• Today is: Thursday, April 18, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 79, October 28, 2022)

 

၁။ စစ်ကောင်စီ၏ ကွီလုံတိုင်စစ်စခန်းကို KNLA သိမ်းပိုက်၊ စစ်သုံ့ပန်း ၁၇ ဦး ဖမ်းမိပြီး လက်နက် ၄၀ ကျော် သိမ်းဆည်းခဲ့
October 27, 2022
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကွီလုံတိုင်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း-၁၈ ပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၇ ဦး အရှင်ဖမ်းမိကာ လက်နက်အလက်ပေါင်း ၄၀ ကျော် သိမ်းဆည်းခဲ့သည်ဟု KNLA က ပြောသည်။ အောက်တိုဘာလ ၂၅ ရက် ညနေမှစတင်ကာ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ -၅၆၁ ထိုင်သည့် ကွီလုံတန် စခန်းအား စတင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA တပ်မှူး တစ်ဦးက ယခုလို ပြောသည်။ “မနေ့ညနေလောက်မှာစတက်တယ်၊ ဒီနေ့မနက်မှာတော့ စစ်ကောင်စီတွေ လက်နက်ချ အဖမ်းခံ ပြီး စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်။ ၂ ဦးသေဆုံးတယ်၊ ၁၇ ဦးကျော်အဖမ်းခံတယ်၊ လက်နက်က ၄၀ ကျော်သိမ်းဆည်းရမိတယ်လို့ သတင်းရတယ်”ဟု ၎င်း KNLA တပ်မှူးက ပြောသည်။

ကွီလုံတန် စခန်းသိမ်းပိုက်ပြီးနောက် နံနက် ၁၀ ကျော်တွင် စစ်ကောင်စီတပ်မှ စခန်းအနီးအနားတဝိုက်ကို လေယာဉ်ဖြင့် ၂ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သလို ကြာအင်းဆိပ်ကြီးမြို့အဝင် အထွက် နေရာများတွင်လည်း စစ်အင်အား တိုးချဲ့မှုလုပ်ဆောင်လာကြောင်း ဒေသခံရွာသားများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ရက်နေ့တွင်လည်း KNU တပ်မဟာ ၆ နယ်မြေ၊ နို့တကောမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်)သို့ စစ်ကြောင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီ ခြေမြန် တပ်ရင်း-ခမရ ၃၅၈ အား KNLA တပ်ရင်း ၁၇ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦး အရှင်ဖမ်းဆီးခံရသေးသည်။

၂။ ဖယ်ခုံတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရ ၁ ဦး စိုးရိမ်ရ
October 27, 20220
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်ကန်းကျေးရွာအတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး PDF တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက် ဒဏ်ရာရရှိကာ (၁) ဦး စိုးရိမ်ရကြောင်းသိရှိရသည်။ အောက်တိုဘာ (၂၆) ရက် မနက် (၉) နာရီမှ စတင်ပြီး စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားသဖြင့် PDF တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၁) ဦးမှာ မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာရကာ စိုးရိမ်ရကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ တာဝန်ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ကျနော်တို့ ထဲက (၆) ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်။ ၁ ယောက်ကတော့ ဒဏ်ရာပြင်းထန် တယ်။ သူက မျက်လုံး တစ်ဖက်ဆုံးရှုံးသွားတယ်။ ကျန်တဲ့သူတော့ အရမ်းမစိုးရိမ်ရဘူး။ သူတို့ဘက်က စစ်ကြောင်းထိုးစစ်ဆင် လာပြီး တိုက်ပွဲစဖြစ်ခဲ့တာ။ စကစ တွေဘက်က လက်နက်ကြီးတွေနဲ့ အသုံးပြုတာ” ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ တိုက်ပွဲတွင် ဖယ်ခုံ PDF တပ်ရင်း ၊ KNDF BO – 2၊ KNDF BO -3၊ မြို့ပြတိုက်ခိုက်ရေးအဖွဲ့၊ အလယ်ပိုင်းတိုင်း နှင့် နေပြည်တော် ပကဖ အဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ဒီနေ့လည်း စစ်ရေးတင်းမာမှု ရှိနေသေးတယ်။ ကျနော်တို့ အတွက်က အခု ကျည်ဆံ အခက်ခဲ ဖြစ်နေတယ်။ကျည်ဆံ လုံလောက်မှုမရှိဘူး” ဟု ဖယ်ခုံ တပ်ရင်း (၂) မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ ဆောင်ကန်း ကျေးရွာသည် သျှမ်း – ကယားနယ်စပ်တွင် တည်ရှိပြီး လက်ရှိ အချိန်ထိ စစ်ရေးတင်းမာ နေလျက်ရှိကြောင်း သိရသည်။

၃။ မိုးမောက် စစ်ဘေးရှောင် ၆၀၀ ခန့် အရေးပေါ် အကူညီလိုအပ်
October 27, 20220
ကချင်ပြည်နယ် မိုးမောက်မြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် (၆၀၀) ဝန်းကျင် အရေးပေါ် အကူအညီ လိုအပ်နေ ကြောင်း သိရှိရသည်။ ထို စစ်ရှောင်များသည် မိုးမောက်မြို့နယ် လုံဂျာကျေးရွာ နှင့် နောင်ပေါင်း ကျေးရွာမှ ဒေသခံများ ဖြစ်ကြပြီး ရှမ်းမေ့ရောင်ခြည် ဘုန်းကြီးကျောင်း နှင့် လောကမာရစိန် ဘုန်းကြီးကျောင်းသို့ အောက်တိုဘာ (၂၁) ရက်နေ့က စစ်ဘေးတိမ်း ရှောင်လာခဲ့ကြောင်း မိုးမောက်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌကပြောသည်။ “အခု လက်ရှိမှာက ကျနော်တို့ စစ်ဘေးရှောင် တွေအတွက် အစားအသောက်တွေ အရေးပေါ်လိုအပ်နေပါတယ်။ ဒီမှာက အသက်ကြီးတဲ့ သူတွေလည်းများတယ်။ ကလေး တွေလည်းများတယ်။ အစားအသောက်က လုံလောက်မှု မရှိထားဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်တွင် မိုးမောက်မြို့နယ် လုံဂျာတောင်ဝန်းကျင်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ် ရေး တပ်မတော် KIA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ပြောပြ ချက်အရသိရသည်။

လက်ရှိ အချိန်ထိလည်း စစ်ကောင်စီ နှင့် KIA တို့ စစ်ရေးတင်းမာလျက်ရှိပြီး အောက်တိုဘာ ၂၆ ရက် ည ၁၀ နာရီ မှ စပြီး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အဆိုပါ နောင်ပေါင်ကျေးရွာ ဒေသခံများသည် ရှမ်းမေ့ရောင်ခြည်ကျောင်းသို့ စစ်ဘေးရှောင်လာရာတွင် ၃ ရက် ရှိပြီး လုံဂျာကျေးရွာဒေသခံများက လောကမာရစိန် ဘုန်းတော်ကြီးကျောင်းတွင် ၆ ရက် ရောက်ရှိပြီး ခိုလုံနေကြောင်း သိရသည်။

၄။ စစ်ကောင်စီကို လူမှုကွန်ရက်ပေါ် ဝေဖန်ရေးသားထားသည့် CDM ကျောင်းဆရာမ ဖမ်းဆီးခံရ
October 27, 2022
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုတွင် နေထိုင်သည့် CDM ကျောင်းဆရာမ တစ်ဦးသည် သူမ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် စစ်ကောင်စီကို ဝေဖန် ရေးသားထားသည့်အတွက် နေအိမ်၌ လာရောက် ဖမ်းဆီးသွား ကြောင်း သိရှိရသည်။ အဆိုပါ CDM ကျောင်းဆရာမသည် မယ်ယန်းကျေးရွာတွင် နေထိုင်ပြီး သူမ၏ လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ “ဝင်ငွေမရှိပါဘူးဆို ဖုန်းကပျက်သေး ငိုးမ မအလ” ဟု ရေးသားဖော်ပြထားမှုကြောင့် အောက်တိုဘာ (၂၃) ရက်နေ့ ညပိုင်း အချိန်တွင် CDM ဆရာမ နေအိမ်၌ သူမ နှင့် အမျိုးသား ကိုပါ စစ်ကောင်စီလက်အောက်ခံ ရဲများက လာရောက် ဖမ်းဆီးသွား ကြောင်း ဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။ “လာဖမ်းတုန်းက မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ ညပိုင်းမှောင်တဲ့ အချိန် ဆရာမနေတဲ့အိမ်မှာ လာဖမ်းသွားတာ။ ရဲတပ်ဖွဲ့တွေက လာဖမ်းသွားတယ်လို့ပြောတယ်။ လူအင်အား ဘယ်လောက် နဲ့ လာဖမ်းသွားလဲ ဆိုတာတော့ မသိထားရဘူး။ သူပိုစ့်တင်တုန်းက သူ့ယောကျာ်းပါ တွဲထားတော့ သူ့ယောကျာ်း ကိုဇော်မင်းဦး လည်း ဖမ်းသွားတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

CDM ကျောင်းဆရာမ ဖြစ်သူ ဒေါ်ခင်လတ်လတ်ထွေး နှင့် အမျိုးသား ဖြစ်သူ ကိုဇော်မင်းဦး တို့ နှစ်ဦးကို အောက်တိုဘာ (၂၅) ရက်နေ့က တာချီလိတ်မြို့ ဟောင်လိတ် ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၅၀၅-က) ဖြင့် အမှုဖွင့် ဖမ်းဆီးထား ကြောင်း နီးစပ်သူ အသိုင်းအဝိုင်း မှ  သိရှိရသည်။ “အရင်တုန်းကတော့ ကျနော်တို့ ကျောင်းမှာ စာသင်ပေးတာ။ စစ်အာဏာ သိမ်းပြီး နောက်ပိုင်းမှ ဆရာမက CDM ဝင်သွားတယ်။ အခုသူတို့ မိသားစုတွေက ကျနော်တို့ရွာမှာ အခန်းဌားပြီး နေနေတာ။ အခုဖမ်းခံရတော့ သတင်းပေးတဲ့သူတွေကြောင့်ဘဲ၊ ရဲတွေက သတင်းအချက်လက်ရပြီး လာဖမ်းတာ။ ဆရာမက ဘာအပြစ်မှ မလုပ်ထားပါဘူး“ဟု မန်ယန်းကျေးရွာဒေသခံ လူငယ်တစ်ဦးက ပြောသည်။ ဆရာမ ဒေါ်ခင်လတ်လတ်ထွေး သည် မယ်ယန်း ခ ၏ကျေးရွာ အ.ထ.က အထက်တန်းကျောင်းတွင် ပညာသင်ကြားပေးနေသော အလယ်တန်း ကျောင်း ဆရာမတစ်ဦး ဖြစ်ကြောင်း သိရသည်။

၅။ ကရင်ဒုက္ခသည် လေးသိန်းနီးပါးအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်း အရေးပေါ်လိုအပ်
October 27, 2022
ကရင်ဒုက္ခသည် လေးသိန်းနီးပါးအတွက် အစားအစာထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၁၇ သန်း အရေးပေါ်လိုအပ်နေ တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လူထုအခြေပြုအဖွဲ့အစည်း CBO က ဒီနေ့ အစီရင်ခံစာတစ်စောင် ထုတ်လိုက်ပါတယ်။ ကရင် ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဆိုတော့ ဒုက္ခသည်အရေအတွက်က တိုးလာတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတာလို့ ကရင်အမျိုးသမီး အစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်ကညောဖောက ပြောပါတယ်။ “ဒီ လိုအပ်တဲ့ ဒေါ်လာ ၁၇ သန်းဆိုတာ ဒုက္ခသည်တစ်ယောက်ကို အများဆုံး သုံးလစာ ထောက်ပံ့နိုင်ဖို့ပဲ တွက်ချက်ထားတဲ့ပမာဏပါ” စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ညောင်လေးပင်ခရိုင်နဲ့ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းနိုင်ငံ အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းတွေက အစားအသောက်တွေ အဓိက ကူညီထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ကနေ အခြေခံစားနပ်ရိက္ခာတွေ ပို့ဆောင်ဖို့ အခက်အခဲဖြစ်တဲ့ နေရာတွေအတွက် ငွေကြေးကို အဓိကထား ထောက်ပံ့ခဲ့တာလို့လည်း ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ လပေါင်း ၂၀ အတွင်း ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ နှစ်ခုမှာ တိုက်ပွဲပေါင်း ခုနစ်ထောင်နီးပါး ဖြစ်ပွားခဲ့တယ်လို့ KNU က ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ အာဏာမသိမ်း ခင် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်ရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်သန်းနဲ့ လေးသိန်း အထိ ရှိလာတယ် လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာလ ၂၆ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။

