• Today is: Friday, April 19, 2024

မန်တုံမြို့ မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီရဲစခန်းတခု ကေအိုင်အေ ပူးပေါင်းတပ်တို့က တိုက်ခိုက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၉
 
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံမြစ်ခရိုင်၊ မန်တုံမြို့ က စစ်ကောင်စီတပ် ခလရ (၁၃၀) တပ်ရင်း၊ တပ်ဖွဲ့ဝင်တို့က ကေအိုင်အေ တပ်ရင်း (၃၄) ဧရိယာထဲ ကျူးကျော် ဝင်ရောက်လာတာကြောင့် ဒီကနေ့ စက်တင်ဘာ ၂၉ မနက်ပိုင်း ၇ နာရီခန့်က စပြီး ၁၀ နာရီခန့်ထိ ၃ နာရီကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ တယ်လို့ ကေအိုင်အေနဲ့ နီးစပ်တဲ့ ကချင်သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
 
အဲဒီနောက် ဒီကနေ့ မွန်းလွဲ ၃ နာရီခန့်မှာတော့ မန်တုံမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားတဲ့ မန်တုံရဲစခန်းကို ကေအိုင်အေနဲ့ PDF ပူးပေါင်း တပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
မုံမြစ်ခရိုင်ထဲက ကေအိုင်အေ တပ်မဟာ(၄)၊ တပ်ရင်း (၃၄) ဧရိယာထဲကို ပြီးခဲ့တဲ့ စက်တင်ဘာ (၂၇)ရက်နေ့ ကတည်းက စစ်ကောင်စီ တပ်ဖွဲ့များဖြစ်တဲ့ တပ်(၇၇)၊ တပ်မ(၁၀၁) ပူးပေါင်းတပ်ဖွဲ့တို့ဟာ ကျူးကျော် ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာ ၃ ရက်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။
 
နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ အဲဒီ မုန်မြစ်ဒေသအတွင်းမှာတော့ အင်တာနက်လိုင်း အပါအဝင် ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားတယ်လို့ ဒေသအခြေအနေ သိရှိသူများက ဆိုပါတယ်။
 
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်သီး ကနေ နာသီး ကိုသွားတဲ့ လမ်းကြောင်းဖြစ် စစ်ကား (၅)စီးဖြစ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
 
တအာင်း(ပလောင်) ဒေသနှင့် ထိစပ်နေသည့် နမ္မတူမြို့ထဲက စစ်ကောင်စီတပ် ခလရ ၃၂၄ ဗျူဟာတပ်ကို ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကေအိုင်အေ နှင့် PDF တို့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ ဗျူဟာမှူး၏နေအိမ် လက်နက်ကြီးထိမှန်ပြီး တပ်သား ၃ ဦးသေဆုံးပြီး အရာရှိအဆင့် ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။