• Today is: Thursday, April 18, 2024

ဖားကန့်၊ အနန့်ပါဖြစ်ရပ် အသက်ဘေးမှ လွတ်မြောက်လာသူများ၊ ဆေးရုံ၊ ဆေးခန်းသို့ ဆေးလာကုတဲ့ ဒဏ်ရာရသူများကို ၁၇(၁)ဖြင့် အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်တယ်လို့ဆို  

ဓါတ်ပုံ-CJ (အနန့်ပါ​ဒေသ ​လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး​နောက်အပျက်အစီးများ)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၃၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဖြစ်ရပ်က အသက်ဘေးမှ လွတ်မြောက်လာသူများ၊ ဆေးရုံ၊ ဆေးခန်းသို့ ဆေးလာကုတဲ့ ဒဏ်ရာရသူများကို မတရားအသင်းဥပဒေ ၁၇(၁)ဖြင့် အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်လာတယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။

အလားတူ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုလာသလို ဒဏ်ရာရသူများကိုလည်း မတရား ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လာတာကြောင့် အနန့်ပါ ဖြစ်ရပ်မှာ ဒဏ်ရာရသူများဟာ လျှို့ဝှက်စွာ ဆေးကုသ နေကြရတယ်လို့ သိရပါတယ်။

“အဲဒီအနန့်ပါ ဖြစ်ရပ်ကနေ အသက်ဘေးလွတ်လာတဲ့သူတွေ၊ တချို့ ဒဏ်ရာရတဲ့သူတွေကို အဲဒီစစ်တပ်က ဆေးရုံ၊ ဆေးခန်းတွေမှာ နာမည်စာရင်းတွေ လိုက်မေး၊ ရှာဖွေတာတွေ လုပ်နေတာလေ၊ မတရားအသင်း နှင့်ဆက်သွယ်တယ်၊ KIO အထိမ်းအမှတ်ပွဲကို သွားတယ်ပေါ့ အဲဒါကြောင်း မတရားအသင်း ဥပဒေ (၁၇/၁) နဲ့ အရေးမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေကြတာလေ၊ အဲဒါကြောင့် ဒဏ်ရာရတဲ့သူတွေဆိုရင် ခိုကြောင်ခိုဝှက် နဲ့ ဆေးကုသနေကြရတယ်၊ လူထုတွေကို တော်တော်ကို ဒုက္ခပေးတဲ့ သူတွေဘဲ”လို့ ဖားကန့် မြို့ခံတဦးကို ပြောပြတာပါ။

ဒ့ါအပြင် ဖားကန့်မြို့ထဲမှာ စစ်ကောင်စီဟာ အစစ်အဆေး တင်းကြပ်နေသလို အနန့်ပါဒေသသို့ သွားလာခွင့်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်ဟာ ကချင်လူထုတွေကိုသာမက၊ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုကို စနစ် တကျ ထပ်မံကျူးလွန်လိုက်တာဖြစ်သလို၊ လူသားဖြစ်မှုဆန့်ကျင်တဲ့ပြစ်မှု (Crime against humanity)နဲ့ အထူးသဖြင့် လူအစုလိုက်အပြုံလိုက်ကို သတ်ဖြတ်တဲ့ ဖြစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေကြောင်းအရလည်း၊ လူ့အခွင့်အရေးရှုထောင့်အရလည်း ခွင့်လွှတ်နိုင်စရာ မရှိတဲ့ ဖြစ်ရပ်နဲ့ လုပ်ရပ် ဖြစ်တယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး(KWAT) ပြောခွင့်ရ မွန်းနေလီက ထောက်ပြပြောဆိုပါတယ်။

ဖားကန့်၊ အနန့်ပါဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ရက်ညက ပြုလုပ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၂) နှစ်ပြည့် အခမ်းအနားအကြို ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့တာကြောင့် အနုပညာရှင်များ၊ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် KIO စစ်ဘက် ၊အရပ်ဘက်ဝန်ထမ်းများ သေဆုံးဒဏ်ရာရခဲ့တာပါ။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၈၀ ဦးထက်မနည်းရှိပြီး၊ ဒဏ်ရာရသူ ၆၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြေပြင်သတင်းအချက်ဖော်ပြချက်များနှင့် လူမှုအဖွဲ့အစည်းများကို ပြောဆိုထားကြပါတယ်။

မတရားအသင်းဥပဒေ ပုဒ်မ (၁၇/၁) ဟာ ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်ထက် မနည်း၊ ၃ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခံရနိုင်တာဖြစ်ပါတယ်။