၆။ ဆယ်ဇင်းတွင် စစ်ကောင်စီ တပ်စခန်းနေရာချရန် ဒေသခံပြည်သူများကို အတင်းအဓမ္မဖယ်ရှားခိုင်း
October 27, 2022
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ ဘုရားငါးဆူနေရာတွင် စစ်ကောင်စီတပ်မှ တပ်စခန်းနေရာအသစ်ဆောက်လုပ်ကာ တပ်စွဲနေထိုင်နေသည့်အတွက် ဒေသခံ အိမ်ခြေ ၃၀ ဝန်းကျင်ခန့်ကို အတင်းအဓမ္မဖယ်ရှားခိုင်းခဲ့ကြောင်းသိရသည်။ ဘုရားငါးဆူ အနီးတဝိုက်တွင် လက်လုပ်စား စိုက်ပျိုးခြံ လုပ်ကိုင်သူများ နေထိုင်သည့် နေရာတစ်ခုဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့ ထိုနေရာတွင် ရှိနေသည့် ပြည်သူများကို ဖယ်ရှားပေးရန် လာရောက်သတိပေးပြောဆိုခဲ့သည်ဟု ဘုရားငါးဆူအနီးတွင် နေထိုင် သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “ဘာလို့ဖယ်ရှားခိုင်းနေလဲတော့ သေချာမသိရဘူး ၄၊ ၅ ရက်လောက်ရှိပြီ ဟုတ်တယ်။ အဲ့မှာ လူများများစားစားတော့မနေဘူး ခြံလုပ်တဲ့သူတွေနဲ့ ဝက်မွေးတဲ့ဘာမွေးတဲ့သူတွေပဲရှိကြတယ်။ စစ်တပ်က သတိပေးတော့ ကြောက်လို့ အားလုံး ထွက်ပြေးကုန်ပြီ”ဟုပြောဆိုသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဩဂုတ်လ ၉ ရက်နေ့ ဆယ်ဇင်း ကျေးရွာကို လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်း လက်ရှိအချိန်အထိ တပ်စွဲနေထိုင်လျက်ရှိနေရာ ဘုရားငါးဆူနေရာတွင်လည်း တပ်စခန်းအသစ်တစ်ခုဆောက်လုပ်ထားသည်ဟု သိရသည်။

“အခုက ရွာထဲမှာကော ငါးဆူဘုရားနားမှာကော ကတုတ်ကျင်းတွေလုပ်ပြီး သံဆူးကြိုးတွေနဲ့ အကုန်ခတ်ထားပြီ အဲ့နေ ရာမှာ နေဖို့လုပ်နေကြတယ်”ဟု နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်မံပြောဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က ဖယ်ရှားရန် သတိပေးမှုကြောင်း ၎င်းနေရာတွင် နေထိုင်ကြသည့် အိမ်ခြေ ၃၀ ဝန်းကျင်ခန့် လုံးခင်းဟောင်းပါဘက် နီးစပ်ရာ ရွှေ့ပြောင်းနေကြပြီးဖြစ်သည်ဟုသိရသည်။ ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးပေးလိုက် ခြင်းကြောင့် ဆယ်ဇင်းကျေးရွာ လူနေအိမ် ၆၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ၂၀၀၀ ဝန်းကျင် သည် လုံးခင်း၊ ဟောင်ပါးနှင့်တာမခံ ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိနေသည်။

၇။ ရခိုင်က စာရေးဆရာ၊ နိုင်ငံရေးသမား ဦးကျော်သန်း(ခ)ဘိုးကျော်သန်းကို ကွယ်လွန်
October 27, 2022
ရခိုင်က စာရေးဆရာ၊ နိုင်ငံရေးသမား ဦးကျော်သန်း(ခ)ဘိုးကျော်သန်း အသက်(၈၈)နှစ်မှာ စစ်တွေမြို့၊ မြို့သူကြီး ရပ်ကွက် စစ်ကဲလမ်းရှိ နေအိမ်တွင် အောက်တိုဘာလ ၂၅ ရက်၊ ညနေ ၇ နာရီ ၄၀ မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ရုပ်အလောင်းကို (အောက်တိုဘာလ ၂၇ ရက်) နေ့လယ် ၂ နာရီခန့်တွင် စစ်တွေမြို့ သုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ ဦးကျော်သန်း ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းနှင့် စာပေအသိုင်းအဝိုင်းများက ကျန်ရစ်သူ မိသားစုဝင် များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြွေကွဲရကြောင်း သဝဏ်လွှာများ ပေးပို့ကြသည်။ ဦးကျော်သန်းသည် ရခိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းများကို ရေးသားပြုစုခဲ့သူတစ်ဦးဖြစ်သလို ၎င်း၏ ရှေ့နေလုပ်ငန်းဖြင့် ရခိုင်အမျိုးသား အကျိုးစီးပွားနှင့် ရခိုင်လူမျိုး များ၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည့်အတွက် ယခုကဲ့သို့ ကွယ်လွန်သွားခြင်းမှာ အစားထိုးမရ သည့် ဆုံးရှုံးမှု တစ်ရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ ဦးသာထွန်းလှကပြောသည်။

ယင်းအပြင် ဦးကျော်သန်းသည် မကွယ်လွန်မီအချိန်ထိ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီတွင် အတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိခဲ့ပြီး ရခိုင်တင်းခွန်မဂ္ဂဇင်းနှင့် ဒေသတွင်းမဂ္ဂဇင်းများတွင် ဘာသာပြန် ဆောင်းပါးများကို ရေးသားခဲ့ သည်။ ဦးကျော်သန်းကွယ်လွန်ခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ၎င်းရေးသားခဲ့သည့် ဘာသာပြန် ဆောင်းပါးများကို စုစည်းပြီး စာအုပ်(၃၀)ထုတ်ဝေကာ စျာပနအခမ်းအနားသို့ တက်ရောက်သူများအား လက်ဆောင်ပေးခဲ့သည်ဟု ရခိုင်တင်းခွန် မဂ္ဂဇင်းမှ တာဝန်ခံစာတည်း မောင်ဗသိန်းကပြောသည်။ ဦးကျော်သန်းသည် ဘူးသီးတောင် ဇာတိဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို မြောက်ဦးမြို့ (အ.ထ.က)စာသင်ကျောင်းမှ အောင်မြင်ခဲ့ကြောင်း သိရသည်။ ၄င်းသည် ငယ်စဉ်ကတည်းက ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် တက်ကြွစွာ လုပ်ဆောင်လာသူတစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကာလ အလွန် တွင် တည်ထောင်ခဲ့သည့် ရခိုင်တိုင်းရင်းသားညီညွတ်ရေးပါတီတွင် အထွေထွေအတွင်းရေးမှူး တာဝန်ကိုထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

၈။ ကော့ကရိတ်မြို့တွင် လက်နက်ကြီးကျ၍ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
October 27, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်ရှိ တံတားဦးဗလီအနီးသို့ မွန်းလွဲ ၁၂ နာရီကျော်ဝန်း ကျင်က လက်နက်ကြီးကျရောက်မှုကြောင့် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးပြီး၊ ဒေသခံ ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုကြောင့် အမျိုးသား၂ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသူ ၂ ဦးကို မော်လမြိုင် ဆေးရုံသို့ ပို့ဆောင်ပေးကာ၊ တခြားသူ များကို ဘားအံဆေးရုံကို ပို့ဆောင်ပေးကြောင်း လူမှုကူ ညီရေးအသင်းမှ တာဝန်ရှိသူတဦး က ပြောသည်။ ကော့ကရိတ်မြို့ ဒေသခံတဦးက “ဒီနေ့ တိုက်ပွဲဖြစ်တဲ့နေရာက ကော့ကရိတ်အဝင်နားက ဖြစ်နေကျနေရာပဲ။ ခနိမ်းမူ ရပ်ကွက်နားမှာ။ အခု ပေါက်ကွဲမှုဖြစ်တဲ့ နေရာကနေဆို ကီလိုဝက်လောက် ဝေးတယ်။ ဘယ်ကနေ ဘယ်လိုလာလဲ မသိဘူး။ အသံ အကျယ်ကြီး ကြားရတာ မဟုတ်ဘူး။ ကျကွဲတဲ့ အသံပဲ ကြားရတယ်။ ဘယ်က ပစ်တယ်ဆိုတာကတော့ မသိကြ ဘူး” ဟု ဆိုသည်။

ကော့ကရိတ်မြို့၊ ခနိမ်းမူရပ်ကွက်၌ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တပ်တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး၊ ထိုသို့ ကော့ကရိတ်မြို့အနီးတဝိုက်နှင့် တိုက်ပွဲ များ ဖြစ်ပွားလာမှုကြောင့် ရွှေ့ပြောင်းနေထိုင်ကြသူများလည်း ရှိကြောင်း သိရသည်။ ကော့ကရိတ် လူမှုကူညီရေး အသင်းတခုမှ တာဝန်ရှိသူက “ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လူနေအိမ်တွေပေါ် ပေါက်ကွဲလို့ ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ အခုလည်း ပြောင်းရွှေ့ တာတချို့ရှိနေပေမယ့်လည်း တချို့အတွက် ကျတော့လည်း ပြောင်းရွှေ့ဖို့ ခက်လို့ ဒီအတိုင်းပဲ နေထိုင်နေကြတာတွေရှိပါတယ်။ အန္တရာယ်ရှိတဲ့ နေရာတွေ အနီးမှာ နေတဲ့သူတွေကတော့ ပြောင်းရွှေ့သင့်ပါတယ်” ဟု ပြော သည်။ ထို့ပြင် ကော့ကရိတ်မြို့ အတွင်း၌ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မပေါက်ကွဲသေးဘဲ ကျန်ရှိနေသေးသည့် လက်နက်ကြီး ကျည်များလည်းရှိနေပြီး လက်ရှိအချိန်ထိ ဖယ်ရှားခြင်းမျိုး မရှိသေးကြောင်း မြို့ခံများက ပြောဆိုသည်။

၉။ ဖားကန့် အစုပြုံလိုက် ဗုံးကျဲခံရခြင်းမှ လွတ်မြောက်လာသူများကို စစ်ကောင်စီက ထပ်မံရှာဖွေနေ
October 27, 2022
ဖားကန့်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများ ဆုတောင်းပွဲပြု လုပ်ရန် လုံခြုံရေးအရ စိုးရိမ်ရသည့်အပြင် လွတ်မြောက်လာသူများကိုလည်း ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေ သည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အလောင်းကို သယ်ယူခွင့်မရအောင် ဖားကန့် Ginsi ကျေးရွာအထွက်တွင် အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက ပိတ်ဆို့ထားပြီး လွတ်မြောက်လာသူများနှင့် ကူညီဆောင်ရွက်ပေးသူများကိုလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲ ဆိုမည်ဟု သိရကြောင်း ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးက ပြောသည်။ “အခုက သူတို့ တော်တော်တင်းကြပ် ထားတဲ့ပုံစံ ဖြစ်တယ်။ စစ်ကောင်စီတွေက ဒဏ်ရာရပြီး လွတ်လာတဲ့သူတွေကော ကူညီဆောင်ရွက်ပေးတဲ့သူတွေကိုပါ ၁၇(၁)နဲ့ ဖမ်းဆီးမယ် လို့လည်းပြောနေကြတယ်။ အဲ့ကြောင့် ပြည်သူတွေလည်း လုပ်ရကိုင်ရတာ တော်တော်ခက်ခဲသွားတယ်”ဟုပြောဆိုသည်။ ယခုလို စစ်ကောင်စီဘက်မှ ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုနေသည့်အတွက် သေဆုံးသွားသူများ၏ မိသားစုဝင်များက အောက်မေ့သတိရ ဆုတောင်းပွဲပြုလုပ်၍ မရသည့် အခြေအနေရှိနေသည်ဟု သူကဆက်ဆိုသည်။

