• Today is: Sunday, January 29, 2023

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 72, October 4, 2022)

 

၁။ စစ်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကြောင့် ရခိုင်အမျိုးသားပါတီကို စစ်ကောင်စီ၏ ရွေး/ကော်မရှင်မှ ဆင့်ခေါ်
October 4, 2022
ရခိုင်ပြည်တွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှု၊ ဒေသတွင်းလမ်းကြောင်း ပိတ်ဆို့မှုတို့ကိုရှုံ့ချကြောင်း ပါရှိ သည့် ရခိုင်အမျိုးသားပါတီ ANP ၏ထုတ်ပြန်ချက်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ဆင့်ခေါ်မှုရှိသည်ဟု ANP ပါတီတာဝန်ရှိသူများမှ တစ်ဆင့်သိရသည်။ ANP ပါတီအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့က စစ်ရေးနှင့် ပတ်သက် သည့် ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် အချက် ၄ ချက်ပါဝင်သည်။ အဆိုပါအချက် ၄ ချက်ထဲရှိ ပါဝင်သည့်အကြောင်းအရာများမှာ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ရခိုင်ပြည်တွင်းရှိ ရပ်ကွက်ကျေးရွာများကို အကာကွယ်ယူ တိုက်ပွဲဖော်ဆောင်ခြင်းမပြုကြရန်၊ မြန်မာစစ်တပ်(စစ်ကောင်စီတပ်)၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက် သေဆုံးမှုနှင့် လူနေအိမ်များ ပျက်စီးမှုအပေါ် ရှုံ့ချကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူညီပေးမှုအား ပိတ်ပင်ထား သည်ကို ပြန်လည်ခွင့်ပြုပေးရန်တို့ ဖော်ပြပါရှိသည်။

ထိုသို့ထုတ်ပြန်မှုကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ တွေ့ဆုံဆွေးနွေးရန် ယနေ့ အောက်တိုဘာ ၄ ရက်နေ့ တွင် ခေါ်ယူမှုရှိလာခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးရန်ရှိမရှိကို ပါတီတွင်းဆွေးနွေးရဦးမည်ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။ “၂၉ ထုတ်ပြန်ချက်အတွက် တွေ့ဆုံဆွေးနွေးဖို့ခေါ်ထားပါတယ်။ ဒီနေ့ ရောက်တာပါ။ အောက်တိုဘာ ၁၂ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးကိုလာပြီး တွေ့ဆုံဆွေးနွေးဖို့ခေါ်ထားတယ်။ တွေ့မယ် မတွေ့ဘူးဆိုတာတော့ ပါတီတွင်းဆွေးနွေးရပါအုံးမယ်” ဟုပြောသည်။ အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ပြီး စစ်ကောင်စီ၏ ရာထူးအဆင့်အထိ နေရာယူထားသည့် ရခိုင်အမျိုးသားပါတီ ANP က ရခိုင်ပြည်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွင် စစ်ကောင်စီ တပ်၏ လုပ်ရပ်များကို ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင် တစ်ချို့က ရခိုင်ပြည်ရှိ အရပ်သားပြည်သူများကို စစ်ကောင်စီမှ မတရားဖမ်းဆီး သတ်ဖြတ်မှုအပေါ် နှုတ်ဆိတ်နေခြင်းကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရပြီးနောက်ပိုင်း ပေါ်ထွက်လာသည့် ထုတ်ပြန်ချက်တစ်ခုဖြစ်ပြီး စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်အမျိုးသား ပါတီ ANP ၏ ပထမဆုံးအကြိမ်ထုတ်ပြန်ချက်တစ်ခုလည်းဖြစ်သည်။

၂။ ကရင်နီဒေသတွင် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံး
3 October, 2022
ပြီးခဲ့တဲ့ စက်တင်ဘာလက ကရင်နီ (ကယား) ပြည်နယ်မှာ တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၁၀၀ ကျော်သေဆုံး၊ ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ တလတာအတွင်း ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ၁၈ ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၁၄ ကြိမ်၊ လွိုင်ကော်မြို့နယ်မှာ ၁၁ ကြိမ်၊ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့တို့မှာ ၉ ကြိမ်၊ ရှားတောမြို့နယ်မှာ ၃ ကြိမ်၊ ဘောလခဲမြို့နယ်မှာ ၂ ကြိမ်၊ စုစုပေါင်း ထိတွေ့တိုက်ပွဲပေါင်း ၅၇ ကြိမ် ဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဒီးမော့ဆို – ဖရူဆို လမ်းမကြီးတလျှောက်နဲ့ မိုးဗြဲမြို့တို့မှာ စစ်ရေးအရ ထိန်းချုပ် ဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီတပ်တွေကို KNDF တပ်ရင်းတွေ၊ KA နဲ့ တခြား မဟာမိတ်အဖွဲ့တွေ စက်တင်ဘာလ ဒုတိယပတ်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား သေဆုံးသလို သူတို့ရဲ့ လက်နက်ခဲယမ်း အများအပြား လည်း သိမ်းဆည်းရမိကြောင်း ဖော်ပြထားပါတယ်။ “အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ၁၀၄ ဦး ကျော် သေဆုံးခဲ့သလို ၆၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၃)လက်၊ MA-2 (၃)လက်၊ MA-3 (၈)လက်၊ MG စက်သေနတ် ၁ လက်၊ (၆၀) မမ အသီး၊ RPG အသီး၊ စွပ်ဗုံးနှင့် ခဲယမ်းများ၊ အသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁ စီး ဖျက်ဆီးနိုင်ခဲ့တယ်”လို့ ဖော်ပြ ပါတယ်။ တလတာ တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်က ရဲဘော် ၅ ယောက် ကျဆုံးသွားခဲ့ ကြောင်းဖော်ပြပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့လို့ ဒေသခံ နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ပြီး ဘုရားကျောင်း ၂ ကျောင်းလည်း ပျက်စီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲ မဖြစ်ဘဲ စစ်ကောင်စီဘက်က တဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၇ လုံး ထိခိုက်ပျက်စီးရသလို လေကြောင်း တိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁၀ ယောက် သေဆုံးခဲ့ပြီး ၁၉ ယောက် ဒဏ်ရာ ရခဲ့ကာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိလို့ ပြည်သူ ၁ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သား ၂ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

၃။ KNU တပ်မဟာ (၁)ရှိ (PDF)များအားလုံးပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားရန် ဆုံးဖြတ်
October 3, 2022
ကရင်အမျိုးသားအစည်းအရုံး-(KNU) တပ်မဟာ (၁)နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ အားလုံး ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ခိုက်သွားမည်ဟု အောက်တိုဘာလ ၃ ရက်နေ့ တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၂၁)ရက်မှ (၂၄) ရက်နေ့အထိ ပြုလုပ်သည့် KNU တပ်မဟာ (၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များမှ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအသွင်ဖွဲ့စည်း တစ်ခုတည်းသော ကွပ်ကဲမှုဖြင့် ဘုံရန်သူအား နည်းလမ်းပေါင်းစုံဖြင့် တော်လှန်သွား၍ တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

KNU တပ်မဟာ (၁)တာဝန်ရှိသူတစ်ဦးက “ဒီတပ်မဟာ (၁)ရဲ့လမ်းညွှန်မှု တစ်ခုထဲအောက်မှာပဲ သွားရမယ်။ တစ်ခု ထဲကွပ်ကဲမှုအောက်မှာပဲ ရှိရမယ်။ ဒီနယ်မြေထဲမှာက (PDF)တပ်ရင်းတွေအများကြီးရှိတယ်လေ။ အဓိက ရည်ရွယ်ချက် ကတော့ တစ်စုတစ်စည်းတည်းဖြစ်ဖို့ လမ်းညွှန်မှုတစ်ခုအောက်မှာသွားဖို့အတွက် အစည်းအဝေးခေါ်ပြီး စုစည်းတာဖြစ်တယ်”ဟု ပြော သည်။ ယခုပူးပေါင်းလိုက်သော တော်လှန်ရေးအစုအဖွဲ့များအနေဖြင့် (KNU)တပ်မဟာ (၁)နယ်မြေအတွင်းရှိ ကျေးရွာများတွင် အခွန်အခဆက်ကြေးကောက်ခံခြင်းများကို ညွှန်ကြားမှုအတိုင်း မလိုက်နာပါက နယ်မြေအတွင်းမှ အခြေချနေထိုင်ခွင့် ပြုတော့ မည်မဟုတ်ကြောင်းလည်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။ “ဒီမှာက အဖွဲ့တွေကများတော့ လုပ်ချင်ရာလုပ်နေ ကြတာ တွေရှိတယ်။ တစ်ဖွဲ့တော့ မောင်းထုတ်လိုက်ပြီးပြီ။ တစ်ခြားနယ်မြေထဲမှာ ပေးနေရင်တော့နေကြပေါ့လေ။ နောက်ပိုင်းကျရင် တော့ ညွှန်ကြားမှုအတိုင်းမလုပ်ဆောင်ပဲ ဆက်ကြေးကောက်တာတို့ အခွန်ကောက်တာတို့ဆိုရင် တပ်မဟာ(၁)နယ်မြေထဲမှာ ပေးမနေတော့ဘူး”ဟု ထိုတပ်မဟာ (၁)တာဝန်ရှိသူက ပြောသည်။ ။

၄။ ဖားကန့်တွင် ကချင်လူငယ်တဦးကို စစ်ကောင်စီ ပစ်သတ်
3 October, 2022
အောက်တိုဘာ ၂ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့ ကျောက်ဝိုင်းနားမှာ ကချင်လူငယ်တယောက်ကို စစ်ကောင်စီ တပ်တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အင်အား ၅၀ လောက်ပါတဲ့ စစ်သားတွေဟာ မနေ့က ည ၉ နာရီ ကျော်က မြို့မရပ်ကွက်၊ ဖားကန့်ကျောက်ဝိုင်းတဝိုက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပြီး မရပ်တဲ့သူတွေကို သေနတ်နဲ့ လိုက်ပစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ည ၁၀ နာရီခွဲလောက်မှာ အသက် ၂၅ နှစ် အရွယ် မရန်ဆိုင်းဂူ ကို ပစ်သတ်ခဲ့ပြီး အလောင်းကို အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။
“အလောင်းကို ခုချိန်ထိ ရှာမတွေ့သေးဘူး။ ဆေးရုံမှာရော ရဲစခန်းမှာရော လိုက်ရှာတာပဲ။ သူ့မိဘတွေလည်း ညကတော့ ကောင်လေးတယောက် ပစ်သတ်ခံရတာပဲ သိပြီးတော့ မနက် ၉ နာရီထိ မသိသေးတာ။ ညက ဖားကန့်ဆေးရုံကို ကျည်ဆန်ရာနဲ့ အလောင်းတလောင်း ရောက်လာတယ်၊ အင်္ကျီအနက်နဲ့ ဘောင်းဘီတို ဝတ်ထားတယ် ဆိုပြီးသိရမှ သူတို့သားမှန်း သိတာ။ အခုထိတော့ အလောင်းလုံးဝ ရှာမတွေ့သေးဘူး။ အလောင်းရဖို့ လိုက်စုံစမ်းနေတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဖားကန့်ကျောက်ဝိုင်းအနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပြီး သေနတ်သံတွေ ဆက်တိုက်ကြားရသလို နေအိမ်တချို့ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

