံပွဲမှာတော့ ပါတီစုံ ဒီမိုကရေစီ စနစ် ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ကြိုးပမ်းကြဖို့ သဘောတူညီခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးရင် သဘောတူညီ ချက်တွေ လက်မှတ်ရေးထိုးမှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ လက်နက် ဆက်လက်ကိုင် လိုပါက တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပေးမယ်လို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်နဲ့ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ စောမြရာဇာလင်းတို့ ခေါင်းဆောင်တဲ့ အဖွဲ့တွေနဲ့ စစ်ခေါင်းဆောင် နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါတယ်။ အခုလို စစ်ကောင်စီနဲ့ တိုက်ပွဲတွေ မဖြစ်တာ ဆယ်စုနှစ် ချီနေပြီဖြစ်တဲ့ EAO အဖွဲ့တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေ ပေမယ့် လတ်တ လော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းနဲ့ ရခိုင် စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကတော့ နေပြည်တော်ကို သွားရောက် ဆွေးနွေးတာမရှိပါဘူး။

၁၂။ မှော်ပုံရွာကို အကြမ်းဖက်ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းကြောင့် ဒေသခံတစ်ချို့ထွက်ပြေးတိမ်းရှောင်နေ
29 August 2022
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ စစ်အင်အားအလုံးအရင်းဖြင့် အကြမ်း ဖက် ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ကျေးရွာနေ ပြည်သူများ တစ်ချို့ နီးစပ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ ဩဂုတ်လ ၂၆ရက်နေ့ မှော်ပုံကျေးရွာနေ ဦးဇော်မင်းဦးနှင့် လူငယ် ၃ ဦးကို PDF အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု ပြောဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွားအတွင်း ထပ်မံ ရှင်းလင်းသွားမည်ဟူသည့် သတင်းထွက်ပေါ်နေကြောင်း ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ရွာထဲမှာ ရွေ့တဲ့လူက ရွေ့နေကြတယ်။ ဘာလို့လဲဆိုတော့ ဟိုနေ့က ကိစ္စပေါ့။ ရွာမှာ PDF တွေ လှုပ်ရှားနေတယ်ထင်ပြီး မှော်ပုံရွာကိုဝင်မွှေမယ့် သဘောရှိတယ်။ ကြိုသိနေတဲ့ ဒေသခံ တစ်ချို့က ကြောက်လို့ ကြိုရှောင်ပြေးနေကြတယ်”ဟုပြောဆိုသည်။

မှော်ပုံကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် လက်ရှိတွင် အိမ်ခြေ ၃၀ ကျော်ထက် မနည်းက ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သော သြဂုတ် လ ၈ ရက်နေ့စပြီး ဆယ်ဇင်းကျေးရွာကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီး သွားပြီး စစ်ရှောင် ထောင်ချီက ဖားကန့်၊ တာမခံ၊ ဟောင်ပါး၊ မော်ဆီစာ၊ နတ်ရေတောင်၊ မမုံနှင့် နမ္မတို့တွင် ထွက်ပြေးတိမ်းရှောင် နေကြပါသည်။ https://burmese.kachinnews.com/2022/08/29/az2-9/

၁၃။ ဒီးမော့ဆိုအနောက်ခြမ်း ကိုယ်ထူကိုယ်ထ စစ်ရှောင်ဆေးခန်းမှာ ဆေးဝါးလိုအပ်နေ
August 29, 2022
ဒီးမော့ဆို အနောက်ဖက်ခြမ်း တစ်နေရာမှာ စစ်ရှောင်ပြည်သူတွေစုပေါင်း ဆောက်လုပ်ထားတဲ့ ကိုယ်ထူကိုယ်ထ ဆေးခန်း တစ်ခုမှာ ဆေးဝါးလိုအပ်နေတယ်လို့ ဆေးခန်းတာ၀န်ခံဆရာမက ပြောပါတယ်။ ဆေးဝါးလုံလောက်မှု မရှိတာကြောင့် ဆေးခန်းလာပြတဲ့ လူနာတွေကို လိုအပ်သလောက် ဆေးပေးနိုင်ခြင်းမရှိဘဲ မျှပြီးခွဲပေးနေရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်အတွက် အားဆေး၊ လူကြီးအတွက် ဆီးချိုသွေးတိုးဆေးက လိုအပ်နေတယ်လို့ ဆိုပါတယ်။ “လူနာဆိုလည်း ရက်ပြန်ချိန်းရတယ်ရော။ ဆေးမရှိတော့ ရော့ ဆယ်ရက်သောက်ပြီး တစ်ခါပြန်လာနော။ တဘရိတ်ထဲပေးလို့ လည်း နောက်လူအတွက်ကျန်အုံးမှရော။ အ့ကြောင့်မို့လို့ သူတို့ကိုလည်း အကုန်မပေးနိုင်ဘူး”လို့ ဆေးခန်းတာ၀န်ခံ ဆရာမ က ပြောပါတယ်။

အချို့ဆေးဝါးတွေမရှိ၊ မလုံလောက်မှုကြောင့် လူနာကို ဆေးမပေးဘဲနဲ့ ပြန်ခိုင်းရတာတွေလည်းရှိတယ််လို့ဆိုပါတယ်။ ထိုးဆေးတချို့ကလည်း ဒိတ်လွန်နေတာကြောင့် သုံးမရတော့တာတွေလည်းရှိနေပါတယ်။ “နာစည်း၊ချောင်းဆိုး၊ကိုက်ခဲတာတို့ အဲ့ဒါ သာမန်လောက်ပဲရှိတယ်။အနည်းငယ်ပဲရှိတယ်။ ရောဂါနဲနဲပိုထူးခြားတဲ့ဟာပေါ့နော ရှိခဲ့ရင်လည်း ဆေးမရှိဘူး” လို့ ဆရာမ က ဆက်ပြောပါတယ်။ အဲ့ဒီဆေးခန်းကို စစ်ရှောင်စခန်းမှာနေထိုင်ကြတဲ့ လူဦးရေ ၅၀၀ဝန်းကျင်က အားထားမှီခိုနေရပါတယ်။ အလှူရှင်တချို့လာရောက် လှူဒါန်းပေမယ့် ဆေးဝါးမလောက်မှုက အခက်အခဲဖြစ်နေသေးတယ်လို့ သိရပါတယ်။

၁၄။ မြောက်ဦးတွင် စစ်ရေးတင်းမာနေသောကြောင့် ကုန်းလမ်းခရီးသွားလာမှုများကို ရပ်တန့်ထား
August 29, 2022
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည့် အတွက် ကုန်းလမ်းခရီးသွားလာမှုများကို ရပ်တန့်ထားရသည်ဟု ဒေသခံများထံမှသိရသည်။ မြန်မာစစ်တပ်မှ တပ်သား ၅၀ ဦးခန့်မှာ (ယနေ့ သြဂုတ်လ ၂၉ ရက်)နံနက်ပိုင်းက ဘူးရွက်မညှိုး၊ ဝေသာလီ စသည့်ကျေးရွာများမှ ထွက်ခွာသွားပြီးနောက် လက်ရှိမှာ အုတ်ဖော်ကန်ကျေးရွာအနီး ယာယီရပ်နားနေကြသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အမည်မဖော်လိုသည့် မျက်မြင်တစ်ဦးက “သူတို့က ဘူးရွက်မညှိုးဘက်က လမ်းမကြီးတစ်လျှောက် မြောက်ဦးဘက်ကိုလျှောက် သွားကြတယ်။ အခုတော့ မြောက်ဦးကိုမရောက်ခင် အုတ်ဖော်ကန်ရွာနားမှာ ရပ်နားနေကြပါတယ်။ တချို့ဆိုရင် ရွာထဲကိုဝင် သွားတဲ့သူတွေလည်း ရှိပါတယ်။ ဒီဘက်မှာက AA ဘက်ကလည်းရှိတော့ အပြန်အလှန် စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိပါ တယ်။ ဘယ်အချိန် တိုက်ပွဲပြန်ဖြစ်မလဲတော့ မသိဘူးပေါ့”ဟု ဆိုသည်။ ယင်းသို့သောအခြေအနေများကြောင့် မြောက်ဦး-စစ်တွေ၊ စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့်ကားများနှင့် မြောက်ဦးမြို့နယ်မှ နေ့စဉ်ပြေးဆွဲနေသည့် လိုင်းကားများကိုလည်း ယာယီရပ်နားထားသည်ဟု ကားသမားများကပြောဆိုသည်။

