• Today is: Thursday, March 28, 2024

အလွန် အင်မတန် လိုအပ်နေပါသည်

အလွန် အင်မတန် လိုအပ်နေပါသည်

●─────── ๑۩۩๑ ───────●

မင်းသေ့

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံရေးဗေဒ လေ့လာဆည်းပူးနေသူ လူငယ်များအတွက် လက်တွေ့ ကာယကံမြောက်စွာ ဖြစ်ဖြစ်မြောက်မြောက် ဖေးမကူညီနိုင်မယ့် ဒေါင်းဒေါင်းပြေး သိနားလည်ထားသော ဆရာ့ ဆရာကြီးများ အလွန် အင်မတန် လိုအပ်နေပါတယ်။

●─────── ๑۩۩๑ ───────●

■ ကျနော့်ဆီကို မကြာခဏဆိုသလို အနယ်နယ်အရပ်ရပ် ဒေသအသီးသီး အလွှာအသီးသီးက လူငယ်အတော်များ များက နိုင်ငံရေးနဲ့ပတ်သက်ပြီး လေ့လာရမယ့် အကြောင်းအရာတွေ၊ ဖတ်ရမယ့် စာအုပ်တွေ၊ သူတို့ သိနားလည် ချင်တဲ့ အကြောင်းကဏ္ဍနဲ့ပတ်သက်ပြီး ဖတ်သင့်တဲ့စာအုပ်တွေ။ တချို့လည်း ဘယ်လို စကားလုံးမျိုးကို နားမလည်ဘူး၊ ဘယ်လို ဝေါဟာရမျိုးက ဘယ်လို အနက်အဓိပ္ပာယ်လဲ၊ ဘယ်ဝေါဟာရနဲ့ ဘယ်ဝေါဟာရက တူသလား / မတူဘူးလား…. စသည်ဖြင့်၊ မေးခွန်းပေါင်း သောင်းခြောက်ထောင် လာလာ မေးကြပါတယ်။

အဲသည်လို မေးတဲ့အထဲမှာ၊ ဖေ့ဘုတ်ခ်မှာ friend ဖြစ်ထားသူရော၊ friend ဖြစ်မထားသူရော အစုံအလင် ပါဝင်ပါ တယ်။ friend ဖြစ်မထားသူ လူငယ်အတော်များများကလည်း မက်ဆေ့ဘောက်မှာ၊ လာလာမေးတတ်လို့ message request ကို သွားသွားပြီး မကြာခဏ ကြည့်ရတဲ့ အလုပ်ကလည်း တိုးလာတာ ကြာပါပြီ။ အဲဒါဟာ နှစ်နှစ် သုံးနှစ်လောက်တောင် ရှိရောမပေါ့။ ၂၀၂၀ ၊ ၂၀၂၁ ထဲမှာ ဒီလို လာလာမေးတဲ့ လူငယ်‌တွေ တစ်စတစ်စ များများလာပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာကို ခပ်စိပ်စိပ်လို့ ပြောရမယ်။

■ နိုင်ငံရေးသင်တန်းတွေကို သင်ကြားပို့ချလာခဲ့တာ၊ (၈) နှစ်ကျော် (၉) နှစ်ထဲကို ရောက်လာပြီ။ လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ၊ နိုင်ငံရေးနယ်နဲ့ လူမှုသိပ္ပံနယ်က ဘာသာရပ်ဆက်ထုံးတွေကို ဆုပ်မိကိုင်မိဖြစ်အောင် လမ်းညွှန် တဲ့သဘော၊ အကြံပြုတဲ့သဘော၊ မျှဝေတဲ့သဘောနဲ့ ကိုယ်လေ့လာဖြစ်ခဲ့တဲ့ ဘာသာရပ်ဆိုင်ရာ မိတ်ဆက်လေး တွေ၊ စာအုပ်မိတ်ဆက်လေးတွေကို မကြာခဏ ရေးဖြစ်ခဲ့ပါတယ်။ အခုထိလည်း မကြာခဏ ရေးနေတုန်းပါပဲ။ ဒါဟာ တဖြည်းဖြည်းနဲ့ တာဝန်တစ်ရပ်လို ဖြစ်လာပါတယ်။

