• Today is: Tuesday, April 16, 2024

နေ့စဉ်သတင်းအကျဉ်း

ဩဂုတ်လ – ၃၁ – ၂၀၂၂ ခုနှစ်

 

 

  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်က အကြမ်းဖက်ပစ်သတ်မှုကြောင့် ယနေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့အထိ အသက်သေဆုံးခဲ့တဲ့ ပြည်သူ (၂၂၅၉)ဦးအထိ ရှိခဲ့ကြောင်းသိရပါတယ်။ ထို့အပြင် မတရားဖမ်းဆီးခံရသူ (၁၅၂၉၄)ဦးအထိရှိခဲ့ပြီး (၁၂၁၉၃)ဦးမှာ လက်ရှိအချိန်ထိ အကျဉ်းကျခံ နေရဆဲဖြစ်ကြောင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ညနေက ရိက္ခာဆင်းယူသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်( AA) က ခြုံခိုတိုက်ခိုက်သဖြင့် စစ်သား ၄ ဦး သေဆုံးသွားခဲ့သည် ဟု သတင်းရရှိသည်။ “ မနေ့က မညင်းတောင်စခန်းကနေ ကုလားချောင်းကို ရိက္ခာဆင်းယူတဲ့ စစ်ကြောင်းကို အေအေက ခြုံခိုတိုက်ခိုက်တာဖြစ်ပါတယ်။ စစ်သား ၄ ဦးကျသွားတယ်လို့ သိရပါတယ်။ အေအေဘက်က ကျဆုံးတာမရှိပါဘူး”ဟု အေအေနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ညနေ ၆ နာရီမှ နံနက် ၄ နာရီ အထိ လမ်းပေါ် မထွက်ရ အမိန့်ကို ဩဂုတ်လ ၃၁ ရက်နေ့ စတင် သက်ရောက် မည့် အမိန့်ကို ထုတ်ပြန် လိုက်ကြောင်း သိရှိရသည်။ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကော့ကရိတ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ ကြောင်း၊ ထို့ကြောင့် မူလ သတ်မှတ်ထားသော ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ လမ်းပေါ်မထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိ လမ်းပေါ်မထွက်ရ အမိန့်အဖြစ် ပြင်ဆင်ကြောင်း ကော့ကရိတ်မြို့နယ် စစ်ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

  • ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံး ဝန်းထဲမှာရှိတဲ့ ဆောက်လုပ်ရေး ရိပ်သာ ၂ ထပ်တိုက်တစ်လုံးဟာ ယနေ့ သြဂုတ် ၃၁ ရက် မနက် ၂ နာရီ ကျော်လောက်တွင် စတင်မီး လောင်သွားတယ်လို့ သတင်းရရှိပါတယ်။ ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးဟာ ဝမ္မသူးမောင်း အားကစားကွင်းရဲ့ အထက်ဘေးနားမှာရှိပါတယ်။ မီးလောင်တဲ့အကြောင်းရင်းက Power Bank အားသွင်း ထားသောကြိုး မမိတမိဖြစ်ရာမှ အပူလွန်ကဲလို့ မီးလောင်သွားကာ တန်ဖိုး ၄၅ သိန်းဆုံးရှုံးတယ်လို့ မီးသတ်ရုံးအစီရင်ခံစာမှသိရတယ်။

 

  • ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ ကယားရိုးရာအဲ့ဒိုပေါ်မှီ (ခေါ် ) ဒီးကူပွဲအခမ်းအနားကို ဒီကနေ့ ဩဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ကရင်နီလူမျိုးစုအသီးသီးက လူငယ်၊ လူကြီးအပါအဝင် ထိုင်းအာဏာပိုင်၊ ဒေသခံတွေကလည်း ပါဝင်အားပေးတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ရိုးရာယဉ်ကျေးမှုအကအသီးသီးကို တင်ဆက်ဖျော်ဖြေခဲ့ကြပါတယ်။ ဒီးကူပွဲကျင်းပ ပြုလုပ်ဖို့အတွက် ဩဂုတ်လ ၂၈ ရက်နေ့မှာ ရိုးရာအရ ကြက်ရိုးထိုးတာ၊ နောက်တနေ့မှာ ဒီးကူရွက်ခူးတာ၊  ပွဲကြီးကျင်းပဖို့ပြင်ဆင်တာ၊ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