မြောက်ဦး-စစ်တွေပြေးဆွဲနေသည့် ကားသမားတစ်ဦးက “ဒီနေ့တော့ ကားသမားတွေအားလုံးနီးပါး မသွားကြဘူး။ အရေးပေါ် တစ်စီး၊ နှစ်စီးလောက်ပဲ သွားပါတယ်။ ဘယ်သူကမှ ကန့်သတ်ထားတာတော့ မဟုတ်ဘူး။ ကိုယ်ကိုကိုယ် လုံခြုံရေး အရကော၊ အသက်အန္တရာယ်စိုးရိမ်မှုအရကော မသွားတာပါ။ နယ်ဘက်ကကားတွေဆိုရင်လည်း မြောက်ဦးကိုမလာကြပါဘူး။ ဘယ်နေ့အထိ ရပ်ထားမလဲဆိုတာတော့ ကျနော်တို့ပြောလို့မရဘူး။ နယ်မြေအေးချမ်းတဲ့အထိပေါ့နော်”ဟု ဆိုသည်။ မြောက်ဦး မြို့မ ဈေးတွင်လည်း ကုန်ပစ္စည်းရောင်းချနေသည့် ဈေးသည်အနည်းငယ်သာရှိပြီး အများစုမှာဆိုင်ပိတ်ထားကြပြီး ဈေးဝယ်သူ များမှာလည်း မရှိသလောက်နည်းပါးကြောင်း သိရသည်။ ကားသမားများ နေ့စဉ်ပြေးဆွဲနေမှုအားရပ်တန့်ထားပါက မြောက်ဦး မြို့နယ်မှ ကျေးရွာများတွင် ကုန်စည်စီးဆင်းမှုရပ်တန့်သွားနိုင်ကြောင်းလည်း ပြောဆိုကြသည်။ ယမန့်နေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခြင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းတို့ကြောင့် ဘူးရွက်မညိုး၊ လက္ကာ၊ ကင်းဆိပ်၊ ဝေသာလီ၊ အောက်သကန်၊ ပေါက်တောပြင်နှင့် ဘုရားကြီး စသည့်ကျေးရွာ ၁၀ ခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

၁၅။ TNLA စစ်သားများ လုံခြုံရေးအကြောင်းပြပြီး ပြည်သူ့နေအိမ်ဝန်းအတွင်း ဝင်ရောက်နေရာယူမှုရှိနေ
August 29, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လုံခြုံရေး အကြောင်းပြကာ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA) တပ်ဖွဲ့များသည် ပြည်သူ့နေအိမ်ဝန်းအတွင်း ဝင်ရောက်နေရာယူကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ် ၂၆ ရက် နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ TNLA တပ်ဖွဲ့များသည် မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုမှ ပြည်သူ့နေအိမ်ဝန်းများအတွင်း ဝင်ရောက်နေရာယူကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “နောင်လောင်း ကျေးရွာအုပ်စုအတွင်းမှာ သူတို့လမ်းကြောင်းရှိလို့ ဆိုလား လုံခြုံရေးလာယူတာတဲ့၊ ပြည်သူ့အိမ်ဝန်းထဲကို ဟိုတစ် ဆု ဒီတစ်စု ဝင်ပြီးနေရာယူတာ၊ အင်အားများတယ်၊ ရေတွေဆိုလည်း မသောက်ဘဲ သူတို့ ခပ်သောက်ကြတာ၊ လမ်းမဘက်ရောက်တဲ့သူတွေ ကျတော့ ဆေးလိပ်ဖိုး၊ အချိုရည်ဖိုးဆိုပြီး ကားသမားတွေဆီ ပိုက်ဆံတောင်းတယ်တဲ့” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သြဂုတ်လ ၂၂ ရက်တွင် နမ့်ခမ်းမြို့နယ် နမ့်စန်ကျေးရွာမှ မန့်ကန့်ကျေးရွာအထိ စစ်အင်အား ၃၀၀ ခန့်ရှိ TNLA စစ်သား တို့သည် လမ်းကြောင်းတစ်လျှောက် စစ်ကြောင်းချီ အင်အားပြခဲ့ကြောင်း သတင်းသိရသည်။ အလားတူ သြဂုတ်လ ၂၃ ရက်တွင် လည်း ကွတ်ခိုင်မြို့နယ်မှ ကောင်းခါးပြည်သူ့စစ် (ခ) ယခင် ကေဒီအေ (KDA) ဌာနချုပ်နယ်မြေဖြစ်သည့် မြို့လယ် လမ်းမပေါ်သို့ TNLA တပ်ဖွဲ့မှ အမှတ် ၅ တပ်မဟာမှူး ကိုယ်တိုင် ဦးစီးပြီး အင်အားပြခဲ့ကြောင်း သိရသည်။ ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း ကွန်လုံမြို့နယ် ကန်မိန်းကျေးရွာအုပ်စု၊ ကောင်းဆန်းကျေးရွာတွင်လည်း TNLA မှ တပ်သားသစ် လာရောက်စုဆောင်းနေစဥ် သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုကြောင့် ရွာသားများက ရရာ လက်နက်မဲ့ဖြင့် TNLA စစ်သားများအား ဝိုင်းဝန်းဖမ်းဆီးလိုက် ရကြောင်း သတင်း သိရသည်။ အဆိုပါ ဖြစ်စဥ်ကိစ္စရပ်များနှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ပြောရေးဆိုခွင့်ကို မေးမြန်းရန်အတွက် ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပါ။ https://b urmese.shannews.org/archives/29988

၁၆။ ကရင်နီစစ်ရှောင်ပြည်သူများ ရိက္ခာရှားပါးပြတ်လပ်ပြီး ထမင်းနပ်မှန်အောင် မစားနိုင်သူများရှိနေ
30 August, 2022
စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော် စစ်ရှောင်နေကြတဲ့ ကရင်နီ (ကယား)ပြည်နယ်က စစ်ဘေးရှောင် ပြည်သူ တွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလှူရှင်နည်းပါးလာမှုနဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့တားဆီးမှုတွေကြောင့် စားနပ်ရိက္ခာပြတ်လပ် ထမင်းနပ်မှန်အောင်မစားနိုင်တော့တဲ့ အခြေအနေရောက်နေတယ်လို့ ဒေသခံ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။ လတ်တလော မြန်မာငွေကျပ်တန်ဖိုးဆက်တိုက်ကျဆင်းမှုနဲ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်မှုကြောင့် မြန်မာနိုင်ငံတဝန်း ဆန်၊ ဆီအပါအဝင် အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်လာနေသလို ကရင်နီပြည်နယ်မှာလည်း ကုန်ဈေးနှုန်းတွေ အဆမတန်မြင့် တက်လာမှု၊ အလှူရှင်နည်းပါးလာမှုကြောင့် စားနပ်ရိက္ခာမလုံလောက်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။ ကရင်နီ စစ်ရှောင်အရေး လိုက်လံကူညီပေးနေတဲ့ ဒေါ်လူဆီးယာက “တချို့ စခန်းတွေက တကယ်စားစရာ ဆန်ကို မရှိတော့လို့ ကော်မတီ ကနေ ပေးလာတဲ့ လူတယောက်မှ ဆန် ၂ ပြည်၊ ၃ ပြည်နှုန်းမိသားစုကို တလ တပုံးနှုန်းနဲ့ပဲ ပေးတဲ့အခါကျတော့ သူတို့က ဘယ်လိုမှမဖူလုံဘူး။ မလလောက်ငတော့ဘူးပေါ့နော်။”လို့ပြောပါတယ်။ လက်ရှိစစ်ရှောင်စခန်းအများစုက အဓိက ဆန် ကိုရရှိ ရေးပဲ တောင်းဆိုလာနေကြတယ်လို့လည်း ဆိုပါတယ်။

