• Today is: Friday, March 29, 2024

တော်လှန်ရေးသမားတစ်ယောက် တမ်းချင်း

– တော်လှန်ရေးသမားတစ်ယောက် တမ်းချင်း

ဦးလေးမွန်ရေ …

တောကဘဲ နက်သလား

မြေပုံကဘဲ မှားနေသလား

တဝဲလည်လည် လမ်းမှား

မှားတဲ့ လမ်းကြောင်းကိုမှ ထပ်ပြီး လျှောက်ကြ

အော်… ခလုတ်ကန်သင်းတွေ ထူထပ်ခဲ့ရပြီ။

ရန်သူ့ပစ်ကွင်းထဲ မားမားရပ်လို့ တိုက်နေမဲ့အစား

ရန်သူကို ကိုယ်သတ်ကွင်းထဲ ခေါ်ထည့်ရမှာ မဟုတ်လား ဦးလေးမွန်….။

ရန်သူ့ခြေလှမ်း ဘယ်ကိုလှမ်းလို့ ဘယ်မှာအားသာနေသလဲ

ဦးလေးမွန် သိရဲ့လား…။

ကျွန်တော်တို့မှာ သတ္တိ ဗြတ္တိ အားသာပေမဲ့

ယမ်းထောင်းသေနတ်နဲ့ လက်နက်ကြီးတွေကို ကာပြီး ပစ်ခဲ့ရ

တစ်ယောက်….

နှစ်ယောက်….

သုံးယောက်….

ကျဆုံးရဲဘော်တွေကို အလေးပြုနေရတယ် ဦးလေးမွန်…။

ဦးလေးမွန်ပြောတဲ့ D-Day ကိုရော
တပြိုင်နက်တိုက်မဲ့ မဟာဗျူဟာရော

C3C ကိုရော

ဘယ်လို လုပ်ရမှန်းမသိလို့

အားလုံးကို စာအုပ်ထဲ ခေါက်ထည့်ခဲ့လိုက်ပြီ။

ဦးလေးမွန်ရေ…

ကျွန်တော် တော်လှန်ရေးစစ်စစ်ကို မြင်ဖူးချင်စမ်းပြီ။

တော်လှန်ရေးခေါင်းဆောင်စစ်စစ်ရဲ့ အမိန့်ကို နာဖူးချင်စမ်းပြီ။

ရန်သူတွေ ဟော တစ်ယောက် ဟော.. တစ်ယောက် ကျသွားအောင်

သေနတ်ကို တင်းတင်းကိုင်ပြီး ဆွဲပစ်စမ်းလိုက်ချင်တယ်။

ဦးလေးမွန်ရေ……..

ကျွန်တော် တော်လှန်ရေးသမားကြီး ဖြစ်လိုက်စမ်းချင်တယ်ဗျာ……။

– ကံ့ကော်ဖြူ