• Today is: Thursday, March 28, 2024

စစ်ကောင်စီတပ်ကို ပြန်လည် ရင်ဆိုင်တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော် AA

စစ်ကောင်စီတပ်ကို ပြန်လည် ရင်ဆိုင်တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော် AA

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၉

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု မဖြစ်ခင်လက်မတင်လေးမှာတင် ရခိုင်နဲ့ အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူထားပေမဲ့ လက်ရှိမှာတော့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။ အာဏာမသိမ်းခင်ကာလက ရခိုင်ပြည်နယ်အတွင်းပဋိပက္ခတွေကို ဒေသတွင်းအရေးလို့ မြင်ခဲ့ကြပေမဲ့ လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်တွင်းတိုက်ပွဲတွေကို ဒေသတွင်းအရေးထက် ကျော်လွန်ပြီး စစ်အာဏာရှင်စနစ်ဖြုတ်ကျရေးအတွက် တိုက်ခိုက်နေကြတဲ့ ပြည်တွင်းစစ်ရဲ့  အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ရခိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ နွေဦးတော်လှန်ရေးရဲ့ ကြမ္မာကို အပြောင်းအလဲ ဖြစ်စေနိုင်တာကြောင့် သေချာစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် ရေတပ်၊ လေတပ်တွေကိုပါ သုံးပြီး သာလွန်အင်အားနဲ့ တိုက်ခိုက်နေပေမဲ့ ရက္ခိုင့်တပ်တော် (AA)  ဘက်ကတော့ ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်နိုင်ရုံသာမက နယ်မြေစိုးမိုးအုပ်ချုပ်နိုင်မှုအပိုင်းမှာပါ ပိုမို အားသာလာပါတယ်။ မြန်မာ့အရှေ့ပိုင်းဒေသတွေမှာလည်း PDF တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် စစ်အာဏာရှင်တွေအနေနဲ့ တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့ တပတ်တကုတ် ကြိုးပမ်းနေရဆဲပင် ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ တနိုင်ငံလုံးတွန်းလှန်နေကြတဲ့နွေဦးတော်လှန်ရေးကြီးထဲကို ဝင်ပါလာတာဟာ စစ်တပ်အတွက် အလွန်တရာ စိုးရိမ်စရာ ဖြစ်လာတာကြောင့် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တင်းမာမှုတွေ အဆမတန် မြင့်တက်ခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို စစ်သင်တန်းတွေ ပေး၊ စစ်လက်နက်နည်းပညာတွေ ထောက်ပံ့စတာတွေ ပြုလုပ်ပေးခဲ့သလို၊ NUG ကိုလည်း သွယ်ဝိုက်ပြီး ပုံစံမျိုးစုံနဲ့ ထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လမှာ စစ်တပ်က ဖိတ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရက္ခိုင့်တပ်တော် (AA) က ငြင်းပယ်လိုက်ရာကစပြီး ရခိုင့်မြေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီ ဒုက္ကဌက ဇွန်လ ၁၃ ရက်နေ့မှာ ရခိုင်ကို အလည်အပတ် ရောက်ရှိခဲ့ပြီး “ အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ထားရန်” စစ်သားတွေကို အမိန့်ပေးခဲ့ပါတယ်။ ချက်ချင်းဆိုသလို မြောက်ဦး၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဍာတောင် ဒေသတွေမှာ စစ်တပ်ဘက်က စစ်ဆေးရေးဂိတ်တွေ အမြောက်အမြား ဖွင့်ပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ဆက်စပ်မှု ရှိသူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