“Camp တိုင်း၊ Camp တိုင်းက ဘာတောင်းလာလဲဆိုတော့ ဆန်တွေတောင်းလာကြတယ်။ ညီမတို့ဆီဆိုရင် အခု တလော ဒီလကစပြီး ကုန်ဈေးနှုန်းအရမ်းမြင့်တက်လာတဲ့လကစပြီး သူတို့ဆန်တွေပဲ တောင်းလာကြတယ်။ အခုတလောက နည်းနည်းစုံတယ်ပြောရမှာပေါ့ ဖျားနာတဲ့သူတွေရော၊ ကလေးတွေရော နာတာရှည်ရောဂါရှိတဲ့ လူကြီးတွေ ဆေးကုသမှု ခံယူရ မယ့် လူတွေအများကြီး အကူညီလာတောင်းကြတယ်။ ကျန်းမာရေးပိုင်းလည်း တော်တော်ကို ဆေးဝါး လိုအပ်တာတွေများတယ်။ စားနပ်ရိက္ခာဆိုရင်လည်း ဆန်တွေကအစ အရမ်းကြီးကို ပြန်လိုအပ်နေပြီ၊ တော်တော်ကို ပြတ်လပ်ကုန်ပြီ။ ” စစ်ရှောင်အများစု ရှိနေတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆောင်ဒူလာကျေးရွာအုပ်စု ဘက်က စစ်ရှောင်တွေဟာလည်း အလှူရှင်နည်းပါးလာ တဲ့တွက် စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြတယ်လို့ ဒီးမော့ဆို ဒေသခံ လူငယ်တဦးကပြောပါတယ်။ “ဆော်ပထန် ဘက် အလှူရှင်သိပ်မလာလို့ပြောတယ်။ လူတဦးကို တလ ဆန် ၄ ပြည်ရတာ မလောက်ဘူးပြောတယ်။ တရက်တဘူးနှုန်းရ တာ။” ဒါ့အပြင် ကရင်နီဒေသမှာ အရင်က ဆန်တအိတ်ကို ကျပ် ၃၀,၀၀၀ ကျော်ပေးဝယ်လို့ရရာကနေ အခု ဆန်တအိတ်ဈေးဟာ ကျပ် ၅၀,၀၀၀ ကျော် အထိနှစ်ဆနီးပါး မြင့်တက်လာနေပါတယ်။ ဒါ့အပြင် စစ်ရှောင်တွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ရတဲ့ အတွက် အရင်သူတို့စိုက်ပျိုးနေကျ လယ်တွေလည်း ပြန်လုပ်လို့မရသေလို စစ်ကောင်စီတပ်ကလည်း အဲဒီလယ်တွေအပေါ် မိုင်း တွေ ထောင်ထားလို့ ဒီစစ်ရှောင်တွဟာ ပိုပြီး စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်ရဖို့ရှိတယ်လို့ ကရင်နီ လူမှုအသင်း အဖွဲ့များ ကွန်ယက် Karenni Civil Society Network – KCSN တာဝန်ခံ ခူးကိုရယ်က ပြောပါတယ်။ http://burmese.dvb.no /archives/551479

၁၇။ MPT တစ်ခုတည်းသာအသုံးပြု၍ရသည့် မောင်တောမြောက်ပိုင်းဖက်တွင် MPT ဖုန်းလိုင်းပြတ်တောက်နေ
August 30, 2022
ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းဖက်တွင် ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့မှစတင်၍ ယနေ့မက်ပိုင်းနှင့် နေ့လယ်ပိုင်း အထိ MPT ဖုန်းလိုင်းများ ပြတ်တောက်လျှက်ရှိနေသည်။ မောင်တောမြောက်ပိုင်းဘက်တွင် မြဝတီအလွန် သင်္ဘောလှ၊ မီးတိုက်၊ သာယာကုန်း၊ တောင်ပြို၊ တမန်းသား၊ တရိန်း မင်းခမောင်း၊ ခမောင်းဆိပ်၊ နန်းရာကိုင်း၊ နံသာတောင် စသည့်ကျေးရွာများနှင့် တစ်ခြားဆက်စပ်ကျေးရွာများပါ MPT ဖုန်းလိုင်းပြတ်တောက်နေခြင်းဖြစ်သည်။ ၎င်းဒေသဖက်တွင် ယခင်ကတည်းက အင်တာ နက်လိုင်းနှင့် ဆက်သွယ်ရေးလိုင်းများမကောင်းသည့်ကြားတွင် လက်ရှိ ဖုန်းလိုင်းပါပြတ်တောက်လျက်ရှိနေသည်ဟု တိုက်ပွဲ အခြေနေများကြောင်း မင်းခမောင်းကျေးရွာမှ ထွက်ခွာလာခဲ့ကာ အငူမော်ဖက်သို့ရောက်ရှိနေသည့် ကျောင်းဆရာတစ်ဦး က ပြောသည်။”အဲ့ဖက်တွေဆက်သွယ်လို့မရဘူး။ လိုင်းပြတ်နေတယ်။ အရင်ကတည်းကလည်း လိုင်းကမကောင်းဘူး။ အင်တာနက် လိုင်းဆိုအခြေနေပိုဆိုးပါတယ်” ဟုပြောသည်။ ထိုသို့ MPT လိုင်းများပြတ်တောက်နေရခြင်းမှာ MPT တာဝါတိုင် များတွင် ဆီပြတ် တောက်နေ၍ဖြစ်သည်ဟု ဆက်သွယ်ရေးလိုင်းအနည်းငယ်ရရှိနေသေးသည့် မြဝတီကျေးရွာသား တစ်ဦးက ပြော သည်။

“လိုင်းကတော့မကောင်းဘူဗျ။ ဒါပေမဲ့ ဟိုအစွန်ဖက်တွေလိုတော့ မပြတ်သေးဘူးပေါ့။ အကြောင်းကတော့ MPT တာဝါ တိုင်တွေဆီပြတ်နေလို့ကြားတယ်” ဟုပြောသည်။ MPT တာဝါတိုင်များ ဆီပြတ်ရခြင်းအကြောင်းရင်းမှာ သြဂုတ်လ ၂၈ ရက် နေ့ ၌ MPT တာဝါတိုင်များသို့ ဆီဖြည့်ရန်လာသည့် ကားတစ်စီးကို ရက္ခိုင့်တပ်တော AA ဖက်မှ ဖမ်းဆီးမှုရှိခဲ့ပြီး ဖမ်းဆီးရသည့် အကြောင်းရင်းမှာလည်း အဆိုပါကားတွင် စစ်ကောင်စီတပ်သားများအတွက် ရိက္ခာသယ်ယူလာ၍ဖြစ်သည် နီးစပ်သည့် ဒေသ သတင်းရင်းမြစ်ကပြောသည်။ ၎င်းဒေသဘက်တွင် MPT ဆင်းကဒ်တစ်ခုတည်းသာအသုံးပြု၍ ရရှိပြီး တစ်ခြား ဆင်းကဒ်များဖြစ် သည့် Telenor(Atom)၊ Mytel၊ Oreedoo တို့မှာ ထိုဒေသအတွင်း၌ လိုင်းမမိ၍ သုံးစွဲသူများမရှိပေ။ လက်ရှိတွင် အသုံးပြု၍ ရနေ သည့် MPT ဆင်းကဒ်များမှာလည်း လိုင်းပြတ်တောက်နေခြင်းကြောင့် အဆိုပါဖက်မှ ဒေသခံများမှာ တစ်ခြားဒေသများနှင့် အဆက်သွယ်ပြတ်တောက်လျှက်ရှိကြသည်။ မောင်တောမြောက်ပိုင်းဖက်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွား လျက်ရှိ ရာ ဒေသတွင်းအခြေအနေများနှင့် တိုက်ပွဲဖြစ်ပွားမှုအခြေနေနောက်ဆက်တွဲကိုသိရှိနိုင်ရန် Western News မှ အဆိုပါဒေသမှ ကျေးရွာအများအပြားအား ယမန်နေ့မှ ယနေ့နေ့လည်ပိုင်းအထိဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

၁၈။ ရမ်ပူရပ်ကွက်တွင် အုပ်စုလိုက် ဆိုင်ကယ်ခိုးယူမှုဖြစ်ပွား၊ အိမ်ရှင်ကို လေးခွနှင့်ပစ်ခတ်
August 29, 2022
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ နံနက် ၅ နာရီခန့်က အမည်မသိ လူနှစ်ဦးက ဓားများ ကိုင်ဆောင်ကာ ဆိုင်ကယ်ခိုးယူသွားပြီး အိမ်ရှင်ကိုလည်း ခဲနှင့်လောက်စာလုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အမည်မသိ လူ ၁၂ ဦးခန့်က ဓားများကိုင်ဆောင်ကာ လမ်းထိပ်တွင်စောင့်နေပြီး နှစ်ဦးက နေအိမ်တံခါးကို ဖျက်ဆီးကာ ဆိုင်ကယ်နှစ်စီးကို ခိုးယူသွားခြင်းဖြစ်သည်ဟု ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ “လူ ၁၂ ယောက်အုပ်စု က လမ်းထိပ်မှာ အုပ်စုလိုက် ဓားတွေ၊ တုတ်တွေနဲ့ အပြည့်စောင့်နေတာ၊ နှစ်ယောက်က အိမ်ထဲကိုဓားတွေနဲ့ ဝင်လာတာ။ အိမ် တံခါးကို ဘယ်လိုဖွင့်လဲတော့မသိဘူး။ သူခိုးလို့အော်တော့ သူတို့ကထွက်ပြေးသွားပြီ ဆိုင်ကယ်တွန်းပြီး။ လမ်းထိပ်ကို သွားကြည့် လိုက်တော့ အုပ်စုလိုက် မောင်းသွားကြတယ်” ဟုသူကပြောသည်။