၅။ ဟားခါးမှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံး
October 3, 2022
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဗျက်ကျူံးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က တောထဲ ဟင်းစားရှာဖို့သွားချိန် မြေမြှုပ်မိုင်း နင်းမိတာကြောင့် ဘယ်ဖက်ခြေထောက် ပြတ်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောထဲသွားချိန် မိုင်းနင်းမိတာဖြစ်ပြီး လက်ရှိ ဟားခါးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တောထဲကို မျှစ်တွေ ဘာတွေ ချိုးသွားတာ။ အဲမှာ မိုင်းနင်းမိပြီးတော့ ခြေထောက်တစ်ဖက် ပြတ်သွားတယ်။ ဘယ်ဖက်လက်လည်း ဒဏ်ရာရသွားတယ်” အဲဒီ မြေမြှုပ်မိုင်းက စစ်ကောင်စီတပ် ထောင် ထားတဲ့မိုင်း ဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

၆။ မိုးဗြဲမြို့နဲ့ ကယားပြည်နယ်မှာ တစ်လအတွင်း ဒေသခံ ၁၃ ဦးသေဆုံး
October 3, 2022
နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နဲ့ ကယားပြည်နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ အပါအဝင် လက်နက်ကြီးနဲ့ မိုင်းကြောင့် ဒေသခံ ၁၃ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ တယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အောက်တိုဘာလ ၂ ရက် မနေ့က သတင်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ် သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ နှစ်ဦးနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်သုံးဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့သလို မိုင်း ကြောင့် တစ်ဦးသေးဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသူတွေထဲမှာ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့နယ်က အများဆုံးဖြစ်ပြီး ဆယ်နှစ်အရွယ် ကလေး ငယ်သုံးဦး အပါအဝင် ခြောက်ဦးရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ ၁၃ ဦးအထိရှိသလို နေအိမ်တစ်ရာကျော်နဲ့ ဘုရားကျောင်း နှစ်ကျောင်းပါ ပျက်စီးခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ လဆန်းပိုင်း ကစပြီး စစ်ကောင်စီတပ်က ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်တွေကို အင်အားဖြည့်တင်းပြီး ဒီးမော့ဆို၊ နန်းမယ်ခုံ၊ မိုးဗြဲလမ်းမကြီးကို စစ်ရေးအရ ထိန်းချုပ်ဖို့ ကြိုးစားရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ကရင်နီ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်ထဲမှာ တစ်လအတွင်း တိုက်ပွဲပေါင်း (၅၇) ကြိမ်ဖြစ်ခဲ့ရာမှာ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့ပြီး ၆၄ ဦး ဒဏ်ရာရ ခဲ့သလို ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၇။ ဖယ်ခုံမြို့ ရပ်ကွက်တစ်ချို့ထဲ စစ်ကောင်စီ မြေမြှုပ်မိုင်းထောင်ထား
October 3, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ရှိ ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီ က မြေမြှုပ်မိုင်းထောင်ထားကြောင်း သိရှိရသည်။ ဖယ်ခုံမြို့ မြန်မာ့စီးပွားရေးဘဏ်‌ရှေ့ လမ်းသွယ်တွင် စစ်ကောင်စီက ထောင်ထားသည့် မြေမြှုပ်မိုင်း တစ်လုံးကို စက်တင်ဘာ နောက်ဆုံးပတ်တွင် တွေ့ရှိခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံ တစ်ဦးက ပြောသည်။ “ဘယ်တုန်းကတည်းက ထောင်ထားတာလဲ တော့ မသိဘူး။ ထောင်ထားတယ်လို့ပဲ သိရတာ။ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွေမှ ထောင်ထားတာတဲ့။ သူတို့အဲ့နား ဖြတ်သွားဖြတ်လာ မလုပ်စေချင်လို့ထင်တယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။ အဆိုပါ ဘဏ်သည် စစ်ကောင်စီ၏ ဘဏ်ဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားပြီး ဘဏ်ကို ထိခိုက်မှာ စိုးရိမ်သောကြောင့် မြေမြှုပ်မိုင်းထောင်ထားကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ “ဟုတ်တယ်ဗျ။ သူတို့မြေမြှုပ်မိုင်းထောင်ထားတာ။ သူတို့ ဘဏ်နားတိုက်ပွဲဖြစ်ပွားမှာဆိုးလို့ ထောင်ထားတာထင် တယ်ဗျ။ အခုတော့ တိုက်ပွဲက မဖြစ်ဘူး။ ငြိမ်နေတယ်။ စစ်ရေးတော့ တင်းမာတာရှိတယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင်လည်း ဆီဆိုင် ၊ ဖယ်ခုံ၊ လွိုင်ကော် ဘက်တွင် အသွားအလာ မပြုလုပ်ကြသေးရန် ပြည်သူများ တစ်ချို့ နှင့် PDF တပ်ဖွဲ့များက ပြောသည်။ “တိုက်ပွဲတော့ မဖြစ်ဘူး။ စစ်ရေးပဲတင်းမာနေတာ။ လမ်းတွေလည်း အသုံးမပြုသေးတာ ကောင်းတယ်။ ဆီဆိုင် ၊ ဖယ်ခုံ၊ လွိုင်ကော်ဘက်တွေ အသွားအလာ သိပ်မလုပ်တာ ပိုကောင်းပါတယ်” ဟု PDF တပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။

၈။ နမ့်စန်မြို့ ဧည့်စုတည်းခိုခန်းအတွင်း အရပ်ဝတ်နှင့်ပစ်ခတ်မှုများဖြစ်
October 4, 2022
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ဧည့်စုတည်းခိုခန်းတွင် အောက်တိုဘာ ၃ ရက် ညနေပိုင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်များစွာလည်း ဖမ်းဆီးရမိကြောင်းသိရသည်။ ညနေ ၅ နာရီခွဲဝန်းကျင် “အိမ်စီးကားတွေနဲ့ လာကြတာ အင်အား တော်တော်များတယ်၊ ဧည့်စုတည်းခိုခန်းထဲမှာလည်း အရပ်ဝတ်နဲ့ အခြားလက်နက်ကိုင်တစ်ဖွဲ့ရှိတယ်၊ ကားနဲ့လာကြတဲ့အဖွဲ့က စပစ်တာ၊ သူတို့အချင်းချင်းပစ်ခတ်ကြတာ၊ ၁၀ ချက်လောက်ပဲ၊ တည်းခိုခန်းထဲကအဖွဲ့က ငါးယောက်လောက်အဖမ်းခံရ တာ တွေ့တယ်၊ လက်နက်တွေလည်း သယ်ထုတ်လာ ကြတာတွေ့ရတယ်” ဟု ဖြစ်စဥ်ကိုသိရှိသည့် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်သတင်းဌာနသို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ဧည့်စုတည်းခိုခန်းအတွင်းရောက်နေသည့် လက်နက် ကိုင်အဖွဲ့မှ အမျိုးသား ၅ ဦးခန့် ဖမ်းဆီးခံရကြောင်းနှင့် ၎င်းတို့လက်နက်များကို ကားနှင့်လာသည့်အဖွဲ့မှ သယ်ထုတ်သွားကြောင်း ဒေသခံများက ပြောသည်။

၉။ စစ်တွေတွင် ရဲများက ခရီးသွား ဟိန္ဒူလူမျိုးများကို ငွေညှစ်
3 October, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဟိန္ဒူလူမျိုး တွေဆီကနေ ငွေညှစ်နေတယ်လို့ ဒေသခံ ဟိန္ဒူလူမျိုးတွေဆီကနေ သိရပါတယ်။ စစ်တွေမြို့ကိုအသွား ကျောက်တန်းဂိတ်မှာ ရဲတွေက မှတ်ပုံတင်စစ်ပြီး မပါတာကြောင့် အသွား ကျပ် ၅၀၀၀၊ အပြန် ကျပ် ၅၀၀၀ ငွေတောင်းတယ်လို့ စစ်တွေဒေသခံ ဟိန္ဒူလူမျိုးတယောက်က ပါတယ်။ “ကျနော်တို့ရဲ့ဘိုးဘွားတွေကအစ ရခိုင်ပြည်နယ်မှာမွေးပြီး ရခိုင်ပြည်နယ်မှာ ကြီးပြင်း တာပါ။ ကားပေါ်မှာ လူတွေအများကြီးပါလာပေမယ့် ကျနော့်တူနဲ့ ကျနော့်ကိုပဲစစ်ပြီး ငွေညှစ်တာပါ။ ကျန်တဲ့သူတွေကိုတော့ မှတ်ပုံတင်မစစ်ပါဘူး။ အခုလိုမျိုး ဟိန္ဒူလူမျိုးတွေကို စစ်ဆေးပြီးငွေညှစ်တာက ၁၅ ရက်လောက်ရှိနေပြီ” လို့ ဆိုပါတယ်။ ပုဏ္ဏားကျွန်းမြို့က ဟိန္ဒူဘာရေးခေါင်းဆောင် တယောက်ကတော့ ဟိန္ဒူလူမျိုးတွေကို လ.ဝ.က က နိုင်ငံသား(ပြု) စိစစ်ရေး ကဒ်ပြားနဲ့ အိမ်ထောင်စုဇယားပုံစံမျိုး စာအုပ်ထုတ်ပေးထားပြီး အဲဒီ ကဒ်ပြားနဲ့ စာအုပ်လျှောက်ရင်လည်း ၃ နှစ်လောက်ကြာမှ ထုတ်ပေးတယ်လို့ ပြောပါတယ်။

“အဲဒီကျောက်တန်းဂိတ်က ရဲတွေက သောက်စားမူးရူးပြီး နိုင်ငံသား(ပြု)စိစစ်ရေးကတ်ပြားပါတဲ့သူတွေကိုလည်း စာအုပ် မပါလို့ဆိုပြီး ရစ်တယ်။ လ.ဝ.က ကို ပို့လိုက်ရမလားဆိုပြီး ခြိမ်းခြောက်တာကြောင့် အလုပ်ရှုပ်မခံချင်တဲ့ သူတွေကတော့ အသွား အပြန် ၁၀၀၀၀ ကျပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ ကျနော်တို့ ဟိန္ဒူလူမျိုးတွေဟာ ရခိုင်ပြည်နယ်ဖွား လူနည်းစု လူမျိုးတမျိုးဖြစ် ပြီး အဲဒီ စစ်(…)၊ ရဲ(…)တွေက ခွဲခြားဆက်ဆံကြတာပါ။ စစ်ကောင်စီတပ် အာဏာမသိမ်းခင်ကဆိုရင် အဲဒီကတ်ပြားနဲ့ နိုင်ငံခြား ကိုတောင် တရားဝင် သွားလာလို့ရတယ်။ ဒါကျောက်တန်းဂိတ်မှာ တာဝန်ကျတဲ့ ရဲတွေက တမင်ငွေညှစ်တာ” လို့ပြောပါတယ်။

၁၀။ ဒေသခံပြည်သူများအတွက် အကျိုးမရှိသည့် ပင်းပက် သံမဏိစက်ရုံ စီမံကိန်းကို ပိတ်သိမ်းရန် ပအိုဝ်းလူငယ်တောင်းဆို
October 4, 2022