ဇူလိုင်လထဲမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရှိ AA အခြေစိုက်စခန်းတစ်ခုကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် AA စစ်သား ၆ ဦးထက်မနည်း သေဆုံးကာ အမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့ပြင် စစ်အထည်အလိပ်စက်ရုံနဲ့ ဆေးပေးခန်းတစ်ခု ပါ ပျက်စီးခဲ့ရပါတယ်။ ဆယ့်နှစ်ရက်အကြာမှာ AA ဘက်က မောင်းတောရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိ တုံံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ စစ်သား ၁၄ ယောက်ကိုလည်း စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ချင်းနယ်စပ် ပလက်ဝအပါအဝင် ရခိုင်တစ်ခုလုံးမှာ စစ်မီးတောက်လောင်ခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတွေရဲ့ စစ်ဆေးရေးဂိတ်တွေ၊ စခန်းတွေနဲ့ ကင်းကင်းကွာကွာ နေဖို့  အိမ်ထဲမှာသာ လုံခြုံရေးကရုစိုက်ပြီးနေဖို့နဲ့ ခရီးသွားဖို့ လိုအပ်ပါက AA နဲ့ ULA ကို အကြောင်းကြားဖို့ ဩဂုတ်လ ၂၃ ရက်နေ့မှာ AA ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ပြင် ရေကြောင်း၊ ကုန်းကြောင်းအသုံးပြုသွားလာနေတဲ့ ယာဉ်အားလုံးစစ်ဆေးမယ်လို့ စက်တင်ဘာ ၁၄ ရက်နေ့မှာ AA က ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။ စစ်တပ်ဘက်ကလည်း ရခိုင်အနောက်မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ ဂိတ်ဖွင့်ပြီး ရေလမ်း၊ ကုန်းလမ်း အဝင်အထွက်တွေကို ပိတ်ဆို့ထားပါတယ်။

၂၀၁၈ – ၂၀၂၀ ကာလကြားမှာ စစ်တပ်နဲ့ ရခိုင်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမဲ့ လက်ရှိ အသက်ပြန်ဝင်လက်တဲ့ စစ်တပ်နဲ့ ရခိုင်ကြားက တိုက်ပွဲတွေဟာ စစ်ရေးပန်းတိုင်၊ နိုင်ငံရေးပန်းတိုင် တဆင့်ပိုမြင့်လာပါတယ်။ လက်ရှိရခိုင်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အရင်ကထက် ရက်စက်ကြမ်းကြုတ်မှုတွေ အဖျက်ဆီးခံရမှုတွေ ပိုမိုတွေ့ကြုံခဲ့ရပါတယ်။ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေသလို မြို့ရွာတွေကို မီးရှို့ သတ်ဖြတ်၊ လူသားဒိုင်းလုပ်တာတွေပါ တွေ့ကြုံနေရပါတယ်။

အာဏာသိမ်းမှုကြီးမဖြစ်ပွားခင်ကာလက စစ်တပ်ရဲ့ ရခိုင်အပေါ်အကြမ်းဖက်မှုကို လက်ရှိ ထောင်ချအမှုစစ်ဆေးခံနေရသော အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကာကွယ်ပေးခဲ့ပြီး AA ကို နိုင်ငံတော်ရဲ့ ဒီမိုကရေစီဖြစ်စဉ်ကို ဖျက်ဆီးသူ နိုင်ငံတော်မတည်ငြိမ်အောင် ပဋိပက္ခ ဖန်တီးသူလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

