• Today is: Thursday, April 25, 2024

ကျိုက်ထိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရတာကြောင့် ၃ ဦး သေဆုံး

ဓာတ်ပုံ- Getty Images

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ သြဂုတ် ၃၁

 

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်း ကျေးရွာအုပ်စု၊ မုပ္ပလင်အနီးမှာ နယ်မြေကျူးကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားတယ်လို့ ကေအဲန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ မနက် ၆ နာရီလောက်မှာ နယ်မြေကျူးကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၁) ၊ တပ်ရင်း(၃) ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

 

ဒါ့အပြင် ကျိုက်ထိုမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က မကြာခဏ လက်နက်ကြီး ပစ်ခတ်တာနဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားနေတာကြောင့် ပျဉ်းကတိုးကုန်း၊ ဝင်းကံ၊ ဇီးပြောင်း၊ဝင်းကလောကျေးရွာအုပ်စုက ဒေသခံတွေဟာ ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရတာကြောင့် စစ်ရှောင်ဒုက္ခသည် ၆၀၀၀ ကျော် တိုးလာတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

 

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်က နယ်မြေကျော် စစ်ရေး ဝင်ရောက် လှုပ်ရှားနေတာကြောင့် KNLA ပူးပေါင်းတပ်တို့နဲ့ နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေတာ ဖြစ်ပြီး စစ်ရှောင်ဒုက္ခသည်တွေကလည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

 

ကေအဲန်ယူဗဟိုရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှု ပဋိပက္ခတို့နဲ့ဆက်စပ်ပြီး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည် ၃သိန်းခွဲကျော်အထိ ရှိလာပြီး သူတို့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။