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ပင်းပက် သံမဏိစက်ရုံ စီမံကိန်းသည် ဒေသခံပြည်သူများအတွက် အကျိုးမရှိဘဲ နစ်နာမှုများရှိနေသည့်အတွက်ကြောင့် ၎င်းစီမံကိန်းကို ပိတ်သိမ်းရန်နှင့် ဒေသခံများ၏ နစ်နာမှုများကို ဆောင်ရွက်ပေးရန် ယနေ့ အောက်တိုဘာ ၃ ရက်တွင် ပအိုဝ်းလူငယ်အစည်းအရုံးက သဘောထားထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ စစ်ကောင်စီဘက်မှ အကြီးအကျယ် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်နေသည့် ၎င်းစီမံကိန်းသည် စစ်ကောင်စီနှင့် ရှရှားတို့က ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်ကြခြင်းဖြစ်ပြီး စီမံကိန်းကြောင့် ဒေသခံများ၏ မြေယာဆုံးရှုံးမှုများနှင့် သဘာဝ သစ်တောအရင်းအမြစ်များ ထိခိုက်မှုများရှိသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစီမံကိန်းအကောင်အတည်ဖော်လာမှုကြောင့် ဒေသခံများ၏ ကျန်းမာရေးပြဿနာ၊ လူမှုရေးဆိုင်ရာ ပဋိက္ခများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် အဓမ္မမြေယာသိမ်းဆည်းခြင်းနှင့် ရွှေ့ပြောင်းခံရခြင်းများကြောင့် တောင်သူ ဒေသခံများအတွက် စားဝတ်နေရေး ပိုမိုထိခိုက်သည့်အတွက် ဒေသခံပြည်သူများသည် ထိုစက်ရုံကို ပိတ်သိမ်းရန် အလိုရှိကြ သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ နန်းရွှေလီ က ယနေ့ ပြုလုပ်သည့် ၎င်းစီမံကိန်းအပေါ် သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။ ၎င်းက “ တောင်သူတွေရဲ့ မြေယာတွေ ထပ်မံသိမ်းဆည်းခြင်း ခံရတယ်။ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ စားဝတ် နေရေး တွေ ကျန်းမာရေးတွေ ထိခိုက်မှုတွေရှိတယ်။ ခြိမ်းခြောက်ခံရမှုတွေ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေ ယခုထိ ခံနေကြရတယ်။” ဟု ထည့်သွင်းပြောဆိုခဲ့သည်။ ထိုအပြင် အဆိုပါစီမံကိန်းကို ကန့်ကွက်လှုပ်ရှားသူ လူငယ်များနှင့် ဒေသခံတောင်သူများအား အာဏာပိုင်များက စောင့်ကြည့်မှုများခံရပြီး ခေါ်ယူသတိပေးမှုများလည်းရှိသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ နန်းဟုန် ကလည်း ယခုလို ပြောသည်။ “ဖမ်းဆီးခံကြရသူတွေလည်းရှိတယ်။ အချို့ပြန်လွတ်တယ်။ အချို့ဆို မလွတ်လာသေးဘူး သူတွေ လည်း ရှိနေသေးပါတယ်” ဟု နန်းဟုန်က ပြောသည်။ ပင်းပက်သံမဏိစက်ရုံကို ၂၀၀၄ ခုနှစ်တွင် ရုရှားကုမ္ပဏီ( TPE) နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းတို့မှ စတင်အကောင်အထည်ဖော်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်း ဆက်လက်ဖောက် လုပ်ကာ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ပြန်လည်စတင်လည်ပတ်နိုင်ရန် ဆောင်ရွက်နေသည်။

၁၁။ မြောက်ဦးမြို့တွင် ဆေးဆိုင်ပိုင်ရှင် ၁ ဦးကို စစ်တပ်က ဖမ်းဆီး
3 October, 2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ အောက်တိုဘာ ၃ ရက် မနက်ပိုင်းက ဆေးဆိုင်ပိုင်ရှင် တယောက်ကို စစ်ကောင်စီတပ် က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ရပ်ကွက် မြို့မစျေးမှာ ဆေးဆိုင်ဖွင့်ထားတဲ့ ဦးဘကျော်(ခ) ဦးမောင်မြသိန်းကို မနက် ၁၀ နာရီခွဲလောက်က စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးသွားတာလို့ မြောက်ဦးမြို့ခံ တယောက် က ပြောပါတယ်။ အသက် ၅၉ နှစ်ရှိ ဦးဘကျော်ဟာ ဘားဘူတောင်၊ တောင်ရပ်ကွက်မှာ ဇနီး၊ သား နှစ်ယောက်၊ သမီး တယောက် နဲ့ အတူနေထိုင်ကာ သူ့ကို ခမရ ၃၇၇ တပ်ရင်းကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတွေ၊ သတင်းထောက်တွေနဲ့ ရခိုင်လူမျိုး ဝန်ထမ်းတွေကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးနေသလို ရပ်ကွက်၊ ကျေးရွာတွေကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ တကျော့ပြန် စစ်ပွဲ ဖြစ်တာ အခုဆို တလကျော်လာပြီဖြစ်ပြီး စစ်ဘေးရှောင် ဦးရေဟာလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်အထိ ၇၁၉၄၂ ဦး နေရပ်စွန့်ခွာနေကြရပါတယ်။

၁၂။ နန်းမားမြို့က လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
October 2, 2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့က လူငယ်သုံးဦးကို အောက်တိုဘာလ ၁ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကိုမား၊ ကိုကောင်းကင်ကြီး နဲ့ ကိုမျိုးဆွေဦး တို့ဖြစ်ပြီး သူတို့သုံးဦး စလုံး အသက် ၂၀ ကနေ ၃၀ ကြား အရွယ်တွေဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ နန်းမား ဒေသခံတစ်ဦးက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာလို့ သူက ပြောပါတယ်။ နန်းမားမြို့က စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူနှစ်ဦးကို စက်တင်ဘာလ ၂၆ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် အခုလို ဒီလူငယ် သုံးဦးကို စစ်ကောင်စီတပ်သား တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေကတော့ ဖမ်းဆီးခံရသူတွေဟာ PDF တွေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြောပါတယ်။

၁၃။ ကရင်စစ်ဘေးရှောင်များအား ထိုင်းစစ်တပ်က အတင်းအကျပ်နေရပ်ပြန်ပို့သည့်အပေါ် ကန့်ကွက်ရှုတ်ချ
October 4, 2022
မြန်မာစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အသက်ဘေးအန္တရာယ်ရှိနေတဲ့ကြားက ကရင်စစ်ဘေးရှောင်တွေကို ထိုင်းအာဏာပိုင်တွေက အတင်းအကျပ် နေရပ်ပြန်ပို့ခဲ့တဲ့အပေါ် ဥရောပကရင်ကွန်ရက်က အပြင်းအထန်ကန့်ကွက် ရှုတ်ချ ကြောင်း အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ကရင်စစ်ဘေးဒုက္ခသည်တွေကို ပဋိက္ခဇုန်ထဲ အတင်းအကျပ်ပြန်ပို့တာ ရပ်တန့်စေဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ထိုင်းအစိုးရနဲ့တွေ့ဆုံဆွေးနွေးပြီး ဆွဲဆောင်ပြောဆိုဖို့ ဥရောပကရင်ကွန်ရက်တာဝန်ရှိသူက တိုက်တွန်းပါတယ်။ ဥရောပကရင်ကွန်ရက်ဥက္ကဋ္ဌ နန်းကြည်အေးက“ထိုင်းအစိုးရဟာ မြန်မာစစ်တပ်ရဲ့ရန်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအပေါ် နှိပ်ကွပ်နေသလို တချိန်တည်းမှာပဲ မြန်မာစစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်နေတယ်။ ထိုင်းကုမ္ပဏီတွေကလည်း မြန်မာစစ်တပ်ကို ဝင်ငွေရဖို့ ကူညီပံ့ပိုးပေးနေတယ်။ ထိုင်းနိုင်ငံပိုင် ကုမ္ပဏီတွေအပါအဝင် ထိုင်းကုမ္ပဏီတွေက မြန်မာစစ်တပ်အတွက် ဗုံးတွေနဲ့ လက်နက်ကျည်ဆန်တွေကူညီပေးပြီး ဒုက္ခသည် တွေ ထိုင်းဘက်ကို ထွက်ပြေးလာအောင်လုပ်နေတယ်”လို့ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းလောက်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့နယ်၊ သေဘောဘိုး ကျေးရွာ ကနေ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံအတွင်းကို စစ်ဘေးရှောင်ခိုလှုံ ရောက်ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ အမျိုးသမီးနဲ့ ကလေးငယ် ၃၀၀ ဦးကို ထိုင်းစစ်တပ်နဲ့တာဝန်ရှိသူတွေက အတင်းအကျပ်နေရပ် ပြန်ခိုင်း ခဲ့ပါ တယ်။ နေရပ်ပြန်ခဲ့တဲ့စစ်ဘေးရှောင်တွေကို စက်လှေတွေနဲ့မြန်မာ ဘက်ခြမ်းကိုပြန်လည်ပို့ဆောင်ပေးခဲ့ရာ လူပို့ပြန်လာတဲ့ စက်လှေတစ်စင်းဟာ လူတင်ဆောင်လာတဲ့စက်လှေတစ်စင်းနဲ့တိုက်မိခဲ့တဲ့အတွက် စက်လှေတိမ်မှောက်ပြီး မြစ်ရေနဲ့အတူ မျောပါသွားခဲ့ပေမဲ့ စစ်ဘေးရှောင်တွေ အသက်အန္တရာယ်ထိခိုက်သူတော့မရှိခဲ့ပါဘူး။ အဆိုပါ ဒုက္ခသည်တွေဟာ စက်တင်ဘာ လ ဆန်းပိုင်းက မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေလမ်းမပေါ်မှာ စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်ထွက်ပြေးလာသူတွေဖြစ်ပြီး ခေတ္တခိုလုံနေသူတွေ ဖြစ်ပါတယ်။

၁၄။ PNO နှင့် RCSS တို့ တွေ့ဆုံမှုမရှိဟု PNO ငြင်းဆို
October 4, 2022
ယခု ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် နယ်မြေ ခွဲဝေရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု လူမှုကွန်ယက်ပေါ် သတင်းထွက်ပေါ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် ယခင် (ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်) ရလလခ နေရာ ဟောင်းကို RCSS ကို ပြန်ပေးပြီး ထိုင်းနိုင်ငံ နယ်စပ် ကောင်းနန်းစခန်းကို (PNO/PNA) ပြည်သူ့စစ် အခြေချ နေထိုင်ရန် RCSS က သဘောတူညီခဲ့သည် ဟု ရေးသား ဖော်ပြထားသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) ဗိုလ်မှူးသန်းကြွယ်က တွေ့ဆုံမှု မရှိကြောင်း လူမှုကွန်ယက်ပေါ်ပြန့်နေသည့် ဓာတ်ပုံသည် ၂၀၁၆ ခုနှစ်ကပုံ ဖြစ်ကြောင်း ပြောသည်။ “ကျနော်တို့ တွေ့ဆုံတာမရှိဘူး။ ဓာတ်ပုံ ကလည်း ၂၀၁၆ -၂၀၁၇ က ဆွေးနွေးခဲ့တဲ့ ဓာတ်ပုံတွေဖြစ်တယ်။ အခုနှစ် ၂၀၂၂ ခုနှစ်က တွေ့ဆုံဆွေးနွေးခဲ့တာမရှိဘူး။ ကောလ ဟာလ ဖြစ်တယ်” ဟု ဗိုလ်မှူးသန်းကြွယ်က ပြောသည်။ PNO ပြည်သူ့စစ်သည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ တစ်ခုဖြစ်ပြီး လက်ရှိတွင် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်ထဲတွင် လှုပ်ရှားသွားလာနေသည်။