လက်ရှိ ဒဏ်ရာရရှိသူများပိတ်ဆို့ခံထားရဆဲဖြစ်သောကြောင့် KIA တပ်မဟာ ၉ နယ်မြေတွင်သာ ဆေးဝါးကုသမှုများပြု လုပ်လျက်ရှိနေပြီး တစ်ချို့မှာ ဆေးကုသခံယူမှု နှောင့်နည်းသည့်အတွက် သွေးထွက်လွန်ကာ သေဆုံးမှုများရှိနေသည်။ ဗုံးကျဲ ခံရမှုကြောင့် သေဆုံးသူ ၆၀ ကျော်၏ ရုပ်အလောင်းများကို ဖားကန့် Ginsi ကျေးရွာအထက် ဘော်ဆာဒီးကျေးရွာ၏ ဥရုချောင်း တစ်ဖက်ကမ်းတွင် အောက်တိုဘာလ ၂၅ ၊၂၆ ရက်နေ့တို့တွင် မြေမြှုပ်သဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။ ဗုံးကျဲမှုအပြီး ဖားကန့် ဆေးရုံး ဆေးခန်းများတွင် စစ်ကောင်စီ စစ်သားများနှင့်ရဲများက ဒဏ်ရာပြင်းထန်သည့် လူများရှိမရှိ လိုက်လံစစ်ဆေးမှုများရှိ နေသည့်အတွက် မြို့တွင်း မြို့ပြင်နေရာများတွင်လည်း စစ်ဆေးရေးတင်းကြပ်ထားသည်ခြင်းသည်။

၁၀။ အခက်အခဲတွေကြား ရပ်တည်ရင်း အောက်တိုဘာလ ၂၇ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ KNDF တပ်ရင်း (၁၀)
October 27, 2022

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ တည်ရှိတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၁၀) ရဲ့ တစ်နှစ်ပြည့် အခမ်းအနားကို (အောက်တိုဘာလ ၂၇ ရက်နေ့)မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ တစ်နှစ်တာ ကာလအတော အတွင်းမှာဆိုရင် တိုက်ပွဲတွေမှာ ရဲဘော်တွေ အထိအခိုက်နည်းအောင် စီမံတာတွေ လုပ်ဆောင်နိုင်ခဲ့သလို လက်နက်ခဲယမ်းပိုင်း လိုအပ်ချက် အခက်ခဲတွေလည်း ရှိနေတယ်လို့ တပ်ရင်း (၁၀) တပ်ရင်းမှူး ခူးမီရယ်က ပြောပါတယ်။ “ ကျနော်တို့ လက်နက် တွေက မပြည့်စုံနိုင်ဘူးပေါ့နော။ ရှေ့တန်းထွက်တဲ့ခါမှာ အားနည်းတယ်။ လူခွဲလိုက်တဲ့အခါမှာ သေနတ်တွေ ပျောက်သွားတဲ့ ပုံစံမျိုးပေါ့နော။ အားမရဘူးပေါ့။ တော်လှန်နေတဲ့အချိန်မှာ ကျနော်တို့လက်နက်တွေ မပြည့်စုံတော့အားမရဘူး။ အဲ့ဒါတော့ အားနည်းချက်တစ်ခုပေါ့နော။ ပြီးတော့ တိုက်ပွဲဖော်တဲ့အခါမှာ ဥပမာ- တစ်ပွဲလောက် ကျနော်တို့ သွားလုပ်လိုက်ပြီဆိုရင် ကျနော်တို့ ကျည်တွေက ပြန်ပြန်ပြီးတော့ရှာရတယ်ပေါ့။ အလှူရှင်နားပြန်ရှာရတယ်။ ပြီးပြန်ဝယ်ရတယ်။ အဲ့လိုမျိုးတွေပေါ့နော။ လုံလုံလောက်လောက်မရှိဘူးပေါ့နော။ ဒါကကျနော်တို့အားနည်းချက်ပေါ့။ “ လို့ ခူမီရယ်ကပြောပါတယ်။

တပ်ရင်းတည်ထောင်ခဲ့တဲ့ တစ်နှစ်တာအတောအတွင်းမှာဆိုရင် ကျဆုံးသွားခဲ့ရတဲ့ ရဲဘော် ၃ဦး ရှိပြီး မိုင်းနင်းမိတဲ့ အတွက် ခြေပြတ်သွားခဲ့ရတဲ့ ရဲဘော် ၂ဦး ရှိတယ်လို့ သိရပါတယ်။ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေအတွက် လည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ သမိုင်းမှာ သူရဲကောင်းအဖြစ်ထင်ကျန်နေမှာ ဖြစ်တယ်လို့ အခမ်းအနားကို ပါဝင် တက်ရောက်ခဲ့တဲ့ KNDF အတွင်းရေးမှူး (၁) ကိုဒီးဒီ (ခ) စစ်မုန်း ကဆိုပါတယ်။ ဒါ့အပြင် လက်ရှိတော်လှန်ရေးမှာလည်း စစ်ရေး တစ်ခုတည်း မဟုတ်ပဲ ဘက်ပေါင်းစုံကနေ ကြိုးစားဖို့လိုကြောင်း ကိုဒီးဒီက တိုက်တွန်းထားပါတယ်။ တစ်နှစ်တာ ကာလ အတွင်း မှာဆိုရင် ပြည်သူလူထု၊ အလှူရှင်တွေရဲ့ ပံ့ပိုးမှုအားနဲ့ အဓိက ရပ်တည်နေကြရတာဖြစ်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ လည်း အဆုံးထိ ပူးပေါင်းပါဝင်ပေးကြဖို့ လည်း တောင်းဆိုထားပါတယ်။ တစ်နှစ်ပြည့် အခမ်းအနားကို KNDF တာဝန်ရှိသူများ၊ ပြည်သူလူထုများ၊ ကရင်နီတပ်မတော် ( KA ) မှ KA တပ်ဖွဲ့ဝင်များ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) မှ တာဝန်ရှိသူ များ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) မှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပါတယ်။ ကရင်နီအမျိုးသားသား များကာကွယ်ရေးတပ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး လက်ရှိမှာ တပ်ရင်း ၂၀ အထိရှိနေပါတယ်။

၁၁။ ဗန်းမော်တွင် KIA တက်လာသည်ဟု လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
October 27, 2022
ကချင်ပြည်နယ် ဗန်းမော်တွင် KIA စစ်သားများတက်လာသည်ဟု ပြောဆိုကာ ဗန်းမော် ၄ မိုင် စစ်တပ်ကုန်းမှ လက်နက် ကြီး ခြောက်လန့်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင် ၄ မိုင်စစ်တပ်နှင့် ၁ မိုင်ခန့်အကွာတွင်ရှိသည့် ဘုံဘောကျေးရွာဘက်သို့ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်မှုကြောင့် မံခွန်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်သန်းဌေးခေါ်သူ အသက် သေဆုံးခဲ့ရသည်ဟု ဒေသခံတစ်ဦး ပြောသည်။ “ဒေသခံတွေပြောကြတာက အဲ့ဒီဘုံဘောဘက်ကနေ ၅ မိုင်ဘက်ကို KIA တွေ တက်လာကြတယ်ဆိုပြီး ၄ မိုင် စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့လှမ်းထုတာ။ အဲ့မှာ မံခွန်ကျေးရွာက အခုသေဆုံးသွားတဲ့ အမျိုးသမီးက အခင်းထဲမှာရှိနေတာ လက်နက်ကြီးကျမှန်တော့ သူ့ရဲ့ဗိုက်ကနေ မိုင်းစဖောက်ဝင်ပြီး အဲ့နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ်”ဟုဆိုသည်။

ယမန်နေ့တွင်လည်း ဗန်းမော်ဘက်သို့ ရေကြောင်းလိုင်းဖြင့် ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘော ၇ စီးကို လုံးခြုံ ရေးအတွက်ဟုဆိုကာ ဗန်းမော်မြို့တွင်း တပ်မှ ဧရာဝတီမြစ်ကမ်း တစ်ဖက်ဘက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ထို့နောက် ပြီးခဲ့သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဗန်းမော်စစ်တပ်မှ မိုးမောက် လုံဂျာဘွမ်ဘက်သို့ လက်နက်ကြီး ပစ်ခတ် မှုကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက် အထက်တန်းကျောင်းတွင် လက်နက်ကြီးတစ်လုံး ကျကွဲမှုဖြစ်ပွားခဲ့ရာတွင် ခါနန်ရပ်ကွက် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ လက်ရှိ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်တွင် စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော KIA ၊ PDF တို့ကြားတိုက်ပွဲပြင်းထန်လျက်ရှိနေပါသည်။

၁၂။ စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း စစ်ရှောင်နေရ၍ စပါးရိတ်သိမ်းမရဖြစ်နေ
October 27, 2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၊ တပ်မဟာ(၃) ထိန်းချုပ် နယ်မြေ အတွင်းရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တွင် လက်ရှိ စပါးရိတ်သိမ်းချိန်တန်သော်လည်း ဒေသခံ ပြည်သူများအနေဖြင့် စစ်ရှောင်နေရသောကြောင့် စပါးကို ရိတ်သိမ်းနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။ စစ်တပ် အာဏာသိမ်းပြီး နောက် ပိုင်း နယ်မြေခံကေအဲန်ယူနှင့် စစ်ကောင်စီအကြားတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ကျောက်ကြီးနှင့် မုန်းမြို့နယ် ရှိဒေသခံပြည်သူများသည် စပါးခင်းများကိုပစ်၍ စစ်ဘေးရှောင်နေကြရသဖြင့် စပါးများမှာပျက်စီးပြီး လက်ရှိစပါးများ ရိတ်သိမ်း ချိန်တန်သော်လည်း တိုက်ပွဲကြောင့် စစ်ရှောင်နေရ၍ အများစုမှာ ပြန်လည်မရိတ်သိမ်းနိုင်ကြဘဲ အနည်းစုသာ ပြန်လည် ရိတ်သိမ်းနိုင်သည်ဟု ဒေသခံ တစ်ဦးက ယခုလိုပြောသည်။ ၎င်းက“ ဒေသခံတော်တော်များများက စစ်ရှောင်နေကြရတယ်လေ။ စပါးကို ပြန်မရိတ်ရဲကြဘူး။ တစ်မိုးတွင်းလုံးပြေးနေရတာ။ အဲ့လိုပြေးနေရတဲ့အတွက် စပါးခင်းတွေထဲကို ကျွဲနွားတွေက ဝင်စား တယ်။ ဒီနှစ်က မိုးခေါင်တယ်လေ။ အဲ့ဒါကြောင့်စပါးအထွက်တော်တော်နည်းတယ်”ဟု ပြောသည်။

