• Today is: Friday, March 29, 2024

ပင်လုံ မူ၊ ကတိကဝတ်တို့ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို SSPP ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၈

 

ပင်လုံစာချုပ်၊ ပင်လုံမူ၊ ပင်လုံ ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ဖို့နှင့် ဗမာပြည်နယ် ဖွဲ့စည်းရမယ့် အချက်များအပါအဝင် အချက် ၉ ချက်ကို စစ်ကောင်စီထံ ဆွေးနွေးတင်ပြခဲ့တယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA က ပြောပါတယ်။

 

စစ်ကောင်စီနှင့် မြောက်ပိုင်း လက်နက်ကိုင် သုံးဖွဲ့ ယမန်နေ့ တွေ့ဆုံချိန် SSPP ဘက်က ယင်းအချက်တွေကို တင်ပြဆွေးနွေးခဲ့တာပါ။

 

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုမှာတော့ SSPP ဘက်ကက တင်ပြဆွေးနွေးခဲ့တဲ့ အချက်များဟာ

 

၁) ပင်လုံ စာချုပ်၊ ပင်လုံမူ၊ ပင်လုံကတိကဝတ် တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

 

(၂) ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံ ညီလာခံတွင် ချမှတ်ခဲ့သည့် သဘော တူညီချက်များကို အကောင်အထည် ဖော် ဆောင်ရွက်ရန်၊

 

(၃) အမျိုးသား တန်းတူရေးကို ဖော်ဆောင်နိုင်ရန် အတွက် ဗမာပြည်နယ်ကိုဖွဲ့စည်းရန်၊

 

(၄) ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန်တို့ ပါဝင်တာဖြစ်ပါတယ်။

 

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာမှာ အသွင်သဏ္ဍာန် တည်ဆောက်မူ သာမက အနှစ်သာရ တည်ဆောက်မူကိုပါ တပြိုင်နက်တည်း ဆောင်ရွက်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာလည်း ဒီမိုကရေစီအခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေး တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ စုပေါင်းခေါင်းဆောင်မူ၊ စုံလင်ကွဲပြားခြင်းမူတို့ကို လက်ခံခြင်းနှင့် လူနည်းစုများကို ကာ ကွယ်ခြင်း စသည့် အချက်များကို ပြည်ထောင်စုစံ တန်ဖိုးအဖြစ် ကိုင်စွဲထားရန် လိုအပ်တယ်လို့ ပြောပါတယ်။

 

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲရာမှာလည်း အချက် (၅) ချက်၏ လမ်းညွန်မှုအတိုင်း လိုက်နာ ရေးဆွဲရမယ်လို့ SSPP က တင်ပြဆွေးနွေးခဲ့ပါသေးတယ်။

 

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲရာတွင် လိုက်နာရေးဆွဲရမည့် SSPP/SSA ၏ လမ်းညွန်မှု (၅) ချက်ဟာ

 

(၁) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် ယင်းပြည်နယ်များ အတွင်းရှိ ပြည်သူတို့က အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်ဖြစ်သည့်အတွက် အချုပ်အခြာ အာဏာဟာ ပြည်သူထံမှ ဆင်းသက်တယ်။

 

(၂) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များဖြင့် ဖွဲ့စည်းကာ ပြည် ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံးတို့ဟာလည်း နိုင်ငံရေးအရ တန်းတူဖြစ်တယ်။

 

(၃) ပြည်ထောင်စု အဖွဲ့ ဝင် ပြည်နယ်များဟာ သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့် ရှိတယ်။

 

(၄) အာဏာခွဲဝေမှု (Power Sharing)၊ သယံဇာတခွဲဝေမူ (Resource Sharing)၊ အခွန် ဘဏ္ဍာခွဲဝေမှု (Revenue Sharing ) နှင့် ဖက်ဒရယ် ဘဏ္ဍာရေးစနစ်တို့ကို ကျင့်သုံးခြင်း၊ အာဏာခွဲ ဝေရာမှာ ပြည်သူလူထုနှင့် အနီးကပ်ဆုံး အစိုးရ၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ် များကိုသာ အထက်အစိုးရ အဆင့်ဆင့်က တာဝန်ယူဆောင်ရွက်ရတဲ့ ဥပဒေကို ကျင့်သုံးရမယ်။

 

(၅) ဖက်ဒရယ် ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များအားလုံးသည် ဒီမိုကရေစီ နည်း ကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ ကွပ်ကဲမှုနှင့် စီမံအုပ်ချုပ်မှု အောက်တွင် ရှိပြီး လူသားလုံခြုံရေးကို အခြေခံသည့်မူဝါဒ ကျင့်သုံးခြင်း စသည့် အချက်များကို ဆွေးနွေးတင်ပြခဲ့တယ်လို့ SSPP သတင်းထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ

NCA-S EAO အဖွဲ့များဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA/PC နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA တို့ ဖြစ်ကြပါတယ်။

 

NCA မရေးထိုးထားရသေးတဲ့ အဖွဲ့များကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA – မိုင်းလား) တို့ ဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ကြားမှုကို ငြင်းဆိုထားတဲ့ အဖွဲ့တွေကတော့ KNU၊ KIA ၊ KNPP ၊ CNF ၊ MNDAA၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ပါတယ်။