■ လူငယ်တိုင်းဟာ နိုင်ငံရေးကို စနစ်တကျ သင်ယူနိုင်ဖို့အတွက် အခွင့်အလမ်း မရကြပါ။ ကျနော် ကိုယ်တိုင်လည်း ဒီလို ဖြစ်ခဲ့ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး စာအုပ်စာပေတွေ လှန်လှောဖတ်ရင်း၊ သင်ဆရာ – မြင်ဆရာ – ကြားဆရာ အသီးသီးရဲ့ လမ်းညွှန်သွန်သင်မှုကို သမားရိုးကျ မဟုတ်တဲ့ သင်ယူမှုနဲ့ သင်ယူရင်း နိုင်ငံရေးသိပ္ပံနဲ့ လူမှုသိပ္ပံနယ်က ဘာသာရပ်တွေရဲ့ သဘော၊ သဘာဝကို အနည်းငယ် တီးခေါက်မိလာတာဖြစ်ပါတယ်။ ထိုနည်း လည်းကောင်း သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒ၊ လူမှုဗေဒ၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ အပြုအမူသိပ္ပံ… စတာ တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရသမျှ ဆုပ်မိကိုင်မိဖြစ်အောင် ကြိုးစားအားထုတ်ရပါတယ်။ ယခုအချိန်အထိ လည်း လေ့လာနေရဆဲ၊ ဖတ်ရှုနေရဆဲ ဖြစ်ပါတယ်။

■ ကိုယ့်ထက် အသက်အားဖြင့်၊ ဝါအားဖြင့်၊ အတွေ့အကြုံအားဖြင့်၊ သဘာအားဖြင့်၊ အသိအားဖြင့်၊ အတတ်အား ဖြင့်၊ ဖြတ်သန်းမှုအားဖြင့်၊ နယ်ပယ်အားဖြင့် — ကြီးရင့်သူ စီနီယာတွေကို တွေ့ရင် မေးခွန်းတွေ တရပ်စပ် ထုတ်ရတာလည်း ကျနော့်အတွက် အမော။ သို့သော် ပျော်ပါတယ်။ ကျနော် မေးသလောက် ကျနော် ရခဲ့ပါတယ်။ ယနေ့အချိန်အထိ ကျနော် မေးမြန်းစူးစမ်းသမျှကို တွန့်တိုစွာ ဖြေကြားခဲ့သူ စီနီယာတွေကို မတွေ့ခဲ့ဖူးပါ။ အားလုံးက လိုလိုလားလား ထက်ထက်သန်သန်ပါပဲ။

■ ယခုလည်း ကျနော် မတွေ့ဖူးသူ၊ ကျနော် မမြင်ဖူးသူ၊ ကျနော့် အသိုင်းအဝိုင်းက မဟုတ်သူ၊ ကျနော် မသိသေးသူ တွေက ကျနော့်ကို သိပြီး၊ လာလာမေးကြတာကို ကြုံရပါတယ်။ နိုင်ငံရေးစာတွေ မကြာခဏ သင်ဖြစ်နေပေမယ့်၊ နေ့တိုင်းလိုလိုတော့ သင်ရတာ မဟုတ်ပါ။ ဒါ့ကြောင့် အားလပ်ချိန်မှာ၊ စာဖတ်ချိန်ကို အနည်းငယ် နှုတ်ပြီးတော့ ဒေသအသီးသီးက ပုံစံမျိုးစုံနဲ့ မေးမြန်းခန်းဖွင့်လာတဲ့ လူငယ်တွေရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့၊ စာအုပ်စာပေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ကိုယ်သိသလောက်၊ ကိုယ်နားလည်သလောက်၊ ကိုယ်တတ်စွမ်းသလောက် စိတ်ရှည် ရှည်ဖြေပေးခဲ့ပါတယ်။ အဲသည့်မေးခွန်းတွေထဲက ကိုယ်နားမလည်တာ၊ ကိုယ်မကျွမ်းကျင်တာတွေကို မေးလာခဲ့ရင် — ရိုးသားစွာနဲ့ “ကျနော် အဲသည့်အပိုင်းကို မသိဘူး၊ မကျွမ်းကျင်ဘူး၊ သိပ်နားမလည်ဘူး… ဒါ့ကြောင့် မဖြေနိုင်ပါဘူး” လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