မုန်းမြို့နယ်ရှိ နတ်သံကွင်း ဒေသခံတစ်ဦးကလည်း“အရင်ကတော့ မိရိုးဖလာနည်းအတိုင်း လက်နဲ့ရိတ်ကြတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေအရ အလှမ်းဝေးတဲ့နေရာတွေကျတော့ ရိန်ခြွေနဲ့ပဲခတ်သုတ်သုတ်လုပ်ပြီး အစိုအတိုင်းပဲ အိတ်ထဲထည့် ပြီး ရောင်းရတာပေါ့။ လယ်သမားကြီးတွေအနေနဲ့ကတော့ အစိုအတိုင်းပဲနေမလှန်းရဲကြတော့ဘူး။ ခပ်သွက်သွက်ပဲ လုပ်ကြ တယ်။ စပါးဆိုတာရိတ်ပြီးရင်ပဲကြဲမယ်။ လမ်းနဲ့နီးတဲ့ နေရာတွေ ကြတော့စပါး မရိတ်ရဘူး။ စပါးမရိတ်ရတော့ဘူးဆို ပဲလည်း မကြဲရတော့ဘူး။ အဲ့လိုအခက်အခဲတွေကတော့ နေရာတိုင်းမှာရှိတယ်” ဟု ပြောသည်။ အလားတူ ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေအတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ကျေးရွားများတွင် ဒေသခံများအနေဖြင့် ထိုင်းကုမ္ပဏီများထံမှ ငွေအရင်းအနှီးရယူ၍ ပြောင်းစိုက်လုပ်ငန်းများလုပ်ကိုင်ကြကာ လက်ရှိ ထိတွေ့တိုက်ပွဲများနှင့် စစ်ကောင်စီဘက်မှပြောင်းခင်းများအတွင်း မိုင်းထောင် ထားမှုများကြောင့် ပြောင်းလုပ်ငန်းများ ရပ်နားထားရပြီး အကြွေးများပြန်မဆပ်နိုင်ကြသည့် အခက်အခဲများ ကြုံတွေ့နေကြရ ကြောင်း ပြောင်းစိုက် တောင်သူများက ဆိုသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင် စစ်ရေး ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည့် အရပ်သားပြည်သူ ဦးရေ ၃ သိန်းကျော်ရှိလာသည်ဟု ကေအဲန်ယူ၏ စက်တင်ဘာလထုတ် စာရင်းအရ သိရသည်။

၁၃။ ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် ဒေသခံ ၄၀၀၀ ကျော် စစ်ဘေးရှောင်နေရ
October 27, 2022
ကရင်နီပြည် လွိုင်ကော်မြို့အနောက်ဘက်ခြမ်း ဝါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာမှာ လက်နက်ကြီး ကျေးရွာ အတွင်း ကျရောက်ပြီးနောက်ပိုင်း ဒေသခံ လေးထောင်ကျော်ဟာ ကျေးရွာအတွင်းမှာ မနေထိုင်ရဲတော့ပဲ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့ တစ်ရက်ထဲကို ဝါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာ မှာ လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့သလို အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ ရပါတယ်။ “မနက်ပိုင်းမှာလည်း စစ်ကောင်စီတွေရဲ့ ဒီလက်နက်ကြီးတွေ ပစ်ခတ်မှုတွေရယ်။ နောက်ပြီးတော့ မထင်မှတ်ပဲ ဒီရွာအလယ်မှာ ကျရောက်တဲ့အတွက်ကြောင့် သေဆုံးတဲ့လူဦးရေက ရှိသလို ဒဏ်ရာရတဲ့လူဦးရေကလည်း အများအပြားရှိတဲ့ အတွက်ကြောင့် ကြောက်လန့်တာတွေလည်း အများကြီးပါလာတယ်။” လို့ ပီကင်းကောခူ ဒေသခံ ဦးခူးလို့က ပြောပါတယ်။ ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ( အောက်တိုဘာလ ၂၆ ရက်နေ့ ) မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဝါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာအနီးမှာ စိုက်ပျိုးပြီးစပါးတွေကို ရိတ်သိမ်းရမဲ့ အချိန်ဖြစ်တဲ့အတွက် စပါးတွေကို မရိတ်သိမ်းလိုက်ရမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“အခုအချိန်မှာ ရိတ်သိမ်းချိန်ရောက်လာတဲ့အတွက် သူတို့ ဒါကို ရိတ်သိမ်းနိုင်မှပဲ ပြီးခဲ့တဲ့ သုံးလေးလ၊ ငါးလ၊ ခြောက်လ ပေါ့။ စုပေါင်းထားတဲ့ ငွေတွေ ပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီလိုရိတ်သိမ်းချိန်မှာ ဒီလိုပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် သူတို့တွေက အများကြီးအခက်အခဲဖြစ်တယ်။ ပြန်ရိတ်နိုင်မလား မရိတ်နိုင်ဘူးလာ။ ရိတ်ခဲ့ရင်တောင်မှ ပြန်လှန်းနိုင်မလား။ မလှန်းနိုင်ဘူးလားပေါ့။” လို့ ဒေသခံ ဦးခူးလို့က ပြောပါတယ်။ ဝါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာက ဒေသခံတွေဟာ လယ်စပါးကို အဓိက စိုက်ပျိုးကြပြီး လက်ရှိမှာ စိုက်ပျိုးထားတဲ့ စပါးဧကရဲ့ သုံးပုံတစ်ပုံကိုသာ ရိတ်သိမ်းနိုင်ကြသေးတယ်လို့ သိရပါတယ်။ ”တိုက်ပွဲပြင်းထန်နေတယ် နောက်မှချပြပေးမယ်”လို့ (အောက်တိုဘာလ ၂၇ ရက်နေ့) မနက်ပိုင်းမှာ လူမှုကွန်ယက် စာမျက်နှာကနေတဆင့် ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေး ပိုင်း ကူညီဆောင်ရွက်ပေးနေတဲ့ ကယန်းလူငယ် ကယ်ဆယ်ရေး ပရဟိတအသင်းဝင် တစ်ဦးကလည်း ဝါရီကောခူ၊ ပီကင်းကောခူနဲ့ တစ်မိုင်အကွာလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။ ” မနက် ၉ နာရီကနေ နေ့လည် ၁၁ နာရီခွဲအထိပေါ့နော။ လက်နက်ကြီးရော ထုတယ်။ ဖယ်ခုံ အရှေ့ဖက်ခြမ်း ကျနော်တို့ရွာအနားပဲ ဖယ်ခုံမြို့နယ် အရှေ့ဖက်ခြမ်းဖက်ပေါ့နော။ လက်နက်ငယ်ရော လက်နက်ကြီးရော အကုန်လုံး ထုတာကြားတယ် ပစ်တာကြားတယ်။ အဲ့ဒီမှာ တော်တော်လေး ပစ်တာကြားတယ်။ ” လို့ ကယန်းလူငယ် ကယ်ဆယ်ရေး ပရဟိတအသင်းဝင် တစ်ဦးက ပြောပါတယ်။

၁၄။ ၁၇ ကြိမ်မြောက် KNU ညီလာခံကို ထပ်မံရွှေ့ဆိုင်း
October 28, 2022
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ ၁၇ ကြိမ် မြောက် ညီလာခံကို အခုနှစ်မှာလည်း ထပ်မံရွှေ့ဆိုင်းလိုက် တယ်လို့ KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါ တယ်။ ၁၇ ကြိမ်မြောက် KNU ညီလာခံကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပရမှာဖြစ်ပေမယ့် ကိုဗစ် ကပ်ရောဂါ အခြေအနေ၊ ၂၀၂၁ ခုနှစ်မှာလည်း စစ်အာဏာသိမ်းမှုကြောင့် ရွှေ့ဆိုင်း ခဲ့ရသလို အခုနှစ်မှာလည်း ဒေသတွင်းအခြေအနေတွေကြောင့် ထပ်မံ ရွှေ့ပြောင်းခဲ့ရတာလို့ ပဒိုစောတောနီးက ပြောပါတယ်။ “ဗဟိုကော်မတီရဲ့ အစီအစဉ်အရ အောက်တိုဘာလထဲမှာ ကျင်းပဖို့ ပြင်ဆင်ပြီးသားပါ၊ အခုက ဘာလို့ ခဏခဏ ရွှေ့ဆိုင်းနေရတာလဲဆိုတော့ လက်ရှိအခြေအနေအရ ကျနော်တို့မဲဆန္ဒနယ်မြေတွေ ဖြစ်တဲ့ တပ်မဟာ ခုနစ်ခု၊ ခရိုင် ခုနစ်ခုထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ခုနစ်ထောင် အောက်ထစ်မှာရှိနေတယ်၊ တပ်မဟာမှူးတွေ အကုန်စုပြီး အစည်းအဝေးတက်ရမှာ ဒီအချိန်၊ ဒီကာလမှာ လုံးဝမဖြစ်နိုင်ဘူး” လာမယ့်ကာလမှာ ကွန်ဂရက်ပါတီကို ကျင်းပ သွားဖို့ ရည်ရွယ်ထားပေမယ့် ဘယ်အချိန်မှာ လုပ်မယ်ဆိုတာကတော့ အတိအကျမပြောသွားပါဘူး။ ကရင်အမျိုးသားအစည်း အရုံး (KNU) ထဲမှာ အဖွဲ့ကွဲနေတာကြောင့် ညီလာခံကို ရွှေ့ပြောင်း နေတာလို့ ဝေဖန်မှုတွေရှိနေပေမယ့် ဒါက မှန်ကန်မှုမရှိဘူးလို့ လည်း ပဒိုစောတောနီးက ပြောပါတယ်။

လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကို ခရိုင် ခုနစ်ခုက တပ်မဟာမှူးတွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး တင်ပြကြတာပါ။ ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ သုံးသိန်း ရှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

၁၅။ မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းအချို့တွင် RSO တပ်ဖွဲ့ ဝင်ရောက်နေရာယူထား
28 October, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက အေအေ တိုက်ယူထားတဲ့ နယ်ခြားစောင့်စခန်းတွေနဲ့ အင်အားနည်း လို့ နောက်ဆုတ်သွားတဲ့ နယ်ခြားမှတ်တိုင် စခန်းတွေမှာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တပ်ဖွဲ့တွေက နေရာယူ ထားတယ်လို့ မောင်တောမြောက်ပိုင်း ကျေးရွာအများစုက ဒေသခံတွေက ပြောပါတယ်။ ခမောင်းဆိပ်ဒေသခံတယောက်က “အေအေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နယ်ခြားစောင့် စခန်းတွေမှာ အခု RSO တပ်ဖွဲ့တွေ နေရာယူထားကြတာ တွေ့ရ တယ်။ အေအေဘက်က အဲဒီစခန်းတွေမှာ အထိုင်မနေကြဘူး။ လေကြောင်းနဲ့ လာတိုက်နေတော့ ဘယ်နေလို့ရမလဲ။ အခု RSO တပ်တွေ နေထိုင်နေကြတော့ လေကြောင်းနဲ့လည်း လာမတိုက်ဘူး။ အဲဒါက ဒေသခံတွေအတွက် အလွန်စဥ်းစားစရာတခု ဖြစ်နေပါတယ်” လို့ ပြောပါတယ်။ မြန်မာ-ဘင်္ဂလားနယ်စပ် နယ်ခြား မှတ်တိုင် BP ၄၀ မှ ၃၅ အထိ အင်အား ၂၀ နဲ့ ၃၀ ရှိ စခန်း ငယ်တွေ ရခိုင့်တပ်တော်ဘက်က သိမ်းနိုင်ခဲ့ပြီး အင်အား ၇၀ နဲ့ ၁၀၀ ကြား စခန်းတွေမှာလည်း အင်အားသွားပေါင်းပြီး နောက် ဆုတ်သွားတာတွေရှိတယ်လို့ ပဉ္စမအကြိမ် သတင်းစာရှင်းလင်းပွဲမှာ အေအေပြောခွင့်ရ ခိုင်သုခကပြောထားပါတယ်။ မောင်တော မြို့နယ်မြောက်ပိုင်း နယ်မြေ ၄ လိပ်လနယ်ခြားစောင့်စခန်းကို အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ အေအေက တိုက်ခိုက်သိမ်း ပိုက်ခဲ့သလို သြဂုတ် ၃၀ ရက်က မိုင်တိုင် ၄၀ နားက နယ်ခြားစောင့်တပ်စခန်း၊ စက်တင်ဘာ ၁၁ ရက်က ခမရ ၃၅၂ တပ်စခန်းနဲ့ စက်တင်ဘာ ၁၅ ရက်က မီးတိုက်ကျေးရွာနားက စစ်ကောင်စီရဲ့ လက်နက်ကြီး အထိုင်ချစခန်းကို သိမ်းယူထားခဲ့တာပါ။

