• Today is: Saturday, April 20, 2024

“စစ်စစ်” တွေကို တွေ့ဖူးလား

■ “စစ်စစ်” တွေကို တွေ့ဖူးလား ■

မင်းသေ့

ယနေ့ခေတ် ယနေ့ကာလမှာ ဖြစ်တည်နေတဲ့ အကျပ်အတည်းကြီးဟာ၊ အားလုံးရဲ့ ထည့်ဝင်မှုနဲ့ အလွန်အမင်း ကြီးထွားကျပ်တည်းလာတာကို တွေ့နေရပါတယ်။ အုပ်စုကိုယ်စီရဲ့ ကျေးဇူးပြုမှုနဲ့ တစ်ဦးချင်းစီရဲ့ အထောက်အပံ့ တွေဟာ၊ အကျပ်အတည်းကြီးကို လွန်မြောက်စေတဲ့အရာတွေ မဟုတ်ဘဲ၊ ပို၍ ကျပ်သထက် ကျပ်တည်းတဲ့ ချောက်ကမ်းပါးဆီကို ခေါ်ဆောင်နေပါတယ်။

◉ မြန်မာ့လူ့အဖွဲ့အစည်းဟာ —

အထွေထွေစားဝတ်နေရေးအကျပ်အတည်း
ငွေရေးကြေးရေးအကျပ်အတည်း
ပညာရေးအကျပ်အတည်း
ကျန်းမာရေးအကျပ်အတည်းနဲ့
အသက်ဘေးအန္တရာယ် ကျရောက်နေပါတယ်။
ဒါတွေဟာ လူ့အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းစီရဲ့ အခြေခံလိုအပ်ချက် အကျပ်အတည်းတွေသာဖြစ်တယ်။ လူ့ဘဝမှာ အမြင့်မားဆုံးသော အကြီးကျယ်ဆုံးသော အရာတွေကို လက်လှမ်းမမှီလို့ ကျပ်တည်းနေတာ မဟုတ်ဘူး။ အခြေခံကိစ္စမှာကို ပြဿနာရှိနေတာ။ အခြေခံအရေးအရာမှာကို အကျပ်အတည်း ဆိုက်နေတာ။

◉ ဘယ်လို အရာတွေက မြန်မာ့ကံကြမ္မာကို ဖန်တီးစီရင်နေတာလဲ။

အစွန်းရောက် ဖြူ – မည်း နိုင်ငံရေးအမြင်မှာတော့၊ လူ့အဖွဲ့အစည်းထဲမှာ ဒေဝဒတ်အလောင်းနဲ့ ဘုရားအလောင်း နှစ်မျိုးပဲ ရှိတယ်လို့ ပြောလိမ့်မပေါ့။ ဒါပေမယ့် တကယ့်လောကကြီးက အဲသည်လို ဟုတ်မနေဘူး။ ဖြူ – မည်း နှစ်မျိုးတည်း ရှိနေတာ မဟုတ်ဘူး။ ရန်သူ – မိတ်ဆွေ နှစ်မျိုးတည်း ရှိနေတာ မဟုတ်ဘူး။

◉ လူ့အဖွဲ့အစည်းထဲမှာ အသွေးကာလ ရောင်စုံရှိနေတယ်။

တချို့က အညို၊
တချို့က မီးခိုး၊
တချို့က အနီ၊
တချို့က အဝါ၊
တချို့က အပြာ၊
တချို့က အစိမ်း၊
တချို့က ဆင်စွယ်၊
တချို့က လိမ္မော်၊
တချို့က ပန်းနုရောင်၊
တချို့က နီဆွေးဆွေး၊
တချို့က မိုးပြာ၊
တချို့က နက်ပြာ၊
တချို့က ခရမ်း၊
တချို့က …
တချို့က…
တချို့က…

လူတစ်ဦးချင်းစီကတော့ ရန်သူ စစ်စစ်၊ မိတ်ဆွေ စစ်စစ်ကို လိုချင်လိမ့်မပေါ့။ ဒါပေမယ့် ရန်သူစစ်စစ်ဆိုတာ ရှိတော့ ရှိတယ်၊ ရှားတယ်။ မိတ်ဆွေ စစ်စစ်ဆိုတာလည်း ရှိတော့ ရှိတယ် ရှားတယ်။

ကျနော်တို့တတွေဟာ လိုချင်တာကတော့ “စစ်စစ်” တွေပဲ။ ကျနော်တို့ ကိုယ်တိုင်ရော စစ်စစ်မှန်မှန်တွေ လုပ်ခဲ့လို့ လား။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ကြည့်လိုက်။ ပြီးတော့ စာရင်းတို့လိုက်….။

ကျနော်တို့ အစိုးရစစ်စစ်ကို ရခဲ့ဖူးလား
ကျနော်တို့ စစ်သားစစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ ဆရာဝန် စစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ ဘုန်းကြီးစစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ အနုပညာသမားစစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ စာရေးဆရာစစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ ကဗျာဆရာစစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ နိုင်ငံရေးသမားစစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ တော်လှန်ရေးသမားစစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ ကျောင်းဆရာ စစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ ခေါင်းဆောင်စစ်စစ်ကို တွေ့ခဲ့ဖူးလား
ကျနော်တို့ ဘုရားစစ်စစ်ကို တွေ့ခဲ့ဖူလား

ကျနော်တို့ဟာ အမှန်စင်စစ်ဖြစ်တဲ့ “စစ်စစ်” တွေကို ဘယ်လောက် တွေ့ဖူး၊ သိဖူး၊ ကြုံဖူးသလဲတော့ မသိပါ။ “စစ်” ကိုတော့ ကြုံဖူးတယ်။ အခု ကြုံပြီ။ အားလုံး ကြုံပြီ။

◉ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်ပြည်လုံးဟာ တန်းတူညီမျှမှုကို ချက်ချင်းရသွားပြီ။

ဒုက္ခရောက်တဲ့နေရာမှာ အားလုံး တန်းတူညီ
စိတ်ဓာတ်ကျဆင်းတဲ့နေရာမှာ အားလုံးတန်းတူညီ
စားဝတ်နေရေးကျပ်တည်းတဲ့နေရာမှာ အားလုံးတန်းတူညီ
ဘေးဒုက္ခကြုံတဲ့နေရာမှာ အားလုံးတန်းတူညီ
ချောက်ထဲကျတဲ့နေရာမှာ အားလုံးတန်းတူညီ
စိတ်ဆင်းရဲတဲ့နေရာမှာ အားလုံးတန်းတူညီ
စစ်ဘေးဒုက္ခဖြစ်တဲ့နေရာမှာ အားလုံးတန်းတူညီ
စစ် ဖြစ်တဲ့နေရာတွေလည်း အားလုံးတန်းတူညီ။
တန်းတူညီ၊
တန်းတူညီ၊
တန်းတူညီ….။