• Today is: Friday, March 29, 2024

လွိင်ကော်လေဆိပ်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဉီး ဒဏ်ရာရ၊ MNA လွိင်ကော် လေကြောင်းလိုင်းကိုလည်း ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၃၀

လွိင်ကော်လေဆိပ်မှာ ခရီးသည်တင် လေယာဉ် တဦးဟာ ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်လောက်မှာ ပစ်ခတ်ခံရပြီး ခရီးသည် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လွိင်ကော်ဒေသခံ ဆီက သိရပါတယ်။

“လေယာဉ်က ၁၀ နာရီ ဝန်းကျင်မှာ ဆိုက်တယ်။ လေယာဉ်ဆိုက်တဲ့အချိန် အပစ်ခံရတယ်လို ကြားတယ်။ ကြားတာကတော့ စစ်တပ်ဘက်က ထိပ်ပိုင်း အရာရှိ အကြီးပိုင်း ၂ ဦး လေယာဉ်ပေါ်ပါလို ပစ်တာလို ကြားတယ်။ ထိသွားတာတော့ ခရီးသည် အမျိုးသားတစ်ဦးထိသွားတယ်လိုသိရတယ်။ ဘယ်ကနေ ပစ်ခတ်တာလဲတော့ အတိအကျ ဘယ်သူမှ မသိရဘူး။ ဒဏ်ရာရခရီးသည်ကိုတော့ လွိင်ကော် စစ်ဆေးရုံမှာ ကုသပေးနေတာကို ကြားသိရပါတယ်”လို့ အဲဒီအခြေအနေကို သိရှိသူတစ်ဦးက ဆိုပါတယ်။

ဒီလို ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီဘက်က လေဆိပ်ကို လုံခြုံရေး အပြည့်ယူထားပြီး မြိုပေါ် တွေမှာလည်း လမ်းသွားလမ်းလာတွေကို တင်းကျပ်စွာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ အမျိုးသားလေကြောင်းလိုင်း MNA ဘက်ကတော့ “ဒီနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း လွိင်ကော်လေဆိပ်မှာ ပစ်ခတ်ခံရတဲ့အတွက် လွိင်ကော် ခရီးစဉ်တွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါပြီ ၀ယ်ယူထားတဲ့ လက်မှတ်တွေအတွက် ပြန်အမ်းငွေ ပြန်လည် ရယူနိုင်တယ်” လို (MNA-Loikaw) က ထုတ်ပြန် ပြောဆိုထားပါတယ်။