အိမ်ရှင်က သူခိုးဟုအော်နေချိန်တွင် ဘိလပ်မြေဖြင့် ပြုလုပ်ထားသော လောက်စာလုံးများ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး အသက် ၅၇ နှစ်ခန့်အရွယ်ရှိ အိမ်ရှင်အမျိုးသမီး လက်သန်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသူကဆက်ပြောသည်။ ခိုးယူခံ ရသည့်ဆိုင်ကယ်နှစ်စီးမှာ ဆိုင်ကလုံးအမျိုးအစားဆိုင်ကယ်တစ်စီးနှင့် 125 အမျိုးအစား ဆိုင်ကယ်တို့ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားမြို့ စီတာပူနှစ်ခြင်းဘုရားကျောင်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အမည်မသိ လူ ခြောက်ဦးက သေနတ်ထောက်ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အော်ဟစ်အကူအညီတောင်းနေသည့် အနီးရှိ ပြည်သူတစ်ဦးကိုလည်း သေနတ်နှစ်ချက်ပစ်ခတ်သွားကြောင်း သိရသည်။

၁၉။ မိုင်းရယ် ပန့်ဆီဆိုင်ပိုင်ရှင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
August 29, 2022
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ အတွင်းရှိ စက်သုံးဆီ ပန့်ဆီဆိုင် ပိုင်ရှင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ ပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၂၈) ရက် ည ၁၀ နာရီဝန်းကျင်တွင် မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက် မိုင်းရယ် – သီပေါ လမ်းမကြီးဘေးရှိ 909 ပန့်ဆီဆိုင် ပိုင်ရှင်အမျိုးသား ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ည ၁၁ နာရီတုန်းက တံခါးကန်ဖွင့်သံတွေကြားရတယ်။ အဲ့နောက်မှာ သေနတ်သံ ထပ်ကြားရတယ်။ သေနတ်သံက စုစု ပေါင်း ၁၃ ချက်ပါ။ ဒီမနက် အလောင်းကိုသွားကြည့်တော့ ကျည်ဒဏ်ရာတွေက ခန္ဓာကိုယ် အနှံ့ပဲ။ ပြီးတော့သူဝတ် ထားတဲ့ ဆွဲကြိုးတွေ လက်ကောက်တွေ လက်စွပ်တွေလည်း အကုန်ချွတ်ယူသွားတယ်” ဟု အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပစ်သတ်ခံရသည့် ဆိုင်ရှင်အမျိုးသားသည် အသက် (၃၀) ကျော်ရှိ ကိုအောင်အောင် ဟုအမည်ရပြီး သေနတ်ထိမှန် ဒဏ်ရာများဖြင့် ညာဘက်လက်ချောင်းတချို့လည်း ပြတ်နေကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် သေဆုံးသူ ရုပ်အလောင်းကို မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ဌာနဆိုင်ရာများ မှ စစ်ဆေးမှု ပြုလုပ်နေသည်။

အဆိုပါ ပစ်ခတ်မှုသည် မိုင်းရယ်မြို့တွင်း ပထမဆုံး ပစ်သတ်လုပ်ကြံမှုများဖြစ်နေပြီး လက်ရှိတွင် ဒေသခံပြည်သူများက စိုးရိမ်စိတ်များစွာဖြင့် ထိတ်လန့်နေကြကြောင်း သတင်းသိရသည်။ “မဖြစ်စဖူး ဖြစ်လာတာ မြင်ရတော့ အရမ်းကို စိတ်ပူမိတယ်၊ ရဲတွေကို အားကိုးရအောင်လည်း သူတို့က ဘာမှ လုပ်ပေးတာ မတွေ့ရဘူး၊ အရင်က သူခိုးတွေရှိပေမဲ့ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတဲ့ သတ်ပစ်ရမှုတွေ အထိ တစ်ခါမှ မကြုံဖူးဘူး၊ လုံခြုံရေးတွေ တော်တော်ကင်းမဲ့လာပြီလို့ ခံစားရတယ်” ဟု မိုင်းရယ်မြို့ အမှတ် (၁) ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ အခြေအနေများကြောင့် ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပြည်သူ့လုံခြုံရေးကို အဓိကထား လုပ်ဆောင်ပေးကြရန်နှင့် မတရားမှုများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန်လည်း တောင်းဆိုလိုကြောင်း သတင်းသိရသည်။ https://burmese.shannews.org/archives/29978

၂၀။ CDM အဖြစ်ခိုလှုံလာသူ စစ်ကောင်စီတပ်သားများအား ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်နိုင်ရေး KNU ဆောင်ရွက်ပေးမည်
August 29, 2022
စစ်အာဏာရှင်ကိုတော်လှန်ပြီး လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်သားတွေကို ဘေးကင်းလုံခြုံစွာ လုပ်ကိုင် စားသောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က အသိပေးပြောဆိုလိုက်ပါတယ်။ ရှေ့တန်းစစ်မြေပြင်က မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ လာရောက်ပူးပေါင်းလာတဲ့ ပြည်သူ့ တပ်မတော်သားတွေကို ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို KNU သထုံခရိုင်၊ တပ်မဟာ (၁)အတွင်းမှာ မနေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂုဏ်ပြုပွဲမှာ KNU မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌက“လာရောက်ပူးပေါင်းသည့်အတွက် ဝမ်းသာ ဂုဏ်ယူ အသိအမှတ်ပြုကြောင်း၊ လာရောက်ပူးပေါင်းသော ပြည်သူ့တပ်မတော်သားများအနေဖြင့် မိတ်ဖက်တော်လှန် ရေးတပ် ပေါင်းစုနှင့် ပူးပေါင်းကာ အာဏာရှင်များကို ပြန်လည်တော်လှန်လိုပါက တော်လှန်နိုင်ပြီး ပူးပေါင်းတော်လှန်ရန် အခက်အခဲရှိ လျှင်လည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်ရန်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အာဏာရှင်ကိုဖြုတ်ချရန် လက်နက်ကိုင် တိုက်ပွဲဝင်သည့်နည်းလမ်းအပြင် တတ်နိုင်သည့် တစ်ဖက်တစ်လမ်းမှလည်း ပါဝင်လုပ်ဆောင်၍ ရကြောင်း” ပြောကြားခဲ့တယ်လို့ KNU က ဒီနေ့မှာထုတ်ပြန်ပါတယ်။ ဒါ့အပြင် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့လည်း မတရားမှုကိုဆန့်ကျင်ပြီး မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းလိုပါက ယခုလိုပင် နွေးထွေးစွာကြို ဆိုသွားမယ်လို့ ဖိတ်ခေါ်ခဲ့ပါတယ်။ KNU ထံကို လာရောက်ပူးပေါင်းတဲ့စစ်ကောင်စီတပ်သားတွေကို ဂုဏ်ပြုဆုငွေလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