■ တခါတရံလည်း သူတို့ မေးတဲ့ မေးခွန်းတွေဟာ — ကိုယ့်ကို လေ့လာမှုတွေ ထပ်တိုးလုပ်အောင် တွန်းအားပေးနေ သလိုပါပဲ။ တခါတရံ သူတို့ မေးလိုက်တော့မှ၊ “ဪ… ငါ ဒါကို သိပ် မနှံ့စပ်သေးပါ့လား၊ ဪ… ငါ ဒါကို သိတာ ခပ်တိမ်တိမ်ပါ့လား၊ ဪ… ငါ ဒါကို နားလည်ထားတာ သိပ်မကျယ်ပြန့်သေးပါ့လား” ဆိုတာကို သတိထားမိပြီး၊ ကိုယ့်ရဲ့ လေ့လာစူးစမ်းမှုကို တိုးချဲ့ရပြန်ပါတယ်။ ဒါဟာ ကျနော်ရဲ့ နေ့စဉ်ဘဝထဲက အစိတ်အပိုင်း တစ်ခုလို ဖြစ်လာပါပြီ။

■ တချို့လည်း ရှိကြပါတယ်။ သူတို့ သိချင်တဲ့ နိုင်ငံရေးအကြောင်းအရာတွေ လာမေးတယ်။ သူတို့ရဲ့ သဘောထား တွေ လာပြောတာလည်း ရှိတယ်။ ကျနော့် စာအုပ်တွေ၊ ဆောင်းပါးတွေ ဖတ်ပြီး ဘာကိုတော့ သိပ်နားမလည်ဘူး ၊ ဘယ်ကိုတော့ သိပ် မရှင်းလင်းဘူး…. ဆိုပြီး လာမေးတာတွေလည်း ရှိပါတယ်။ တခါတရံ သူ့သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်လို စာအုပ်မျိုးတွေ လက်ဆောင်ပေးရမလဲ ဆိုတာက အစ၊ သူတို့ တူတူမတွေနဲ့ သားသမီးတွေကို ဘယ်လို စာအုပ်တွေ ဖတ်သင့်တယ်ဆိုတာက အစ အကြံတောင်းတာ ရှိပါတယ်။ တချို့လည်း စာကြည့်တိုက်တစ်ခုကို စာအုပ်တွေ ဝယ်လှူမလို၊ ဘယ်လို စာအုပ်မျိုးတွေ လှူသင့်သလဲ၊ စာအုပ်စာရင်းပေးပါ စသည်ဖြင့် ပြောသူက အစ ကြုံရပါတယ်။ အမျိုးမျိုး အဖုံဖုံပါပဲ။