လက်ရှိ မြန်မာ-ဘင်္ဂလားနယ်စပ် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ ကြားရှိ မိုင်တိုင် ၄၅ စခန်းနဲ့ တခြားစခန်း ၃ ခုမှာ ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့အစည်း တပ်ဖွဲ့က နေရာယူထားတယ်လို့ သူတို့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ဗွီဒီယိုတွေနဲ့ ဖော်ပြထားပါတယ်။ မောင်တောဒေသ စစ်ရေးလေ့လာသူတယောက်က “လယ်ပြင်မှာ ဆင်သွားသလို ရုပ်လုံးကြီး ပေါ်နေတာ လေ။ အေအေက စခန်းတွေကို တိုက်ခိုက်ခဲ့တာပဲရှိတယ်။ ဗျူဟာအရ အထိုင်မနေဘူး။ အဲဒီနေရာတွေကို နယ်ခြားစောင့် တွေ လည်း ပြန်ပြီး အင်အားမဖြည့်နိုင်တော့ဘူး။ အဲ့ဒါကြောင့် စစ်ကစားဖို့ စစ်ကောင်စီရဲ့ အသုံးတော်ခံ RSO တို့ ARSA တို့ကို စစ်ကောင်စီက နေရာယူခိုင်းထားတာ” လို့ ပြောပါတယ်။ အဲဒီလို RSO တွေ စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းတွေမှာ နေရာယူ ထားကြပေမဲ့ စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု တစုံတရာပြုလုပ်တာ မတွေ့ရသေးဘူးလို့ မြောက်ပိုင်းဒေသခံ တွေဆီက သိရပါတယ်။ လက်ရှိ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလား နယ်ခြားတလျှောက်မှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်း ချထားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

၁၆။ NUG PDF နဲ့ BPLA တို့ ပူးပေါင်းဆောင်ရွက်မယ်လို့ NUG အစိုးရ ထုတ်ပြန်
October 27, 2022
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တို့ စစ်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာပါတယ်။ (အောက်တိုဘာ ၂၆ ရက်) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ အတွင်းဝန် ဦးနိုင်ထူးအောင်တို့နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) က တာဝန်ရှိသူတွေဖြစ်တဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလို စစ်ရေးပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

တွေ့ဆုံမှုမှာ လက်ရှိတော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ အခန်းကဏ္ဍနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စဥ်းစားချက်တွေကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြ တယ်လို့ NUG အစိုးရက ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) တို့ကြား သက်ဆိုင်ရာဒေသတွေမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြဖို့နဲ့ နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ NUG အစိုးရက ထုတ်ပြန်ထား ပါတယ်။

၁၇။ ဆီဆိုင်မြို့နယ်အတွင်း နေရပ်ပြန်၍မရသောစစ်ရှောင် ၅ ထောင်ကျော်ကျန်ရှိနေသေး
October 27, 2022
ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိသည့် စစ်ဘေးရှောင်များသည် ယခုချိန်ထိ နေရပ် မပြန်နိုင်သောသူဦးရေစုစုပေါင်း ၅ ထောင်ကျော်ကျန်ရှိ‌နေ သေးကြောင်း သိရသည်။ ကျန်ရှိသောသူများသည် ဒီးမော့ဆို၊ မိုးဗြဲ ဖက်အများဆုံးဖြစ်ပြီး ၄င်းတို့အတွက် ဆန်၊ဆီ လည်းလိုအပ်လျက်ရှိသလို ရာသီအကူးအပြောင်းချိန်ကြောင့် တုပ်ကွေးဖျားနှာမှုရှိသည့်အတွက် ဆေဝါးများလည် လိုအပ်လျက်ရှိကြောင်းသိရသည်။ “ပြန်လို့ရတဲ့လူတွေတော့ပြန်ပြီးပြီ ပြန်လို့မရသေးတဲ့ လူတော့ရှိနေသေးတယ် တစ်ချို့က ကျောင်းထွက်သွားတဲ့ ကလေးရှိတယ် သူတို့က ဘာအခက်ခဲတွေရှိတယ်ဆိုတာလည်း မပြောကြဘူး သူတို့က အရွယ်လည်း မရောက်သေးဘူး၊ အလုပ်မလုပ်နိုင်သေးတော့ နေ့စားလိုက်လို့လည်းမရဘူးလေ အဲလိုဆိုဒီတိုင်းဘဲအလုပ်လက်မဲ့ ရှိနေတယ်”ဟု ဆီဆိုင်ကစစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။ နေရက်မပြန်နိုင်သေးသည့်စစ်ရှောင်များသည် ဘုရားဖြူစစ်ရှောင်စခန်းတွင် ၁၀၁ ဦး၊ ဆိုက်ခေါင် စစ်ရှောင်စခန်းတွင် ၃၇၀ ဦးရှိပြီး တခြားစစ်ရှောင်စခန်းနှင့်ဆွေမျိုးအိမ်များ ဆီဆိုင်တစ်မြို့နယ်လုံးတွင် စုစုပေါင်း ၅ ထောင်ကျော်ကျန်ရှိနေသေးကြောင်းသိရသည်။

၁၈။ အာရှလမ်းသစ်အား ကော်သူးလေတပ်မတော်မှ သွားလာခွင့်ကန့်သတ်ပြီး စစ်ရေးအရှိန်မြှင့်မည်ဟု ကြေညာထားသဖြင့် ကားအသွားအလာကျဲပါးနေ
October 27, 2022
စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF များ လုံခြုံရေးအပြည့်နေရာယူထားသည့် မြ၀တီ-ကော့ကရိတ် အာရှ လမ်းပိုင်း တွင် KTLA ကော်သူးလေတပ်မတော်၏ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မည်ဖြစ်သည့်အတွက် KTLA ခွင့်ပြုချက်ဖြင့် ကား များသွားလာကြရန် အမိန့်ထုတ်ပြန်ထားသဖြင့် ဒေသအတွင်းသွားလာမှုကျဲပါးနေကြောင်း ဒေသခံကားသမားများက ပြောသည်။ “ကော်သူးလေအာမီက ကြေညာချက်ထုတ်ထားတော့ အာရှလမ်းသွားရတာ စိတ်မချရတော့ဘူး၊ တောင်ကြော ပေါ်ရောက် ကားဖြတ်မောင်းနေပြီဆိုရင် ဘယ်နားက ပစ်ချမလဲ၊ ကိုယ့်ကားရှေ့ အလုံးကြီးကျမလား၊ တိုက်ပွဲ ထဖြစ်ပြီးလမ်းပိတ်မလားဆို တာ စိတ်က ပူနေရတယ်။ အာရှလမ်းမှာက BGF တွေ စစ်တပ်တွေကလည်း အင်အားတိုးထားတာမှာ လမ်းပေါ်ဆင်း ပိုက်ဆံ တောင်းတာကလည်း ပေးရတယ်။ မသွားမလာ လို့ကလည်း မဖြစ် ဆိုတော့ သွားလာနေရတယ်။ ကားတွေဖားအံဆင်းတာ သိပ်မရှိဘူးကျဲတယ်”ဟု မြ၀တီ လိုင်းကားသမားတစ်ဦးက ပြောသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီအုပ်ချုပ်ရေးဌာနများ တိုက်ခိုက်ခံရသည့် ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်စဉ်နှင့် အာရှလမ်းစစ်ကောင်စီ /BGF ငွေတောင်းဂိတ်စခန်းများ တိုက်ခိုက်ခံ ရသည့် ဖြစ်စဉ် ကြောင့် မြ၀တီမြို့-ကော့ကရိတ်မြို့နှင့် အာရှလမ်းမကြီး တောင်ကြောတစ်လျှောက် စစ်ကောင် စီတပ်၊ BGF တပ်များ အင်အား အများအပြား ဖြည့်တင်းကာ အာရှလမ်းမနှင့် မြို့လုံခြုံရေးအား တိုးမြှင့်လုပ်ဆောင် လာသည့်အတွက်၊ KTLA ကော်သူးလေ တပ်မတော်မှ အောက်တိုဘာလ ၂၆ ရက် ရက်စွဲဖြင့် အာရှလမ်း သွားလာမှုအား KTLA တပ်မတော်ခွင့်ပြုချက်ဖြင့် သာသွားလာ ကြရန် စာထုတ်အသိပေးထားသည်။ ဒေသခံတစ်ဦးက “စစ်တပ်က BGF အဖွဲ့တွေနဲ့ ပေါင်းပြီး စစ်ကြောင်းပတ်နေတာ၊ ကော့ကရိတ်ရော၊ မြ၀တီရော၊ အာရှလမ်းမမှာရော၊ တက်လိုက်ဆင်းလိုက်လှည့်နေတာ၊ အထိုင်စခန်းချပြီး ကားတွေကို ပိုက်ဆံ ကောက်တဲ့ အဖွဲ့တွေတော့ ကရင်ပူးပေါင်းအဖွဲ့ ခဏခဏလာပစ်တာခံထိကြတယ်။ အခုတိုက်ပွဲတွေ ကကော့ကရိတ် မြောက်ပိုင်း လမ်းဟောင်းဘက်တို့ KNLA တပ်ရင်း ၁၀၁ ၊ KNU တပ်မဟာ ၇ ဂွင်ဘက်ကိုပါ စစ်အင်အားတိုးပြီး BGF တပ်က လမ်းပြနဲ့စစ်ကြောင်း၀င်ရှင်းမယ် သတင်းတွေထွက်နေတာကြောင့် တိုက်ပွဲတွေက တပ်မဟာ ၇ ဘက်ကို ပါ ကူးဆက်လာမယ့် သဘောတွေ့ နေရတယ် ”ဟု ပြောသည်။

၁၉။ ကျောက်ဖြူမြို့နယ်မြေစာရင်းရုံးမှ ဦးစီးမှူးအပါအဝင် ဝန်ထမ်းလေးဦး အဖမ်းခံရသည့်အနက် နှစ်ဦး ပြန်လွတ်လာ
October 27, 2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးအပါအဝင် ဝန်ထမ်းလေးဦးတို့ကို အောက်တိုဘာလ ၂၅ နှင့် ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် နှစ်ဦးမှာ ပြန်လွတ်လာကြောင်း သိရသည်။ ဦးစီးမှူး ဦးထွန်းထွန်းဝင်း (၅၂ နှစ်)ကို အောက်တိုဘာလ ၂၅ ရက်နေ့က ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖမ်းဆီး သွားခဲ့ပြီး မြေတိုင်းစာရေး ဦးခင်မောင် (၃၈ နှစ်)နှင့် ရုံးဝန်ထမ်းများဖြစ်သည့် ဦးညီညီတင်(၄၅ နှစ်)၊ ဦးထွန်းထွန်းနိုင်(၄၅ နှစ်)တို့ ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးညီညီတင်(၄၅ နှစ်)နှင့် ဦးထွန်းထွန်းနိုင်(၄၅ နှစ်)တို့ကို ပြန်လွှတ်ပေးလိုက်သည်။ သို့သော် ကျန်သူနှစ်ဦးအား မည်သည့်အတွက်ကြောင့် ဆက်လက်ဖမ်းဆီးထားသည်ကို မသိရှိရသေး ပေ။ “သူတို့ နှစ်ယောက်ကိုတော့ ညနေ ၄ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ ကျန်ခဲ့တာက ဝန်ထမ်း ထွန်းထွန်းနိုင်နဲ့ မြေစာရင်းဦးစီး ကျန်ခဲ့တယ်။ အခုအချိန်ထိတော့ ပြန်မလွတ်လာသေးဘူး”ဟု ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ် သည် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တခြား အစိုးရဝန်ထမ်းများကိုလည်း သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှု များ ရှိနေသည်။ သို့သော်လည်း မြန်မာစစ်တပ်သည် ထိုကိစ္စများနှင့်ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ခြင်းနှင့် မီဒီယာ များကို ဖြေဆိုခြင်းများ မရှိပေ။