၂၁။ ဒီးမော့ဆိုမြို့နယ်အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိ၊ နွားတစ်ကောင်သေ
August 30, 2022
ဩဂုတ်လ ၂၉ ရက် ညပိုင်း ၉ နာရီဝန်းကျင်အချိန်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ် ခဲ့မှုကြောင့် ကျေးရွာအတွင်း ကျရောက်ခဲ့တဲ့အတွက် နေအိမ်ပျက်စီးခဲ့ပြီး တိရိစ္ဆာန်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီ က နေသိရပါတယ်။ ဒီးမော့ဆိုအနောက်ဖက်ခြမ်း ကျေးရွာတစ်ရွာကို လက်နက်ကြီး၃လုံးကျရောက်ခဲ့ပြီး လူထိခိုက်မှု မရှိ ပေမယ့် နေအိမ်နှစ်လုံးပျက်စီး၊ နွားနှစ်ကောင်ဒဏ်ရာရ တစ်ကောင်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အနောက်ဖက် ခြမ်း ရွာခံ အမျိုးသားတစ်ဦးက “အနည်းဆုံးက ဒီရွာက နှစ်ပတ်တစ်ကြိမ် သုံးပတ်တစ်ကြိမ်တော့ထုလာခဲ့တယ် လက်နက်ကြီး။ ရွာက အနည်းဆုံး အိမ်အိုးတွေ ပျက်သွားတာများနေပြီ။ ဘုရားကျောင်းတွေ ဓမ္မရုံတွေ စပါးကျီတွေ ဝက်ခြံတွေ နွားခြံတွေ အိမ် တွေ က တော်တော်လေးပျက်နေခဲ့ပြီ။ အကြိမ်ပေါင်းက တစ်ခေါက်တစ်ခေါက်ကျတာက ၃၊ ၄ လုံးရှိတယ် ၆ လုံး ၇ လုံးလားရှိ တယ် တစ်ခေါက်တစ်ခေါက်က အများအားဖြင့် ၇ လုံးတစ်ခေါက်တော့ ကျခဲ့တယ်။ နောက်အနည်းဆုံးက နှစ်လုံး အထက်ပေါ့ ကျ တယ်။ နောက် ကျပေါင်းအလုံးက အလုံး ၃၀ ထက်တောင်ရှိနေပြီ။ ဒီ ကျနော်တို့ရွာမှာတော့ ကျတာက အကြိမ်ပေါင်းက အနည်း ဆုံးက ၆ ကြိမ်လောက်ရှိပါတယ်။ အဲ့ ၆ ကြိမ်ထဲမှာ အလုံးရေပေါင်းက ၃၀ ကျော်လောက်ရောက် လာခဲ့တယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့မည်သည့်တပ်ရင်းက ပစ်ခတ်ခဲ့တာကိုတော့ မသိရှိရဘူးလို့ ပြောပါတယ်။ အလားတူ ဒီးမော့ဆို အရှေ့ ဖက်ခြမ်းမှာလည်း ယမန်နေ့ ည ၉ နာရီခွဲအချိန်မှာ လက်နက်ကြီး ကျေးရွာထဲကျရောက်မှုကြောင့် လူနေအိမ်ပျက်စီးခဲ့ရပါသေး တယ်။ ၈၁ မမ လက်နက်ကြီးအမျိုးအစားနဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီး ကျတဲ့နေရာရဲ့ အနီးအနားမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိတ်လန့်မှုကြောင့် လမ်းတောင် ကောင်းကောင်း မလျောက်နိုင်တော့ဘူးလို့ ပြောပါတယ်။ “အိမ်မှာပဲ အိပ်တယ်။ပစ်တဲ့ အသံကြားကြားချင်းပဲ ဟုန်း..ဆို မီးတောက်ကြီး ထွက်လာတယ်။ကျပြီး အနီးအနားမာ ကျပြီးဆို ပြီးတော့ စောင်တွေပိုက်ပြီး ပုန်းခိုကျင်းထဲ ပြေးဝင်မလို့ ကြောက်လွန်းလို့ လမ်းတောင် မလျောက်နိုင်တော့ဘူး။တစ်ညလုံးလည်း အိပ်မပျော်တော့ဘူး”လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို မကြာခဏ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာထဲကို ကျရောက် တာ ၆ ကြိမ် လောက်ရှိပြီး လို့ သိရပါတယ်။ ဒေသခံတွေ အနားယူအိပ်စက်တဲ့အချိန်ပစ်ခတ်တာဖြစ်တဲ့အတွက် ကျေးရွာထဲနေလို့ မရအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ https://www.kantarawaddytimes.org/%e1%80%92 %e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80

၂၂။ ပူတာအို ကလေးများတွင် အရေပြားပေါ် အဖု ယားနာစွဲသည့် ရောဂါ အဖြစ်များနေ
August 30, 2022
ပူတာအိုမြို့ အနီးတဝိုက် ကျေးရွာများရှိ ကလေးငယ်များတွင် ယားနာကဲ့သို့ ခန္ဓာကိုယ်တွင် အဖုများပေါက်သည့် ရောဂါ တစ်မျိုး ကူးစက် ပျံနှံနေသည်ဟု သိရသည်။ ပူတာအို မလိခမြစ်တစ်လျှောက် ကျေးရွာအားလုံး နှင့် မြို့တွင်း ကောင်ကထောင် ရပ်ကွက်တွင် ပြီးခဲ့သည့် တပတ်ခန့်မှ စတင်ကာ ယခုလို ယားနာပေါက် အနာများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ပူတာအိုဒေသခံ ဆရာဆမ်လူ ရမ်ဆိုင်း က ပြောသည်။ “ယားနာ၊ ဝဲ လိုမျိုးဖြစ်တာ ပူတာအို ရွာဘက် ကလေးတွေ အများကြီးပဲ။ တချို့ ကလေး တွေက တော်တော်ပြင်းထန်တာနေမှာ ငိုတာလည်းရှိတယ်။ ဒီတိုင်းပဲနေနေကြတာများတယ်။ ယားတာပျောက်ရုံ ငြိမ်စေတဲ့ဆေး တွေပဲ သူတို့သိသလို လိမ်းပြီးနေ နေကြတယ်” ဟု ပြောသည်။

အသက် ၅ နှစ်အောက် ကလေးအများစုတွင် ထိုသို့ ဖြစ်ပွားနေသကဲ့သို့ လူကြီးတချို့တွင် လည်း ဖြစ်ပွားနေသည်ဟု ထပ်မံသိရသည်။ ကလေးငယ်များ၏ နားရွက်၊ ခြေထောက်၊ ဒူး၊ လက်မောင်း အစရှိသည့် နေရာများမှာ အနာ အဖုများဖြစ် နေကြပြီး လက်ရှိအခြေအနေအရ နေအိမ်တစ်အိမ်မှာ ကလေး ၃ ယောက်ရှိပါက ကလေး ၂ ယောက်မှာ ထိုသို့ ဖြစ်ပွားကြောင်း သိရသည်။ https://burmese.kachinnews.com/2022/08/30/ld1-2/

၂၃။ ထားဝယ်မြို့ လဝကရုံးနှင့် ကညနရုံးတို့ကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယာဉ် ထိန်း ရဲ အမှုထမ်းဟောင်း ထိမှန်
August 30, 2022
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြို့နယ်လဝကရုံးနှင့် တိုင်းကညနရုံးတို့တွင် ယနေ့ မွန်းတည့်ချိန် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်ထိမှန်ကြောင်း သိရှိရသည်။ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်အချိန် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးလူငယ်နှစ်ဦးက မြို့နယ်လဝကရုံး၊ တိုင်းကညနရုံး တို့ကို သေနတ် ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ မြို့နယ်လဝကရုံးအရှေ့တွင် အသက် ၆၀ ဝန်းကျင်အရွယ် ယာဉ်ထိန်းရဲ ဝန်ထမ်း ဟောင်း အမျိုးသားတစ်ဦး သေနတ်ထိမှန်ထားပြီး လဲကျနေကြောင်း၊ ယင်း ရဲဝန်ထမ်းဟောင်းသည် လဝက၊ ကညန ရုံး ပွဲစားဖြစ် သော ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်ဟောင်း ဦးညွန့်ရွှေဆိုသူဖြစ်ကြောင်း သိရှိရသည်။ “သေနတ်သံကတော့ အချက်ရေ တော်တော် များများကြားရတယ်။ အနည်းဆုံးဆယ်ချက်ကျော်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ထိမှန်လဲကျသွားသည့် ရဲဝန်ထမ်း‌ဟောင်း ဦးညွန့်ရွှေကို အရေးပေါ်လူနာတင်ယာဥ်ဖြင့် လာရောက်သယ် ဆောင်သွားပြီး အခြေအနေ မသိရှိရသေးပေ။ အဆိုပါ ပစ်ခတ်မှုကို Guerrilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့) က လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြီး စစ်တပ်ကို ဝင်ငွေရှာပေးနေတဲ့အတွက် ရုံး ထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” ဟု Guerrilla Dawei တာဝန်ရှိသူကပြောသည်။ ဦးညွန့်ရွှေသည် ရဲဝန်ထမ်းဟောင်းဖြစ်သည့် အပြင် စစ်ကောင်စီသတင်းပေးတစ် ဦးဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Guerrilla Dawei တာဝန်ရှိသူက ဆက်ပြောသည်။ “သူက အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ပတ်သက်နေသူဖြစ်ပြီး ရဲစခန်းဝင်ထွက်သွား လာ နေသူဖြစ်တဲ့အပြင် တရားရုံးတွေမှာ အခကြေးငွေယူပြီး သက်သေအတုလုပ်ပေးတာတွေ အာမခံပေးတာတွေလုပ်ပြီး လဝက မှာပါ ပွဲစားလုပ်နေတဲ့အပြင် သတင်းပေးတစ်ဦးလို့သိရှိရတဲ့အတွက် ရှင်းလင်းခဲ့ပါတယ်” ဟု သူက ပြောဆိုသည်။