လက်ရှိရခိုင်တိုက်ပွဲဟာ အခြားဒေသတွေထက် ပိုမိုထူးခြားတဲ့အချက်တစ်ခုကတော့ ရခိုင်တွေရဲ့ ရက္ခိတလမ်းစဉ်နဲ့အညီ ကွန်ဖက်ဒရေးရှင်းနိုင်ငံတော်ကြီးဖြစ်အောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။  ၂၀၁၈ ခုနှစ် ၂၀၂၀ ပြည့်နှစ်အထိ ရခိုင်ပြည်ကြီးဟာ ၁၈ လအကြာ အင်တာနက် ဖြတ်တောက်ခံခဲ့ရပြီး အလွန်ဆိုးရွားတဲ့ အမှောင်ထုကြီးရောက်ခဲ့ရပါတယ်။ စစ်တပ်က အာဏာမသိမ်းမှီ အချိန်တိုထဲမှာပင် စစ်တပ်က တရားမဝင် အပစ်အခတ်ရပ်စဲရေးကြေညာခဲ့ပြီး အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးခဲ့သလို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်ထဲမှာလည်း အာရကန်အမျိုးသားပါတီခေါင်းဆောင်တစ်ယောက်ကို အုပ်ချုပ်ရေးနေရာတစ်နေရာ ပေးခဲ့ပါတယ်။ ဒါ့ပြင် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နဲ့ ရခိုင်အမျိုးသားစာရေးဆရာ ဝေဟန်အောင်ကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်တပ်က လွတ်ပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာလည်း AA စစ်ဦးစီးချုပ်ရဲ့ မိသားစုဝင်တွေကို လွတ်ပေးခဲ့ပြန်ပါတယ်။

စစ်တပ်ရော AA ဘက်ကပါ အပစ်အခတ်ရပ်စဲရေးစာချုပ် အဆုံးသတ်သွားပြီလို့ ထုတ်ပြန်ပြောဆိုခြင်းမရှိပေမဲ့ ရခိုင်အပါအဝင် နိုင်ငံအနှံ့အပြားမှာ စစ်ပွဲတွေ ပြန်စနေပါတယ်။ လက်ရှိအခြေအနေမှာတော့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့ ထိစပ်နေတဲ့ ဒေသနဲ့ ကုလားတန်မြစ်အထက်ပိုင်းဒေသတွေမှာ စစ်ပွဲတွေ ပြင်းထန်နေပါတယ်။ ရက်ပေါင်း ၄၅ ရက်အတွင်းစစ်ကောင်စီဘက်မှ သေဆုံးစစ်သား အယောက် ၆၀ နဲ့ စစ်စခန်း ၃၅ ခုကို ထိန်းသိမ်းနိုင်ခဲ့သလို လက်နက်ခဲယမ်းအမြောက်အမြားရရှိခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ မြောက်ဦး၊ မြေပုံ၊ တောင်ကုတ်စတဲ့ဒေသတွေများလည်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို တရက်တခြား တိုက်ပွဲစိတ်ပြီး ပိုမို ပြင်းထန်လာပါတယ်။ ULA နဲ့ AA ခေါင်းဆောင်တွေကတော့ ကွန်ဖက်ဒရက် အာရက္ခ ပြည်ရရှိဖို့အတွက် စစ်တပ်နဲ့ ညှိနှိုင်းဆွေးနွေးရုံနဲ့ မရနိုင်ဘဲ တိုက်ခိုက်ပြီးတည်ဆောက်ရမယ်လို့ ယုံကြည်ထားပါတယ်။

ရခိုင်ပြည်မှာ အခုလို စစ်မီးပြန်တောက်လာတာဟာ နွေဦးတော်လှန်ရေးအတွက် နိုင်ငံရေး၊ စစ်ရေးအရ အကျိုးများကြောင်း သုံးသပ်ကြပါတယ်။ တနိုင်ငံလုံး စစ်တပ်ကို တော်လှန်နေချိန်မှာ AA အနေနဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ခြင်းဟာ ရခိုင်တို့လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိနိုင်တဲ့အချိန်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ AA ဟာ စည်းကမ်းပိုင်းအရသော်လည်းကောင်း၊ စစ်ရေးအတွေ့အကြုံအရသော်လည်းကောင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ဘာသာပြန် – ကံ့ကော်ဖြူ (ဖက်ဒရယ်ဂျာနယ် မြန်မာ)

(United States Instituted Of Peace Website စာမျက်နှာမှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် ကျော်ဆန်းလှိုင်ရဲ့ Insurgents in Myanmar’s Rakhine State Return to War on the Military ကို ဆီလျော်အောင် ရေးသားထားပါတယ်။)