အဲသည့်အထဲမှာ နိုင်ငံရပ်ခြားရောက် မြန်မာတွေလည်း အများအပြားပဲ ရှိပါတယ်။ တချို့လည်း ကျောင်းတက် နေတဲ့လူငယ်တွေ၊ တချို့လည်း လုပ်ငန်းခွင်ဝင်နေသူတွေတွေ၊ တချို့လည်း တစ်စုံတစ်ရာ လုပ်ငန်းခွင်မှာ ထဲထဲ ဝင်ဝင် ပေါက်ပေါက်မြောက်မြောက် ရှိထားသူတွေ။ သူတို့တတွေရဲ့ မေးခွန်းတွေထဲမှာ — ဘယ်အကြောင်းအရာ ကို ရေးထားတဲ့ ဘာစာအုပ်မျိုး ရှိသလဲ၊ PDF ရှိသလား၊ ဘယ်မှာ ရနိုင်သလဲ… ဆိုတာက အစ ကိုယ့်ကို လာမေးတာ တွေ့ရပါတယ်။ ကျနော် ကိုယ်၌ကလည်း — စာကြည့်တိုက်မှူးတစ်ယောက် လုပ်ခဲ့သူဆိုတော့၊ စာကြည့်တိုက်မှူးဘဝမှာ ဒီလို အမြဲတမ်း အကြံပေးလမ်းညွှန်တာမျိုးတွေ လုပ်ခဲ့တော့၊ ယခုအချိန်အထိ အကျိုးရှိ နေပါတယ်။

■ ဘယ်လောက်ထိတောင် အသေးစိတ် ပြောခဲ့ရသလဲဆိုတော့ — စာအုပ်နာမည်၊ စာရေးသူ နာမည်တွေကို အတိအကျ ညွှန်းရတာသာမက၊ မြန်မာနိုင်ငံတွင်းက စာအုပ်ဆိုင်တွေရဲ့ သဘောသဘာဝကို ကျနော်က သိနေ တယ်လို့ သူတို့က ထင်နေပါတယ်။ ဘယ်စာအုပ် လိုချင်တယ်၊ ဘယ်ဆိုင်မှာ ဝယ်လို့ ရသလဲ ဆိုတာက အစ မေးပါတယ်။ ကျနော်ကလည်း သူနေတဲ့ ဒေသအပေါ်မှာ မူတည်ပြီးတော့ …. ဘယ်မှာတော့ ရနိုင်တယ်၊ ဒီစာအုပ် ကတော့ ခက်လိမ့်မယ်၊ အဟောင်းတန်းမှာဆိုရင် ဘယ်မှာ ဘယ်မှာ ရနိုင်တယ် ဆိုတာကအစ ညွှန်းရပါတယ်။ ထုတ်ဝေတဲ့ စာအုပ်တိုက်နဲ့ ဘယ်လို စာအုပ်မျိုးဆိုရင် ဘယ်တိုက်က ထုတ်တတ်တယ်ဆိုတာကအစ ကျနော်က အသေးစိတ် ပြောရတာတွေ ရှိပါတယ်။

ဒါတွေဟာ အင်တာနက် အွန်လိုင်းပေါ်ကနေ ကျနော် နေ့စဉ်လိုလို အလုပ်တာဝန်တစ်ခုလို ကူညီနေရတဲ့ အလုပ် ဖြစ်ပါတယ်။ တခါတရံလည်း ကျနော် အလုပ်အင်မတန် များနေတဲ့ နေ့ရက်တွေ ရှိပါတယ်။ ဒါ့ကြောင့် သူတို့ မေးခွန်းတွေကို ချက်ချင်း မဖြေဖြစ်ဘူး။ မက်ဆေ့ ပို့ထားပေးပါ….. ကျနော် သိသလောက် ပြန်ဖြေထားပေးပါ့မယ်…. ဆိုပြီး ပြန်ပြောထားရပါတယ်။

■ အခု ကျနော့် စာကို ဖတ်နေတဲ့သူတွေထဲမှာ ဒီလို တစ်ခုမဟုတ် တစ်ခု မေးမြန်းဖူးတဲ့ လူငယ်တွေ ခပ်များများ ရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