၂၄။ ကျောက်မဲမှာ အသက် ၆ နှစ်အရွယ် အမျိုးသမီး ကလေးငယ်တစ်ဦး ရေဆော့ကစားရာကနေ ရေနစ်သေဆုံး
August 29, 2022
ရှမ်းမြာက်ရှိ ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းကျေးရွာအုပ်စု ဇောတိကုန်းကျေးရွာမှာ ကလေးငယ်တစ်ဦး ရေဆော့ ကစားရာကနေ ရေနစ်ပြီး သေဆုံးသွားခဲ့လို့ သိရပါတယ်။ သြဂုတ်လ ၂၈ ရက် ညနေ ၅ နာရီမှာ လွေးနေခြည်လင်းလက် (၆)နှစ်ရှိ ကလေးငယ်ဟာ ရေထဲနစ်သွားပြီးနောက် ဆေရုံကို ချက်ချင်းပို့ဆောင်ပေခဲ့ပေမဲ့ အသက်ရှုပ်ရပ်သွားခဲ့တယ်လို့ ဆွေမျိုး တော်စပ် သူ တွေစီက သိရပါတယ်။ဆွေမျိုးတော်စပ်သူ တစ်ဦးက ” ကလေးက ရေကူးကန်မှာ ရေဆော့ပြီး ရေနစ်သွားတယ်။ကလေးက သူ့အမေနဲ့သွားတာ။ သူ့အမေကလည်း ကလေးကို နှစ်ယောက် သုံးယောက်ခေါ်သွားတော့ ဆော့ကစားနေချိန် အငယ်မ တစ်ယောက်ကို သတိမထားမိဘူး။ အငယ်မက ကလေးဆော့တဲ့နေရာကျော်ပြီး လူကြီးတွေဆော့တဲ့ရေကန်ဘက် ရောက်သွား တာ” လို့ ပြောပါတယ်။

ကလေးရေနစ်ပြီးနောက် ရေကူးကန်မှာ ရှိတဲ့သူတွေက ကလေးကို အသက်ကယ်ထားခဲ့ပေမဲ့ အချိန်မှီခြင်းမရှိခဲ့ပါဘူး။ နေခြည်လင်းလက်ကို သွားရောက်ကူညီပေးတဲ့ 5Stars – KME လူမှုကူညီရေးအသင်း ရှမ်းမြောက် ကျောက်မဲမြို့က ” ကျနော်တို့ က ဖြစ်စဥ်တော့ မသိရပါဘူး။ ကလေးရေနစ်နေလို့ အကူညီတောင်းလာတာ။ ကလေးလေးက ကျောက်မဲဆေးရုံရောက်မှ ဆုံးသွားတယ်။ ပြီးတော့ သူတို့နေအိမ်ကို ပြန်ပို့ပေးလိုက်ပါတယ်။” လို့ ပြောပါတယ်။

၂၅။ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂပြော
August 29, 2022
ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ရွာတွေကို စစ်ကောင်စီ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် စားနပ်ရိက္ခာ ပြတ်တောက်အောင် လုပ်ဆောင် နေတာတွေကို ရှုတ်ချတယ်လို့ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂက ဩဂုတ်လ ၂၈ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောလမ်းနဲ့ ပလက်ဝ မြို့နယ်မှာလည်း အသွား၊ အလာ ကန့်သတ်ပိတ်ပင်ထားပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ရှုတ်ချတာလို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က RFA ကို ပြောပါတယ်။

“အခု စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ထားတယ်။ ရိက္ခာတွေ ဖြတ် တောက်ထားတယ်။ ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်တယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရကြတယ်။ သေဆုံးကြတယ်။ ပြီးတော့ ပြည်သူတွေကို ဖမ်းဆီးတယ်။ ဘာမှလည်း သတင်း အစအနမရဘူး။ တရားရုံးကိုလည်း မရောက်ဘူး။ ဒါဟာ လူမဆန် တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရှုတ်ချတာပါ” စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို မျက်ကွယ်ပြု ထားတဲ့ ရခိုင်ပြည်နယ်က စစ်ကောင်စီခန့် ဝန်ကြီးတွေကိုလည်း ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံး အပြစ်ပေး၊ အရေးယူပြီး ပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေပေးဖို့ကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း တောင်းဆိုတယ်လို့ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှာ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်တွေ လိုက်ပါလာတဲ့ စက်လှေတစ်စင်းကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာ ကြောင့် ကလေးနှစ်ဦး သေဆုံးပြီး ကလေး နှစ်ဦးနဲ့ ဒေသခံ သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ https://www.rfa.org/burmese/news/rakhine-state-student-union-condemned-actions-of-

၂၆။ ကရင်နီတပ်ရင်း ၁၀ ခုအတွက် “အားလုံးစုပေါင်း ကျည်တစ်သောင်း” ကမ်ပိန်းတွင် ပါဝင်လှူဒါန်းနိုင်
30 August, 2022
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသက ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၀ ခုကို ထောက်ပို့နိုင်ဖို့အတွက် “အားလုံးစုပေါင်း ကျည်တစ်သောင်း” ကမ်ပိန်းမှာ အားလုံးပါဝင်လှူဒါန်းနိုင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီကမ်ပိန်းကိုတော့ ဆေး တက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂ၊ ဆေးတက္ကသိုလ်(၂) ကျောင်းသားကော်မတီနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂတို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး အခုရက်ပိုင်းအတွင်း ကရင်နီဒေသမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး ပွဲကြာလာတာနဲ့အမျှ ကျည်တွေလိုအပ်လာတာကြောင့် အားလုံး စုပေါင်းပြီး ကျည် တစ်သောင်းရှာမယ့် ကမ်ပိန်းကို စတင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဩဂုတ် ၂၉ ရက်ကနေ လာမယ့် စက်တင်ဘာ ၈ ရက်အထိ ပြုလုပ်မယ့် ကမ်ပိန်းမှာတော့ ကျည် ၁ တောင့်ကို မြန်မာငွေကျပ် ၆၀၀၀ နှုန်းနဲ့ မိမိတို့စိတ်ကြိုက် ကျည်အရေအတွက်တွေကို ကျည်တစ်သောင်းပြည့်တဲ့အထိ ပါဝင်ထောက်ပံ့နိုင်မှာဖြစ်ကာ KNDF B-01, B-02, B-05, B-06, B-09, B-10, B-16, KA(Commando), DMO PDF တပ်ရင်း A နဲ့ C တပ်ဖွဲ့ ၁၀ ခုဆီ ခွဲဝေထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းက ထောက်ပို့ကူညီလိုသူတွေအနေနဲ့ Kpay, Wave, NUGPay တို့နဲ့ ပါဝင်နိုင်မှာဖြစ်သလို ထိုင်း၊ စင်ကာပူ၊ အမေရိကန်၊ မလေးရှား၊ ဩစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ယူကေနဲ့ အီးယူနိုင်ငံတွေ အသီးသီးကလည်း အမေရိကန်ဒေါ်လာ ၆ ဒေါ်လာနဲ့ညီမျှတဲ့ ငွေကြေးအသီးသီးနဲ့ တိုက်ရိုက် ဘဏ်အကောင့်တွေနဲ့ ပါဝင်ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်၊ ဒါ့အပြင် တခြား နိုင်ငံတွေကလည်း PayPal, Payoneer, Crypto တို့နဲ့လည်း ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံ တဝန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအနှံ့ခုခံတော်လှန်စစ်အရှိန်မြှင့်နေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။ ကျည်ဖိုး ပါဝင်ထောက်ပံ့ရန် Messenger ➡️ http://m.me/universityofmedicine2.studentcommitte.ec
Telegram ➡️ https://t.me/um2sc တို့ကို ဆက်သွယ်နိုင်ပါတယ်။ http://burmese.dvb.no/archives/551470

၂၇။ ကျောက်ကြီးမြို့အတွင်းရှိ ကရင်အများစုနေထိုင်ရာ မေတ္တာရပ်ကွက်ကို လျှပ်စစ်မီးဖြတ်တောက်ခြင်းပြုလုပ်ခံရ
August 29, 2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့အတွင်းရှိ ကရင်အများစုနေထိုင်ရာ မေတ္တာရပ် ကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ယနေ့အချိန်ထိ တစ်ဖက်သတ် လျှပ်စစ်မီး ဖြတ်တောက်ခံရမှု ကြုံတွေ့နေရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ ကျောက်ကြီးမြို့တွင် ရပ်ကွက် ၇ ခုရှိသည့်အနက် ကရင်အများစုသာနေထိုင်သည့် မေတ္တာရပ်ကွက်မှလွဲ၍ ကျန်ရပ်ကွက်များကို လျှပ်စစ်မီးပေးဝေမှုများရှိနေသော်လည်း မေတ္တာရပ်ကွက်ကိုမူအကြောင်းပြချက် မရှိ လျှပ်စစ်မီးဖြတ်တောက်ခံနေရကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ယခုလိုပြောသည်။ “၂၄ ရက်နေ့ညက စဖြစ်တာပေါ့။ အခုချိန်ထိမလာသေးဘူး။ ပြီးရင်တခြားရပ်ကွက်တွေက လာတယ်လေ။ မေးကြည့်တော့လည်းအထက်က ဖြတ်ခိုင်းတာပါ ဆရာ တို့ သိပါတယ်အဲ့လိုပဲ ပြောတာ။ ဖြတ်တဲ့ ညမှာတုန်းက လည်း သူတို့(စစ်တပ်)က လူမရှိတဲ့အိမ်ကို ခြံစည်းရိုးဖျက်ပြီးတော့ တစ်ညဝင်အိပ်သွားသေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