၁၅။ ဒီးမော့ဆို အရှေ့ဘက်တစ်နေရာမှာ စပါးနှံပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့
October 2, 2022
ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ကယားလူမျိူးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စပါးနှံ ပူဇော်ပွဲ ကို အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အောက်တိုဘာလအတွင်း သီတင်းကျွတ်ကာလမှာ ပြုလုပ်ကြ တာဖြစ်ပြီး ပေါ်ဦးပေါ်ဖြား သီးနှံတွေကို ရိုးရာနတ်ဖြစ်တဲ့ ဘျာစယ်ဒူ ဖီးသူးလူး ကို အရင်ဆုံး ပူဇော်ပသရတယ်လို့ ကျေးရွာသား တစ်ဦးက ပြောပါတယ်။ “ကျနော် တို့ ဒီစိုက်ပျိုးရာသီဟာ ဒီ နယုန်လ ကနေ ကျနော်တို့စပြီးတော့ စိုက်ပျိုးတယ်။အဲကနေ့ စိုက်ပျိုးပြီးတဲ့ ကျနော်တို့ ဒီအသီး စပါးတွေပေါ့နော်။ဒီသီးတင်းကျွတ်လကျရင် ကျနော့်ကို ဒီပြန်ပြီးတော့ ကေးထျိုးဘိုး စပါးနှံ ပူဇော်ပွဲဆိုတာ ကျနော်တို့ ပြန်လုပ်ရတယ်။ဘာလို့ လုပ်ရသလဲဆိုတာ ကျနော်တို့ ထွက်ပေါ်လာတဲ့ ဒီစပါးလေးတွေကို ကျနော်တို့ ဘျာစယ်ဒူ ဖီးသူးလူး ကနေပြီးတော့ ဦးစွာ ကျနော့်ကို တိုင်တည်ပြီးတော့ ပူဇော်ပသ ရခြင်းဖြစ်ပါတယ်” လို့ ကျေးရွာသားတစ်ဦး ကပြောပါတယ်။

စပါးနှံပူဇော်ပွဲဟာ ကြက် (၃) ကောင်နဲ့ ကြက်ရိုးထိုး ပူဇော်ကြပြီး ဝက်ထီး (၁) ကောင်လည်း ပါဝင်ပါတယ်။ ကယား ရိုးရာအရ ထွက်လာတဲ့ ကြက်ရိုးကို ကြည့်ပြီးတော့မှ အနာဂတ်ကို ကြိုဖတ်ကြတာလို့ သိရပါတယ်။ ကြက်ရိုးရဲ့ အဖြေအရတော့ ရပ်ရေးရွာရေးအတွက် အနာဂတ်ဟာ အနည်းငယ် စိုးရိမ်ပူပန်မှုရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ စပါးနှံ ပူဇော်ပွဲဟာ ကယား လူမျိူးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း သီးတင်းကျွတ်လ ဆန်းကနေ လဆုတ် မတိုင်ခင်အထိ ကျင်းပ ပြုလုပ်ကြရတာ ဖြစ်ပါတယ်။

၁၆။ မွန်ပြည်နယ်၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုကို စစ်ကောင်စီခွင့်ပြုပေး
October 4, 2022
မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုကို ခွင့်ပြုပေးခဲ့ရာ အလုပ် အကိုင်အခွင့်အလမ်း ၃၅၀၀ နီးပါး ရရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြောပါ တယ်။ မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၆၅၀ ၁၁ ဒသမ ၇၅၁ သန်းရှိခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၉ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုမှ ပြည်တွင်းအလုပ်သမား ၃၂၆၃ ဦး၊ ပြည်ပအလုပ်သမား ၁၅၉ ဦး (စုစုပေါင်း ၃၄၂၂ ဦး)တို့ အလုပ် အကိုင်တွေရရှိခဲ့ကြောင်း ပြောဆိုထားပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးစားကဏ္ဍတွေရဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။ တကယ့်မြေပြင်မှာတော့ မွန်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်၊ ဘဏ်လုပ်ငန်းတွေအပြင် အသေးစား အလတ်စား SME လုပ်ငန်းတွေကအစ အရင် ကိုဗစ်ကာလကတည်းက ဒီနေ့အထိ စီးပွားရေးလုပ်ငန်းတွေမှာ နာလန်မထူနိုင် ကြသေးဘဲ တချို့လုပ်ငန်းတွေပါ ရပ်နားထားရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ စီးပွားရေး တွေ ကျဆင်းလာတာနဲ့အမျှ နိုင်ငံရေးပဋိက္ခ အခြေအနေအမျိုးမျိုးကြောင့် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါး လို့ အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံတွေကို နေ့စဉ် ထွက်ခွာသွားနေကြပါတယ်။

၁၇။ သောင်ရင်းမြစ်ဘေးရှိ စစ်ဘေးရှောင် ၁၄၀၀ ခန့် နေရာထိုင်ခင်း၊ သောက်သုံးရေနှင့် စားသောက်စရာဆေးဝါးများ အရေးပေါ်လိုအပ်နေ
October 3, 2022
မြဝတီတောင်ဘက်ရှိ နယ်စပ် သောင်ရေးမြစ်ဘေးတွင် ယာယီနေထိုင်ကြသည့် သေ့ဘောဘိုး ဒေသခံစစ်ရှောင် ၁၄၀၀ ၀န်းကျင်သည် နေထိုင်ခင်း၊ သောက်သုံးရေနှင့် စားသောက်စရာ၊ ဆေးဝါးအခက်အခဲ ရှိနေပြီး အကူအညီများ အရေးပေါ်လိုအပ် နေကြောင်း စစ်ဘေးရှောင်ကျေးရွာတာ၀န်ခံများက ပြောသည်။ ပြီးခဲ့သည့် နှစ်ပတ်ကတည်းက မိုးကြီးရေကြီး၍ သေ့ဘောဘိုး သောင်းရင်းမြစ်ဘေး ခိုလှုံကြသော စစ်ဘေးရှောင်များသည် ၎င်းတို့တဲများ မြစ်ရေထဲမျှောကုန်သွားပြီး ယခုအချိန်တွင် တောင် ယာ ကုန်းနေရာများတွင် ယာယီတဲတန်းများ၌ ယာယီခိုလှုံနေစဉ် တစ်ပိုင်တစ်နိုင်အလှူ ရှင်များကိုသာ စောင့်မျှော် စားသောက် နေကြရသည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။ “အစုဖွဲ့တွေက မိသားစု ၂၀၀ လောက်မှာ လူဦးရေက ၁၄၀၀ ၀န်းကျင် လောက်ရှိတယ်၊ မြစ်ရေက နောက်ကျိနေတော့ သောက်ရေသုံးရေရဖို့ ခက်ခဲနေတယ်၊ စားစရာကလည်း မဲဆောက်ဘက်က တစ်နိုင်တစ်ပိုင်လှူပေးနေတဲ့အဖွဲ့တွေကို ချိတ်ဆက်အကူအညီတောင်းပြီး သူတို့လာပို့ လာဝေတာလေးနဲ့ စားသောက်နေ ကြရတယ်။ ပုံမှန်အထောက်အပံ့ ပေးတဲ့ CIDKP လို အဖွဲ့အစည်းတွေကလည်း အရင်ကတစ်လတစ်ခါ ပေးတာ ကနေ အခုက ၃ လတစ်ခါမှပဲ ရိက္ခာပေးတော့တယ်။ တိုက်ပွဲကလည်း မိုးကသာရွာနေတာ နေ့တိုင်းပစ်နေခတ်နေကြ တာဆိုတော့ စစ်ရှောင်နေရ တာပိုပြီးကြပ်တည်း ခက်ခဲလာတယ်”ဟု သေ့ဘောဘိုး စစ်ဘေးရှောင်ကျေးရွာတာ၀န်ခံက ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော် ဒေသတိုက်ပွဲများကြောင့် ဒေါနတောင် အရှေ့ဘက်အခြမ်း ဖလူး-ဝေါလေ၊ ဆုံဆည်းမြိုင်ဒေသအထိ စစ်ဘေးရှောင်နေရသူ ၁၅,၀၀၀ ခန့် ရှိကြောင်း စစ်ဘေးရှောင် ကူညီပေးသည့်အဖွဲ့များ စာရင်းအရ သိရှိရသည်။ အဆိုပါ စစ်ရှောင်များအား KNU၊ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊ KWO နှင့် ပြည်တွင်း‌နေရပ်ရင်း စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ‌ ကော်မတီ-CIDKP အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုများ ရှိခဲ့သော်လည်း ဒေသတွင်း နှစ်ဖက်စစ်ရေး တင်းမာနေဆဲအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် အခြေအနေ ကြောင့် စစ်ဘေးရှောင်ကူညီမည့် နိုင်ငံတကာအဖွဲ့အစည်းများသွားလာ ကူညီခွင့်၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့်များ မြန်မာပြည် တွင်းနှင့် ထိုင်းနယ်စပ်နေရာများတွင် ကန့်သတ်စစ်ဆေးတားမြစ်မှုများကြောင့် အခက်အခဲများရှိနေကြောင်း သိရသည်။ “အခုက ကျနော်တို့ သေ့ဘောဘိုး၊ ဝေါလေ၊ ဖလူး၊ လေးကေ့ကော် နယ်စပ်တစ်လျှောက် ကစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်တာက ပိုပိုဆိုး ရွားလာတယ်။ အရင်က သွားလို့လာလို့ရသေးတယ်၊ အခုက ဘယ်မှသွားလို့လာလို့ မရ၊ စိုက်လို့ပျိုးလို့မရ၊ ရောင်းလို့၀ယ် လို့မရတော့သလို ထိုင်းနိုင်ငံဘက်ကလည်း ဒီဘက်ကလူတွေ၊ ကျောင်းသားတွေကို လက်မခံဘူး။ ပြန်မောင်းထုတ်တယ်၊ အခုက ဖျားကြနာကြ၊ ငှက်ဖျားဖြစ်ကြနဲ့ ဆေးဝါးလည်း မပြည့်စုံတော့ဘူး ဖြစ်နေတယ်။ ကလေးတွေက အအေးမိ၊ နှာစေး အဆုတ် ရောင်ကြတယ်။ ဆေးက မလုံလောက်ဘူး”ဟု နယ်စပ်ဒေသ ကျန်းမာရေး လုပ်သားတစ်ဦးက ပြောသည်။

၁၈။ ဖယ်ခုံမြို့နယ် ပြည်သူ့နေအိမ်ထဲ PNO စစ်သားဝင်ရောက်နေရာယူထား
October 4, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA စစ်သား တို့မှ ပြည်သူ့နေအိမ်ထဲ နေရာယူထားကြောင်းသိရသည်။ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်ကြားရှိ ဗန်းမောက်ရွာ အတွင်း တွင် PNO တပ်သားများက ပြည်သူ့နေအိမ်ဝန်းထဲ ဝင်ရောက်နေရာယူထားပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီး လည်း ဖြတ်တောက် ထားကြောင်း ဖယ်ခုံမြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ လက ဒီ ဖယ်ခုံဘက် တိုက်ပွဲဖြစ်တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက PNO စစ်သားတွေက ရွာထဲကို လာပြီး နေရာယူထားတာ၊ အဲ့တုန်းက စစ်ကောင်စီတပ်သားတွေလည်း ပါတယ်၊ သူတို့က (စကစ) ဒီလဆန်းပိုင်းထဲမှာ ပြန်သွားကြတယ်၊ အခု ရွာထဲမှာ PNO တွေကျန်နေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထို့အပြင် လက်ရှိ PNO တပ်သားများ နေရာယူ ထားသည့် ဗန်းမောက်ကျေးရွာအပြင် ဖယ်ခုံမြို့နယ်မှ ရွှေပြည်အေး ၊ ကသဲရွာ နှင့် ပင်လောင်းမြို့နယ်မှ ဗန်းမောက် ၊ ကုန်းပေါ် ၊ နမ်းဖာမူ စသည့် ကျေးရွာတို့မှလည်း မီးဖြတ်တောက်ခံရကြောင်း ဒေသံများက ပြောသည်။