■ တစ်ခု ဝမ်းမြောက်ဖွယ်ကောင်းတာက — သဘာထားကွဲလွဲနိုင်တဲ့ လူမှု-နိုင်ငံရေးဆောင်းပါးတွေကို ခပ်စိပ်စိပ် ရေးနေသူ ကျနော့်ကို မက်ဆေ့ဘောက်မှာ၊ လာရောက် ဆဲဆိုသူဟာ အလွန်အင်မတန် နည်းပါးပါတယ်။ ထိုနည်း လည်းကောင်း …. မှတ်ချက်တွေ ရေးရာမှာလည်း ဆဲဆိုသူတချို့ရှိပေမယ့်၊ အင်မတန်း နည်းပါးပါတယ်။ ဒါက လည်း ကံကောင်းခြင်းပဲလို့ မှတ်ယူပါတယ်။ သဘောထားကွဲလွဲမှုတွေကတော့ ရှိနိုင်လို့ ၊ လွတ်လပ်စွာ သဘော ကွဲလွဲခွင့်ကို အပြည့် ပေးထားပြီး ဖြစ်ပါတယ်။ ကိုယ်မပေးလည်း သူတို့က ယူပြီးဖြစ်လို့ ကိစ္စ ထူးထွေ မရှိပါဘူး။

■ မြန်မာ့ပြည်မှာ — ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်လက်လှမ်းမှီသမျှ နိုင်ငံရေးအသိကို ရှာဖွေနေတဲ့လူငယ်တွေ ဒုနဲ့ ဒေး ရှိကြောင်း၊ အမြောက်အမြား ရှိနေကြောင်း၊ ဆိုင်ရာ ဆိုင်ရာ လုပ်နိုင်သူတွေကလည်း အစုအဖွဲ့နဲ့ အသင်းအဖွဲ့ နဲ့ စနစ်တကျ လုပ်ဆောင်သင့်ကြောင့်၊ ကျနော် ကိုယ်၌ကလည်း တစ်ဦးချင်းလုပ်သလို၊ အဖွဲ့အစည်းတွေနဲ့လည်း ပူးတွဲ လုပ်ဆောင်နေပေမယ့်…. မနိုင်နင်းပါဘူး၊ အလွန်အင်မတန် လိုအပ်နေပါတယ် ဆိုတာကို လက်တို့ မျှဝေ လိုက်ရပါတယ်။

■ ဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံရေးဗေဒကို သိအောင် တတ်အောင် နားလည်အောင် လုပ်နေရတဲ့ လူငယ်တွေအတွက် စနစ်တကျ လမ်းညွှန်အကူအညီတွေ၊ ဖေးမမှုတွေ၊ လမ်းပြမှုတွေ၊ အထောက်အကူတွေ အလွန်လိုအပ်နေကြောင်း ပြောချင်ပါတယ်။

■ ဒီလိုဖေးမကူညီသူတွေကလည်း နိုင်ငံရေးဗေဒမှာ ဒေါင်းဒေါင်းပြေး သိနားလည်တတ်ကျွမ်းထားသူတွေက ဦးဆောင်ကြရင်၊ ကျနော်လို အသိ အားဖြင့် အကန့်အသတ်ရှိနေတဲ့ ငနဲလေး အလွန်အင်မတန် အသက်ရှုပေါက် ချောင်ရမှာ ဖြစ်ကြောင်းနဲ့ တိုင်းပြည်တွင်းက နိုင်ငံရေးအသိတွေလည်း စနစ်တကျ ပိုသိနားလည်ကြမယ်လို့ ယူဆကြောင်း…. အွန်လိုင်းပေါ်က ဆရာ့ဆရာကြီးများကို အသိပေးတိုက်တွန်း နှိုးဆော်လိုက်ရပါတယ် ခင်ဗျား….။

အပြောတင် မဟုတ်၊ ကာယကံမြောက် ကျေးဇူးပြုနိုင်သူတွေ ဖြစ်ကြပြီး၊ ဖြစ်ဖြစ်မြောက်မြောက်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်ကြပါစေ ခင်ဗျား….။