၂၀။ လားရှိုးမြို့ အိမ်ခြေမဲ့ နေထိုင်သူများ သေဆုံးမှုများလာ
October 27, 20220
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အိမ်ခြေမဲ့ နေထိုင်သူများ ယခု အောက်တိုဘာလ အတွင်း ၅ ဦးထက် မနည်း သေဆုံးကြောင်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း လားရှိုးမြို့တွင် လောင်းကစားဝိုင်းများ ပေါများလာခြင်းကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူများ၊သူခိုး ဓားပြ များပြားခြင်း၊ အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ခြေမဲ့ နေထိုင်သူများလည်း ပေါများလာရာ အစာအာဟာရပြတ်၍ နေစဉ်ဆက်တိုက် သေဆုံးလာနေကြောင်း လားရှိုးဒေသခံတစ်ဦးက ပြောသည်။ “အရင်တုန်း ကတော့ ရှိတယ်ဆိုပေမယ့် အခုလိုတော့ မများဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အဲ့လိုလူတွေ အရမ်းများလာတယ်။ ဘာကြောင့် သေဆုံးမှုများလည်းဆိုရင် ခုက ဆောင်းဝင်ခါစမှာ အရမ်းအေးလာပြီဆိုတော့ နွေးနွေးထွေးထွေး မနေရတာတွေ ပြီးတော့ အစာအာဟာရ ပြတ်တာတွေ ဖြစ်နိုင်တယ်။ ပြီးခဲ့ပတ်က ရပ်ကွက် ၅ ထဲမှာ ၃ လောင်း တွေ့ရတယ်။ ရပ်ကွက် ၇ မှာက ၂ လောင်း၊ အခုလ ထဲမှာ သေဆုံးမှုကတော့ ဆက်နေတာပဲ“ ဟု ၎င်းက ထပ်လောင်း ပြောသည်။

ထို့အပြင် အိမ်ခြေမဲ့ နေထိုင်သူများအပြင် မူးယစ်ဆေးဝါးသုံးစွဲ၍ ဆေးကြောင်နေသူများလည်း ပေါများလာသဖြင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း လားရှိုးဒေသခံ တစ်ဦး ကပြောသည်။ “မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေတော့ အရမ်းများတယ်။ ခေတ်ပျက်ကြီးထဲမှာဆိုတော့ ဘယ်သူမှလည်း အရေးမယူဘူး။ ရပ်ကွက်လမ်းတွေမှာ ဖြတ်သွားရင် အရမ်း ကြောက်နေရတယ်။ မူးယစ်ဆေးဝါး ကြောင်နေတဲ့သူက ဓားကိုင်ပြီး လျှောက်သွားနေကြတာ“ ဟု ၎င်း ဒေသခံတစ်ဦးက ပြော သည်။ သျှမ်းပြည်အတွင်း လားရှိုးမြို့အပြင် တာချီလိတ်၊ မူဆယ်၊ နမ့်ခန်း စသည့် မြို့နယ်များတွင်လည်း အိမ်ခြေမဲ့ နေထိုင်သူများ နေ့စဉ်နီးပါး သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

၂၁။ ဆီဆိုင်မြို့နယ်၌ စစ်တပ်က လယ်သိမ်းယူပြီး တောင်သူများကို တရားစွဲ ဒဏ်ငွေ အမိန့်ချ
October 28, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တောင်သူတွေရဲ့ လယ်ယာမြေကို စစ်တပ်က သိမ်းယူခဲ့တဲ့အပြင် မြေပိုင်ရှင် တောင်သူတွေကိုလည်း ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲဆိုပြီးနောက် ဒဏ်ငွေအသီးသီးပေးဆောင်ဖို့ စီရင်ချက် ချမှတ်လိုက်ပါ တယ်။ ဆီဆိုင်မြို့နယ်က စိုက်ပျိုးမြေ ၂,၂၀၀ ဧကကို ဆီဆိုင်ခမရ ၄၂၃၊ ခမရ ၄၂၄ တပ်တွေက ၁၉၉၂-၉၃ ခုနှစ်က ဝင်လာပြီး တောင်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူခဲ့ပါတယ်။ ဒီလိုသိမ်းထားစဉ်ကာလမှာလည်း တောင်သူတွေ ဆက်လက်လုပ်ကိုင် စားသောက်နေပြီး ၂၀၁၉ ခုနှစ်မှာတော့ စစ်တပ်က လုပ်ကိုင်ခွင့်မပေးတော့ပဲ တောင်သူ ၇၀ ကျော်ကို ပုဒ်မ ၄၄၇ ပိုင်နက်ကျူး ကျော်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲဆိုပြီး ၃ နှစ်အကြာ မနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆီဆိုင်မြို့နယ်တရားရုံးက ဒေသခံ တောင်သူတွေကို ပုဒ်မတခုအတွက် ဒဏ်ငွေ ၁၀,၀၀၀ စီ ပေးဆောင်ဖို့ စီရင်ချက် ချမှတ်ခဲ့တာလို့ တောင်သူတယောက်က ပြောပါတယ်။ အဲဒီတရားစွဲဆိုခံရမှုအတွက် ဒဏ်ငွေ နှစ်ကြိမ် စုစုပေါင်း ၂၀,၀၀၀ ဆောင်ခဲ့ရကြောင်းလည်း တောင်သူက ပြောပါတယ်။

အဆိုပါ စစ်တပ်သိမ်းမြေယာတွေက ဒေသခံ ဘိုးဘွားပိုင်မြေယာတွေဖြစ်ပြီး ဒေသခံ ကျေးရွာ ၆ ရွာနဲ့ တောင်သူ ၃၀၀ နီးပါး ပိုင်ဆိုင်ထားတာလို့လည်း နောက်ထပ် အမည်မဖော်လိုတဲ့ တောင်သူကြီးတယောက်က ပြောပါတယ်။ “ဆီဆိုင်မြို့ကို ၁၉၉၁-၉၂ လောက်မှာ စစ်တပ်တွေက ရောက်လာတာ။ ၁၉၉၀ ဝန်းကျင်လောက်က ဆီဆိုင်မှာ စစ်တပ်ဆိုတာ မရှိဘူး။ သူတို့ စခန်းငယ်လေးတွေပဲရှိတယ်။ ဒီ ၉၀ ကျော် နောက်ပိုင်းမှာမှ PNO, PNA တွေ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်ပိုင်း စစ်တပ်က ရောက် လာတာပဲ။ ဆီဆိုင်မှာဆိုရင်တော့ ခမရ ၄၂၃၊ ၄၂၄ ပေါ့နော်။ ၁၉၉၆ နောက်ပိုင်းမှာဆိုရင် ၄၂၅၊ ၄၂၆ စသဖြင့် အသီးသီး ရောက် လာတာပေါ့နော်။ အဲဒီ ဆီဆိုင်ရဲ့ စစ်တပ်တွေ မရောက်ခင်ကတည်းက အဲဒီမြေတွေက ကျေးရွာတွေအကုန်လုံး စိုက်ပျိုးမြေအဖြစ် အသုံးချနေတဲ့ မြေတွေပဲပေါ့နော်။ တပ်ရောက်လာတော့ သူတို့တပ်က မြေသိမ်းအက်ဥပဒေနဲ့ သိမ်းတာကတော့ ဧက ၁၅၀ ပဲရှိ တယ်။ သူတို့ တကယ်ယူတာက ဧက ၂,၃၀၀ ပေါ့။” ဧက ၂,၃၀၀ ထဲမှာမှ ၂၀၀ လောက် ဒီအရပ်သားအစိုးရလက်ထဲမှာ ပြန်စွန့်ပေး ခဲ့ပြီး အခုက ဧက ၂,၀၀၀ ကျော် ကျန်နေသေးကာ ဒီဧက ၂,၀၀၀ ကျော်မှာ တောင်သူတွေက နှစ်စဉ်နှစ်တိုင်း အမြဲတမ်း စိုက်ပျိုး လုပ်နေတာဖြစ်ပါတယ်။ ၂၀၁၉ နောက်ပိုင်းမှာ အုတ်တံမကာထားတဲ့နေရာတွေကနေ တောင်သူတွေက ဝင်ရောက်လုပ်ကိုင်တဲ့ အခါ စစ်တပ်က တောင်သူတွေကို တရားစွဲထားတာပါ။ စစ်ကောင်စီတပ်တွေအတွက် တောင်သူ လယ်သမား လူထုတွေအပေါ် ပုံစံမျိုးစုံဖိနှိပ်ရေး၊ အဓမ္မအာဏာသိမ်းမှုတည်မြဲရေး၊ နိုင်ငံတဝန်းရှိ မြေယာနဲ့ သယံဇာတတွေကို စစ်တပ်ကိုယ်ကျိုး အမြတ်ထုတ် ထိန်းချုပ်ရေး အတွက် ပိုမိုခိုင်မာလာစေမှာဖြစ်ကြောင်းလည်း တောင်သူတွေက ပြောပါတယ်။

၂၂။ ဘူးသီးတောင်က စစ်ဘေးဒုက္ခသည် ၂၆၀၀ ကျော်ကို နေရပ်ပြန်ဖို့ စစ်ကောင်စီဖိအားပေး
October 28, 2022
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းလေးခုက ဒုက္ခသည် ၂၆၀၀ ကျော်ကို လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူ သတိပေးထားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ နေရပ်မပြန်ဘူးဆိုရင် ကျူးကျော်နေထိုင်မှု၊ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ တို့နဲ့ တရားစွဲမယ့်အကြောင်းပါ ခြိမ်းခြောက်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။ “စစ်တပ်ကရော၊ မြို့နယ်အုပ်ချုပ်ရေးမှူးကရော အခုလို ထွက်သွားဖို့ပြောတာ လေးကြိမ်ရှိပြီ။ အစည်း အဝေးခေါ်ပြီး နှစ်ကြိမ်ပြောတယ်။ ဒုက္ခသည်စခန်းကိုလာပြီး နှစ်ကြိမ်ပြောတာရှိတယ်။ အခုစခန်းတွေက ကျူးကျော်လို့ဆိုရ အောင် သူတို့ နေရာတွေမှာနေတာ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းမှာ နေကြတာ။ အဲဒါကို ထွက်မသွားရင် တရားစွဲမယ် ပြော တယ်။ ဒါက အစိုးရက လုပ်သင့်တဲ့လုပ်ရပ် မဟုတ်ဘူး” အဲဒီ ဘူးသီးတောင်မြို့နယ်က လမ်းမ၊ ဂန္ဓာရီ၊ ရန်အောင်မြေနဲ့ မြတောင်စ တဲ့ စစ်ဘေးဒုက္ခသည်စခန်းလေးခုမှာ လူဦးရေ ၂,၆၀၀ ကျော် ခိုလှုံနေတာပါ။

ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာတွေနဲ့ မိုင်းအန္တရာယ်တွေကြောင့် နေရပ်ပြန်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ကိုးသောင်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အခုတကျော့ပြန်တိုက်ပွဲအတွင်း စစ်ဘေးဒုက္ခသည် ၁၆,၀၀၀ ကျော်တိုးလာပြီး အဲဒီဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့လည်း UN OCHA က ပြောဆိုထားပါတယ်။

၂၃။ ဟားခါးတွင် မွေးမြူရေးဝက် အများအပြား သေဆုံးမှု ဖြစ်ပွားနေ
October 27m 2022
ချင်းပြည်နယ် ဟားခါးမြို့တွင် လတ်တလောကာလအတွင်း မွေးမြူရေး ဝက် များသေဆုံးမှုများပြားလာကြောင်း ဒေသခံ များထံမှ သိရသည်။ ဝက်နာကျ ကူးစက် ရောဂါကြောင့်ဟု ယူဆရပြီး အများအပြားသေဆုံးမှု ရှိလာခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလ လကုန်ပိုင်းမှ စတင်၍ ဝက်သေဆုံးမှုများ ရှိလာပြီးနောက် လက်ရှိတွင် ကူးစက်မှု မြင့်မားလာကာ သေဆုံးမှု များပြားလာကြောင်းလည်း ဝက်မွေးမြူသော ဒေသခံများက ပြောဆိုကြသည်။ ဒေသခံ အမျိုးသားတစ်ဦးက “အခုတလော ဟားခါးမြို့မှာ ဝက်နာကျရောဂါကြောင့် ဝက်သေဆုံးမှု မြင့်တက် လာတယ်ပေါ့ နော်။ တိရစ္ဆာန်ဆရာဝန် တချို့နဲ့ ဝက် အကြောင်း နားလည်တဲ့ သူတွေရဲ့ လမ်းညွှန်ချက်အတိုင်း ကြိုတင် ကာကွယ်ကုသမှုတွေ ကြိုးစားပြီး လုပ်ဆောင်နေကြ ပေမယ့် အခုချိန်ထိ တော့ ကာကွယ်ကုသလို့ မရနိုင်သေးဘူးပေါ့နော်။ သေဆုံးမှုတွေက ဆက်လက် မြင့်တက်နေပါတယ်။ ဟားခါးမြို့ထဲမှာပဲ ဝက်အကောင်ရေ ၁၀၀ နီးပါး သေဆုံးသွားပါပြီ”ဟု ပြောသည်။