၁၉။ မောင်းဆွဲကျေးရွာမှ မသန်စွမ်းသူတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားဆဲ၊ မိသားစုဝင်များနှင့် အဆက်သွယ်မရ
October 4, 2022
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာအနီး မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူများထဲမှ မသန်စွမ်းအမျိုးသားတစ်ဦးမှာ မိသားစုဝင်များနှင့် ယနေ့အချိန်ထိ အဆက်သွယ် မရသေးကြောင်း မိသားစုဝင်များက ပြောဆိုသည်။ အဆိုပါ ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများဖြစ်ကြသည့် ရခိုင် ခမီ၊ မွတ်ဆလင်နှင့် ကလေးများ အပါအဝင် အားလုံးပေါင်း ၃၀ ကျော်အထိဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲမှ မသန်စွမ်း အမျိုးသားတစ်ဦး ကို ပြန်လွတ်ပေးခြင်း မရှိဘဲ စစ်ကောင်စီက ဖမ်းဆီးထား၍ မိသားစုဝင်များအနေဖြင့် စိုးရိမ်နေကြသည်။ “ဖမ်းဆီးခံရသူ အားလုံးပေါင်း ဆိုလို့ရှိရင် ၃၂ ယောက်ဖြစ်တယ်။ ကျနော်တို့ကတော့ ၃ ရက် စစ်ဆေးခံခဲ့ရတယ်။ ဖမ်းဆီးခံရပြီး နောက်တစ်နေ့မှာတော့ သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေကို ပြန်လွှတ်ပေး လိုက်တယ်။ ဖမ်းဆီးခံရတဲ့ထဲမှာ မွတ်ဆလင် ၃ ဦးပါတယ်။ ခမီလူမျိုး ၃ ဦးပါတယ်။ စစ်ဆေး မေးမြန်းတဲ့အချိန်မှာ မွတ်ဆလင်နဲ့ ခမီလူမျိုးတွေကိုတော့ သိပ်မစစ်ဆေးဘူး။ ရခိုင်လူမျိုးတွေကိုပဲ အဓိကပစ်မှတ်ထား စစ်ဆေး တယ်” ဖမ်းဆီးခံရသူ တစ်ဦးက ပြောသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ကိုယ်အင်္ဂါမသန်စွမ်းသူ ကိုဝင်းနိုင်မှာ မောင်းဆွဲကျေးရွာမှ ဖြစ်ပြီး မိုင်းပေါက်ကွဲနေတွင် ဖမ်းဆီး ခံရသူဖြစ်ကာ ၄င်းအား စစ်ကောင်စီမှ ဆက်လက်ဖမ်းဆီးထားခြင်းအပေါ် မိသားစုဝင်များ စိုးရိမ်နေကြ ခြင်းဖြစ်သည်။ ယင်းအပြင် ဖမ်းဆီးခံရသူများထဲမှ ပြန်လွတ်လာသည့် မောင်းဆွဲကျေးရွာသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်သားများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နံရိုးတစ်ချောင်း ထိခိုက်နာကျင်မှု ဖြစ်သွားသည်ဟု ပြန်လွတ်သူများက ပြောသည်။ “မိုင်းထောင် တဲ့ဟာမှာ မင်းတို့ထဲက ပါကို ပါရမယ်ဆိုပြီးတော့ စစ်ဆေးတာ တွေရှိတယ်။ ဒဏ်ရာဒဏ်ချက်ကတော့ နည်းနည်းရကြတယ်။ မောင်းဆွဲကတစ်ယောက်မှာဆိုရင် နံရိုးတစ်ချောင်း နာသွားတာရှိတယ်” ဟု ပြောသည်။ ဆက်လက်ဖမ်းဆီးခံထားရသော ကိုဝင်းနိုင် မသန်စွမ်းသူနှင့် ပတ်သက်၍ မိသားစုဝင်များ အနေဖြင့် ခမရ ၃၇၈ တပ်ရင်းသို့ စုံစမ်းမေးမြန်းခဲ့ရာ ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ကြောင်း ပြောဆိုခဲ့ကြောင့်နှင့် ရဲစခန်းသို့ သွားရောက်စုံစမ်းခဲ့သော်လည်း ရဲစခန်းတွင် မရောက်ရှိသေးဟု အထက်ပါမိသားစုဝင်က ပြန်လည်ပြောပြသည်။

၂၀။ မူတြော်ဒေသတွင်း ကျင်းပသည့် ကရင်လူငယ်နှီးနှောဖလှယ်ပွဲ လူငယ် ၁၄၀ နီးပါး တက်ရောက်ခဲ့
October 3, 2022
တိုက်ပွဲ ဖြစ်ပွားနေဆဲ ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် ကရင် ကျောင်းသားကွန်ယက်(KSNG)က ဦးဆောင်၍ လူငယ်နှင့် အသိပညာနှီးနှောဖလှယ်ပွဲတစ်ခုကျင်းပခဲ့ပြုလုပ်ခဲ့ရာ ဒေသတွင်း လူငယ် ၁၄၀ နီးပါး တက်ရောက်ခဲ့ကြသည်။ အဆိုပါ လူငယ်နှင့် အသိပညာနှီးနှောဖလှယ်ပွဲကို နယ်မြေအတွင်း လုံခြုံရေးကြောင့် တောတွင်းရွှေ့ပြောင်း ဖွင့်လှစ်လိုက်ရသည့် မူတြော်ဂျူနီယာကောလိပ်ကျောင်း၌ စက်တင်ဘာလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပဋိပက္ခကာလကို ဖြတ်သန်းနေရသည့် ကရင်ကောလိပ်ကျောင်းသားလူငယ်များအကြား နိုင်ငံရေးဆိုင်ရာအပြင် အသိ ပညာအသစ်များကို အပြန်အလှန်ဝေမျှ နိုင်ရန်နှင့် ကရင်ကျောင်းသားလူငယ်များအကြား ချိတ်ဆက် လုပ်ဆောင်မှုများ ပိုမိုတိုး တက်စေရန် ရည်ရွယ်၍ ယခုအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း KSNG ၏ ဥက္ကဋ္ဌဖြစ်သူ စောဒါးဖိုးဒါးက ယခုလိုပြောသည်။ “ဒီ နှီးနှောဖလှယ်ပွဲက ကျနော်တို့ လူငယ်တွေ ကျောင်းသားတွေ အနေနဲ့ ငယ်ရွယ်တုန်း ရှင်သန်နေတုန်းမှာ သိသင့်သိထိုက်၊ လေ့လာသင်ယူသင့်တာတွေ၊ ပြီးတော့ လူ့အသိုင်းအဝိုင်းထဲမှာ ပါဝင်ဆောင်ရွက်သင့်တာတွေကို ကိုယ့်လူမျိုးအတွက် လိုအပ် ချက်တွေများနေတဲ့အချိန်မှာ ကျနော်တို့ လေ့လာသင်ယူရမှာတွေက အများကြီးရှိတာပေါ့။ အဲ့အတွက် ဒီလူငယ်နှီးနှောဖလှယ် ပွဲကို ပြုလုပ်ရခြင်းဖြစ်တယ်” ဟု ပြောသည်။ ထို့အပြင် အဆိုပါ နှီးနှောဖလှယ်မှုများကြောင့် ကျောင်းသား လူငယ်များ အနေဖြင့် ကရင်အမျိုးသားများ၏ အခြေအနေ အရပ်ရပ်များကို သိရှိနားလည်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုအား ကောင်းရန် ပိုမိုသိရှိနားလည်လာကြသည့် အကျိုးဖြစ်ထွန်းများလည်း ဖြစ်ပေါ်စေကြောင်းလည်း စောဒါးဖိုးဒါးက ဆက် ပြောသည်။

KSNG အနေဖြင့် အလားတူ လူငယ်နှင့် အသိပညာနှီးနှောဖလှယ်ပွဲများကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ အသီးသီးရှိ ကောလိပ်နှင့် အထက်တန်းပညာရေးကျောင်းများအပြင် နယ်စပ်ဒုက္ခသည်စခန်းအတွင်းရှိ စာသင်ကျောင်းများတွင် နှစ်စဉ်ပြု လုပ် လေ့ရှိပြီး ယခုနှစ်အတွက်လည်း အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည်စခန်းများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

၂၁။ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လူဦးရေ ၄၅၀ ခန့် ထပ်တိုးလာ၊ စားဝတ်နေရေး အဆင်မပြေ
October 3, 2022
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၀၈ စု လူဦးရေအားဖြင့် ၄၅၀ ခန့် အသစ်ထပ်တိုးလာသည့်အတွက် စားဝတ်နေရေးအခက်အခဲများစွာရှိနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။ ယခင် ရှိနေသော စစ်ဘေးရှောင်များအတွက် WFP တစ်ခုတည်းကသာ အကူညီပေးလျက်ရှိပြီး ယခု အသစ်တိုးလာသည့် စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှု မရရှိဘဲ ဖြစ်နေသည်ဟု ရိက္ခာများလည်း ပြတ်တောက်နေကြောင်း စခန်းတွင်‌ နေထိုင်သူများကပြောသည်။ ယခင်က လူတစ်ဦးကို တစ်နေ့လျှင် နို့ဆီဘူးဆန် ၂ ဘူးနှုန်းဖြင့် ထောက်ပံ့ပေးနေသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှလည်း မေလကတည်းက ထောက်ပံ့မှု လုံးဝရပ်တန့် သွားကြောင်း စခန်းတာဝန်ခံ ကိုသိန်းဝင်းက ပြောသည်။ “လူကယ်ပြန်က ထောက်ပံ့မပေးတာ ၆ လလောက်ရှိသွားပြီ။ WFP ကတော့ ပုံမှန်ထောက်ပံ့လို့ရှိတယ်။ ဒါပေမဲ့ လုံလောက်မှုက မရှိဘူး။ WFP ရဲ့ ထောက်ပံ့မှုတစ်ခုတည်းနဲ့ ရပ်တည်သွားရမှာ ကလည်း မလွယ်ဘူး။ အသစ်ထပ်တိုးလာတဲ့ စစ်ဘေးရှောင်တွေအတွက်ကတော့ ဘယ်အဖွဲ့အစည်းကမှ ပုံမှန်ထောက်ပံ့မှုတွေ မရှိသေးဘူး”ဟု ပြောသည်။ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ယခင် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀ နီးပါး၊ လူဦးရေ ၃၀၅၀ ခန့်အတွက်ရှိပြီး လူတစ်ဦးလျှင် ၁ လ ကို ၁၈၀၀၀ ကျပ်နှုန်းဖြင့် WFP မှ လစဉ်ပုံမှန် ထောက်ပံ့လျက်ရှိသည်။

လက်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာဖူလုံမှုမရှိသလို့ အဆောင်လုံလောက်မှုမရှိသည့်အတွက် အခန်းတစ်ခုတည်းတွင် မိသားစု နှစ်စု၊ သုံးစု ပြွတ်သိပ်စွာ နေထိုင်ကြရသည်ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့ အသစ် ရောက်ရှိလာသည့် နဂရာကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ “ကိုယ့်မှာပါလာတဲ့ ဆန်တွေနဲ့ စားသောက်နေရပါတယ်။ နေထိုင်ဖို့အဆောင်တွေကလည်း မရှိသေးတဲ့အတွက် အခန်းကျဉ်းလေးတစ်ခုမှာ မိသားစု နှစ်စု သုံးစု ပြွတ်သိပ်ပြီးတော့ နေထိုင် ကြရပါတယ်”ဟု ပြောသည်။ ၄င်းစခန်းတွင် နေထိုင်ကြသော စစ်ဘေးရှောင်ပြည်သူများမှာ ကျောက်တော်မြို့နယ်၊ အောက်မွန် ထောင့်၊ အောင်သာယာ၊ ကွမ်းစည်း၊ လောင်းရှည်၊ တင်းမကြီး၊ အထက်တင်းမ၊ ပြိုင်းတိုင်း၊ မာလာ၊ နဂရာ စသည့် ကျေးရွာ သားများ အပြင် ပလက်ဝမြို့နယ်မှ စမီး၊ တိမ်ဝ စသည့် ကျေးရွာသားများနှင့် မောင်တောမြို့နယ်မှ အောင်မင်္ဂလာ စသည့် ကျေးရွာသားများ ပါဝင်သည်။ အဆိုပါစခန်းတွင် အိမ်သာများလည်း လုံလောက်မှုမရှိသလို့ အမျိုးသမီးလစဉ်သုံး ပစ္စည်းများ လည်း အခက်အခဲဖြစ်နေသည်ဟု စခန်းတွင်းနေထိုင်သူ အမျိုးသမီးများက ပြောဆိုကြသည်။