“ညအမှောင်မှာက ကျနော်တို့အတွက် မလုံခြုံဘူးဆိုတဲ့ဟာမျိုးပေါ့ သူတို့(စစ်တပ်)ကလည်း ညဘက်လိုက်သွား တာမျိုး ရှိတာကိုး။ ရပ်ကွက်ထဲ ဘာလုပ်သွားမလဲ ဆိုတာမျိုးလည်း မသိရဘူးပေါ့။ ဒီအခြေအနေမှာက ဘာမှ မမြင်ရဘူး အဲ့လိုဖြစ်တာ ပေါ့။ ကျနော်တို့ ကြောက်ကြောက်နဲ့ပဲ ညအိပ်ရတာပေါ့။ ခွေးဟောင်ရင် ထထ ချောင်းကြည့်ရတာမျိုးရှိတယ်” ဟု ၎င်း ရပ်ကွက် နေ ပြည်သူက ဖြည့်စွက်ပြောသည်။ ကျောက်ကြီးမြို့တွင် ပဲခူး၊ တောင်ငူတန်း၊ သိမ်တန်း၊ ဆားတန်း၊ ကတ်ကြေး နှင့် မေတ္တာ စသည့် ရပ်ကွက် (၇) ခုရှိပြီး မေတ္တာရပ်ကွက်တွင် အိမ်ခြေလေးရာကျော်ရှိကာ ကရင်လူမျိုးအများစုနေထိုင်ကြသည်။ ကျန် ရပ်ကွက် များတွင်မူ ဗမာအများစုနှင့် အခြားတိုင်းရင်းသားအနည်းငယ်နေထိုင်ကြပြီး လက်ရှိ လျှပ်စစ်မီးဖြတ်တောက်မှု တွင် လူမျိုးရေးအရ ခွဲခြားဆက်ဆံသည့် ပုံစံဖြင့် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သည့် အသွင်ဆောင်နေကြောင်း လည်း ရပ်ကွက်နေ ပြည်သူများက ယူဆကြသည်။ “ဒီမှာဖြစ်တဲ့ အခြေအနေတွေမှာသူတို့လည်း စိတ်ရှုပ်တာတွေရှိမှာပေါ့။ ရွာတွေမှာလည်း ဟိုပစ် ဒီပစ်တာတွေရှိတယ်။ ဒီမှာလည်း ဒရုန်းနဲ့ လာပစ်တာတွေရှိတယ်။ အဲ့တော့ ကရင်ရပ်ကွက်နဲ့ ဒီလူတွေနဲ့က တစ်နည်းတစ်ဖုံ ဆက်စပ်မှုတွေ ရှိတယ်လို့ ယူဆပုံရပါတယ်။ အခုလည်း ကျနော်တို့ ရပ်ကွက်တစ်ခုပဲ လာပြီး ဧည့်စာရင်းတွေ စစ်တယ်။ ကျန်တဲ့ ရပ်ကွက်တွေမစစ်ဘူး။” ဟု ဖော်ပြပါ ရပ်ကွက်နေ ပြည်သူ သုံးသပ်ပြောဆိုသည်။ ယခုလို လျှပ်စစ်မီး ဖြတ်တောက်ခံရမှုကြောင့် မေတ္တာရပ်ကွက်အတွင်း ဖောက်ထွင်းခိုးယူသူများ ရှိလာမည်ကို ရပ်ကွက်နေ ပြည်သူများက စိုးရိမ်လျက်ရှိသည်။ https://ki cnews.org/2022/08/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1

၂၈။ ပင်းတယမြို့နယ် တောင်သူများကို အတိုး ၅ ရာခိုင်နှုန်းဖြင့် ချေးပေးနေ
August 30, 2022
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ အတိုးငွေ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေချပေးနေကြောင်း စုံစမ်းသိရသည်။ ထိုချေးငွေများကို တောင်သူ များ လယ်ယာစိုက်ပျိုးချိန်တွင် လာရောက်ချေးပေးခြင်းမရှိဘဲ သီးနှံပေါ်လာချိန်မှ လာရောက်ချေးပေးပြီး အတိုးနှုန်းကိုလည်း ယခင်ကထက်များလာကြောင်း ပင်းတယမှ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီချေးငွေက အစိုးရကနေ တောင်သူလယ်သမား စိုက်ပျိုးရေးသမားတွေအတွက် လယ်ယာခြံဧကကြည့်ပြီး ထုတ်ပေးတဲ့ ချေးငွေပေါ့၊ တစ်ဧကကို တစ်သိန်း ခွဲ နှုန်းနဲ့ သူတို့ပေးတယ်၊ အရင်နှစ်ကချေးငွေရဲ့အတိုးက ၄ ရာခိုင်နှုန်းပဲ ပေးရတယ်၊ ဒီနှစ်က ၅ ရာခိုင်နှုန်းတဲ့၊ ကိုးလို့ကန့်လန့် ဖြစ်နေတာပေါ့၊ ကူညီရာမရောက်ပါဘူး” ဟု ပင်းတယမြို့နယ်မှ ကော်ဖီစိုက် တောင်သူတစ်ဦးက ပြောသည်။

ဒေသခံတောင်သူများတချို့သည် စားဝတ်နေရေး မပြေလည်မှုများကြောင့် စိုက်ပျိုးရေးရာသီတွင် လိုအပ်သည့် ချေးငွေ မရရှိသဖြင့် တောင်ယာတချို့စွန့်လွတ်လိုက်ရခြင်းများရှိသည့်အပြင် ယခုအခါမှ ရရှိသည့် ၅ ရာခိုင်နှုန်း တိုးချေးငွေသည် ဒေသခံ ပြည်သူများအပေါ် ထပ်ဆင့်စီးပွားရှာခေါင်းပုံဖြတ်သည့် ပုံစံဖြစ်နေကြောင်း ပင်းတယ ဒေသခံများက ဝေဖန် ပြောဆိုကြသည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စိုက်ပျိုးရေးချေးငွေ မဆပ်နိုင်ခဲ့သည့် တောင်သူများအတွက် ဒေသခံစီးပွားရေး လုပ်ငန်းရှင် များ ထံမှတဆင့် အတိုးနှုန်း ၅ ကျပ်တိုးဖြင့် ဆပ်ထားပေးကြောင်း ပင်းတယမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် စီစဥ်နေကြောင်း သိရပါသည်။ “ပြီးတဲ့နှစ်မှာ ဒီဘက်က နိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေးတွေ တော်တော်ထိခိုက် တယ်လေ၊ တောင်သူတွေအနေနဲ့လည်း ကုန်ထွက်ဈေးနှုန်းမကောင်းတာ၊ ရောင်းမရတာတွေကြောင့် တချို့က အဲ့ချေးငွေကို မဆပ်နိုင်ခဲ့ဘူး၊ အခုတော့ လောပန်းတွေနဲ့ပေါင်းပြီး ပြည်သူကို လာရိုက်ပြန်ပြီလားမသိဘူး” ဟု ပင်းတယလူငယ်တစ်ဦးက ပြော သည်။ လယ်ယာ အမတော်ကြေးဟု ဒေသခံများခေါ်ဆိုကြသည့် နှစ်စဥ်စိုက်ပျိုးရေးချေးငွေများကို ပင်းတယမြို့နယ် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ တောင်သူလယ်သမားများအား နှစ်စဥ် ၅ လပိုင်း ကုန် (သိုမဟုတ်) ၆လပိုင်း အစတွင် ထုတ်ပေးလျက်ရှိခဲ့သော်လည်း ယခုနှစ်တွင် ၈ လပိုင်းမှသာ ထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

