• Today is: Friday, March 29, 2024

ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခု ရက္ခိုင့်တပ်တော်(AA) အပြီးသတ်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးမှုရှိ

ဓါတ်ပုံ – AA (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၃၁

ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ဒီကနေ့ သြဂုတ်(၃၁) ရက်နေ့မှာ ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါစခန်း ပတ်ဝန်းကျင်၌ တိုက်ပွဲများစတင်ဖြစ်ပွားနေခဲ့သာဟာ သြဂုတ်လ (၂) ရက်နေ့ကတည်းက ဖြစ်ပြီး တစ်လနီးပါး ကြာမြင့်ခဲ့ပြီးမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သာပါ။

ရက္ခိုင့်တပ်တော်က၊ စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ အဆိုပါ အထိုင်ချ အခိုင်အမာစခန်းကို လက်တုံပြန်သည့်အနေဖြင့် ယနေ့ဩဂုတ် (၃၁)ရက်နေ့ နံနက် (၉) နာရီ (၁၂) မိနစ်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းယူနိုင်ခဲ့သာလို့ ဆိုပါတယ်။

မိုင်တိုင်အမှတ် (၄၀) တိုက်ပွဲနှင့် အလားတူ ပလက်ဝဒေသအပါအဝင် အခြားနေရာများမှာလည်း ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး တစ်လနီးပါးအထိကြာမြင့်လာပြီ ဖြစ်ပါတယ်။

နှစ်ဖက် ပြင်းထန်ခဲ့တဲ့ တိုက်ပွဲများမှာတော့ စစ်ကောင်စီဘက်က ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈)၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် (၃၈) နှင့် (၃၉) အကြားနေရာများ အပါအဝင် အနီးအနားရှိ ၎င်းတို၏ တပ်စခန်းများက လက်နက်ကြီးများကို အရေအတွက် ခန့်မှန်း (၃၀၀/၄၀၀)ခန့် နေ့တိုင်းနီးပါး ပစ်ခတ် အသုံးပြုခဲ့ပြီး ယခုရက်များအတွင်း ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမိုင်တိုင်အမှတ်(၄၀) တိုက်ပွဲအတွင်းမှာတော့ အသက်မသေသေးဘဲ ဖမ်းဆီးရမိသည့် စစ်ကောင်စီ ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲ၍ “ရဲအုပ် စိုးစိုးပိုင်” အပါအဝင် စုစုပေါင်း (၁၉) ယောက် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူများကာ လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက် အမြားကို မိမိတိုမှ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ယင်းစခန်းအတွင်း ယခင်ရက်များက သေဆုံးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စခန်း အတွင်းမြှုပ်နှံထားသော အလောင်းအမြောက်အမြားကိုလည်း တွေ့ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။

မိုင်တိုင်အမှတ်(၄၀) စခန်းသိမ်းတိုက်ပွဲမှာတော့ အေအေဘက်က ရဲဘော် တချို့လည်း ထိခိုက်၊ အကျအဆုံး ရှိခဲ့ပါတယ်။

ထို့အပြင် ယမန်နေ့ သြဂုတ်လ (၃၀) ရက်၊ ညနေ(၆) နာရီ (၃၈) မိနစ်တွင် ရသေ့တောင်မြိုနယ်၊ မညင်းတောင်ရွာအနောက်ဘက် ၊ မီတာ (၇၀၀) အကွာအဝေးရှိကားလမ်းမအနီး၌လည်း ထိတွေ့ တိုက်ခိုက်မှုရှိခဲ့ပြီး သြဂုတ်လ( ၃၁) ရက်၊ နေ့လယ် (၂) နာရီ (၄၀) မိနစ်အချိန်၌လည်း ပလက်ဝမြိုနယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက် မီတာ (၅၀၀) ခန့်အကွာအဝေးတွင် တိုက်ပွဲဖြစ်ပွား ဆက်လက် ပြင်းထန်ခဲ့သလို အဲဒါတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦး မျက်မြင်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။