၂၂။ တန့်ယန်းမြို့ ဆိုလာဘက်ထရီရှော့ခ်ဖြစ် နေအိမ်တစ်လုံးမီးလောင်ပြာကျ
October 3, 2022
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဆိုလာဘက်ထရီ ရှော့ခ်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်သွားကြောင်း ရသည်။ အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် တန့်ယန်းမြို့၊ တပ်ဦးကျောင်း အောက်ဘက်နားရှိ ရပ်ကွက် ၈၊ အုပ်စု ၇ အတွင်းမှ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း သွားရောက်ကူညီခဲ့သူ မီးသတ်ဝန်ထမ်း တစ်ဦးက ပြော သည်။ “အားသွင်းထားတဲ့ ဆိုလာ ဘက်ထရီ အပူလွန်ကဲပြီး ရှောခ့်ဖြစ်လို့ မီးလောင်တာလို့ သိရတယ်၊ အိမ်ရှင်တွေ အားလုံးက အပြင်ရောက်နေချိန် ဘယ်သူမှ အိမ်မှာမရှိတဲ့အချိန်ဆိုတော့ မီးတောက်မှ ပတ်ဝန်းကျင်က ကျနော်တို့ဆီကို ဖုန်းဆက် အကူညီ တောင်းလာလို့ သွားငြိမ်းခဲ့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

“ဆိုလာ ဘက်ထရီတွေကို လျှပ်စစ်မီး မလာလို့ သုံးတာရှိသလို တချို့ က လျှပ်စစ်မီး မရလို့ သုံးစွဲကြတယ်။ နည်းစနစ် ကျကျ သုံးတတ်လားဆိုတော့ မသုံးတတ်ကြဘူး။ အားသွင်းတာကစပေါ့။ သေချာမသုံးတတ်ရင်တော့ လူတွေ အတွက် ဘေး အန္တရာယ် ကြီးတယ်” ဟု တန့်ယန်းမြို့မှ ဒေသခံအမျိုးသား က ဆိုသည်။ တန့်ယန်းမြို့တွင် မတ် ၃ ရက်နေ့ နေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။ သျှမ်းပြည်အတွင်း ဆိုလာပြား အားသွင်းရာမှ မီးလောင်မှု မကြာခဏ ဖြစ်ပွားခဲ့သည်။

၂၃။ မော်လမြိုင်တွင် ကားပစ္စည်းအဟောင်းထားသည့်ဂိုဒေါင် မီးလောင်
October 4, 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ မြိုင်သဇင်လမ်းရှိ ကားပစ္စည်းအဟောင်းဂိုဒေါင်မှာ အောက်တိုဘာ ၄ ရက် မနက် ၇ နာရီ ၃၅ မိနစ်က မီးလောင်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ မီးလောင်မှုကို မော်လမြိုင် မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြိုင်သာယာ၊ ဈေးကြိုနယ်မြေ မီးသတ်စခန်းတွေ က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြို့ပေါ်က လူမူကယ်ဆယ် ရေးအဖွဲ့တွေနဲ့ ရပ်ကွက်နေသူတွေ စုပေါင်းဝိုင်းဝန်း ငြှိမ်းသတ်ရာမှာ မိနစ် ၂၀ လောက်အကြာမှာ မီးငြိမ်းသွားတယ်လို့ သိရပါ တယ်။ ကားဂိုဒေါင် မီးလောင်တဲ့အကြောင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲဖြစ်တာကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ မီးလောင်ရ တဲ့အကြောင်းကို မသိရှိရသေးပါဘူး။ အခုလို ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ မီးဘေးအန္တရာယ်ကို ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေမှာ ပါဝင်ပူးပေါင်းကြဖို့ မီးသတ်ဦးစီးဌာနက တိုက်တွန်းထားပါတယ်။

၂၄။ မင်းပြား- မြေပုံ ကားလမ်း ကြပ်စင်တံတားပေါ်တွင် စစ်ကောင်စီတပ်မှ တပ်စခန်းချ၍ ပိတ်ဆို့ထား
October 4, 2022
ရခိုင်ပြည်၊ မင်းပြားမြို့မှ မြေပုံဖက်သို့ သွားလာသည့်ကားလမ်းကြပ်စင်တံတားပေါ်တွင် စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်နေပြီး တံတားမှ ဖြတ်သန်းသွားလာမှုများအား ပိတ်ဆို့ထားကြောင်း ဒေသတွင်းနေထိုင်သူများက ပြောဆိုခဲ့ ကြောင်း ဒေသအခြေစိုက် Western News သတင်းဌာနတွင် ဖော်ပြထားသည်။ ကြပ်စင်တံတားပေါ်တွင် ထိုသို့ပိတ်ဆို့နေရာယူ ထားသည်မှာ အောက်တိုဘာ ၂ ရက်နေ့မှ စတင်၍ဖြစ်ပြီး အသွားအလာများကိုလည်း ပိတ်ဆို့ထားသည်ဟု အမည်မဖော်လိုသည့် မင်းပြားဒေသခံတစ်ဦးက ပြောသည်။ “အောက်တိုဘာ ၂ ရက်နေ့လောက်ကစပြီး နေရယူထားကြတာပါ။ အမိုး ၃၊ ၄ ခုလောက် မိုးပြီး နေကြတာတွေ့ရတယ်။ မင်းပြားဖက်ကရော မြေပုံဖက်ကပါ ဖြတ်သန်းသွာလာခွင့်တွေအကုန်ပိတ်ထားတယ်။ ဘာမှသွား လို့မရဘူး” ဟုပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သားများ နေရာယူလျှက်ရှိနေသည့် ကြပ်စင်တံတားမှာ မင်းပြားမြို့မှ မိုင်းဝက်ခန့်အကွာတွင်ရှိနေပြီး မင်းပြား- မြေပုံ- မင်းပြား ပေါက်တော်- စစ်တွေစသည့်နေရာများကို ရေကြောင်းများသွားလာရ သည့် အဓိက နေရာတစ်ခုလည်းဖြစ်သည်။

မင်းပြားနှင့် မြေပုံကြားရှိ အဆိုပါကျေးရွာများမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြေပုံမြို့အဝင် နတလရုံးတွင် ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် မြေပုံမြို့သို့သွားလာခွင့်ကန့်သတ်ခံထားရခြင်းဖြစ်သည်။ သို့ကြောင့် လက်ရှိတွင် စားနပ်ရိက္ခာအပါအဝင် ကျန်မာရေး စသည်များအတွက် မင်းပြားမြို့သို့သာ သွားလာနေခဲ့ရပြီး လက်ရှိ မင်းပြားသို့ပါ သွားလာ ခွင့်ကန့်သတ်ထားသည့်အတွက် အခက်ခဲပိုဖြစ်လာမည်ကို စိုးရိမ်နေသည်ဟု ကျေးရွာသားတစ်ဦးကပြောသည်။ “မြေပုံဖက်က အရင်ကတည်းကပိတ်ထားတော့ ဒီကြပ်စင်တကြောက ကျေးရွာတွေရော မြေပုံမြို့နယ်ကရွာတွေပါ မင်းပြားဖက်ကိုပဲ အစစ အရာရာအတွက်သွားလာနေကြတာပါ။ အခုလိုမျိုးပိတ်ဆို့လိုက်တော့ ကြာရင် ကျနော်တို့အတွက် ဆိုးကျိုးတွေဖြစ်လာနိုင်တယ်။ အခုလတ်တလောမှာတောင် အရေးပေါ်ကျန်းမာရေးအခြေအနေတွေဖြစ်လာရင် အခက်တွေ့နေရပြီ” ဟုပြောသည်။ ကြပ်စင် တံတားနှင့် မြေပုံမြို့နယ်ကြားတွင် ကျားပိုက္ကေ၊ ရွှေချောင်း၊ သစ်ပုတ်တောင်၊ သာယာကုန်း၊ တောင်ရှည်ပြင်၊ ဒဂုန်၊ ကန်သာ၊ ရေငန်ချေ၊ ဖလောင်းပြင်၊ ကန်ချောင်၊ မြောင်ချောင်း၊ ကျောက်ခုတ်၊ ခမောင်းတော၊ ဝက်ခေါင်း စသည့် လမ်းတလျောက်တွင် ကျေးရွာပေါင်း (၂၀) ကျော်ရှိသည်။

၂၅။ လေယာဉ်ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက လွိုင်ကော်အရှေ့ ဘက်ခြမ်းကျေးရွာတွေကို လက်နက်ကြီး ဖြင့် ပစ်ခတ်နေ
October 4, 2022
ကရင်နီပြည် လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီးအကြိမ်ရေ ၄၀ထက်မနည်း ပစ်ခတ်မှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဒီလက်နက်ကြီးနဲ့ ပစ်ခတ်မှုဟာ လွိုင်ကော်လေဆိပ်မှာ စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-လွိုင်ကော် လေယာဉ်အဆင်း ပစ်ခတ်ခံရမှုဖြစ်စဉ်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ KNDF တာဝန်ရှိသူ တစ်ဦး က သုံးသပ်ထားပါတယ်။ “စစ်ကောင်စီက လေယာဉ်ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ မြန်မာလေကြောင်းလိုင်း ပစ်ခတ်ခံရ တာနဲ့ပတ်သက်ပြီးတော့ သူတို့ လွိုင်ကော်အရှေ့ဘက်ခြမ်း ဘက်ကို နည်းနည်းလေး ပစ်မှတ်ထားလာတယ်လို့ ကျနော်တို့ တွေ့ရ တယ်။ ပစ်မှတ်ထားလာတယ်။ သူတို့မဲလာတယ်ပေါ့။ လိုက်မဲတယ်။ ဒီလိုပါပဲ။ ပစ်မှတ်ထားတယ်ဆိုပေမယ့် ဒါတွေက ဒေသခံ တွေနေတဲ့ ရွာတွေပေါ့နော။ အဲ့ဒီရွာတွေဘက်ကို သူတို့အကြောင်းမဲ့ တိုက်ပွဲလည်း ဖြစ်တာမျိုးမဟုတ်ပဲ သူတို့လက်နက်ကြီး တွေနဲ့ တောက်လျှောက်ပစ်တာမျိုးကတော့ အဆင်မပြေဘူးပေါ့လေ။ လူထုတွေကို သက်သက်မဲ့ ပစ်မှတ်ထားသလိုမျိုး ဖြစ်တယ် ပေါ့။ ဒီလေယာဉ်ပစ်ခံမှု နောက်ဆက်တွဲ သူတို့က အဲ့လိုရွာတွေကို လိုက်ပြီးပစ်မှတ်ထားတယ်လို့ပဲ ကျနော်တို့က ယူဆတယ် ပေါ့။” လို့ သူက ဆက်ပြောပါတယ်။

