• Today is: Sunday, January 29, 2023

တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ရှဒူးဇွပ်ဒေသခံတွေ ကတုတ်ကျင်း တူးဖော်ထားရ

ဓာတ်ပုံ- Getty Images

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၃၁

 

နှစ်ဖက်တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားလာနိုင်တာကြောင့် ကချင်ပြည်နယ်၊ တနိုင်းမြို့ ၊ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာကျေးရွာတွေက ဒေသခံတွေဟာ ကြိုတင်အကာအကွယ် ရယူနိုင်ဖို့ ကတုတ်ကျင်းတွေ တူးဖော်ထားရတယ်လို့ ဒေသခံတွေက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA / KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ ပြည်သူ့စစ်တပ်ဖွဲ့တို့ကြား စစ်ရေး တင်းမာမှု မြင့်တက်လာတာကြောင့် ဒေသခံတွေက ကျီးလန့်စာ စားနေရသလို တိုက်ပွဲဖြစ်လာရင် ကြိုတင် အကာအကွယ် ရယူနိုင်ဖို့အတွက် ကတုတ်ကျင်းတူးထားကြတာပါ။

 

“ ကျွန်တော်တို့ကျေးရွာဘက်မှာ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်၊ ဘယ်အချိန်ထဖြစ် မလဲဆိုတာ ကျနော်တို့လည်း စိုးရိမ်ကြောင်းကြမှုနဲ့နေနေကြရတာ။တိုက်ပွဲဖြစ်ရင် ဘယ်လိုလုပ်မလဲ ရပ်မိရပ်ဖတွေကိုပြောပြီးတော့ အိမ်မှာ ကတုတ်ကျင်းတွေ တူးထားကြတယ်။ အများအားဖြင့် ၉၀ ရာခိုင်နှုန်းကတော့ ကတုတ်ကျင်းတွေ တူးထားပြီးကြပြီ အိမ်တိုင်းလိုလိုမှာ။ ဒီလိုနဲ့ကျွန်တော်တို့ မလုံမခြုံနဲ့ နေနေကြရတဲ့အခြေအနေပေါ့”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာတော့ ဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲဖြစ်လာရင် နောက်ဆက်တွဲ မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့ အခက်အခဲ ဖြစ်လာနိုင်တာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

 

“လောလောဆယ်ဆယ် လယ်လုပ်တဲ့သူတွေလည်း စိတ်ကိုဖြောင်ဖြောင့် မလုပ်နိုင်၊ ပိုက်ဆံရှာစားတဲ့လူတွေလည်း တောထဲ ယာထဲသွားလို့မရဘူး။ မှော်တွေလည်း ပိတ်ထားတဲ့နေရာ တွေဆိုတော့ အခုချိန်က ကျွန်တော်တို့စားဝတ်နေရေးအတွက် တအားကိုစိုးရိမ်ရတယ် အခြေအနေ ဖြစ်တယ်။ ကျွန်တော်တို့အတွက် လုံခြုံမှုမရှိဘူး။ ဘယ်အချိန်ပြည်သူ့စစ်တွေ လာမလဲ၊ ခေါ်မေးမလဲ အဲဒီလို စိုးရိမ်မှုတွေပေါ့” သူက ဆက်ပြောပါတယ်။

 

နှစ်ဖက်စစ်ရေး တင်းမာနေတာကြောင့် ဒေသခံအချို့ဟာ နီးစပ်ရာ ဆွေးမျိုးမိသားစုတွေဆီသို့ ကြိုတင် တိမ်းရှောင်နေကြသလို၊ တချို့ကလည်း မြစ်ကြီးနား၊ မိုးကောင်း၊ ကားမိုင်းနဲ့ တနိုင်းမြို့ပေါ်တွေကို ကြိုတင် တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

အတည်မပြုနိုင်သေးတဲ့ သတင်းအရင်းအမြစ်တွေအရ ရှဒူးဇွပ်ကျေးရွာအနီးပတ်ဝန်းကျင်မှာ ခြေကုတ်ယူထားတဲ့ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် မင်းသန့်ဇင်ကလည်း သူတို့ပြည်သူ့စစ်စခန်းကို KIA က တဖန်လာတိုက်ရင် ဒေသခံပြည်သူလူထုကို ငဲ့ညှာသွားမှာမဟုတ်ဘူးလို့ ခေါ်ယူချိန်းခြောက်ပြောဆိုနေတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။

 

ရှဒူးဇွပ်၊ စံပြ၊ အောင်ရာကျေးရွာတို့ဟာ နယ်မြေပေါင်းစပ်နေတဲ့ ကျေးရွာတွေ ဖြစ်ပြီး စုစုပေါင်း အိမ်ခြေ (၁၀၀၀) နီးပါးရှိတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။