  • စစ်ကောင်စီနှင့် တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း အကောင်းပကတိ ပြန်မဖြစ်နိုင်တော့သည့် အရာရှိနှစ်ဦးအတွက် လူထု၏ အားပေးကူညီမှုလိုအပ်နေကြောင်း CDF ကန်ပတ်လက် တပ်မဟာမှူးက အသိပေးသည်။ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF ကန်ပတ်လက်မှ တပ်ရင်းမှူးနှင့်တပ်ခွဲမှူးသည် သြဂုတ် ၁၆ရက်က တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်း ဖြစ်သည်။ ” အားထားရတဲ့ ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်နှစ်ဦးဟာ အခုဆိုရင် နဂိုရ်အတိုင်း ပြန်ဖြစ်ဖို့မလွယ်တော့ဘူး။ သွားသွား လာလာ လုပ်လို့မရတော့ဘူး။ သူတို့အတွက် ပြည်သူတွေရဲ့ အားပေးကူညီမှုတွေ လိုအပ်နေ ပါတယ်”ဟု CDF ကန်ပတ်လက် တပ်မဟာမှူး ရှိန်းထန်းက ပြောသည်။

 

  • ကရင် အမျိုးသားအစည်းအရုံး (KNU) ထံသို့ သြဂုတ်လဆန်းက CDM ပြုလုပ်လာသည့် စစ်ကောင်စီ တပ်သားများအား မိသားစုဝင်များနှင့် လွတ်မြောက်နယ်မြေတွင် ပြန်လည် တွေ့ဆုံပေးနိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ထံက သိရ သည်။ သြဂုတ်လဆန်းပိုင်းက CDM လုပ်လာသော ခလရ ၂ မှ တပ်သား ဟိန်းစိုးနှင့် ဇွန်လဆန်းပိုင်းက CDM လုပ်လာသော ခလရ ၅၄ မှ တပ်ကြပ် သန်းနိုင်ဦးတို့၏ ကျန်ရှိခဲ့သော မိသားစုဝင်များအား လွတ်မြောက်နယ်မြေသို့ သြဂုတ်လ ၃၀ ရက်က ခေါ်ယူပေးခဲ့ခြင်း ဖြစ်သည်။ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားများအရေးကို ကူညီဆောင် ရွက်ပေးနေ သည့် ပြည်သူ့ရင်ခွင်အဖွဲ့သည် CDM လုပ်လာသူများနှင့် မိသားစု ပေါင်းစည်းရေး အစီအစဉ် ကို ဆက်လက် လုပ်ဆောင်ပေးနေလျက် ရှိသည်။

 

  • ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် စည်းလုံးမှုမရှိပါက အောင်မြင်မည်မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကာင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက် သည်။ အဆိုပါ ပြောကြားချက်သည် ယမန်နေ့ (သြဂုတ် ၃၀) ရက် RCSS/SSA နှင့် စစ်ကောင်စီ ငြိမ်းချမ်း ရေးဆွေးနွေးညှိနှိုင်းရေး အဖွဲ့( NSPNC) တို့ နေပြည်တော်တွင် စစ်အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ်တွေ့ဆုံချိန်၌ အဖွင့်အမှာစကား ပြောကြားစဥ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လွယ်ကူတဲ့လုပ်ငန်းစဉ်မဟုတ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်ခြင်း နှင့် အတူ စိတ်ရှည်ရှည်ထားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ယုံကြည်မှုအားနည်းလျှင် စည်းလုံးမှုမရနိုင်သလို စည်းလုံးမှုမရှိလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း အောင်မြင်မှာမဟုတ်ပါဘူး။ အဖွဲ့အစည်းအားလုံးက ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ် ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

 

  • ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ သံဆိပ်မင်းလမ်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၃၊ တပ်ရင်း ၇ က ဩဂုတ်လ ၃၀ ရက် ယမန်နေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် လိုက်ကြောင်း သိရှိရသည်။  စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံဆိပ်စခန်းကို စွန့်ခွာထွက်ပြေးကာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပြန်လည် ပစ်ခတ်မှုကြောင့် ရွာသား ၂ ဦးသေဆုံး ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

 

  • အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု ( NPRF )က စစ်ရေးဆိုင်ရာ သီးသန့် အပတ်စဉ် (၂) သင်တန်း၏ သင်တန်းဆင်းပွဲ နှင့် အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု ( Northwest Plains Revolutionary Forces-NPRF ) တပ်ဖွဲ့ တည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားကို ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၉)ရက်နေ့က NPRF ၏ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း ယနေ့ ဩဂုတ်လ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA၊ PDF၊ NUG ထောက်ခံကြိုဆိုကြောင်း ကြွေးကြော်ကာ ဩဂုတ်လ ၃၁ ရက် ယနေ့နံနက်၌ ချီတက်ဆန္ဒပြကြသည်။ ဆန္ဒပြ ပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့၊ ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် ” Reject Military to stop Inhumanity Accept NUG to save Democracy ” စာတန်း ကိုင်ဆောင်ကာ ကလေးမြို့နယ် ပြည်သူများနှင့် ပူးပေါင်းပြီး အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မြန်မာတစ်နိုင်ငံလုံးရှိ သံဃာတော်များဖြင့် ဖွဲ့စည်းထားသော စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော် များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် စစ်အာဏာ ရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်၏ အဖမ်းအဆီးနှင့် အခက်အခဲမျိုးစုံ ရှိနေသည့်ကြားမှ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု မလုပ်ဘဲ မြေပြင်မှ လာခဲ့ရန် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ စိန်ခေါ်လိုက်သည်။ ‘ဝေဟင် မပါပဲ ခြေလျင်လာခဲ့၊ မြေပြင်မှာ ကြောက်တာလား’ စာသားကို တန့်ဆည်မြို့လယ်ခေါင်ရှိ ဗိုလ်ချုပ် ကြေးရုပ်အဝိုင်းတွင် ဩဂုတ်လ ၃၁ ရက် ယနေ့နံနက်အစောပိုင်း၌ ချိတ်ဆွဲကာ အကြမ်းဖက်စစ်တပ်ကို စိန်ခေါ်လိုက်သည်။