ချင်းပြည်နယ်တွင် ဝက်နာကျ ကူးစက်ရောဂါကြောင့် ဝက်သေဆုံးမှု နည်းပါးသော်လည်း ယခုဖြစ်ပွားနေသော ရောဂါ သည် ကူးစက်မှု မြန်ဆန်ပြီး ဝက်သေဆုံးမှုလည်း လျင်မြန်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ချင်းပြည်နယ်နှင့် ထိစပ်နေ သော အိန္ဒိယနိုင်ငံ မီဇိုပြည် နယ်တွင် ဝက်နာကျ ရောဂါကြောင့် အလုံးအရင်းနှင့် ဝက်သေဆုံးမှု ဖြစ်ပွားနေရာ ဝက်များကို သတိထား ဝယ်ယူကြရန် ဝက်မွေးမြူသူလည်း ဖြစ်သည့် ဟားခါးမြို့ ဒေသခံ တိရစ္ဆာန်ကု ဆရာဝန် အမျိုးသမီး တစ်ဦးကလည်း ပြောသည်။ ယခု ဝက်များတွင် ဖြစ်ပွားနေသော ရောဂါကို အတိအကျ မသိရှိရသေးကြောင်း ဝက်နာကျ ရောဂါဟု ယူဆရ ကြောင်းလည်း ဆိုသည်။ ချင်းပြည်နယ်တွင် တပိုင်တနိုင် စီးပွားရေးအဖြစ် ဝက်များ မွေးမြူနေကြရာ ဝက်နာကျရောဂါကို ကြိုတင် ကာကွယ်နိုင်ခြင်း မရှိဘဲ ဝက်သေဆုံးမှု ဆက်လက် များပြားလာပါက စီးပွားရေး ထိခိုက်လာနိုင်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ကလည်း ဝက်နာကျ ရောဂါ ဖြစ်ဖူးကြောင်း တနိုင်တပိုင် ဝက်မွေးသူများက ပြောကြားသည်။

၂၄။ မင်းပြားတွင် အမျိုးသား ၁ ဦးကို အေအေနှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
October 28, 2022
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ဒေသခံပြည်သူတယောက်ကို စစ်ကောင်စီ တပ်က ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲပေါက်ရွာနဲ့ ကျွဲရှည်ပြင် ရွာကြား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီခွဲလောက်မှာ ခမရ ၅၄၁ တပ်ရင်းက စစ်ကောင်စီတပ်တွေက ဒေသခံပြည်သူ ၂ ယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီးလိုက်လံဖမ်းဆီးရာမှာ တယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ခမောင်းတောရွာက အသက် ၂၉ နှစ်အရွယ် ကိုမောင်ဝေသန်းကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ခမောင်းတောရွာ ဒေသခံ တယောက်က “ကိုမောင်ဝေသန်းဟာ ရွာမှာ ရိုးရိုးသားသားနဲ့ ကြက်ခြံလုပ်ငန်းလုပ်ကိုင်တာပါ။ စစ်(…)တွေက မတရားစွပ်စွဲပြီး ဖမ်းဆီးသွားတာဗျ။ သူ့ကို ခမရ ၅၄၁ တပ်ရင်း စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်သေးဘူး” လို့ ပြောပါတယ်။

မင်းပြားမြို့ ရာမောင်တံတားအနီးမှာလည်း စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အမျိုးသား ၂ ယောက်ကို ပစ်ခတ်ဖမ်းဆီးသွားပြီး ဒီနေ့အထိ အဆက်အသွယ်မရလို့ စိုးရိမ်နေကြရတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါ တယ်။ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင် ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

၂၅။ KNU/KNLA (PC) တပ်ရင်းမှူးတစ်ဦး၏နေအိမ် ပစ်ခတ်မီးရှို့ခြင်းခံရ
October 28, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ ၊ ထိန်းချုပ် နယ်မြေအတွင်းရှိ မိဖာလဲရွာ၌ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) အမှတ် (၇၇၇)တပ်ရင်းမှူး စောဝင်းကျော်၏ နေအိမ်ပစ်ခတ်မီးရှို့ဖျက်ဆီးခံရသည်ဟု သိရသည်။ အောက်တိုဘာ ၂၇ ရက်နေ့၊ ည ၇ နာရီဝန်းကျင် အချိန်တွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် အသက် ၃၈ နှစ်အရွယ် စောဝင်းကျော်၏ ဇနီးဖြစ်သူ နော်ဖောဝါးနှင့် တပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် လက်နက်ကျည်မှန်သေဆုံးသွားကြောင်း သိရှိရသည်။ သို့သော် စောဝင်းကျော် နှင့် သမီးဖြစ်သူ နော်လေးလေးဝါး တို့ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ၎င်းအပြင် ထိုလာ ရောက်ပစ်ခတ်သည့် လက်နက်ကိုင်အဖွဲ့က စောဝင်းကျော်၏ နေအိမ်အား မီးရှို့ဖျက်ဆီးသွားပြီး ခြံအတွင်းရှိ Vigo ကား ၂ စီးကို လည်း ယူဆောင်သွားခဲ့ကြသည်ဟု မိဖာလဲရွာခံတစ်ဦးက ပြောသည်။ ၎င်းက “ အဲ့အိမ်က ကျနော်တို့အိမ်နဲ့ သိပ်မဝေးဘူး။ ပစ်သံ တွေ အဆက်မပြက် ကြားနေရတယ်။ ဘယ်အဖွဲ့က လာပစ်တာကိုတော့ မသိရဘူး။ သွားလည်း မသွားကြည့်ရဲကြဘူး။ မနက် မိုးလင်းမှ သူ့အမျိုးသမီးနဲ့ တပ်သားတွေ သေသွားတာ သိရတယ်။” ဟု ပြောသည်။

၂၆။ မြစ်ကြီးနားရှိ UMG ကုမ္ပဏီဝင်းအတွင်း ဗုံးပေါက်
October 28, 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းလမ်းမပေါ်ရှိ ကုမ္ပဏီဝင်းအတွင်း အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ဗုံးပေါက်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို တင်းကျပ်စွာ စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဆွမ်ပရာဘွမ်လမ်းမပေါ်မှာရှိတဲ့ UMG ဘက်ဟိုးရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်း ဗုံးပေါက်ခဲ့တာကြောင့် အနီးဝန်းကျင်နဲ့ မြို့တွင်းနေရာတချို့မှာ စစ်ကောင်စီက တင်းကျပ်စွာ စစ်ဆေးခဲ့တာပါ။ ဒေသခံ အမျိုးသားတယောက်က “ညနေ ၅ နာရီခွဲ လောက် UMG ဝင်းထဲမှာ ဗုံးပေါက်သွားတယ်။ ဘယ်အဖွဲ့က ဗုံးလာပစ်လဲတော့ မသိဘူး။ လက်ပစ်ဗုံးသံသုံးချက် ကြားရတယ်” လို့ ပြောပါတယ်။ UMG ဝင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ် ပါတယ်။

၂၇။ ဘီယာဆိုင်မှာအသတ်ခံရတဲ့ နယ်ထိန်းရဲရဲ့ နာရေးကို ရဲစခန်းကတာဝန်မယူဘဲ ဘီယာဆိုင်နဲ့ရွာခံတွေကိုတာဝန်ယူခိုင်း
October 27, 2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဈေးမသွယ်ကျေးရွာဘီယာဆိုင်တွင်ပစ်သတ်ခံရသည့်နယ်ထိန်းရဲတပ်ကြပ် အောင်ထွန်းဝင်း ၏ နာရေးအား စစ်ကောင်စီလက်အောက်ခံရဲများက ဘီယာဆိုင်နှင့် ဈေးမသွယ်ရွာခံများအား တာဝန်ယူခိုင်းခဲ့ကြောင်း သတင်း ရရှိသည်။ နယ်ထိန်းရဲတပ်ကြပ်အောင်ထွန်းဝင်းသည် သုဓမ္မဝတီနယ်မြေ ရဲစခန်းမှဖြစ်ပြီး ၄င်း၏နာရေးအား ရဲစခန်းမှ တာဝန်ယူ ခြင်းမရှိဘဲ ၄င်း သေဆုံးခဲ့သည့်နေရာဖြစ်သည့် ဈေးမသွယ်ရွာမှ ရွာသားများအား ခွဲတမ်းဖြင့် နာရေးစရိတ်တာဝန်ယူခိုင်းခဲ့ ကြောင်း သိရသည်။ “အဲ့လိုတာဝန်ယူခိုင်းတာက ရဲစခန်းရော၊စစ်တပ်ရောဘဲ၊ ရွာကသူတွေကိုတစ်အိမ်စီ ခွဲတမ်းကျနာရေး အတွက် ပိုက်ဆံထည့်ခိုင်းတယ်။ မင်းတို့ရွာမှာအသတ်ခံရတာမင်းတို့တာဝန်ယူရမယ်ဆိုတဲ့ပုံစံမျိုး ရွာကိုသဂြိုဟ်ခိုင်းတာ။ အဲ့ဒီ နယ်ထိန်းရဲ့ မိသားစုကတော့ဒီသထုံမှာမနေဘူး၊ သူ့မိန်းမကတော့သူဒဏ်မခံနိုင်လို့သူနဲ့တူတူမနေဘူး၊ သူ့သမီးတယောက်တော့ ရှိတယ်၊ နာရေးကိုတော့လာကြတယ်” ဟု သထုံပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ ပြောသည်။

အဆိုပါ နယ်ထိန်းရဲတပ်ကြပ်၏နာရေးအား ၄င်းတာဝန်ကျခဲ့သည့် သုဓမ္မဝတီနယ်မြေ ရဲစခန်းမှ ဆန် ၂ အိတ်နှင့် နာရေး တွင်ဝေမည့်ယပ်တောင်များကို ထောက်ပံ့ကြေးအနေဖြင့် ပေးခဲ့ကြောင်းသိရသည်။ ရဲတပ်ကြပ်အောင်ထွန်းဝင်းအား သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အောက်တိုဘာလ ၂၅ ရက်နေ့မနက်ပိုင်းက သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် နေ့လည်ပိုင်းတွင် ၄င်း၏ရုပ်အလောင်းအားသဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

၂၈။ ဂွမြို့နယ်နှင့် မောင်တောမြို့နယ်တွင် ရိုဟင်ဂျာလူမျိုး ၄၇ ဦးဖမ်းဆီးခံရ
October 27, 2022
ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဗောဓိကျေးရွာအရှေ့ဘက် ဂွ-ငသိုင်းချောင်း လမ်းမကြီးနှင့် တောစပ်နေရာတွင် အောက်တိုဘာ (၂၆)ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရိုဟင်ဂျာလူမျိုး ၄၆ ဦးဖမ်းဆီးခံရကြောင်းသိရသည်။ ဖမ်းဆီးခံရသူများထဲ တွင် ရိုဟင်ဂျာလူမျိုး ကျား ၂၈ ဦး၊ မ ၁၈ ဦး၊ စုစုပေါင်း ၄၆ ဦးဖြစ်ပြီး ၎င်းတို့မှာ မလေးရှားနိုင်ငံသို့ သွားရန် ပွဲစားဖြစ်သူက ငွေကျပ် သိန်း ၈၀ ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ ပြောဆိုချက်နှင့် ထွက်ခွာလာခြင်း ဖြစ်ကြာင်းသိရသည်။ ယင်းပွဲစား အစီစဉ်ဖြင့် မလလေးရှား ရောက်ရှိချိန်မှသာ ပို့ဆောင်ခပိုက်ဆံပေးရမည်ဟု ပြောကြားသည့်အတွက် သဘောတူညီခဲ့ကြောင်းနှင့် ပွဲစားစီစဉ် ပေးသည့်အတိုင်း စစ်တွေမြို့တွင်စုစည်း၍ ၎င်းမှတစ်ဆင့် စက်လှေ၊ မော်တော်ယာဉ်၊ တောလမ်း ခြေလျင်ခရီးများအတိုင်း အဆင့်ဆင့် ထွက်ခွာလာရာမှ လမ်းပြ ၂ ဦးမှာ ထမင်းချက်ရန် ဆန်နှင့် အခြားပစ္စည်းများသွားရောက် ယူဆောင်စဉ် ဖမ်းဆီးခံရ ခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ဂွမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။