“ရွာထဲ ပြန်မနေကြသေးဘူး။ စစ်ရှောင်စခန်းမှာပဲ နေကြရသေးတယ်ပေါ့။ ရွာပြန်မယ်ဆိုရင်လည်း ခဏကလိုမျိုး လက်နက်ကြီးတွေ ရမ်းထုတာတွေ အဲ့ဒီလိုမျိုးကတော့ ပြီးခဲ့တဲ့တစ်လောက ဖြစ်ခဲ့တာလည်းရှိတော့ တချို့လည်း ပြန်လာမနေ ရဲဘူး။ အဲ့ဒီလိုမျိုးတွေ ရှိတယ်ပေါ့နော။ သူတို့စိုးရိမ်မှုတွေ အများကြီးရှိခဲ့တော့ သူတို့ သတ်မှတ်ထားတဲ့ အရင်ကစစ်ရှောင်နေရာ မှာ ပြီးတော့မှ ကိုယ့်ခြံနဲ့ကိုယ်နေတဲ့သူတွေ အဲ့ဒီစစ်ရှောင်မှာနေတော့ အသွားအပြန်တွေ လုပ်ကြတယ်။ တချို့ဆိုရင် စစ်ရှောင်က နေပဲ သူ့ခြံမှာသွားပြီး အလုပ်လုပ် အလုပ်လုပ်ပြီးတော့မှ စစ်ရှောင်ဘက်ပြန်သွားနေ လုပ်တာများတယ်ပေါ့။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။ လက်နက်ကြီးပစ်ခတ်မှုဟာ အရပ်သားနေထိုင်တဲ့ ကျေးရွာအပြင်မှာ လက်နက်ကြီးနှစ်လုံးကျရောက်ခဲ့ပြီး နေအိမ်ထိခိုက်တာတွေ၊ အရပ်သားထိခိုက်တာတွေမရှိခဲ့ပါဘူး။ လက်ရှိမှာတော့ လက်နက်ကြီး ထပ်မံပစ်ခတ်လာတာ တွေမရှိ ပေမဲ့ ဒေသခံတွေကတော့ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်နေထိုင်ကြပြီး နေရပ်ပြန်လည်မနေထိုင်ရဲကြသေးဘူးလို့ လွိုင်ကော် အရှေ့ဘက်ခြမ်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

၂၆။ PSLF/TNLA ရဲ့ မြေယာနဲ့ သစ်တောဌာနက သစ်တောကြိုးဝိုင်း မြေဧရိယာတွေ လိုက်လံ သတ်မှတ်ပေးနေ
October 4, 2022
တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်နဲ့ အခြားသော တအာင်းဒေသတွေမှာ ဒီနှစ်ဆန်းပိုင်းကစပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)ရဲ့ မြေယာနဲ့ သစ်တောဌာနက သစ်တောကြိုးဝိုင်း မြေဧရိယာတွေ လိုက်လံ သတ်မှတ်ပေးနေတယ်လို့ သိရပါတယ်။ ၂၀၂၁ နှစ်လယ် ပိုင်းကစလို့ PSLF/TNLA ရဲ့ မြေယာနဲ့ သစ်တောဌာနက ရည်ရွယ်ချက် ၅ ချက် ချမှတ်ပြီး ဒေသတွင်း လူထုတွေနဲ့ ဆွေးနွေးကာ ၎င်းတို့ရဲ့ သဘောတူညီမှုနဲ့ ဒီနှစ် နှစ်ဆန်းပိုင်းကစလို့ သစ်တောကြိုးဝိုင်း မြေဧရိယာတွေ လိုက်လံ တိုင်းတာသတ်မှတ်ခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် က ဒေသအခြေစိုက်သတင်းဌာန ရွှေဖီမြေ ကို ပြောဆိုခဲ့ကြောင်းသိရပါတယ်။ “ပြီးခဲ့တဲ့ နှစ်ကတည်းက ကွင်းဆင်းတယ်။ သစ်တောတွေ ဖြုန်းတီးမှုတွေ ရှိတယ်ဆိုရင် ကျေးရွာလူထုတွေနဲ့ တွေ့ဆုံတယ်။ တစ်ချို့နေရာတွေက တစ်ရွာပိုင် တစ်ချို့နေရာတွေက ၃ ရွာပိုင်တဲ့ မြေတွေဖြစ်တယ်။ အဲလိုမျိုး ရွာတွေကို စုပြီးတော့ သူတို့ရဲ့ သဘောထားကိုမေးတယ်။ ကျနော်တို့ လုပ်ချင်တဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြတယ်။ သူတို့ဘက်က သဘောတူတယ်ဆိုရင် မြေတွေ တိုင်းတာသတ်မှတ်မှုတွေ လုပ်တာပေါ့” သစ်တောဖြုန်းတီးမှု ထိန်းသိမ်းဖို့၊ ဇီဝမျိုးစေ့နဲ့ ရှားပါးတိရိစ္ဆာန် ကာကွယ်ဖို့၊ အဖိုးတန်သစ်တွေ ဆုံးရှုံးဖြုန်းတီးမှု မရှိဖို့၊ ကျေးရွာရေထွက်ဦး စနစ်တကျဖြစ်ဖို့၊ ဆောက်လုပ်ရေးသစ်တွေ ဖြုန်းတီးမှု မရှိအောင် ထိန်းသိမ်းဖို့ ရည်ရွယ်ချက် ၅ ခုနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ နမ့်ဆန်၊ မန်တုံမြို့နယ်နဲ့ မိုင်းငေါ့မြို့မှာ သစ်တောကြိုးဝိုင်း မြေဧရိယာတွေ စတင်သတ်မှတ်ထားပြီဖြစ်ပြီး တအာင်းလူထုတွေ နေထိုင်တဲ့ ဒေသတွေအားလုံးမှာ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ PSLF/TNLA ရဲ့ မြေယာနဲ့ သစ်တောဌာနက သစ်တောကြိုးဝိုင်း မြေဧရိယာ သတ်မှတ်မှုနဲ့ ပတ်သက်ပြီး ဒေသခံလူထုတွေကို တွေ့ဆုံရှင်းပြထား ပြီးတော့ ကြိုးဝိုင်းသစ်တော သတ်မှတ်ထားတဲ့ မြေဧရိယာတွေမှာ တားမြစ် စည်းကမ်းချက်တွေလဲရှိကြောင်း ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဆိုပါတယ်။ “သစ်တောကြိုးဝိုင်းဆိုတာကိုတော့ ဒေသခံလူထုတွေကို ရှင်းပြထားပြီးဖြစ်ပါ တယ်။ လူထုတွေ အနေနဲ့ အထူးသဖြင့်တော့ တောမီးရှို့တာတို့ လုပ်လို့မရတော့ဘူး။ သစ်တောတွေကို စည်းကမ်းမဲ့ ခွင့်ပြုချက် မယူဘဲနဲ့ သွားခုတ် တာတို့ လုပ်လို့မရတော့ဘူး၊ ကျေးရွာတွေရဲ့ ရေထွက်ဦး ရေဝင် ရေထွက်နေရာတွေကို စည်းကမ်းမဲ့ ကျွဲ၊နွား သွားကျောင်းတာတို့ လုပ်လို့မရဘူး” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။ တအာင်းလူထုတွေဟာ သစ်တောထူထပ်တဲ့ တောင်ပေါ်ဒေသတွေမှာ အများ ဆုံး နေထိုင်ကြပြီး ဒေသတွင်းမှာ သစ်မာ၊ ကျွန်းသစ် စတဲ့အဖိုးတန်သစ်တွေ ထွက်ရှိတဲ့အပြင် ရှားပါးဇီဝမျိုးစေ့နဲ့ ရှားပါး တိရိစ္ဆာန်တွေ ပေါများတဲ့ဒေသဖြစ်တာကြောင့် PSLF/TNLA ရဲ့ မြေယာနဲ့ သစ်တောဌာနက သစ်တောကြိုးဝိုင်းတွေ စတင် သတ်မှတ် လာတာပဲ ဖြစ်ပါတယ်။

၂၇။ မိုးကောင်းတွင် ဆေးရုံတက်လူနာ ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
October 4, 2022
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စက်တင်ဘာ ၃ ရက် ညပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသား တယောက် သေဆုံးခဲ့ တယ်လို့ ကျန်းမာရေးဝန်းထမ်းတွေက ပြောပါတယ်။ မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကျွန်းတော ရပ်ကွက်နေ အသက် ၇၄ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့တာဖြစ်ပြီး တကျော့ပြန်ကိုဗစ်ဖြစ်ပွားချိန် ဒါပထမဆုံး သေဆုံးတာ လို့ သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတဦးက “ဆေးရုံမှာ ကိုဗစ်ရောဂါပိုး သံသယ ရှိတဲ့သူတွေကို မနက်ပိုင်းက စစ်ဆေးတာ။ အားလုံးပေါင်း ၁၆ ဦး စစ်ဆေးတယ်။ ၄ ဦးက ပိုးတွေ့ရတယ်။ အဲဒီအထဲကမှ အသက် ၇၄ နှစ်အရွယ် အမျိုးသားက ညပိုင်းမှာ သေဆုံးတယ် “လို့ ပြောပါတယ်။ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကနေ အခုချိန်ထိ အတည်ပြု လူနာ ၂၉၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရတယ်။

၂၈။ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်
October 4, 2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီက အောက်တိုဘာ ၂ ရက်ကစလို့ ည ၉ နာရီကနေ မနက် ၅ နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လမ်းမကြီးတွေ၊ အများပြည်သူ သွားလာရာ လမ်း မကြီးတွေ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဥ်နဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာအားလုံးမှာ ညမထွက်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေက မိုင်းထောင်ဖောက်ခွဲတာ၊ ချောင်း မြောင်း ပစ်ခတ်တာ၊ ရဲစခန်းနဲ့ ရဲကင်းတွေကို ဝင်ရောက်တိုက်ခိုက်တာ၊ အရပ်သား အယောင်ဆောင်ပြီး တိုက်ခိုက်တာကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်တာဆိုပြီး အောက်တိုဘာ ၃ ရက်က စစ်ကောင်စီ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မြို့ပေါ်မှာ လိုက်လံ ကြေညာနေတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ဘာအကြမ်းဖက်သမားမှ မရှိတဲ့အကြောင်းနဲ့ စစ်ကောင်စီတပ်တွေကသာ ပြည်သူလူထုကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်လို့ စက်တင်ဘာလတလ အတွင်း ရခိုင်ပြည်နယ်အတွင်းက အပြစ်မဲ့ ပြည်သူ ၆ ယောက် သေဆုံးကာ ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ယောက်က ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းက ဒုရဲအုပ်တစ်ယောက်နဲ့ နယ်ထိန်းဒုတပ်ကြပ်တယောက်ကို အောက် တိုဘာလ ၁ ရက်က ရက္ခိုင့်တပ်တော်(အေအေ)က ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။ စစ်တွေမြို့နယ်မှာလည်း စစ်ကောင်စီကစက်တင်ဘာလ ၂၄ ရက်ကစလို့ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။