 

  • လက်ပံတောင်းတောင် ဒေသ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် “၅/ ဟေ့ ရဲရဲနီ အာဏာရှင်စနစ် အမြစ်ဖြတ်မည်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန် ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အရာတော်မြို့နယ်တွင် ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ တွင် “ဒီပွဲကပြည်သူကူမှနိုင်မဲ့ပွဲ ” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • ကနီမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့၌ စစ်ဘေးရှောင် မီးဘေးသင့်များဆီ ကူညီရေးသွားရင်း အပြန်တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တန့်ဆည်မြို့နယ်တွင် ကောက်စိုက် တောင်သူများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကောက်စိုက်ရင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ တပ်များ နှင့် မန္တလေး PDF ကြား ဩဂုတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီတွင် စစ်ကောင်စီ၏ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၃၊ စကခ ၁ လက်အောက်ခံ ခမရ ၅၀၂၊ ခမရ ၅၀၅ တပ်ရင်းတပ်ဖွဲ့များနှင့် မန္တလေး PDF ကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး အထိနာသော စစ်ကောင်စီ တပ်ဘက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးဝန်းကျင်သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း၊ PDF ၂ ဦး ဒဏ်ရာရ ကြောင်း သိရှိရသည်။

 

  • စစ်အသုံးစရိတ်ကိုအထောက်အကူဖြစ်စေသည့် စစ်တပ်ထုတ်ကုန်များကို အာရက္ခပြည်သူများအနေဖြင့် ရောင်းချခြင်း၊ သုံးစွဲခြင်းများ မပြုကြရန် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများက ဩဂုတ် ၃၀ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်သည်။ မြန်မာစစ်တပ်မှာ အများပြည်သူများအား လူ့အခွင့်ရေးချိုး ဖောက်မှုတို့များစွာပြုလုပ်ထားပြီး ရခိုင်ဒေသတွင်းပြီးခဲ့သည့် ၂ နှစ်တာစစ်ပွဲအတွင်းကလည်း ပြည်သူ များအား လူသားအဖြစ်အသုံးပြုမှု၊ နေအိမ်များအားမီးရှို့မှုတို့ကို ပြုလုပ်မှုရှိခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်ဆွင် ဖော်ပြပါရှိသည်။ လက်ရှိတကျော့ပြန်ဖြစ်လာသည့် စစ်ပွဲတွင်လည်း အာဏာသိမ်း စစ်တပ်မှ အကြမ်းဖက်လုပ်ရပ်များကိုပိုမိုကျူးလွန်လျက်ရှိပြီး ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှုဖြစ်နေရကြောင်း ဆိုထားသည်။

 

  • ရခိုင်တစ်ပြည်နယ်လုံးရှိ မြို့နယ်များကို ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်မီးသည် တစ်နေ့လျှင် ပုံမှန် ၁ ကြိမ်မှ ၂ ကြိမ်ထိပြတ်တောက်လျက်ရှိပြီး လျှပ်စစ်မီးတစ်ကြိမ်ပြတ်လျှင် အနည်းဆုံး ၃ နာရီထိကြာမြင့်ကာ တစ်ခါတစ်ရံ ၄ နာရီမှ ၆ နာရီထိ အချိန်ကြာမြင့်စွာ ပြတ်တောက်နေသည်။ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေ၍ မီးစက်ဝယ်ကာ အစားထိုးအသုံးပြုနေမှုများရှိသော်လည်း ဓါတ်ဆီဈေးနှုန်းများ အဆ မတန်မြင့်တက်နေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် အရှုံးများနှင့် ရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ လျှစ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောင်နေမှုကြောင့် လျှပ်စစ်မီးကို အဓိထားလုပ်ကိုင်နေသော လုပ်ငန်း များလည်းထိခိုက်မှုရှိနေသည်ဟုမြောက်ဦးမြို့မှ သစ်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

  • ကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ ကား ၂ စီး မီးလောင်ပျက်စီးသွားကြောင်း ရေစကြို PDF က သတင်းထုတ် ပြန်သည်။ ဩဂုတ်လ ၂၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၂ စီးနှင့် light truck ၃ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရေစကြိုမြို့အဝင် စိုက်ပျိုးရေးရုံးအနီး၌ မိုင်းခွဲ တိုက်ခိုက်ရာ စစ်သုံးကား ၁ စီးနှင့် Light Truck ကား ၁ စီး တည့်တည့်ထိမှန်ပျက်စီးပြီး စစ်သား ၂၀ ဦး သေဆုံးကြောင်း သိရှိရသည်။ ဩဂုတ်လ ၃၀ ရက် နေ့လယ်တွင် အဆိုပါ စိုက်ပျိုးရေးရုံးအနီး၌ မိုင်းရှင်း လင်းရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံဖောက်ခွဲ တိုက်ခိုက် ရာ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း ရေစကြို PDF က ထုတ်ပြန်သည်။

 

  • မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက် ရပ်ကွက်ထဲရှိ နေအိမ်များကိုဖျက်ဆီးရန်လာသည့် ရပ်ကွက်အုပ်ချူပ်ရေးမှူးဆိုသူနှင့် ပျူစောထီးအမည်ခံအဖွဲ့ကို ရပ်ကွပ်သူ/သားမျက ပြန်လည်ခုခံခဲ့ ကြောင်း ပြည်ကြီးတံခွန်သပိတ်အင်အားစု-မန္တလေးက ဖော်ပြလာသည်။ မနေ့ ဩဂုတ် (၃၀)ရက် မွန်းလွဲ ပိုင်းမှာ ၁၃၁ လမ်းတောင်ဘက်၊ ၄၉ လမ်းနှင့် လမ်း ၅၀ ကြား၊ ဇီးအုပ်ကွက်သစ် (ဋ) ရပ်ကွက်မှာ ရှိသည့် နေအိမ်တွေကို ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် အပါအဝင် ပျူစောထီး အမည်ခံ ရပ်ကွက် လူမိုက် အယောက် (၃၀)လောက်က လာရောက်ဖျက်ဆီးသည်ဟု ယင်းကဆိုသည်။ “ ဘက်ဟိုးတွေနဲ့ ဖျက်ဆီးရုံမကဘဲ လူမိုက်အဖွဲ့နဲ့ပဲ ပြည်သူတွေကို ဝိုင်းဝန်းရိုက်နှက်လာတဲ့အတွက် နေအိမ်ဖျက်ဆီးခံရတဲ့ ပြည်သူတွေက ပြန်ခုခံရာမှာ ဘက်ဟိုးသမား နှစ်ယောက်ကို ဖမ်းဆီးရမိကာ လူမိုက်အုပ်စုကတော့ ထွက်ပြေးသွားတယ် “ ဟု ပြည်ခွန် သပိတ်အင်အားစုက ဖော်ပြထားသည်။

 

  • ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ဒယ်ကုန်းကျေးရွာအုပ်စုအနီးမှာ သြဂုတ်လ ၃၀ ရက်နေ့မနက် ၈ နာရီခွဲ အချိန်က အမျိုးသား၂ ဦး ကအလယ်တန်းပြဆရာမတစ်ဦးအား ဓားဖြင့်ထောက်ကာ ဆိုင်ကယ် နှင့် ဖုန်း အား လုယူကာထွက်ပြေးသွား​တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ “မနက်ကျောင်းတက်ချိန်ပေါ့။ ဆရာမက ကညင်ဂွ အ.ထ.ကကိုလာတာ။ အရင်ကလဲလာနေကြပဲ။ ဒယ်ကုန်းရွာ ရထားလမ်းအကျော်မှာ ရှေ့မှာဆိုင်ကယ်တစ်စီးက လမ်းပိတ်မောင်းနေလို့သူက အရှိန်ရှော့လိုက်တာမှာ ဆိုင်ကယ်ပေါ်က လူက ဆင်းလာပြီး ဆရာမဆိုင်ကယ်ကို တွန်းလှဲပြီး ဓါးနဲ့ထောက်ပြီး ဆိုင်ကယ်ရယ် ဖုန်းရယ်လုပြီးမောင်း ပြေး သွားတာ။ အော်ရင်ဓါးနဲ့လာထိုးမယ်ပြောခဲ့လို့ တော်တော်ကြာမှာ အော်ပြီးအကူညီတောင်းလို့ သိရတာ” လို့ ဒေသခံတစ်ဦးကပြောဆိုခဲ့ကြောင်း ဧရာဝတီတိုင်းမ် တွင် ဖော်ပြထားပါတယ်။

 

မှတ်ချက်။  သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။