ယင်းအပြင် အောက်တိုဘာလ ၂၄ ရက်နေ့တွင်လည်း မောင်တောမြို့နယ်၊ အလယ်သံကျော်ကမ်းခြေ၌ သောင်တင် နေစက်လှေတစ်စီးပေါ်တွင် ရိုဟင်ဂျာ ၁ ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် မလေးရှား နိုင်ငံသို့ သွားရောက်မည့် စက်လှေဖြစ်ပြီး ရာသီဥတုကြောင့် စက်လှေဝမ်းဗိုက်ကွဲသဖြင့် အခြားသူများမှာ တစ်ဖက်နိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားစဉ် ၎င်းမှာ စက်လှေစောင့်အဖြစ်ကျန်ရှိနေသူဖြစ်ကြောင်း စစ်ကောင်စီပိုင် ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြထားသည်။ လက်ရှိတွင် ဖမ်းဆီးရမိသူများအား လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူ သွားမည်ဖြစ်ပြီး လူကုန်ကူးခြင်း ပြုလုပ်သူများကိုလည်း ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။

၂၉။ NUG နဲ့ BPLA စစ်ရေးအရ ပူးပေါင်းသွားမည်
October 27, 2022
အမျိုးသားညီညွတ်ရးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ဖွဲ့တွေနဲ့ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (BPLA) တို့ စစ်ရေး ပူးပေါင်းသွားမယ်လို့ NUG က ကြေညာချက်ထုတ်ပြန်ပါတယ်။ NUG ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်၊ အတွင်းဝန်ဦးနိုင်ထူးအောင်နဲ့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ အောက်တိုဘာ ၂၆ ရက် မနေ့ကတွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက အခုလိုတွေ့ဆုံတာဟာ တော်လှန်ရေးအတွက် ပိုကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ “တစ်ချို့ကိစ္စတွေမှာ ကျနော်တို့ပူးပေါင်းပြီး ဆောင်ရွက်လို့ရတယ် နောက်တစ်ခုကတော့ စကားမပြောဘဲ နေတာထက်စာရင် တစ်ဘက်တည်းမှာ ရှိတဲ့လူ အချင်းချင်းကြားထဲမှာ တွေ့ဆုံစကားပြောလိုက်တဲ့အခါမှာ ပိုပြီးတော့ ကောင်းတဲ့ အရွေ့တစ်ခု ရတယ်လို့မြင်တယ်။ ကျနော်တို့အားလုံးရဲ့ ညီညွတ်မှုကပဲ ရန်သူကို အပြီးတိုင် ဖြိုလဲနိုင်လိမ့်မယ်လို့ ထင်တယ်။ အဲဒီလိုစိတ်နဲ့ပဲ ကျနော်တို့တွေ့ကြ တာဖြစ်တယ်။ တော်လှန်ရေးအတွက် ပိုကောင်းတဲ့ အခြေအနေတစ်ခုပဲ ဖြစ်မှာပါ။” စစ်ရေးအပြင် နိုင်ငံရေးအရ အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုတို့ကို အတူတကွ လက်တွဲဆောင်ရွက် သွားကြဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ဟာ ဗမာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၃၀။ ဆိုင်ကယ်တစ်စီး သေနတ်ပစ်တားသည့် စစ်ကောင်စီ တပ်ဖွဲ့ အချင်းချင်း ကျည်ထိမှန်
October 28, 20220
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဆိုင်ကယ် တစ်စီးကို သေနတ်ပစ်တားလိုက်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အချင်းချင်း ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာ ရရှိသွားကြောင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီကျော် ဝန်းကျင်တွင် ကွတ်ခိုင်မြို့ ပြည်ထောင်စုလမ်းမကြီးမှ အောက်လမ်းဆုံ (ကမ္ဘောဇသွားသည့်လမ်း) ဘက်တွင် ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ အရှိန်နှင့် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို သေနတ်ပစ်တားရာ အချင်းချင်း သေနတ်ထိမှန် သွားကြောင်းသိရသည်။ “လူငယ်သုံးယောက်က ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းလာလို့ သူတို့က မီးပြပြီး တားတယ်၊ ဒါပေမယ့် မရပ်လို့ သေနတ်နဲ့ အချက် ၂၀ ကျော် ပစ်လိုက်တာ၊ ကျည်ဆံက ဆိုင်ကယ် မောင်းတဲ့ လူငယ်တွေအပြင် ရဲတွေကိုပါ ထိတယ်၊ လူငယ်နှစ်ယောက်ကို သေနတ်ယှက်ထိပြီး ရဲ နဲ့ စစ်သား ၅ ယောက်လောက်ကလည်း သေနတ်ထိမှန် တယ်လို့ သတင်းသိရ တယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။ အဆိုပါ ဆိုင်ကယ်မောင်းလာသည့် လူငယ် ၃ ဦး အနက် ၁ ဦးသည် ရင်ဘတ်ထိမှန်ပြီး၊ ကျန် ၁ ဦးသည် နှဖူးထိမှန်ခြင်း နှင့် ကျန် ၁ ဦးသည် ဆိုင်ကယ်လှဲသည့် ဒဏ်ရာများ ရသွား ပြီး လက်ရှိတွင် ကွတ်ခိုင်မြို့ ရှိ ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်းလည်း သတင်းသိရသည်။

“ဒီလူငယ် သုံးယောက်က အသက် ၂၀ ကျော် ဝန်းကျင်လောက်ပဲ ရှိအုံးမယ်လို့ သိရပါတယ်၊ အခုတော့ သူတို့ကော ကျည်ထိတဲ့ စစ်သား နဲ့ ရဲသားတွေလည်း ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်၊ ပြီးတော့ အဲ့ဒီ လူငယ်တွေက စစ်သား /ရဲသား မိသားစုက သားသမီးတွေ ဖြစ်တယ်လို့လည်း ကြားတယ်” ဟု ကွတ်ခိုင် မြို့ခံ အမျိုးသမီးက ပြောသည်။ ကွတ်ခိုင်မြို့နယ် အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း လှုပ်ရှားမှုများ မကြာခဏ လှုပ်ရှားမှု ရှိသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့်လည်း ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

၃၁။ ဘုံသဘောတူညီချက် ငါးချက်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ အာဆီယံဆုံးဖြတ်
October 27, 2022
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အောက်တိုဘာ၂၇ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အထူးအစည်းအ၀ေးမှာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေအကြား ရူမြင်သုံးသပ်ပုံတွေကွဲလွဲနေတာကြောင့် လွန်ခဲ့တဲ့ ၁၈လက အာဆီယံအဖွဲ့အတွင်း သဘောတူညီထားတဲ့ ဘုံသဘောတူညီချက် ငါးချက်အတိုင်း ဆက်ပြီးဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအရေး အာဆီယံရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အခိုင်အမာ ဆက်လက်အကောင်အထည်ဖော်မယ်လို့ ဂျာကာတာမြို့မှာ ကျင်းပပြီးစီးတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအ၀ေး အပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌက ကမ္ဘောဒီးယားနိုင်ငံကကြေညာသွားပါတယ်။ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးက လွန်ခဲ့တဲ့ ၁၈ လ က သဘောတူထားတာကိုပဲ ထပ်မံအတည်ပြုကြေညာခဲ့တာဟာ အာဆီယံအဖွဲ့တွေကြား မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး မတူညီတဲ့ အမြင်တွေရှိနေတာကြောင့်လို့သုံးသပ်သူတွေရှိပါတယ်။ အဓိကက တရုတ်နိုင်ငံရဲ့လွမ်းမိုးမှုရှိတဲ့ အာဆီယံနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေနဲ့ထပ်တူ ယူဆနေကြတဲ့ အာဆီယံနိုင်ငံတွေရှိနေတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။ အာဆီယံတွေအနေနဲ့ လွန်ခဲ့တဲ့ ၁၈ လ ကသဘောတူထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကိုသာ ထပ်ပြီးအတည်ပြုတယ်ဆိုရင် မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆာဖူဒင်အဒူလာပြောခဲ့တဲ့ ဘုံသဘောတူညီချက်ငါးချက်အတိုင်းဆောင်ရွက်မယ်၊ မဆောင်ရွက်ဘူးဆိုတာ မေးစရာရှိနေတယ်လို့ စင်ပြိုင်အာဆီယံအဖွဲ့က Debbie Stothard ကပြောပါတယ်။

အလားတူ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အထူးအစည်းအ၀ေးဟာ မြန်မာနိုင်ငံကအခြေအနေတွေက ဒေသတွင်း အခြေအနေတွေကိုထိခိုက်လာနေပြီဆိုတာသိရှိတာကြောင့်ပြုလုပ်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က ပြောပါတယ်။ “ဒါပေမဲ့ ဒီမအောင်မြင်တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကိုစွဲကိုင်ထားတာ ဘာအကျိုးရှိစရာရှိမလဲ ဆိုတာမေးခွန်းထုတ်စရာပါ။ ကျနော်တို့အသေအချာပြောလို့မရတာကတော့ သူတို့ အစည်းအ၀ေးမှာ ဘာတွေအကြံပြုထားတယ် ဘာတွေအရေးယူဆောင်ရွက်ထားသလဲဆိုတာကြေညာချက်မှာမပါလို့ ၀ေဖန်ပြောဆိုလို့ မရဖြစ်နေ ပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဘာလိုချင်သလဲဆိုတာ အာဆီယံခေါင်းဆောင်တွေသိကြပါတယ်။ မြန်မာလူထုရဲ့ဆန္ဒကို အာဆီယံက ဖြည့်ဆည်းမယ်ဆိုရင် မြန်မာလူထုရဲ့ တရား၀င်အစိုးရဖြစ်တဲ့ NU G နဲ့ လက်တွဲဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ” ဒါပေမဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး၀န်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာထုတ်ပြန်တာက အာဆီယံရဲ့ဆုံး ဖြတ်ချက်ဟာ အာဆီယံအဖွဲ့၀င်အားလုံးပါ၀င်ခြင်းမရှိဘဲ ဆုံးဖြတ်ခဲ့တာဖြစ်လို့ မြန်မာနိုင်ငံကအနေနဲ့ လိုက်နာဆောင်ရွက်စရာ မလိုဘူးလို့ ပြောပါတယ်။ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအ၀ေးမကျင်းချိန်ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံ တွင်းက သွေးထွက်သံယိုမှုတွေဟာ တိုးတက်များပြားလာပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေဟာလည်း တိုးတက်လာတာ ကြောင့် Fortify Rights လူ့အခွင့်အရေးအဖွဲ့ကလည်း အာဆီယံအဖွဲ့ကြီးဟာ ကုလသမဂ္ဂအပါအဝင် တခြားနိုင်ငံတွေနဲ့ လက်တွဲ ပြီး စစ်ကောင်စီကို အထီးကျန်အောင်ဆောင်ရွက်ဖို့၊ လက်နက်ရရှိတာတွေရပ်သွားအောင်လုပ်ဖို့နဲ့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ တွေက ရရှိနေတဲ့၀င်ငွေတွေကို ရပ်သွားအောင်လုပ်ဖို့ တောင်းဆိုထားပါတယ်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။