၂၉။ ခမောက်ကြီးမြို့နယ်တွင် စစ်ကားနှစ်စီးမိုင်းဆွဲခံရ ၊ စစ်သားနှစ်ဦးသေဆုံး
August 29, 2022
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီယာဉ် ၂ စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဩဂုတ် ၂၈ ရက်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကသတင်းထုတ် ပြန်သည်။ ခမောက်ကြီးမြို့နယ် တပ်နယ်အတွင်းမှ ထွက်လာသော စစ်ကားကြီး နှစ်စီးကို ယင်းနေ့နံနက် ၉ နာရီတွင် ကော့သောင်း/ဘုတ်ပြင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။ ဩဂုတ်လ ၂၅ ရက် ညပိုင်းက လည်း ကော့သောင်းမြို့ ၂ မိုင်တရားရုံးအနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ကော့သောင်းမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရရှိခဲ့သည်။

တနင်္သာရီတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များသည် နန်းထိုက်အောင်စစ်ဆင်ရေးကို ဒေသတွင်း ခပ်စိပ်စိပ် ဖော်ဆောင်လျက်ရှိသည်။ ယခုကာလအတွင်း စစ်ကောင်စီတပ်သားများ စခန်း ချရာ အဆောက်အအုံများ ၊စခန်းများ ၊ သွားလာ သည့်ယာဉ်များအား တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်သွားရန်ရှိသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနေထိုင်သည့် နေရာများ၊ သွားလာသည့်ယာဉ်တန်းများနှင့် ခပ်ဝေးဝေးတွင် နေထိုင်သွားလာကြရန်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

၃၀။ သံတွဲမြို့နယ်မှာ ရိုဟင်ဂျာ ၅၀ ကျော် ဖမ်းဆီးခံရ
August 29, 2022
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ မှိုဟင်းပြင်ရွာအနီးမှာ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၂၆ ရက်နေ့အထိ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၅၃ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် သတင်း မှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ မောင်တောမြို့နယ်ကနေ ရန်ကုန်မြို့ကို သွားရောက်အလုပ် လုပ်ကိုင်ဖို့ ထွက်လာကြတာဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့က လေပြင်းမုန်တိုင်းကြောင့် စက်လှေ ပျက်စီးသွားတဲ့အတွက် ကမ်းခြေအနီးက တောထဲမှာ ပုန်းနေချိန် ဖမ်းမိတာလို့ ဆိုပါတယ်။ အဲဒီအထဲက ၂၈ ဦးကို ဩဂုတ်လ ၁၉ ရက်နေ့မှာ ဂေါ့ရပ်ကွက်အနီး တောင်ပေါ် ကနေ ဖမ်းမိ ခဲ့တာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ ဩဂုတ်လ ၂၃ ရက်နေ့နဲ့ ၂၆ ရက်တွေမှာ ဖမ်းမိခဲ့တာ လို့လည်း ထုတ်ပြန် ချက် မှာ ပါရှိပါတယ်။

ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့် ထွက်ပေါက်ရှာတဲ့ အနေနဲ့ ရန်ကုန်၊ ဧရာဝတီ စတဲ့မြို့ကြီးတွေနဲ့ မလေးရှားနိုင်ငံတို့ကို သွားကြတာဖြစ်ပြီး အခုလိုသွားဖို့အတွက် ပွဲစားနဲ့တစ်ဆင့် အနည်းဆုံး ငွေကျပ် ၃၅ သိန်း ပေးရပါတယ်။ အခုလက်ရှိ ဖမ်းဆီးရမိသူတွေကို လူဝင်မှုကြီးကြပ်ရေးအက် ဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေပြီး ပို့ဆောင်ပေးသူတွေကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရခိုင်နေ့စဉ်မှာ ဖော်ပြထားပါတယ်။ စားဝတ်နေရေးအခက်အခဲကြောင့် အခုလိုပြောင်းရွှေ့ သွားနေရသူတွေကို စစ်ကောင်စီဘက်က အခုလို ဖမ်းဆီး တရားစွဲတာ တွေ မလုပ်သင့်ဘူးလို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက RFA ကို ဖြေဆိုထားပါတယ်။ https://www.rfa.org/bur mese/news/over-50-rohingya-arrested-in-thandwe-08292022075259.html

၃၁။ တောင်ကြီးမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းဂိတ်များကို အတင်းအကြပ် ပြောင်းရွှေ့ခိုင်း
August 30, 2022
တောင်ကြီးမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းဂိတ်များကို အေးသာယာတွင် အသစ်ဆောက်လုပ်ထားသည့် အဝေးပြေး ယာဉ်ရပ်နားစခန်း အသစ်သို့ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းသဖြင့် ဂိတ်များ စတင်ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ကောင်စီ၏ အတင်းအကြပ် ဖိအားပေး ပြောင်းရွှေ့ခိုင်းမှုကြောင့် ယာဉ်လိုင်းဂိတ်အများစုမှာ ပြောင်းရွှေ့ သွားပြီဖြစ်ပြီး ငွေကြေးမတတ်နိုင်သည့် ယာဉ်လိုင်းဂိတ်များမှာ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။ “အေးသာယာမှာ ဆိုင်ခန်းဝယ်ဖို့ တစ်ခန်းကို ၈၅ သိန်းလောက် ကုန်မယ်။ တတ်နိုင်တဲ့သူတွေတော့ ဝယ်ပြီးကြပြီပေါ့။ အဆင်မပြေတဲ့ ဂိတ်တွေအတွက် အခက်အခဲဖြစ်ပါတယ်။ မတတ်နိုင်ရင်တော့ ဂိတ် ပိတ်ပစ်ဖို့ပဲ ရှိပါတယ်” ဟု ယာဉ် လိုင်းဂိတ်တစ်ခု၏ တာဝန်ခံက ပြောသည်။ ထိုသို့ ဂိတ်များ ပြောင်းရွှေ့ခိုင်းရာတွင် မူလက ဒေသတွင်း တောင်ကြီးမြို့နှင့် မိုင် ၅၀ ပတ်လည်ရှိ ဒေသများမှ ပြေးဆွဲ နေသော ယာဉ်လိုင်းများအား ပြောင်းရွှေ့ရန် မလိုကြောင်း ပြောဆိုထားခဲ့သော်လည်း ယခုအခါ ယင်းယာဉ်လိုင်းဂိတ် များပါ ပြောင်းရွှေ့ရန် စေခိုင်းထားခြင်းဖြစ်သည်ဟု သိရသည်။

“အစက တောင်ကြီးကနေ မိုင် ၅၀ ပတ်လည် ကားဂိတ်တွေက ရွှေ့စရာမလိုဘူးတဲ့ နောက်တော့ တပ်ထွက် ရွှေနေကြာ ဂိတ်မှူးက PDF တွေပါလာနိုင်တယ်ဆိုပြီး တင်ပြတယ်။ အဲဒီတော့ ကားတွေက တောင်ပေါ်မတက်ရတော့ဘဲ သူ့ရွှေနေကြာ ကား တွေနဲ့ပဲ တစ်ဆင့် ပြန်စီးရအောင် လုပ်စားတဲ့သဘောပါ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ယာဉ်လိုင်း ဂိတ် များ အား အေးသာယာမြို့ရှိ ကားကွင်းသစ်သို့ ပြောင်းရွှေ့ခိုင်းသည့်အတွက် ခရီးသည်များ အနေဖြင့် လမ်းခရီးစရိတ် ကုန်ကျမှု ပိုမိုများပြားလာပြီး ခရီးပိုမိုနှောင့်နှေးစေမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆို ကြသည်။ “တောင်ကြီးကနေ ကျိုင်းတုံကိုသွား မယ်ဆိုရင်လည်း အေးသာယာအထိ လက်မှတ် ဆင်းဝယ်ပြီး စီးရမှာလား။ ဒါလည်း အခုထိ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ အချိန်ကုန်၊ ငွေကုန် ပြည်သူဒုက္ခရောက်မယ့်အလုပ်ကိုပဲ စစ်ကောင်စီက အချိန်ပြည့်စဉ်းစားပြီးလုပ်နေတာပါ” ဟု တောင်ကြီး ဒေသခံတစ်ဦးကပြောသည်။ တောင်ကြီးမြို့တွင် ရန်ကုန်၊ မန္တလေးအပါအဝင် မြေပြန့်ဒေသများနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရှမ်း ပြည်နယ် မြောက်ပိုင်း အပြင် ဒေသတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းအများအပြား တည်ရှိနေပြီး ယခုကဲ့သို့ ယာဉ်လိုင်း ဂိတ်များ ပြောင်းရွှေ့ခိုင်းသည့်အတွက် ယာဉ်လိုင်းများအပြင် ခရီးသည်များအတွက်အဆင်မပြေမှုများဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။