၂၉။ ဘားအံ ကော့လှိုက်ရွာမှာရွာခံတွေကန့်ကွက်ပေမယ့် ကျောက်ထုတ်တာမရပ်သေးလို့ ရွာအနီးမှာ ကမ်းပြိုမှုတွေဖြစ်လာ
October 4, 2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲက ကော့လှိုက်ကျေးရွာအနီး သံလွင်မြစ်ထဲမှာ ရွာခံတွေက လက်မခံပေမယ့် လုပ်ငန်း ရှင်တွေက နေစဉ်ကျောက်ထုတ်နေလို့ ကမ်းပြိုမှုတွေဖြစ်လာပြီး ရွာက စိုက်ပျိုးမြေတွေအနီးဝန်းကျင်က ကမ်းတွေပါပြိုလာ နေတယ်လို့ ရွာခံတဦးက ပြောပါတယ်။ အဲ့ဒီရွာအနီးမှာ မြစ်ကြောင်းပြုပြင်မယ်လို့ အကြောင်းပြပြီး သဲ၊ကျောက်ထုတ်ယူနေတာ ကြောင့် ရွာခံတွေက ကန့်ကွက်ထားပေမယ့် ရွာလူကြီးက တာဝန်မယူတာကြောင့် ရေအရင်းအမြစ်ဦးစီးဌာနက စာပို့တိုင်ကြား ထားပေမယ့် လက်ရှိအချိန်အထိ သဲ၊ကျောက်ထုတ်ယူမှုတွေ ဆက်ရှိနေတာပါ။ “မနေ့ကမှ ရုံးဖွင့်တာဆိုတော့ စာကမနေ့ ကမှ ရောက်တယ်၊ကမ်းပြိုတာ လမ်းပျောက်နေပြီ”လို့ ကော့လှိုက်ရွာခံ တဦးက ပြောပါတယ်။

လက်ရှိ ကမ်းပြိုမှုတွေဖြစ်နေတဲ့ နေရာဟာ ကော့လှိုက်ရွာက လူနေအိမ်ခြေတွေနဲ့ ပေသုံးဆယ်၊လေးဆယ် ဝန်းကျင် လောက်သာ ကွာဝေးတော့တာကြောင့် ရွာခံတွေစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ ကော့်လှိုက်ရွာအနီး သံလွင်မြစ်ထဲမှာ မြစ်ကြောင်းပြုပြင်မယ်ဆိုတာကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ ရွာနေပြည်သူ တွေက သဘောတူလက်မှတ်ထိုးခဲ့ပေမယ့် လက်တွေ့ မှာ မြစ်ကြောင်းပြုပြင်တာမဟုတ်ဘဲ သဲ၊ကျောက်ထုတ် ယူတာဖြစ်နေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း တာဝန်မယူ တာကြောင့် ရွာခံတွေအခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။ “လူကြီးတွေက ဘာမှမလုပ်ပေးဘူး၊ သူတို့က မသိသလိုဘဲနေ တယ်” လို့ ကော့လှိုက်ရွာမှာနေထိုင်တဲ့ ရွာသား တစ်ဦးက ပြောပါတယ်။ အဲ့ဒီလို ကမ်းပြိုကျမှုတွေ ဖြစ်နေတာကြောင့် မြစ်ကမ်း အနီး နေထိုင်သူတွေအနေနဲ့ နေအိမ်တွေပါ ကမ်းပြိုတဲ့အထဲ ပါသွားမှာကို စိုးရိမ်နေကြ ရတယ်လို့ဆိုပါတယ်။ ကော့လှိုက်ကျေးရွာ မှာ လူနေအိမ်ခြေစုစုပေါင်း ကိုးရာကျော်ရှိပြီး လူဦးရေ လေးထောင်နီးပါး နေထိုင်တယ်လို့ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း ဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြ ထားပါတယ်။

၃၀။ ဆီဆိုင်မြို့နယ် ဈေးဆိုင်များ မီးရှုး၊ မီးပန်း ရောင်းချပါက အရေးယူမည်
October 4, 2022
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ ရောင်းချခြင်းများ ပြုလုပ်ပါက မြို့နယ်စည်ပင်က အရေးယူမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၄) ရက် ထုတ်ပြန်ချက် အရသိရသည်။ “အရင် နှစ်ကတည်းက တားမြစ်ထားပါတယ်။ သီတင်းကျွတ် ရောက်ပြီဆိုရင် ဗျောက်အိုးမဖောက်ဖို့၊ မရောင်းဖို့ တားမြစ်တာပေါ့။ COVID-19 ဖြစ်ကတည်းက သီတင်းကျွတ်လမှာ ဘာပွဲလှမ်းသဘင်မှ မပေးလုပ်ဘူး။ လူငယ် တွေတော့ သီတင်းကျွတ် ရောက်ပြီ ဆိုရင် ပွဲလှမ်း သဘင်လုပ်ဖို့၊ မီးရှူး၊ မီးပန်း ဖောက်ဖို့တော့ မျှော်လင့်နေတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ ဖောက်လွှတ်ခြင်းကြောင့် ပြည်သူများ၊ သက်ကြီးရွယ်အိုးများ အထိတ်တလန့်ဖြစ်ရခြင်း၊ နာမကျန်း ရောဂါ ခံစားသူများ စိတ်နှောက်ယှက်ကြောင့် စည်ပင်က တားမြစ်ထားကြောင်း ထုတ်ပြန်ထားပါသည်။ ဆီဆိုင်မြို့နယ် မြို့မဈေး၊ နောင်မွန်ဈေး၊ ဆိုက်ခေါင်ဈေး၊ ဘန်းယဉ်ဈေးတွင်းရှိ ဈေးဆိုင်များမှာ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ၊ ပေသီး၊ ပေအိုးများ သို လှောင်ခြင်း၊ ရောင်းချခြင်းလုံးဝ မပြုရန် နှင့် လိုက်နာမှုမရှိပါက တည်ဆဲ ဉပဒေနှင့် အညီ အရေးယူမည် ဖြစ်ကြောင်းသိရသည်။

၃၁။ နမ္မတူမြို့နယ်အတွင်း စစ်ရှောင်များ ၃၀၀ ကျော်ကို မဖြစ်မနေ နေရပ်ပြန်ပို့ခံရမည်
October 4, 2022
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းရှိ ယခုလ အတွင်း စစ်ရှောင် ၃၀၀ ကျော်ကို မဖြစ်မနေ နေရပ်သို့ ပြန်လည်ပို့မည်ဟုသိရသည်။ လက်ရှိ နမ္မတူမြို့ကို ပြောင်းရွှေ့လာသော မြို့နယ်ထွေအုပ်အသစ်တစ်ဦးက ဦးဆောင်ပြီး လာမည့် အောက်တိုဘာ ၁၅ ရက်တွင် စစ်ရှောင်များအားလုံးကို နေရပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ် ကြောင်း စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။ “အခု ပြောင်းရွှေ့ လာတဲ့ ထွေအုပ်သစ်က ညွှန်ကြား လာတာ။ စစ်ရှောင် အားလုံးကို နေရပ် ပြန်ပို့မယ်၊ အောက်တိုဘာ ၁၅ ရက် ကြရင် မဖြစ်မနေ အကုန်လုံး ပြောင်းရွှေ့ရမယ်။ ဘယ်နေရာကို နေရပ်ပို့မယ်၊ ပြောင်းရွှေ့ ခိုင်းမယ်ဆိုတာလည်း မသိရသေးဘူး။ အခု စစ်ရှောင်ကို ထောက်ပံ့ပေးတဲ့ အဖွဲ့တွေလည်း ပိတ်ပင်ထားတယ် “ ဟု ၎င်း စစ်ရှောင် တစ်ဦးကပြောသည်။

အဆိုပါ စစ်ရှောင်များက နေရပ်သို့ ပြန်လည် ပို့ဆောင်ခံရမည်ဆိုသဖြင့် နေရပ်ပြန်ရန်အတွက် အခက်အခဲရှိ နေကြောင်း ၎င်းက ဆက်ပြောသည်။ အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်း PDF တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်အသစ် (၃၀၀) နီးပါး သည် နမ္မတူမြို့နယ်မှ ကုန်းကယားကျေးရွာ နှင့် ဆင်လီကျေးရွာတို့ မှ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာကြောင်း သတင်းသိရသည်။

၃၂။ အစည်းအဝေး လုပ်မည်ဟုဆိုကာ ခေါ်ယူခြင်းခံခဲ့ရသည့် ဘူးသီတောင်က ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးကို မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြင့် အမှုဖွင့်
October 4, 2022
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦးကို စစ်ကောင်စီက စက်တင်ဘာလ ၃ ရက်နေ့ ကတည်းက ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို မတရားအသင်းဆက်သွယ်ပုဒ်မ ၁၇(၁)နှင့် အမှုဖွင့်ထားသည်ဟု မိသားစုဝင်များက ပြော သည်။ ဖမ်းဆီးခံထားရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးမှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှ နှင့် မီးကျောင်းစျေး ကျေးရွာအုပ်ချုပ်ရးမှူး အာမိန်းဟူးဆောင်တို့ ဖြစ်ကြပြီး စက်တင်ဘာလ ၃ ရက်နေ့က ဘူးသီးတောင် ဗျူဟာမှာ အစည်းအဝေးရှိသည်ဟုဆိုကာ ခေါ်ယူပြီး ဖမ်းဆီးခံလိုက် ရခြင်းဖြစ်သည်။ မိသားစုဝင်တစ်ဦး” စက်တင်ဘာ ၃၀ ရက်နေ့က သူတို့နှစ်ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှာ ရမန်ယူခဲ့ပြီး အောက်တိုဘာ ၁၄ ရက်နေ့ကို ထပ်ချိန်းဆိုထားပါတယ်။ အမှုဖွင့်ထားတာကတော့ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားတယ်။ စက်တင်ဘာ ၂၉ ရက်နေ့က နယ်ခြားစောင့်ရဲတပ်ရင်း ၁၃ ကို ညနေပိုင်းက လွဲလိုက်တယ်။ စစ်ကြော့ရေးမှာ နှိပ်စက်ခံခဲ့ရတာတွေကြောင့် ခန္ဓာကိုယ်တွေ နာကျင်နေပြီးတော့ ဆေးဝါးတွေ ပို့ပေးနေရတယ်။ တရားလိုကတော့ စစ်တပ်ကပါ ဘူးသီးတောင် ဗျူးဟာကနေ အမှုတွဲကို တစ်ခါတည်းလုပ်ပြီးတော့ ရဲလက်ထဲကို အပ်လိုက်တာဖြစ်တယ်” ဟု Western News ကိုပြောဆိုထားကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး နှစ်ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်သွယ်ထားသည်ဟုဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မများနှင့် တရားစွဲဆိုလိုက်တာဖြစ်သည်ဟု ကျေးရွာသားများကပြောသည်။ စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့ သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ နန်းရာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပြင်ရှည်ကျေးရွာ အုပ်ချုပ်ရေး၊ စံညှင်းဝေ ကျေးရွာအုပ်ချုပ် ရေးမှူး၊ တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ လောင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ငကျိုက်တောင် ကျေးရွာအုပ်ချူပ် ရေးမှူး၊ မီးကျောင်းဂေါင်းစွဲ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပဒနာကျေးရွာအုပ်ချုပ်ရေးမှူး၊ အင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ သရက်ကင်းမနူးကျေးရွာအုပ်ချုပ်ရေးမှူး၊ မီးကျောင်းစျေးကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ဓားပိုင်ဆရာကျေးရွာကအုပ်ချုပ် ရေးမှူးတို့ ဖြစ်သည်။ ” အစည်းအဝေး ဆိုပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ဖမ်းဆီးသွားတာဆိုတော့ ကျွန်တော်တို့ အတွက် တော်တော်လည်းကို စိုးရိမ်စရာတွေ ဖြစ်လာတယ်။ ဒီဖက်မှာက အုပ်ချုပ်ရေးက နှစ်ဖက်လို ဖြစ်နေတော့ ကျွန်တော်တို့ အုပ်ချုပ် ရေးမှူးတွေက တော်တော်လည်းကို အနေကျပ်ကြတယ်။ ဘယ်ဖက်ခေါ်ခေါ် ကျွန်တော်တို့မှာ သွားလာကြရတယ်။ အခုလည်း အဲဒီဟာတွေကို အကြောင်းပြပြီးတော့ ဖမ်းဆီးတရားစွဲလိုက်တာ”ဟုပြောသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။