• Today is: Friday, April 19, 2024

တပတ်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိတယ်လို့ AA ဆို

ဓါတ်ပုံ – AA (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁

ရက္ခိုင်ဒေသအတွင်း အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးသလို ဒဏ်ရာရရှိသူများ ၃၀ ဝန်းကျင်ခန့်ရှိပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့မှာထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၆)၊ (၂၇)၊ (၂၈)၊ (၂၉)၊ (၃၀)၊ (၃၁) ရက်နေ့ထိ ရက္ခိုင်ပြည်၊ ရသေ့တောင် မြို့နယ်၊ ချိန်ခါလီရွာ မြောက်ဖက်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူဆလင်ကျေးရွာ)၊ သရက်တောင် ရွာ၊ ဂူတာပြင်ရွာ၊ ကြာညိုပြင်တံတားအနီး၊ ထန်းချောက်ခံရွာ အရှေ့ဖက်၊ ကျောက်တော်မြို့နယ်၊ ရုပ်သား ရွာ၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာ၊ အရှေ့ဖက်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက်၊ အဘောင်သားကျေးရွာ အရှေ့ဖက်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သာယာကုန်း (ရခိုင်ရွာ) ၏ မြောက်ဖက် စတဲ့ မြို့နယ်တွေထဲက ကျေးရွာများ၊ စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်း ရှိတဲ့နေရာများမှာ ရက်သတ္တပတ် စစ်ကောင်စီတပ်ဖွဲ့တို့နဲ့ AA တပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန် ခဲ့တာပါ။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့များကတော့ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၉) နှင့် (၂၁၀) ပူးပေါင်းတပ်ဖွဲ့၊ စစ်ကောင်စီ၏ ကျောက်တော်၊ စကခ (၉) တပ်မဌာနချုပ် နှင့် စကခ (၉) လက်အောက်ခံ ခမရ (၃၇၄) တပ်ရင်းများ၊ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၁) တပ်ရင်း၊ တပ်မ (၂၂) လက်အောက် ခံ၊ ခမရ (၂၁၀)၊ စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ၊ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) စခန်း၊ စကခ (၉) လက်အောက်ခံ၊ ခမရ (၃၇၄) တပ်ရင်း၊ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်း တို့ ဖြစ်ကြတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းအပါအဝင် လက်နက်ကြီး ပစ်ကူအမြောက်အများ အသုံးပြုခဲ့ပြီး ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ (၆) ဦးသေဆုံးခဲ့ပြီး (၂၁) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။