• Today is: Friday, March 29, 2024

စစ်ကောင်စီက နှစ်ပေါင်း ၆၀ ကျော် ကိုင်စွဲထားတဲ့နိုင်ငံရေး အာဏာကို စွန့်ခွာဖို့ အချိန်ရောက်နေပြီလို့ KIO ဥက္ကဌပြော

ဓါတ်ပုံ – Getty (KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တွေ့ရစဉ်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၇

စစ်ကောင်စီက နှစ်ပေါင်း ၆၀ ကျော် ကိုင်စွဲထားတဲ့နိုင်ငံရေး အာဏာကို စွန့်ခွာဖို့ အချိန်ရောက်နေပြီလို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြီးခဲ့တဲ့ KIO (၆၂)နှစ် ပြည့် မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။

စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒကို ကိုင်စွဲထားတဲ့ စစ်ကောင်စီကို အမြစ်ပြတ် အောင် လုပ်ဆောင်ဖို့ နွေဦးတော်လှန်ရေးနှင့်တူ မြန်မာပြည်သူများ၊ တိုင်းရင်းသားညီကိုမောင်နှမများ စည်းလုံးအားကောင်းစွာ ဖြင့် အားလုံး ပူးပေါင်း တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားထားပါတယ်။

အလားတူ ကေအိုင်အိုအပါအဝင်၊ တိုင်းရင်းသားအင်အားစုများဟာ နှစ်ပေါင်းများစွာ မြန်မာ့နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြစ် ဖြေရှင်း နိုင်ဖို့အတွက် အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီး ဖြစ်သလို အောင်မြင်မှုတချို့ရခဲ့ပေမယ့် မအောင်မြင်မှုက ပိုများခဲ့တာ ဖြစ်တယ်လို့ ဆက်လက် ထောက်ပြ ထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာကျင့်စဉ်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြစ် ဖြေရှင်းရေးဆိုတာကို အချိန်အတိုင်းအတာတခုထိ အတွေ့အကြုံနဲ့ ဖြတ်ကျော်ခဲ့ပြီးဖြစ်လို့ လက်ရှိနွေဦးတော်လှန်ရေးဖြစ်စဉ် ဒီကြားကာလမှာတော့ နောက်ထပ် နိုင်ငံရေး ဆွေးနွေးပွဲကို အရင်က အတွေ့အကြုံလို ထပ်စောင့်နေ မယ်ဆိုရင်တော့ ဆုံးရှုံးမှုတွေ ပိုကြီးလာနိုင်မှာဖြစ်ပါတယ်လို့ ပြောကြားထားတာပါ။

ဒါ့ကြောင့် တဖက်က နွေဦးတော်လှန်ရေးနှင့်အတူ ပြည်ထောင်စုအကျိုး၊ လူမျိုးစုများရဲ့ နိုင်ငံရေး အခွင့် အရေး အခိုင်အမာ ရရှိဖို့အတွက် အဲဒီအခြေအနေကို ထပ်မစောင့်တော့ဘဲ ဘက်ပေါင်းစုံကနေ ပြင်ဆင် အကောင်အထည်ဖော်ဖို့ အချိန်ကျရောက် နေပြီဖြစ်တယ်လို့ ဆိုထားပါတယ်၊ ဒါပေမယ့် ဘယ်လောက် ထိ ပြင်ဆင်ထားနိုင်ပြီလဲဆိုတာကတော့ အခရာကျနေတယ်လို့ သူရဲ့ မိန့်ခွန်းမှာ မေးခွန်းထုတ် တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် ကေအိုင်အိုဗဟို ကော်မတီဟာ နိုင်ငံရေးအရွေ့တစ်ခုသို့ ဖော်ဆောင်သွားတော့မှာ ဖြစ်လို့ အဲဒီ နိုင်ငံရေးအရွေ့ ဖော်ဆောင်မှု အခန်းကဏ္ဍတွေမှာ ကေအိုင်အို ပါတီဝင်များ၊ ကေအိုင်အို ဝန်ထမ်းများနှင့် ပြည်သူများ အားလုံး အားသွန်ခွန်စိုက် ပါဝင်သွားကြဖို့ အထူးတိုက်တွန်းထားတာ တွေ့ရပါတယ်။

ကေအိုင်အိုဟာ နှစ်ပေါင်းများစွာ စစ်ရေးနှင့် နိုင်ငံရေး ပြင်းထန်တဲ့ မုန်တိုင်းကြီးတွေလို အခက်အခဲများကို ဖြတ်ကျော်နိုင်ခဲ့တာဖြစ်လို့ ကမ္ဘာ့နိုင်ငံရေး၊ ပြည်တွင်းနိုင်ငံရေး ဂယက်မည်သို့ပင် ကြီးစေကာမူ ကေအိုင် အို၏ မူလနိုင်ငံရေးလမ်းစဉ်နှင့် သွေဖယ်သွားခြင်းမရှိဘဲ ခိုင်ခိုင်မာမာ ရပ်တည်ကာ ဆက်လက် ဦးဆောင် သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။